ကျနော်တို့က ဗမာတပည့်၊ စစ်တပ်ရဲ့တပည့်ဆိုပြီး စွပ်စွဲခံရတာ – အပိုင်း(၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း

ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ရှမ်းက နေပြီးမှ ကမကထလုပ်လာ ပြီးတော့မှ ပြည်ထောင်စု အသီးအပွင့်ကို မခံစားရဘူး။ ဒီရှမ်းပြည်က သယံဇာတတွေအားလုံးကို ပြည်မကချည်းပဲ ယူသွားကြတာ။ ရှမ်းတိုင်းရင်းသားတွေက ဘာမှမခံစားရဘူး . . .

တိုင်းရင်းသားပါတီများအနက် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ (၅၈) နေရာအထိ အနိုင်ရခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဥက္ကဋ္ဌ (ဦး)စိုင်းအိုက်ပေါင်းကို ငြမ်းမီဒီယာက တွေ့ ဆုံ မေးမြန်းထားသည်။

ကျနော်တို့ရှမ်းပြည် က လွတ်လပ်ရေးအရသာ မခံစားရသေးဘူး။ ခင်ဗျားတို့ လည်း ရှမ်းတိုင်းရင်းသားဆိုရင် ကျနော်တို့ခံစားရသလို ခံစားရမှာပဲ…

ငြမ်းမီဒီယာ – SNDP ပါတီရဲ့ သမိုင်းကြောင်းကို ပထမဆုံးပြောပြပေးပါ။

USAP – ကျနော်တို့ပါတီက ၂၀၁၀၊ မေလ (၂၆) ရက်မှာ မှတ်ပုံတင်နံပါတ် (၁၅) နဲ့ ပါတီစပြီးဖွဲ့ခဲ့တယ်။ စဖွဲ့တဲ့ အကြောင်းအရင်းက အဲဒီတုန်းက ၂၀၁၀ မှာ ရှမ်းပါတီက တစ်ပါတီပဲရှိသေးတယ်။ အဲဒီတော့ အစောပိုင်း ကာလတွေမှာ အားလုံးက နိုင်ငံရေးဆို ကြောက်နေကြတာလေ။ ကျနော်တို့တောင် သိပ်မလုပ်ချင်ဘူး။ ကျနော့်ကို သုံးကြိမ်တိတိ ဦးဆောင်ခိုင်းလို့ ၂၀၁၀ မှာ လုပ်လိုက် ရတယ်။ ကျနော်တို့ရည်မှန်းတာကတော့ တိုင်းရင်းသားတွေရဲ့ ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တယ်။ ဒါပေမယ့် ကျနော်တို့က ဥပဒေဘောင်ထဲကနေ အေးအေးဆေးဆေးသွားမယ်။ ကျနော်တို့ အဲဒီလို Policy ရှိခဲ့တယ်။ ကျနော်တို့ ၂၀၁၀ မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်တဲ့အခါ ကျနော်တို့ကျားဖြူပါတီက တိုင်းရင်းသားပါတီတွေထဲမှာ အများဆုံး အနိုင်ရခဲ့တယ်။ အမတ် (၅၈) ဦးရခဲ့တယ်။ ဝန်ကြီးက (၆) နေရာရခဲ့တယ်။ ကချင်ပြည်နယ်မှာ (၂) နေရာ၊ ရှမ်းပြည်နယ်မှာ (၂) နေရာ၊ မန္တလေးတိုင်းမှာ (၁) နေရာ၊ နေပြည်တော်မှာ ဒုဝန်ကြီး (၁) နေရာ၊ စုစုပေါင်း ဝန်ကြီး (၆) ယောက် ရခဲ့တယ်။ ဒါဟာ တိုင်းရင်းသားပါတီ သီးသန့် အနေနဲ့ အများဆုံးရတာပဲဖြစ်တယ်။ ၂၀၁၀ မှာ ကျနော်တို့ ပါတီဖွဲ့ပြီး သိပ်မကြာခင်မှာပဲ ညီနောင်တိုင်းရင်းသားပါတီ NBF ကို ဖွဲ့စည်းခဲ့တယ်။ ကျနော်တို့ ကျားဖြူပါတီရုံးမှာပဲ စဖွဲ့ခဲ့တာ။ အဲဒီတုန်းက ဘယ်ပါတီတွေပါသလဲဆိုတော့ ရှမ်းပါတီ၊ ရခိုင်ပါတီ၊ ချင်းပါတီ၊ ကရင်ပါတီ၊ မွန်ပါတီ၊ အဲဒီပါတီ (၅) ခု ပူးပေါင်းပြီးဖွဲ့ခဲ့တယ်။ အဲဒီလိုဖွဲ့ပြီး NBF ကိုလုပ်လာတာ အခု (၁၀) နှစ်ရှိပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ‘ကျားဖြူကိုမဲမထည့်ရဘူး၊ ထည့်ရင်ရွာ ထဲကနေထွက်’ ဆိုတော့ ဘယ်သူမှလည်း မဲမထည့်ရဲကြဘူး။ တကယ်တမ်းကျတော့ …

