ကျနော်တို့ရခိုင်ပြည်နယ်က ကပ်ကြီး သုံးပါးဆိုက်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UPT / ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း

ပြည်သူတွေကတော့ သိတယ်။ ဒါပေမယ့်မပြောရဲဘူး။မပြောရဲဘူးဆိုတော့ ဒါဟာ အတည်ပြုလို့မရတဲ့သတင်းပေါ့။ ဘယ်သူလုပ်တယ်လို့ မပြောဘူး။ ရွာသားတွေကတော့သိကောင်းသိမယ်၊ ဒါပေမယ့် …

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ‘ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ဆုံးရှုံးပျက်စီးထိခိုက်နစ်နာအောင် ချေမှုန်းတိုက်ခိုက်သော မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးနည်းဗျူဟာအား အမြန်ဆုံးရပ်တန့်ပေးရန်’ ဆိုပြီး စက်တင်ဘာလ (၅) ရက်နေ့က ANP ပါတီကကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာ သတိပြုမိပါတယ်။ ဒီလိုကြေညာချက် ထုတ်ပြန်ရလောက်အောင်ဖြစ်လာတဲ့ အခြေအနေကိုပြောပြပေးပါ။

UPT – အခုရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်ရဲ့ တိုက်ပွဲတွေကြားမှာ အရပ်သားဒေသခံပြည်သူတွေ သေကြေ တာတွေ၊ ဒဏ်ရာရတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ ညှင်းပမ်းနှိပ်စက်ခံရတာတွေ တောက်လျောက်ဖြစ်လာနေ တယ်။ အခုဆိုရင် ရွာတွေကိုမီးရှို့ခံရတဲ့အဆင့်ထိဖြစ်လာနေတယ်။ ဒီကိစ္စတွေကို သတင်းမီဒီယာတွေမှာလည်း ခဏခဏဖော်ပြနေကြတာပေါ့။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောနေကြတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တကယ်တမ်းကျတော့ တပ်မတော်ဘက်ကလည်း ဒါ သူတို့လက်ချက်မဟုတ်ဘူးလို့ငြင်းတယ်။ AA ကလည်း သူတို့မလုပ်ပါဘူးလို့ငြင်းတယ်။ ဒီလိုဟာတွေမှာ ကျနော်တို့ပါတီအနေနဲ့ အစီရင်ခံစာတွေ တစ်ကြိမ်နှစ်ကြိမ် ထုတ်ခဲ့ပြီးပါပြီ။ အများအားဖြင့် တပ်မတော်နဲ့ပတ်သက်တယ်ဆိုတဲ့အကြောင်း အထောက်အထားတွေကိုလည်း ကျနော်တို့အစီရင်ခံစာတွေမှာ ဖော်ပြထားတာရှိပါတယ်။

ဒီတစ်ကြိမ်မှာတော့ အဲဒီကျောက်တော်မြို့နယ်မှာဖြစ် တဲ့ဖြစ်စဉ်၊ ဘုရားပေါင်းရွာနဲ့ တောင်ပေါက်ရွာ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေကျတော့ တပ်မတော်ကလုပ်တယ်ဆိုတာ ကို မြေပြင်သတင်းအရရော၊ ဒေသခံပါတီဝင်တွေသတင်းပေးပို့ချက်အရရော၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောဆိုချက်အရရော ဒါတွေကို ထင်ထင်ရှားရှား ခိုင်ခိုင်မာမာ သတင်းအချက်အလက်တွေရှိတာကြောင့် ပါတီ က ဒီလိုကြေညာချက်ထုတ်ရတာပါ။

တပ်မတော်အနေနဲ့ AA ကိုတိုက်တဲ့နေရာမှာ စစ်ရေးနည်းပရိယာယ် အရသော် လည်းကောင်း၊ နည်းပရိယာယ် ဆိုတာဒီလိုပါ။ တစ်ဖက်ရန်သူက ကိုယ့်ကိုတိုက်လာတဲ့အခါမှာ နီးစပ်ရာရွာတွေကို ဝင်မွှေပြီးတော့ အပြင်ကနေ ရမ်းသမ်းပြီးသေနတ်နဲ့ပစ်တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ၊ ရွာသားတွေကို ဖမ်းဆီးတာတွေ နှိပ်စက်တာတွေ တရားစွဲတာတွေ၊ အခုဆိုရင် ရွာကိုမီးရှို့တာတွေပေါ့။

