ကျနော်တို့က Revolution နောက်တစ်ဆင့်လိုသေးတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MKL / ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လ

လတ်တလော ကပ်ရောရာအသွင်ဆောင်နေသည့် Covid -19 virus အခြေအနေ၊ ၎င်းကိစ္စအပေါ်မူတည်ပြီးဖြစ်လာနိုင်သည့် ကမ္ဘာ့အရေး မြန်မာ့အရေးတို့ကို ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ကချင်ပြည်နယ်အတွက်ဆို Proxy Politic နဲ့ Proxy Economic ဆိုတာ ဘာကိုရည်ညွှန်းပြီးပြောတာဖြစ်နိုင်မလဲ။

Dr. MKL – Proxy Politic ဆိုတာဘာလုပ်သလဲဆိုတော့ အခုဟာက Pro China Policy ကိုကျင့်သုံးနေတာ။ အခုလက်ရှိ NLD ကလည်း Pro China ပဲ။ တရုတ်ကိုအလိုရှိသော နိုင်ငံရေး၊ စီးပွားရေးကိုတည်ဆောက်နေတာ။ China ဘက် ယိမ်းနေတာပေါ့။ USDP အစိုးရကလည်း ဒီအတိုင်းတည်ဆောက်တယ်။ သူ့ရှေ့က နဝတ၊ နအဖ အစိုးရကလည်း ဒီအတိုင်းတည်ဆောက်လာတယ်။ နဝတ၊ နအဖ တုန်းကတော့ Defacto အစိုးရမို့ကျနော်မပြောလိုဘူး။ USDP အစိုးရလည်း Semi Defacto ၊ အိုကေ။ ဒါပေမယ့် ကျနော်တို့ NLD အစိုးရမှာ ဘာဖြစ်လို့ Pro China ကိုဆက်လုပ်သလဲ။ အဲဒါက ခုန က နိုင်ငံရေး Base ကိုကျနော်ပြောတာ၊ ကျနော်တို့က ဘန်ဒေါင်းမူအစွဲနဲ့သွားနေတာ။ အဓိက လူတွေမှာအစွဲမကျွတ်တာ ပေါ့ဗျာ။ ရဲရဲတင်းတင်း Liberal Democracy ကိုမခုန်တာ။ အဲဒီတော့ Pro China policy ကျင့်သုံးတဲ့အတွက်ကြောင့် ဘာဖြစ်သွားသလဲဆိုတော့ China Influence က အရမ်းကြီး သွားတယ်။ တရုတ်လွှမ်းမိုးမှုပေါ့။ ဒီကြားထဲမှာ BRI သဘောတူညီချက် (၃၃) ချက်ကိုလုပ်တဲ့အခါကျတော့ ပိုဆိုးသွားတယ်။ အဲဒီတော့ တရုတ်လိုချင်တဲ့ပုံစံအတိုင်း ‘က’ ရတော့တယ်။ အဲဒီမှာ Proxy Politic or Economic ဆိုတာ ဖြစ်လာတယ်။ အဲဒီဟာကို ကျနော်တို့ကချင် Political Institution ကလည်းလိုက်တယ်။ KNC ကလွဲပြီး ကျန်တဲ့သူတွေလိုက် တယ်။ အဲဒါကိုတော့ ကျနော် တည့်တည့်ပြောချင်တယ်။ အဲဒီတော့ Pro China Politic နဲ့ Pro China Economic System ကို ကျင့်သုံးလိုက်တာနဲ့ ကျနော်တို့က Automatic ကို China Proxy ဖြစ်သွားတာပဲ။ တရုတ်ရဲ့ ချုပ်ကိုင်မှုထဲကို ကျနော်တို့က Automatic ဝင်သွားတယ်။ ကျနော်တို့ ရဲ့ Geopolitic အရ ကျနော်ရှင်းပြချင်တာက အိန္ဒိယရော၊ တရုတ်ရောနှစ်ဖက်လုံးမှာ Pro India ရော၊ Pro China ရောလုပ် လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ဖက်လုံးကျေနပ်လောက်အောင် ပေါင်းသင်း ဆက်ဆံလို့မရဘူး။ အိန္ဒိယနဲ့ တရုတ်က စစ်ပွဲဖြစ်ထားတဲ့တိုင်းပြည်တွေ၊ သူတို့ကမတည့်ဘူး။ မတည့်တဲ့နိုင်ငံနှစ်ခုကို ကျနော်တို့ကအင်အားမကြီးဘဲကစားလို့မရဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူတောင်းစားဝမ်းသာအောင် အမဲသားကို မဆလာနဲ့ချက်ပြတာပဲ။ တကယ်တမ်းကျတော့ မကျွေးဘူးလေ။ တကယ်တမ်း လုပ်သင့်တာက …

