ကိုလိုနီခေတ်မှာတောင် ရရှိခံစားနေခဲ့ကြတဲ့ အခွင့်အရေးကို လွတ်လပ်ရေးရပြီးမှ ဆုံးရှုံးသွားခဲ့ရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LS / ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း

ကျနော်တို့တိုင်းရင်းသားတွေ တောင်းဆိုလာခဲ့တဲ့ တောင်းဆိုမှု တွေအတွက် နိုင်ငံရေးအာမခံချက် မရရှိသေးဘဲနဲ့ ကျနော်တို့အနေနဲ့ …

တစ်နှစ်ကျော်ကြာရပ်တန့်နေခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပခဲ့သည့် JICM အစည်းအဝေးနှင့်အတူ ပြန်လည်နိုးထလာခဲ့သည်။ မကြာမီအချိန်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဖက်ဒရယ်စနစ် အကောင်အထည်ဖော်တည်ဆောက်မည့် လုပ်ငန်းစဉ်များအကြောင်းကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (Dr. Lian H. Sakhong) ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

ငြမ်းမီဒီယာ – ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေးရည်မှန်းချက်ကိုပြောပြပေးပါ။

Dr.LHS – ကျနော်တို့ချင်းအမျိုးသားတပ်ဦးက ၁၉၈၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသားတွေ စပြီးဖွဲ့စည်းလိုက်တဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဖြစ် ပါတယ်။ ကျနော်တို့စဖွဲ့ကတည်းကိုက ဒီပြည်ထောင်စုထဲမှာ ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်ရမယ်၊ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့တိုင်းရင်းသားခေါင်းဆောင် ကြီးတွေ မျှော်မှန်းခဲ့တဲ့အတိုင်း ဒီပြည်ထောင်စုကြီးကို စစ်မှန်တဲ့ ဖက်ဒရယ်စနစ်နဲ့ ပြန်လည်ထူထောင်ရမယ်၊ ပြီးတော့ ပင်လုံစာချုပ်မှာ ကျနော်တို့တိုင်းရင်းသားတွေကို ကတိပေးထားတဲ့အတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စုစနစ်ကို ပြန်လည်ထူထောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ပင်လုံစိတ်ဓာတ်နဲ့အညီ ပြန်လည် ထူထောင်ရေးဆိုပြီးတော့ လှုပ်ရှားလာတဲ့အတွက် ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်ကနေပြီး ကျနော်တို့ကိုငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း ပြည်နယ်အဆင့်မှာနှစ်ခါ၊ ပြည်ထောင်စုအဆင့်မှာတစ်ခါ ကျနော်တို့ Bilateral Agreement စာချုပ်တွေချုပ်ဆိုခဲ့ပါတယ်။ Bilateral ကတော့ ပြည်ထောင်စု အဆင့်နဲ့ ကျနော်တို့ကြား၊ ချင်းပြည်နယ်အဆင့်နဲ့ ကျနော်တို့ကြား ချုပ်ဆိုခဲ့တာဖြစ် တယ်။ အဲဒီနောက်ပိုင်းမှာ NCCT လို့ခေါ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့မှာ ကျနော်တို့ပါဝင် တယ်။ ပြီးတော့ ၂၀၁၅ မှာ NCA စာချုပ်လို့ခေါ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ ကျနော်တို့ပါဝင်ပြီးတော့ လက်မှတ်ရေးထိုးထားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်ထောင်စုအဆင့် Bilateral Agreement တွေချုပ်ဆိုထားတယ်၊ NCA လက်မှတ်လည်း ရေးထိုးထားတယ်၊ ကိုယ်တိုင်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ဒုဥက္ကဌအဖြစ်လုပ်ကိုင် ဆောင်ရွက်နေသူဖြစ်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သုံးသပ်မှုအမြင် ကိုပြောပြပါဦး။

Dr.LHS – ကျနော်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၈) ရက်နေ့ မှာ JICM အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီ JICM အစည်းအဝေးမှာ ဆုံးဖြတ်ချက် (၈) ခု ကျနော်တို့ ချမှတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလလောက် ကတည်းက တရားဝင်ဆွေးနွေးမှုတွေရပ်ဆိုင်းနေခဲ့ရာကနေ အခုလို JICM အစည်းဝေးခေါ်ယူနိုင်ခြင်းကိုက ကျနော်တို့ ငြိမ်းချမ်းရေးအတွက် တရားဝင်ဆွေးနွေးမှုတွေ ပြန်စလုပ်နိုင် တဲ့သဘောဖြစ်တယ်။ ဒီအတွက် ကျနော်တို့ဝမ်းသာတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပြန်လည်ဦးမော့လာတယ်၊ ပြန်လည် နိုးထလာတဲ့အတွက် ကျနော်တို့ဝမ်းသာတယ်။ အဲဒါပထမအချက်ပေါ့။

ဒီတိုင်းပြည်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြန်လည်ထူထောင်မယ်ဆိုတာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အခုလက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ …

