ကမ္ဘာမကြေဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / တေးရေးနိုင်မြန်မာ

 

ဒီခရီးနီးလာသလား၊ ဝေးလားသလား မရေရာ . . .။ဒီခရီး ဝေးလေလေ ဒီဘဝ၊ ဒီအသက်တွေကို ပိုနှမြော တသဖြစ်လာလေလေ။ သေချာသည်မှာ ပြုထားသော ဆန္ဒတို့ မပြည့်သေး။အသက်များ သေခဲ့ရသည်။ ဘဝများ ကြေခဲ့ရသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည်မှာ မတ် (၁၃) ရက်နေ့ဆို နှစ် (၃၀) တိုင်ခဲ့ချေပြီ။ ကျောင်းသားပြည်သူ  ရဟန်းရှင်လူတို့ ပေးဆပ်ခဲ့ရသော အသက်၊ကြေပျက်ခဲ့ရသော ဘဝပေါင်းများစွာ . . . ။ဒီလိုနေ့ရက်တွေမှာ ရင်ထဲထိ လှိုက်တက်လာသော သီချင်းတစ်ပုဒ် ရှိသည်။ထိုသီချင်း ရေးသူနှင့် ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းခဲ့သည်။ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့် နှစ် (၃၀) ပြည့်မှာ ဒီသီချင်း ရေးစပ်ခဲ့သူနှင့်တွေ့ဆုံ မေးမြန်းခန်းကို ပြန်လည်ဖော်ပြ လိုက်သည်။

 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးကြမ်းတွင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်သူတို့အား စိတ်ဓာတ်တက်ကြွ လှုပ်ရှားစေခဲ့သော၊ အားဖြစ်စေခဲ့သော သီချင်းတစ်ပုဒ်ဖြစ်သည့် “ ကမ္ဘာမကြေဘူး” သီချင်းကို ဖန်တီးရေးသားခဲ့သူ တေးရေးဆရာ နိုင်မြန်မာ(ခ) (ဦး)နိုင်ဦးမြင့်ကို ငြမ်းမီဒီယာ ကတွေ့ဆုံ မေးမြန်းထားပါသည်။

 

ငြမ်းမီဒီယာ- ရှစ်လေးလုံး အရေးတော်ပုံကစလို့ ဒီဘက် နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ ကမ္ဘာမကြေဘူးသီချင်းက မပါမဖြစ် ပါဝင်ခဲ့တယ်။ ဒီသီချင်းကိုကြားရင် မျက်ရည်လည်ကြတယ်။ စိတ်ဓာတ်တက်ကြွ လာကြ တယ်။ အဲဒီလိုခံစားမှု ကြီးကြီးမားမားတွေ ဖြစ်စေမယ့်သီချင်းကို ဘယ်လိုအခြေအနေ မျိုးမှာ ရေးဖြစ်ခဲ့တာလဲ။

NM – အဲဒီသီချင်းကို ကျွန်တော်ကိုယ်တိုင် သေဘေးကြားမှာ၊ ကျွန်တော်တို့ကို ကျော်ဇောနဲ့ လိုက်လံ ဖမ်းဆီးနေတဲ့အချိန်ပေါ့။ ကျွန်တော်က မြောက်ဥက္ကလာမှာ နေတာကို။ အမှန်ကတော့ အရေးအခင်း တစ်ခုဖြစ်တယ်၊ လူထုတစ်ရပ်လုံး ပါလာတဲ့အခါကျတော့ အရေးအခင်းတစ်ခုကနေ အရေးတော်ပုံကြီး တစ်ခု ဖြစ်လာတာပေါ့။ နိုင်ငံနဲ့ချီတဲ့ အရေးတော်ပုံကြီးထဲမှာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို အကြမ်း ဖက်ပြီး ဖြေရှင်းနေတဲ့ အာဏာရှင်စစ်အုပ်စု၊ အာဏာရှင်အစိုးရရဲ့ စိတ်နေ သဘောထားနဲ့ ပြည်သူ လူထုအပေါ် ဆက်ဆံပုံ ဆက်ဆံနည်းတွေကို မနှစ်မြို့တဲ့အတွက်၊ လက်မခံနိုင်တဲ့အတွက်၊ ကိုယ့်တိုင်းသူ ပြည်သားတွေ ရိုက်နှက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရတယ်၊ အကြမ်းဖက် ခံနေရ တယ်။ ဒါတွေက ပြန်မပြောလည်း ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၈၈ ကာလက ဖြတ်သန်း ပြီးတော့ ခုထိ ဘာမပြောတဲ့လူတွေ ထုနဲ့ထည်နဲ့ အများကြီး ရှိပါတယ်။ မြို့ကြီး ပြကြီးတွေမှာမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနှံ့မှာ ရှိပါတယ်။ဒီသီချင်းကို ဘယ်လိုအခြေအနေမှာ ရေးခဲ့လဲဆိုတော့ အပ်တိုတစ်ချောင်းတောင် မပါဘဲ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံလေးတွေ၊ ပန်းခွေလေးတွေ၊ အလံလေးတွေထူပြီး အချို့လူမမယ်အရွယ် ကလေးတွေ သပိတ်မှောက်နေတာကို ရှေ့တိုးရင် ပစ်မယ်။ လူထုက တောင်းဆိုနေတာလေ၊ ပစ်တာမပစ်တာ သက်သက်လောက်နဲ့တော့ လူထုက အစကတည်းက ဘယ်တောင်းဆိုပါ့မလဲ။ ပြသနာကို သူတို့ အဲဒီလို ဖြေရှင်းတဲ့အတွက် သူတို့ကို ဆန့်ကျင်တဲ့အနေနဲ့ ရေးထားတဲ့သီချင်းပါ။ ဖြစ်နိုင်ရင်ဒီစနစ်ကို ကျွန်တော်တို့ တိုင်းပြည်မှာ အမြစ် ပြတ်စေချင်တယ်။ လူလူချင်း နိုင်ထက်စီးနင်း လုပ်တယ်။ လက်ထဲမှာ လက်နက်တွေ ကိုင်ထားပြီး နိုင်ထက်စီးနင်းတွေ လုပ်တယ်။ သူတို့သားစဉ် မြေးဆက်ရဲ့ ခံစားခွင့်တွေ လျော့ပါးမှာစိုးတော့ ပြည်သူလူထုရဲ့ ဒုက္ခတွေကို လစ်လျှူ ရှုပြီး မောဟဖုံး၊ လူစိတ်ပျောက်နေတဲ့ အာဏာရှင်တွေကို တိုက်ဖျက်ချင်လို့ ရေးတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီ ‘ကမ္ဘာမကြေဘူး’ သီချင်းကို ရေးခဲ့လို့ ဆရာ့အပေါ်မှာ ဘာတွေ သက်ရောက်မှု ရှိခဲ့လဲ။