ဒါကစိတ်ကူးယဉ်လို့မရတဲ့နိုင်ငံရေးဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ဒီမတည့်တဲ့နှစ်နိုင်ငံကိုကစားလို့မရသလို တစ်ဖက်ဖက်ကို ပင်းလို့လည်းမရဘူး။ အဲဒီ Policy အမှားက ၁၉၄၈ ကစခဲ့တဲ့အမှား။ ဒီကနေ့က ပိုဆိုးလာတာ။ နိုင်ငံ ရေးလမ်းကြောင်းလွဲတာပေါ့။ အဲဒီတော့ ကျနော်တို့က ဒီ Pro China ရော Pro India ရောကိုမလုပ်သင့်ဘူး။ ကျနော့် နိုင်ငံရေးယူဆချက်အရဆိုရင်တော့ Western Democracy ကို Alliance ဖြစ်အောင် တည်ကိုတည်ဆောက်ရမယ်။ ပြတ် ပြတ်သားသားကို ကျနော်တို့လုပ်ရမယ်။ အဲဒီလိုလုပ်မှ Proxy Politic or Proxy Economic ဆိုတဲ့ သြဇာခံနိုင်ငံရေး သြဇာ ခံစီးပွားရေးကနေ ကျနော်တို့လွတ်မှာဖြစ်တယ်။ နို့မို့ ဆို မလွတ်ဘူး။ အခုပွင့်ပွင့်လင်းလင်းပြောရင် Western Democracy က ဂျပန်၊ တောင်ကိုးရီးယားကတဆင့် သွယ်ဝိုက်ပြီး ကျနော်တို့ ဆီကိုလာနေတယ်။ အဲဒါကို ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုရင် ဂျပန်က အခု ရန်ကုန်၊မန္တလေးရထား လမ်းတွေ တည်ဆောက်တယ်။ ရန် ကုန်မြို့ထဲမှာဆိုရင်လည်း မြို့ပတ်ရထားလမ်းတွေကအစတခြားဟာတွေ အများကြီး ကူညီနေ တယ်။ နောက်တစ်ခါ ကိုးရီးယားဆိုရင် KOICA စီမံကိန်းတွေနဲ့ အများကြီးလုပ်ပေးတယ်။ ဂျပန်က JICA စီမံကိန်းတွေနဲ့ ဝင်တယ်။ Slow and Steady ပေါ့။ အခု သီလဝါ၊ သံလျင်စက်မှုဇုန်ဆို အရမ်းအောင်မြင်တယ်။ အဲဒီကနေ အခုကားတွေကအစ ထွက်နေတာ တအားပဲ။ အဲဒီတော့ ကျနော်တို့သိဖို့လိုတာက Slow and Steady ကို သွားရမယ်။ အဲဒီနေရာမှာ ကျနော်တို့ရဲ့ Political Ethic တွေ၊ လုပ်သင့်တဲ့နိုင်ငံရေးစံချိန်စံညွှန်းတွေ၊ နောက်တစ်ခါ နိုင်ငံသားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ၊ ကျနော်တို့ သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီနဲ့ကိုက်ညီတဲ့စံနှုန်းတွေ တည်ဆောက်ရမှာ။ ပါးစပ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြောပြီးတော့ အဲဒီဟာနဲ့ကိုက်ညီတဲ့ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးတွေ မတည်ဆောက်နိုင်ရင်အလကား ပဲ။ အဲဒါကြောင့် ကျနော် ပြောလိုတာက တရုတ်ဘက်ကို ကပ်လုပ်ရင် Pro China Policy သုံးတာနဲ့ တဆင့်ခံနိုင်ငံရေးဖြစ်တဲ့ Proxy Politic ဖြစ်ပြီး တရုတ် ဘာလုပ်ချင်လဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဆို လုပ်ကြတာပဲ။ စစ်ပွဲရပ်ဆိုရပ်တယ်၊ တိုက်ဆို တိုက်တယ်။ လက်နက် ကလည်း သူ့ဆီကပဲ။ အဲဒီလိုဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့က Proxy Politic ကနေရုန်းထွက်ဖို့လိုတယ်။ စီးပွားရေးဆိုတာလည်း အားလုံးသိတဲ့အတိုင်း တရုတ်ပစ္စည်းပဲကျနော်တို့သုံးနေတာကိုး။ အဲဒါလည်း Proxy Economic ပဲ။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ဆီမှာ Production မလုပ်ဘူး။ မလုပ်ရတဲ့ ကျနော်တို့ရဲ့အားနည်းချက်က ကျနော်တို့ရဲ့ဒီမိုကရေစီစံချိန်စံညွှန်းကို ပြည့်ဝအောင်မတည်ဆောက်ထားလို့ ဘာမှလုပ်မရဘူး။ အဲဒီဟာမှာ Link ရှိတယ်။ ဒီဟာကို နိုင်ငံခေါင်းဆောင်အဆက်ဆက်က၊ နိုင်ငံရေးခေါင်းဆောင်အဆက်ဆက်က ကြပ်ကြပ်မတ်မတ် သေချာအကောင်အထည်ဖော်ရမယ့်အလုပ်လို့ ကျနော်မြင် တယ်။ ဒီအပေါ်မှာပေါ့ဆလို့ကိုမရတာ။ အဲဒီတော့ ကျနော် တို့က လှန်ကိုလှန်ရမယ့်အနေအထားရှိတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ Geopolitics အနေအထားအရက ဒီအတိုင်းရှိတယ်။ အဲဒီဟာကိုမယုံကြည်လို့ကတော့ တစ်သက်လုံးဒီအတိုင်းသွားမှာ။ ဘယ်တော့ မှ ဒီ တိုင်းပြည် မတက်ဘူး။ ဒါကိုကျနော်ပြောလိုတာ။ ကျနော်တို့က တခြားတိုင်းပြည်နဲ့မတူဘူး။ ကျနော်တို့က ဒီစံချိန်စံညွှန်းကို လုံးဝကို တည်ဆောက်ရမယ် လို့ ကျနော်မြင်တယ်။ အဲဒါကျနော့်ရဲ့ယူဆချက်။ ကြိုက်ချင်မှလည်းကြိုက်မယ်၊ မကြိုက်လည်း ကျနော် ပြောရမှာပေါ့။