အဲဒီလိုလုပ်တာက ကျေးရွာနဲ့အနီးအနားမှာတိုက်ပွဲဖြစ်ရင် ခံရမယ်ဆိုတဲ့သဘောကို ခြိမ်းခြောက်ပြီး ပြည်သူကိုသတင်းပေးသလို ဖြစ်နေတယ်။ စစ်ရေးနည်း ပရိယာယ်ကြောင့်ပဲ ဖြစ်ဖြစ်၊ စစ်ရေးနည်းဗျူဟာအားဖြင့်ပဲဖြစ်ဖြစ် ရွာအနီးအနားမှာ ဖြစ်ရင် အဲဒီရွာကို ရမ်းသမ်းပစ်ခတ်မှုကအစ၊ ခုလိုမီးရှို့မှုအဆုံး အဲဒီလိုလုပ်တဲ့ တပ်မတော်ရဲ့စစ်ရေးနည်း ဗျူဟာ၊ ပရိယာယ် ကို အဲဒီလိုမလုပ်ဖို့ ကျနော်တို့ပါတီဘက်က ကြေညာချက်ထုတ်၊ အိတ်ဖွင့်ပေးစာပေးပို့တာပါ။

သမ္မတ ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ရယ်၊ နောက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို အိတ်ဖွင့်ပေးစာပေး ပို့တာ ပါ။ ဒါမျိုးတွေမကျူးလွန်ဖို့၊ ဒီလိုနည်းပရိယာယ်တွေ သုံးပြီး တိုက်ပွဲမဖော်ဆောင်ဖို့၊ တနည်းအားဖြင့် အပြစ်မဲ့ ပြည် သူတွေကိုထိခိုက်တဲ့၊ အကြပ်ကိုင်တဲ့ဖြစ်စဉ်တွေနဲ့ တန်ပြန်စစ်ဆင်ရေးတွေကို မလုပ်ဖို့ ပါတီကကြေညာချက် ထုတ်ပြီးတောင်းဆိုတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – အခုဆိုရင်ရခိုင်ပြည်နယ်မှာ COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုကလည်း များလာနေတယ်။ တစ်ဖက်မှာလည်း စစ်ကြောင့်ဖြစ်ရတဲ့အကျိုးဆက်တွေ ဆိုးရွားနေတော့ ဒီအခြေအနေတွေကြားက လက်ရှိ ရခိုင်ပြည်နယ်အခြေအနေကို စကားဥပမာအရဆို ဘယ်လိုတင်စားပြီးပြောချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UPT – လောလောဆယ်မှာတော့ ကျနော်တို့ရခိုင်ပြည်နယ်က ကပ်ကြီး သုံးပါးဆိုက်နေတာပေါ့ဗျာ။ ရောဂန္တရ ကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဆိုတဲ့ ကပ်ကြီးသုံးပါးဆိုက်နေပြီလို့ပြောလို့ရတယ်။ COVID – 19 နဲ့ပတ်သက်ရင်လည်း ရခိုင်ပြည်နယ်မှာ တော်တော်လေးကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ကူးစက်မှုနှုန်းများနေတယ်။ အဲဒီအထဲမှာ ဒီတိုက်ပွဲတွေကလည်းဖြစ်နေတယ်။ အဲဒီမှာ စစ်ပြေးဒုက္ခသည်တွေကများလာတယ်။

အဲဒီတော့ လူတွေက စားဝတ်နေရေးအတွက် ကိုယ့်ရဲ့ဝမ်းစာကိုရှာဖို့ အခြေအနေမပေးတော့ဘူး။ စစ်ပွဲကြောင့်ဖြစ်စေ၊ ညမထွက်ရအမိန့်ကြောင့်ဖြစ်စေ ကိုယ့်ဒေသမှာ သမားရိုးကျလုပ်ကိုင်နေကြတဲ့ လယ်ယာအလုပ်တွေကအစ၊ ငါးရှာဖားရှာအလုပ်တွေကအစ မလုပ်နိုင်ကြတဲ့အခါ ငတ်ပြတ်မှုတွေ၊ ဆင်းရဲမှုတွေဖြစ်ပေါ်လာတယ်။ ဆိုတော့ ကပ်ကြီးသုံးပါးဆိုက်နေတဲ့ ရခိုင်ပြည်နယ်ပေါ့။

အဲဒါကြောင့် ဒီဟာကိုကုစားဖို့ဆိုရင် COVID – 19 ကတော့ တစ်ကမ္ဘာလုံးမှာလည်းဖြစ်နေတဲ့ နေရာ ဆိုတော့ ဒီဟာကိုတိုက်ဖျက်ဖို့ဆိုရင် ရေရှည်သွားရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမယ့် စစ်ပွဲတွေနဲ့ပတ်သက်ရင်တော့ ငြိမ်းချမ်းရေးကိုဆွေးနွေးစေချင်တယ်။ အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှု တွေလုပ်စေချင်တယ်။ ဆိုလိုတာက ဟိုဘက်ကသေရင်လည်း ပြည်ထောင်စုဖွားနိုင်ငံသားတွေပဲဖြစ်သလို၊ ဒီဘက်ကသေရင်လည်း ပြည်ထောင်စုဖွားနိုင်ငံသားတွေပဲဖြစ်တယ်။