NM – ကျွန်တော်က သီချင်းရေးတာနဲ့ အသက်မွေး ဝမ်းကျောင်းပြုတာ။ သီချင်းရေးတဲ့ အတတ် ပညာရှင် တစ်ယောက်၊ အနုပညာရှင် တစ်ယောက်။ ကျွန်တော်က တေးသီချင်းရေးပြီး ကျွန်တော့် မိသားစုကို ရှာဖွေ ကျွေးမွေးဖို့အတွက် ကျွန်တော်တတ်တဲ့ အတတ်ပညာနဲ့ ရပ်တည်နေသူ တစ်ဦး၊ သာမန် အရပ်သား တစ်ယောက်ပါပဲ။ အဲဒီ သီချင်းကို ရေးတဲ့အတွက် ဘာတွေဖြစ်လဲဆိုတော့ အငြိုးတကြီး ဆက်ဆံတာ ခံရတာပေါ့။ အာဏာပိုင် အဖွဲ့အစည်းရဲ့ အငြိုးတကြီး ဆက်ဆံတာ ခံရတာပေါ့။ ဘေးဖယ်ထားတာ၊ ဘေးချိတ်ထားတာ၊ နောက်ပို့ပစ်တာ ခံရတယ်။ ကျွန်တော်တို့ အနုပညာနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေ၊ နောက်ဆုံး မြန်မာ့အသံတို့၊ မြန်မာ့ရုပ်မြင်သံကြားတို့၊ မြဝတီတို့က ကျွန်တော်တို့ကို ဘေးဖယ်ထားခဲ့တယ်။ အဲဒီခေတ်က စာပေစိစစ် ရေးက အငြိုးတကြီးနဲ့ ကျွန်တော်တို့ စာသားတွေ၊ သီချင်းတွေကို ပယ်တယ်။ စီးပွားရေးသမားတွေက သူငွေပင်ငွေရင်းထုတ် အလုပ် လုပ်ရတာ ဆိုတော့ သူ့စီးရီးကို ထိခိုက်မှာစိုးလို့ ကျွန်တော့်ကို ဖယ်ကျဉ်ခဲ့ကြတယ်။ အချို့က ကြောက်ရွံစွာ ဆက်ဆံခဲ့ကြတယ်။ ကျွန်တော်တို့နဲ့ ဆက်ဆံရင်ပဲ စီးပွားပျက်တော့မလို၊ အဲဒီလောက် ဖိအားတွေအောက်မှာ (၂၉) နှစ်လုံးလုံး ကျွန်တော် ရပ်တည်လာခဲ့ရတယ်။ ကျွန်တော့်မှာ သားသမီး(၅) ယောက် ရှိတယ်။ ဒီကနေ့ ဒီအချိန်ထိလဲ ကျွန်တော် တတ်ကျွမ်းတဲ့ အနုပညာ၊ သီချင်းနဲ့ပဲ ကျွန်တော် ရပ်တည်တယ်။ သီချင်းကိုတော့ ကျွန်တော်က အမျိုးမျိုး ရေးတယ်။ကျွန်တော်တို့ ဂီတလောက က ပျက်စီး သွားပြီ။ ၈၈နောက်ပိုင်း တစ်လျောက်လုံး အနုပညာရှင်တွေ ဆိုရင်လည်း သူတို့နဲ့ အဆင်ပြေတဲ့ အနုပညာရှင်တွေက အူစိုတယ်။ ချမ်းသာကြီးပွား ကုန်တယ်။ ကိုယ့်ပြည်သူလူထုနဲ့ အမှန်ကို အမှန်တိုင်း မဟုတ်မခံစိတ်ရှိတဲ့ ပြည်သူ့ဘက်က တောက်လျှောက် ရပ်တည်လာပြီး မဟုတ်မခံစိတ်ရှိတဲ့ အနုပညာရှင်တွေ ငတ်ကုန်ကြတယ်။ လူတွေကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံစာရိတ္တတွေ အများကြီး ယိုယွင်း ပျက်စီးသွားပြီ။ ဒီဘက် ၈၈ မရောက်ခင်ထိ ကျွန်တော်တို့တိုင်းပြည်က လူတွေဟာ လူတစ်ယောက် အနေနဲ့ ပြောကြကြေးဆို အရည်အသွေးရှိတဲ့ လူတစ်ယောက်အဖြစ် ပြောလို့ ရသေးတယ်။ အခု အဲဒီလို မပြောရဲတော့ဘူး။ တိုင်းပြည်က အဲဒီလို ဖြစ်သွားတာ။