ငြမ်းမီဒီယာ – ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသွားမယ်လို့ ပြောထားပေမယ့် ဖက်ဒရယ်အတွက်အထောက်အကူ ဖြစ်စေမယ့် အခြေခံဥပဒေထဲကပုဒ်မတစ်ခုနှစ်ခုလောက်ကိုတောင် ပြင်လို့မရနိုင်တဲ့အနေအထားကို ဘယ်လိုမြင်ပါသလဲ။

Dr.MKL – နံပါတ်တစ်ပြောလိုတာကတော့ နာမည်ကြီးနေတဲ့ ပုဒ်မ ၂၆၁ ပေါ့။ ပုဒ်မ ၂၆၁ က ပြင်ရမယ့်ဟာဖြစ်သလို၊ သူနဲ့တွဲတဲ့ ပုဒ်မ ၂၄၈ (ဂ) နဲ့ ၂၆၂ (စ) အဲဒီဟာတွေကလည်း ပြင်ရမယ့်ပုဒ်မတွေဖြစ်တယ်။ ၂၄၈ ကဘာကို ဆိုလို သလဲဆိုတော့ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဝန်ကြီးတွေကိုရွေးချယ် ဖို့၊ ၂၆၂ (ဂ) က ကျတော့သမ္မတရဲ့ အတည်ပြုနိုင်ခွင့် အာဏာ။ အဲဒီတော့ ၂၆၁ တစ်ခုတည်းပြင်ရုံနဲ့တော့ ဝန်ကြီးချုပ်ဖြစ်ရုံနဲ့သမ္မတ က သူ့ဟာသူ ဝန်ကြီးတွေရွေးမယ်၊ ဝန်ကြီးဌာနတွေသူ့စိတ်ကြိုက်ဖွဲ့နေမယ်ဆိုရင်လည်းအလကားပဲ။ အဲဒါမှ တကယ့် Proxy Politic ဖြစ်တာ။ တကယ့် Proxy ဖြစ် သွားတာ။ အဲဒီတော့ ဒီဟာက ဒီတစ်ခုတည်းပြောချင်တာနဲ့ ပွင့်ပွင့် လင်းလင်း ပြောရင် တာဝန်အပြည့်မယူတဲ့ပြင်ဆင်မှုပဲ။ ဟိုဘက်ကကန့်ကွက်တာကလည်း လုံးဝတာဝန်မယူချင်တဲ့ ပြယုဂ်ပေါ့။ ဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီ ဒီမိုကရေစီဖက်ဒရယ် ဘယ်လိုပြောပြော သူ့ရဲ့စံချိန်စံညွှန်းတွေမပါဘူး။ ကျနော်ဆိုလိုတာက ဒီ ၂၆၁ ကတော့ ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့အချက်ပေါ့။ ဒါပေမယ့်အဓိကက ကျနော်တို့ရဲ့ ရွေးကောက်ပွဲပုံစံကို အရင်ပြောင်းရမှာ။ ရွေးကောက်ပွဲ ပုံစံမပြောင်းဘဲ ပုဒ်မ ၂၆၁ လောက်ပြောတာကလည်းအလကားပဲ။ အလကားပဲဆိုတာ သူတောင်းစားဝမ်းသာအောင် အမဲသားကို မဆလာနဲ့ချက်ပြတာပဲ။ တကယ်တမ်းကျတော့ မကျွေးဘူးလေ။ တကယ်တမ်း လုပ်သင့်တာက ကျနော်တို့ရဲ့ရွေးကောက် ပွဲပုံစံကို ပြောင်းကိုပြောင်းရမှာ။ အခုကျနော်တို့ရဲ့ရွေးကောက်ပွဲပုံစံက ဥပဒေပြုရေးအတွက်ပဲ ရွေးကောက်ပွဲလုပ်နေတာ။ အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲလုံးဝမလုပ်ဘူး။ ဖက်ဒရယ်ရဲ့ တကယ့်အရွေ့အတွက် အုပ်ချုပ်ရေးကို ရွေးကောက်ပွဲလုပ်ကိုလုပ်ရမယ်။

တပ်ကိုတိုက်ရိုက် သွားပြီး ဘော်ဒီချင်းတိုက်လို့မရဘူး။ ကိုယ်ကသေးနေတယ်၊ သူကကြီးနေတယ်ဆိုတော့ ပြန်လန်တာပဲ။ ဒါပေမယ့် …