အခုနောက်ဆုံး (၂၄) ပါတီအထိ ရှိလာပြီ။ ညီနောင်တိုင်းရင်းသားပါတီ NBF က ၂၀၁၀ ရွေးကောက်ပွဲ မှာ (၁၅၆) ယောက်လား၊ (၁၆၅) ယောက်လား၊ အတိအကျတော့ ကျနော်လည်းရုတ်တရက်မမှတ်မိလို့၊ လွှတ်တော်သုံးရပ်မှာ အဲဒီလောက်ထိ အနိုင်ရခဲ့ တယ်။ ကျနော်တို့ ကျားဖြူပါတီအနေနဲ့ဆို ပြည်ထောင်စု လွှတ်တော်မှာ (၂၂) ယောက် အနိုင်ရတယ်။ ကချင်ပြည်နယ်မှာ (၆) ယောက်နိုင်တယ်။ ဘာလို့လည်းဆို ကချင်ပြည်နယ်က မန်စီ၊ မိုးမောက်၊ မိုးကောင်း၊ မိုးညှင်း၊ ဝိုင်းမော်၊ ဗန်းမော် စတဲ့မြို့တွေက ရှမ်းတိုင်းရင်းသား များတာကိုး။ အဲဒါကြောင့်မို့လို့လည်း ကချင်ပြည်နယ်မှာ ကျနော်တို့ ဝန်ကြီး (၂) နေရာရခဲ့တာပေါ့။ မန္တလေး တိုင်း မှာလည်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ကျနော်တို့ကျားဖြူက နိုင်ခဲ့တယ်။ အဲဒီတော့ ၂၀၁၀ တုန်းက အဲဒီလောက် နိုင်ခဲ့တာ ၂၀၁၅ မှာကျ ဘာလို့ရှုံးသွားလဲဆိုတာ ခင်ဗျားတို့က မေးမယ်။ ကျနော်ပြောပြမယ်၊ ၂၀၁၅ မှာ ရှမ်းပါတီက (၃) ခုရှိ လာပြီ။ နောက်တစ်ခါ ရှမ်းပြည်မှာက အဓိက တိုင်းရင်းသားလက်နက်ကိုင် (၂) ဖွဲ့ ရှိတယ်၊ ပြည်သူ့စစ်တွေလည်းရှိတယ်။ အဲဒီ မှာ ကျနော်တို့က မဟုတ်ဘဲနဲ့ အစွပ်စွဲခံရတယ်။ USDP နဲ့ SNDP ဆိုတာ နာမည်ခြင်းကလည်း နည်းနည်းဆင်နေတော့ ကျနော်တို့ ‘ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ’ (SNDP) ကို USDP ရဲ့ တပည့်ဆိုပြီး စွပ်စွဲတယ်။ ဗမာတပည့်ဆိုပြီး ကျနော်တို့ကို စွပ်စွဲ တယ်။ တကယ်တမ်း ကျနော်တို့က သူတို့ USDP ဆီက အကူအညီဆိုလို့ တစ်ပြားမှလည်းမယူဖူး၊ ဘာမှလည်းမယူဖူးဘူး။

ကျနော်ဦးသန်းဌေး ကို ပြောလိုက်တယ်။ ဥက္ကဌကြီး ကျနော်တို့ ပါတီကို ငါးပြာစေ့လည်း မကူညီခဲ့ဘူး၊ ကူညီခဲ့ဖူးသလား ဆိုတော့ …

အဲဒါ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကျနော်တို့ USDP ကခေါ်လို့ရှိရင်တောင် မသွားလည်းမသွား တော့ဘူး။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ လက်မှတ်ထိုးတာ ကျနော်တို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ က ထိုးလည်း မထိုးဘူး။ ပါလည်း မပါဘူး။ ကျနော်တို့ အပြောခံရလို့လေ။ ပထမဆုံး သူတို့ခေါ်သေးတယ်၊ ဒီသံလွင်လမ်းမှာလေ။ USDP က။ ဦးသန်းဌေး က လည်း အဲဒီတုန်းက ဝန်ကြီးလေ။ ကျနော်လည်း ရှမ်းပြည်နယ် မှာ ဝန်ကြီး ဆိုတော့ တွေ့နေကြတာကိုး။ ကျနော်ဦးသန်းဌေး ကို ပြောလိုက်တယ်။ ဥက္ကဌကြီး ကျနော်တို့ ပါတီကို ငါးပြာစေ့လည်း မကူညီခဲ့ဘူး၊ ကူညီခဲ့ဖူးသလား ဆိုတော့ မကူညီဖူးပါဘူးတဲ့။ အေး ငါးပြားစေ့ လည်း မကူညီဖူး၊ တစ်ကျပ်လည်း မကူညီဖူးပေမယ့် ကျနော်တို့ အစွပ်စွဲခံရတယ် လို့ ပြောလိုက်တယ်။ အဲဒီတော့ဗျာ ကျနော်တို့က အော်တို မက်တစ် ဗမာတပည့်ဖြစ်သွားတော့ ၂၀၁၅ မှာ ကျနော်တို့ မနိုင်တော့ဘူး။ ကျနော်တို့က ဗမာတပည့်၊ စစ်တပ်ရဲ့ တပည့် ဆိုပြီး စွပ်စွဲခံရတာက တစ်ကြောင်း။ နောက်တစ်ခါ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ‘ကျားဖြူကို မဲမ ထည့်ရဘူး၊ ထည့်ရင်ရွာ ထဲကနေထွက်’ ဆိုတော့ ဘယ်သူမှလည်း မဲမထည့်ရဲကြဘူး။ တကယ်တမ်းကျတော့ ကျနော်တို့ ၂၀၁၀ ကနေ ၂၀၁၆ မတ်လအထိ အစိုးရအဖွဲ့ထဲမှာ ပါနေခဲ့တာကိုး။ အများကြီး ကျနော်တို့ ကူညီခဲ့တယ်။ ကျောက်မဲမှာဆိုရင် တပ်က သိမ်းထားတဲ့မြေတွေ ဧက (၃၀, ၀၀၀) ကျော်လောက် ပြန်ရအောင် ကျနော်လုပ်ပေးခဲ့တယ်။

တိုင်းရင်းသား ဒေသတွေဟာ အရမ်းကို ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲတယ်။ ရှမ်း ပြည်နယ်ဆိုလည်း ဒီအတိုင်း ပဲ။ ပညာတတ်နည်းတယ်။ ဒီ စစ်ဒဏ်ကြောင့် ဒီလိုတွေဖြစ်နေရတာ …

ရှမ်းပြည်တစ်ခုလုံးဆိုရင် ကျနော် ထင်တယ်၊ ဧက သိန်းဂဏန်း လောက် နီးပါး ရှိမယ်။ ပြန်ရအောင် ကျနော်လုပ်ပေးခဲ့တာတွေ။ ကျနော်တို့က အများကြီး ကူညီ ပေးခဲ့ တယ်ဆိုပေမယ့် လူရဲ့ သဘောတရားကတော့ ပါတီအသစ်ပေါ်လာရင် အသစ်ကိုပဲ နည်းနည်းလေး စမ်းကြည့်ချင်တဲ့ သဘောရှိ တယ်၊ နောက် ဖိအား လည်း ရှိတယ်၊ နောက် ပုတ်ခတ်မှု မတရားစွပ်စွဲမှု တွေကလည်း ရှိတယ်ဆိုတော့ အကြောင်းက သုံးမျိုး ဖြစ်သွားတယ်။ စွပ်စွဲမှု ရယ်၊ တိုင်းရင်းသားလက်နက်ကိုင်ဖိအားရယ်၊ ပြည်သူတွေက အသစ် လိုချင်တာရယ် အဲဒီအကြောင်းတွေ ကြောင့် ဒီ ၂၀၁၅ မှာ ကျနော်တို့က တစ်နေရာပဲ နိုင်တာ။ အဲဒါတွေကြောင့်မို့လို့ပါ။

