ကျင့်ဝတ်လိုက်နာစောင့်ထိန်းတဲ့ “ ရဲ” က ဆင်းရဲပြီး မိသားစု မြောင်းထဲ ရောက်နေ သူတွေများတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ချမှတ် ခံခဲ့ရသည် ဦးမိုးရန်နိုင်

သမီးငယ်ဗစ်တိုးရီယားကိစ္စနှင့်ပတ်သက်၍ လူထု၏ အပြင်းအထန် ဝေဖန်ရှုတ်ချမှုကို ခံနေရပြီး၊ တရားဥပဒေစိုးမိုးရေး အခြေအနေနှင့် ပတ်သက်၍ လူထု၏ယုံကြည်မှုကျဆင်းနေသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ကြီး အပြောင်းအလဲဖြစ်မည့်သတင်းမှာ မကြာသေးမီ ရက်ပိုင်းက ထွက်ပေါ်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲဖြစ်မည်ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း နိုင်ငံတော်သမ္မရုံး က လည်း အတည်ပြုသည်။ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲမှာ ရဲတပ်ဖွဲ့ အခြေအနေ ဘာတွေပြောင်းလဲသွားနိုင်သလဲ စသဖြင့် အခြေအနေ အရပ်ရပ်ကို ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ရဲမှာက ကျင့်ဝတ်လိုက်နာစောင့်ထိန်းသူက ဆင်းရဲပြီး မိသားစုမြောင်းထဲ ရောက်နေသူတွေက အများစုဖြစ်နေပြီး မလိုက်နာသူက လူကြီးတွေကိုပေးကမ်းပြီး နေရာယူကြတာလေ။ ကြာတော့ …

ငြမ်းမီဒီယာ – မင်္ဂလာပါ ဦးမိုးရန်နိုင်။ အခု ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲသတင်းက မကြာခင်က ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်လင်းပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဗစ်တိုးရီးယားကိစ္စ အခြေအနေနဲ့များ သက်ဆိုင်နိုင်မလား။ ဦးမိုးရန်နိုင် ဘယ်လို ယူဆလဲခင်ဗျ။

UMYN – ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲက ဗစ်တိုးရီးယား ကိစ္စနဲ့မဆိုင်လောက်ဘူးထင်တာပဲ။ အသက်( ၆၀) ပြည့်နေလို့ ဥပဒေအရ ထောက်ပြဝေဖန်မှာစိုးလို့ တပ်ကို ပြန်ခေါ်တယ်လို့ ယူဆပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ဖြစ်ဖို့ ကတော့ အခုထွက်ပေါ်နေတဲ့ သတင်းတွေအရဆို သေချာသလောက် ရှိသွားပြီ။ ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ်ရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်ထင်သလဲ။

UMYN – ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲက အောက် ခြေရဲတပ်ဖွဲ့ဝင်တွေအဖို့ မထူးခြားပါဘူး။ စိတ်လည်းမဝင် စားဘူး။ ရဲမှူးကြီးတွေနဲ့ အထက်လူကြီးတွေအနေနဲ့တော့ ထူးခြားနိုင်ပါတယ်။ နေရာအပြောင်းအလဲတွေ ဖြစ်နိုင်တာပေါ့။

ငြမ်းမီဒီယာ – အခုသတင်းတွေအရဆို ပြည်ထဲရေးဝန်ကြီးနေရာကို ဆက်ခံမယ့်သူက ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ဆိုပြီး သတင်းထွက်ပေါ်နေတော့ အခုသတင်းထွက်ပေါ်နေသူ နှစ်ယောက်ကိုရော ဦးမိုးရန်နိုင် ဘယ်လိုမြင်လဲခင်ဗျ။ ဘယ်သူဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အပြောင်းအလဲကို တကယ်လုပ်နိုင်မယ်လို့ထင်လဲ။ ဒါမှမဟုတ် မထင်ဘူးဆိုရင်ရော ဘာကြောင့်ပါလဲခင်ဗျ။

