ကျမတို့က အများဆန္ဒကိုလေးစားရမှာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MTS / အမျိုးသမီးပါတီ (မွန်) ဥက္ကဌ (ဒေါ်) မိသန်းရှင် (မိလျိုင်မွန်)

အမုန်းတရားနဲ့သွားမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ချစ်ချစ်ခင်ခင်နဲ့သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီ ရောက်နိုင်တယ် …

မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း မျှော်လင့် ပြင်ဆင်နေသည့် အမျိုးသမီးပါတီ (မွန်) ၏ ဥက္ကဌ (ဒေါ်) မိသန်းရှင် (မိလျိုင်မွန်) ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အမျိုးသမီးပါတီ (မွန်) ရဲ့ မူဝါဒနဲ့ ပါတီသမိုင်းကို ပထမဆုံးပြောပြပေးပါ။

DMTS – ကျမတို့ပါတီမူဝါဒက အမျိုးသမီးများရပိုင်ခွင့်ကို လူသားတစ်ဦးရပိုင်ခွင့်အတိုင်း အပြည့်အဝရရှိစေရန်၊ နောက်တစ်ခုက မတူကွဲပြားသည့် မျိုးနွယ်များကြား တန်းတူရည် တူ ရပိုင်ခွင့်အတိုင်း အမျိုးသမီးများရရှိစေရန်၊ ကမ္ဘာပေါ်ရှိ အမျိုးသမီးများ အားလုံးနှင့် အမျိုးသမီးပါတီတို့အကြား ကွန်ရက် ဆက်သွယ်ဆောင်ရွက်သွားနိုင်ရန်၊ အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသော လူ့ဘောင်ကြီးတည်ဆောက်ရန် ဆိုတဲ့အချက် (၄) ခုရှိပါတယ်။ အမျိုးသမီးပါတီ (မွန်) ကို ၂၀၁၄ မှာစတင်တည်ထောင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်လေးမှာပေါ့၊ ၂၀၁၅ ဆယ့်တစ်လပိုင်းမှာ ရွေးကောက်ပွဲလေ၊ အဲဒီရွေးကောက်ပွဲမတိုင်ခင်လေးမှာ ကျမတို့ Register ကျတယ်။ ရွေးကောက်ပွဲနဲ့ တချိန်တည်းလိုဖြစ်နေတာပေါ့။ ဒါပေမယ့် ကျမတို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၄) ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နဲ့ တနင်္သာရီတိုင်းက ရေဖြူမြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဒါပေမယ့် စည်းရုံးရေးအတွက် အချိန်မရလိုက်တာရယ်၊ နောက်ပြီး ပါတီက တည်ထောင်စဆိုတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့အချိန်မရလိုက်တာတွေကြောင့် ဝင်ပြိုင်တဲ့မဲဆန္ဒနယ် (၄) ခုလုံးမှာ အနိုင်မရခဲ့ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားတယ်ဆိုတာကိုပြောပြပေးပါ။

DMTS – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဧရာ ဝတီတိုင်းဒေသကြီးကို အခြေပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်စားလှယ်လောင်းတွေကိုလည်း ဧရာဝတီဒေသခံတွေကိုပဲ ဦးစားပေးရွေးချယ်သွားဖို့ စီစဉ်ထားပါတယ်။ မွန်ပြည်နယ်မှာတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မွန်ပြည် နယ်မှာ ကျမတို့ ပါတီဝင်ပြိုင်ရင် မွန်အချင်းချင်း အဆင်မပြေကြဘူး။ အဆင်မပြေတော့၊ ကျမတို့ပါတီရဲ့ ရည်ရွယ်ချက်ကလည်း ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အနေအထားဆိုတော့ တကယ်လို့ကျမတို့အဲဒီမှာပြိုင်ရင် မွန်အချင်းချင်း ပြသနာဖြစ်ကြမယ်။ ဆိုတော့ မွန်တွေ အချင်းချင်း ပြသနာဖြစ်ကြရင် မွန်ပြည်နယ်မှာ မငြိမ်းချမ်းတော့ဘူး။ အချင်းချင်း တိုက်နေကြ၊ ခိုက်နေကြလို့မဖြစ်ဘူးလေ။ အဲဒါကြောင့် မွန်ပြည်နယ်မှာ ငြိမ်းချမ်းပါစေတော့ဆိုပြီး ကျမတို့က ဧရာဝတီတိုင်းဘက်ကိုသွားလိုက်တာပါ။

ငြမ်းမီဒီယာ – ဧရာဝတီတိုင်းမှာ မဲဆန္ဒနယ်ဘယ်နှခု ဝင် ရောက်ယှဉ်ပြိုင်ဖို့ လျာထားပါသလဲ။

