ကောင်းမှုတို့သာ တည်စေချင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Annie Spratt

ငါတို့ရဲ့စစ်ပွဲဟာ တရားသော စစ်ဆိုပြီး၊ တဖက်က ရန်သူဖြစ်စေ၊ အရပ်သားဖြစ်စေ ဖြူဖြူမည်းမည်း လူသတ်တာဟာ တရားကြောင်း စသဖြင့် လူသတ်ဝါဒယန္တရား အားကောင်းအောင် …

ငယ်စဉ်က ကျောင်းမှာသင်ခဲ့ရတဲ့ မြန်မာ့သမိုင်းထဲက ကူထွတ် (ခေါ် )လွန်ဆေး (ခေါ် ) မြန်အောင်မြို့ကိုရောက်ခဲ့တယ်၊ မြို့က ဧရာဝတီ မြစ်ကမ်း ဘေးမှာရှိပြီး သာယာလှပတဲ့ မြို့တစ်မြို့ပါ။

အဲ့ဒီမြို့မှာအလောင်းမင်းတရားကအောင်မြေအဖြစ်နဲ့ တည်ထား ခဲ့ဖူးတဲ့ ဘုရားတွေကို လှည့်ဖူးရင်း ဘုရားသမိုင်းတွေ ဖတ်ကြည့် မိတယ်။

အလောင်းမင်းတရားဘွဲ့ခံ ရွှေဘိုသားဦးအောင်ဇေယျဟာ အင်းဝထီးနန်းကို တိုက်ခိုက် သိမ်းပိုက် ဖျက်ဆီးပြီး အင်းဝဘုရင်နဲ့ အပေါင်းအပါ တွေကို ဖမ်းဆီးသွားတဲ့ ဟံသာဝတီ ထီးနန်းစံ မွန်ဘုရင်တွေနဲ့ စစ်ပြိုင်တိုက်ခိုက်ဖို့ လူသူအင်အား စုဆောင်းပြီး အရင်ဆုံး အင်းဝကို မွန်တွေ လက်ထဲကနေပြန်သိမ်းတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တော့ ကြည်းတပ် ရေတပ် ခြံရံလို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့တယ်။ ဟံသာဝတီကို ဖမ်းခေါ်သွားခံရတဲ့ အင်းဝ ဘုရင်ကတော့ မြစ်ဧရာရေထဲမှာ ဖျောက်ဖျက်ပြီး သတ်ခံရတယ်တဲ့၊ (ရာဇဝင်ဟောင်းရဲ့ သင်္ချိုင်းရာဖြစ်သလို ရာဇဝင်သစ်တို့ မွေးဖွားရာဖြစ်ခဲ့တဲ့ ဧရာမြစ်ကြီးပါ၊ လက်ရှိအချိန်မှာတော့ လူ့ဘီလူးတွေကြောင့် သောင်တွေထွန်းပြီး အသက်ငင် နေပါပြီ။)

ဦးအောင်ဇေယျဟာလွန်ဆေးမြို့ကိုရောက်တော့ ရန်အပေါင်းကို အမြန်အောင်ဘို့ မြန်အောင်လို့ သမုတ်ခေါ်ဝေါ်ခဲ့သလို အောက်ဘက် ကို ဆက်ပြီးစုန်ဆင်းလို့ ဒဂုံကိုရောက်တော့လည်း ရန်အပေါင်း ကုန်အောင်လို့ ရန်ကုန်လို့ သမုတ်ခဲ့တယ်လို့ သိရတယ်။

မွန်တွေအခြေစိုက်တဲ့ ဟံသာဝတီကိုတိုက်တဲ့အခါ မွန်အများအပြားကိုသုတ်သင်သတ်ဖြတ်ပြီး ရာမညတိုင်း မွန်သုံးရပ်ဖြစ်တဲ့ ဟံသာဝတီ (၃၂)မြို့၊ ပုသိမ်(၃၂)မြို့၊ မုတ္တမ (၃၂)မြို့ အားလုံး သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုတယ်။

မွန်ဘုရင်နဲ့ မှူးမတ်အခြံအရံတွေကိုမသတ်ဘဲ ပဲခူး ရွှေမောဓော ဘုရားမှာ လှူဒါန်းပြီး ဘုရားဆုပန်လို့ မွန်ဘုရင်နဲ့အပေါင်းအပါ တွေက ဦးအောင်ဇေယျကို (သူတို့အသက် ချမ်းသာပေးလို့)ဘုရားအလောင်းလို့ ကြွေးကြော်ပြီးချီးမွှမ်း ပူဇော်ကြတယ်။

