ကိုဗစ်နဲ့ ရင်ဆိုင်ရသူတို့ရဲ့ ရင်ဖွင့်သံ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နဂိုလာပြချိန်က ပုံမှန်နေမကောင်းတာလောက်ပဲဆိုပေမယ့် ခုလို COVID သံသယလူနာနဲ့အတူ နီးနီးကပ်ကပ်တွေ ရှိနေရာက နေ နဂိုက Negative ကနေ ကူးစက်ပြီ …

freepik

ကိုချမ်းငြိမ်းဝင်း

ကျနော်ကြုံတွေ့ရတာကိုအခြေခံပြီးပြောရရင် အဓိကကတော့ ဆေးရုံအပိုင်းနဲ့ ဟိုတယ် Qဝင်တဲ့ Processes အပိုင်းဆိုတဲ့ (၂) ခုပေါ့။ ဒါတွေဟာ ကျနော်ကိုယ်တိုင်တွေ့ခဲ့တာဆိုတော့ တချို့အဆင်မပြေတာ လေးတွေတော်တော်များများရှိနေတယ်။

ဆရာဝန်တွေကို အပြစ်မပြောဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆရာဝန်တွေကိုကျနော်အပြစ်မပြောဘူး။ သူတို့မှာ အင်အားမလုံလောက်တဲ့ကြားက ပင်ပင်ပန်းပန်းနဲ့ အစွမ်းကုန်လုပ်နေကြရတာ။ အဓိကကတော့ အပေါ်က Policy မသဲကွဲတဲ့အနေအထားမှာ သူတို့လည်း အခက်အခဲတွေကြုံနေရတာကိုတွေ့ရတယ်။

ဆေးရုံတင်ဖို့ အခြေအနေ

ကျနော်ပထမဆုံး ဆေးရုံအပိုင်းကိုပြောပြမယ်။ ကျနော့်အမေကို ဆေးရုံတင်ရတာမှာကြုံတွေ့ရတာတွေပေါ့။ ဆေးရုံတင်ဖို့စီစဉ်တဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက Ambulance ခေါ်တာ။ Ambulance ခေါ်တာ ရန်ကုန်မြို့မှာမခက်ခဲပါဘူး။ ပရဟိတ Ambulance တွေအများကြီးရှိတယ်။ ဖုန်းတစ်ချက်နှိပ်လိုက်ရင် နာရီဝက်၊ တစ်နာရီအတွင်း သူတို့ရောက်အောင်လာပေးတယ်။ Ambulance တွေမှာ လည်း သူတို့က PPE ဝတ်စုံအပြည့်နဲ့။ နောက်ပြီးသူတို့က ဘယ်လောက်ထိစနစ်ကျလည်းဆိုတော့ လူနာကိုသယ်ဖို့ပြုဖို့အဆင်ပြေအောင်၊ လူဘယ်နှယောက်သုံးရမလဲသိရအောင် မလာခင်မှာ လူနာရဲ့ကိုယ်အလေးချိန်ကိုမေးတယ်၊ နေတဲ့အလွှာကိုမေးတယ်၊ အောက်စီဂျင်လိုမလိုပါမေးတယ်။ ဒီလိုအချက်အလက်တွေအသေးစိတ်မေးပြီးတော့မှ သူတို့လာတယ်။ ဒါနံပါတ်တစ် Ambulance အပိုင်းပေါ့။

နောက်တစ်ပိုင်းကတော့ ကျနော်တို့ ဆေးရုံရွေးချယ်မှုအပိုင်း။ ဆေးရုံရွေးချယ်မှုအပိုင်းကိုပြောရရင် ကျနော့်အမေကို ပထမဆုံးရန်ကုန်ဆေးရုံကြီးကိုတင်ဖို့လုပ်တယ်။ ဒါပေမယ့် ကျနော်မေးမြန်းကြည့်လိုက်တဲ့အခါ ကျနော့်သူငယ်ချင်းတော်တော်များများကပြောတယ်။ “မလာနဲ့၊ ဒီမှာအရမ်းကိုလူနာများနေတယ်။ ပြဿနာရှိတယ်။ မင်းအမေက Oxygen Level တအားကျနေတယ်ဆိုရင် တခြားဟာပဲရွေးပါ” လို့ပြောကြတယ်။ အဲဒီမှာ တခြားကျနော့်မိတ်ဆွေတစ်ယောက်က သင်္ဃန်းကျွန်းဆေးရုံတက်မလား၊ သူလှမ်းပြီးပြောထားပေးမယ်ဆိုပြီးပြောပြီး အကူအညီပေးတယ်။

ကျနော့်အမေကတော့ အဆင်ပြေတယ်။ အခုပြောတယ်ဆိုတာ ကျနော့်အမေအဆင်မပြေလို့ Complaint လုပ်တာမဟုတ်ဘူး။ တခြားလူနာတွေအတွက် ကျနော်က ကြားကနေပြောပေးတာပါ။

လူနာသာလမ်းမလျှောက်နိုင်ဘူးဆိုရင် ဓာတ်မှန်ခန်းထဲကို လူနာကိုထည့်ဖို့ဆိုတာ တော်တော်လေးကိုအခက်အခဲရှိတယ်။ ဝန်ထမ်းအင်အားမလောက်တော့ …

