ကလေးဘဝ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

wikimedia / ဗိုလ်ချုပ်အောင်ဆန်း မိသားစု

အောင်ဆန်းသည် ဖခင်ကဲ့သို့ အမှုမဲ့ အမှတ်မဲ့ နေတတ်ပါသည်။ ထို့ကြောင့်ပင်ငယ်စဉ်က သူတစ်ပါး၏ ရိုက်နှက်ခြင်းကိုခံရ၍ ကြီးလာသောအခါ၌လည်း ရေတိမ်တွင်အနှစ်ခံရပါသည်။ မိခင်ကဲ့သို့ သတိဝရီယ ရှိပါမူကား ရေတိမ်တွင် အနှစ်ခံရမည်မဟုတ်ပါ။ငယ်စဉ် က …

ကျွန်တော် သုံးနှစ် ခြောက်လ ငါးရက်သားအရွယ် ရောက်သောအခါ ညီကလေး တယောက် ရပါသည်။

ထိုနေ့ကို ကောင်းစွာ မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်း ညများတွင် မိခင်နှင့်အတူ အိပ်ရာထဲ၌ သေးပါလေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူ အိပ်ရ၍ ဆီးသွားလိုသဖြင့် နိုးလာကာ “ ဖေဖေ သေးပေါက်ချင်တယ်” ဟုပြောရာ၊ ဖခင်က “ ထပေါက်” ဟု ပြန်ပြောပါသည်။ ထိုညမှစ၍ ကျွန်တော်သည် အိပ်ရာထဲ၌ သေးမပါတော့ပါ။ ဆီးသွားလိုက နိုးလာပါသည်။

မိုးလင်းသောအခါ ဘန်းကြီးထဲ၌ သိပ်ထားသော ညီကလေးကို မြင်၍ ကိုင်မည်ပြုရာ အစ်ကိုကြီး (ဦးဘဝင်း) က “ ဟေ့ မကိုင်နဲ့၊ လက်ပြတ် တတ်တယ်” ဟု ပြောသဖြင့် မကိုင်ဘဲ ကျွန်တော့်လက်ကို ပြန်ဆုတ် လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက်ပက်ပက် ရယ်ပစ် လိုက်ပါသည်။ သို့တစေလည်း ကျွန်တော်သည် ညီကလေးကို မကိုင်ရဲဘဲ ဘေးမှလှည့်ပတ်၍ ကြည့်ရုံသာ ကြည့်ဝံ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ညီကလေး တနှစ်ကျော်အရွယ်ရောက်သောအခါ နာမည်ပေးရန် စဉ်းစား ကြပါသည်။ ကျွန်တော်က” ကျုပ် အောင်သန်းဆို သူက အောင်ဆန်း ပေါ့ဗျာ” ဟု ပြောလိုက်ရာ အားလုံးက လက်ခံကြ ပါသည်။ စနေသား ဖြစ်သည့် အတိုင်း ဇာတာထဲ၌ “ထိန်လင်း”ဟု နေ့နာမ်အလိုက် မှည့်ထားသော်လည်း၊ “အောင်ဆန်း” ဟုသာ တွင်နေပါတော့သည်။

“ထိန်လင်း” သည် ဇာတာဖွဲ့သူပေးသော နာမည်မျှသာ ဖြစ်သည်။ အချို့ ထင်နေသကဲ့သို့ ငယ်နာမည် မဟုတ်ပါ။ မည်သည့် အခါမျှ “ထိန်လင်း” ဟု မခေါ်ခဲ့ကြပါ။