အဲ့ဒီအခါမှာ ဦးအောင်ဇေယျကလည်း ဘုရားအလောင်းလို့ သူ့ကိုယ်သူ သတ်မှတ်ပြီး အလောင်းဘုရား ဘွဲ့တော်ကို ခံယူတော် မူတယ်တဲ့။ မြန်အောင်မှာသူတည်တဲ့ဘုရားတွေကတော့ မြစ်ကြောင်းအတိုင်းစုန်ဆင်းလာရင်း ဖေါင်ဆိုက်ကပ်ရာအဆင်ပြေတဲ့ နေရာမှာ ဖေါင်တော်ဦး စေတီအဖြစ်နဲ့ တည်ထားခဲ့တာပါ။

စဉ်းစားစရာအဖြစ်နဲ့ပြောချင်တာ ကတော့ ဘုရင်အများစုရဲ့ ဘုရားတည်ခြင်းဟာ တကယ့် ဘုရား အစစ်ကိုမြင်လို့ တရားအစစ်ကိုမြင်လို့ တည်တာထက် သူ့ရဲ့ သြဇာအာဏာ ထူထောင်ဖို့၊ သူခေါင်းဆောင်တိုက်တဲ့စစ်ပွဲမှာအနိုင်ရဖို့ သူနဲ့ သူ့နောက်လိုက်တွေယုံကြည်မှု အားကောင်း အောင်၊ လူသူ လက်နက်စုဆောင်းစည်းရုံးရေးအားကောင်းအောင်၊ ငါတို့ရဲ့စစ်ပွဲဟာ တရားသော စစ်ဆိုပြီး၊ တဖက်က ရန်သူဖြစ်စေ၊ အရပ်သားဖြစ်စေ ဖြူဖြူမည်းမည်း လူသတ်တာဟာ တရားကြောင်း စသဖြင့် လူသတ်ဝါဒယန္တရား အားကောင်းအောင် လုပ်ဖို့ ဘုရား တည်သလို ဖြစ်နေသလားလို့ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆရာတော်ကြီး တစ်ပါးပြောဖူးတာရှိတယ်၊” ဘုရား အစစ်ကို စေတီနဲ့ ဆင်းတုတော်တွေ က ကွယ်ထားတယ်၊ တရားအစစ်ကို တရားဟော ဓမ္မကထိကတွေကကွယ်ထားတယ်၊ သံဃာအစစ်ကို …

အလောင်းဘုရားဘွဲ့ခံပြီးတော့လည်း ဘုရားမမြင် တရားမမြင်တာ သိသာတာက ပညာရှိမှူးကြီး မတ်ရာတွေ တားမြစ်တဲ့ကြားက ယိုးဒယားကို သွားတိုက်တာ သေခမူနာသရော ဖြစ်ပြီး သက်ဆိုး မရှည်တော့ဘဲသက်တော် (၄၅)နှစ်မှာ ကံကုန်လို့ တစ်ခန်း ရပ်သွားတယ်။

ဗုဒ္ဓဟာ အကြမ်းဖက်မှုနဲ့ စစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေး လိုလားသူ၊ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးချမ်းသာတဲ့ သန္တိသုခ နိုင်ငံတော် တည်ထောင်သူ၊ အကြမ်းမဖက်သူပါ။

ဘုရားတည်ပြီး စစ်ပွဲဆင်နွဲခြင်း၊ တရားနဲ့အညီမကျင့်ခြင်းဟာ ဘုရားကိုစော်ကားပြီး အလွဲသုံးစား လုပ်တာပါပဲ။

ဗုဒ္ဓရဲ့ မြတ်သောအကျင့်တွေ မကျင့်ဘဲ ကိုယ်နဲ့ မထိုက်တန်တဲ့ ဘုရားအလောင်းဘွဲ့ခံပြီး အကြမ်းဖက် လူသတ်တာတွေ ဆက်လုပ်တော့ သက်တမ်းတိုသွားတာလို့ပြောရမှာပါ။

ကိုယ့်တိုင်းပြည် လူမျိုးတွေရဲ့ဖြစ်တည်မှုသမိုင်းကြောင်းပြန်ကြည့်ရင်လည်း တောရိုင်း ဥပဒေလိုပါဘဲ။ ကြီးနိုင်ငယ်ညှင်းနဲ့ စုစည်းမှု စည်းလုံးမှုမရှိခဲ့ဘူး။

ဘုရားမမြင် တရားမမြင်ကြလို့ စိတ်ယဉ်ကျေးမှုတွေ နိမ့်ကျလာလိုက်တာ အများစု ဟာ ကြေးအဆင့်တောင် မရှိဘဲ နိမ့်ကျလွန်းတဲ့ ဘဝတွေနဲ့ …