အဲဒီတော့ အများအကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆွေးနွေးပွဲစကားဝိုင်းထဲ AA ကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းထဲရောက်လာ အောင် ကျနော်တို့အမြဲတမ်း တိုက်တွန်းတယ်။ တပ်မတော်ကို ရော၊ အစိုးရကိုပါ ငြိမ်းချမ်းရေးတံခါးဖွင့်ပေးဖို့၊ ချောင်ပိတ်ပြီးရိုက်တာမျိုးမလုပ်ဖို့၊ နိုင်ငံရေးအရထွက်ပေါက်ပေးဖို့ ကျနော်တို့အမြဲတမ်းတင်ပြပါတယ်။ အဲဒါ ကြောင့် ဒီကိစ္စသာအေးချမ်းသွားမယ်ဆိုရင်တော့ ကျနော်တို့ရခိုင်ပြည်သူတွေအတွက် နည်းနည်းအသက်ရှူ ချောင်မှာပေါ့။

နောက်ပြီးနိုင်ငံရေးလမ်းကြောင်းလည်းပွင့်သွားမယ်ဆိုတော့ ကျနော်တို့လိုချင်တဲ့အချက်တွေ၊ ဆန္ဒတွေလည်း ရေရှည်မှာ တဖြည်းဖြည်းညှိနှိုင်း အပေးအယူလုပ်ပြီး သွားနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် ခုလိုကပ်သုံးပါးဆိုက်နေတဲ့အချိန်က လွန်မြောက်ဖို့ဆိုရင် တပ်မတော်နဲ့ အစိုးရရဲ့သဘောထားကြီးမှုဟာ အလွန် အရေးကြီးပါတယ်။

AA ကိုအကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ကိစ္စတွေ၊ အင်တာနက်ပိတ်ထားတဲ့ကိစ္စတွေ စတဲ့ ရခိုင်ပြည်သူတွေကို ဒဏ်ခတ်တဲ့လုပ်ရပ်တွေကို မလုပ်ဖို့ ကျနော်တို့ကတော့ မီဒီယာကဖြစ်စေ၊ လွှတ်တော် မှာဖြစ်စေ၊ ထုတ်ပြန်ချက်အားဖြင့်ဖြစ်စေ အမြဲတိုက်တွန်းနေပါတယ်။ အခုလည်း တိုက်တွန်းပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တော်မြို့နယ်က ရွာနှစ်ရွာ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြားသိရတဲ့ ဖြစ်စဉ်ကိုပြောပြပေးပါဦး။

UPT – အဓိကကတော့ အဲဒီရွာနားမှာ မိုင်းခွဲတဲ့ဖြစ်စဉ်ဖြစ်တာပေါ့ဗျာ။ အဲဒီတော့ တပ်က ရွာထဲဝင်ပြီး လူတွေကို ဖမ်းတာဆီးတာ၊ နောက်ဆုံးသူတို့ကိုရွာရွေ့ပြီးတော့ ရွာကိုမီးရှို့တယ်ဆိုတာ ဒါ မီဒီယာသတင်းအရပေါ့။ ပါတီ ဝင်တွေရဲ့သတင်းပေးပို့ချက်အရ ပါတီဌာနချုပ်ကလည်းသိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တင်ပြချက် တွေလည်းရှိတယ်။ ဒါတွေကြောင့် တပ်မတော်ကလုပ်တယ်ဆိုတာ ကျနော်တို့စွပ်စွဲပြီးတော့ အဲဒီလိုမလုပ်ဖို့ ပါတီကကြေညာချက်ထုတ်တာလို့ ကျနော်နားလည်ပါတယ်။

ဘယ်သူတွေလုပ်တယ်ဆိုတာ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေတော့ သူတို့မှာရှိကြတာပေါ့။ ဆိုတော့ ပြည်သူတွေရဲ့အဖြစ်က မြင်ရင်တောင်မပြောနိုင်၊ သိရင်တောင်မပြောနိုင်တဲ့အခြေအနေမျိုး …