ကျွန်တော်နှင့် အောင်ဆန်း မွေးဖွားခဲ့သော အိမ်ကြီးသည် မရှိတော့ ပါ။ ရှေးအိမ်ကြီးဖြစ်၍ ကျွန်တော်တို့ ဘေးလက်ထက်က တည်ဆောက် ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြပါသည်။ ယခု နတ်မောက်၌ ရှိသောအိမ်သည် အောင်ဆန်း မွေးပြီးနောက် နှစ်နှစ်လောက်ရှိမှ ပြောင်းရွေ့နေထိုင်သောအိမ် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘေး ဦးရွှေနီသည် နတ်မောက်မြို့သူကြီးဖြစ်၍ ကျွန်တော်တို့အဖိုးဟု ရေးသား ပြောဆိုနေကြသော “ဦးမင်းရောင်” ခေါ် “ရွှေလရောင်” သည် ဘေးမကြီး မယ်စိုး၏တူ၊ အဖွား “မယ်သူဇာ” ၏ မောင်တဝမ်းကွဲ ဖြစ်ပါသည်။ ကျွန်တော်တို့ ဘေးဘိုးဘီဘင်များသည် အလောင်းဘုရား၏ “ရဲဘော် ခြောက်ကျိပ်ရှစ်” အပါအဝင် ပင်းမင်းကြီး ဦးမြ (ဦးမြတ်) မှ ဆင်းသက်ကြသည်ဟု လူကြီးသူမများ ပြောဆိုသံ ကြားဘူးပါသည်။

အောင်ဆန်းသည် နာမည်နှင့်လိုက်အောင် “ဆန်း” သူဖြစ်ပါသည်။ အမေးအမြန်းထူ၍ လူကြီးတွေ ပြန်မဖြေနိုင်သည့် မေးခွန်းများကို မေးလေ့ရှိပါသည်။ မိုးတွင်း၊ ဆောင်းတွင်းဟု ခေါ်ကြသော်လည်း နွေရာသီကို အဘယ့်ကြောင့် “နွေတွင်း” ဟု မခေါ်ကြသလဲဟု မေးရာ၊ လူကြီးများသည် ပြန်၍ မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ “ညီအစ်ကို တဝမ်းကွဲရှိသော်လည်း ဘာကြောင့် လင်မယား တဝမ်းကွဲ မရှိသလဲ” မေးပြန်ရာ လူကြီးများသည် ယခင်ကကဲ့သို့ပင် ပြန်မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ အမေးအမြန်းထူသလောက် အောင်ဆန်းသည် စဉ်းစားတွေးတော ငေးမော နေတတ်ပါသည်။

 

တနေ့တွင် သူ့ထက် အနည်းငယ်ကြီးသော “ အေးမောင်” ဆိုသူက အောင်ဆန်း ကို ထိုးကြိတ်ရိုက်နှက် လိုက်ပါသည်။ ကျွန်တော် သိသောအခါ ချက်ကောင်းစောင့်၍ ထိုကောင်ကလေးကို လက်သီးဖြင့် ထိုး ၊ခြေဖြင့်လည်းကန် စသည်ဖြင့် အတော်လေးနှံ လိုက်ပါသည်။ ထိုကောင်ကလေးက …

 

အငယ်ဆုံးဖြစ်သည့်အတိုင်း မိဘနှစ်ပါးကသာမက၊ အစ်ကို အစ်မများကပါ အလို လိုက်ကြသည်ဖြစ်ရာ၊ အောင်ဆန်းသည် ကလေးဆိုးကြီးကဲ့သို့ ဖြစ်နေပါသည်။ လိုချင်သည်ကို မရမနေ ငိုယို တောင်းဆိုတတ်ပါသည်။ ရလည်း ရပါသည်။ ကြီးလာသည့် တိုင်အောင် မိမိပြောလိုရာ စွတ်၍ ပြောတတ်ခြင်း၊ လုပ်လိုရာကို စွတ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ထင်ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(မှတ်ချက်။ ။ တချိန်က မိတ်ဆွေတယောက်က “ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ကြတယ်။ ဗိုလ်ချုပ်ဟာ မိမိပြောလိုရာ လုပ်လိုရာကို စွတ်ပြော စွတ်လုပ် တတ်တယ်၊ ဒါဟာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရလို့ ရယ်လို့ သုံးသပ် မိကြတယ်” ဟု ကျွန်တော့်ကို ပြောပါသည်။ ကျွန်တော်က “ဒါတင် မကဘူး၊ ဗိုလ်ချုပ်ဟာ မွေးကထဲက အလိုလိုက်ခံခဲ့ရတယ်” ပြောရာ ထို မိတ်ဆွေက “ကျွန်တော် တို့ အဲဒါကို သိလည်း မသိခဲ့ဘူး၊ ထည့်လည်း မသုံးသပ်မိခဲ့ဘူး” ဟု ပြန်ပြောပါသည်။)