ဒုတိယအနေနဲ့က အဲဒီ JICM အစည်းအဝေးမှာ အခုလာမယ့်ဧပြီလမကုန်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးကိုကျင်းပဖို့ ကျနော် တို့ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ ဘာတွေဆွေးနွေးမယ်ဆိုတာကိုလည်း ကျနော်တို့ ဆုံးဖြတ် ထားပါတယ်။ ထို့အတွက် ကြောင့် JICM ဆုံးဖြတ်ချက်တွေကို အသေးစိတ်အကောင်အထည်ဖော်နိုင်ဖို့ အလုပ်အဖွဲ့ တွေကိုလည်း ကျနော်တို့ ဖွဲ့ထားပါတယ်။ အစိုးရအဖွဲ့ပြီးတော့ ကျနော်တို့အဖွဲ့၊ ဆိုတော့ မနေ့ကနဲ့ ဒီနေ့လည်း အဲဒီအလုပ်အဖွဲ့တွေ ထိုင်ပြီးတော့ ဆွေးနွေးပါတယ်။ JICM ဆုံးဖြတ်ချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ အသေးစိတ်လုပ်ငန်းတွေ ဘာတွေဆောင်ရွက်ရမလဲဆိုတာ ကျနော်တို့ဆွေးနွေးနေပါတယ်။ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ တိုးတက်မှုအများကြီး ရှိပါတယ်။ အဲဒါအပြင် ၂၀၁၉၊ အောက်တိုဘာလ (၂၈) ရက်နေ့မှာကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုခြင်း နှစ်ပတ်လည်အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်း ပြောကြားခဲ့တယ်။ အဲဒီမိန့်ခွန်းမှာ ကျနော်တို့ တိုင်းရင်းသားတွေ တစိုက်မတ်မတ်တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို သူ့အစိုးရ (NLD အစိုးရ) အနေနဲ့သော်လည်းကောင်း၊ NLD ပါတီအနေနဲ့သော်လည်းကောင်း လက်ခံတယ် ဆိုတာ ကျနော်တို့ ကြားရပါတယ်။ ပြီးတော့ သူ့ရဲ့ဖက်ဒရယ် အခြေခံမူ (၆) ရပ်ကိုတင်ပြတာတွေ့ရတယ်။ အဲဒီ (၆) ရပ် က ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း များစွာ တောင်းဆိုနေတဲ့ တောင်းဆိုချက် တွေနဲ့လည်း ကိုက်ညီမှုရှိတဲ့အတွက် ကျနော်တို့ အခု JICM အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ပြန် လည်ကျင်းပနိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် အခြေခံမူတွေ ရရှိမယ်လို့ ကျနော်အပြည့်အဝ ယုံကြည်မိပါတယ်။ မျှော်လည်းမျှော်လင့်ပါတယ်။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် က ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်လာခဲ့ပါပြီ။ ဒီအပေါ်မှာ တချို့က ‘အခြေခံဥပဒေကိုပြင်ဆင်ပြီး ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပေးနိုင်ရင် ငြိမ်းချမ်း ရေးကို အခုထက်ပိုပြီး မြန်မြန်ဆန်ဆန်ရနိုင်တယ်’ လို့ သုံးသပ်ကြတာလည်းရှိတယ်။ ဒီသုံးသပ်ချက်ကို ဘယ်လိုယူဆပါသလဲ။

Dr.LHS – အဲဒီလိုဝေဖန်သုံးသပ်တဲ့သူတွေက ကျနော်တို့ NCA ဘာဖြစ်လို့လက်မှတ်ရေးထိုးသလဲ၊ ဘာဖြစ်လို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကျင်းပပြီးတော့မှ ပြည်ထောင်စုသဘောတူစာချုပ်တွေ ချုပ်ဆိုသလဲဆိုတဲ့ဟာကို အသေအချာ နားလည် သဘော ပေါက်တယ်ဆိုရင် ဒီလိုဝေဖန်သုံးသပ်ကြမှာမဟုတ် ဘူးလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တခြားနိုင်ငံမှာဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ထပ်တူကျချင်မှကျမယ်၊ တူချင်မှတူမယ်။ ကျနော်တို့ က နှစ်ပေါင်း (၇၀) ကျော်ကြာပြီဖြစ်တဲ့ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့တိုင်းပြည်ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့လုပ်ဆောင်ရမှုတွေက တခြားနိုင်ငံတွေနဲ့ တစ်ထပ်တည်းကျချင်မှကျမယ်။ တချို့နိုင်ငံတွေမှာ DDR ၊ SSR လို့ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လုံခြုံရေး တပ်ဖွဲ့တွေ ပြန်လည်နေရာချထားရေး စတဲ့အချက်တွေကိုပဲ ဦးစားပေးပြီးလုပ်ကြတာဖြစ်တယ်။ သို့သော် ကျနော်တို့အခြေအနေအရ အဲဒီအချက်မရမီ နိုင်ငံရေးအရသဘောတူညီချက်ရရှိဖို့ လိုအပ်နေတယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတာ နှစ်ပေါင်း (၇၀) ကြာပြီ။ နှစ်ပေါင်း (၇၀) ကာလဆိုတာ နည်းတဲ့နှစ်တွေမဟုတ်ဘူး။ ဆိုတော့ အဲဒီနှစ်တွေအတွင်းမှာ ကျနော်တို့တိုင်းရင်းသားတွေ တောင်းဆိုလာခဲ့တဲ့ တောင်းဆိုမှု တွေအတွက် နိုင်ငံရေးအာမခံချက် မရရှိသေးဘဲနဲ့ ကျနော်တို့အနေနဲ့ DDR လို့ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက် ဖြုတ်သိမ်းရေး ဆိုတာ လုပ်လို့မရသေးဘူး။ ထို့အတွက် ကြောင့် ကျနော်တို့နိုင်ငံရေးဖြစ်စဉ်အရ နံပါတ်တစ် NCA စာချုပ်လက်မှတ်ရေးထိုးရမယ်။