DMTS – အခုလက်ရှိတော့ ကျမတို့ပါတီ ဧရာဝတီတိုင်းကို ပြောင်းသွားတာလည်း သိပ်မကြာသေးတော့ ဝင်ပြိုင်မယ့် မဲဆန္ဒ နယ်မြေတွေကို တိတိကျကျစိစစ်ရွေးချယ်တာမျိုး မလုပ်ရသေးဘူး။ ကျမတို့ရဲ့ စည်းရုံးရေးအခြေအနေနဲ့ ချိန်ဆပြီးရွေးချယ်ဖို့ စောင့်ကြည့် နေတုန်းပဲရှိသေးတယ်။ အနည်းဆုံးကတော့ (၄) နေရာလောက်တော့ ဝင်ပြိုင်ဖြစ်မှာပါ။ ဒါပေမယ့် ဘယ်မဲဆန္ဒ နယ်မြေကဝင်ပြိုင်မယ်ဆိုတာမျိုးတော့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံလည်းရှိထားတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုမျှော်လင့် ထားပါသလဲ။

DMTS – ကျမတို့က မဲရတာမရတာ၊ ကျမတို့နိုင်တာမနိုင်တာထက် ကျမတို့ဒေသဖွံ့ဖြိုးလာဖို့ကပိုအရေးကြီးပါတယ်။ ကျမတို့ ပါတီက လည်း ကျမတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ ပိုအားသန်တယ်။ မဲနိုင်တယ် မနိုင်ဘူးဆိုတာကို ကျမတို့က သိပ်ပြီး အာရုံမစိုက်ဘူး။ ဒေသဖွံ့ဖြိုးရေး၊ ကျမတို့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့ ပါတီတစ်ခုအနေနဲ့ရပ်တည်နိုင်ရုံ တစ်နေရာ နှစ်နေရာလောက်ရရင်ပဲ ကျမတို့ကကျေနပ်ပါပြီ။ ကျမတို့တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့၊ ရပ်ကျိုးရွာကျိုးတွေကို ဦးစားပေးဆောင်ရွက်ဖို့ပဲ ကျမတို့ရည်မှန်းစီစဉ် ထားတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မဲဆန္ဒနယ် (၄) ခုပဲ ဝင်ပြိုင်ဖို့စီစဉ်ထားတာဆိုတော့ ကိုယ်စားလောင်းဦးရေကိုလည်း ကန့်သတ် ရွေးချယ်သွားမယ်ဆိုတဲ့သဘောလား။

DMTS – မဟုတ်ပါဘူး။ အဲဒီအတွက်ကို စီစဉ်နေတုန်းပါပဲ။ ကိုယ်စားလှယ်လောင်းဆိုရင် အများကြီးတော့ရှိတာပေါ့။ ဒါပေမယ့် ပါတီမူဝါဒနဲ့ကိုက်ညီပြီး ကျမတို့ရည်မှန်းချက်တွေကို တကယ်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ယူဆရတဲ့သူတွေကိုတော့ ရွေးချယ် သွားဖို့ စဉ်းစားထားပါတယ်။

ငြမ်းမီဒီယာ – ပါတီဥက္ကဌအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိပါသလား။

DMTS – ကျမကိုယ်တိုင်ဝင်ပြိုင်ဖို့ အခြေအနေသိပ်မရှိပါဘူး။ ကျမတို့က ဧရာဝတီတိုင်းမှာပြိုင်မှာဆိုတော့ ဒေသခံတွေကိုပဲ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် စည်းရုံးရွေးချယ်သွားဖို့ စဉ်းစားနေပါတယ်။ ကျမတို့က ဒေသခံမဟုတ် တော့ အလားအလာ မကောင်းနိုင်ဘူးထင်ပါတယ်။ ကျမတို့ က ဒီဘက်မွန်ပြည်နယ်မှာ ဝင်ပြိုင်ဖို့ကလည်း အခြေအနေ သိပ်မကောင်းဘူး ဆိုတော့လေ။ အဲဒါကြောင့် ကျမတို့က နောက်ကနေပံ့ပိုးပြီးတော့ လူသစ်တွေကိုပဲ ဦးစားပေးရမှာပါ။

ငြမ်းမီဒီယာ – ဧရာဝတီတိုင်းထဲက မွန်တိုင်းရင်းသားတွေရဲ့ အမျိုးသမီးပါတီ (မွန်) အပေါ်ထားတဲ့ မျှော်လင့်ချက်ကို ဘယ်လိုအကဲခတ်မိပါသလဲ။

DMTS – လောလောဆယ်မှာ မွန်လူမျိုးတွေရဲ့မျှော်လင့်ချက်က ကျမတို့အပေါ်မှာ အပြည့်အဝရှိပါတယ်။ အခု မွန် အမျိုးသားနေ့ မှာ ဆိုရင်လည်း မွန်လူမျိုးတွေအများကြီးလာရောက်ပြီး ပံ့ပိုးကူညီကြတာ၊ အားပေးကြတာ အများကြီးရှိပါတယ်။ သူတို့ က ကျမတို့ ပါတီ အပေါ်မှာ အများကြီးယုံကြည်အားကိုးတဲ့ အနေအထားရှိတယ်လို့ မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မွန်ပြည်နယ်က မွန်လူမျိုးတွေရဲ့ အဓိကမျှော်လင့်ရည်မှန်းချက်ကရော ဘာဖြစ်နိုင်ပါသလဲ။