ငြမ်းမီဒီယာ – တေးရေး နိုင်မြန်မာဆိုတာ အဲဒီအချိန်က အောင်မြင်နေတဲ့ တေးရေးဆရာ တစ်ယောက်၊ အဲဒီခေတ် အဲဒီကာလက ဝါဒဖြန့်ချိရေးအတွက် အနုပညာရှင်တွေကို ချဉ်းကပ်ပြီး အသုံးချတာတွေ ရှိတယ်လို့ ကြားရပါတယ်။ ဆရာကိုရော အဲဒီလို ချဉ်းကပ်တာ မရှိဘူးလား။

NM – ရှိတာပေါ့၊ ဘယ်နေပါ့မလဲ။ ကျွန်တော် သူများတွေတော့ မပုတ်ခတ်ချင်ဘူး။ လူချင်းတူပေမယ့် အသက်ရှူပုံချင်း ကွဲတဲ့သူတွေ အများကြီးပဲ။ လူတွေဟာ အခြေအနေတစ်ခုရဲ့ ဖိအားအောက်မှာ အလွယ်တကူ ပျော့ကျသွားသူတွေ ရှိသလို တတ်နိုင်သလောက် တောင့်ခံသူတွေလည်း ရှိပါတယ်။တချို့ ပြတ်သတ်ထွက်သွားအောင် ဖိအားပေးတာတောင် တောင့်ခံသူတွေ ရှိပါတယ်။ လူက အစားစား ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအရ သူများကို ထိခိုက်မယ့်စကား မပြောချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူသတ္တဝါဆိုတာ စားဝတ်နေမှုနဲ့အသက်မွေး ဝမ်းကျောင်းအတွက် အတော်ကို အရေးတကြီး ရပ်တည်ရတဲ့သတ္တဝါတွေလေ။ ကျွန်တော်တို့တိုင်းပြည်က သူများတိုင်းပြည်ထက် ပိုဆိုးတယ်။ အဲဒီအချိန်မှာ အနုပညာရှင်တွေကို ခေါ်တာတွေ ရှိတယ်။ ကျွန်တော့်အပေါ်လည်း ရိုက်ခတ်မှုတွေ ရှိတာပေါ့။ ကျွန်တော်တို့က အလွယ်တကူ ပါတဲ့သူတွေ မဟုတ်ဘူး။ အလွယ်တကူ မပါတော့ ကျွန်တော်ကို ဘယ်လိုခေါ်မလဲဆိုတော့ တစ်ဆင့်ချင်း ဖိအားပေးတာပေါ့။ စာပေစီစစ်ရေးကို တင်မှ ကျွန်တော်တို့သီချင်းတွေက ထုတ်လုပ်ခွင့် ရတာ။ သူတို့ခေါ်လို့ မလိုက်ရင် ငြိုငြင်တာပေါ့။ ငြိုငြင်ရင် ဘာဖြစ်မလဲ၊ အကြောင်းအမျိုးမျိုး ပြပြီး စာပေစီစစ်ရေးမှာ ညစ်ပတ်ခံရတာတွေ အများကြီးပဲ။ မီဒီယာလောက ကြည့်ရင်လည်း ငွေမှင်တား ထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ အများကြီးပဲ။ အချို့ဆို စာမျက်နှာလိုက် အဖြဲခံရတယ်။ ဘယ်လိုမှ လိမ်ညာလို့မရတဲ့ တကယ့် အဖြစ်အပျက် တွေကို ပြောပြနေတာပါ။ ကျွန်တော်က သီချင်းရေးဆရာဗျ။ ကျွန်တော့်နောက်မှာ ဘယ်သူရှိလဲ၊ ဘယ်သူမှ မရှိဘူး။ ကိုယ့်ပြည်သူ လူထုဆိုတာ တောင်မင်း၊ မြောက်မင်း မကယ်နိုင်ဘူး။ ကိုယ့်ဒုက္ခကိုယ် ကြည့်နေရတာ၊ ဒီကြားထဲ ဖောက်ပြန်သူက အများကြီး။ ကျွန်တော်တို့က ကြုံသလို ကျသလို အနေအထားနဲ့ အာခံရတာ။ မိသားစုတွေ ဖရိုဖရဲ ဖြစ်ရတယ်။ ကျွန်တော့်ဘဝဆို ဘယောက် ဘယက် အများကြီး ဖြစ်ခဲ့တယ်။ ခု ကျွန်တော်အသက် (၆၀) ရှိပြီ။ လူတစ်ယောက် အနေနဲ့ ပြောရရင် အောင်မြင်ခဲ့တဲ့ သီချင်းတွေ အများကြီးပဲ။ ဒီနေ့အချိန်ထိ ကျွန်တော့်ဘ၀ ရပ်တည်ချက်က ခိုင်လုံမှု မရှိသေးဘူး။ အဲဒီလို သူတို့ ခေါ်တဲ့အချိန်မှာ ခြောက်တဲ့နည်းနဲ့ ခေါ်တာရှိတယ်၊ မြှောက်တဲ့နည်းနဲ့ ခေါ်တာရှိတယ်။ ကျွန်တော်က နှစ်နည်းလုံးနဲ့ အခေါ်ခံရဖူးပါတယ်။

