ကိုဗစ်ကာလ ရွေးကောက်ပွဲ ရွှေ့သင့်/ မသင့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံမှာ ကိုရိုနားဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ တစ်နေ့ထက်တစ်နေ့မြင့်တက်လာလို့ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန်မှုတွေရှိလာပြီးရွေးကောက်ပွဲကျင်းပမယ့်ရက်ကို နောက်ဆုတ်ပေးဖို့ နိုင်ငံရေးပါတီတွေက တောင်းဆိုတာတွေရှိနေပါပြီ။ဒီကိစ္စနဲ့ပတ်သက် လို့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါတယ်။

တခြားပါတီတွေထက်ပိုပြိး NLD ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဦးစားပေးတာမရှိပါဘူး။ ကျနော်တို့လည်းပိုပြိးရုန်းကန်ရတာပဲ။ သို့သော်လည်း …

မုံရွာအောင်ရှင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ကိုဗစ်ဖြစ်တဲ့ကိစ္စမှာရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှုတွေ၊ စည်းရုံးရေး လှုပ်ရှားမှုတွေမှာ NLD ကလည်းတခြားပါတီတွေလိုပါပဲ အခက်အခဲအကျပ်အတည်းတွေကြားကနေ ဖြစ်အောင်လုပ်နေကြတာပဲ။ တခြားပါတီတွေနဲ့သိပ်မကွာပါဘူး။ တခြားပါတီတွေထက်ပိုပြိး NLD ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဦးစားပေးတာမရှိပါဘူး။ ကျနော်တို့လည်းပိုပြိးရုန်းကန်ရတာပဲ။ သို့သော်လည်း ကိုဗစ်ကာလမှာ ဘယ်လိုလုပ်မယ်။ ရွေးကောက်ပွဲကိုနောက်ဆုတ်မယ်/မဆုတ်ဘူးဆိုတာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက် အပေါ်မှာပဲမူတည်ပါတယ်။ ဖြစ်နိုင်တာကတော့ ရွေးကောက်ပွဲကော်မရှင်ကို နောက်ဆုတ်ချင်တဲ့ နိုင်ငံရေးပါတီတွေ တစ်ခုချင်း၊ တစ်ဦးချင်းအဲ့လိုပြောနေမယ့်အစား ညှိနှိုင်းပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးလိုက်တာ အကောင်းဆုံးလို့ထင်ပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲကိစ္စမှာတော့ ဘာမှအထွေအထူးပြောစရာ အခုထိတော့မရှိသေးပါဘူး။ ကျနော်တို့အတွက်လည်းအခက်အခဲတွေရှိပါတယ်။ အဲဒီအခက် အခဲတွေကြားထဲကနေ ဖြစ်အောင်လုပ်နေတာပဲ။ အဓိကကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့သဘောထားပေါ်မှာပဲမူတည်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေလို လက်ရှိမှာလည်း ကိုဗစ်ရွေးကောက်ပွဲဖြစ်တော့မယ့်အနေအထားပေါ့။ ဒါသမိုင်းမှာဝင်သွားရင်လည်း မသင့်ပါဘူး။ မဲဆန္ဒရှင်တွေ ကြောက်ရွံ့နေတဲ့ …

ဦးဌေး (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)

ကိုဗစ်စဖြစ်ကတည်းက လှိုင်သာယာမှာဆိုရင် ဒီနေ့အထိ စက်ရုံအလုပ်အရုံတွေလည်း ပိုးတွေ့တဲ့သူတွေ တွေ့တာ (၄၀) ကျော်လောက်ရောက်သွားပြီ။ ရန်ကုန်မှာလည်းစက်ရုံ တွေကူးတာ၊ ကိုဗစ်ကူးစက်မှုက ဒီတစ်ခါများလာတယ်။တစ်ဖက်က ကျနော်တို့ မြို့နယ်တွေအများစုက Stay At Home ကြေညာထားတဲ့အခါမှာ ရွေးကောက်ပွဲမဲဆွယ်ကာလက (၈) ရက်နေ့မှာ စတင်ပေမယ့်၊ ကျနော်တို့ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်ကိုလိုက်နာပေမယ့်၊ မဲဆန္ဒရှင်ပြည်သူလူထုကျန်းမာရေးကိုဦးစားပေးသောအားဖြင့် ကျနော်တို့ကိုယ်တိုင်လည်း မဲဆွယ်ဖို့က လုပ်လို့မရပါဘူး။ ကျနော်တို့လုပ်လည်းမလုပ်ပါဘူး။