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသား၊ လူငယ်အစည်းအရုံးကထုတ်ပြန်တဲ့အထဲမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာစစ်ပွဲတွေကြောင့် သေဆုံးရသူ (၇၀) ကျော်ရှိတယ်၊ အဲဒီအထဲမှာ တပ်မတော်ကြောင့်သေဆုံးရသူက (၄၂) ဦးရှိပြီး ဘယ်သူ့ကြောင့်လို့အတည်ပြုမရဘဲသေဆုံးရသူက (၂၄) ဦး ရှိ တယ်ဆိုတဲ့အချက်ကို သတိပြုမိပါတယ်။ ဘယ်သူ့ကြောင့်လို့အတည်ပြုလို့မရဘဲသေဆုံးရသူ ဆိုတဲ့အချက် အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UPT – ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသား၊ လူငယ်များအစည်းအရုံးကထုတ်တဲ့ ဒီစာရင်းက ဦးဇော်ဇော် ထွန်းတို့ရဲ့ ရခိုင်မျိုးနွယ်စုအစည်းအရုံးကထုတ်တဲ့စာရင်းနဲ့တော့ တော်တော်ကိုကွာနေတယ်ဗျ။ အဲဒီ ရခိုင်မျိုး နွယ်စုအစည်းအရုံးက ထုတ်တဲ့စာရင်းထဲမှာတော့ ကျနော်သိရသလောက် သုံးလေးရာလောက်ရှိတယ်။ ဒဏ်ရာ ရတာတွေလည်းရှိသလို၊ သေဆုံးတာလည်း တစ်ရာကျော်ထင်ပါတယ်။

ကိုဇော်ဇော်ထွန်းတို့ဘက်ကို မေးပြီး အတည်ပြုလို့ရပါတယ်။ အခုခင်ဗျားပြောတဲ့စာရင်းကိုတော့ ကျနော်အတည်မပြုချင်ဘူး။ ဒါပေမယ့် ခုနက ခင်ဗျားပြောတဲ့ ‘ဘယ်သူ့ကြောင့်လို့အတည်ပြုလို့မရဘဲသေဆုံးရသူ’ ဆိုတဲ့ အသုံးအနှုန်းကတော့ ဘယ်သူ သတ်တယ်ဆိုတာမသိဘူးဆိုတဲ့သဘောပေါ့ဗျာ။

ဒီအချိန်မှာ တပ်မတော်ကသတ်တယ်ဆိုပြန်ရင်လည်း တပ်မတော်က တရားစွဲမှာဗျ။ တရားစွဲမှာ။ စစ်ပွဲထဲမှာ ဘယ်သူသတ်တယ် ဘယ်သူဘာလုပ်တယ်ဆိုတာ မြင်နိုင်တာ မဟုတ်ဘူးလေ။ အထောက်အထားမရှိဘဲပြောရင်တော့ သူတို့ကတရားစွဲမှာပဲ။

သူတို့ရဲ့တပ်မတော် ဂုဏ်သိက္ခာထိခိုက်အောင်လုပ်တယ်ဆိုပြီးတော့ တရားစွဲမှာပဲ။ ဟိုဘက်က AA ဘက်ကလည်းသူတို့ကို အထောက်အထားမရှိဘဲ ပြောရင်တော့ သူတို့လည်းတစ်ခုခုပြန်ပြီးလုပ်မှာပဲ။

အဲဒီတော့ ဒီသေဆုံးဒဏ်ရာရ သူတွေ စာရင်းကိုလုပ်တဲ့အခါမှာ ဒါဘယ်သူ့ကြောင့်ပါဆိုတာ ပြောဖို့ကတော်တော်ခက်တယ်။ ဒါပေမယ့် အခု တိုက်ပွဲ တွေမှာ ကြားညပ်ပြီးတော့သေတာရှိတယ်။ တချို့ ရွာထဲဝင်ပြီး စစ်ဆင်ရေးပုံစံမျိုးနဲ့ အဝေးကလှမ်းပစ် လို့သေတာတွေရှိတယ်။ ဖမ်းခေါ်သွားပြီးနှိပ်စက်လို့သေတာတွေရှိတယ်။ အဲဒီလိုဟာမျိုးတွေကျတော့ ဘယ်သူ လုပ်တယ်ဆိုတာ မြင်သာတာပေါ့။

ဒါပေမယ့် ခုနကလို ပျောက်သွားတာမျိုးလည်းရှိတယ်။ ဘယ်အဖွဲ့ကဖမ်း သွားတာမှန်းမသိဘူး။ ပြည်သူတွေကတော့ သိတယ်။ ဒါပေမယ့်မပြောရဲဘူး။မပြောရဲဘူးဆိုတော့ ဒါဟာ အတည်ပြုလို့မရတဲ့သတင်းပေါ့။ ဘယ်သူလုပ်တယ်လို့ မပြောဘူး။ ရွာသားတွေကတော့သိကောင်းသိမယ်၊ ဒါပေမယ့် မပြောဘူး။ မီဒီယာတွေကိုလည်း မပြောဘူးဆိုတော့ မှတ်တမ်းတင်လောက်အောင်ထိ အထောက် အထားမရှိဘူး။

