ကပ်ကြီးမပြန်သေးချိန် နှင့် ဖြတ်သွား၊ဖြတ်လာ များ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကူသောလက်တွေ ကုန်မသွားဖို့၊ ကူနိုင်သော လူတွေ ပန်းမသွားဖို့လည်း အလွန်အရေးကြီး သည်။ ပိုမိုခက်ခဲသောအခြေအနေများ …

ကိုလကျာ်ထွန်း

ကြိတ်ဝိုင်း

ရန်ကုန်ဟာ သိပ်စည်စည်ကားကားကြီး မဟုတ်သေးပေမယ့် လူတွေ လမ်းပေါ်ပြန်ထွက် လာကြပြီ။ “ ပါဆယ်သာ ရောင်းသည်” ဆိုသည့် ဆိုင်ထောင့်လေးမှာ ခပ်ကျုံ့ကျုံ့လေး စုဖွဲ့နေကြသည့် လူတွေ။ တစ်ခါသုံး လက်ဖက်ရည် ခွက်လေးတွေကိုယ်စီ၊ တချို့က စီးကရက်ကို မက်မက်စက်စက်ရှိုက်လို့၊ စကားတွေ ဖောင်ဖွဲ့လို့ လက်ဖက်ရည် ကျိုက်လိုက်၊ စကားလက်ဆုံကျလိုက်၊ စီးကရက် လေး ဖွာလိုက်နဲ့ သူတို့ကြည့် ပြီး ကိုယ့်ခံတွင်းကပါ လက်ဖက် ရည် ပေါ့ဆိမ့်လေး တစ်ခွက်လောက် သည်လို ဆိုင်လေးထိုင်ပြီး သောက်ရ ရင် ဖြင့်ဆိုသည့် အာသီသ လေး ပေါ်လာသည်။သို့သော် မသောက်ဖြစ်ခဲ့။ ဆိုင်ရဲ့ ဟိုထောင့်သည်ထောင့် လေးတွေထဲမှာ ဝိုင်းဖွဲ့နေ ကြသည့် ကြိတ်ဝိုင်း သုံး၊လေး ဝိုင်းလောက် ရှိသည်။ လက်ဖက်ရည်ကို ဒီလို ပုံစံမျိုးနဲ့ သောက်ရမယ်လို့ ဘယ်သူ တွေးထားဖူးလို့လဲ။ မမျှော်လင့်ထားသော်လည်း ဖြစ်လာတတ်သည်။

မသက်သာလှ။အန္တရာယ်များလှ။ သည်လိုအချိန်မှာ သူတို့အပေါ် မသိကျိုးကျွံ့ ပြုခံရမှု မများပါစေနှင့် သာပေါ့ …

သည်းခံ၊လမ်းမျှော်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မနေမဖြစ် အချိန်မှာ၊မဖြစ်မနေအချိန်မှာ အိမ်မှာ ပျော်အောင်နေဖို့၊ အိမ်မှာ နေတတ်အောင်နေဖို့ ဆိုသည့် ကိစ္စက လွယ်သည် ဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ မလွယ်။ တော်တော်လေး အားထုတ် သည်းခံရသည့်ကိစ္စ မဟုတ်လား။စာအိမ်လို သိုက်ဖွဲ့ နေထိုင်ရသည့် ရန်ကုန်မြို့ အခန်းကျဉ်းလေးတွေမှာ က သည်အခြေအနေတွေ က ပိုသိသာသည်။ မိသားစု များရင် များသလို စိတ်ငြီးငွေ့မှု၊ငြီးနောက်မှုလေးတွေက များတတ်သည်။ သို့သော် သည်းခံရ သည်။ မနေမဖြစ် မဟုတ်လား။ မဖြစ်မနေ မဟုတ်လား။ ကြာတော့ လမ်းပေါ်မျှော်ကြည့်မိတော့ သည်။ ခြေချမိတော့သည်။ ပြောစရာ စကားလေးများ ရှိသည်။ တွေ့ချင်သည့် မိတ်ဆွေများ ရှိသည်။