ငြမ်းမီဒီယာ – ခြိမ်းခြောက်တဲ့နည်းနဲ့ ခေါ်တယ်၊မြှောက်စားတဲ့နည်းနဲ့ ခေါ်တယ်လို့ ပြောတယ်။ ပိုရှင်းအောင် ပြောပြပါလား။

NM -ဘယ်လိုခေါ်မလဲ။ နောက်ဆုံး ဘယ်လိုမှ ရပ်တည်လို့မရတဲ့ တော်တော် အခက်အခဲ ဖြစ်လာတဲ့ အခါမျိုးမှာ ကိုယ်နေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ဖိတ်ခေါ်တယ်။ မသွားဘူး။ စစ်ကြောရေးမှာလည်း စစ်ဆေး မေးမြန်းခံရရင်းနဲ့ ဘာလုပ်ချင်လဲ၊ ဘာအခက်ခဲရှိလဲ မေးတာ ရှိတယ်။ ကိုယ်တစ်ကယ်လို့ တစ်ခုခု လုပ်ချင်တာ ရှိရင် ဖုန်းလေး ကောက်ဆက် လိုက်ရုံပဲ။ ကျွန်တော်က လိုက်ပို့တဲ့ ကားပေါ်မှာတင် လေထဲ ဝဲပစ်လိုက်တာ။ ကျွန်တော် အခုထိ အိမ်ငှားနေရတုန်းပဲ။ တစ်ခါတစ်လေ ထိပ်တိုက်တွေ့ပြီး ငြင်းဆန်ရင် စုတ်ပြတ်သတ် ထွက်သွားမယ့် အခြေအနေမျိုး မှာ သူတို့နဲ့ ကျွန်တော် ပေါင်းပြီး ဝါဒဖြန့်တဲ့ အလုပ်မျိုး လုပ်ပေးခဲ့ရတာ ရှိတယ်။ ဒါပေမယ့်ကျွန်တော့်မှာ စည်းရှိတယ်။သူတို့ဆီကနေ ရနိုင်သလောက် အကုန်ယူသူတွေကတော့ ခိုင်းသမျှ အကုန် လုပ်ရတာပေါ့။ ကျွန်တော်ကတော့ ကိုယ်ရပ်တည်မှု အသက်ဆက်ဖို့ အလိမ္မာသုံး ဆက်ဆံတာမို့ ကျွန်တော့်မှာ စည်းရှိတယ်။ စစ်သီချင်း ဘယ်တော့မှ ရေးမပေးဘူးလို့ ပြောခဲ့တယ်။ ကျွန်တော် တစ်သက်လုံးလည်း မရေးဖူးဘူး။ သူတို့ဆီက တော်တော်ရာထူးကြီးတဲ့ ပုဂ္ဂိုလ်က တော်တော် ရင်းရင်းနှီးနှီး မေးတဲ့အခါ လူမှုရေးကိစ္စ . . ဥပမာ မိခင်နဲ့ကလေး စောင့်ရှောက်ရေး သီချင်းလေးတစ်ပုဒ် ရေးပေးပါလို့ ပြောလာတယ်။ ရတယ် ကျွန်တော် ရေးပေးမယ်။ စေတနာနဲ့ ရေးပေးပါတယ်။ အဲဒီလို ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်း ဖြတ်လာရတာတွေ ရှိတယ်။အချို့က ဒီလို ဝင်ရေးပေးတဲ့အတွက် ကျွန်တော့်ကို အမြင်စောင်းတဲ့ လူတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ပါဘူး။ အဲဒီလူတွေ ကျွန်တော့်ကို အမြင်စောင်းရုံက လွဲပြီး ဘာမှလက်ပါတဲ့ အကူအညီလာတာ မဟုတ်ဘူး။ ကျွန်တော့် သစ္စာတရားက ရင်ဘတ်ထဲက ကျွန်တော့်ယုံကြည်ချက်တွေ ပါမသွားဖို့ပဲ။ နောက် ရွှေတိဂုံဘုရားမှာ ရွှေသင်္ကန်း ကပ်ဖို့ ရေးပေးဖူးတယ်။ ဒါလည်း ကျွန်တော် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဘုရားရွှေသင်္ကန်းကပ်ဖို့ လှုံ့ဆော် ပေးရတာ။ ကျွန်တော်ကိုယ်တိုင်တောင် ဝင်ဆိုပေးပါဆိုလို့ တီဗီမှာ ဝင်ရိုက်ပြီး ဆိုပေးခဲ့ရ သေးတယ်။ ရွှေသင်္ကန်း ကပ်ဖို့သီချင်း ကျွန်တော်ရယ်၊ ကိုရာဇာဝင်းတင့်ရယ်၊ ကိုသန်းမြတ်စိုးရယ်။ ကျွန်တော် အဆိုတော်တောင် လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ခပ်ခွာခွာပဲ နေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – နိုင်မြန်မာကို ‘ကမ္ဘာမကြေဘူး’ နဲ့ တွဲသိနေတော့ အကျပ်အတည်း ကာလမှာ တခြား ကလောင်နဲ့ ရေးသေးလား။