အဲဒါတွေကျတော့ အတည်ပြုလို့မရတဲ့သေဆုံးမှုတွေပေါ့။ ပျောက်ဆုံးတယ်ဆိုတဲ့သဘောမျိုး၊ ပျောက်ဆုံး တယ်ဆိုတဲ့ အရေအတွက်ပေါ့ဗျာ။ ဒါတွေဟာ အများအားဖြင့် ဒီစစ်ပွဲတစ်နှစ်တာကာလအတွင်းမှာ ရာနဲ့ချီပြီး တော့သေဆုံးတယ်၊ ဒဏ်ရာရတယ်၊ ပျောက်ဆုံးတယ်ဆိုတာတော့ ရှိနေတာအမှန်ပဲ။

ဒါတွေကိုမှတ်တမ်းတင်ထားတဲ့အဖွဲ့အစည်းတွေတော့ရှိပါတယ်။ တစ်ဦးချင်း ဖြစ်စဉ်တစ်ခုချင်းလည်း သူတို့မှာရှိပါတယ်။ ဒါပေမယ့် ဘယ်သူလုပ်တယ်ဆိုတာ တစ်တစ်ခွခွ ဘယ်သူမှမပြောနိုင်ပေမယ့် ဘယ်သူတွေလုပ်တယ်ဆိုတာ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေတော့ သူတို့မှာရှိကြတာပေါ့။ ဆိုတော့ ပြည်သူတွေရဲ့အဖြစ်က မြင်ရင်တောင်မပြောနိုင်၊ သိရင်တောင်မပြောနိုင်တဲ့အခြေအနေမျိုးရောက်နေလို့ ဒီစာရင်းတွေက အဲဒီလိုကွာဟ မှုတွေ ဖြစ်နေတာလို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေကို တစ်ခုခု များ ပြောခွင့်ရမယ်ဆိုရင် ဘာများပြောချင်ပါသလဲ။

UPT – (၅) ရက်နေ့ကတော့ လောလောဆယ်ဖြစ်ပျက်နေတဲ့အခြေအနေလေးကို ပါတီက ကြေညာချက်ထုတ်ပြီး ပြောပြီးပြီပေါ့။ အဲဒါကလည်းသဘာဝကျပါတယ်။ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေကို ပြောချင်တာက ကျနော်တို့ ရခိုင်ပြည်နယ်မှာခံစားနေရတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အင်တာနက်ဖြတ် တောက်ခံရမှုတွေ၊ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ဒီကိစ္စတွေအားလုံးဟာ ရခိုင်ပြည်နယ်ကို ဆိုးကျိုး သက်ရောက်စေပါတယ်။

ဒါတွေကိုဖြေရှင်းဖို့ဆိုရင် တိုက်ပွဲတွေကိုရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ့်လမ်းပဲရှိပါတယ်။ ဒီလမ်းကလွဲပြီး တခြားလမ်းမရှိပါဘူး။ ကျနော်တို့ကတော့ ဒီလိုပဲဖြစ်စေချင် တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လုပ်သလို AA နဲ့လည်း လုပ်နိုင်လိမ့်မယ်လို့ယူဆတယ်။ ခုအချိန်မှာတော့ နှစ်ဖက်လုံးက အာဃာတတွေနည်းနည်းများနေတယ်။ နောက် လူမျိုးရေးပဋိပက္ခဆန်တဲ့ အပြောအဆိုတွေ၊ အသုံးအနှုန်းတွေ၊ လုပ်ဆောင်ချက်တွေလည်း တွေ့လာရ တယ်။

စစ်ပွဲတွေသံသရာရှည်လာရင်တော့ ကျနော်တို့တွေ ဒီထက်ပိုပြီး ထိခိုက်နစ်နာမှုတွေကိုခံစားကြရမှာပေါ့။ အထူးသဖြင့် ကျနော်တို့ရခိုင်ပြည်သူတွေ ပိုခံစားကြရမှာပေါ့။ ဘာဖြစ် လို့လည်းဆိုတော့ ကျနော်တို့က အိမ်ကွင်းဖြစ်နေတယ်။ …

အဲဒီဟာတွေကိုလည်း ကျနော်တို့စိုးရိမ်တယ်။ ဆိုတော့ ဘယ်ဖက်ကဖြစ်ဖြစ် ရခိုင်ပြည်နယ်ရဲ့ ပကတိ အခြေအနေကို နားလည်နိုင်ဖို့ဆိုရင် အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးခြင်းအပါအဝင် မီဒီယာ လွတ်လပ်ခွင့်ရှိဖို့လိုတယ်။