ရွေးကောက်ပွဲဆိုတာကတော့ နိုင်ငံရေးပါတီကိုယ် စားလှယ်လောင်းတွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေယှဉ်ပြိုင်အရွေးခံကြတာပေါ့။ အဲဒီတော့ နိုင်ငံရေးပါတီတွေမှာ အာဏာရပါတီရယ်၊ ကျန်တဲ့ပါတီရယ်နောက်ကျနော်တို့ တစ်သီးပုဂ္ဂလတွေရှိတယ်။ အာဏာရပါတီကတော့ ဇူလိုင်လကတည်းက သက်ဆိုင်ရာညွှန်ကြားချက်နဲ့အညီပါတီခေါင်းဆောင်တွေက ဒေသစည်ရုံးရေး၊ မဲဆွယ်စည်းရုံးရေးစတင်ပြီးဆောင်ရွက်နေတာပဲ။

နိုင်ငံရေးပါတီဆိုတာ ဘယ်ပါတီမဆို ပါတီမှတ်ပုံတင်ကတည်းက ပါတီတွေရဲ့စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပြီးသား။ အလံတွေတံဆိပ်တွေရှိပြီးသား။ ပြည်သူလူထုနဲ့က ထိတွေ့ပြီးသား။ မိတ်ဆက်ပြီးသား။ ရွေးကောက်ပွဲဝင်ဖို့ပုဂ္ဂိုလ်တွေနဲ့ပဲ မိတ်ဆက်ပေးဖို့လိုတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့မိတ် ဆက်ပေးဖို့က သိပ်အခက်အခဲမရှိဘူး။ ကျနော်တို့ တစ်သီးပုဂ္ဂလဆိုတာ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုမှစတင်လို့ရတယ်။ အဲဒီမတိုင်ခင် မီဒီယာကမေးလို့တောင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့သုံးတာကို ကော်မရှင်က အဲဒါကို လက်မခံချင်တဲ့သဘောပြောတာရှိတာ။ ကိုယ်စားလှယ်လောင်းမဖြစ်သေးတဲ့အတွက်ကိုယ်စားလှယ်လောင်းလို့မသုံးဖို့ ပြောတာရှိတယ်။ ပြည်သူလူထုနဲ့မိတ်ဆက် ပေးဖို့ရက်ပေါင်း (၆၀) မဲဆွယ်တဲ့ကာလသတ်မှတ်မှ ဆောင် ရွက်လို့ရတယ်။

ကော်မရှင်ကညွှန်ကြားချက်မှာ ဟောပြောတာတို့၊ မဲဆန္ဒရှင်လှည့်လည်တာတို့ အပါအဝင် တစ်အိမ်တက်ဆင်းစဉ်းရုံးတာတို့ဘာတို့ကို လုပ်လို့မရဘူး။ ကျနော်တို့ တစ်သီးပုဂ္ဂလဆိုတာ ကိုယ့်ရဲ့ဟောပြောချက်တွေ၊ ကိုယ့်ရဲ့လိုဂိုအမှတ်တံဆိပ်တွေနဲ့ မိတ်ဆက်ပေးဖို့၊ ကိုယ်ကိုယ်တိုင်မိတ်ဆက်ပေးဖို့က ကိုဗစ်ညွှန်ကြားချက်ကြောင့်ဘာမှလုပ်လို့မရတော့ဘူး။ အခွင့်အလမ်းဘာမှမရှိဘူး။