NM – မရှိဘူး။ ဒီနာမည် တစ်လုံးနဲ့ပဲ ရေးခဲ့တာ။ တရားဝင် ပိတ်တယ်လို့ စာမထုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အခက်အခဲ ရှိတယ်။ တခြား သီချင်းရေးဆရာ တစ်ယောက်ရေးရင် ‘ကြယ်ကလေးတွေ၊ ကြယ်တွေ’ အကြောင်း ပါရင် ခွင့်ပြုပြီး ကျွန်တော့်သီချင်း စာသားမှာ ကြယ်ပါရင် ပြင်ခိုင်းတယ်။ ဒါမျိုးတွေရှိတယ်။ ကျွန်တော် မှတ်မှတ်ရရ ပြောရရင် အဆိုတော်အသစ်ကလေးပါ ။ ‘ကြယ်တံခွန်ကို ပစ်ချမယ့်မြှား’ ဆိုတဲ့ ခေါင်းစဉ် ပေးလိုက်တယ်။ အဲဒီ သီချင်းထဲက ‘ကြယ်တွေ’ ဆိုတဲ့ စာသားကို ပြင်ပေးဆိုပြီး လျှောက်ခြစ်တော့ သီချင်းပျက်ပြီပေါ့ဗျာ။ ကျွန်တော် ညစ်ပတ်ခံရတာ အများကြီးပါပဲ။ ဒီကြားထဲကမှ ခုအချိန်အထိ ရပ်တည်လာရတာပါ။