UMYN – ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က စရဖချုပ်လို့သိရပြီး၊ ဒုဗိုလ်ချုပ်ကြီးအောင်စိုးက အရင် ပထရ ဒုဝန်ကြီးကနေ တပ်ပြန်ရောက် သွားတဲ့သူလေ။ ဌာနအတွေ့အကြုံ ကတော့ ဒုဗိုလ်ချုပ်ကြီးအောင်စိုးက သာမှာပေါ့။ ဘယ်သူကမှ ထူးထူးခြားခြား အပြောင်အလဲ လုပ်နိုင်မယ် မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အမိန့်နဲ့ညွှန်ကြားချက်တွေနဲ့ သွားနေတဲ့လူတန်းစားတွေမို့ပါ။

ရဲတပ်ဖွဲ့အင်အားနဲ့လူဦးရေအချိုးအစား မမျှတဘူးဆိုတာ လက်ခံနိုင်ပေမယ့် ရေဘူးပေါက်တာမလိုချင်ဘူးဆိုသူတွေရဲ့ ထူးဆန်းတဲ့ဆင်ခြေစကားလို့ပဲမြင်ပါတယ်။ ကောင်းကောင်း …

ငြမ်းမီဒီယာ – အဲဒီတော့ ပြည်ထဲရေးဝန်ကြီးရာထူးနေရာအတွက် သတင်းထွက်ပေါ်နေတဲ့ နှစ်ဦးထဲမှာ လက်ရှိအစိုးရနဲ့ အဆင်ပြေနိုင်တာ ဘယ်သူများဖြစ်မလဲခင်ဗျ။

UMYN – ဒုဗိုလ်ချုပ်ကြီးအောင်စိုးဖြစ်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်ထဲရေးရဲ့ လုပ်ဆောင်မှုတွေကို ပြည် သူတွေအနေနဲ့ လက်မခံတဲ့အပိုင်းတွေ၊ မကြိုက်နှစ်သက်တဲ့ အပိုင်းတွေရှိသလို ပြည်ထဲရေးဌာန ပြုပြင်ပြောင်းလဲရမယ် လို့ ယေဘုယျဆန်ဆန် ပြောကြတာတော့ရှိပါတယ်။ ဦးမိုးရန်နိုင်က ရဲအရာရှိဟောင်းလည်း ဖြစ်တော့ ပြည်ထဲရေးဌာန ဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုရင် ဘာတွေလုပ်ရမလဲခင်ဗျ။ ဘယ်လိုအပိုင်းတွေကို ပထမ ဦးစားပေး လုပ်သင့်လဲ။ နောက် တခြား ဦးမိုးရန်နိုင်မြင်တာရောပေါ့။

UMYN – ရဲတပ်ဖွဲ့ဝင်တွေရဲ့အောက်ခြေပိုင်းတွေကို ပြန်ကြည့်ဖို့လိုပါတယ်။ ရဲတပ်ဖွဲ့မှာ အထက်အကြီးပိုင်းတွေက လာဘ်စားမှု မကင်းဘူးဆိုတာသိထားပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ရဲတပ်ဖွဲ့မှာနေရာကောင်းရဖို့က လေလံပွဲကြည့်ခဲ့ရသလိုပါပဲ။

ငြမ်းမီဒီယာ – လူဦးရေ အချိုးအရဆို ရဲတပ်ဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုရေး ဆောင်ရွက်ရာမှာ ဝန်နဲ့အားနဲ့မမျှဘူးလို့ ပြည်ထဲရေးက အကြီးအကဲတွေ သတင်းမီဒီယာတွေကို မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ အကယ်၍ လူအင်အားပြည့်မီတယ်ဆိုရင်ရော တကယ့်ကို ဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဟာ ဒေါင်ဒေါင်မြည် ဖြစ်လာနိုင်မလားခင်ဗျ။

UMYN – ရဲတပ်ဖွဲ့အင်အားနဲ့လူဦးရေအချိုးအစား မမျှတဘူးဆိုတာ လက်ခံနိုင်ပေမယ့်ရေဘူးပေါက်တာ မလိုချင်ဘူး ဆိုသူတွေရဲ့ ထူးဆန်းတဲ့ဆင်ခြေစကားလို့ပဲမြင်ပါတယ်။ ကောင်းကောင်း ထောက်ပံ့နိုင်ရမယ်။ အင်အားပြည့်မီမယ်ဆိုရင်တောင် ဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက ဒေါင်ဒေါင်မြည်ဖြစ်လာဖို့က ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာတွေကို အများကြီး ပြုပြင်ပြောင်းလဲ ရဦးမယ်။