ကျနော့်အမေကိုဆေးရုံတင်ဖို့ Ambulance က ရှေ့ကထွက် သွားတယ်။ ကျနော်ကနောက် ကလိုက်တယ်။ (၁၀) မိနစ်လောက်ပဲခြားပြီး ကျနော်ရောက်သွားတယ်။ ရောက်တော့ Administration အပိုင်းကမေးတယ်။ မေးတယ်ဆိုတာ Ambulance ကားဆရာကိုမေးတာပေါ့။ ဘယ်ကလာတဲ့လူနာလည်း၊ ဘာဖြစ်တာလည်း စသဖြင့်ပေါ့။ အဲဒီတော့ ထုံးစံအတိုင်း ကျနော်က ကားဆရာကတဆင့် ပြန်ပြောရတယ်။ ဆေးရုံကို ဘယ်သူက Refer လုပ်လို့လာတာပါ၊ Sign တော့ ဒီလိုတွေပြတယ်။ အောက်စီဂျင်ကျနေပြီ၊ သူအနံ့လည်းပျောက်တယ်၊ လွန်ခဲ့တဲ့ဘယ်နှရက်ကဖျားတယ် စသဖြင့် အကုန် လုံးကိုပြောပြတယ်။ သူတို့ချက်ချင်းပဲ အောက်စီဂျင်တပ်ပေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

COVID သံသယလူနာတွေကို သူတို့ ခွဲမထားနိုင်ဘူး

ဒါပေမယ့် ကျနော်မြင်လိုက်ရတာက အဲဒီ Admin ဌာနနားမှာ တခြားပုံမှန်လာပြနေတဲ့လူနာတွေနဲ့ COVID သံသယလူနာတွေကို သူတို့ ခွဲမထားနိုင်ဘူး။ အဲဒါကိုတွေ့တော့ ကျနော်တော်တော် Shock ဖြစ်သွားတယ်။ အမှန်တကယ် ဖြစ် သင့်တာက ဆေးရုံတက်ဖို့စာအုပ် ရတာမရတာထက် စ ရောက်လာတာနဲ့ လူနာတွေကိုခွဲဖို့လိုတယ်။ ဘယ်သူက COVID သံသယလူနာလဲ၊ ဘယ်သူကတော့ဖြင့်ရိုးရိုးလာပြတာလဲ အဲဒီလိုလေးတော့ ဒီကာလမှာ မဖြစ်မနေခွဲဖို့လိုအပ်တယ်။ ဆေးရုံမှာကတော့ လာပြတဲ့လူအမျိုးမျိုးရှိနိုင်တာပဲ။

သံသယရှိတဲ့လူကို Level တစ်ခုနဲ့ခွဲလိုက်ပြီး အဲဒီမှာမှ အရေးပေါ်က ဘယ်သူလဲဆိုတာ ထပ်ခွဲပေါ့။ ဒါကတော့ သူတို့ဆေးပညာရှင်တွေပိုသိပါတယ်။ ဘယ်သူ့ကိုတော့ ဘယ်လို Treatment မျိုးပေးသင့်တယ်၊ ဘယ်သူ့ကိုတော့ ICU ထဲထည့်ဖို့လိုအပ်တယ်ဆိုတာ သူတို့သိပါတယ်။ အဲဒီလို COVID သံသယလူနာကို သီးခြားခွဲထုတ်တဲ့ Procedure ကသူတို့မှာမရှိဘူး။

Negative ကနေ ကူးစက်ပြီး Positive ဖြစ်သွားနိုင်တယ် …

အဲဒီတော့ ကျနော်စိုးရိမ်တာက ကျနော့်အမေက COVID သံသယရှိသူ။ ကျနော့်အမေရဲ့ Ambulance ပေါ်ကသယ်လာတဲ့ ထမ်းစင်အနားမှာ တခြားလူနာတွေလည်း အများကြီးရှိနေတယ်။ ဆိုတော့ နေမကောင်းလို့ ဆေးရုံလာပြသူတွေဆိုတာ ကိုယ်ခံအားနည်းနေနိုင်တယ်။ ဒီလူတွေဟာ နဂိုလာပြချိန်က ပုံမှန်နေမကောင်းတာလောက်ပဲဆိုပေမယ့် ခုလို COVID သံသယလူနာနဲ့အတူ နီးနီးကပ်ကပ်တွေ ရှိနေရာက နေ နဂိုက Negative ကနေ ကူးစက်ပြီး Positive ဖြစ်သွားနိုင်တယ်။ ဒါက ကျနော်တော်တော်လေးကိုစိုးရိမ်မိတဲ့အချက် ပါ။ ဒီကိစ္စကို စနစ်တကျဖြေရှင်းလိုက်ရင် ကျန်တဲ့ကိစ္စက နောက်ပိုင်းမှာ တော်တော်လေးကို အဆင်ပြေသွားနိုင်တယ်။

