ကပ်ရောဂါကာလမှာ လူငယ်တွေရဲ့ဆောင်ရွက်မှုက ကျေနပ်စရာကောင်းတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MPC / ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများတွင် COVID – 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး အခြေအနေများ နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ဒီရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနဲ့ပတ်သက်ရင် ဒီတိုင်းပြည်မှာရှိတဲ့ ဘယ်လူမျိုးမဆို၊ ဘယ်ဒေသ မဆို ချန်မထားဘူးဆိုတာ အင်မတန်ကောင်းမွန်တဲ့သဘောထား …

ငြမ်းမီဒီယာ – အခုထိုင်းဘက်ကပြန်လာကြတဲ့ ပြည်တော်ပြန်တွေလည်း ရောက်လာကြပြီဆိုတော့ ကရင်ပြည်နယ်မှာ COVID – 19 ကာကွယ်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားမှုတွေ ဘယ်လိုရှိပါသလဲ။

PMNM – နယ်စပ်ဒေသမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ (၄) ဖွဲ့ရှိတယ်ဗျာ။ KNU ၊ DKBA ၊ KUPC နဲ့ နယ်ခြားစောင့်တပ် BGF ပေါ့။ ကျနော် တို့လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးတော့ ရောဂါနှိမ်နင်းရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ပြည်နယ်အစိုးရကလည်း ထိုက်သင့်သလောက်ကျနော်တို့ကို အသိအမှတ်ပြုတာ ရှိတယ်။ ဘာလို့လည်းဆို တချို့ဒေသတွေ မှာ ကျနော်တို့အလုပ်လုပ်နေတာတွေကို ကူညီပံ့ပိုးပေးတာတွေရှိတာကိုး။ ရုပ်ဝတ္ထုအနေနဲ့ကတော့ အစိုးဘက်က ဘယ်လောက်ပံ့ပိုး သလဲဆိုတာ ကျနော် အတိအကျ မသိဘူး။ အခုပြန်လာတဲ့သူတွေကိုလည်း သေသေချာချာစစ်ဆေးတယ်၊ အဓိကကတော့ ပြန်ဝင် လာတဲ့ နေရာမှာ ပြည်နယ်အစိုးရသတ်မှတ်ထားတဲ့ လမ်းကြောင်းတွေရှိတယ်။ အဲဒီတော့ စဖြစ်ခါစက ပြန်ဝင်လာတဲ့သူတွေကို စိစစ်စောင့်ရှောက်ပေးသလိုပဲ အခုလည်း ဒီလိုလဲ လုပ်လိမ့်မယ်လို့ထင်ပါတယ်။ ကျနော်ဘက်မှာဆိုရင်လည်း ကျနော်တို့ထိန်းချုပ် နယ်မြေတွေက ဝင်လာတဲ့လူတွေကို ကျနော်တို့အဖွဲ့အစည်း တွေက ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆောင်ရွက်ကြတာရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကုလသမဂ္ဂရဲ့ အဲဒီတိုက်တွန်းမေတ္တာရပ်ခဲချက်က သက်ရောက်မှုရှိချင်မှရှိမယ်။ ကျနော်တို့တိုင်းပြည်ရဲ့ …

ငြမ်းမီဒီယာ – EAO ထိန်းချုပ်နယ်မြေတွေမှာ အခုပြန်ဝင်လာတဲ့ ပြည်တော်ပြန်တွေနဲ့ ပတ်သက်ပြီး လက်ရှိဘာတွေ ဆောင်ရွက် ထားသလဲ။

