ကား(၇၀) ရာခိုင်နှုန်းလောက် က လိုင်စင်မဲ့တွေ ပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဖြူစင်မေတ္တာ ပရဟိတ အဖွဲ့ အတွင်းရေးမှူး

ဘယ်သူမဆို ဘယ်အသင်းမဆို ဘယ်စေတနာ ဝန်ထမ်းမဆို လိုင်စင်မဲ့ကို မောင်းချင်လို့ မောင်းနေတာ မဟုတ်ပါဘူး။ မတော်တဆ ယာဉ်တိုက်မှု ဖြစ်မယ် ဆိုရင်တောင် လိုင်စင်မဲ့ ဖြစ်နေတယ် ဆိုတာနဲ့တင် တစ်ပန်းရှုံးနေပြီ။ တကယ် လိုင်စင်ကားကို ဝယ်ဆင်ဖို့ ဆိုတာ …

လိုင်စင်မဲ့ ယာဉ်များဖမ်းဆီး သိမ်းဆည်းမည် ဆိုသည့် သတင်းကြောင့် လူနာတင် ယာဉ် ဝန်ဆောင်မှု အကူအညီ   ပေးနေ သည့် ပရဟိတအသင်း အချို့ လုပ်ငန်း လုပ်ဆောင်မှု များ ရပ်ဆိုင်းကြောင်း အသိပေး ထုတ်ပြန်ခဲ့ကြသည်။ပရဟိတအသင်း များတွင် အသုံးပြုနေသည့် မော်တော်ယာဉ် အများစုမှာ လိုင်စင်မဲ့များ ဖြစ်နေပြီး ၎င်းအခြေအနေနှင့် ပတ်သက်၍ အများ ပြည်သူကြားတွင် ဝေဖန်မှုအမျိုးမျိုးလည်း ထွက်ပေါ်နေသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ရန်ကုန် အခြေစိုက် လူနာတင် ယာဉ် ဝန်ဆောင်မှု အကူအညီပေးနေသည့် ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ အတွင်းရေးမှူး ဦးပြည့်ဖြိုးအောင်(ခ) ကိုပြည့် ကို ငြမ်းမီဒီယာ က တွေ့ဆုံ မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပရဟိတအသင်းတွေရဲ့ လူနာတင်ယာဉ်တွေက လိုင်စင်မဲ့တွေ ဖြစ်နေလို့ သိမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို အချို့ နေရာတွေမှာ ဆို ရပ်ကုန်ကြ ပြီ အဲဒီအပေါ် ပရဟိတ အသင်းတစ်ခုရဲ့ တာဝန်ရှိသူ တစ်ယောက် အနေနဲ့ ဘယ်လိုသုံးသပ်လဲ။

ကိုပြည့် – ပရဟိတအသင်းတွေက လိုင်စင်မဲ့ယာဉ်တွေ ကို ဖမ်းမယ်ဆိုရင် ထိခိုက်မှာ က တော့ အများပြည်သူ ထိခိုက်မှာပါ။ ကျွန်တော်တို့ အသင်း တွေ အနေနဲ့ က ရပ်လိုက် လည်း ဘာမှ မဖြစ်ပါဘူး။ တကယ်ကျ တော့ ယာဉ်တိုက်မှုတွေ ဖြစ်တယ် ဆိုရင် အရင်ရောက် တာ က ကျွန်တော်တို့ ပရဟိတ ကားတွေပါ။ မီးလောင်ပြင်တွေ သွားတယ်။ မီးသတ်သမားတွေ လိုအပ်တဲ့ အောက်ဆီဂျင် ပြတ်လပ်မှုတွေ ကို ကျွန်တော်တို့ ဖြည့်ဆည်း ပေး တယ်။ အရေးပေါ် လူနာတွေ ထွက်လာ ရင် ကျွန်တော်တို့ ကယ်တင် ပြီးတော့ ဆေးရုံ ပို့ပေးနိုင်တယ်။ အဲဒီလို လုပ်ငန်းတွေ ကို ကျွန်တော်တို့ လုပ် မပေးနိုင်တော့ ဘူးပေါ့။ နောက်သဘာဝဘေး ဒဏ်တွေ ဖြစ်တဲ့ အခါမှာ ကျွန်တော်တို့ ပရိတအသင်းတွေ က ရှိတဲ့ အင်အားတွေနဲ့ ကူညီ ကယ်ဆယ်ပေးနိုင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တက္ကစီ သမားတွေ ကလည်း အုံနာကြေး မပြည့်ရင် နောက်နေ့ ဆွဲလို့ရတယ်။ ကျွန်တော်တို့ကားပေါ်မှာက ကျွန်တော်တို့နဲ့လည်း အမျိုးမတော်ဘူး။ ဒီ လူတစ်ယောက်ရဲ့ အသက် နောက်ကျသွားတာ တို့ ဆုံးပါးသွားတာတို့ ဖြစ်ခဲ့ရင် ဘယ်မှာ ပြန်ရှာရမလဲ …