AA တပ်ဖွဲ့ဟာ ကျနော်တို့ချင်းပြည်နယ်ထဲမှာ လှုပ်ရှား တာ မသင့်တော်ဘူးဆိုပြီးတော့ AA ခေါင်းဆောင်တွေကို ကျနော်တို့ အကြိမ်ကြိမ်သတိပေးပါတယ်။ သို့သော် …

NCA စာချုပ် လက်မှတ်ရေးထိုးခြင်းရဲ့ ရည်ရွယ်ချက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲနေတဲ့ အချိန်မှာ နိုင်ငံရေးစကား ပြောရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ နိုင်ငံရေးအရ ဆွေးနွေးပြောဆိုမှုတွေလုပ်နေတယ်။ အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပပြီးတော့ ဒီမိုကရေစီအခြေခံမူနဲ့ ဖက်ဒရယ်အခြေခံမူကိုကျနော်တို့ ရရှိနိုင်လို့ဆိုရင် ခုနကဝေဖန် သုံးသပ်သူတွေပြောတဲ့အတိုင်းပဲ၊ အမှန်စင်စစ်က ဖက်ဒရယ်အခြေခံမူဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ် ဖျက်ခြင်းလုပ်တဲ့နေရာမှာ အခြေခံရမယ်ဆိုတာ ကျနော်တို့ ခြေ/ဥမှာ အတိအလင်းဖော်ပြပြီးသားဖြစ်တယ်။ ဆိုတော့ NCA စာချုပ် လမ်းကြောင်းအတိုင်း ကျနော်တို့သွားခဲ့တာ နံပါတ်တစ်က ဒီတိုင်းပြည်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြန်လည်ထူထောင်မယ်ဆိုတာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အခုလက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော် တို့က ဒီမိုကရေစီအခြေခံမူနဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဖော်ထုတ်ရမယ်။ အဲဒီ ဒီမိုကရေစီအခြေခံမူနဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဖော်ထုတ်ပြီးတော့ အဲဒီဖော် ထုတ်ထားတဲ့အခြေခံမူတွေကို ပြည်ထောင်စုသဘောတူစာချုပ်အဖြစ်နဲ့ ချုပ်ဆိုရမယ်။ အဲဒီပြည်ထောင်စု သဘောတူစာချုပ်ကို ချုပ်ဆိုပြီးတော့ ဒီတိုင်းပြည်မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေအားလုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံရေးအာမခံချက်တွေရှိပြီဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ DDR ၊ SSR လို့ခေါ်တဲ့ လုပ်ငန်းတွေကိုလည်း တပြိုင်နက်တည်း လုပ်လို့ရပါတယ်။ ဒါတွေက ရှေ့ဆင့် နောက်ဆင့် မဟုတ် ပါဘူး။ တပြိုက် နက်တည်းလုပ်လို့ရပါတယ်။ ဒါကြောင့် အခုကျနော်တို့သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဟာ ကျနော်တို့ တိုင်းပြည်နဲ့ အသင့်တော် ဆုံး ဖြစ်တယ်၊ အကောင်းဆုံးဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ဟာမျိုးကတော့ အစိုးရဘက်ကလည်းမလုပ်သင့်ဘူး၊ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကလည်း မလုပ်သင့်တဲ့ကိစ္စ …

ငြမ်းမီဒီယာ – ချင်းပြည်နယ်ထဲမှာစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ ရခိုင့်တပ်တော် AA ဟာ ဒေသခံ ချင်းတိုင်းရင်းသားတွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက် တွေရှိနေသလို မကြာသေးခင် ကလည်း ‘အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ရန် လုပ်ဆောင်လာခြင်းကို ပြင်းထန် စွာကန့်ကွက် ရှုတ်ချကြောင်း’ ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုက ကြေညာချက်ထုတ်ပြန်ခဲ့တာ သတိပြုမိပါတယ်။ ရခိုင် တပ်တော် AA နဲ့ပတ်သက်တဲ့ ဒီလိုအခြေအနေတွေအပေါ် ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဒုဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

Dr.LHS – ကျနော်တို့ ချင်းအမျိုးသားတပ်ဦးနဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ချုပ်ဆိုထားတဲ့ သဘောတူ စာချုပ်အရ ချင်းပြည်နယ် အတွင်းမှာ အစိုးရတပ်နဲ့ ချင်းအမျိုးသားတပ်ဦးကလွဲလို့ မည်သည့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းမျှ မရှိစေရဆိုတာ ကျနော်တို့သဘောတူထားတာရှိပါတယ်။ ဒီသဘောတူစာချုပ် အရဆိုရင် AA တပ်ဖွဲ့ဟာ ကျနော်တို့ချင်းပြည်နယ်ထဲမှာ လှုပ်ရှား တာ မသင့်တော်ဘူးဆိုပြီးတော့ AA ခေါင်းဆောင်တွေကို ကျနော်တို့ အကြိမ်ကြိမ်သတိပေးပါတယ်။

အမျိုးသားတန်းတူရေးကိုလုပ်တယ်၊ ကျနော်တို့ က လူ့အခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်နေတာဆိုလို့ ရှိရင် ကျနော်တို့ကိုယ်တိုင်က ဒီမိုကရေစီအခွင့်အရေးကို အလေးထားဖို့လိုတယ် …