ဝန်ထမ်းအင်အားမလောက်တော့ သူတို့ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ဘူး …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီလိုပဲ သံသယလူနာတွေလာနေကြတာကိုလည်းတွေ့နေရတယ်။ တချို့ဆို ကျနော့်အမေလိုမဟုတ်ဘဲ Treatment ချက်ချင်းမပေးနိုင်တဲ့ဟာမျိုးတွေလည်းရှိတယ်။ ဓာတ်မှန်ဆိုရင်လည်း တခြားဆေးရုံတော့မသိဘူး။ သင်္ဃန်းကျွန်းဆေးရုံက ဓာတ်မှန်ရိုက်ဖို့ ဆောင်ရွက်တဲ့ကိစ္စမှာ အရမ်းအဆင် အပြေလှကြီးတော့မဟုတ်ဘူး။ လူနာသာလမ်းမလျှောက်နိုင်ဘူးဆိုရင် ဓာတ်မှန်ခန်းထဲကို လူနာကိုထည့်ဖို့ဆိုတာ တော်တော်လေးကိုအခက်အခဲရှိတယ်။ ဝန်ထမ်းအင်အားမလောက်တော့ သူတို့ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ဘူး။

ဆေးရုံဝင်းထဲ စ ဝင်တာနဲ့ လူနာတွေကိုခွဲလိုက်သင့်တယ်။ ဘယ်လူနာကတော့ COVID သံသယလူနာ၊ ဘယ်လူနာကတော့ ရိုးရိုးလူနာဆိုတာကို ခွဲလိုက်သင့်တယ်။ အဲဒီလို …

အဲဒီတော့ ကိုယ့်အိမ်က သူနဲ့ထိစပ်ပြီးတော့ အစအဆုံး ဓာတ်မှန်ခန်းထဲကိုပို့ပေးမယ့် လူတစ်ယောက်လိုတယ်။ အဲဒီတော့ COVID သံသယလူနာတစ်ယောက်ဟာ လမ်းလျှောက်နိုင်သေးရင် ပြဿနာမရှိပေမယ့် လမ်းမလျှောက်နိုင်ဘူးဆိုရင် အဲဒီလူနာနဲ့ ထိတွေ့ရတော့မယ်။ ထိတွေ့ရတော့မယ့်အချိန် မှာလည်း Medical Dress လေး ဝတ်ပါ၊ Mask ကိုဘယ်လိုတပ်ပါ စသဖြင့် ဘာ Instruction မှ သူတို့ဘက်ကမရှိဘူး။ အဓိက Safety Instruction Guide Line ကို လူနာရှင်တွေမရတာပဲ။ ဒီနှစ်ချက်ပေါ့။ နံပါတ်တစ် က Administration အပိုင်း၊ သူတို့ လူနာတွေကိုရောထားတဲ့အပိုင်းမှာ ပြသနာက အကြီးကြီးရှိတယ်။ နောက်တစ်ချက်က ခုနကပြောတဲ့ ဓာတ် မှန်ရိုက်တာတို့ဘာတို့ပေါ့။ သွေးစစ် တာဘာညာက ပြဿနာမရှိဘူး။ အဲဒါက သူတို့ဟာသူတို့လုပ်သွားတာ။

COVID သံသယလူနာနဲ့ ရိုးရိုးလူနာနဲ့ ရောနေကြတာ …

အဲဒီ Isolation Ward မရောက်ခင်မှာလည်း Emergency ရဲ့ ပေါ်တီကိုအောက်မှာလည်း အလားတူပဲ။ COVID သံသယလူနာနဲ့ ရိုးရိုးလူနာနဲ့ ရောနေကြတာပဲ။ ကျနော်တစ်ယောက်တည်းရဲ့အမြင်အရတော့ ဆေးရုံဝင်းထဲ စ ဝင်တာနဲ့ လူနာတွေကိုခွဲလိုက်သင့်တယ်။ ဘယ်လူနာကတော့ COVID သံသယလူနာ၊ ဘယ်လူနာကတော့ ရိုးရိုးလူနာဆိုတာကို ခွဲလိုက်သင့်တယ်။ အဲဒီလိုသာခွဲလိုက်ရင် ကူးစက်မှုနှုန်းက တော်တော်လျော့သွားမယ်။

ဟိုတယ် Q ဘယ်လို ဝင်ရလဲ …

နောက်တစ်ချက်က ဟိုတယ် Q ဝင်တဲ့ကိစ္စပေါ့။ ကျနော်က အိမ်ခွဲပြီးနေတာ။ ဒါပေမယ့် ကျနော့်အမေဆေးရုံမတက်ရခင် ပထမတစ်ရက်က ကျနော့်အမေအိမ်သွားပြီး စားစရာတွေဘာတွေ သွားပို့တာရှိတယ်။ အဲဒီတော့ ကျနော်က သူတို့ Sign ကိုကြည့်ပြီး မသင်္ကာဘူး။ မသင်္ကာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်အိမ်ကို မပြန်ချင်ဘူး။ အဲဒီတော့ ကျနော် ဟိုတယ် Q ဝင်မယ်ပေါ့။

ကျနော်တွေးတာက ဟိုတယ် Q ဝင်မယ်ဆို ကိုယ့်ဟာကိုယ် ပိုက်ဆံပေးပြီးတည်းတာ ဘယ်နေရာတည်းတည်း တည်းလို့ရတယ်ထင်လိုက်တာ။ တကယ်တမ်းကျတော့ process ကအဲဒီလောက် မရိုးရှင်းဘူး။ ဟိုတယ် Q ဝင်တော့မယ်ဆိုရင် မြို့နယ်ကျန်းမာရေးကနေတဆင့်သွားရတယ်။ အဲဒီမှာ မေးခွန်း တွေမေးတော့မယ်။ Direct Contact ပေါ့။ ဥပမာ ကျနော်ဆို ကျနော့်အမေက Positive ဖြစ်နေလားပေါ့။ Swab Test ယူပြီးစစ်လို့ Positive ထွက်မှ ကျနော်က ဟိုတယ် Q ဝင်လို့ရတဲ့သဘောဖြစ်တယ်။