အဲဒီထဲမှာ အာဏာရပါတီက တာထွက်စောတဲ့အတွက်အခွင့်အလမ်းရတယ်။ လက်ရှိမှာလည်းအာဏာရပါတီရဲ့ခေါင်းဆောင်ဆိုတော့ လက်ရှိမှာနေ့စဉ်ထိတွေ့နေတာပေါ့။ ပါတီဟာခေါင်းဆောင်နဲ့ ပါတီကိုဦးစားပေးပြီး ရွေးကောက်ပွဲဝင်တဲ့အချိန်မှာ ခေါင်းဆောင်ဟာ ကိုဗစ်ကော်မတီမှာဥက္ကဌ ဖြစ်တယ်။ နိုင်ငံတော် မှာလည်း ဒီအတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ဆိုတော့ အစိုးရယန္တရားမှာနေ့စဉ်ထိတွေ့ခွင့်၊ ပြည်သူလူထုနဲ့ အဆက်အသွယ် ဖြစ်နေတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေးပါတီဆိုတာဘာပဲဖြစ်ဖြစ် မြို့နယ်တွေမှာ၊ ကျေးရွာတွေမှာ ပါတီဆိုင်ဘုတ်တွေနဲ့ ပါတီကရွေးကောက်ပွဲဝင်မယ်ဆိုတာ သိရှိပြီးဖြစ်တယ်။ ကျနော်တို့ တသီးပုဂ္ဂလက ဘာမှထိတွေ့ခွင့်မရဘူး။ ကျနော်တို့တသီးပုဂ္ဂလဆိုတာရွေးကောက်ပွဲမှာ အခွင့်အလမ်းအနည်းဆုံးပေါ့။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာ အာဏာရပါတီနဲ့တခြားပါတီတွေကြားမှာကွာဟမှုရှိသလိုပဲ နိုင်ငံရေးပါတီနဲ့ တသီးပုဂ္ဂလကြားမှာ ကွာဟမှုရှိတယ်။ တစ်သီးပုဂ္ဂလက အခွင့်အလမ်းအနည်းဆုံးဖြစ်နေတယ်။

အခုကိုဗစ်ကလည်းကူးစက်နေတယ်။ ပြန့်ပွားမှုနှုန်းကလည်းမြင့်တက်နေတော့ ကျနော်တို့ကိုယ်တိုင်လည်း မဲဆွယ်တဲ့လုပ်ငန်းမလုပ်သလို၊ မဲဆွယ်တဲ့လုပ်ငန်းလုပ်လည်း ပြည်သူလူထုက ကြောက်နေတာပေါ့။ ကျနော်တို့ကိုယ်တိုင်လည်းရွေးကောက်ပွဲကိုရွှေ့ဆိုင်းဖို့ တွေ့ဆုံတိုင်း၊ မီဒီယာကမေးတိုင်း အဲဒီလိုအမြဲတမ်းပြောပါတယ်။ ရက်ရွှေ့ဆိုင်းသင့်တယ်။ ပြည်သူတွေရဲ့ကျန်းမာရေးကိုဦးစားပေးရမှာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေလို လက်ရှိမှာလည်း ကိုဗစ်ရွေးကောက်ပွဲဖြစ်တော့မယ့်အနေအထားပေါ့။ ဒါသမိုင်းမှာဝင်သွားရင်လည်း မသင့်ပါဘူး။ မဲဆန္ဒရှင်တွေ ကြောက်ရွံ့နေတဲ့အချိန်မှာ ရွေး ကောက်ပွဲကိုရွှေ့ဆိုင်းတာပိုသင့်တော်တယ်လို့ ကျနော်တို့ ယူဆပါတယ်။

နိုင်ငံရေးပါတီတွေက ဒီလိုမျိုးစိုးရိမ်ပူပန်မှုရှိတယ်ဆိုရင်တော့ အကောင်းဆုံးက နိုင်ငံရေးပါတီတွေနဲ့ စကားပြောဖို့လိုတယ်လို့ယူဆတယ်။ အဲဒီလို …

