ကော့မှူးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် ဦးဒေးဗစ်လှမြင့်အရွေးချယ်ခံမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO/DHM/ ကော့မှူးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်သူနှစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏အောင်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ၁၉၉၀ ရွေးကောက်ခံ အမတ် ဦးဒေးဗစ်လှမြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက သတင်းထုတ်ပြန်ထားသည်။

ဦးဒေးဗစ်လှမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုပြီး ငပုတော မဲဆန္ဒနယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

လက်ရှိတွင်လည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ ကျနော်တို့က ရွေးကောက်ပွဲကို အနိုင်ရဖို့အတွက် မျှော်မှန်းပြီးမှ ရွေးကောက်ပွဲဝင်လာတာဗျ။ကျနော်တို့က ဝင်ပြိုင်ရုံလောက်နဲ့ရွေးကောက်ပွဲဝင်မှာမဟုတ်ဘူး။ ကျနော်တို့က နည်းဗျူဟာပေါ့။ အဲဒါနဲ့ဒီရွေးကောက်ပွဲကို အနိုင်ရရှိဖို့မျှော်မှန်းထားပါတယ် “ ဟု ဦးဒေးဗစ်လှမြင့် က ပြောသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကို စစ်အာဏာရှင်အစိုရလက် ထက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကြောင့် အေးချမ်းနေသည့်ဒေသတစ်ခုတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းအတွက် စိန်ခေါ်မှုကြီးကြီးမားမားမရှိကြောင်း နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကိုယ်ယုံကြည်ရာအတိုင်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့် ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှစ်ကြိမ်ဆက်တိုက် အနိုင်ရ ရှိခဲ့သည့်မဲဆန္ဒနယ်ဖြစ်ပြီး       လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

“အစကတည်းက ကော့မှူးက ဝင်ပြိုင်မယ်လို့ ကျနော်တို့ပါတီက စီစဉ်ထားတာရှိတယ်။ အရင်တုန်းက သူက ဥတ္တရသီရိကနေဝင်ပြိုင်မယ်လို့ သတင်းတွေကြားနေတာ။ ခု ဒီမြိုနယ် မှာဝင်ပြိုင်မယ်ဆိုပြီး NLD ကမဲစာရင်းတွေထုတ်ပြန်တော့မှ ကျနော်တို့သိတာ။ ဒါပေမယ့် ကျနော်တို့က အစကတည်းကဒီဒေသမှာ ဝင်ရောက်အရွေးခံမယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီးသားဖြစ်တဲ့အတွက် ကျနော်တို့ဆုံးဖြတ်ချက်အတိုင်းကျနော်တို့က ဆောင်ရွက်သွားမှာ။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ က နောက်ကိုပြန်လှည့်တဲ့အလုပ်မျိုး ဘယ်တော့မှမလုပ်ဘူး။ ရှေ့ကိုဆက်သွားတာမျိုးပဲ ဖြစ်ရမယ်။ ဘယ်လိုတွေပဲနောက်ကြောင်း ပြန်လှည့်လှည့် ကျနော်တို့က ရှေ့ကိုဆက်သွားတဲ့အလုပ်ပဲလုပ်တယ် “ ဟု ဦဒေးဗစ်လှမြင့် က ပြောသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,