လမ်းပေါ်သို့တာဆူ၊ထိန်းချုပ်ရခက်

ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၁၈၀)။ ကိုယ့်လမ်းမပါ၊ကိုယ့် မြို့နယ်မပါ၊ကိုယ့်ရပ်ကွက်ထဲက မပါ၊ ကိုယ့်မိတ်ဆွေတွေ ထဲက မပါ။ ဒီည သတင်းရောဂါပိုးတွေ့ရှိသူမ ရှိ။ ဒီလိုအခြေအနေ တွေက လည်း လမ်းပေါ်ခြေချဖို့ တွန်းအား ဖြစ်လာသည်။ ရောဂါကင်းစင် သွားသည် မဟုတ် သော်လည်း၊ ရောဂါကို ထိန်းချုပ်နိုင်ပြီ ဟု အစိုးရက မကြေညာ သေးသော်လည်း လမ်းပေါ် ထွက်ဖို့ စိတ်တွေက တာဆူနေသည်။ စိတ်တွေက ထိန်းချုပ်ရ ခက်နေသည်။ မလိုအပ်ဘဲလမ်းမထွက်နဲ့ဟု ဆိုသော်လည်း …။

သည်လိုအခန်းလေးထဲမှာ၊သည်လို စာအိမ်လေးထဲမှာ၊ သည်လိုနေ့တိုင်းကြီး နေရတာ စိတ်ကုန် လာသည်။ ငြီးငွေ့လာသည်။ ညစ်ညူး လာသည်။ စိတ်ပျက်လာသည်။ စိတ်တိုလာသည်။ အသက်မဲ့သလို ဖြစ်လာသည်။ သည်တော့ အပြင်ထွက်မည် ဆိုသည့် စိတ်ကြီးက ပိုအားသန်လာပေသည်။

အသွားအလာ မဲ့ရင် စားစရာပြတ်မယ်

“ သည်ဟာကြီး က ဘယ်တော့ပြီးမှာလဲ။ ဆိုင်ပိတ်ထားတာလည်း ကြာပြီ။ သည်ဆိုင်ဖွင့်မှ တို့မိသားစုထမင်းစား ရမှာလေကွာ ရက်ကြာ တော့လည်း တောင့် မခံနိုင်တော့ဘူး ညီလေးရာ ” ဟု ဆိုသည့် မဖြစ်မနေ အပြင်ထွက်လာရသူတွေ ၊ လုပ်ကိုင် စားသောက် ရ သူတွေရဲ့ အခြေအနေ ကိုလည်း တွေ့ရသည်။ စားစရာ မရှိတဲ့သူတွေက သွားစရာရှိတာကို ပူရသည်။ မသွားမဖြစ်၊ မလုပ်မဖြစ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လမ်းမှာ အသွားအလာ မရှိရင် စားစရာမရှိနိုင်သည့် ဘဝပေါင်းများစွာ၏ အခြေအနေကလည်း ရှိနေပြန်သည်။ အငှားယာဉ်တွေ၊ ဈေးသည်တွေ၊ အနှေးယာဉ်လုပ်သားတွေ၊ဘဝမျိုးစုံ ၊အခြေ အနေမျိုးစုံ ။ စားစရာ မပြတ်ဖို့ ရန်ကုန်မြို့လမ်းတွေပေါ်အသွားအလာ ဖြတ်နေ ရတဲ့သူတွေ။

ကိုလကျာ်ထွန်း

သည်နိုင်ငံသည် ဆင်းရဲသည်မဟုတ်လား။ ဆင်းရဲသည့်သူ များသည် မဟုတ်လား။ မကျန်သွားဖို့ လိုသည်။ မချန်ထားဖို့လိုသည်။ တစ်ဦးချင်း၊ တစ်မိသားစု …