ကိုစိုင်းရဲကျော်စွာမြင့် (ဒါရိုက်တာ)
PACE

ကျနော်အကြံပြုချက်က နိုင်ငံရေးပါတီတွေက ဒီလိုမျိုးစိုးရိမ်ပူပန်မှုရှိတယ်ဆိုရင်တော့ အကောင်းဆုံးက နိုင်ငံရေးပါတီတွေနဲ့ စကားပြောဖို့လိုတယ်လို့ယူဆတယ်။ အဲဒီလိုပဲပြောချင်တယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံရေးပါတီတွေက အလုပ်လုပ်ရတာ ခက်တယ်လို့ပြောတာကို။ ဘယ်လိုလုပ်လို့ရမလဲ ဆိုတာ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြား ဆွေးနွေးဖို့လိုတယ်။

ကျနော်က မျှမျှတတဖြစ်မယ်လို့ မထင် ဘူး။ ဒီလိုအကျပ်အတည်းအဆိုးကြီးကို အခွင့်ကောင်းယူပြီး အနိုင်ယူဖို့ ကြိုးစားနေတယ်လို့ပဲမြင်တယ်။ …

ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကျနော်က ရခိုင်ကပါတီကပေါ့။ ရခိုင်ပါတီမှာတာဝန်ရှိသူပေါ့။ လောလောဆယ်ရခိုင်ကိုလည်းမသွားနိုင်ဘူး။ ရခိုင်မသွားနိုင်ဘူး။ ကျနော်တို့မြို့မှာလည်း Campagin တွေဘာတွေလုပ်ဖို့ကလည်းအရမ်းအခက်အခဲရှိတယ်။ သွားဖို့တောင် မလွယ်ဘူး။ ရန်ကုန်မှာလည်းတစ်နေ့ထက်တစ်နေ့ ကိုဗစ်ရဲ့ခြိမ်းခြောက်မှုက အရမ်းကြီးလာတယ်။ နောက် ကျနော်တို့ မနေ့က လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်တွေ အကုန်လုံးပိတ်ပြီး စီးပွားရေးကလည်း တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာနေတယ်။ လူတွေကလည်း စိတ်ဝင်စားမှုမရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေးပါတီတွေကလည်း နိုင်ငံရေး Campagin လုပ်လို့မရဘူး။ ကျနော်တို့ရခိုင်မှာဆိုလည်း ဒီထက်ဆိုးတာပေါ့။ စစ်ဘေးဒုက္ခတွေ ဆိုးလာတွေရော၊ ကိုဗစ်ရောဂါတွေတစ်နေ့ထက်တစ်နေ့တိုးလာတွေရော၊ ရွေးကောက်ပွဲအတွက် လုပ်သင့်လုပ်ထိုက်တာ ကျနော်တို့ဘာမှမလုပ်နိုင်ဘူး။ လူတွေက ဘာမှမလုပ်နိုင်ဘူး။ လူတွေကလည်းစိတ်မဝင်စားဘူး။

နိုင်ငံမှာ တာဝန်ရှိသူတွေက စီးပွားရေးလူမှုရေးအရ ထည့်သွင်းစဉ်စားဖို့ကောင်းပြီ။ နောက်တစ်လခွဲနေဘာဖြစ်မလဲ။ ကျနော်တို့ရခိုင်မှာက ရွေးကောက်ပွဲဖြစ်ဖို့/မဖြစ်ဖို့မသေချာဘူး။ မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူး။ ပြတ်ပြတ်ပဲပြော။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးပါတီတွေက ဘယ်လိုမှ ဆက်လက်ရှင်သန်ဖို့၊ အလုပ်လုပ်ဖို့ဆိုတာမလွယ်ဘူး။

ပါတီကြီးတွေကတော့ သူတို့ရဲ့ရထားတဲ့ အခွင့်အလမ်းတွေကိုအသုံးချပြီး အောင်နိုင်ရေးအတွက်လုပ်နေကြတာပဲ။တစ်ဖက်သတ်လုပ်နေတာပဲ။ ရန်ကုန်မှာလည်းမြင် နေတာပဲ။ အဲဒီတော့ ကျနော်က မျှမျှတတဖြစ်မယ်လို့ မထင် ဘူး။ ဒီလိုအကျပ်အတည်းအဆိုးကြီးကို အခွင့်ကောင်းယူပြီး အနိုင်ယူဖို့ ကြိုးစားနေတယ်လို့ပဲမြင်တယ်။