ဒီလိုတွေ ကျွန်တော်တို့ မလုပ်နိုင်တော့ သလို ဆေးရုံ တက်ဆင်း လူနာတွေ အနေနဲ့လည်း ငွေကြေးကုန်ကျမှုတွေ ပိုမို များပြား သွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သူ ဆို ဆီဖိုးလှူ မတတ်နိုင်သူ ဆိုလည်း အသင်းက ရန်ပုံငွေ ရှိရင် လိုက်ပို့ ပေးတာမျိုး တွေ ရှိပါတယ်။ အခုလို လိုင်စင်မဲ့ကားတွေ ဖမ်းမယ် ဆီးမယ် အရေး ယူမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီလို ပို့နိုင်ခြင်း မရှိတော့တဲ့ အတွက် ကျွန်တော်တို့ လို အသင်းတွေ အတွက် နစ်နာမှု နည်းပေမယ့် ပြည်သူတွေ အတွက်တော့ ငွေကြေး ကုန်ကျမှုတွေ ပိုလာနိုင်ပါတယ်။

ငြမ်းမီဒီယာ – ပရဟိတ ယာဉ်တွေ ကို အကြောင်းပြုပြီး ဥပဒေ ချိုးဖောက်မှုတွေ ရှိတယ်။ နောက်ကားတွေ က လည်း လိုင်စင်မဲ့တွေ ဖြစ်တဲ့ အတွက် ခုလို ဖြစ်လာတာ လို့ သုံးသပ် ပြောဆို ကြတယ်။ အဲ့ဒီလို သုံးသပ်မှုတွေ အတွက် ရော ဘာများ ပြောလို ပါသလဲ။

ကိုပြည့် – ပရဟိတ ယာဉ်တွေအနေနဲ့ ဥပဒေ ချိုးဖောက်မှုတွေ ရှိတယ်။ နောက်ပြီး လိုင်စင်မဲ့တွေ အများစု ဖြစ်ကြတယ် ဆိုတာ မှန်ပါတယ်။ ဒီသတင်းတွေ က ကျွန်တော်တို့ ကိုယ်တိုင်လည်း တွေ့နေ ရတာပဲ။ ဒါပေမယ့် ဘယ်လို ပြန်ကြည့်မလဲ ဆိုတော့ ဒီဥပဒေ ချိုးဖောက်သူတွေ မသမာသူတွေ ဆိုတာက ကျွန်တော်တို့ ဝိုင်းပြီး တားဆီး လိုက်ရင် သူတို့ နောက်တစ်လမ်း ဖောက်ကြမှာပဲ။ နစ်နာသွားမယ် ဆိုရင် ပြည်သူတွေ နစ်နာသွားမယ်။ နောက်ပြီး တစ်ကယ်လုပ်တဲ့ ကားနဲ့ မလုပ်တဲ့ကား အသွင်ပြင် ကြည့်ရင် သိသာ ပါတယ်။ ပရဟိတ ကားတွေ မှာ သူရဲ့ လိုဂိုပါတယ်။ အသင်း အမည် ပါတယ်။ မှတ်ပုံတင် နံပါတ်ရှိရင် မှတ်ပုံ တင် နံပါတ်ပါမယ်။ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ် ပါမယ်။ အသင်းရဲ့ မြို့နယ် တိုင်းဒေသကြီးတွေ ပါပါတယ် ခင်ဗျ။ အတွင်းအပြင်အဆင်ကို ကြည့်လိုက်ရင် လည်း စတီးဗန်း ခင်းမယ်။ ငွေမတတ်နိုင် ရင် ငါးထပ် သား ခင်းမယ်။ ကုတင်ပါမယ်။ အောက်ဆီဂျင် အိုးပါမယ်။ ဆေးပုံးတွေ ပါမယ်။ ကားမှာလည်း မီးတန်းပါမယ်။ တစ်ကယ်လုပ်နေတဲ့ ကားက အဲ့လိုမျိုး ပြည့်စုံပါတယ်။ နောက် ဒီကားက သစ် တင်သလား မတင် ဘူးလား ဆိုတာ ကြည့်လိုက်တာနဲ့ တင် သိနိုင်ပါတယ် ခင်ဗျာ။