ငြမ်းမီဒီယာ – လက်ရှိ SNDP ပါတီရဲ့ မူဝါဒနဲ့ နိုင်ငံရေးရည်မှန်းချက်ကို ပြောပြပေးပါ။

USAP – ကျနော်တို့ အဓိကရည်မှန်းချက်က ဖယ်ဒရယ်ပြည်ထောင်စု လိုချင်လို့။ တိုင်းရင်းသားလက်နက်ကိုင် တွေဖြစ်ပေါ်လာတဲ့ အဓိကအကြောင်းကလဲ ဒါပဲ။ ဒီ Unitary State ကိုမလိုချင်ဘူး။ Federal State ကို လိုချင်တယ်။ အားလုံးကို ဗဟိုချုပ်ကိုင်မှု လုပ်ထား တယ်၊ Centralisation လုပ်ထားတယ်။ ရှင်းရှင်းပြောရင် ပြည်မက ဗမာလူမျိုးကြီးဝါဒနဲ့ အကုန်လုံးချုပ်ကိုင်ထားတယ်။

ပြည်ထောင်စုသားတွေ အများစု ကြီးက ဆင်းရဲကြပ်တည်းနေကြတယ်။ ကြည့်လေ အခုဒီနားက ပတ်စပို့စ်ရုံးမှာသွားကြည့်၊ လူငယ်တွေ …

ဗမာလူမျိုးတွေကပဲ အကုန်လုံးချုပ်ကိုင်ထားတယ်။ ပြည်ထောင်စုအစိုးရပဲ အကုန်လုံးချုပ်ကိုင်ထားတယ်။ ခင်ဗျားတို့ လေ့လာကြည့် လိုက်၊ တိုင်းဒေသကြီးခုနစ်ခုနဲ့ ပြည်နယ်ခုနစ်ခု၊ တိုင်းနဲ့ပြည်နယ် (၁၄) ခုအတွက် ပြည်ထောင်စုဘတ်ဂျက်က (၁၁) ရာခိုင်နှုန်း ပဲ ရှိတယ်။ ကျန်တဲ့ (၈၉) ရာခိုင်နှုန်းကို အားလုံး ဗဟိုကပဲကိုင်ထားတယ်။ ကျနော်တို့က မလိုချင်တော့ဘူး။ ကျနော်ဆို ရှမ်းပြည်နယ် သစ်တောနဲ့သတ္တုဝန်ကြီးလုပ်ခဲ့တယ်။ သစ်တော့တွေကို ပြည်ထောင်စုက ဘယ်သူ့ကိုချပေးလဲ၊ ဘယ်ကုမ္ပဏီဆိုတာလည်း ကျနော်တို့မသိဘူး။ ပေးပိုင်ခွင့်လည်း ကျနော်တို့မှာမရှိဘူး။ အကုန်လုံး ဗဟိုကပဲ ချုပ်ကိုင်ထားတာ။ အဲဒီပုံစံမျိုးဆို ကျတော်တို့က လက်မခံတော့ဘူး။ ကိုယ့်ပြည်နယ်ရဲ့ သယံဇာတတွေကို ဥပမာ သစ်တွေ တန်ချိန်သိန်းနဲ့ချီပြီး လာခုတ် သွားတယ်။ ကျနော်တို့ ပြည်နယ် ဘာမှ အကျိုးမခံစားရဘူး။ တကယ်တမ်း ပြောရင် ကျနော်တို့ရှမ်းပြည်က သယံဇာတအရင်းအမြစ်တွေ အများကြီး ရှိ တယ်။ လျှပ်စစ်ဓာတ်အားဆိုရင်လည်း ရွှေလီရေအားလျှပ်စစ်ရှိတယ်၊ ဟုတ်လား။ ရဲရွာ ဆိုလည်း ပြီးတော့မယ်။ ကျောက်မဲနားက ရဲရွာလေ။ နောက် ကျိုင်းတောင် ရေအားလျှပ်စစ်။ အဲဒီလို ရှမ်းပြည်က ရေအားလျှပ်စစ်တွေယူပြီး ကျနော်တို့ရှမ်းပြည်က မီး မလင်း ဘူး၊ ဒီဘက်ကပဲမီးလင်းနေတယ်ဆိုတော့၊ ဒါ တိုင်းရင်းသားတွေက အရင်ကနဲ့ မတူတော့ဘူးလေ။ အကုန်လုံးက ပညာတတ် ပြီး နားလည်လာကြပြီလေ။ အတွေးအခေါ်လည်းရှိလာပြီ၊ စာပေလည်းတတ်လာပြီဆိုတော့ ဒါက Not Fair ။ မမျှတဘူး။ ဖက်ဒရယ် ပြည်ထောင်စုဖြစ်မှ အဆင်ပြေမယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ကျနော်ဆိုရင် ဆွစ်ဇာလန်တို့ ဂျာမဏီတို့၊ အင်ဒိုနီးရှားတို့ကို သွား လေ့လာဖူးတယ်။ အဲဒီနိုင်ငံတွေကို လေ့လာကြည့်တဲ့အခါ ဆွစ်ဇာလန်က တကယ့် ကျနော်တို့ ရှမ်းပြည်လောက်ပဲ ဧရိယာရှိတယ်။ သူတို့မှာ ဘာသယံဇာတမှ မရှိဘူး။ ရေပဲရှိတယ်။ လူဦးရေ (၈) သန်းလောက်ပဲရှိတယ်။ ဒါပေမယ့် သူတို့ ကမ္ဘာမှာ အချမ်း သာဆုံး (၁၅) နိုင်ငံထဲမှာ ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲ အသုံးချ နိုင်လို့။ ကျနော်တို့ရှမ်းပြည်က လူဦးရေ (၅) သန်းကျော်လောက် ရှိတယ်။ ပြည်ထောင်စုရဲ့ ခြောက်ပုံတစ်ပုံ ရှိတယ်။ ပြည်ထောင်စုတစ်ခု လုံးမှာ မြို့နယ်ပေါင်းက (၃၃၀) ရှိတယ်။ ရှမ်းပြည်မှာ မြို့နယ် (၅၅) မြို့နယ်ရှိတယ်။ ခြောက်ပုံ တစ်ပုံ အတိအကျပဲ။ ရှမ်းပြည်က တကယ့်ကို သမိုင်းအစဉ်အလာကြီးခဲ့တယ်။ ပြည်ထောင်စုဆိုပြီး ဖြစ်ပေါ်လာတာ ရှမ်းကြောင့်ဖြစ်ပေါ်လာတာ။ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုဖြစ်လာရတာ။ တကယ် လို့သာ အင်္ဂလိပ်တွေပြောသလို ရှမ်းပြည်က နောက်မှ လွတ်လပ်ရေးယူခဲ့ရင် ရှမ်းပြည်က သီးသန့်ဖြစ်သွားမှာ။ ကျနော်တို့ဘက်က ပြည်ထောင်စုစိတ်ဓာတ်ရှိလို့၊ မိသားစုစိတ်ဓာတ်ရှိလို့ ပြည်ထောင်စုထဲမှာ ပါလာခဲ့ ပေမယ့် တကယ်တမ်းကျ နှစ်ပေါင်း (၇၀) ကျော်လာတဲ့အထိ ကျနော်တို့ရှမ်းပြည် က လွတ်လပ်ရေးအရသာ မခံစားရသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ရှမ်းပြည်မှာ တရုတ်ဖြူ ကွန်မင်တန်တွေဝင်လာလို့ စစ်ဒဏ်ခံခဲ့ရတယ်။ အဲဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိုလည်း လိုချင်တယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမှာ၊ မငြိမ်းချမ်းရင် မဖွံ့ဖြိုးမတိုးတက်ဘူး …