စိတ်ဘက်ဆိုင်ရာ ပါရဂူများ၏ အဆိုအရ လူတစ်ယောက်၏ စိတ်ဓာတ် သည် မိမိ၏ ဘဝပေးအတိုင်း ဖြစ်တတ်သည်။ ဥပမာ – လူတစ်ယောက် သည် ငယ်စဉ်က ဆိုးသောမိဘများ၏ နှိပ်စက်ခြင်း ကိုသော်၎င်း၊ အခြားသူများ၏ နှိပ်စက်ခြင်းကိုသော်၎င်း ခံခဲ့ရလျှင် ကြီးလာသော အခါ မယုံသင်္ကာ ဖြစ်တတ်ခြင်း၊ ကြောက်ရွံ့တတ်ခြင်း တို့ ဖြစ်တတ်ပါသည်။

 

ဝါတွင်း၌ အပတ်စဉ် အိုးစည်ဗုံမောင်းဖြင့် အလှူခံ ထွက်ပါသည်။ လူတယောက်က ဖိုးသူတော် အရုပ်ကြီးထဲ ဝင်ပြီး ကပါသည်။ ထိုအရုပ်ကြီးကို အောင်ဆန်း အလွန်ကြောက်ပါသည်။ အရုပ်ကို ကြောက်ရကောင်းလားဟု ဖခင်က ဆူပူပြစ်တင်သောအခါ …

 

တနည်းအားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးတွင် “အရှုံ့းပေးတတ်သော စိတ်ဓာတ်” မျိုး ဝင်နေတတ်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးသည် မိမိ နိုင်လှည့် ကြုံလာသော အခါ ရက်ရက်စက်စက် ပြုကျင့်တတ်သည်။ငယ်စဉ် က အလိုလိုက်ခံခဲ့ရပြီး မိမိလုပ်လိုရာ လုပ်ခွင့်ရခဲ့လျှင် ကြီးပြင်း လာသည့် အခါ မိမိလုပ်ချင်သည့်အတိုင်း လုပ်ဝံ့သည်။ လုပ်တတ် သည်။ တနည်း အားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးတွင် “မိမိကိုယ်မိမိ ယုံကြည်ကိုးစားမှု” ရှိတတ်သည်။ ထိုပုဂ္ဂိုလ်မျိုးသည် ရန်သူကို အထင်သေးတတ်သဖြင့် နောက်ဆုံး၌ မိမိပင် ခံရတတ်သည်။

အလိုလိုက်ခံရသော်လည်း အောင်ဆန်းမှာ မတရား လုပ်ချင်သည့် စိတ်၊ မတရားအခွင့်အရေး လိုချင်သည့်စိတ်ဓာတ်မျိုး မရှိပါ။ မိမိ ကိုယ်ကို မိမိ ယုံကြည်သူဖြစ်သည့်အတိုင်း သူများအား မနာလိုသည့် စိတ် မရှိပါ။

မိမိထက် ကြောသွားမည်ကို စိုးသည့်အတွက် သူများအား ခြေထိုးလိုသည့် စိတ်မျိုးလည်း အလျဉ်းမရှိပါ။ အောင်ဆန်းနှင့် အချို့နိုင်ငံရေး ခေါင်းဆောင်များ ကွာခြားခြင်း သည် ထိုစိတ်ဓာတ် အခြေခံကြောင့်ပင် ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။

အောင်ဆန်းသည် အလွန်ရိုးသား၍ စားချင်လျှင် စားချင်သည်၊ လိုချင်လျှင် လိုချင်သည်၊ ကြောက်လျှင် ကြောက်သည် စသည်ဖြင့် ဖွင့်ဟဝန်ခံ တတ်ပါသည်။ မည်သည့်အခါမှ လိမ်မပြောတတ်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော်တို့ငယ်စဉ်က နတ်မောက်ဆွမ်းကြီးလောင်းအသင်းက ကြီးမှူး ၍ ဝါတွင်း၌ အပတ်စဉ် အိုးစည်ဗုံမောင်းဖြင့် အလှူခံ ထွက်ပါသည်။ လူတယောက်က ဖိုးသူတော် အရုပ်ကြီးထဲ ဝင်ပြီး ကပါသည်။ ထိုအရုပ်ကြီးကို အောင်ဆန်း အလွန်ကြောက်ပါသည်။ အရုပ်ကို ကြောက်ရကောင်းလားဟု ဖခင်က ဆူပူပြစ်တင်သောအခါ “ဖင်ခေါင်းထဲသွင်းထား ဘယ့်နဲ့လုပ်မလဲဗျာ့” ဟု ပြန်ဖြေပါသည်။