အဲဒီနေ့မှာ ကျနော့်အမေက ဘာ Swab Test မှ မစစ်ထားတော့ ကျနော်က ဟိုတယ် Q ဝင်လို့မရဘူးပေါ့။ အဲဒီတော့ အမေဆေးရုံ တက်ပြီး Positive ထွက်ပြီးနောက်တစ်နေ့မှာမှ ကျနော်က ဟိုတယ် Quarantine ကိုရတာ။ အဲဒီတော့ ကျနော့်လို တခြားလူတွေအများကြီးရှိလိမ့်မယ်။ တကယ်တော့ ကာယကံရှင်ကအသိဆုံးဗျ။ ဥပမာ လူနာတစ်ယောက်ကို သွားထိတွေ့လိုက်မိတယ်၊ အဲဒီလူနာသည် COVID လို့ယူဆရတယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် Quarantine ဝင်ချင်ပါတယ်လို့ Request လုပ်ရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ Offer လုပ်ပေးနိုင်တဲ့ ဟိုတယ်မျိုးတွေ ရှိသင့်တယ်လို့ ကျနော်ယူဆတယ်။

မည်သူမဆို သံသယလူနာနဲ့ ထိတွေ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင် ကိုယ့်သဘောနဲ့ကိုယ် ဟိုတယ် Q ဝင်လို့ရအောင်တော့ ဖြစ်သင့်တယ်။ မလိုအပ်တဲ့ …

အခုက ကိုယ့်သဘောနဲ့ကိုယ် ဝင်လို့မရဘူး။ Swab Test စစ်ပြီးပြီလား၊ Positive Result ထွက်ပြီးပြီလား ဆိုတာတွေကိုမေးနေတာ။ Result ထွက်မှဝင် ဆိုတဲ့ဟာက ဘာဖြစ် သွားလည်းဆိုတော့ (ကျနော်က အိမ်မှာ မိန်းမနဲ့ ကလေး စုစုပေါင်း သုံးဦးပဲရှိလို့ပေါ့၊ တချို့ဆို လူကြီးတွေ၊ မိဘဘိုးဘွား တွေနဲ့နေကြတာ) ကျနော်က Carrier ဖြစ်သွားပြန်ရော။

ဒီကာလမှာ အိမ်မှာမအိပ်ဘဲ တခြားအိမ်သွားအိပ်လို့လည်းမရဘူး။ ဒီကာလမှာ ဘယ်သူမှလက်ခံမှာမဟုတ်တာ သေချာတယ်။ အဲဒီတော့ ကျနော် မဖြစ်မနေအိမ်ကိုပဲပြန်လိုက်ရတယ်။ ဆိုတော့ ဒီ Policy တွေကိုတော့ ပြင်စေချင်တယ်။ မည်သူမဆို သံသယလူနာနဲ့ ထိတွေ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင် ကိုယ့်သဘောနဲ့ကိုယ် ဟိုတယ် Q ဝင်လို့ရအောင်တော့ ဖြစ်သင့်တယ်။ မလိုအပ်တဲ့ တချို့အဆင့်တွေတော့ ဖြုတ်လိုက်ပေါ့ဗျာ။

ဟိုတယ်မှာပဲ Registration လုပ်တဲ့အချိန်မှာ လိုအပ်တဲ့အချက်တွေ တစ်ခါတည်းမေးပြီးယူထား။ သံသယလူနာရဲ့ နေရပ်လိပ်စာ ဘာညာဆိုတာကိုပါယူထား။ ပြီးရင် ဟိုတယ်ကတစ်ဆင့် မြို့နယ်ကျန်းမာရေးကို အကြောင်းကြားပေါ့။ အမှန်က အဲဒီလိုသွားသင့်တာ။ ပြီးမှ Positive တွေ့ပြီဆိုရင် Q ဝင်နေသူကိုပြန်အကြောင်းကြားပေါ့။ ဒီမှာ ဘယ်လောက် ဆက်နေပါ၊ ဘယ်နေ့ Swab Test လာယူမယ်ပေါ့။ ဒီလိုပဲဖြစ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။ ဒါကတော့ ကျနော်တွေ့ကြုံရတဲ့အခြေအနေတွေကို ပြန်သုံးသပ်ပြီးပြောတာပါ။