ဒီလိုလေးလည်းကြည့်

လူရာချီ၊ ထောင်ချီရှိသည့် စက်ရုံ၊အလုပ်ရုံတွေ၊အလုပ်ဌာနတွေကို သက်ဆိုင်ရာက ဝင်စစ်သည်။ လမ်းညွှန်ချက် တွေနဲ့ ညီသည့် စက်ရုံတွေကို ပြန်ဖွင့်ခွင့်ပေးသည်။အလုပ်လေး လုပ်ကိုင် ခွင့်ရတော့ တစ်ဦးချင်းအတွက်ဖြစ်စေ၊ မိသားစုအတွက် ဖြစ်စေ စားဖို့ သောက်ဖို့လေး မပူမပင် တော့ ရှိလာမည်။ သို့သော် လုပ်ငန်းခွင်တွေအနေနဲ့ သက်ဆိုင်ရာ လာစစ်ဆေးချိန်သာ ကြည့်ကောင်း အောင်၊ အလုပ်ဖြစ်အောင် ဖန်တီးထားရုံမျှသာ မဟုတ်ဘဲ၊ ကိုယ့် အလုပ်သမား တွေ၊ ကိုယ့်နိုင်ငံသားတွေ( နိုင်ငံသား မဟုတ်ရင် တောင် လူသားတွေ ဆိုသည့် အမြင်ဖြင့် ကြည့်နိုင်သည့် စိတ်လေး ရှိဖို့တော့ လိုသည်။) ဆိုသည့် အတွေးဖြင့် လုပ်ငန်းခွင်ဘေး ကင်းအောင် အမှန် တကယ် ဆောင်ရွက်ထားပေးသင့်သည်။ ဒီကိစ္စက တာဝန်သက်သက်မဟုတ်၊ လူသား ဆန်သည့်စိတ်၊ လူသား ဆိုသည့် မွန်မြတ်သည့်စိတ်လေးနဲ့ ကိုယ်လုပ်သင့်လုပ်ထိုက် တာတွေ၊ မဖြစ်မနေ လုပ်ကို လုပ်ရမှာတွေကို လုပ်ပေး ရမှာမဟုတ်လား။ အလုပ်သမားတွေ ဘက်ကလည်း ဘေးကင်းသည့် လမ်းညွှန်ချက်တွေကို မဖြစ်နေလိုက်နာသင့်သည် မဟုတ်လား။

ရေဆန်လမ်းမှာ လှိုင်းထန်

ကိုဗစ်ဂယက်မှာ ညဉ့်ငှက်မလေးတို့အရေး အဆိုပြုသူတွေ၊ ကူညီပံ့ပိုးပေးသူတွေ မတွေ့ရ သလိုပင်။ ကျနော် မတွေ့မိ၊မမြင်မိ၊ မကြား မိ တာ လည်းဖြစ်နိုင်သည်။ သူတို့ကို ကူညီပေး နေသူတွေ၊ သူတို့ကိုစာနာ နားလည်ပေး သူတွေ ရှိနေလျင်တော့ အလွန်ကောင်းသည် ပေါ့။ မဖြစ်မနေ အသက်မွေးဝမ်းကျောင်းရမှုမှာ ဘေးကင်းနေတာ၊ အန္တရာယ်ကင်းနေတာ သူတို့ တင်မက အားလုံးကို လုံခြုံစေ သည် မဟုတ်လား။ သည်လို ကပ်ကာလကြီးမှာ ဧည့်သည် ထွက်ရှာနေရတဲ့ ညဉ့်ငှက်မလေးတွေ အချို့ကို ဟိုနေရာ၊သည်နေရာ တွင် ခပ်ဖြောက်ဖြောက် လေး တွေ့နေရသည်။ သည်နေ့ရက် ၊သည်အချိန်တွေကတော့ ညဉ့်ငှက်မလေးတွေ၏ ရေဆန်လမ်းမှာ လှိုင်းထန်ခြင်း ဖြစ်သည်။ မသက်သာလှ။အန္တရာယ်များလှ။ သည်လိုအချိန်မှာ သူတို့အပေါ် မသိကျိုးကျွံ့ ပြုခံရမှု မများပါစေနှင့် သာပေါ့။

ဆန်ရော့၊ဆီရော့။ ဆားရော့။ ဘယ်သူမို့ ဘယ်သူက လှူတာ မရှိ။ အလံမရှိ၊တံဆိပ်မရှိ။ အရောင်မရှိ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကို လှူတာမရှိ …