ငြမ်းမီဒီယာ – အကျဉ်းထောင်ထဲ ရောက်ခဲ့သေးလား။

NM – ကျွန်တော် ထောင်မကျဘူး။ အဲဒီသီချင်းကြောင့် စစ်ကြောရေးကို ရောက်တယ်။ စက်တင်ဘာ(၁၈) မှာ အာဏာသိမ်းတော့ အာဏာမသိမ်းခင် မြောက်ဥက္ကလာကို ဝင်စီးတယ်။ အဲဒီလိုဖြစ်တဲ့အချိန်၊ အခု ရေဝေးကိုသွားတဲ့လမ်း အစွန်ဆုံးမှာ ကျွန်တော်က အိမ်နံပါတ်(၁)။ မီးမရှိဘူး။ ညဆို မီးခွက်ထွန်း၊ ဖယောင်းတိုင်ထွန်း နေရတာ။ အစိုးရချပေးတဲ့ တိုးချဲ့ရပ်ကွက် ဆိုပေမယ့် အဖွားပေးတဲ့ အမွေနဲ့ ဝယ်ထားခဲ့ရတာ။ ကျွန်တော် အဲဒီအိမ်လေးမှာပဲ “ကမ္ဘာမကြေဘူး” သီချင်းကို ရေးတာ။ နို့စားနွား လေးငါးကောင် မွေးဖူးတော့ နွားခြံလေး ရှိတယ်။ အဲဒီနွားခြံလေးထဲမှာ ရေးပြီး မြောက်ဥက္ကလာက ကျောင်းသား (၁၅) ယောက်လောက်နဲ့ သီချင်းတိုက်ပြီးတော့ ကျွန်တော်တို့ လိုက် ဆိုတာ။ အဲဒီလို သီချင်းတိုက်ပြီးတော့ အရေးတော်ပုံကာလ ရန်ကုန်တစ်မြို့လုံးကို မွှေတော့တာပဲ။ နည်းနည်းမှောင်လာရင် ဆန္ဒပြနေတဲ့ အုပ်စုလေးပဲ ကျန်ခဲ့တာ၊ နေ့ခင်းကတော့ လူတွေ သွားလာနေတာ၊ စစ်တပ်က တီအီးကားတွေနဲ့ သွားနေတာ၊ ညဆိုရင် လူကမရှိတော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဟိုင်းလပ်ကား (၂) စီးနဲ့ ထွက်ကြတာ။ တစ်စီးက လုံခြုံရေး၊ တစ်စီးက ကျွန်တော်တို့။ ဒေါင်းအလံလွှင့်ပြီး သွားကြတာ၊ တစ်မြို့လုံး။ ကားဘေးမှာတော့ “မြောက်ဥက္ကလာကျောင်းသားများရဲ့ ကမ္ဘာမကျေဘူး မျိုးဆက်သစ်အဖွဲ့” လို့ရေးထားတယ်။ အားငယ်နေတဲ့၊ ထိုင်ပြီး အစာငတ်ခံဆန္ဒပြ နေတဲ့ သူတွေဆီကို လိုက်ဆိုပြကြတာ။ ရောက်တဲ့နေရာမှာ အဲဒီအခွေတွေ ပေးတယ်။ အခွေဆိုတာ ကလည်း ကိုယ့်မှာရှိတဲ့ လက်ဝတ်လက်စား ရောင်းချပြီး၊ ကိုယ့်မှာရှိတဲ့ စီ ၆၀ ကတ်ဆက် တိတ်ခွေ အဟောင်းတွေနဲ့ ကူးထားတာပါ။ ကာဗာလေးကို ဘက်နက်တွေနဲ့ ကျောင်းသားတွေကို ထိုးနေ တဲ့ ပုံလေး ပန်းဖလက် လုပ်ရတာပေါ့။ ကျွန်တော်တို့ ဘယ်သူ့ဆီကမှ ပိုက်ဆံအလှူ မခံခဲ့ဘူး။ ဘယ်နေ့က စခဲ့သလဲဆိုတာ ကျွန်တော် ရက်အတိအကျ မပြောနိုင်ပေမယ့် ဆူးလေမြို့တော်ခန်းမ ရှေ့ မှာ မဖြိုခွင်းခင် စခဲ့တာလို့တော့ ပြောနိုင်တယ်။ ရန်ကုန်တစ်မြို့လုံးပါပဲ၊ ကျွန်တော်တို့ အားပေးခဲ့တာ။ သပိတ်စခန်းတွေကို အခွေတွေပေးတယ်၊ ကျွန်တော်တို့ ပြန်သွားရင် အခွေတွေဖွင့်ပြီး စိတ်ဓာတ် မြှင့်တင်လို့ ရအောင်လို့။ နောက် ဗကသတွေကို အခွေတွေ ပေးတယ်။ ကျောင်းသားတွေ အတွက်တော့ အခွေရောင်းတာက ရန်ပုံငွေ နည်းနည်းရတယ်။ ကျွန်တော်တို့ ခက်ခဲမှန်းသိလို့ မင်းကိုနိုင်က လူလွှတ်ပြီး သုံးဖို့ လာပေးတယ်။ ကျွန်တော် မြိုမကျဘူး။ ဒါကြောင့် မပေးနဲ့လို့ ပြော လိုက်တယ်။ သူများတွေ အသက်တွေ၊ ဘဝတွေ ပေးနေရတာ၊ ငါက သီချင်းလေး တစ်ပုဒ်နဲ့ ဘာဖြစ်မှာလဲ ဆိုပြီး ပြန်ပေးလိုက်တယ်။ ဘယ်လိုမှ ပေးမရတော့ ကျွန်တော်က အဲဒီအချိန် တီဘီဆေး နေ့တိုင်းထိုးနေရတော့ ပိုက်ဆံမရှိရင်မထိုးနိုင်ဘူး။ ဆေးကလည်း တစ်ရက်ပျက်ရင် အစက ပြန်ထိုးရတာ။ သူတို့လာပေးတဲ့ ပိုက်ဆံကို လက်မခံမှန်းသိတော့ တီဘီဆေးတွေ ကတ်လိုက် ဝယ်ပေးခဲ့ တာတော့ မှတ်မိသေးတယ်။