ခင်ဗျားတို့ လည်း ရှမ်းတိုင်းရင်းသားဆိုရင် ကျနော်တို့ခံစားရသလို ခံစားရမှာပဲ။ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ရှမ်းက နေပြီးမှ ကမကထလုပ်လာ ပြီးတော့မှ ပြည်ထောင်စု အသီးအပွင့်ကို မခံစားရဘူး။ ဒီရှမ်းပြည်က သယံဇာတတွေအားလုံးကို ပြည်မကချည်းပဲ ယူသွားကြတာ။ ရှမ်းတိုင်းရင်းသားတွေက ဘာမှမခံစားရဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆိုင်ရာ သတ္တုတွင်း ဝန်ကြီး ဆိုပြီးသာ ခန့်ထားတာ၊ ဘာမှ လုပ်ပိုင်ခွင့်ရှိတာ မဟုတ်ဘူး။ သဘောထားမှတ်ချက်လောက်ပဲ ပေးနိုင်တာ။ သစ်ဆိုရင် ဘယ်ကုမ္ပဏီကို ဘယ်လိုပေးလိုက်မှန်းကို ကျနော်တို့မသိဘူး။ စာရောက်လာမှ ကျနော်တို့သိရတာ။ သစ်ပဲဖမ်း ခိုင်းနေတာ၊ မီးသွေးတို့၊ ဝါးတို့၊ မျှစ်တို့လောက်ပဲ။ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒါကြောင့် ကျနော်ပြောတာ။ အရင်သမ္မတ ဦးသိန်းစိန် လက်ထက်က ကျနော်တို့ပါတီခေါင်းဆောင်တွေကို ရန်ကုန်တိုင်းရုံးမှာခေါ်တွေ့တယ်။ ကျနော် ပြောတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ က ဖက်ဒရယ်ပဲလိုချင်တယ် ဆိုတဲ့ကြောင်းကိုပြောတယ်။ အခုက အမည်ခံပဲလေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကတော့ အမည်ခံ ဖက်ဒရယ်ပဲ။ ဖက်ဒရယ်ကဲ့သို့ ပုံစံ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အနှစ်သာရ မရှိဘူး။ ထုံးစံက ဖက်ဒရယ်အရ ဆိုရင် လွှတ်တော်နှစ်ရပ် ရှိရမယ်လေ။ အထက်လွှတ်တော်၊ အောက်လွှတ်တော်။ ပြည်နယ်လွှတ်တော် ဖက်ဒရယ်နိုင်ငံတွေမှာ ဒါလည်းရှိတယ်။ ဒါပေမယ့်သူကပိုလိုက်တာက ပြည်ထောင်စုလွှတ်တော်ဆိုတာပဲ။ ပြည်ထောင်စု လွှတ်တော် ရှိကတည်းကိုက သွားပြီ။ ခင်ဗျားပြည်သူ့လွှတ်တော် က ဘယ်လိုပဲဖြစ်ဖြစ် ဗမာလူမျိုးက များတယ်လေ။ တိုင်းရင်းသား ဒေသက ခုနတုန်းကကျနော်ပြောတဲ့ မြို့နယ်ပေါင်း (၃၃၀) မှာ တိုင်းရင်းသားက (၁၂၃) မြို့နယ် ပဲရှိတယ်။ ရှမ်းပြည်က (၅၅) မြို့နယ်၊ ကချင်က (၁၈) မြို့နယ်၊ ကယားက (၇) မြို့နယ်၊ ကရင်က (၇) မြို့နယ်၊ မွန်က (၁၀) မြို့နယ်၊ ချင်းက (၉) မြို့နယ်၊ ရခိုင် (၁၇) ဟုတ်လား။ အဲဒီပြည်နယ်တွေငါးပြည်နယ် ပေါင်းတာ တောင်မှ ကျနော်တို့ရှမ်းပြည်နယ် အရေအတွက်ကိုမမီဘူး။ လူဦးရေလည်း ခင်ဗျား စဉ်းစားကြည့်။ ကယားဆို ကျနော်တို့ တောင်ကြီးတစ်မြို့နယ်လူဦးရေကိုမမီဘူး။ လားရှိုးတစ်မြို့နယ် လူဦးရေကိုမမီဘူး။ နှစ်သိန်း ကျော်ပဲ ရှိတယ်။ လားရှိုးမှာ လူဦးရေ သုံးသိန်းရှိတယ်။ သီပေါဆို နှစ် သိန်းလောက်ရှိတယ်။ ရှမ်းတွေချည်းပဲ။ (၉၀) ရာခိုင် နှုန်းက ရှမ်းတွေ။ အဲဒီတော့ ကျနော်တို့က လွတ်လွတ်လပ်လပ်ကို ပြောချင်တယ်ဗျ။ ကျနော်တို့နိုင်ငံက စစ်မှန်တဲ့ ဖက်ဒရယ် မပေါ်လာဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ ခက်တယ်။ ခင်ဗျားတို့ မီဒီယာသမားတွေလည်း အဲဒါကို Highlight လုပ်ပေးလိုက်ပါ။ တိုင်းရင်းသားတွေ အားလုံးက ဒီလို feeling ရှိတယ်။ ခင်ဗျားတို့ ကိုယ်ချင်း စာကြည့်ပေါ့။ ကချင်ဆို ပိုပြီးသယံဇာတများတယ်။ ကျောက်စိမ်းဆို အများကြီး၊ ရွှေတွေလည်းထွက်တယ်၊ ပယင်းလည်းထွက်တယ်၊ သွပ်တွေလည်းထွက်တယ်။ အကုန်လုံး တရုတ်ချည်းပဲ ခိုးသွားတယ်။ ကျနော်က နမ့်ခမ်းဇာတိ၊ ကျနော် သစ်တောသတ္တုဝန်ကြီးဘဝက နမ့်ခမ်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး တွေကို ည ည သစ်တွေခိုးထုတ်နေတယ်ဆိုတဲ့အကြောင်း ခဏခဏပြောဖူးတယ်။ ဖမ်းလို့ကိုမရဘူး။ ဘယ်လို ဖမ်းလို့မရလည်းဆိုတော့ သူတို့က တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပေါင်းစပ်ပြီးတော့ ညသန်းခေါင်ကြီး သစ်ကား တွေထွက်နေတယ်။ ခုလည်း ထွက်နေတုန်းပဲ။ ကျနော်တို့က သေသေချာချာ မလုပ်ရင် ပြည်မကလူတွေပဲခံစားရမှာ။