ဒီအခြေအနေက အလွန်အင်မတန်သတိထားရမယ့်အခြေအနေဆိုတာ ပထမလှိုင်းအတွေ့အကြုံအရရော၊ မြေပြင်အခြေအနေတွေအရရော ကျမတို့သိလာတယ်။ …

freepik

မနိုဘယ်အေး

အကူအညီပေး

ကျမက နိုဘယ်အေးပါ။ COVID – 19 ရောဂါ Pandemic အနေနဲ့ စပြီးဖြစ်ပွားပြီဆိုကတည်းက ကျမတို့က အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ လူထုကို Hand Gel ဝေငှတာတွေ၊ နောက် MOHS ကထုတ်ပြန်တဲ့ ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို လိုက်နာကြဖို့ ဆော်သြတာတွေ၊ နောက် လက်ဆေးနည်းတွေအထိ ကျမတို့က ကျန်းမာရေးဆိုင်ရာအသိပညာပေးမှုတွေကို ရန်ကုန်တိုင်းအတွင်းက အရပ်ဘက်အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

နောက်ပိုင်း ကျမတို့တာမွေမြို့နယ်မှာ ကိုဗစ်ကော်မတီဖွဲ့ချင်တယ်၊ ကျမတို့ကို ပူးပေါင်းပါဝင်ပေးပါလို့ ဆွေးနွေးလာတဲ့အခါမှာ ကျမတို့ပူးပေါင်းပါဝင်ခဲ့တယ်။ တာမွေမြို့နယ်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေလုပ်ခဲ့တယ်။ နောက် နိုင်ငံခြားကပြန်လာတဲ့သူတွေ အပြင်မထွက်ရဘဲ အိမ်မှာစောင့်ကြည့်ကာလအဖြစ်နေရတာတွေမှာလည်း ဈေးဝယ်ပေးတာကအစ၊ အမှိုက်ပစ်ပေးတာမျိုး အထိ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးခဲ့တယ်။ နောက်ပိုင်းကျတော့ မြို့နယ်အလိုက် ဖျားနာကုဆေးခန်းလေးတွေ (Fever Clinic) ဖွင့်ဖို့ဖြစ်လာတယ်။

အဲဒီမှာ Fever Clinic တွေရဲ့ လိုအပ်တာတွေကို ကျမတို့ကထောက်ပံ့ပေး တယ်။ Fever Clinic တွေမှာ လုပ်အား ပေးမယ့် ပရဟိတလုပ်အားပေးတွေကို ကျမတို့ကစီစဉ်ပေးတယ်။ သူနာပြုကတော့ မြို့နယ်ကျန်းမာရေးဌာနက သူနာပြုလွှတ်ပေးတယ်။ ဆရာဝန်ကတော့ အပြင်ဆရာဝန်တွေက လာပြီးဆေးခန်းထိုင်ပေးတယ်။ ကျမတို့က ဆေးခန်းရဲ့လိုအပ်ချက်တွေကို ထောက်ပံ့ဖို့တာဝန်ယူပေးခဲ့တယ်။

ဒုတိယလှိုင်း၊ အများစု က အနံ့မရသူတွေ

အဲဒီလိုလုပ်ကိုင်နေရာကနေ ကိုဗစ်ဖြစ်ပွားမှု နည်းနည်းငြိမ်သွားပြီး အခုတော့ Second Wave အနေနဲ့ ပြန်ဖြစ် လာတာပေါ့။ ပထမလှိုင်း သင်္ကြန်တွင်း Lock Down ကာလလောက်မှာတော့ လူ (၂၀) လောက်အထိ လာပြတဲ့ ရက်မျိုးတွေရှိပြီး တချို့ရက်တွေမှာဆို လူမလာတဲ့ရက်တွေတောင်ရှိခဲ့တယ်။ အခု ဒုတိယလှိုင်းစဖြစ်ပြီး သိပ်မ ကြာခင်မှာပဲ ဆေးခန်းမှာ လူနာက (၃၀)၊ (၄၀) ဝန်းကျင်လောက်အမြဲတမ်းဖြစ်နေတယ်။ ခုနောက်ပိုင်းဆို ကျမတို့ ဆေးခန်းမှာ လာပြတဲ့လူနာက (၇၀)၊ (၈၀) လောက်အထိဖြစ်လာတယ်။ အများစုက အနံ့မရဘူးဆိုတဲ့ လူနာတွေပေါ့။

တချို့ကျတော့လည်းဒီအနံ့မရတာလောက်ကို ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဈေးကိုသွားတာမျိုးလုပ်မိလိုက်ကြမှာကို လည်း စိုးရိမ်ရပါတယ်။ …

ကျမတို့က ဆရာဝန်တော့မဟုတ် ဘူး။ ဒါပေမယ့် ဒီ Fever Clinic မှာ လုပ်ကိုင်ဆောင်ရွက် လာတဲ့ အတွေ့အကြုံအရဆိုရင်တော့ အနံ့မရဘူးဆိုရင် ယေဘုယျအားဖြင့် ရောဂါကူးစက်ခံထားရသူလို့ ယူဆလို့ရနိုင်တဲ့အခြေအနေပေါ့နော်။ ဒီအခြေအနေက အလွန်အင်မတန်သတိထားရမယ့်အခြေအနေဆိုတာ ပထမလှိုင်းအတွေ့အကြုံအရရော၊ မြေပြင်အခြေအနေတွေအရရော ကျမတို့သိလာတယ်။