ငြမ်းမီဒီယာ – ပရဟိတ အဖွဲ့အချို့ကတော့ ရပ်သွားကြပြီလို့ သတင်းတွေ ထုတ်ပြန်နေကြတယ်။ တစ်ကယ်ပဲ ပရဟိတ အဖွဲ့တွေ ရပ်သွားရင် ကျန်းမားရေး ဝန်ကြီးဌာန အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အပြည့်အ၀ တာဝန်ယူနိုင်မယ်လို့ ယူဆလား။

ကိုပြည့် – အခုလက်ရှိမှာ ဆေးရုံးတွေမှာ လူနာတင်ယာဉ်တွေ ရှိပါတယ်။ လူနာတင် ယာဉ်တွေ ရှိပေမယ့် လူအင်အား လိုမယ်။ စက်သုံးဆီ လိုမယ်။ နေရာတိုင်း စက္ကန့်တိုင်း ဘယ်နေရာမှာ ဖြစ်နေမှန်း မသိတဲ့ ဟာမျိုးကြီး ကို ဘယ်လို လုပ်မလဲ။

လိုင်စင်မဲ့ ကားဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကားကို သိမ်းချင်ရင် သိမ်းလို့ရမယ်။ ဘယ်သူ နစ်နာမလဲ ဆိုတော့ လက်ရှိ အသင်း က လွှတ်လိုက်တဲ့ ယာဉ်မောင်း အမှု ရင်ဆိုင်ရမယ်။ နောက်ပြီး (၇)ရက် သားသမီး စုလှူ ဒါန်း ထားတဲ့ ယာဉ်ဆုံးရှုံးမှု ဖြစ်မယ်။ နောက်အသင်း အတွက်လည်း ရေရှည် ပြဿနာတွေ ရှိလာနိုင် တယ်။ ကျွန်တော်တို့ …

ဥပမာ ကျွန်တော်တို့ ရန်ကုန်တိုင်းကို ပဲကြည့် အင်းစိန်း တို့ မရမ်းကုန်းတို့ မှာ အက်ဆီးဒင့် ဖြစ်တယ် ဆိုပါတော့ သူတို့ အနေနဲ့ ဆေးရုံးကြီး ကနေ သွားဖို့ အဆင် မပြေဘူး။ ဖြစ်စဉ်မှာက ဆယ်မိနစ်လောက် အတွင်းမှာ လူနာကို ပြုစု ကုသမှုနဲ့ ဆေးရုံးကြီး ကို ပို့ရမှာ။ အဲလို မဟုတ်ဘဲ အချိန်ကြာမြင့်မယ် ဆိုရင် လူနာ အသက် ဆုံးရှုံးမယ်။ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ထိထိရောက်ရောက် လုပ်နိုင်ဖို့ လိုအပ် ပါသေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒါဆိုရင် ပရဟိတအဖွဲ့တွေ ရပ်လိုက်လို့ ပြည်သူတွေရဲ့ လူနာတင်ယာဉ် လိုအပ်ချက် အတွက် အပြည့်အ၀ မဟုတ်ရင်တောင် အနီးစပ်ဆုံး ဖြည့်ဆည်းပေးနိုင်မယ် လို့ရော ထင်လား။