ကျနော်တို့က ပြည်ထောင်စုကြီးကနေ ခွဲထွက်ဖို့လည်းမရှိဘူး။ ပြည်ထောင်စုနဲ့ တန်းတူရည်တူရှိရမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရမယ်။ ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိရမယ်။ အဲဒီလိုပုံစံလိုချင်တယ် …

ရေကြီး ရင် မိုးရွာရင် သစ် ပင်တွေမရှိဘူးဆို တောင်ဂတုံးတွေကနေ ဒလဟောစီးလာပြီး တစ်ခါတည်း ဧရာဝတီမြစ်တို့၊ မကွေးတို့ ဘာတို့ ရေကြီးမယ်။ ဟုတ်တယ်မလား။ အရင်က အခုလောက်ရေမကြီးခဲ့ဘူးလေ။ အဲဒါဘာဖြစ်လို့လည်း။ အရင်က သစ်တောတွေ မပြုန်းတီး သေးဘူလေ။ သစ်တောတွေက ဒီလိုရာသီဥတုဖောက်ပြန်တာတွေကို ထိန်းထားနိုင်တယ်လေ။ အင်္ဂလိပ် လက် ထက်က ခုတ်တာ က Systematically ပဲ။ Sustainable Logging လို့ သူတို့ပြောတယ်။ စိုက်လည်းစိုက်၊ ထုတ်လည်း ထုတ်၊ သစ်တောတွေ ဂေဟစနစ် တွေမပျက်စီးအောင်သစ် ထုတ်လုပ်နိုင်တယ်။ အခုကျနော်တို့ဆီမှာက ရှိသမျှ အကုန် လုံးခုတ်ပဲ။ အရင် မိုးမိတ်ဘက် ကျနော် ရောက်တော့ တွေ့ခဲ့တဲ့ တကယ့်ကျွန်းတောကြီးတွေဟာ အခု မရှိတော့ဘူး။ အကုန်လုံးခုတ်ပလိုက်တာ။ အခု သစ်ငုတ်က ပြန်ထွက် တာတွေပဲ ကျန်တော့တယ်။ သိပ်နှမြော စရာကောင်းတယ်။ အဲဒီတော့ မေးခွန်းပြန်ကောက်ရရင် ကျနော်တို့ ပါတီမူဝါဒက ဖက်ဒရယ်လို ချင်တယ်၊ ဗဟိုချုပ်ကိုင်မှု မလိုချင်ဘူး။ Decentralisation ဖြစ်ချင်တယ်။ နောက် Power Sharing လိုချင်တယ်။ အာဏာခွဲဝေမှုရှိရမယ်။ အခုကျနော်တို့ ဟိုတလောတုန်းက တပ်ချုပ်နဲ့သွားတွေ့တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေက ကျနော့်ကိုစကားပြောခိုင်းတော့ တပ်ချုပ်ကိုပြောတယ်၊ တပ်ချုပ်ကြီး ကျနော်တို့ တိုင်းရင်းသားတွေက ပုဒ်မ ၂၆၁ ကိုပြင်ချင်တယ်လို့။ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတခန့်တဲ့ ဝန်ကြီးချုပ် တွေကို ကျနော်တို့မလိုချင်ဘူး။ သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က ရွေးကောက် တင်မြှောက်တဲ့ ဝန်ကြီးချုပ်ပေါ့၊ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရွေးမှာပေါ့။ အဲဒီလိုမျိုး ဖြစ်ရမယ်။ တပ်ကလာတာလည်း မဖြစ်ရဘူး။ တပ်က ရွေးကောက်တင်မြှောက်တာ မဟုတ်ဘူးလေ။ သူက appointed ပဲ။ အဲဒီလို ရွေးချယ်လိုက်တဲ့လူကို ဝန်ကြီးချုပ်အနေနဲ့ သမ္မတက အတည်ပြုပေးလိုက်။ ဒါဆို သူ့ပြည်နယ်၊ သူ့တိုင်းဒေသကြီး အတွက် သူဝန်ကြီး ချုပ်ဖြစ်ပြီ။ သူအစိုးရဖွဲ့လိမ့်မယ်။ သူက ကိုယ်ပိုင်အုပ်ခွင့်ရသွားပြီ။ နောက် ဇယား (၁) ပြည်ထောင်စုလုပ်ပိုင်ခွင့်က အများကြီးများ တယ်။ အခြေခံဥပဒေထဲမှာကြည့်၊ ဇယား (၁) ကနေ ဇယား (၅) အထိရှိတယ်။ ဇယား (၁) က ပြည်ထောင်စုလုပ်ပိုင်ခွင့်။ ဇယား (၂) က တိုင်းဒေသကြီးနဲ့ ပြည်နယ် လုပ်ပိုင်ခွင့်။ ဇယား (၅) က ပြည်နယ်နဲ့ တိုင်းတွေရဲ့ အခွန်ကောက်ပိုင်ခွင့်။ အဲဒီတော့ ကျနော် တပ်ချုပ်ကြီးကို ပြောခဲ့တယ်၊ ဇယား (၁) ကနေ ဇယား (၂) ကို မြန်မြန်ပြောင်းဖို့ ဆောင်ရွက်ပေးပါလို့။ ဒါမှ Decentralisation ဖြစ်မယ်။ ဒါ ကျနော်တို့ရဲ့ မူဝါဒပဲ။ ကျနော်တို့လိုချင်တာလည်း ဒါပဲ။ ကျနော်တို့က ပြည်ထောင်စုကြီးကနေ ခွဲထွက်ဖို့လည်းမရှိဘူး။ ပြည်ထောင်စုနဲ့ တန်းတူရည်တူရှိရမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရမယ်။ ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိရမယ်။ အဲဒီလိုပုံစံလိုချင်တယ်။ ဥပမာပြောရရင် ဆွစ်ဇာလန်မှာဆို သူပြည်နယ်နဲ့သူ၊ နိုင်ငံကသေးပေမယ့် ပြည်နယ်က (၂၆) ပြည်နယ်တောင်ရှိတယ်။ သူတို့က ပြည်နယ်တွေကို State လို့မခေါ်ဘူး။ Canton လို့ခေါ် တယ်။ ပြည်နယ်တိုင်းမှာ သူ့ဥပဒေနဲ့ သူ့အစိုးရနဲ့။ ကျနော်တို့လည်း အဲဒီလို မျိုးလိုချင်တယ်။ ဂျာမဏီလည်း ဒီအတိုင်းပဲ။ ဂျာမဏီမှာဆို (၁၆) ပြည်နယ်ရှိတယ်။ သူ့ပြည်နယ်မှာ သူ့ဝန်ကြီးချုပ်နဲ့ သူ့ အစိုးရနဲ့၊ ပြည်နယ် အစိုးရ တွေအောက်မှာ ရဲရှိတယ်။ စစ်တပ်သာမရှိတာ၊ ကျန်တာအားလုံးရှိတယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့ပုံစံက ကာကွယ်ရေး၊ ငွေရေးကြေးရေး၊ ပင်လယ်ရေကြောင်း၊ လေကြောင်း စတဲ့ဟာတွေကို ပြည်ထောင်စုကကိုင်ပေါ့၊ ကျန်တဲ့ဟာတွေကို ပြည်နယ်တွေကို မျှပေးပေါ့။ ကျနော်တို့က အဲဒီလို Decentralisation ဗဟိုချုပ်ကိုင်မှု လျော့ချမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင် ပြဌာန်းခွင့်လိုချင်တယ်။ တိုင်းရင်းသား ဒေသတွေဟာ အရမ်းကို ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲတယ်။ ရှမ်း ပြည်နယ်ဆိုလည်း ဒီအတိုင်း ပဲ။ ပညာတတ်နည်းတယ်။ ဒီ စစ်ဒဏ်ကြောင့် ဒီလိုတွေဖြစ်နေရတာ။ စစ်ဒဏ်ကိုခံရတာ ကျနော်တို့ နှစ်ပေါင်း (၆၀) (၇၀) ရှိပြီ။ တိုင်းရင်းသားလက်နက်ကိုင် မရှိခင်ကလည်း ကျနော်တို့ရှမ်းပြည်မှာ တရုတ်ဖြူ ကွန်မင်တန်တွေဝင်လာလို့ စစ်ဒဏ်ခံခဲ့ရတယ်။ အဲဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိုလည်း လိုချင်တယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမှာ၊ မငြိမ်းချမ်းရင် မဖွံ့ဖြိုးမတိုးတက်ဘူး။

ငြမ်းမီဒီယာ – မေးခွန်းထဲမှာပါတဲ့ နိုင်ငံရေးရည်မှန်းချက်အပိုင်းကိုပြောပါဦး။

USAP – နံပါတ်တစ် ကျနော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရည်တူအခွင့်အရေး လိုချင် တယ်။ Decentralisation ဗဟိုချုပ်ကိုင်မှု လျော့ချရမယ်။ Tax Sharing အခွန်တွေကို မျှပေးရမယ်။ အဲဒါ ကျနော်တို့ရဲ့ အဓိက နိုင်ငံရေး ရည်မှန်းချက်ပဲ။ ဒါမှ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှာပေါ့။ နောက်ပြီးတော့ ကျနော်တို့က ရှမ်းတိုင်းရင်းသား တွေအပါအဝင် ပြည်ထောင်စုသား တိုင်းရင်းသားအားလုံးကို ဖွံဖြိုး စေချင်တယ်။ ချမ်းသာစေ ချင်တယ်။ အခုက ပြည်ထောင်စုသားတွေ အများစု ကြီးက ဆင်းရဲကြပ်တည်းနေကြတယ်။ ကြည့်လေ အခုဒီနားက ပတ်စပို့စ်ရုံးမှာသွားကြည့်၊ လူငယ်တွေ လူငယ်တွေ နိုင်ငံခြား ထွက် အလုပ်လုပ်ဖို့ တန်းစီနေကြတာ။ Brain Drain တော့မဟုတ်ဘူးပေါ့၊ Labour Drain ပေါ့ဗျာ။ အဲဒါကြောင့် ကျနော်တို့တိုင်းပြည် ဖွံ့ဖြိုးဖို့ ချမ်းသာဖို့ လိုတယ်။ နို့မို့ဆို မလွယ်ဘူး။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းဒေသ၊ ‘ဝ’ ဒေသ၊ တအာင်း (ပလောင်) ဒေသ၊ ပအိုဝ်းဒေသ၊ ကိုးကန့်ဒေသ၊ ဓနုဒေသ၊ အခါဒေသ၊ လားဟူဒေသ ဆိုတဲ့ ဒေသကြီးရှစ်ခုမှာ နိုင်ငံရေး ပါတီတွေ အသီးသီးရှိတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ SNDP ပါတီက အဲဒီ ဒေသအားလုံးကို ဝင်ပြိုင်မှာလား။ ဒေသခံပါတီတွေနဲ့ Alliance လုပ်ပြီး မူဝါဒပိုင်းဆိုင်ရာ သဘောတူထားတာ မျိုးရှိသလား။