လူအရေအတွက် အကန့်အသတ်ဖြစ်နေ

အဲဒီတော့ ကျမတို့ Fever Clinic ကဆရာဝန်တွေကလည်း အခုလို အနံ့ပျောက်နေတဲ့သူတွေ (အနံ့ပျောက်နေပေမယ့် လူကတော့ တခြားနေမကောင်းတာမျိုး မရှိဘူးပေါ့) ကို သီးခြားခွဲထားနိုင်တဲ့ နေရာလေးတွေ စီစဉ်ပေးဖို့ဆောင်ရွက်ကြတယ်။ အခုဆိုရင် အနံ့မရသူများထားတဲ့စင်တာ) ဖွင့်တယ်ပေါ့။ အဲဒါကို ကျမတို့ တာမွေ အ.ထ.က (၅) မှာဖွင့်ထားတယ်။ ဒါပေမယ့် အဲဒါက နေရာအခြေအနေအရ Limit ဖြစ်နေတယ်။ သူတို့ကိုလည်း social distancing အရ စီစဉ်ပေးရတော့၊ နေရာကလည်း ကျောင်းစာသင်ခန်းတွေဖြစ်တော့ ထားနိုင်တဲ့လူ အရေအတွက်က အကန့် အသတ်ရှိနေတယ်။

ဆေးခန်းလာပြတဲ့မိန်းကလေးတစ်ယောက် အဆောင်ပြန်တော့ အဆောင်ကလည်း သူ့ကိုဆက်နေခွင့်မပြုတော့တာနဲ့ ဆေးခန်းရှေ့မှာပဲ အထုပ်ပိုက်ပြီးတနေကုန်ထိုင်နေရတယ်။ ကျမတို့ …

အိမ်မှာနေပါဆိုတာမျိုးနဲ့ ပြန်နေခိုင်းရတယ်

တကယ်တမ်း ဖျားနာကုဆေးခန်းမှာလာပြတဲ့လူတွေက ပြီးခဲ့တဲ့ တနင်္လာနေ့ကဆို (၁၀၀) အထိဖြစ်သွားတယ်။ ဆိုတော့ ဒီလိုအနံ့မရတဲ့သူတွေကို အနံ့မရသူများထားတဲ့စင်တာ ကိုပို့နိုင်သလားဆိုတော့ မပို့နိုင် ဘူး။ တချို့တွေကို အိမ်မှာနေပါဆိုတာမျိုးနဲ့ ပြန်နေခိုင်းရတယ်။ ဆေးခန်းက ဆရာဝန်တွေကလည်း ဒီအခြေအနေကို စိုးရိမ်တယ်။

ကျမတို့ကတော့ MOHS ကအရင်ညွှန်ကြားခဲ့တဲ့ Home Quarantine သမားတွေ အတွက် ညွှန်ကြားချက်တွေကို လက်ကမ်းစာစောင်တွေအဖြစ်ရိုက်ပြီးဝေပေးတယ်ပေါ့။ အိမ်မှာ မိသားစုနဲ့ ဘယ်လိုနေပေးပါ၊ တကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေဘယ်လိုထားပေးပါ၊ Mask ကိုဘယ်လိုတပ်ပါချွတ်ပါဆို တာမျိုးကအစပေါ့။ နောက်ဘယ် လိုဆေးဝါးတွေသောက်ပါဆိုတာတွေကိုပါ ဆရာဝန်တွေက ညွှန်ကြားပေးရတာပေါ့။

ဘယ်လောက်ပြန့်ပွားမလဲ စိုးရိမ်မှု

ကျမတို့အားလုံးရဲ့ စိုးရိမ်မှုကတော့ ဒီလိုအိမ်မှာနေပါဆိုပြီးပြန်လွှတ်ရတဲ့သူတွေကနေ နောက် ထပ်ပြန့်ပွားမှုတွေ ဘယ်လောက်ထပ်ဖြစ်မလဲ ဆိုတဲ့အချက် ပါ။ ဘယ်လောက်ပဲ ညွှန်ကြားချက်တွေအတိုင်း နေထိုင်နိုင် ပါတယ်ပြောပြော၊ တချို့က အိမ်ကျဉ်းတာတွေ၊ အိမ်မှာအတူ နေမိသားစုဦးရေများတာတွေရှိပါတယ်။ တချို့ကျတော့လည်းဒီအနံ့မရတာလောက်ကို ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဈေးကိုသွားတာမျိုးလုပ်မိလိုက်ကြမှာကို လည်း စိုးရိမ်ရပါတယ်။

ဆေးခန်းရှေ့မှာပဲ အထုပ်ပိုက်ပြီး တနေကုန်စောင့်

မနေ့ကဆိုရင် အနံ့မရလို့ ဆေးခန်းလာပြတဲ့မိန်းကလေးတစ်ယောက် အဆောင်ပြန်တော့ အဆောင်ကလည်း သူ့ကိုဆက်နေခွင့်မပြုတော့တာနဲ့ ဆေးခန်းရှေ့မှာပဲ အထုပ်ပိုက်ပြီးတနေကုန်ထိုင်နေရတယ်။ ကျမတို့ဆီမှာကလည်း နေရာကမရှိတော့ဘူး။ ကျမတို့လည်းဖုန်းတွေအဆင့်ဆင့်ဆက်ပြီး စီစဉ်ပေးဖို့ကြိုးစားပေမယ့်အဆင်မပြေဘူး။ နောက်ဆုံး ကျမတို့ဆီကလူတွေ Result ထွက်လို့ Negative သမားကို ပြန်လွတ်တော့မှ သူ့ကိုနေရာပေးလိုက်နိုင်တယ်။ ပြောချင်တာက ကျမတို့တာမွေမြို့နယ်တစ်ခုတည်းမှာတင် အနံ့ပျောက်နေတယ်ဆိုပြီး လာပြတဲ့သူတွေ၊ ဖုန်းနဲ့ဆက်သွယ်မေးမြန်းကြတာ တွေတော်တော်များများရှိတယ်။