ကိုပြည့် – ဒါကတော့ကားတွေ ပေါ်လည်း မူတည် ပါမယ်။ စက်မှု ဝန်ကြီး ဌာနက ကားတွေ ထုတ်လာပြီ။ သူတို့နဲ့ လည်ပတ် မလား စောင့်ကြည့် ရပါမယ်။ သူတို့လည်း လုပ်နိုင် သလောက်တော့ လုပ်နေမှာပါ။ ဒါပေမယ့် ရန်ကုန်မှာ ပရဟိတ အသင်း (၁၄၀) လောက်ရှိတယ်။ တစ်သင်းကို တစ်နေ့ တစ်ကြောင်းနှုန်းနဲ့ တွက်ရင် တောင် အကြောင်း(၁၄၀) လောက်ခန့်မှန်း ရှိနေပါတယ်။ ဆေးရုံ အတက်အဆင်းရှိမယ်။ ဆေးရုံရက်ချိန်းရှိမယ်။ ဒါမျိုးတွေ အတွက် သူတို့ အနေနဲ့ ကားထုတ် မပေးနိုင်ဘူးလို့ထင်ပါတယ်။

ငြမ်းမီဒီယာ – သိပ်မကြာသေးခင်က ပဲ ပရဟိတအဖွဲ့တွေကို ရန်ကုန်တိုင်း အစိုးရက ခေါ်ယူတွေ့ဆုံတယ်လို့ သိ ရပါတယ်။ ရန်ကုန်တိုင်းရဲ့ အခြေအနေကရော ဘယ်လို ရှိပါသလဲ။

ကိုပြည့် – ရန်ကုန်တိုင်းက ပရဟိတ အသင်းက(၁၄၀) ဝန်းကျင် ရှိပြီး လူနာတင်ယာဉ် က အစီး (၄၀၀) နီးပါး ရှိလိမ့်မယ်။ ဝန်ကြီးချုပ် အနေနဲ့ ကလည်း ကျွန်တော်တို့နဲ့ တွေ့တာက (၁၉၂) ဆိုတဲ့ Call Center ဖြစ်လာဖို့ ဦးတည် ဆောင်ရွက်နေ တာပါ။ အသင်းကား တွေက လည်း လိုင်စင်မဲ့ လှုပ်ရှားနေတယ် ဆိုတာလည်း သူတို့ အနေနဲ့လည်း သိတယ်။ ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်နေတဲ့ အသင်းတွေမှန်း သိတဲ့အတွက် တစ်နည်းနည်းနဲ့ အဆင်ပြေအောင် ကူညီမယ် လို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့ ပြဿနာတွေ ကို ဘယ်လို ကျော်လွှားလို့ ရနိုင်မယ်လို့ ထင်လဲ။

ကိုပြည့် – အခုလို ပြဿနာမျိုး က ၂၀၁၆မှာလည်း ဖြစ်ခဲ့ဖူး ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် (၂၀၁၆) ဒီဇင်ဘာလောက် ကပါ။ လိုင်စင်မဲ့တွေ သိမ်းမယ်ဆိုပြီး ဖြစ်သွား တာပါ။ အချို့အသင်းတွေ ကိုလည်း သိမ်းမယ်လို့ စာပို့တာတွေ ရှိခဲ့ပါတယ်။ အခုတော့ နောက် တစ်ကြိမ် ထပ်ဖြစ်တာပါ။ ကျွန်တော့် အနေနဲ့ ပြောရမယ်ဆိုရင် ဘယ်သူမဆို ဘယ်အသင်းမဆို ဘယ်စေတနာ ဝန်ထမ်းမဆို လိုင်စင်မဲ့ကို မောင်းချင်လို့ မောင်းနေတာ မဟုတ်ပါဘူး။ မတော်တဆ ယာဉ်တိုက်မှု ဖြစ်မယ် ဆိုရင်တောင် လိုင်စင်မဲ့ ဖြစ်နေတယ် ဆိုတာနဲ့တင် တစ်ပန်းရှုံးနေပြီ။ တကယ် လိုင်စင်ကားကို ဝယ်ဆင်ဖို့ ဆိုတာ ကလည်း မဖြစ်နိုင်ပါဘူး။ အလှူရှင် အနေနဲ့ ကလည်း အကန့်အသတ်ပဲ ရှိတာပါ။ အသင်းတွေကို တရားဝင် လုပ်နေတဲ့ အသင်းတွေ ကို မှတ်ပုံတင် စေချင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သစ်ထွက်တဲ့ နေရာမျိုး တွေ သစ်မှောင်ခို တို့၊ နောက် လူနာတင်ယာဉ် လို့ အသင်း စတေကာ တွေ ကပ်တယ်။ မီးတန်းတွေ တပ်ထားပြီး အတွင်းကို ကြည့် လိုက်တော့ ခုံတွေနဲ့ ဖြစ်နေတာမျိုးတွေ ရှိတယ်။ အဲလိုမျိုး နေရာတွေပဲ လုပ်တယ်လို့ ထင်ပါတယ်။ ရန်ကုန် အနေနဲ့ …