ငြမ်းမီဒီယာ – အဖမ်းမခံရဘူးလား။

NM – စက်တင်ဘာ (၁၈) ရက် နေ့ အာဏာ သိမ်းပြီးတော့ သပိတ်မှောက်တဲ့ သူတွေကို အရေး မယူဘူး၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူမယ်၊ နိုင်ငံရေးလုပ်ဖို့ ပါတီတွေ တရားဝင် ထောင်ခွင့် ပေးမယ်ဆိုပြီး သတင်းစာ ခေါင်းစီးကနေ ကြော်ညာတော့ ကျွန်တော်တို့ကလေးတွေနဲ့ မော်ကျွန်း ရောက်နေတာ။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပြန်ကြမယ် ဆိုပြီးပြန်လာတာ၊ တွံတေးတူးမြောင်း ထဲမှာ သင်္ဘောကို သေနတ်နဲ့ ခြောက်ပစ်ပြီး တက်ဖမ်းတာ။ သင်္ဘောပေါ်မှာ ကျွန်တော့်ကို သမတော့တာပဲ။ ထိုးတာ၊ ကြိတ်တာ၊ ဆောင့်ကန်တာ တော်တော်ခံရတာ။ ကလေးတွေကတော့ ခရီးသည်တွေထဲမှာ ရောနေကြတာပေါ့။ ကလေးတွေက ကိုယ်များ သူတို့ကို ဖော်မလားဆိုပြီး စိတ်ပူ နေချိန်၊ ကိုယ်က နာလို့အော်ရင် ကလေးတွေ ပိုရုပ်ပျက်မယ်ဆိုပြီး ပေခံတာ။ ကြောက်တာတော့ ကြောက်တာပေါ့လေ။ သင်္ဘော အောက်ခေါ်လာပြီး ဘက်နက်နဲ့ ထိုးမယ့်ဆဲဆဲ ဖမ်းမိတဲ့အတိုင်း ထောက်လှမ်းရေး လက်ထဲအပ်ဖို့ သတင်းဝင်လာတယ်။ အဲဒီမှာ တစ်ယောက်က သေနတ်နဲ့ ခြေထောက်ကြား ပစ်တယ်။ ပြီးတော့ ရဲကင်းတစ်ခုကို ခေါ်သွားတာ။ သင်္ဘောပေါ်က လူတွေကတော့ ကိုယ့်ကို သေပြီမှတ်တာပေါ့။ ကလေးတွေက သေပြီလို့ အိမ်ကို သွားပြောတယ်။ ကျွန်တော်က တွံတေးရဲစခန်း ရောက်တယ်။ အဲဒီ အသတ်ခံရမယ့် ဆဲဆဲညမှာ ရင်ဘတ်က အရိုးတွေကျိုးနေတာ မသိခဲ့လိုက်ဘူး။ ထောက်လှမ်းရေး လက်ထဲ ရောက်ပြီးမှ လွတ်လာတာ။ ဖမ်းတဲ့အဖွဲ့က ထောက် လှမ်းရေးကို အပ်လိုက်တာ။ ထောက်လှမ်းရေးက စစ်ချက်လာယူ တော့ သေနတ်တွေဘာတွေ အဆင်သင့်လုပ်ပြီး စစ်ချက် ယူတာပေါ့။ အားလုံးစစ်ပြီးလို့ ဆေးလိပ်တွေဘာတွေ တိုက်ပြီး သူက ဘာပြောလဲဆိုတော့ “ မင်း စိုးစိုးကို သိလား” တဲ့။ “ လွှမ်းမိုး လေကွာ” တဲ့။ ကျွန်တော်လည်း သိတာပေါ့ သီချင်းရေးပေးနေတာ။ ကျွန်တော့် သူငယ်ချင်းပဲလို့ ပြန်ပြောတော့ “ ငါ့ကိုသိလား” လို့ ထပ်မေးရော။ “ မသိဘူး” လို့ ပြန်ပြောတော့ “ ငါ့ကို မင်းမသိပေမယ့် မင်းကို ငါသိတယ်” လို့ ပြောတာဗျ။ လွှမ်းမိုးက ဝန်ကြီးချုပ် ဦးမောင်မောင်ခသမီးနဲ့ ညားတော့ ဝန်ကြီးချုပ်အိမ်မှာ လိုက်နေတာ၊ တော်ရုံလူတော့ ဝင်လို့ မရဘူး။ ဒါပေမယ့် လွှမ်းမိုးက သူ့ကားကြီးနဲ့ ကိုယ့်ကိုတင်ပြီး ခေါ်ခေါ်သွားတာ ကိုယ့်ကို မျက်နှာ မှတ်မိနေကြတာ။ အဲဒီအိမ်မှာ သူက တာဝန်ကျခဲ့တဲ့သူ ဖြစ်နေတာ။ သူ့မှာသမီးလေး တစ်ယောက် ရှိတယ်၊ ဒေသကောလိပ် တက်နေတာ၊ အနုပညာလောကထဲဝင်ရင် စောင့်ရှောက်ပေးပါလို့ ပြော တယ်။ စစ်ချက်တွေကို လက်မှတ်ထိုးပြီး “ အားလုံး အိုကေတယ်။ ငါတို့ ထောက်လှမ်းရေးကတော့ အရေးယူဖို့ မရှိဘူး” လို့ ပြောတယ်။ အဲဒါနဲ့ တွံတေးရဲစခန်း ရောက်တော့ စခန်းမှူးက ‘ရဲဝန်ထမ်း ဟောင်းတစ်ဦး’ ဆိုတဲ့ ကလောင်နဲ့ စာရေးနေတဲ့သူ။ အဲဒီမှာက နန္ဒမိုးကြယ်က ကျောင်းဆရာ လုပ်နေတာ ဆိုတော့ ကိုယ်က နန္ဒမိုးကြယ်နဲ့ သူငယ်ချင်းလို့လည်း ဆိုရော လမ်းစရိတ်တွေ ဘာတွေ ပေးပြီး ပြန်လွှတ်လိုက်တာ။ ကျွန်တော်လည်း အိမ်ပြန်ရောက်ရော အိမ်မှာက ကြက်သွန်လှီး ချက်ပြုတ် နေကြပြီ။ ကျွန်တော့်ကို သက်ပျောက်ဆွမ်းသွပ်ဖို့လေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – နိုင်မြန်မာဆိုတဲ့ တေးရေးဆရာ တစ်ယောက်ရဲ့ ‘ကမ္ဘာမကြေဘူး’ ဆိုတဲ့သီချင်းကို ၈၈ နောက်ပိုင်း နိုင်ငံရေး အင်အားစု မျိုးဆက်တိုင်း အသုံးပြုကြတယ်။ ဒါပေမယ့် တေးရေးဆရာ ဖြစ်တဲ့ ဆရာအပေါ်မှာ အသိအမှတ်ပြုမှုကိုရော စိတ်ကျေနပ်ရဲ့လား။