မြေပြင်လုပ်ကိုင်ဆောင်နေကြရတဲ့အခြေအနေအရတော့ အခုလိုအနံ့ပျောက်နေသူတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ စဉ်းစားဖို့လိုပြီလို့ထင်ပါတယ်။ ဒါက …

ကျမတို့ကလည်း ဆေးရုံ ဆေးခန်းတွေရဲ့အခြေအနေကိုရှင်းပြပြီး ဖြစ်နိုင်ရင် အိမ်မှာပဲနေဖို့နဲ့ ဘယ်လိုနေထိုင်ရ မလဲဆိုတဲ့ နည်းလမ်းတွေကိုပြောပြပေးရတယ်။ အရမ်းကြီးမစိုးရိမ်ကြဖို့ကိုလည်း နှစ်သိမ့်ရတယ်။ ဖုန်းဆက်မေး ကြတာကတော့ တာမွေတစ်ခုတည်းက မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနှံ့ပါပဲ။ မန္တလေးကလည်းဆက်တယ်၊ မြင်းခြံကလည်းဆက်တယ် စသဖြင့်ပေါ့။ ကျမတို့ဖုန်းနံပါတ်တွေကို Online ပေါ်မှာတင်ထားတာဆိုတော့ တွေ့တဲ့လူတွေက ဆက်သွယ်မေးမြန်းကြတာပေါ့။ ကျမတို့ကလည်း တတ်နိုင်သမျှ အကောင်းဆုံးအကြံပြုပေးပါတယ်။ အကြံပြုတယ်ဆိုတာကလည်း MOHS ကညွှန်ကြားထားတဲ့အချက်တွေပါပဲ။ အိမ်မှာမိသားစုနဲ့နေရင်လည်း Mask တပ်ဖို့၊ Face Shield တပ်ပြီးနေဖို့၊ စီဗစ် (၅၀၀) မီလီဂရမ်သောက်ဖို့၊ နောက် ဇင့်ဓာတ်ပါတဲ့ အားဆေးသောက်ဖို့၊ ကိုယ်ခံအားရှိအောင် နေထိုင်စားသောက်ဖို့တွေပဲ အကြံပြုတာပါ။

ဘယ်လိုစီစဉ်မလဲဆိုတာ စဉ်းစားဖို့လိုပြီ

တချို့ကလည်း အဲဒီအတိုင်းနေလို့ အနံ့ပြန်ရလာပြီလို့ ဖုန်းပြန်ဆက်ကြတာတွေလည်းရှိပါတယ်။ တချို့ကလည်းနေနေကြဆဲပေါ့။ ဆိုလိုချင်တာက ဒီလိုဖြစ်နေတဲ့လူတွေက အများကြီးရှိနေတယ်။ ကျမတို့တာမွေမြို့နယ်တစ်ခုတည်းတင် ရာနဲ့ချီပြီးရှိနေတယ်။ ဆေးခန်းလာပြကြတာတင် နေ့စဉ် (၅၀) ဝန်းကျင်လောက်က ပုံမှန်လိုဖြစ်နေတယ်။ ကျမတို့ရဲ့ မြေပြင်လုပ်ကိုင်ဆောင်နေကြရတဲ့အခြေအနေအရတော့ အခုလိုအနံ့ပျောက်နေသူတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ စဉ်းစားဖို့လိုပြီလို့ထင်ပါတယ်။ ဒါက ကျမတို့စိုးရိမ်ပူပန်နေရတဲ့အချက်လည်းဖြစ်ပါတယ်။

လူထုကို အခြေအနေကို ပွင့်ပွင့်လင်းလင်းချပြ

နောက်တစ်ချက်က ဒီ ကိုဗစ်ရောဂါကိုတွန်းလှန်နိုင်ဖို့အတွက် Coronavirus နဲ့ဘယ်လိုအတူယှဉ်တွဲနေထိုင်မလဲဆိုတာ လူထုကိုလေ့ကျင့်သင်ကြားပေးဖို့လိုနေပြီလား။ ဒီလို Policy တွေ ပြောင်းဖို့လိုနေပြီလားဆိုတာလည်း စဉ်းစားသင့်ပါတယ်။ တကယ် Oxygen ကျနေတဲ့ အရေးပေါ်လူနာတွေကိုပဲ ဆေးရုံဆေးခန်းကိုအမြန် ဆုံးရောက်နိုင်အောင်ကြိုးစားပေးမလားပေါ့။ နေ့စဉ်ဘဝမှာ ဒီရောဂါနဲ့အတူယှဉ်တွဲနေထိုင်ပြီး ရောဂါမကူးစက်အောင်နေထိုင်နိုင်မယ့် အလေ့အကျင့်ကောင်း တွေကို လူထုကိုလေ့ကျင့်ပေးမလားဆိုတာမျိုးတွေကို စဉ်းစားဖို့ လိုအပ်နေပြီလားပေါ့။ အစိုးရအနေနဲ့ ဒီလိုအခြေအနေမှာ Policy တစ်ခုခုကို စဉ်းစားဖို့လိုနေသလားပေါ့။