ဒီလိုမှမဟုတ်ရင် ကောလဟာလသတင်းတွေကြောင့် ပြည်မကပြည်သူတွေရော၊ ရခိုင်ပြည်သူတွေရော၊ နိုင်ငံတကာကပါ သတင်းအမှန်ကို သိနိုင်ကြမှာမဟုတ်ဘူး။ သတင်းအမှန်ကိုသိခွင့်မရရင်ကောလာဟလသတင်းတွေကကြီး စုလာပြီး တစ်ယောက်ကိုတစ်ယောက် သံသယစိတ်တွေများလာမယ်။

အဲဒီလိုတွေမဖြစ်စေဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခုထက်ပိုပြီးပေးဖို့လိုအပ်တယ်။ လွတ်လွတ်လပ်လပ် သတင်းသွားရောက်ယူခွင့်တွေပေးသင့်တယ်။ အင်တာနက်ကိုလည်းဖွင့်ပေးသင့်တယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်ဆောင်ရွက်မှုတွေကို အားလုံးသဘောပေါက်နားလည်အောင်လုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားစေချင်တယ်။ အဲဒါကတော့ လက်ရှိရခိုင်ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေပြေပျောက်စေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်တယ်။

ဒီလိုမှမဟုတ်ဘဲ စစ်ပွဲတွေသံသရာရှည်လာရင်တော့ ကျနော်တို့တွေ ဒီထက်ပိုပြီး ထိခိုက်နစ်နာမှုတွေကိုခံစားကြရမှာပေါ့။ အထူးသဖြင့် ကျနော်တို့ရခိုင်ပြည်သူတွေ ပိုခံစားကြရမှာပေါ့။ ဘာဖြစ် လို့လည်းဆိုတော့ ကျနော်တို့က အိမ်ကွင်းဖြစ်နေတယ်။ အိမ်ကွင်းမှာဖြစ်တဲ့ကိစ္စတွေက အိမ်ရှင်တွေ၊ ဒေသခံ တွေပဲ ပိုပြီးခံစားရပါတယ်။ အဝေးကလူတွေကတော့ အခြေအနေအရပ်ရပ်ကို အဲဒီလောက်ထိ သိနိုင်မှာမဟုတ် ဘူး။ ဆိုတော့ အားလုံးကိုခြုံပြီးပြောရရင် ငြိမ်းချမ်းရေးလမ်းကြောင်းကိုလျှောက်ကြပါ။

ကျနော်တို့ရခိုင်ပြည်သူ တွေလည်း ကပ်သုံးပါးကလွတ်နိုင်အောင် ငြိမ်းချမ်းရေးကိုအမြန်ဆုံးရချင်ပါပြီလို့ နိုင်ငံတော်ခေါင်းဆောင်တွေ ကိုရော၊ တစ်ဖက်က AA ခေါင်းဆောင်တွေကိုရော ဒါကျနော်တို့က မေတ္တာရပ်ခံလိုပါတယ်။

နိုင်ငံရေးမတရားမှု၊ နိုင်ငံရေးအမှောင်ချထားမှုအပေါ်မှာ ပြည်သူလူထုက မျောပါစီးဝင်သွားပြီးတော့ လိုရင်းကိုမရောက်ဘဲဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် …

ငြမ်းမီဒီယာ – ဒီအင်တာဗျူးကိုဖတ်ရှုကြမယ့် စာဖတ်သူတွေရော ရခိုင်ပြည်နယ်ရဲ့အခြေအနေကို ဘယ်လို သတင်းစကားပါးချင်ပါသလဲ။

UPT – ကျနော်အခုပြောတဲ့ဟာကို ကြိုက်တဲ့လူလည်းရှိမယ်၊ မကြိုက်တဲ့လူလည်းရှိမယ်။ သဘောပေါက်တဲ့ လူလည်းရှိမယ်၊ မပေါက်တဲ့သူလည်းရှိမယ်။ ကျနော့်ကိုဆဲတဲ့လူလည်းရှိကောင်းရှိမယ်၊ ချီးမွမ်းတဲ့လူ လည်း ရှိကောင်းရှိမယ်။ အဲဒီဟာတွေက အရေးမကြီးပါဘူး။ ဒါတွေက လူမှုကွန်ရက်ပေါ်မှာတွေ့နေကြ ကိစ္စတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျနော်တို့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အခြေအနေတွေကို ပြည်မမှာရှိတဲ့ ဗမာတွေ ရော၊ ရခိုင်တွေရော၊ တခြားတိုင်းရင်းသားတွေရော အကုန်လုံး နားလည်သဘောပေါက်ကြမယ်ဆိုရင် ဒါတွေ ဘာကြောင့်ဖြစ်ပေါ်လာတယ်၊ ဒီစိတ်ခံစားမှုတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာ သူတို့လည်း ကိုယ်ချင်းစာ နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