ခေါင်းတုန်တုန် လည်တုန်တုန် ဖြစ်နေသော မယ်ရွှေမယ်ဆိုသည့် အမယ်ကြီးကိုလည်း သူကြောက်၍ ကြောက်ကြောင်းကိုလည်း သူဝန်ခံပါသည်။ ညအိပ်လျှင် မိခင်ကို ဖက်အိပ်လေ့ရှိ၍ မိခင်ကို သူ့ဘက်သို့ အမြဲလှည့်အိပ် စေချင်သည်။

အိမ်နားရှိ ကာကာဆိုင်သို့လည်း သူမသွားရဲပါ။ တနေ့သ၌ ကာကာ ဆိုင်သို့သွား၍ ဘီ-ဒီ ဆေးလိပ်များဝယ်ပြီးလျှင် ချိုးကြည့်ပါသည်။ မိခင်သိသော အခါ ကလေးအား ဆေးလိပ် ရောင်းလိုက်သော ကုလားထံသွား၍ ဆူပူ ပြစ်တင်ပါသည်။ ဆိုင်ရှင် ကာကာက မိခင်ကို တောင်းပန်၍ အောင်ဆန်း ဘက်လှည့်ကာ “နောက်တခါလာရင် ဘန်ဘူးပေးမယ်” ဟု ပြောလိုက်ရာ အောင်ဆန်းက “ဘန်ဘူး ဆိုတာ ဘာလဲ” ဟု မိခင်ကို မေးပါသည်။ မိခင်က “ဘန်ဘူးပေးမယ်ဆိုတာ ရိုက်မယ်လို့ ပြောတာ” ဟု ပြောလိုက်ရာ၊ အောင်ဆန်း သည် ထိုနေမှစ၍ ကာကာဆိုင်သို့ မသွားတော့ပေ။

 

ကျွန်တော် ၁၁ နှစ်သားအရွယ် ရောက်သောအခါ ရှင်ပြု၍ ကိုရင် ဝတ်ပါသည်။ ခုနှစ်နှစ်ကျော် ရှစ်နှစ်သားရှိနေပြီဖြစ်သော အောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော့်ထံ နေ့စဉ်လာပါသည်။ ထိုသို့လာရင်း …

 

နေမကောင်းလျှင် ပိုက်ဆံပေးမှ ဆေးသောက်မည်ဟု အကြပ်ကိုင် တတ် သဖြင့် အောင်ဆန်းသည် နေမကောင်းတိုင်း မိခင်ထံမှ ငွေဒင်္ဂါး လေး-ငါးဆယ် ရပါသည်။ (ထိုခေတ်က ငွေစက္ကူ ပေါ်သေးဟန် မတူပါ။)နတ်မောက်၌ တဆိုင်တည်းသာရှိသော ကာကာဆိုင်သို့ မသွားရဲသဖြင့် သူလိုချင်သည့် ပစ္စည်းများကို ကျွန်တော်က ဝယ်ပေး ရပါသည်။ ကျွန်တော် လိုချင်သည်တ့ိုကိုလည်း သူ့ ငွေဖြင့်ပင် ဝယ်ခွင့်ပေးပါသည်။ ညီအစ်ကို ရန်ဖြစ် သောအခါ သူ့ ငွေ ပြန်ပေးရန် တောင်းတတ်ပါသည်။ မိခင်က “နင် အစက ဘာလို့ ပေးသလဲ” ဟု မေးသောအခါ “အို သူက ညီအကိုချင်းဘဲကွာ ဘာ ညာနဲ့ ပြောတာ ကိုးဗျာ့” ဟု ပြန်ဖြေသဖြင့် ကျွန်တော်တို့ ရယ်ကြရပါသည်။ အောင်ဆန်း သည် မည်သည့်အခါမှ
လုပ်ကြံ၍ လီဆယ်၍ မပြော တတ်ပါ။ ပေးခဲ့လျှင် ပေးခဲ့သည်၊ လုပ်ခဲ့လျှင် လုပ်ခဲ့သည်ဟု ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ဝန်ခံ တတ်ပါသည်။