နောက် မီဒီယာတွေကတဆင့် ပညာပေးတာတွေ၊ လူထုကိုလေ့ကျင့်သင်ကြားလမ်းညွှန်ပေးတာတွေပေါ့။ နောက် ကိုယ်ခံအားကောင်းစေတဲ့ဆေးဝါးတွေကို အလွယ်တကူဝယ်ယူနိုင်အောင်၊ စနစ်တကျသောက်တတ်အောင် လမ်းညွှန်ပညာပေးတာမျိုးတွေပေါ့။ ကျမတို့လို လူနာတွေနဲ့ထိတွေ့နေရသူတွေလည်း MOHS ကညွှန်ကြား တဲ့အတိုင်းနေထိုင်ရပါတယ်။ Vitamin C နဲ့ Zinc ဓာတ်ပါတဲ့အားဆေးတွေသောက်ရတယ်၊ Mask နဲ့ Face Shield ကိုအမြဲတပ်ထားရတယ်။ ကြက်ဥတို့ အသီးအရွက်တို့ စတဲ့အဟာရဖြစ်စေမယ့်အစားအစာတွေကို စားပေးရပါတယ်။ ဒီလိုနေထိုင်မှု အလေ့အထတွေနဲ့ COVID ရောဂါကို ကျမတို့ အနိုင်ယူနိုင်မလား၊ အစိုးရအနေနဲ့လည်း လူထုကို ဒီလိုအနိုင်ယူနိုင်ဖို့ လေ့ကျင့်ပေးမလားဆိုတာမျိုးကို စဉ်းစားသင့်ပါတယ်။ ဘာလို့လည်း ဆိုတော့ MOHS က Swab Test လုပ်နိုင်တယ်ဆိုတာက Limited ဖြစ်နေတယ်လေ။

မနေ့ကဆို ကျမတို့ ဆီက က လူ (၁၀) ယောက်ကိုစစ်တယ်၊ (၉) ယောက်က Positive ထွက်တယ်။ ဆိုတော့ ဒါသည် ရာနှုန်းအများကြီး Positive ဖြစ်နေတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဆိုတော့ အနံ့ပျောက်နေတဲ့ လူအားလုံးကို Swab Test ယူနိုင်ဖို့လိုအပ်ပေမယ့် မလုပ်နိုင် သေးတဲ့ ခုလိုကာလမျိုးမှာ လူထုကို အခြေအနေကို ပွင့်ပွင့်လင်းလင်းချပြပြီး ဘယ်လိုနေထိုင်သင့်တယ်ဆိုတာတွေကို အသိပညာပေးမှုတွေလုပ်ပေးသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့၊ စိတ်ခွန်အားဖြစ်စေဖို့၊ တကယ်လက်တွေ့ ကျကျကျင့်သုံးနိုင်မယ့်နည်းလမ်းတွေကို လူထုကိုလေ့ကျင့်သင်ကြားပေးသင့်ပြီလို့ ကျမတို့ထင်ပါတယ်။

စိတ်မကောင်းဖြစ်စရာအခြေအနေတွေ ၊အရာရာအားလုံးက အကန့်အသတ်ဖြစ်နေ

ကျမတို့နေ့စဉ်မြင်တွေ့နေရတာတွေက တော်တော်စိတ်မကောင်းဖြစ်စရာတွေပါ။ အနံ့ပျောက်လို့ ဆေးခန်းလာပြတယ်၊ သူတို့က Quarantine Center တစ်ခုခုကို ဝင်ချင်တယ်။ ဒါပေမယ့် ကျမတို့ကလည်းမစီစဉ်ပေးနိုင်တော့ အိမ်ပြန်လွှတ်နေရတယ်။ ဒါမျိုးတွေက နေ့စဉ်အများကြီးမြင်တွေ့နေရတာ။ တော်တော်စိတ်မကောင်းဖြစ်စရာအခြေအနေတွေပါ။

ဒီလိုလူတွေဟာ အိမ်မှာ MOHS ရဲ့ညွှန်ကြားအချက်တွေအတိုင်း ဘယ်လောက်ပဲနေတယ်ပြောပြော ဒါဟာ Gap တစ်ခုလိုဖြစ်နေတယ်လို့ ကျမတို့မြင်တယ်။ ကျမတို့အနေနဲ့ ဒီ Gap ကိုဘယ်လိုထိန်းကြမလဲ။ ခက်တာက ကျမတို့မှာက အရာရာအားလုံးက အကန့်အသတ်ဖြစ်နေတယ်။ အဲဒီတော့ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေမပေါ်သေးချိန်ကြားကာလမှာ ဒီရောဂါနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မယ့် နည်းပညာ၊ အသိပညာ၊ အလေ့အကျင့်ကောင်းတွေကို လူထုကိုလေ့ကျင့်ပေးဖို့ အစိုးရအနေနဲ့ Policy တစ်ရပ် ချမှတ်လုပ်ဆောင်ဖို့လိုအပ်နေပြီလို့ ကျမပြောချင်ပါ တယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,