မှတ်ပုံတင်လိုက်ရင် ပြည်ထဲရေးက အသိအမှတ်ပြု လက်မှတ်ရမယ်။ အဲလက်မှတ်နဲ့ အရင်က ကားတွေ လျောက် ကြ တုန်းက လိုင်စင်မဲ့ တစ်စီးရဲ့ ကုန်ကျစရိတ်းကလည်း သိန်း(၆၀)လောက် ရှိတယ်။ လျောက် တဲ့ ကားရဲ့ ကုန်ကျစရိတ်ကလည်း သိန်း(၆၀)သိန်း(၇၀)ပဲ ကုန်တာ။ အခုနောက်ပိုင်း ဘာဖြစ်လဲဆိုတော အောက်တိုဘာ(၁၆) ရက် နေ့ မှာ စာထွက်လာတယ်။ သာသနာ ယာဉ် ဖြစ်စေ လှူဒါန်းယာဉ် ဖြစ်စေ နိဗ္ဗာန်ယာဉ် ဖြစ်စေ (၂၀၀၇ )ခုနှစ်ကနေ (၂၀၁၇)မော်ဒယ် ဖြစ်ရမယ်။ ဘယ်မောင်းပဲ တင်သွင်းရမယ် ဆိုတာ ဖြစ်သွားတယ်။ ကန့်သတ်လိုက်တော့ (၂၀၀၇) နဲ့ (၂၀၁၇)မော်ဒယ် ဘယ်မောင်း ဂျပန်ကား တစ်စီး ကို မှာမယ် ဆိုရင် Toyota Hi Ace လို ကားတစ်စီး တောင် သိန်း (၂၀၀) ပတ်လည် လောက် ရှိနေပါတယ်။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ အတွက် အဆင် မပြေဘူး။ ဒါကိုတော့ ဖြေလျော့ပေး စေချင်ပါတယ်။

ငြမ်းမီဒီယာ – အခုနောက်ပိုင်း လူနာတင်ယာဉ် မတော်တဆမှုတွေ များလာ ကြတယ်လို့ ဝေဖန်ကြတယ်။အဲဒီ အပေါ်ရော ဘယ်လို မှတ်ချက် ပေးချင်လဲ။

ကိုပြည့် – ဒါကတော့ အစိုးရနဲ့ မဆိုင်ပါဘူး။ အသင်းတာဝန်ရှိသူတွေ အပေါ် မူတည် ပါတယ်။ ယာဉ်မောင်းကို တွေ့တဲ့လူ ကြုံတဲ့လူ တက်မောင်း ရင်တော့ အဲလိုဖြစ်နေမှာပဲ။ နောက်ဆုံး ပွင့်ပွင့်လင်းလင်း ပြောရရင် လူနာတင်ယာဉ် ကို လိုင်စင် အနက်နဲ့တောင် ပေး မမောင်း သင့် ပါဘူး။ လိုင်စင်အနက် က အခုသွားဖြေရင် အခု ရတယ်။ လိုင်စင် သက်တမ်းက လည်း ရှိရမယ်။ အတွေ့အကြုံလည်း ရှိမယ်ဆိုရင် အနည်းဆုံး လိုင်စင် အညိုလောက်တော့ ဖြစ်သင့်ပါတယ်။