သို့သော် သူတို့ဘက် မှာလည်း ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်နေတဲ့ ညီနောင် တိုင်းရင်းသား တွေအနေနဲ့ ကျနော်တို့က တော်လှန်ရေးရဲဘော်ရဲဘက်တွေ၊ တော်လှန်ရေးလုပ်ဖော်ကိုင် ဖက်တွေလို့ မိတ်ဆွေလို သဘောထားပြီး သူတို့ရဲ့အခြေအနေကိုလည်းနားလည် ကိုယ်ချင်းစာ ပေးပါတယ်။ သို့သော် အခုလိုချင်းပြည်သူတွေအပေါ်မှာ ဒုက္ခရောက်အောင်လုပ်နေတာမျိုး၊လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ဟာမျိုး၊ ပြီးတော့ တလောက ပြန်ပေးဆွဲတဲ့ဟာမျိုးကတော့မလုပ်သင့်တဲ့အလုပ် ဖြစ်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါတွေကို ကျနော်တို့က မီဒီယာတို့ဘာတို့မှာတော့မပြောဘူး၊ ဒါပေမယ့် တော်လှန်ရေးရဲဘော်ရဲဘက်အနေနဲ့ ဒါတွေမလုပ်သင့်ဘူးဆိုတာကို ကျနော်တို့အချင်းချင်း သတိပေးတာ၊ ညှိနှိုင်း တိုင်ပင်တာတွေလုပ်ပါတယ်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်။ဒါပေမယ့်ခုလို ပြည်သူလူထု ကို နစ်နာစေတဲ့ဟာမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ဟာမျိုးကတော့ အစိုးရဘက်ကလည်းမလုပ်သင့်ဘူး၊ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင် တွေဘက်ကလည်း မလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ကျနော်တို့က ဒီမိုကရေစီ အရေးကို လုပ်တယ်၊ ကျနော်တို့ က အမျိုးသားတန်းတူရေးကိုလုပ်တယ်၊ ကျနော်တို့ က လူ့အခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဆိုလို့ ရှိရင် ကျနော်တို့ ကိုယ်တိုင်က ဒီမိုကရေစီအခွင့်အရေးကို အလေးထားဖို့လိုတယ်။ အမျိုးသားတန်းတူရေးကို အလေး ထားဖို့လိုတယ်။ လူမျိုးအချင်းချင်း အပြန်အလှန်လေးစားမှုကို ကျနော်တို့ ဆောင်ရွက်သင့်တယ်။ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ကျနော်တို့ဆောင်ရွက်သင့်တယ်။ အဲဒီလိုပဲ AA ဘက် ကလည်း ဆောင်ရွက်စေချင်ပါတယ်။

ငြမ်းမီဒီယာ – AA က ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရခိုင်ပြည်နယ်ထဲမှာထည့်ချင်တဲ့သဘောမျိုး သတင်းတွေ ထွက် နေတဲ့ ကိစ္စကိုရော ဘယ်လိုမြင်ပါသလဲ။

Dr.LHS – အဲဒါကတော့ မဖြစ်သင့်တဲ့ကိစ္စပါ။ သမိုင်းကြောင်းအရလည်းမဖြစ်သင့်ဘူး၊ လူမျိုးရေးအရလည်း မဖြစ် သင့်ဘူး။ ဗြိတိသျှကိုလိုနီလက်ထက်က ပလက်ဝဒေသကို ရခိုင်တောင်တန်းဒေသလို့ ခေါ်ခဲ့တဲ့အပေါ်မှာ တချို့တွေက အမြင်မှားပြီးတော့ ဟိုတုန်းက ပလက်ဝဟာ ရခိုင်ပြည်နယ် ထဲမှာပါခဲ့တယ်လို့ ထင်နေကြတာ။ အဲဒါ လုံးဝမှားယွင်းတဲ့သမိုင်းအယူအဆဖြစ်တယ်။

ပလက်ဝဆိုတာ ရခိုင်ဒေသတစ်ခါမှမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် အဲဒီလိုမျိုး စိတ်ကူးယဉ်တာတို့၊ ‘ကျနော်တို့နယ်မြေပါ၊ ကျနော်တို့ရခိုင်အတွင်းမှာသိမ်းပိုက်မယ်’ လို့စဉ်းစားတယ်ဆိုတာ …