တစ်ပင်တည်းမကြည့်နဲ့၊ငါးဆယ်တန်အနွမ်းလေးကိုလည်း မြင်အောင်ကြည့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထမင်းတစ်ရာဖိုး၊အချဉ်ဟင်း ငါးဆယ်ဖိုး နဲ့ဘဝဆက်နေရသူများ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် အများ အပြား ရှိသည်။ အားလုံးကို ခြုံလွှမ်းနိုင်သည်ဆိုလျင်ပင် ထို ငါးဆယ်တန်အနွမ်းလေးများ၊ တစ်ရာတန် အနွမ်း လေး များကို လည်း မြင်ဖို့ လိုသည်။ သည်နိုင်ငံသည် ဆင်းရဲသည်မဟုတ်လား။ ဆင်းရဲသည့်သူ များသည် မဟုတ်လား။ မကျန်သွားဖို့ လိုသည်။ မချန်ထားဖို့လိုသည်။ တစ်ဦးချင်း၊ တစ်မိသား စု၊ တစ်ရပ်ကွက်၊ တစ်မြို့ နယ်၊ တစ်တိုင်း၊တစ်ပြည်နယ်၊တစ်နိုင်ငံလုံး ဘေးကင်းဖို့လိုသည် မဟုတ်လား။ မျှတသော အစောင့်အရှောက်၊ မျှတသောအကာအကွယ်၊ မျှတသော ပေးဝေမှု၊ မျှတသော အစီအမံ များလိုသည်မဟုတ်လား။

တရားဥပဒေစိုးမိုးရေးကို မေးခွန်း ထုတ်စရာဖြစ်သည်။ မေးခွန်းထုတ်စရာ၊မေးခွန်းထုတ်စရာ ဟု ဆိုကြ၊ပြောကြ၊ရေးကြသော်လည်း တစ်ဖက်သတ်သာ …

မျှတသော ဥပဒေအစောင့်အရှောက်ကိုလည်း ရသင့်သည် မဟုတ်လား။ ကိုဗစ်ကာလအတွင်း အလုပ်သမားအရေး ဆောင်ရွက် သူတွေ ၊တက်ကြွလှုပ်ရှားတွေ တရားစွဲဆိုခံရသည့် သတင်းများဖတ်လိုက်ရသည်။ ဘာကြောင့် အရေးယူသည်၊ဘယ်လို အတွက် ကြောင့် အရေးယူသည်ဆိုသည်ကိုတော့ မသိပါ။ ဥပဒေချိုးဖောက်လျင်တော့ အရေးယူရမည်သာဖြစ်သည်။ သို့သော် ကိုဗစ်ကာလ မှာ အလုပ်ရှင်တွေ ဘက်ကရော ဥပဒေချိုးဖောက်တာ မရှိတာလား။ ရှိခဲ့ရင်ရော ဘာဖြစ်လို့ အရေးမယူတာလဲ။ ဘာအကြောင်း ကြောင့် အရေးမယူတာလဲ။ အလုပ်သမား အဖွဲ့အစည်းတွေ၊အလုပ်သမားအရေး လှုပ်ရှား သူတွေ က ဥပဒေဖောက်ဖျက်နေကြသည့် အလုပ်ရှင်တွေရဲ့ အခြေအနေများကို ထောက်ပြပြောဆို၊ ဖော်ထုတ်ပြောဆိုနေကြသော်လည်း အရေးယူမှု မတွေ့ရ။ သည်ဟာက ဘယ်လိုပဲကြည့်ကြည့် မကျေလည်စရာဖြစ်သည်။ မမျှတမှုဖြစ်သည်။ ခံပြင်းစရာဖြစ် သည်။ တရားဥပဒေစိုးမိုးရေးကို မေးခွန်း ထုတ်စရာဖြစ်သည်။ မေးခွန်းထုတ်စရာ၊မေးခွန်းထုတ်စရာ ဟု ဆိုကြ၊ပြောကြ၊ရေးကြသော်လည်း တစ်ဖက်သတ်သာ။ ဖြေမယ့်သူ မရှိသည့် မေးခွန်း အားထုတ်နေခြင်းသာ ဖြစ်သည်။