တရုတ်က လိုက်တိုက်နေလို့တရုတ်ရန်ရှောင်ရင်း အောက်ဘက်ကို စုန်ဆင်းခဲ့ပြီး ရေကြည်ရာ မြက်နုရာမှာ နေထိုင်ကြတယ်၊ အချင်းချင်း လည်း မညီညွတ်ခဲ့ကြလို့ စစ်ပွဲတွေမှာ အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ချေမှုန်းရင်း လက်အောက်ခံ သာမန် ပြည်သူတွေရဲ့ဘဝက ယဉ်ကျေးမှု နိမ့်သထက် နိမ့်လာကြတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တရုတ်က အနိုင်ကျင့် ဖျက်ဆီးလို့ယဉ်ကျေးမှုနောက်ကျခဲ့ရတယ်ပြောကြတာတွေရှိပေမယ့် ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ မြင့်မြတ်တဲ့ စိတ်ယဉ်ကျေးမှု ကို မထိန်းသိမ်းနိုင်ခဲ့ကြတာဟာအဓိကပါ။

မွန်-ဗမာ စစ်ပွဲတွေကလည်းသမိုင်းနဲ့ချီပြီးရှည်တယ်၊ ရခိုင်ဘုရင်နဲ့ ဗမာဘုရင်တွေ ရှမ်းစော်ဘွားတွေလည်း အပြန်အလှန် အားပြိုင် တိုက်ခိုက်သတ်ဖြတ်ကြတာတွေဟာလည်း ပြည်ထောင်ဘက်အဖြစ်သဘောမထားခဲ့ကြတော့ ပြည်ထောင်မစုနိုင်ခဲ့ကြဘူး။

ဗုဒ္ဓဘာသာတွေ ဖြစ်နေပေမယ့် စိတ်ယဉ်ကျေးမှုဘယ်လောက်နိမ့်ကျနေလည်းဆိုတော့ ဘိုးတော်ဘုရား ရခိုင်ကို ချီတက်တိုက်ခိုက် သိမ်းပိုက်တော့ ရခိုင်ကနေ မဟာမြတ်မုနိဘုရားကို သယ်ဆောင်ပင့်လာပြီး မန္တလေးမှာ တည်ထားကိုးကွယ်တယ်သိရတယ်။

ဘုရားအစစ်ကိုမမြင်နိုင်တော့ ဘုရားရုပ်တုတွေကိုနိုင်ငံရေးအရ သြဇာအာဏာပြဖို့ အလွဲသုံးစား လုပ်သလိုဘဲ။ ဒီလိုလုပ်ရပ်တွေ စိတ်ထားတွေနဲ့ ဘယ်လိုလုပ်ပြီး ပြည်ထောင်စုမလဲ။

ဆရာတော်ကြီး တစ်ပါးပြောဖူးတာရှိတယ်၊” ဘုရား အစစ်ကို စေတီနဲ့ ဆင်းတုတော်တွေ က ကွယ်ထားတယ်၊ တရားအစစ်ကို တရားဟော ဓမ္မကထိကတွေကကွယ်ထားတယ်၊ သံဃာအစစ်ကို သံဃာအတုတွေက ကွယ်ထားတယ်” တဲ့။မှတ်သားစရာ လို့ မြင်ပါတယ်။

မြန်မာပြည်မှာကတော့ ရွှေနိုင်ငံလို့ပြောရလောက်အောင် ရွှေရောင်ဝင်းတဲ့ ဘုရားတွေလည်း အများအပြား၊ ကိုယ့်လူမျိုးကို ရွှေလို့ အတိုကောက်တင်စားခေါ်ဝေါ်တာတွေ ရှိခဲ့ဖူးတယ်။

ဒါပေမယ့် ဘုရားမမြင် တရားမမြင်ကြလို့ စိတ်ယဉ်ကျေးမှုတွေ နိမ့်ကျလာလိုက်တာ အများစု ဟာ ကြေးအဆင့်တောင် မရှိဘဲ နိမ့်ကျလွန်းတဲ့ ဘဝတွေနဲ့ ဘေးအမျိုးမျိုးကို ရင်ဆိုင် ရုန်းကန် နေထိုင်ရင်း သေဆုံးနေကြရတယ်။

ရန်ငြိမ်းအေးစေတီတည်လို့ ဘေးရန်မငြိမ်းနိုင်ပါဘူး။ ငြိမ်းချမ်းရေးစေတီ ကလည်း စစ်ပွဲတွေ ရပ်အောင်တားမြစ်ပေးနိုင်မှာ မဟုတ်ပါဘူး။

“ အရေးအကြီးဆုံး အခိုင်အမာတည်ဆောက်ထားရမှာက လူလူခြင်းအပြန်အလှန် လေးစားတန်ဖိုးထား အသိအမှတ်ပြုမှုပါပဲ”

အဲဒီတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ တာဝန်ယူ ဦးဆောင်နေကြတဲ့ လူကြီးမင်းများ စိတ်ယဉ်ကျေးမှု မြင့်မားအောင် သတိထားပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထား အသိအမှတ်ပြုတဲ့စိတ်တွေနဲ့ ပြောဆိုပြုမှု ကြရင် ဖြင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည် သွေးစည်း ချစ်ကြည်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးတွေဟာ ဖြစ်လာနိုင်တဲ့အရာတွေပါပဲ။

စိုးမြန်မာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,