ကျွန်တော်တို့မိခင်သည် အလွန် ပညာလိုလားရကား ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ်အရွယ် ရောက်လျှင် ကျောင်းထားပါသည်။ အောင်ဆန်း သည် ကျောင်းနေရမှာ ကြောက်သဖြင့် ‘အမနေမှ နေမယ်” ဟု မိခင်ကို ပြောပါသည်။ “ကျွန်တော်တို့မိခင်ကို ကျွန်တော်တို့က “အမ” ဟု ခေါ်ကြပါသည်။” အထွေးဆုံး သားကလေးကို အလွန်ချစ်ခင်သော မိခင်ကလည်း အောင်ဆန်းကို ကျောင်းမပို့ ရက်ဘဲ ခွင့်လွှတ်ထားရပါသည်။

ကျွန်တော် ၁၁ နှစ်သားအရွယ် ရောက်သောအခါ ရှင်ပြု၍ ကိုရင် ဝတ်ပါသည်။ ခုနှစ်နှစ်ကျော် ရှစ်နှစ်သားရှိနေပြီဖြစ်သော အောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော့်ထံ နေ့စဉ်လာပါသည်။ ထိုသို့လာရင်း ကိုရင် ဝတ်ချင်စိတ် ပေါက်လာသဖြင့် ကိုရင်ဝတ်ပေးရန် မိခင်ကို ပူဆာပါသည်။ ချက်ကောင်းကိုယူတတ်သော မိခင်က “ကိုရင်ဝတ်တယ်ဆိုတာ လွယ်တာ မဟုတ်ဖူးကွ၊ စာတတ်မှ ဝတ်လို့ရတာ၊ မင်းလို စာမတတ်တဲ့လူက ကိုရင်ဝတ်လို့ ဘယ်ဖြစ်မလဲ” ဟု ဆွပေးလိုက်ပါသည်။ “ဒီလိုလား၊ ဒီလိုဆို ကျောင်းနေမယ်” ဟု ပြောပြီး အောင်ဆန်းသည် ထိုအချိန်မှစ၍ ကျောင်းနေပါတော့သည်။

(မှတ်ချက်။ ။ ၁၉၃၂-၃၃ ခု ကောလိပ်ကျောင်းရောက်စ ပထမနှစ် ၌လည်း အောင်ဆန်းသည် သင်္ကန်းဝတ်၍ အီတာလီယံ ဘုန်းတော်ကြီး ဦးလောကနထနှင့်အတူလိုက်ကာ သာသနာ ပြုလိုစိတ် ဖြစ်ပေါ်လာသဖြင့် မိခင်ထံ ခွင့်တောင်းဖူးပါသည်။ မိခင်က ခွင့်မပြုသဖြင့် မလိုက်ဖြစ် ခဲ့ပေ။)

ဤသို့ဖြင့် အောင်ဆန်းသည် နတ်မောက်ရှိ ဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတကျောင်းသား ဖြစ်လာပါသည်။