ငြမ်းမီဒီယာ – အချို့ပရဟိတအသင်းတွေ က ရပ်ကုန်ပြီ အချို့ကလည်း လိုင်စင် မရှိရင် မလုပ်နဲ့ လို့ ပြောနေကြတယ်။ ဒီလို အချိန်မှာ ပရဟိတ အသင်းတွေ ဘယ်လို ရပ်တည်သင့် တယ် လို့ ထင်လဲ။

ကိုပြည့်- ကျွန်တော်တို့ အနေနဲ့ အချိန် တစ်ခုတော့ စောင့်သင့်တယ်။ အစိုးရမှာ လည်း အစီအမံ တစ်ခုတော့ ရှိနိုင်ပါတယ်။ သူတို့ သတင်း ထုတ်တာ က လိုင်စင်မဲ့ အခြား ကားတွေ ကို ဖမ်းချင်လို့လား။ ဒါမှမဟုတ် နယ်ဘက်တွေ က တွေ့တဲ့လူ တက်မောင်းလို့ ဖြစ်နေတဲ့ အက်ဆီဒင့် တွေ ကို ထိန်းချင်တာလား။ အတိအကျ ထွက်လာတဲ့ အခြေအနေ ထိ စောင့်ကြည့်ဖို့ လိုပါတယ်။

ငြမ်း – ရန်ကုန်တိုင်းဒေသကြီး အဆင့်မှာရော လိုင်စင်မဲ့ ကားတွေနဲ့ ပတ်သက်ပြီး အစိုးရ က ဘယ်လို သတင်းစကား ပြောတာမျိုးရှိလဲ။

ကိုပြည့် – ကျွန်တော်တို့ တစ်လပိုင်း (၃၀)ရက်နေ့ က အစည်းအဝေးမှာ ပြောတာ ရှိပါ တယ်။ အစိုးရ အဖွဲ့လည်း ပါတယ်။ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လည်း ပါတယ်။ ကျန်းမာရေး ဘက် က ဒေါက်တာ ဇော်ဝေစိုး တို့ လည်း ပါတယ်။ ယာဉ်ထိန်းရဲ အရာရှိ ကြီးတွေ လည်း ပါတယ်။ က ည န က အရာရှိတွေ လည်း ပါတယ်။ အဲဒီမှာ သူတို့ အနေနဲ့ ပြောတာက ဒီကားတွေ က လိုင်စင်မဲ့မှန်း အကုန်လုံး သိတယ်။ သိရဲ့သားနဲ့ သူတို့ အနေနဲ့ နိုင်ငံတော်ရဲ့ လိုအပ်နေတဲ့ အတိုင်းအတာ ကို လွှတ်ပေးထားတယ်။ ဒါပေမဲ့ ကားတွေ က လည်း လူနာတင်ယာဉ် အသွင်အပြင်နဲ့ ရှိရမယ်လို့ ပြော ထားပါတယ်။ ပရဟိတ အသင်းတွေ ကူညီနေတဲ့ ကား(၇၀) ရာခိုင်နှုန်းလောက် က လိုင်စင်မဲ့တွေ ပါ။

ငြမ်း – အခုဖြစ်နေတဲ့ ပြဿနာကြောင့် ပရဟိတ လုပ်ငန်းတွေမှာ သက်ရောက်မှု ရှိနေပြီလား။ ကွန်ရက်တွေ ရှိနေတော့ ဘယ်လို သတင်းတွေကြားလဲ။