ဘာဖြစ်လို့ ရခိုင်တောင်တန်းဒေသလို့ နာမည်ပေးခဲ့သလဲဆိုတော့ ဗြိတိသျှတွေက ပလက်ဝဒေသနဲ့ ချင်းပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက်တုန်းက စစ်တွေဘက်ကနေပြီးတော့ စစ်ဆင်ရေးချီတက်လာခဲ့တာဖြစ် တယ်။ အဲဒီကာလတုန်းမှာ ဗြိတိသျှတွေက ပလက်၀ ကို ရခိုင်တောင်တန်းဒေသလို့ နာမည်ပေးခဲ့တာဖြစ်တယ်။ ရခိုင်တွေပေးတဲ့နာမည်မဟုတ်ပါဘူး။ ဒါကတစ်ချက်။ နံပါတ်နှစ်က သမိုင်းကြောင်းအရ ဘိုးတော်ဘုရားလက်ထက်က ရခိုင်မင်း နေပြည်တော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်။ အဲဒီလိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းသိပ်မကြာဘူး အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲဖြစ်တယ်။ အဲဒီ စစ်ပွဲပြီးတော့ ရန္တပိုစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အဲဒီရန္တပိုစာချုပ်အရ ရခိုင်မင်းအုပ်ချုပ်တဲ့ဒေသအားလုံးနဲ့ တနင်္သာရီဒေသကို မြန်မာမင်းက အင်္ဂလိပ်ကို ပေးခဲ့တာ။ အဲဒီလိုပေးခဲ့တုန်းက ပလက်၀ ပါမသွားဘူး။ အကယ်၍သာ အဲဒီတုန်းကတည်းက ပလက်ဝသာ ရခိုင် ဒေသထဲမှာရှိရင် ပါသွားမှာပေါ့။ ချင်းပြည်ဖြစ်လို့ပဲ၊ ချင်းတိုင်းရင်းသားတွေပိုင်ဆိုင်တဲ့နေရာဖြစ်လို့ပဲ အဲဒီတုန်း ကတည်းက မပါခဲ့တာ။ ၁၈၂၄ ခုနှစ်မှာ ရန္တပိုစာချုပ်အရ ရခိုင်ဒေသအားလုံးက ဗြိတိသျှလက်ထဲပါသွားပြီ။ ဒါပေမယ့် ပလက်ဝက လုံးဝမပါ ခဲ့ဘူး။ နောက်ပိုင်း ၁၉၀၆ ခုနှစ်မှပဲ ဗြိတိသျှအစိုးရက သီးခြားစစ်ဆင်ရေးဆင်နွှဲပြီး ပလက်ဝကိုသိမ်းပိုက်ခဲ့တာဖြစ်တယ်။ ရခိုင် ဒေသဗြိတိသျှ လက်အောက်ရောက်ချိန်နဲ့ ပလက်ဝကိုဗြိတိသျှသိမ်းတဲ့အချိန်က နှစ်ပေါင်းတစ်ရာနီးပါးကွာတယ်။ ဆိုတော့ အဲဒီသမိုင်းအချက် အလက်တွေကိုကြည့်ချင်းအားဖြင့် ပလက်ဝဆိုတာ ရခိုင်ဒေသတစ်ခါမှမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် အဲဒီလိုမျိုး စိတ်ကူးယဉ်တာတို့၊ ‘ကျနော်တို့နယ်မြေပါ၊ ကျနော်တို့ရခိုင်အတွင်းမှာသိမ်းပိုက်မယ်’ လို့စဉ်းစားတယ်ဆိုတာ တို့က လုံးဝ မှားယွင်းတဲ့ အယူအဆ ဖြစ်တယ်။ လူမျိုးအချင်းချင်းတောင် ပဋိပက္ခဖြစ်စေနိုင်တဲ့အရာဖြစ်တယ်။ အဲဒါမျိုးလုံး၀ မလုပ်သင့်ဘူး။ စဉ်းလည်း မစဉ်းစား သင့်ဘူးလို့ ကျနော်ပြောချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖက်ဒရယ်နဲ့ပတ်သက်ပြီး အခြေခံတိုင်းရင်းသားပြည်သူတွေ နားလည်လွယ်အောင် ရှင်းပြပေးနိုင် မလား။ ဥပမာ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ ပြဌာန်းခွင့်တွေကြောင့် ချင်းပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးမှုတွေ ဘယ်လိုဖြစ်လာ နိုင်တယ်ဆိုတာမျိုးပေါ့။