PMNM – ကျနော်တို့ထိန်းချုပ်နယ်မြေတွေမှာလုပ်တာကတော့ တခြားပြည်နယ်တွေမှာ လုပ်သလိုပါပဲ။ တစ်နေရာနဲ့ တစ်နေရာ အသွားအလာတွေကိုစိစစ်ပေးတယ်။ တစ်ရွာနဲ့ တစ်ရွာ ကူးသန်းသွားလာတာတွေကို စိစစ်ပေးတယ်။ တစ်ရွာနဲ့တစ်ရွာသွားလာတာ တွေမှာ ကျေးရွာ အာဏာပိုင်တွေရဲ့ အသိအမှတ်ပြုတဲ့လက်မှတ်တွေနဲ့ သွားလာကြတယ်။ စခန်း တွေမှာ ကျန်းမာရေးစစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်ဆေးတာ တွေလုပ်ပါတယ်။ မှတ်တမ်းတွေ ပြုစုထားတယ်။ ဒါကပြည်တွင်းမှာရှိနေတဲ့လူတွေရဲ့ အသွားအလာနဲ့ ပတ်သက်ပြီး ဆောင်ရွက်တာပေါ့။ ထိုင်းဘက်ကပြန်လာကြတဲ့ သူတွေကတော့ သတ်မှတ်ရက်အတိုင်း Quarantine ဝင်ရမှာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်ပြီးစစ်ဆေး စောင့်ကြည့် ခံရမှာပေါ့။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒါက အောင်မြင်နိုင် …

ငြမ်းမီဒီယာ – COVID – 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီတစ်ခုကို ဧပြီ (၂၇) ရက်နေ့ကဖွဲ့ စည်းခဲ့တာရှိပါတယ်။ ဒီကော်မတီနဲ့ ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေက ဘယ်လိုရှိလဲ။

PMNM – သူတို့ဘက်က ပေါ်လစီတော့ချထားတာပဲ။ မည်သူ့ကိုမျှချန်လပ် မထားရေးဆိုတဲ့ မူဝါဒချမှတ်ထားတယ်ဆိုတာ သမ္မတရဲ့ အမိန့်ကြေညာစာမှာပါတယ်လေ။ ဒီရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနဲ့ပတ်သက်ရင် ဒီတိုင်းပြည်မှာရှိတဲ့ ဘယ်လူမျိုးမဆို၊ ဘယ်ဒေသ မဆို ချန်မထားဘူးဆိုတာ အင်မတန်ကောင်းမွန်တဲ့သဘောထားဖြစ်ပါတယ်။ အဲဒီသဘောထား၊ အဲဒီပေါ်လစီအတိုင်း လက်တွေ့လုပ်နိုင်ဖို့ပဲလိုပါတယ်။ လက်တွေ့ လုပ်နိုင်ဖို့ဆိုရင်ကျနော်တို့ အကြံပြုချင်တာ က အစိုးရကဦးဆောင်ပြီးတော့ တိုင်းရင်းသား ဒေသအသီးသီးကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်း ဆောင်ရွက် မယ် ဆိုရင် ဒါက အောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ အဲဒါကို လုပ်နိုင်ဖို့ပဲလိုတယ်။ လက်တွေ့ လုပ်နိုင်အောင် လုပ်ပါလို့ပဲ ကျနော်တို့ အကြံပြုချင်တယ်။ ပြောချင်တယ်။ အခုတော့ အဲဒီအတွက် ပြင်ဆင်နေပါပြီ။ နောက်ပြီးတော့ ဒီ ကော်မတီမှာ ပါတဲ့ ခေါင်းဆောင်တွေ ဆိုတာ က လည်း ကျနော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ထိတွေ့ ဆက်ဆံပြောဆို ဖူးပြီး သား လူတွေပါ။ တချို့ဆို ကျနော်တို့နဲ့ရင်းနှီးပြီးသားလူတွေပါ။ ဒါကြောင့်မို့လည်း အခုကိစ္စမှာသူတို့ကို တာဝန်ပေးဆောင်ရွက် စေတာ လို့ ကျနော်က အဲဒီလိုမြင်ပါတယ်။