USAP – ဒေသက ငါးခုပဲရှိတယ်။ ကျနော်ပြောပြမယ်။ ‘ဝ’ ဒေသ၊ ကိုးကန့်ဒေသ၊ ပလောင်ဒေသ၊ ဓနုဒေသ၊ ပအိုဝ်းဒေသ ဆိုတဲ့ ဒီငါးခုပဲ ရှိတယ်။ ‘အခါ’မရှိဘူး၊ လားဟူမရှိဘူး။ လုံးဝကိုမရှိတာ။ ဘာဖြစ်လို့မရှိလည်းဆိုတော့ ခင်ဗျားတို့က ရှမ်းပြည်ရဲ့ သန်းခေါင် စာရင်းကို မသိလို့ ဖြစ်နေတာ။ ‘အခါ’များတဲ့မြို့နယ် တစ်မြို့နယ်မှမရှိဘူး။ လားဟူများတဲ့မြို့နယ် တစ်မြို့နယ်မှမရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လောက်ကိုင်မှာဆိုရင် ရှမ်းက တစ်သောင်းနီးပါးလောက်ရှိတယ်။ ကျနော် ဝန်ကြီးဘဝတုန်းက အဲဒီနေရာတွေအကုန်လုံး မြို့နယ်စုံ ရောက်ခဲ့တယ်။ လူဦးရေစာရင်းလည်း ကျနော်တို့ဆီမှာ ရှိတယ် …

ပလောင် ဒေသမှာ ရှမ်း မများဘူး။ နမ့်ဆန်နဲ့ မန်တုံက ပလောင်များ တယ်။ ရှမ်းနည်းတယ်။ ဒါကြောင့် ပေးကိုပေးရမယ်။ ဒါကိုကျနော်တို့က Attach မလုပ်ဘူး။ ‘ဝ’ ဒေသမှာ (၆) မြို့နယ်ရှိတယ်။ အဲဒီအထဲက (၄) မြို့နယ်က ‘ဝ’ လက်အောက်မှာ၊ (၂) မြို့နယ်ပဲ အစိုးရ လက်အောက် မှာရှိတာ။ ဟိုပန်နဲ့ မက်မန်း ဒီနှစ်မြို့နယ်ပဲ အစိုးရလက်အောက်မှာရှိတယ်။ အခုကျနော်တို့ ကျားဖြူကနေ ကမကထလုပ်ပြီး ရှမ်းပြည်မှာရှိတဲ့ ပါတီတွေအားလုံးကိုဖိတ်ခေါ်ပြီးတော့ LSSEPP (League for Shan State Ethnic Political Parties) ဆိုပြီး ဖွဲ့ထားတာရှိတယ်။ တစ်နှစ်လောက်ရှိပြီ။ ကျနော်တို့ မဟာမိတ်သဘောမျိုး ဖွဲ့ထားတာ (၁၁) ပါတီရှိ တယ်။ ကျနော်တို့ ထဲမှာ ဘယ်သူတွေပါလဲဆိုတော့ ‘ဝ’ လည်းပါတယ်၊ ‘ဝ’ က သုံးပါတီတောင်ရှိတာ။ ပလောင်လည်း ပါတယ်၊ ပလောင် ကတော့ တစ်ပါတီပဲ။ နောက် ဓနုနှစ်ပါတီ ကျနော်တို့အဖွဲ့မှာပါတယ်၊ အင်း နှစ်ပါတီပါတယ်။ လားဟူ၊ လီဆူး အဲဒါတွေ ကျနော်တို့ အဖွဲ့ထဲမှာပါတယ်။ ပအိုဝ်း တော့မပါဘူး။ ပအိုဝ်းက ရှင်းရှင်းပြောရင် USDP ရဲ့ Alliance ပေါ့ဗျာ။ အရင်တုန်းကတော့ USDP နဲ့ Alliance ပေါ့၊ ခုတော့ကျနော် မသိဘူး။ အဲဒီတော့ ‘ဝ’ ဒေသဆို ကျနော်တို့ သွားမပြိုင်ဘူး။ ကိုးကန့်ဆိုရင်လည်း ကျနော်တို့ သွားမပြိုင် ဘူး။ ကိုးကန့်က (၂) မြို့နယ်၊ ကုန်းကြမ်းနဲ့ လောက်ကိုင်၊ လောက်ကိုင်ဆို ကျနော်တို့ ရှမ်းတွေရှိတယ်။ ကုန်းကြမ်းမှာ လည်း နည်းနည်း ပါးပါးတော့ရှိတယ်။ လောက်ကိုင်မှာဆိုရင် ရှမ်းက တစ်သောင်းနီးပါးလောက်ရှိတယ်။ ကျနော် ဝန်ကြီး ဘဝတုန်းက အဲဒီနေရာတွေအကုန်လုံး မြို့နယ်စုံ ရောက်ခဲ့တယ်။ လူဦးရေစာရင်းလည်း ကျနော်တို့ဆီမှာ ရှိတယ်လေ။ အဲဒီတော့ နည်းရင် ကျနော်တို့သွားပြိုင်လည်း မနိုင်ဘူး။ လောက်ကိုင်ပဲ သွားပြိုင်ပြိုင်၊ ကုန်းကြမ်းပဲ သွားပြိုင်ပြိုင် ကျနော် တို့မနိုင်ဘူး။ ရှမ်းက အဲဒီမှာ လူနည်းစုဆိုတော့၊ ကျနော်တို့ ဝင်မပြိုင်ဘူး။ ‘ဝ’ ဒေသက ဟိုပန်၊ မက်မန်းကိုလည်း သွားမပြိုင်ဘူး။ နောက် ပလောင်ဒေသက နမ့်ဆန်၊ မန်တုံ မှာလည်း မပြိုင်ဘူး။ ကျနော်တို့ ကျားဖြူအနေနဲ့ မပြိုင်ဘူး။ ဓနုဒေသက ပင်းတယ၊ ရွာငံ မှာလည်းမပြိုင်ဘူး၊ ရှမ်း နည်းတယ်။ ပြိုင်လည်းမနိုင်ဘူး၊ ရှုံးမှာပဲ။ ကိုယ့်အချင်းချင်းပဲ၊ သူတို့ပြိုင်ပါစေ။ အဲဒီမှာရှိတဲ့ ကိုယ့်ရှမ်းတွေကိုလည်း ကိုယ်နဲ့ မဟာမိတ်ဖြစ်တဲ့ပါတီကိုပဲ မဲထည့်ဖို့ပြောတယ်။ ကျနော်တို့က အဲဒီလိုမူရှိတယ်။ ဓနုက နောင်ချိုမှာကျတော့ ရှမ်းတစ်ဝက် ဓနုတစ်ဝက်ဗျ။ အဲဒီတော့ ကျနော်တို့က ညှိထားတယ်၊ ရှမ်းများတဲ့ဘက် မှာ ကျနော်တို့ပြိုင်မယ်၊ ဓနုများတဲ့ဘက်မှာ သူတို့ ပြိုင်ပေါ့။ ဓနုများတဲ့ဘက် မှာနေတဲ့ ရှမ်းတွေလည်း ကျနော်တို့ (၁၁) ပါတီအဖွဲ့မှာပါတဲ့ ဓနုပါတီကို မဲပေးပေါ့၊ ဒီဘက် ရှမ်းများတဲ့ နေရာက ဓနုတွေလည်း ကျနော်တို့ပါတီကို မဲပေးပေါ့။ အဲဒီလိုမျိုးရှိ တယ်။ ကိုးကန့်ဒေသက ကွန်းလုံဆို ကိုးကန့်များတယ်။ ရှမ်းက တစ်သောင်းမပြည့်တတ်ဘူး။ ကိုးကန့်ကလည်း ကျနော်တို့နဲ့ မဟာမိတ်ဆိုတော့ ကျနော်တို့မပြိုင်ဘူး။ အဲဒီလိုမျိုးတော့ ကျနော် တို့ Policy ရှိတယ်။ ကျနော်တို့ LSSEPP က ထုတ်ထားတဲ့ Statement ရှိတယ်။ ရှင်းရှင်းပြောရင် အဲဒါ ကျနော်တို့ Policy ပဲ။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်က ထုတ်တဲ့ NBF ရဲ့ Statement လည်း ဒီပုံစံပဲလေ။