ဦးသောဘိတကျောင်းသည် ဘုန်းကြီးကျောင်းဖြစ်သော်လည်း အတန်းကျောင်းဖြစ်ပါသည်။ ထိုခေတ်က ထိုကျောင်းမျိုးကို “ လောက ဓာတ်ကျောင်း” ဟုခေါ်ကြပါသည်။ ရှေးစာ သက်သက် သင်သည့် ဘုန်းကြီးကျောင်းနှင့် ခြားနားစေရန်အတွက် ဤသို့ ခေါ်ခြင်းဖြစ်ဟန် တူပါသည်။ လက်ထောက်ဆရာများသည် လူဝတ်ကြောင်များဖြစ်ရာ အချို့ ဆရာဖြစ် စာမေးပွဲ အောင်မြင်ကြ၍ အချို့မအောင်မြင်ကြပါ။ ကျွန်တော်တို့ ငယ်စဉ်က ထိုလက်ထောက် ဆရာများသည် လခမရကြဘဲ နှစ်ကုန်မှ ဆုငွေရကြပါသည်။ နှစ်စဉ် ပညာရေးဌာနမှပညာအုပ် တယောက် ယောက် လာ၍ စစ်ဆေးပြီးလျင် ကျောင်းသား များကို အတန်းတင် ပေးခြင်း၊အတန်းချခြင်းများကို ပြုလုပ်ပါသည်။ ကျောင်းအုပ် ဘုန်းတော်ကြီးသော် လည်းကောင်း ၊လက်ထောက် ဆရာများကသော်၎င်း အတန်းတင်ပေးခြင်း၊ချပေးခြင်း မပြုနိုင်ကြပေ။

အောင်ဆန်းသည် ကျောင်းနေသည့်အချိန်မှစ၍ အတန်းထဲ၌ အမြဲပထမရပါသည်။ကျောင်းအုပ် ဘုန်းတော်ကြီးနှင့်တကွ ဆရာ၊ဆရာမများကို အလွန်ကြောက်ရွံ့ ရိုသေ၍အလွန် အပိုးသေ ပါသည်။ထိုဗီဇကို မိဖများ ထံမှ ရသည်ဟု ဆိုချင်က ဆိုနိုင်သည်။ ကျွန်တော်တို့ ဖခင်နှင့်မိခင်မှာ အလွန်ရိုးသာသူများဖြစ်၍ မတရား လုပ်ရန်ဝေးစွ ၊မတရားလုပ်သည်ဟု အထင်ခံရမည်ကိုပင် အလွန်ကြောက် သူများ ဖြစ်ကြပါသည်။
တာဝန်ကို အလွန်သိတတ်၍ တာဝန်မဲ့ ပြောဆိုလုပ်ကိုင်မှုကို အလွန်စက်ဆုပ် ရွံ့ရှာကြပါသည်။

စိတ်နေသဘောထားအားဖြင့် အောင်ဆန်းသည် ဖခင်နှင့် ပို၍ တူပါသည်။ ကျွန်တော်တို့ ဖခင်သည် ရှာမှရှားသော လူအေး တစ်ယောက်ဖြစ်၍ မည်သူ့ကိုမျှ ရန်မပြု။ မိမိကိုရန်ပြုကြ လိမ့်မည်ဟုလည်း မထင်သူ ဖြစ်ပါသည်။ အိမ်၌၎င်း၊ခရီးသွားရာ ၌၎င်း၊ မိမကိုယ်ကို ကာကွယ်ရန် မည်သည့် လက်နက်ကိုမျှ ကိုင်ဆောင်လေ့ မရှိပါ။ ကျွန်တော်မှတ်မိ သလောက် မည်သူနှင့်မျှ လည်း ရန်မဖြစ်ဖူးပါ။

မှတ်မိပါသေးသည်။ ပထမကမ္ဘာစစ်ကြီး(၁၉၁၄-၁၉၁၈) အတွင်းက ကျွန်တော်တို့ ဖခင်သည် စစ်သည်တော်များ သက်သာချောင်ချိရေး အဖွဲ့တွင် ငွေထိန်းအဖြစ် ဆောင်ရွက်ရ ပါသည်။ တနေ့သ၌ လူတစ်ယောက်သည် (နာမည်ကို မှတ်မိသော်လည်း ထိုသူ၏ အဆက်အနွယ်များ ကို ငဲ့ညှာသော အားဖြင့် မဖော်ပြတော့ပါ) အတွင်းရေးမှူး လက်မှတ်လိမ်ဖြင့် ငွေထုတ်ရာ ကျွန်တော်တို့ ဖခင်က ထုတ်မပေးဘဲ ငြင်းဆိုလိုက်ပါသည်။ ထိုလူသည် ရှက်လည်းရှက် ဒေါသလည်းဖြစ်သဖြင့် အရက်သောက်၍ အိမ်ပေါ်သို့တက်လာကာ “ ခင်ဗျားက စစ်ကြေးထိန်းရ လို့မောက်တာလား” စသဖြင့် ရန်စ စော်ကား လာပါတော့သည်။ ကျွန်တော်တို့ဖခင်ကား မိမိအိမ်ပေါ် သို့ တက်လာ၍ မိမိအားစော်ကားသူကို ဘာမျှမလုပ်ပါ၊လှည့်၍ ပင် မကြည့်ပါ။ ဤမျှ သည်းခံနိုင်စွမ်း ရှိသူပေတည်း။ ထက်သော မိခင်ကမူကား “ နင်ဘာလူပါး၀ တာလဲ” ဟုပြောကာ ဖိနပ်ဖြင့် ရိုက်မည်ပြုရာ၊ အမူးသမား လူရမ်းကား သည် ထိုင်ရှိခိုး၍ တောင်းပန်သောကြောင့် သက်သာခွင့် ရသွားပါသည်။