ဒါက နံပါတ်တစ် အရေးအကြီးဆုံးအချက်ထဲမှာပါတယ်။ ဘာကြောင့်လဲဆို အုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့က Withdraw လုပ်ရမှာ။ ပြည်မကလာပြီး Grip လုပ်ထားတဲ့ အုပ်ချုပ်ရေးမှူးအကုန်မှန်သမျှ Withdraw လုပ်ဖို့ဆိုရင် Regional Municipal Election ရှိကိုရှိရမယ်။ အဲဒီ Regional Municipal Election လို့ခေါ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးရွေးကောက်ပွဲ၊ လူထုက တိုက်ရိုက် တင်မြှောက်တဲ့ဟာ လုပ်လိုက်တာနဲ့ ပြည်မက အသလွတ် ခုနကပြည်ထဲရေးကလာချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးမှူး တွေ အကုန်လုံး က ပြည်သူ့ကိုယ်စားပြုဖြစ်သွားမှာ။ ဒါက ကြီးမားတဲ့ဒီမိုကရေစီအရွေ့၊ ကြီးမားတဲ့ဖက်ဒရယ်အရွေ့ပဲ။ အဲဒီဟာကို အရင်ပြင် ရမှာ။ အဲဒီအချက်ကို ကျနော်ထောက်ပြချင်တယ်။ အဲဒီဟာကိုသွားမှ ခုနကအပေါ်ယံအပရိကတွေ အကုန်ချုပ်ငြိမ်းသွားမှာ။ ဝန်ကြီးချုပ် ဖြစ်ရုံနဲ့ အုပ်ချုပ်ရေးမှူးမပြောင်းရင် အလကားပဲ။ အခုပြည်ထဲရေးကို နိုင်ငံတော်သမ္မတရုံးအောက်ရွေ့ တယ်။ ဒီနိုင်ငံတော် သမ္မတ ရုံးကဘာလုပ်နေလဲ။ ဦးမင်းသူတို့ က။ ဟုတ်တယ်နော်။ ဘာမှမလုပ်ဘူး။ ဒီအတိုင်းပဲ။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးက ပြည်မက သူတို့ရဲ့ Well Trained Person တွေပဲအကုန် Grip လုပ်ထားတာ။ အကုန် ချုပ်ကိုင်ထားတာ။ အဲဒီဟာက အလကားပဲ။ ကျနော်တို့ရဲ့ ဟန်ပြ ဖက်ဒရယ်အရွေ့ပဲ။ ဖက်ဒရယ်အရွေ့ကို တကယ်ပေးချင်ရင် အုပ်ချုပ်ရေးမှူးတွေအကုန်လုံး Withdraw လုပ်ရ မယ်။ ပြည်မကဟာတွေကို။ ဥပမာ ကချင်မှာဆို ကချင်အုပ်ချုပ်ရေးမှူးပဲရှိရမယ်၊ ချင်းမှာလည်းချင်းအုပ်ချုပ်ရေးမှူး၊ ကယား မှာလည်း ကယားအုပ်ချုပ်ရေးမှူးပဲရှိရမယ်။ အဲဒီဟာကို အဲဒီလူထုကရွေးရမယ်။ သူ့ရဲ့ဒေသခံက ရွေးကိုရွေးရမယ်။ အဲဒီပုံစံကို ကျနော်တို့ရဲ့ရွေးကောက်ပွဲစနစ်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှစ်ခုခွဲပြီးမလုပ်မချင်း ဘယ်တော့မှမဖြစ်ဘူး။ အဲဒါက Main ပဲ။ အဲဒါကိုမပြင်ဘဲနဲ့ ဘာတွေပြင်နေလဲပေါ့။ အခုသူတို့လုပ်တာ (၁၁၄) ချက်၊ အဲဒီ (၁၁၄) ကဘာလုပ်တာလဲ။ ကျနော် ဒီမေးခွန်း မေးချင်တယ်။ အဲဒီအထဲမှာ ခုနကပြောတာ တွေတစ်ခုမှမပါဘူး။ အဲဒါကြောင့် တိုင်းရင်းသား ANP ကထွက်သွားတာ။ ဒါရှင်းရှင်းလေးပဲ။ ကျန်တဲ့လူလည်းမထောက်ခံ တော့တာ။ (၂၅) ရာခိုင်နှုန်းကိုထည့်မပြောနဲ့၊ တကယ်တမ်း ပြောရင် ဒီ (၇၅) ရာခိုင်နှုန်းကိုမပြည့်ဘူး။ အခုသူတို့ (၈၀) ကျော်တယ်တို့ဘာတို့ပြောနေတာတချို့က အများသဘောတူ မယ့်အချက်ဆိုပေမယ့်လို့ ကျနော်တို့တကယ့်ဖက်ဒရယ်အရွေ့ကို ဘာမှမရွှေ့ဘူး။ တပ်ကိုထုတ်ဖို့လောက်ပဲ သဘောတူထားတာ။ ကျနော်တို့ရဲ့ ဖက်ဒရယ် အရွေ့က တပ်ထုတ်ရုံနဲ့မပြီးဘူး။ တပ်ကိုထုတ်တာက အရေးကြီးတာတော့မှန်တယ်။ ဒါပေမယ့် ဒီထက်အရေးကြီးတာက တပ်ကို မထုတ်နိုင်သေးပေမယ့် အုပ်ချုပ်ရေး Election ကိုသီးခြားလုပ်ပြီဆိုတာနဲ့ ဒါကတော်တော်လေးကိုအောင်မြင်တဲ့အချက်ထဲ မှာရောက်သွားမယ် လို့ ကျနော်မြင်တယ်။ ဒါပေမယ့် ဒါကိုလုပ်ချင်စိတ်မရှိဘူး လေ။

ငြမ်းမီဒီယာ – တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုဆိုတဲ့အချက်ကို မပြင်နိုင်ဘဲနဲ့ရော တကယ်စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်လို့ရနိုင်ပါ့မလား။