ကိုလကျာ်ထွန်း

ပြည်သူကောင်းရထားသည့် အစိုးရ

လက်ဆေးရေစင်လေး တွေ လုပ်ကြသည်။ မြို့နယ်အလိုက်ရပ်ကွက်အလိုက်။သည်အိမ်က ဘယ်လောက်လှူ။ ဟိုအိမ်က ဘယ်လောက် အလှူထည့် ကိုယ်ထူကိုယ်ထကြရ။ လဲနေသူကို ထူပေးကြ။ ပြည်သူက ပြည်သူကို ပြန်မျှဝေ။ ဆန်ရော့၊ဆီရော့။ ဆားရော့။ ဘယ်သူမို့ ဘယ်သူက လှူတာ မရှိ။ အလံမရှိ၊တံဆိပ်မရှိ။ အရောင်မရှိ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကို လှူတာမရှိ။ ဒါလေးတတ်နိုင်သည် လှူမည်။ သည်ဟာလေးတတ်နိုင်သည် လှူမည်။ ကျနော်ထမ်းပို့မည်။ ကျမသယ်ပေးမည်။ ဆင်းရဲနေသူတွေကို လှူမည်။ ခက်ခဲနေသူတွေကိုလှူမည်။ ဘယ် ဘာသာ ဖြစ်ဖြစ်၊ဘာလူမျိုးဖြစ်ဖြစ် ခက်ခဲနေရင် ကူမည်။ လူသားဆန်မှုနဲ့ မျှဝေမှု ဟာ အလွှာစုံ၊ လူတန်းစားအစုံကနေ ထွက်လာသည်။ ရန်ကုန်အပြင်၊ အခြားနယ်၊ မြို့၊ဒေသ၊ရပ်ကွက်တွေမှာ သည်လိုတွေ့ရသည်။ မြင်ရ သည်။လူအချင်းချင်း စာနာမျှဝေမှု တရားက မြို့တိုင်း၊ရွာတိုင်း မှာစီးဆင်းနေသည်။ သည်အင်အား၊ သည် စိတ်အဟုန်နဲ့ ပိုကောင်း သော နေ့များကို ကျနော်တို့ တည်ဆောက်နိုင်မည်သာဖြစ်သည်။ ကျနော်သည်လို ယုံကြည်သည်။ တတ်နိုင်သည့် ပြည်သူတွေက မတတ်နိုင်သည့် ပြည်သူတွေကို မျက်နှာမူပြီး လုပ်နိုင်တာတွေ၊ လုပ်စရာရှိတာတွေ အားသွန်ခွန်စိုက် လုပ်နေ ကြသည်။ သည်အရာ တွေက နေရာတိုင်း၊မြို့တိုင်း၊ ဒေသတိုင်း၊ ရွာတိုင်းမှာ မြင်တော့ အားရှိရသည်။