ကိုပြည့် – အခုကြေညာချက်တွေ ထွက်နေတဲ့ နေရာတွေက သစ်ထွက်တဲ့ နေရာမျိုး တွေ သစ်မှောင်ခို တို့၊ နောက် လူနာတင်ယာဉ် လို့ အသင်း စတေကာ တွေ ကပ်တယ်။ မီးတန်းတွေ တပ်ထားပြီး အတွင်းကို ကြည့် လိုက်တော့ ခုံတွေနဲ့ ဖြစ်နေတာမျိုးတွေ ရှိတယ်။ အဲလိုမျိုး နေရာတွေပဲ လုပ်တယ်လို့ ထင်ပါတယ်။ ရန်ကုန် အနေနဲ့လည်း မကြားသေးသ လို ပဲခူးတိုင်း အနေနဲ့လည်း မကြားသေးပါဘူး။ လက်ရှိမှာ ကြောက်ပြီး အစိုးရိမ် ပိုနေကြရတာပါ။ ကြောက်နေရတယ် ဆိုတာကလည်း လူနာ လမ်းကြောင်း ထွက်သွားပါပြီတဲ့ ဒီကား ကို တာဝန်ရှိ ပုဂ္ဂိုလ်က စစ်ဆေး မယ်။ ဘယ်လိုပဲ အမှန်ပဲ ဆင်ဆင် ကျွန်တော်တို့ အနေနဲ့ လိုင်စင်မဲ့ ကားဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကားကို သိမ်းချင်ရင် သိမ်းလို့ရမယ်။ ဘယ်သူ နစ်နာမလဲ ဆိုတော့ လက်ရှိ အသင်း က လွှတ်လိုက်တဲ့ ယာဉ်မောင်း အမှု ရင်ဆိုင်ရမယ်။ နောက်ပြီး (၇)ရက် သားသမီး စုလှူ ဒါန်း ထားတဲ့ ယာဉ်ဆုံးရှုံးမှု ဖြစ်မယ်။ နောက်အသင်း အတွက်လည်း ရေရှည် ပြဿနာတွေ ရှိလာနိုင် တယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအချိန်မှာ ခဏလေး စောင့်ကြည့်စေချင် တာပါ။

ငြမ်းမီဒီယာ – ဖြူစင်မေတ္တာပရဟိတ အဖွဲ့ အနေနဲ့ တစ်လကို လူနာ လမ်းကြောင်း ဘယ်လောက် ရှိလဲ။

ကိုပြည့် – ပျမ်းမျှခြင်း အနေနဲ့ တစ်လ ကို နယ်ဝေးလမ်းကြောင်း အနည်း ဆုံး (၁၀) ကြိမ်ကနေ (၁၅) ကြိမ်လောက်ထိ ရှိပါတယ်။ မြို့ တွင်း လမ်းကြောင်း က တစ်လကို အနည်းဆုံး လမ်းကြောင်း(၃၀)ထက်မနည်း ရှိပါတယ်။

ငြမ်းမီဒီယာ – ပရဟိတသမားတွေ လည်း ဥပဒေ အထက်မှာ နေလို့ မရဘူး။ လိုင်စင်မဲ့ ကားသုံးရင် ဖမ်းရမယ် ဆိုတဲ့ ပြောဆိုသူတွေ ရှိသလို အများပြည်သူ အကျိုးအတွက် လုပ်နေတာဖြစ်လို့ အဆင်ပြေအောင် လုပ်ပေး သင့်တယ်လို့ ပြောနေတာတွေ ရှိပါတယ်။ အဲလိုလူတွေကိုရော ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