ငြမ်းမီဒီယာ – SNDP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်နဲ့ အမျိုးသမီး (၄၅) ရာခိုင်နှုန်းအထိ ဝင်ရောက်ယှဉ်ပြိုင် နိုင်အောင် စီစဉ်ထားတယ်ဆိုတော့ လူငယ်နဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဦးဆောင်မှုစွမ်းရည်ကို ဘယ်လိုစီစဉ် လေ့ကျင့် ပေးနေပါသလဲ။

USAP – အခု နေပြည်တော်မှာ လာတက်နေကြတယ်လေ။ ကျနော်တို့ ဒီအတွက် အများကြီး လုပ်ထားပါတယ်။ သင်တန်းတွေပေါ့။ IRI တို့လိုသင်တန်းတွေအများကြီးပေးနေတာတွေရှိတယ်။ လွတ်တော်ကိုယ်စားလှယ် လုပ်မယ့်သူတွေ အတွက်ပေါ့။ ရှင်းရှင်း ပြောရင် ကျနော်တို့က ၂၀၂၀ မှာ ဝင်မပြိုင်တော့ဘူးလေ။ ကျနော်အခု (၇၅) နှစ်ရှိပြီလေ။ ၂၀၂၀ ကျ (၇၆) နှစ်ဆိုတော့ လုပ်ဖို့ မသင့်တော်တော့ဘူး။ ကျနော်တို့က ပါတီပိုင်းကိုပဲ ထိန်းပြီးတော့ အကြံဉာဏ်ပေးမယ်၊ ဦးဆောင်ပေးမယ်။ ဒါမှဖြစ်မယ်လေ။ ဒီကျားခေါင်း SNLD ဆိုတာ ကျနော့်နာမည်နဲ့ စပြီးတော့တည်ထောင်ခဲ့တာ။ ကျနော့်အစ်ကိုနဲ့ ကျတော်တို့ညီအစ်ကိုတွေ စလုပ် ခဲ့တာ။ ပထမဆုံး ကျားခေါင်းရဲ့ဥက္ကဌ စိုင်းသက်ဝင်းက ကျနော့်အစ်ကိုပဲ။ နောက်ပိုင်း ဖမ်းဟယ် ဆီးဟယ်တွေလုပ်တော့ နိုင်ငံရေးလုပ်လို့ သိပ်မကောင်းဘူးလေ။ ၂၀၁၀ ကျမှ အခြေခံဥပဒေပေါ်လာမှ ဖြစ်တာကိုး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

အခြေခံဥပဒေပြင်နိုင်ဖို့ဆိုရင် နောက်ထပ် (၁၀) နှစ်နဲ့ ပြင်နိုင်ရင် ကံကောင်း – အပိုင်း(၂)

ရခိုင်ပါတီကအများစုနိုင်ပြီး NLD က ဝန်ကြီးချုပ်ဖြစ်တယ် ဆိုတော့ . . . . အပိုင်း (၃)

ဒီမိုကရေစီ အစစ်အမှန်ဆိုရင် တပ်မတော်က အစိုးရလက်အောက်မှာပဲရှိရမယ် – အပိုင်း (၄)

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,