Dr. MKL – အဲဒီဟာက ခုနကကျနော်ပြောတဲ့ ကျနော်တို့ ရဲ့ ရွေးကောက်ပွဲစနစ်ကို အရင်ပြောင်းမှရမှာ။ ရွေးကောက် ပွဲစနစ်ကို အရင်ပြောင်းလိုက်ရင် တပ်ကသူ့ဟာသူ ကုတ်ကပ် နေပေသော်ငြားလည်း သူ့ရဲ့ Power ကလျော့ပြီးသားဖြစ် သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့ကိုယ်စားပြု အုပ်ချုပ်ရေးမှုးတွေ ဖြစ်လာပြီဆိုတာနဲ့ သူရဲ့ Responsibility က သူ့ရဲ့ဒေသ Regional Public ပဲ။ တခြားမှာသူက မလုပ်နိုင် ဘူး။ အခုကျနော်တို့ တိုင်းပြည်မှာ ဘယ်လိုအူကြောင်ကြောင်ဖြစ်လဲဆိုတော့ မြို့နယ်မှာဘာလုပ်လုပ် မြို့နယ်ထွေအုပ်ကလက်မှတ်ထိုးမှပြီးတာ၊ မြေဂရန်လျှောက်တာကအစ။ ထွေအုပ်ကဘယ်ကလာသလဲဆိုတော့ သူက Electoral Person မဟုတ်ဘူး၊ Seated Position ။ Government Seated ပေါ့။ အစိုးရကအထိုင်ချပေးလိုက်တဲ့ဝန်ထမ်း။ အမှန်ကတော့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ရမယ်။ အဲဒီပြည်သူ့ကိုယ်စားလှယ် စံချိန်စံညွှန်းကိုအရင်တည်ဆောက်ဖို့လိုတာ။ အဲဒီတော့ တပ်က Withdraw လုပ်မယ်ဆိုတဲ့ဟာက အချိန်တန်ရင်ရွေ့ လိမ့်မယ်။ ကျနော်မြင်တာကတော့ တပ်က Withdraw လုပ် ကိုလုပ်မယ်။ ဒါပေမယ့် တပ် Withdraw လုပ်နိုင်မယ့် ဒေါက်တွေကို ကျနော်တို့ကအရင်ဖြုတ်ရမှာ။ တပ်ကိုတိုက်ရိုက် သွားပြီး ဘော်ဒီချင်း တိုက်လို့မရဘူး။ ကိုယ်ကသေးနေတယ်၊ သူကကြီးနေတယ်ဆိုတော့ ပြန်လန်တာပဲ။ ဒါပေမယ့် အဲဒီဘော်ဒီအကြီး ဆင်နဲ့ဆိတ် တိုက်ရင် ဆင်ခြေထောက်ကိုဒဏ် ရာရအောင်အရင်လုပ်ရင် ဆင်ကလဲမှာပဲ။ ဆိုတော့ ဆင်ခြေထောက်ကို ဒဏ်ရာရအောင် လုပ်ဖို့လိုတယ်။ ဆင်လဲဖို့အချက်အလက်လေးတွေရှာရမယ်။ ဆိုတော့ ခုနကပြောတဲ့ ကျနော်တို့နဲ့ဆိုင်တဲ့ Electoral က ပြောင်းလို့ ရတယ်။ ဒါကိုအရင် ရအောင်ပြောင်းလေ။ အခုပြည်ထဲရေးတောင် သမ္မတရုံးအောက်ရောက်လာပြီပဲ။ ဘာလို့လုပ်လို့မရရမှာလဲ။ ကျနော်ပြောလိုတာက။ ဒါကိုရအောင်လုပ်ရမယ်။ ဒါပေမယ့် အခုက ၄၃၆ တွေဘာတွေပြန်ခံနေတယ်။ ဆိုတော့ ဖြိုမယ့် နည်းလမ်းတွေ က အများကြီးရှိပါတယ်။ သတ္တိရှိဖို့သာလိုတယ်။ ကျနော်တို့က Revolution နောက်တစ်ဆင့်လိုသေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

တစ်ကမ္ဘာလုံးက ကိုယ့်အသက်ကိုယ် လုနေရတယ်

IDP Camp တွေအတွက်သူတို့ ဘာမှလုပ်မပေးဘူး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,