NM – ဒီမေးခွန်းက တော်တော်ပြောရခက်တယ်။ ဖြေတော့ ဖြေရမှာပေါ့။ စရေးကတည်းက အဲဒီသီချင်းနဲ့ ပတ်သက်ပြီး ဘာအကျိုးခံစားခွင့်မှ မရှိပါဘူး။ စရေးကတည်းက ဘယ်ပါတီအတွက်၊ ဘယ်အဖွဲ့အစည်း အတွက်မှ ရေးတာမဟုတ်ဘူး။ ပိုးစိုးပက်စက် အနိုင်ကျင့်ပြီး အကြမ်းဖက် နေတဲ့ လူတွေကို ဘာမရှိပဲ အာခံနေတဲ့ ကျောင်းသားတွေကို အားပေး ကူညီဖို့၊ ထောက်ခံဖို့၊ သူတို့ဘက်က ရပ်တည်ဖို့ ရေးတာ။ နိုင်ထက်စီးနင်း လုပ်တတ်တဲ့ အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့ အတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ လုပ်နိုင်သလောက် လုပ်ခဲ့တဲ့ သီချင်းပဲ။ အဲဒီတော့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကပဲ သုံးသုံး၊ ကျွန်တော် ဘာမပြောပါဘူး။ ကျောင်းသားအဖွဲ့အစည်းတွေလည်း သုံးတယ်၊ ကျွန်တော်မပြောဘူး။ ဒီကနေ့အထိ ဒီသီချင်းနဲ့ ပတ်သက်ပြီး တစ်ပြားတစ်ချပ် ဘာစားရတာ ရှိလည်းပြောရင် ဘာမှ မစားရပါဘူး။ ဒါပေမယ့် အဲဒီလို မစားရတဲ့အတွက် ဘယ်သူကတော့ ဘာမလုပ်နဲ့လို့ လိုက်ပြောဖို့လည်း မရှိဘူး။ သူတို့သွားနေတဲ့ ခရီး၊ တနည်းပြောရရင် ရေဆန်လမ်းကို ဆန်တက် နေသူမှန်သမျှ ကြိုက်တဲ့သူသုံးပါ။ မသိချင်ယောင် ဆောင်နေလိုက်ပါမယ်။ အဲဒီသီချင်း ရေးတဲ့သူဆိုပြီး ဂရုမပြုချင်တာ လည်းရှိတယ်။ ဘာမဖြစ်ပါဘူး။ ပေးတဲ့လူနဲ့ ယူတဲ့လူ ကြားထဲမှာ ပေးတဲ့လူက ပေးတုန်းက ဘယ်လိုစိတ်နဲ့ ပေးခဲ့တာလဲ၊ တစ်ခုခု ပြန်လိုချင်လို့ ပေးခဲ့တယ်ဆိုတာ မပါခဲ့ရင် ခုချိန်မှာ အဲဒါတွေ ပြသနာမရှိဘူး။ ဒီသီချင်းနဲ့ ပတ်သက်ပြီး တောင်းစားဖို့လည်း ရည်ရွယ်ချက် လုံးဝမရှိဘူး။ ဒီသီချင်းနောက်မှာ အသက်တွေ အများကြီးပဲ၊ ဘဝတွေ အများကြီးပဲ။ ဒီသီချင်းက ကိုယ်က ရေးလိုက်ပေမယ့် မတရားမှုတွေကို တွန်းလှန်မယ့်သူတွေ၊ အာခံမယ့်သူတွေ ရာသက်ပန် သုံးစွဲဖို့ပဲ။ ထမင်းကတော့ ကိုယ့်ဘာသာ ရှာစားလို့ ရပါတယ်။ ဒီသီချင်းက ကျေးဇူး ရှိတယ် မရှိဘူးဆိုတာ သူတို့ဘာသာ ပြောပါစေ။ ကိုယ်ပြောစရာ မလိုပါဘူး။

 

ငြမ်းမီဒီယာ
မတ်(၁၂)၊ ၂၀၁၈၊ ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,