ဒီနေ့ဆို (၁၄) ရက်၊ နောက်တစ်ပတ်လောက်ဆိုနောက်အခြေအနေ တစ် မျိုးပြောင်းဦးမယ်။ ပြောင်းလဲနေတဲ့အခြေအနေအပေါ်မှာ နိုင်ငံခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်က ဂရုစိုက် သင့်တယ်။ ဒီရွေးကောက်ပွဲဟာ အရေးကြီးသလား၊ ကျနော်တို့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်းလုံခြုံမှု စိတ်နှလုံးလုံခြုံမှုက အရေးကြီးသလားဆိုတာထည့်သွင်းစဉ်စားရမယ်။ ပြောင်းလဲနေတဲ့ အခြေအနေအပေါ်မူတည်ပြီး ဒီရွေးကောက်ပွဲဟာရွှေ့သင့်လည်းရွှေ့ရမယ်။ ဒီရွေးကောက်ပွဲဟာ ငါတို့နိုင်ပြီးသားရွေးကောက်ပွဲ၊ မရွှေ့နိုင်ဘူးဆိုရင်မတရားဘူး။

ဒီလိုအနေအထားမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အထိ မလွယ်ဘူး။ တစ်ရက်ပြီးတစ်ရက်ဆိုသလို ကိုဗစ်ပျံ့နှံ့နှုန်းကလည်း ကျယ်ပြန့်လာတဲ့အတွက် ဒီအနေအထားမှာ …

ဦးရဲနိုင်အောင် (ပြည်သူ့ပါတီ)

နံပါတ် (၁) ကျနော်ပြောချင်တာက ရွေးကောက်ပွဲကျင်းပတာ အချုပ်အာဏာလွှဲရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အရေးကြီးတယ်။ ဒီလုပ်ငန်းစဉ်ကို ကျင်းပဖို့ဆိုရင် ပြည်သူလူထုကလည်း ပါဝင်နိုင်တဲ့အနေအထားမျိုးရှိရမယ်။ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကလည်း ပါဝင်ရမယ့်အနေအထားမျိုးရှိရမယ်။

ခုဟာသည် ပြည်သူ့ဘက်ကပါဝင်ဖို့အခက်အခဲတွေရှိနေလို့ ကျန်းမာရေးစိုးရိမ်နေမှုအပါအဝင်၊ စီးပွားရေးအပါအဝင် ခက်အခဲတွေရှိနေလို့ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေဘက်ကလည်း ကိုယ့်ကြောင့်ပြည်သူလူထုကူးစက်သွားမလား၊ ကိုယ့်အချင်းချင်းကြောင့် လည်း ကူးစက်သွားမလား၊ တစ်ဖွဲ့လုံးရပ်ရမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေရှိတယ်။

ဒီလိုအနေအထားမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အထိ မလွယ်ဘူး။ တစ်ရက်ပြီးတစ်ရက်ဆိုသလို ကိုဗစ်ပျံ့နှံ့နှုန်းကလည်း ကျယ်ပြန့်လာတဲ့အတွက် ဒီအနေအထားမှာ ရွေးကောက်ပွဲဆက်လုပ်ခြင်းအားဖြင့်၊ တစ်ဘက်မှာလည်း ရွေးကောက်ပွဲလွတ်လပ်မျှတမှုလည်းမဖော်ဆောင်နိုင်၊ အဲဒီလိုအနေအထား ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ရွှေ့ဆိုင်းသင့်တယ်လို့ပဲပြောချင်တယ်။ နှစ်အချက်ကတော့ တောင်ကိုရီးယားတို့စင်ကာပူတို့လုပ်တာနဲ့ အနေအထားခြင်းအများကြီးကွာပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,