မိခင်သည် မည်သည့်အခါမျှ အမှုမဲ့ အမှတ်မဲ့ နေတတ်သူမဟုတ်ပါ။ ခရီးသွားလာရာတွင် နှုတ်က သမ္ဗုဒ္ဓေရွတ်လျက် လက်ကလည်း ဓားကိုင်ထားလျက်ရှိပါသည်။

အောင်ဆန်းသည် ဖခင်ကဲ့သို့ အမှုမဲ့ အမှတ်မဲ့ နေတတ်ပါသည်။ ထို့ကြောင့်ပင်ငယ်စဉ်က သူတစ်ပါး၏ ရိုက်နှက်ခြင်းကိုခံရ၍ ကြီးလာသောအခါ၌လည်း ရေတိမ်တွင်အနှစ်ခံရပါသည်။ မိခင်ကဲ့သို့ သတိဝရီယ ရှိပါမူကား ရေတိမ်တွင် အနှစ်ခံရမည်မဟုတ်ပါ။ငယ်စဉ် က ဆိုတီးနေသည်ကို စိတ်ဝင်စားစွာနားထောင်နေသောအောင်ဆန်းကို ကောင်ကလေးတစ်ယောက်က ခဲဖြင့်ပေါက်၍ ထွက်ပြေးရာအောင်ဆန်းမှာ နဖူး၌ ဒဏ်ရာရသွားပါသည်။အခြား အဖြစ်အပျက်လေး တစ်ခုကိုလည်းမှတ်မိပါသေးသည်။ တနေ့တွင် သူ့ထက် အနည်းငယ်ကြီးသော “ အေးမောင်” ဆိုသူက အောင်ဆန်း ကို ထိုးကြိတ်ရိုက်နှက် လိုက်ပါသည်။ ကျွန်တော် သိသောအခါ ချက်ကောင်းစောင့်၍ ထိုကောင်ကလေးကို လက်သီးဖြင့် ထိုး ၊ခြေဖြင့်လည်းကန် စသည်ဖြင့် အတော်လေးနှံ လိုက်ပါသည်။ ထိုကောင်ကလေးက “ တော်တော့ကွ ၊မင်းညီ ဒီလောက်မနာဘူး” ဟုပြန်ပြောသည်ကို ယခုစာရေးနေရင်း ကြားယောင်မိလာသဖြင့် ပြုံးမိပါသည်။

အောင်ဆန်းကား ငယ်စဉ်မှစ၍ ကျဆုံးသည်နေ့အထိ မည်သူ့ကိုမျှ မနှိပ်စက်လို။ မနှိပ်စက်ခဲ့။ မိမိကိုလည်း မည်သူကမျှ နှိပ်စက် ရန်ရှာလိမ့်မည်ဟု မထင်သူဖြစ်ပါသည်။ “ လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲမှ သတ္တိပါ” ဟုကြီးလာသောအခါ မိမိနှင့် ရင်းနှီးသူများကို မကြာခဏပြောလေ့ရှိပါသည်။

အောင်သန်း

မှတ်ချက်။ ။ ဆရာ အောင်သန်း၏ အောင်ဆန်း စာအုပ်ပါ ကလေးဘ၀ အခန်း အား ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ဆရာ အောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုရင်း ဖြစ်သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,