အဲဒီတော့ ဘာမှမသိဘဲတစ်ဖက်သတ်ဝင်ရောက် ဆဲဆိုနေတာ၊ တိုက်ခိုက်နေ တာထက် ဒီကိစ္စတွေကိုလေ့လာပြီးတော့ မျှမျှတတဝေဖန်ပါ၊ သုံးသပ်ပါ၊ ဖတ်ရှုတဲ့အခါမှာလည်း ဒါတွေဟာ မှန်သလား၊ မှားသလား၊ သတင်းအတုတွေလား၊ ဒီသတင်းတွေဟာ တာဝန်ခံမှုဘယ်လောက်ရှိတဲ့သတင်းတွေ လဲဆိုတာကို ချင့်ချိန်ပြီးတော့ ဖတ်ရှုနိုင်ကြမယ်ဆိုရင်လည်း ငြမ်းမီဒီယာက အခုတင်ပြချက်ဟာလည်း လူထုကို အကျိုးပြုပါလိမ့်မယ်။

လူထုအတွက် အကျိုးသက်ရောက်မှုတစ်စုံတရာရှိပါလိမ့်မယ်။ ပြည်သူတွေကလည်း သတင်းမှန်တွေကို သိချင်တဲ့ဆန္ဒ ပိုပြီးရှိလာလိမ့်မယ်။ မြန်မာနိုင်ငံရဲ့အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အမုန်းတရားတွေ၊ အာဃာတတွေ၊ မကျေချမ်း နိုင်တဲ့ဒေါသ မောဟတွေကို လျော့ချနိုင်အောင် စာဖတ်သူတွေကဖြစ်စေ၊ မီဒီယာတွေကဖြစ်စေ တစ်စုံတရာ တွန်းပို့နိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့အခြေအနေကိုလေ့လာပါ၊ ထဲထဲ ဝင်ဝင်စုံစမ်းပါ၊ ပြီးတော့မှ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာကို သူ့ဘက်ကိုယ့်ဘက် မခွဲဘဲ ပြည်သူတွေက ပြတ်ပြတ်သားသား သိမြင်လာတဲ့တစ်နေ့မှာတော့ ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခ တွေကို ဖြေရှင်းတဲ့အခါ အထောက်အကူဖြစ်လာပါလိမ့်မယ်။

ပြည်သူတွေရဲ့ဆန္ဒသဘောထားတွေကို ခေါင်းဆောင်တွေကလည်းသိရှိလာပြီး ပိုပြီး သဘောမျှတတဲ့ အပြောအဆိုတွေ၊ အလုပ်အကိုင်တွေဖြစ်လာလိမ့် မယ်။ ဒါမှလည်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှာဖြစ်တဲ့အတွက် ဗမာတွေ၊ ရခိုင်တွေအပါအဝင် တိုင်းရင်း သားအားလုံးက မီဒီယာတွေရဲ့သတင်းတင်ပြမှုတွေကို မျှမျှတတနဲ့ မှတ်ချက်ပေးမယ်၊ ဝေမျှကြမယ်ဆိုရင်တော့ တနည်းအားဖြင့် ကူညီရာရောက်ပါတယ်။

သတင်းတစ်ခုတင်တာနဲ့ တစ်ဖက်နဲ့တစ်ဖက် ဆဲနေကြမယ်ဆိုရင် တော့ အဖြေနဲ့ဝေးသွားပါလိမ့်မယ်။ ဒီ နိုင်ငံရေးမတရားမှု၊ နိုင်ငံရေးအမှောင်ချထားမှုအပေါ်မှာ ပြည်သူလူထုက မျောပါစီးဝင်သွားပြီးတော့ လိုရင်းကိုမရောက်ဘဲဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အွန်လိုင်းမီဒီယာတွေမှာ တင်ပြချက်အပေါ် ဖြစ်နိုင်/မဖြစ်နိုင်၊ လုပ်သင့်တယ်/မလုပ်သင့်ဘူးဆိုတာကို အားလုံးစဉ်းစားဆုံးဖြတ်ပြီးမှ အဆင့်အတန်းရှိရှိနဲ့ ဝေဖန်သုံးသပ်လာနိုင်ကြရင်တော့ ကျနော်တို့ရခိုင်ပြည်နယ်ရဲ့အေးချမ်းသာယာရေး ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