သည်ကပ်ကြီး ဘယ်လောက်ကြာမလဲ

လောလောဆယ် ဘယ်သူမှ အဖြေမပေးနိုင်သေးပေ။ သည်အခြေအနေမျိုး ဘယ်လောက် စခန်းသွားရမလဲ။ ဒါလည်းမသိသေးပေ။ အာဆီယံနိုင်ငံများ အနေဖြင့်ကြည့်လျင် မြန်မာမှာ COVID – 19 ပိုးတွေ့ရှိမှုက (၁၈၀) ဦး၊ စင်ကာပူ (၂၄၆၇၁)ဦး၊ အင်ဒိုနီးရှား (၁၄၂၆၅)ဦး၊ ထိုင်း(၃၀၁၇) ဦး၊ မလေးရှား (၆၇၂၆) ဦး၊ ဗီယက်နမ် (၂၈၈) ဦး၊ဖိလစ်ပိုင် (၁၁၀၈၆) ဦး၊ ဘရူးနိုင်း (၁၄၁) ဦး၊ လာအို (၁၉) ဦး၊ ကမ္ဘောဒီးယား (၁၂၂) ဦးဖြစ်သည်။ မြန်မာ ထက် ကူးစက်မှု အများဆုံး တွေ့ရှိမှု က (၅) နိုင်ငံရှိသည်။ မြန်မာထက် နည်းသည့် နိုင်ငံက (၃) နိုင်ငံရှိသည်။ သည်ဟာ က မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ၏ အခြေအနေဖြစ်သည်။ လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပူပန်မှု အမျိုးမျိုးနှင့်တွေ့ကြုံရင်ဆိုင်နေရသည့် အချိန်လည်းဖြစ်သည်။ ဥပမာအားဖြင့် မိဘတွေ ပူပန်နေ ရသည့်အခြေအနေတစ်ခုရှိသည်။ ကလေးငယ်တွေ သည်နှစ် ပညာ သင်ကြားနိုင်သည့် အခြေအနေ ရှိ၊မရှိ ။ သင်ရရင်ရော ဘေးကင်းပါ့မလား။ ဒါသည်လည်း မသေချာသေး။ အိမ်မှာ နေရင်း အွန်လိုင်းစနစ်ဖြင့် ပညာသင်ကြားနိုင်ဖို့ ဆိုတာကလည်း အရပ်ဒေသအားလုံး၊အလွှာအားလုံး ကို ခြုံမိဖို့မလွယ်။ ပညာရေး ဝန်ကြီး ဌာနကရော သည်ဟာနဲ့ပတ်သက်ပြီး ဘာတွေ ပြင်ဆင် ဆောင်ရွက်ထားလဲ။ ဘယ်လိုစီမံထားလဲ။ သည်အရာ တွေသည် မသိရ။ ကူသောလက်တွေ ကုန်မသွားဖို့၊ ကူနိုင်သော လူတွေ ပန်းမသွားဖို့လည်း အလွန်အရေးကြီး သည်။ ပိုမိုခက်ခဲသောအခြေအနေများကိုလည်း ကျနော်တို့ တွေ့ကြုံ လာရနိုင်သည်။ အချိန် အကြာကြီး ဒီလို အခြေအနေကြီးနှင့်နေထိုင်နေရမှုက လူတိုင်းအတွက် ခက်ခဲသော်လည်း ကျန်းမာစေသော၊ ကူးစက်နိုင်ခြေ နည်း သော လမ်းညွှန်ချက်များနှင့်အညီ တတ်နိုင် သ လောက် နေထိုင်လှုပ်ရှားရန်လည်း လိုအပ်သည် မဟုတ်လား။

ရန်ကုန် နှင့် Mask

အစိုးရက ပြည်သူတွေကို Mask (၆.၃) သန်းဖြန့်ဖြူးပေးဖို့ရှိ၊ ထပ်မံလည်းမှာယူမည်ဟု ဆိုသည်။ သို့သော် ဘယ်အချိန်၊ ဘယ်မှာ၊ ဘယ်သူတွေကို ဖြန့်ဖြူးပေးသည်ကို မသိရ။ မေလ(၁၃) ရက်နေ့ ကစပြီး ရန်ကုန်မှာ Mask မတပ်လျှင် အရေးယူမည်။ ကြေညာချက် ထုတ်တာတောင် နောက်ကျသည်ဟုထင်သည်။ ရန်ကုန်လို အသွားအလာထူထူ၊ လူထူထူ ဖြစ်နိုင်၊ဖြစ်တတ်သည့် နေရာတွေသည် အခြားဒေသများထက်စာလျင် သာ၍ များသည်။ သို့သော် အခြားဒေသများ က ရန်ကုန်ထက်စောလျင်စွာ ဒီကြေညာချက်ကို ထုတ်ပြန် နိုင်ခဲ့သလို ကြေညာချက် မထုတ်ပြန်ခင် တွင် ဥပမာအားဖြင့် မန္တလေးတိုင်းဒေသကြီးတွင် နှာခေါင်း စည်း အခမဲ့ပေးသည့် အစီ အစဉ် များ၊ ပြန်အသုံးပြုနိုင်သည့်အဝတ် နှာခေါင်းစည်းများ ကို သက်သာ သော ဈေးနှုန်းဖြင့် ရောင်းချ ပေး သည့် အစီအမံ များ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ ကျနော်တို့ ရန်ကုန်ကရော …။