ငြမ်းမီဒီယာ – ကမ္ဘာ့ကုလသမဂ္ဂကလည်း အခု COVID – 19 ကာလမှာ ကမ္ဘာ့ဒေသအသီးသီး၊ နိုင်ငံအသီးသီးက စစ်ပွဲတွေ ရပ်ထားပေးကြဖို့ ပြောဆိုတိုက်တွန်းထားတာရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုကပ်ရောဂါကာလဆိုးကြီး အတွင်းမှာ ကို စစ်ပွဲတွေဖြစ်နေတဲ့အပြင် တလောကဆို WHO ကမော်တော်ယာဉ်မောင်းတစ်ဦးတောင်ပစ်ခတ် ခံလိုက် ရတယ်ဆိုတော့ ဒီအခြေအနေကို ဘယ်လိုသုံးသပ်မိပါသလဲ။

PMNM – ကျနော်တို့တိုင်းပြည်မှာတော့ ကုလသမဂ္ဂရဲ့ အဲဒီတိုက်တွန်းမေတ္တာရပ်ခဲချက်က သက်ရောက်မှုရှိချင်မှရှိမယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ထူးခြားတဲ့အနေအထားကိုက လက်နက်ကိုင်အင်အားစုတွေက များလွန်းအားကြီးတယ်လေ။ အဲဒီတော့ ဒီလို ပဋိပက္ခတွေဖြစ်လာရင် သက်သေသက္ကာယတွေပြဖို့ကတော့၊ တပ်မတော်ကလည်းသူတို့သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ အထောက် အထားတွေနဲ့ ရှင်းပြတာတွေ ရှိတာပေါ့။ အဲဒီ ရှင်းလင်းချက်တွေ၊ နောက်တိုင်းရင်းသားတွေ ဘက် က တင်ပြ ရှင်းလင်း ချက်တွေ၊ ဒီအပေါ်မှာ ပြည်သူတွေက ကြည့်ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်ကြပေါ့။ တိုင်းပြည်က ရှုပ်ထွေးပြီး ပဋိပက္ခ တွေက ရှိနေတော့ ဒီပြဿနာမျိုးတွေကတော့ ရှိနေမှာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တခြားဘာများဖြည့်စွက်ပြောချင်ပါသလဲ။

PMNM – ကျနော်ဧပြီလဆန်းကတည်းက ကျနော့်ဒေသ ဧရာဝတီတိုင်းကိုရောက်နေတော့ ကျနော်ခရီးတိုလေးတွေ သွားလာတဲ့အခါ တွေ့ရသလောက် COVID – 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်နေ ကြတာတွေကိုတွေ့ရတာ အင်မတန် ကောင်းပါတယ်။ တစ်နေရာနဲ့တစ်နေရာ၊ တစ်ဒေသနဲ့တစ်ဒေသ သွားလာတဲ့အခါ ကျေးရွာအာဏာပိုင်တွေ၊ မြို့နယ် အာဏာပိုင်တွေရဲ့ ခရီးသွား ထောက်ခံမှုပါရမယ်ဆိုတာ၊ နောက် မြို့အဝင်အထွက်တွေက စခန်းတွေမှာ ကျန်းမာရေးအရ စစ်ဆေး ဆောင်ရွက်မှုတွေရှိတာ ဒါတွေက အင်မတန်ကောင်းမွန်တဲ့လုပ်ရပ်တွေဖြစ်တယ်။ နောက်အရမ်းကောင်းတဲ့ အချက်တစ်ခုက ဒေသအသီး သီးကလူငယ်တွေက သူတို့အသိတရားနဲ့သူတို့ တက်တက်ကြွကြွနဲ့ စေတနာ့ဝန်ထမ်းသဘောမျိုး လုပ်ကိုင် ဆောင်ရွက် နေကြတာတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကူညီဆောင်ရွက်ပေး နေကြတာတွေ ဒါတွေဟာ ကျနော်တို့တိုင်းပြည်ရဲ့ အင်မတန် ကောင်းမွန်တဲ့အလားအလာဖြစ်တယ်။တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ဒီကပ်ရောဂါကျရောက်နေချိန်မှာ လူငယ်တွေရဲ့ အခုလို အသိတရား ရှိရှိလုပ်ကိုင် ဆောင်ရွက်မှုဟာ အင်မတန် အားရကျေနပ်စရာကောင်းပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,