Dr.LHS – ဖက်ဒရယ်စနစ်ဆိုတာ အင်္ဂလိပ်လို Federation ကနေလာတာပေါ့။ Federation ဆိုတာ ပြည်ထောင် တစ်ခုနဲ့တစ်ခု ပူးပေါင်းပြီးတော့မှ နိုင်ငံတစ်ခုထူထောင်ခြင်းဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အဲဒီအတွက် ကြောင့် ကျနော်တို့တိုင်းပြည်မှာ ဒီပြည်ထောင်စုကိုစတင်ထူထောင်ခဲ့တဲ့ မူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ လူမျိုးတွေကိုပြန်ကြည့်ပါ။ ချင်း၊ ကချင်နဲ့ ရှမ်းဖြစ်တယ်။ ချင်း၊ ကချင်နဲ့ ရှမ်းတွေဟာ ကိုလိုနီခေတ်တုန်းကလည်း သီးခြားဖွဲ့စည်းပုံနဲ့အခြေခံဥပဒေနဲ့ အုပ်ချုပ်ခဲ့တဲ့ လူမျိုးတွေဖြစ်တယ်။ ဆိုတော့ ဒီကိုလိုနီ (၄) ခုဟာ သီးခြားလွတ်လပ်ရေးယူလို့ရတယ်။ သီးခြားအမျိုးသားနိုင်ငံတော်ထူထောင်လို့ရတယ်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း က ကျနော်တို့သီးခြားနိုင်ငံတွေမထူထောင်ဘဲ ပူးပေါင်းပြီးတော့ ပြည်ထောင်စုကို အတူတကွထူထောင်ရအောင်၊ ဖက်ဒရယ်စနစ်ကို အတူတကွထူထောင်ရအောင်ဆိုပြီး ကျနော်တို့ကိုဖိတ်ခေါ်တဲ့အတွက်ကြောင့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။ ပင်လုံစာချုပ် အပိုဒ် (၅) မှာ ကြည့်လို့ရှိရင် ချင်း၊ ကချင်နဲ့ ရှမ်းတောင်တန်းဒေသ တွေရဲ့ နယ်တွင်း အုပ်ချုပ်ရေးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးမယ်လို့ အာမခံချက်ပေးထားပါတယ်။ ပြီးတော့ လက်ရှိခံစား နေသော အုပ်ချုပ်ရေးအာဏာတွေကို ဘယ်သောအခါမှ မရုတ်သိမ်းဘူးဆိုပြီး အဲဒီမှာရေးထားတယ်။ ပင်လုံစာချုပ် အပိုဒ် (၇) ကို ကြည့်မယ် ဆိုရင် ဒီမိုကရေစီစနစ်ကို အပြည့်အဝကျင့်သုံးရမယ်ဆိုတဲ့ဟာ ပါပါတယ်။ ထို့အတွက် ကြောင့် အခုကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုဖြစ် ရမယ်ဆိုတာ ကျနော်တို့တောင်းဆိုပြီးတော့ NCA စာချုပ် အပိုဒ်တစ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို ပြန်လည်ထူထောင်မယ်ဆိုတာ ကျနော်တို့ ဖော်ပြခြင်းဖြစ်တယ်။ ဒီမိုကရေစီဆိုတာ ပင်လုံစာချုပ်အပိုဒ် (၇) ၊ ဖက်ဒရယ် ဆိုတာ ပင်လုံစာချုပ် အပိုဒ် (၅) ပဲဖြစ်ပါတယ်။ ဖက်ဒရယ်အကြောင်းကို ပြန်ပြောရရင် ဖက်ဒရယ်စနစ် ဆိုတာ အလွယ်ဆုံးပြောရရင် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနဲ့ စုပေါင်းအုပ်ချုပ်ခြင်းကို ပေါင်းစပ်တဲ့စနစ်ဖြစ်ပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ပြည်နယ်တွေအတွက်ဖြစ်တယ်။ တိုင်းဒေသကြီး အပါအဝင်ပေါ့လေဗျာ။ ပြည်ထောင်စုယူနစ်အားလုံးအတွက်ပေါ့။ ပြည်ထောင်စုယူနစ် အားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမယ်၊ တန်းတူတဲ့ နိုင်ငံရေးအာဏာရှိရမယ်ဆိုတာပဲဖြစ်ပါတယ်။ ပြီးတော့အဲဒီမှာ ပြည်နယ် တွေ တိုင်းတွေကနေပြီးတော့ ပူးပေါင်းပြီး ပြည်ထောင်စုကြီးကို စုပေါင်းပိုင်ဆိုင်ပြီးတော့ စုပေါင်းအုပ်ချုပ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဆိုတော့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေက မိမိတို့ပြည်နယ်၊ မိမိတို့တိုင်းဒေသကြီးကို ကိုယ်ပိုင်အုပ်ချုပ်ရမယ်။ ဒါ နံပါတ်တစ်အချက်။ ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးကို စုပေါင်းအုပ်ချုပ်ရမယ်။ ဒါ နံပါတ်နှစ်အချက်။ အဲဒါ ဖက်ဒရယ်စနစ်ရဲ့ အဓိကအခြေခံပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့တိုင်းရင်းသားတွေ ကတိရှိတဲ့အတိုင်း စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အတူတကွထူထောင်ဖို့ဖြစ်တယ်။ အဲဒီလို …

ဒါကြောင့် ဖက်ဒရယ်စနစ်နဲ့ ကျနော်တို့သွားမယ်ဆိုရင် အဓိကနံပါတ်တစ်က ပြည်ထောင်စုနဲ့ ပြည်နယ်တွေကြားမှာ အာဏာ ခွဲဝေမှုရှိရမယ်။ ပြည်ထောင်စုကို ဘာအာဏာတွေပေးမလဲ။ ပြည်ထောင်စုကို ပေးမယ့်အာဏာက စုပေါင်းအုပ်ချုပ်မှု၊ ပြည်နယ်အားလုံး တိုင်းရင်းသားလူမျိုးအားလုံး တိုင်းဒေသကြီးအားလုံးအတွက် အကျုံးဝင်မယ့် စုပေါင်းကိစ္စကို ကျနော်တို့ က ပြည်ထောင်စုအစိုးရကို အာဏာပေးရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို မိမိတို့ပြည်နယ်၊ မိမိတို့တိုင်းဒေသကြီးကိုအုပ်ချုပ်နိုင်ဖို့ အာဏာသီးသန့်ရှိရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာကအဓိကအရေးအကြီးဆုံးဖြစ်တယ်။ ဒါနံပါတ်တစ်။ နံပါတ်နှစ်ကတော့ ပြည်ထောင်စုနဲ့ ပြည်နယ် အာဏာခွဲဝေမှု မူအရ ပြည်နယ်တွေကိုအပ်နှင်းတဲ့ အာဏာတွေကို လွတ်လပ်စွာကျင့်သုံးနိုင်ဖို့အတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ချင်း၊ ကချင်နဲ့ ရှမ်းတွေဟာ အဲဒီ ပြည်နယ် ဖွဲ့စည်းပုံဥပဒေကို ကိုလိုနီခေတ်မှာကတည်းက ရရှိခံစားနေပြီဖြစ်တယ်။ ကိုလိုနီခေတ်မှာတောင် ကျနော်တို့ရရှိခံစားနေခဲ့ကြတဲ့ အခွင့်အရေးကို လွတ်လပ်ရေးရပြီးမှ ကျနော်တို့ဆုံးရှုံးသွားခဲ့ရတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ နှစ်ပေါင်း (၇၀) လက်နက်ကိုင်တော်လှန်ရေးနဲ့၊ ပြည်တွင်းစစ်နဲ့ ကျနော်တို့တိုင်းပြည် ရင်ဆိုင် နေရတာဖြစ်တယ်။ ဒါကြောင့် ခုငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ ဖက်ဒရယ်နိုင်ငံတော်ကို ကျနော်တို့ပြန်လည်ထူထောင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို ပြန်လည် ထူထောင်မယ် ဆိုတာ ပင်လုံစာချုပ် အပိုဒ် (၅) နဲ့ (၇) ကိုအကောင်အထည် ဖော်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့တိုင်းရင်းသားတွေ ကတိရှိတဲ့အတိုင်း စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အတူတကွထူထောင်ဖို့ဖြစ်တယ်။ အဲဒီလိုထူထောင်လို့ရှိရင် ပြည်နယ်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမှာဖြစ်တယ်။ ပြည်ထောင်စုကြီးကတော့ပိုင်ဆိုင်သူမရှိဘူး၊ ပြည်ထောင်စုကြီးကတော့ ကျနော်တို့အားလုံး စုပေါင်းပိုင်ဆိုင်ထားတဲ့ ပူးပေါင်းပိုင်ဆိုင်မှုပဲရှိတယ်။