ကိုပြည့် – လူအမျိုးမျိုးဆိုတော့ စိတ်ခံစားမှု အမျိုးမျိုးရှိကြမှာပါ။ ပရဟိတ အသင်းတွေ ပရဟိတကားတွေ က လည်း ဥပဒေ အထက်မှာ လည်း မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ လူနာ အရေးကြီးရင် သက်ဆိုင်ရာ အာဏာပိုင်တွေ ဥပမာ ယာဉ်ထိန်းတွေ ဆီ ကို ယာဉ်ကြော အကူအညီ တောင်းတာတွေတော့ ရှိပါတယ်။ အချို့ နယ်အသင်းတွေ ကျတော့လည်း လူနာ အရေးကြီးရင် ကြီးသလို စိတ်လောပြီး လမ်း ပြောင်း ပြန် တက် တာ တို့ မီးနီ ဖြတ်တာတို့ လည်း ရှိ တတ်ပါတယ်။ ကျွန်တော်တို့ လည်း တစ်ခါတစ်လေ ရှိပါတယ်။ ကျွန်တော်တို့ မောင်းနေ တယ် ဆိုတာ က လည်း လမ်းမှာ သွားလာ လှုပ်ရှားနေတဲ့ ကား အမျိုးအစား မျိုးစုံ ရှိပါတယ်။ လိုင်းကား ရှိတယ်။ တက္ကစီ ရှိပါတယ်။ လိုင်းကား ကလည်း သူတို့ အခေါက်ရေ မပြည့်ရင် သူတို့ ဆက်ဆွဲလို့ ရတယ်။ တက္ကစီ သမားတွေ ကလည်း အုံနာကြေး မပြည့်ရင် နောက်နေ့ ဆွဲလို့ရတယ်။ ကျွန်တော်တို့ကားပေါ်မှာက ကျွန်တော်တို့နဲ့လည်း အမျိုးမတော်ဘူး။ ဒီ လူတစ်ယောက်ရဲ့ အသက် နောက်ကျသွားတာ တို့ ဆုံးပါးသွားတာတို့ ဖြစ်ခဲ့ရင် ဘယ်မှာ ပြန်ရှာရမလဲ။ ပြောသူတွေ ကိုတော့ မတုံ့ပြန် ချင်ပါဘူး။အချို့ ပရဟိတ အသင်းတွေ ကျတော့လည်း အခွင့်အရေး ယူတာတွေ ရှိပါတယ်။ မလိုအပ်ပဲနဲ့ မီးနီတွေ ဖြတ်တယ်။ လူနာမပါပဲ အသံဖွင့် မောင်းတယ်။ မီးတန်းဖွင့် မောင်းတယ်။ အဲလိုလူတွေ ရှိနေတဲ့ အတွက် မပြောလို ပါဘူး။ဒါပေမဲ့ ဘယ်ဘက်ကိုပဲကြည့်ကြည့် ကိုယ်ချင်းစာ တရားလေးနဲ့ ကြည့်ပေးပါ။ ကျွန်တော်တို့ နေရာမှာလည်း ဝင်ကြည့်ပေးပါလို့ ပြောပါရစေ။ ကျွန်တော်တို့ နေရာမှာ ဝင်မနေချင် ရင်တောင် ကားပေါ်မှာ ပါတဲ့ လူနာရှင် အနေနဲ့ နေကြည့်ပေးပါလို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့ ပရဟိတ အသင်းအဖွဲ့တွေ ကြုံနေရတဲ့ လိုင်စင်မဲ့ ကား ပြဿနာအတွက် နိုင်ငံတော် အဆင့် တာဝန်ရှိသူတွေ ကို သတင်းစကား တစ်ခုခု ပြောဖို့ဆိုရင် ဘာပြောချင် ပါသလဲ။

ကိုပြည့် – ကျွန်တော်တို့ အနေနဲ့လည်း ကူညီချင်လို့သာ လိုင်စင်မဲ့တွေနဲ့ လုပ်နေ ရတာပါ။ တကယ်လို့ မောင်းခွင့်ရရင် တရားဝင် လိုင်စင်ရှိ လူနာတင် ယာဉ်တွေ မောင်းချင်ပါတယ်။ အသင်း လိုင်စင်နဲ့ လျှောက်တဲ့ ကားတွေ ကို လည်း (၂၀၀၇) ကနေ( ၂၀၁၇) ခုနှစ် ထိ ဘယ်မောင်းတွေ လို့ သတ်မှတ်မဲ့ အစား ၂၀၀၀ခုနှစ်ကနေ အခုလက်ရှိ အထိ ဘယ်ဖြစ်စေ ညာဖြစ်စေ ဖြေလျော့မှုတွေ ပေးမယ် ဆိုရင် လူနာတင်ယာဉ် အစစ်အမှန်ကြီး မဝယ်နိုင်ရင်တောင် Alphard လို ကားမျိုးနဲ့ HSE လိုင်စင်နဲ့ ပြည်သူတွေ ကို ပိုမို ကူညီနိုင်မယ် လို့ ပြောပါရစေ။

ငြမ်းမီဒီယာ
ဇွန်(၂၇)၊၂၀၁၈၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,