မတတ်နိုင်သူတွေအခမဲ့

နှာခေါင်းစည်းရဲ့တန်ဖိုးက အရင်ကထက်စာရင် များသည်။ အရင်က တစ်ခု ငါးဆယ်သာသာ သာပေးရသော နှာခေါင်းစည်းမှာ အခု တစ်ခုကို နှစ်ရာရောင်းသူရှိသည်။ သုံးရာရောင်းသူ ရှိသည်။ ငါးရာရောင်းသူရှိသည်။ အဝတ် နှာခေါင်းစည်းတွေ က တစ်ထောင် ဖိုး သုံးခု၊ တချို့က တစ်ခု ငါးရာ။ နေရာဒေသအလိုက်၊ ရောင်းကုန် အလိုက် ဈေးအမျိုးမျိုး ရှိသည်။ သည်နှုန်းက အတန်အသင့် ဝင်ငွေ ရှိသူများအတွက် မခက်ခဲသော်လည်း ဝင်ငွေ နည်းပါးသူ ပြည်သူများ အတွက် အခက်အခဲရှိသည်။ ရန်ကုန်မှာ သည်လို လူတွေက ထု လိုက်ရှိသည်။ လူတိုင်းလက်လှမ်းမီသော ဈေးနှုန်း တစ်ခုဖြင့် ရောင်းချပေး နိုင်လျင်လည်း အလွန်ကောင်းမည်။ အဖိုးအခ လုံး၀ မတတ် နိုင် သူတွေ အခမဲ့ ယူနိုင်သည့်အစီအစဉ်များ ကိုလည်း ရထား ဘူတာများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ် များတွင် ထားရှိ ပေးနိုင်လျင် သာ၍ ကောင်းပေသည်။ Food Box အစီအစဉ်ကဲ့သို့ Mask Box များ ထားပေးနိုင်လျင် အကျိုးများ မည်ဟုထင်သည်။ သို့သော် Mask တစ်ခု ပလတ်စတတ်အိတ်တစ်အိတ်စီဖြင့် လုံလုံခြုံခြုံ ထုပ်ပိုးနိုင် လျင်မှ ဘေးကင်းပေမည်။ အားလုံး ဝိုင်းလုပ်နိုင်လျင်တော့ရနိုင်သည်။ အားလုံး ဝိုင်းလုပ်လို့ရသည့် အခင်းအကျင်း မျိုး အစိုးရက ဖန်တီးပေးနိုင်လျင်လည်း ပိုမြန်၊ ပို ထိရောက် နိုင်မည်သာ ဖြစ်သည်။ လမ်းညွှန်ချက် များ၊လိုက်နာရန် အချက်များ ထုတ်ပြန်နေရုံနဲ့ မပြီး၊ ထိုအချက်များ လိုက်နာ နိုင်ရန်၊ ပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအသီးသီး ရှိတာဝန်ရှိသူများ၏ ချိတ်ဆက်ဆောင်ရွက်မှု၊ အားထုတ် ကြိုပမ်းမှု၊အကဲဖြတ်စောင့်ကြည့်မှုများ မှာလည်း အမှန်တကယ်လိုအပ်လျက် ရှိပေသည်။ ပြည်သူသာ အဓိက ဆိုသော်လည်း အဆုံးအဖြတ်ပြုသူများ၏ အစီအမံ၊မြော်ရည်ချက်နှင့် ကဏ္ဍအလိုက် ချိတ်ဆက် ဆောင်ရွက်နိုင်မှုများ က သာ၍ အရေးကြီးသည် မဟုတ်လား။ သည်ဘေး အားလုံး ကျော်လွှားနိုင်ကြပါစေသား။

ခြိမ့်ဖေ
မေလ၊၁၂၊ ၂၀၂၀
၄:၀၁ PM


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,