UPT – ကျနော်ပြောချင်တာကတော့ ဒီမှာဖြစ်နေတဲ့ပြသနာတွေကို ကျနော်တို့ပါတီက နိုင်ငံရေးနည်းနဲ့ အဖြေရှာ နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရရော၊ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်အရရော ကျနော်တို့ရဲ့အဖြေရှာမှုဟာ ရေရှည် လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ငြိမ်းချမ်းရေးညီလာခံဆိုတာလည်းတစ်ခုရှိနေတယ်။ ဒီကိစ္စတွေအတွက် ရေရှည်မှာ တဖြည်းဖြည်းနဲ့ ကျနော်တို့လိုချင်တာရအောင် ချဉ်းကပ်သွားနိုင်ဖို့ ပါတီနိုင်ငံရေးဘက်ကနေ ကြိုးစား သွားမှာပေါ့။ လောလောဆယ် ဖွဲ့စည်းပုံအရပါဝင်နေတဲ့ ပါတီနိုင်ငံရေးဟာ ရခိုင်ပြည်နယ် ကောင်းစားဖို့မဖြစ်နိုင် ဘူး၊ တိုင်းရင်းသားတွေတန်းတူရည်တူ အခွင့်အရေးမရနိုင်ဘူး၊ ဘာမှအသုံးမကျဘူး၊ လက်နက်ကိုင်တော်လှန် ရေးကပဲအဆုံးအဖြတ်ပေးနိုင်တယ်ဆိုတဲ့ ဆန္ဒမျိုးတွေလည်း တဖက်မှာ ရှိနေနိုင်တယ်။

ကျနော်တို့ပါတီနိုင်ငံရေး က ဥပဒေဘောင်ထဲကနေ အခြေအနေအပေါ်မူတည်ပြီးတော့ စွမ်းဆောင်နိုင်သလောက်ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ဘယ်လောက်ပဲသတ္တိရှိရှိ၊ ဘယ်လောက်ပဲပြောရေးဆိုရေးရှိရှိ ကျနော်တို့ကို တစ်ဖက်ကတုံ့ပြန်မှု က အားနည်းနေမယ်ဆိုရင်တော့ သိပ်ပြီးတော့မထိရောက်ဘူး။ ရေရှည်သွားရမယ့်သဘောမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ယုံကြည်ရာလမ်းကြောင်းက တစ်ယောက်တစ်မျိုးစီရွေးချယ်ခွင့်ရှိနေတော့ ဒီပဋိပက္ခတွေ ရှိနေဦးမှာပဲ။

အားလုံးရဲ့ဦးတည်ချက်ကတော့ ရခိုင်ပြည်နယ်ကောင်းစားရေး၊ တိုင်းရင်းသားတွေကောင်းစားရေး၊ ပြည်ထောင်စုစနစ်ပီပီပြင်ပြင်ပေါ်ပေါက်ရေးဆိုပေမယ့် ဖြေရှင်းပုံဖြေရှင်းနည်းကမတူတဲ့အခါ ပဋိပက္ခတွေက တော့ရှိနေကြဦးမှာပဲ။ အမြင်ချင်းမတူတဲ့အခါမှာတော့ ရှိနေကြဦးမှာပဲ။ ကျနော်တို့က ဥပဒေဘောင်ထဲကလုပ် နေတဲ့ပါတီမို့လို့ ကျနော်တို့ကိုဝေဖန်တဲ့အခါမှာလည်း အခြေအနေအားနည်းချက်တွေကိုကြည့်ပြီးတော့ ဒါက ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ပုံစံနဲ့ ကျနော်တို့ပါတီနိုင်ငံရေးလမ်းကြောင်းကသွားတဲ့အခါ အထောက်အကူဖြစ်စေ မယ့်ဝေဖန်မှုမျိုးကိုပေးမယ်၊ ကျနော်တို့တိုင်းရင်းသားပါတီတွေရဲ့ ဘေးကြပ်နံကြပ်အခြေအနေကိုလည်း နားလည်နိုင်မယ်ဆိုရင်တော့ ကျနော်တို့အတွက် အားတစ်ခုဖြစ်စေပါတယ်။

ကျနော်တို့ကလည်း အကောင်းဆုံး ကြိုးစားပြီးတော့ လွှတ်တော်မှာဖြစ်စေ၊ မီဒီယာမှာဖြစ်စေ၊ အစိုးရကိုဖြစ်စေ တွန်းတွန်းတိုက်တိုက်နဲ့ ငြိမ်းချမ်း ရေးရအောင်၊ ကိုယ့်ဒေသ တန်းတူအခွင့်အရေးတွေရအောင်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရအောင်၊ ဖက်ဒရယ် စနစ်ကိုတည်ဆောက်ခွင့်ရအောင် ကျနော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ ရှေ့ လျှောက်လည်း ဒီထက်မက တိုက်တိုက်တွန်းတွန်းနဲ့ နိုင်သလောက်စွမ်းသလောက် ကျနော်တို့လုပ်သွားမှာဖြစ် တယ်လို့ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,