‘ခင်ဗျားတို့ ချင်းပြည်က ဘာမှမထွက်ဘူး၊ ဘယ်လိုတိုးတက်အောင်လုပ်မလဲ’ ဆိုတာ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးတိုင်းပြည် …

ဆိုတော့ စုပေါင်းပိုင် ဆိုင်တဲ့ ပြည်ထောင်စုကြီးဖြစ်တဲ့အတွက် ကျနော်တို့အားလုံးက စုပေါင်းပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ထမ်းဆောင်ပိုင်ခွင့် စတဲ့အခွင့်အရေးက ကျနော်တို့အားလုံးမှာရှိဖို့ လိုတယ်။ အဓိကက အဲဒါပါပဲ။ ဖက်ဒရယ်နဲ့ ပတ်သက်လို့ရှိရင် ပြည်နယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမယ်၊ ပြည်ထောင်စုကြီးကို ကျနော်တို့ စုပေါင်းအုပ်ချုပ်ပြီးတော့ စုပေါင်းစီမံခန့်ခွဲ ရမယ်ဆိုတဲ့ အမြင်ပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်မှုကြောင့်ဖြစ်လာ နိုင်တဲ့ ဖွံ့ဖြိုးမှုတွေအကြောင်းလည်း မေးခွန်းထဲမှာ ပါပါတယ်။

Dr.LHS – လူမျိုးတစ်မျိုးဖြစ်ပြီဆိုရင် ပြည်သူရှိတယ်။ ပြည်သူရှိရင် သမိုင်းရှိတယ်။ ထို့အတွက်ကြောင့် ပြည်သူ တွေက ကိုယ့်သမိုင်းကိုကိုယ်ဖန်တီးလို့ရတယ်။ အဲဒီပြည်သူတွေကို ဘာတွေပေးသင့်သလဲဆိုတော့ သူတို့ကို လုပ်ပိုင်ခွင့်ပဲပေးသင့်တယ်။ လူမျိုးတစ်မျိုးကို ကိုယ်ပိုင်ပြဌာန်းခွင့်ပဲပေးသင့်တယ်။ အဲဒါဆိုရင် သူတို့အနေနဲ့ သူတို့ဘဝကို သူတို့ဖန်တီးလို့ရတယ်။ ဆိုတော့ ဒီအခွင့်အရေးရှိနေတဲ့ လူမျိုးတိုင်းက ဘယ်သောအခါမှ အောက်ကျနောက်ကျမဖြစ်ဘူး။ ကျနော် တို့အနေနဲ့ ဖက်ဒရယ်နိုင်ငံ ထူထောင်ခြင်းအားဖြင့် ဒီပြည် သူတွေ (ပြည်သူတွေလို့ပြောတာ ချင်းလဲပါရမယ်၊ တိုင်းဒေသကြီးတွေကပြည်သူတွေလည်းပါရမယ်) လုပ်ပိုင်ခွင့်ရှိဖို့က ပထမဆုံး၊ အရေးအကြီးဆုံးဖြစ်တယ်။ ဒုတိယအနေနဲ့က ကျနော်တို့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဖက်ဒရယ် စနစ်မှာ ပြည်နယ်တစ်ခုနဲ့ တစ်ခုကြား တိုးတက်ဖွံ့ဖြိုးမှု အရမ်းကြီးကွာဟချက်မရှိအောင် နှိုင်းတဲ့စနစ်ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ မျှဝေတဲ့ဟာ။ အကျိုးစီးပွားတွေမျှေ၀ ခံစားတဲ့စနစ်တွေရှိပါတယ်။ ထို့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ ပြည်ထောင်စုထဲမှာရှိတဲ့ ပြည်နယ်တစ်ခုနဲ့ တစ်ခု ကွာဟမှုတွေအရမ်းကြီးမဖြစ်နိုင်ပါဘူး။ တချို့ကမေးတာရှိတယ် ‘ခင်ဗျားတို့ ချင်းပြည်က ဘာမှမထွက်ဘူး၊ ဘယ်လိုတိုးတက်အောင်လုပ်မလဲ’ ဆိုတာ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးတိုင်းပြည် ဂျပန်ကို ကြည့်ပါ။ သူတို့တိုင်းပြည်က တွင်းထွက်ပစ္စည်းဘာရှိလဲ။ ဘာမှမရှိပါဘူး။ ဒါပေမယ့်သူတို့မှာလုပ်ပိုင်ခွင့်ရှိတယ်။