ငြမ်းမီဒီယာ – ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ရဦးမယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးမိုးရန်နိုင်ယူဆချက် ကိုပြောပြပေးပါဦး။

UMYN – အဲဒါက များတယ်ဗျ။ တစ်ခါဖြေဖူးတယ်မှတ် တာပဲ။ ဒေါက်တာညိုညိုသင်းတို့နဲ့ ဒီဘိတ်တစ်ခုမှာထင်တယ်။ ဥပမာ သင်တန်းတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေတဲ့သင်ခန်းစာတွေ ပို့ချရမယ်။ နိုင်ငံတကာရဲ့စံနှုန်းတွေ လေ့လာရမယ်။ ပြန်လည်ပို့ချရမယ် စသည်ဖြင့်ပေါ့ဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အားလုံးလို့တော့ မဆိုလိုပါဘူး။ တချို့တွေဟာ နှစ်လုံးဒိုင်၊ ဘောလုံးဒိုင်တွေက နေ အရပ်အခေါ် တော့ လိုင်းကြေးတောင်းခံတာမျိုး ဟိုးအရင် အစိုးရလက်ထက်တွေတုန်းက တွင်တွင်ကျယ်ကျယ်ကို ရှိနေခဲ့တယ်။ တချို့အဆိုအရ ရဲတပ်ဖွဲ့ဝင်တချို့အနေနဲ့လည်း ဒီလိုမှမလုပ်ရင် တခြားမှုခင်းကိစ္စတွေကို စုံစမ်းတာ၊သွားတာလာတာ၊ အဲဒီလို စရိတ်စကတွေမှာ တော်တော်လေး အခက်အခဲရှိတယ်လို့လည်း ကြားရပါတယ်။ ဒီအခြေအနေက အိမ်နောက်ဖေးတံခါးဖွင့်ထားပြီး အိမ်ရှေ့မှာ သူခိုးထိုင်စောင့်ဖမ်းသလိုများ ဖြစ်မနေဘူးလား။ ဦးမိုးရန်နိုင် ဘယ်လိုမြင်လဲခင်ဗျ။

UMYN – အရင်အစိုးရလက်ထက်မှမဟုတ်ပါဘူး။ တစ်ချို့ ရဲတပ်ဖွဲ့ဝင်တွေက နှစ်လုံးသုံးလုံး ဘောလုံးဒိုင်တွေဆီက လိုင်းကြေး တောင်းခံတာ အခုလည်းရှိနေတာပါပဲ။ အဓိက ကတော့အထက်အကြီးအကဲတွေ ကိုယ်တိုင်က နောက်ဖေးတံခါးဖွင့်ပြီး လက်ခံနေကြ တာလေ။ အောက်ခြေ ကလည်း ဒါကိုအကြောင်းပြပြီး မှုခင်းကိစ္စစုံစမ်းတာကအစ သွားလာစရိတ် သင်တန်းစရိတ်တွေကို ဒါတွေနဲ့ ဖြေရှင်း နေကြရတယ်လေ။ ဒါကိုဖြေရှင်းဖို့က အတော်ကျယ်ပြန့်ပါတယ်။

အမှန်တရားကိုပြုဖို့ တိုက်တွန်းနှိုးဆော်သူတွေ ဖိနှိပ်တာကိုမခံဖို့ ဆန့်ကျင်ခဲ့သူတွေ ဦးဆောင်နေတဲ့အချိန် မှာ ကျွန်တော် အမှန်တရားပြောရင်းနဲ့ ပျောက်ကွယ်သွားမှာထက် …

ငြမ်းမီဒီယာ – အဖွဲ့အစည်းတိုင်း၊ နေရာတိုင်းမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ၊ ကျင့်ဝတ်လိုက်နာသူနဲ့ ကျင့်ဝတ် မလိုက်နာတဲ့သူ ဆိုတာရှိပါတယ်။ ကျနော်တို့သိချင်တာက ကျင့်ဝတ်တကယ်လိုက်နာပြီး ကိုယ်ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ကျင့်ဝတ်ဖောက်ဖျက်ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးဆောင်ရွက်သင့် ဆောင်ရွက်ရမယ့်ကိစ္စတွေကို မဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေရှိရင် ပြောပြပါလားခင်ဗျ။