ဒီမိုကရေစီအခွင့် အရေးတွေ အပြည့်အဝပေးဖို့လိုတယ်။ ဒီအခွင့်အရေး တွေကို ကျနော်တို့အပြည့်အ၀ မရသေးဘူး။ အဲဒီအခွင့် အရေးတွေ အပြည့်အဝမရသေးတဲ့အတွက်ကြောင့် …

သူတို့မှာ လူ့စွမ်းအားရှိတယ်။ သူတို့မှာ လူ့အသိပညာရှိတယ်။ အဲဒီအသိပညာတွေ၊ စွမ်းအားတွေကို အပြည့်အဝဖော် ထုတ်ပြီး တော့မှ ကျင့်သုံးနိုင်လို့ရှိရင် ကျနော်တို့ချင်းပြည်အတွက် ကျနော်တို့မစိုးရိမ်ဘူး။ ဘယ်လူမျိုးကိုမှလည်း ကျနော် တို့မျှော်ကိုး နေမှာ မဟုတ်ပါဘူး။ ကျနော်အဲဒီလိုပဲပြောချင်ပါတယ်။ အဓိကကတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့် ပေါ့၊ ကျနော်တို့လက်ထဲပြန်ပေးဖို့ပေါ့။ အဲဒီလိုပေးနိုင်စေဖို့အတွက် ဖက်ဒရယ်စနစ်ကိုသွားတာဖြစ်တယ်။ ခွဲထွက်ဖို့ မဟုတ်ဘူး၊ နိုင်ငံတော်ထူထောင်ဖို့မဟုတ်ဘူး။ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်၊ ကျနော်တို့ရဲ့ မွေးရာပါအခွင့်အရေးအနေနဲ့ ပိုင်ဆိုင်ထားတဲ့ ကျနော်တို့ရဲ့ အခွင့်အလမ်း တွေကို တောင်းဆိုတဲ့သဘောပဲဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစူကြည် ပြောကြားချက်တွေ၊ မိန့်ခွန်းတွေမှာဆိုရင် ဖက်ဒရယ်အရေး၊ တိုင်းရင်းသား အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အားရစရာကောင်းပေမယ့် မြေပြင်အခြေအနေမှာတော့ အဲဒီလိုမဖြစ်ဘဲ ကွာဟနေတယ်။ ဒါကိုဘာကြောင့်လို့ မှတ်ချက်ပြုချင်ပါသလဲ။

Dr.LHS – ဘာကြောင့်လဲဆိုတော့၊ ကျနော်တို့ဒီမိုကရေစီရတာ၊ ဒီမိုကရေစီကျကျရွေးကောက်တင်မြှောက်တဲ့ အစိုးရတက်တာ သက်တမ်းတစ်ခါပဲရှိသေးတယ်။ နှစ်ခါမှာ ပထမသက်တမ်းကတော့ စစ်အစိုးရကပဲ အသွင် ကူးတဲ့ဟာ ဖြစ်နေတယ်။ တကယ့် ဒီမိုကရေစီ အင်အားစုတွေတက်တာသက် တမ်းတစ်ခုပဲရှိတယ်။ ပြီးတော့ ခုနက ဆရာမေးတဲ့မေးခွန်းကို ဖြေတဲ့အထဲမှာ ကျနော် ပြောခဲ့တယ်။ ဘာဖြစ်လို့မဖြစ်သေးလဲဆိုတော့ ဒီတိုင်းပြည်မှာ နှစ်ပေါင်း (၇၀) ပြည်တွင်းစစ်ကြီး ဖြစ်နေလို့ပေါ့။ ဒီပြည်တွင်းစစ်မှ မချုပ်ငြိမ်းသေးတာ။ ကျနော်တို့လက်ထဲမှာ လုပ်ပိုင်ခွင့်မှမရှိသေးတာ။ ဖက်ဒရယ် မှ မရသေးတာ။ ပြဌာန်းခွင့်မှမရသေးတာ။ အဲဒါတွေအားလုံးရလို့ရှိရင် သူပြောတဲ့အတိုင်း ဖြစ်လာမှာပါ။ အဲဒီအတွက်ကြောင့် အရေးကြီးတာက နံပါတ်တစ် ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့လိုတယ်။ နံပါတ်နှစ် ဒီပြည်ထောင်စုကြီးကို ပင်လုံစာချုပ်အတိုင်း ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံပြီးတော့ ပြန်လည်ထူထောင်ဖို့လိုတယ်။ ပြီးတော့ ပင်လုံစာချုပ်အပိုဒ် (၅) အတိုင်း ကျနော်တို့ကို ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝ ပေးဖို့လိုတယ်။ ပြီးတော့ပင်လုံစာချုပ်အပိုဒ် (၇) အတိုင်း ဒီမိုကရေစီအခွင့် အရေးတွေ အပြည့်အဝပေးဖို့လိုတယ်။ ဒီအခွင့်အရေး တွေကို ကျနော်တို့အပြည့်အ၀ မရသေးဘူး။ အဲဒီအခွင့် အရေးတွေ အပြည့်အဝမရသေးတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့က ခုနကဆရာမေးတဲ့မေးခွန်းထဲကလို ဘာလို့မရသေးလဲဆိုတာ၊ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့လိုတယ်၊ ဒီအခွင့်အရေးတွေ ပြန်ရဖို့လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,