UMYN – ရဲမှာက ကျင့်ဝတ်လိုက်နာစောင့်ထိန်းသူက ဆင်းရဲပြီး မိသားစုမြောင်းထဲ ရောက်နေသူတွေက အများစုဖြစ်နေပြီး မလိုက်နာသူက လူကြီးတွေကိုပေးကမ်းပြီး နေရာယူကြတာလေ။ ကြာတော့ အများမိုးခါးရေသောက်သလိုဖြစ် လာပြီး ရဲတပ်ဖွဲ့က ပျက်စီးတော့တာပဲ။

ငြမ်းမီဒီယာ – ဦးမိုးရန်နိုင်ဟာ အမှန်တရားကိုပြောဆိုခဲ့သူလို့ လူအတော်များများကယုံကြည်တယ်။ အမှန်တရားကို ပြောဆိုခဲ့လို့ ပေးဆပ်ခဲ့ရတာတွေလည်းရှိတယ်။ ဒီအတွက်နောင်တရမိတာရှိလား။အခု ဘယ်လိုစိတ်ခံယူချက်နဲ့ ဘဝကို ဖြတ်သန်းနေလဲ။

UMYN – အမှန်တရားအတွက်ပေးဆပ်ရတာနောင်တ မရပါဘူး။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးကြုံရတယ်။ မိသားစုအချင်းချင်းအားပေးပြီး ဘာသာတရားအနေနဲ့ဖြေသိမ့်ရတာပေါ့။ တစ်ခုပါပဲ သားသမီးတွေက ဘာမှမပြောပေမယ့် သူတို့စိတ်ထဲ ဒဏ်ရာရသွားမှာကို အစိုးရိမ်ဆုံးပါပဲ။

ငြမ်းမီဒီယာ – အမှန်တရားကိုပြောဆိုဖို့ ပြည်သူကိုတိုက် တွန်းနှိုးဆော်ခဲ့သူ၊ အမှန်တရားကိုပြောတဲ့အခါမှာ ရဲရဲပြောဖို့ လမ်းပြခဲ့သူ၊ ဖိနှိပ်မှုတွေကိုဆန့်ကျင်ဖို့ ဆော်သြခဲ့သူ ဒီလို လူတွေ တိုင်းပြည်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေတဲ့အချိန်မှာ ဦးမိုးရန်နိုင် အမှန်တရားကို ပြောခဲ့လို့ ဒီလိုအဖြစ်အပျက်တွေ တွေ့ကြုံလာတာကိုရော ဘာပြောချင်လဲခင်ဗျ။

UMYN – အမှန်တရားကိုပြုဖို့ တိုက်တွန်းနှိုးဆော်သူတွေ ဖိနှိပ်တာကိုမခံဖို့ ဆန့်ကျင်ခဲ့သူတွေ ဦးဆောင်နေတဲ့အချိန် မှာ ကျွန်တော် အမှန်တရားပြောရင်းနဲ့ ပျောက်ကွယ်သွားမှာထက် အမှန်တရားတွေပျောက်ဆုံးသွားမှာ အစိုးရိမ်ဆုံးပါပဲ။ ဒါ ဒီနိုင်ငံရဲ့ကျဆုံးခြင်းပဲ။

ငြမ်းမီဒီယာ – ဦးမိုးရန်နိုင် တခြားဖြည့်စွက်ပြောဆိုချင် တာရှိရင်ပြောပေးပါခင်ဗျ။

UMYN – ပြည်ထဲဝန်ကြီးအပြောင်းအလဲက ဘယ်သူဖြစ် နေပါစေ။ အောက်ခြေတပ်ဖွဲ့ဝင်တွေပြည်သူတွေရဲ့ အသံတွေ နားထောင်ပြီး ကိုယ်ချင်းစာစိတ်ကလေးနဲ့ ဆောင်ရွက်ပေးနိုင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ် ဦးမိုးရန်နိုင်။

 

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,