DMTS – ကျမအနေနဲ့ ဒီမေးခွန်းကိုဖြေဖို့ အခက်အခဲရှိနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့အချင်းချင်းကလည်း အဲဒီ တော်တော်လေးကို ဘယ်လိုပြောမလဲ နားလည်မှုက၊ ဦးဆောင်သူအချင်းချင်းပေါ့နော်၊ ပြည်သူလူထုကတော့ ကျမတို့နဲ့ အဆင်ပြေ တယ်။ မွန်လူထုတွေကျတော့ ကျမတို့နဲ့အဆင်ပြေတယ်။ ဒါပေမယ့် ဦးဆောင်တဲ့ကဏ္ဍကျတော့ ကျမတို့မဝေဖန်ချင်ဘူး။ ကျမတို့ ပါတီကျတော့ အမျိုးသမီးပါတီလည်းဖြစ်နေတယ်၊ ရပ်တည်ဖို့လည်း တအားကိုခက်ခဲနေတဲ့ပါတီဖြစ်တဲ့အတွက် ဝေဖန်မှုအပိုင်းဆိုရင် ဘယ် သူ့ကိုမှမဝေဖန်ချင်ဘူးလေ။ အားလုံးကို အဆင်ပြေအောင် ပူးပေါင်းပြီးတော့ အကျိုးရှိမယ့်အလုပ်ကို ရွေးပြီးလုပ်သွားမယ်လို့ပဲ ရည်ရွယ်ထားပါတယ်။ အဲဒီလောက်ပဲ စဉ်းစားထားပါတယ်။

ငြမ်းမီဒီယာ – အခုလက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် နဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ တိုင်းရင်းသားအများစုက တောင်းဆို သဘောတူညီထားကြတာကို တွေ့နေရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီး အမျိုးသမီးပါတီ (မွန်) ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

DMTS – ကျမတို့က အများဆန္ဒကိုလေးစားရမှာပေါ့။ ဒါဟာလည်းဒီမိုကရေစီရဲ့ စံနှုန်းကျင့်ဝတ်တစ်ခုပဲလေ။ အများဆန္ဒ အပေါ်မှာ တော့ ကျမတို့ရပ်တည်ရမှာပေါ့။ ကျမတို့က တစ်ခုခုအပေါ်မှာ ဝေဖန်တာမျိုး သိပ်မလုပ်ချင်သေးဘူး။ ကျမတို့က ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုတော့ လမ်းစလျှောက်တတ်ခါစ ကလေးလိုမျိုးပေါ့။ သွားတာလာတာကျတော့ သူများတွေလို မြန်မြန်ကြီးသွားလို့မရသေးဘူး။ ကျမတို့မှာ အခက်အခဲတွေ၊ အတိုက်အခံတွေက တအားများနေတယ်။ သူများပါတီလိုမျိုးမဟုတ်ဘူး။ သွားတဲ့လမ်းကြောင်းကို ဖြောင့်ဖြောင့်သွားလို့ မရဘူး။ ဘေးပတ်လည်က အမျိုးမျိုးအတိုက် အခိုက်တွေကြား ပြေးလွှား သွားနေရတဲ့ အချိန်၊ အင်အားကလည်း သူများတွေလိုအများကြီးမရှိဘဲ ပြေးလွှားနေရတဲ့အချိန်ဆိုတော့ ကျမတို့ကတအားဝေဖန်လိုက်မယ်ဆိုရင် မကောင်းဘူးလေ။ တစ်ဖက်သားက စိတ်မကောင်းဖြစ်သွားလို့ရှိရင် ကျမတို့အတွက်လည်း ရပ်တည်ဖို့က တအားခက်ခဲသွားမယ်။ အဲဒါကြောင့် အများဆန္ဒကိုပဲ ကျမတို့ရပ်တည်မယ်။ အများကသဘောတူတဲ့၊ အားလုံးကသဘောတူတဲ့ကိစ္စကို ကျမတို့လက်ခံရမှာပေါ့။

ငြမ်းမီဒီယာ – တိုင်းရင်းအများစုက တိုင်းရင်းသားအခွင့်အရေးတွေအပြည့်အဝမရဘူး၊ ဖိနှိပ်ချိုးနှိမ်ခံရတယ်ဆိုပြီး ပြောနေ ကြတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ဥက္ကဌတစ်ယောက်ရဲ့အမြင်ကို သိပါရစေ။

DMTS – ကျမတို့အမြင်ကတော့ ကျမလက်ခံထားတာကို ပြောရရင် အားလုံးဟာ ချစ်ချစ်ခင်ခင်နဲ့သွားမယ်ဆိုရင် ဘာမဆို ဖြစ်နိုင် တယ်လို့ပဲမြင်ပါတယ်။ အမုန်းတရားနဲ့သွားမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ချစ်ချစ်ခင်ခင်နဲ့သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်နိုင်တယ်လို့ အဲဒီလိုပဲ ကျမသဘောထားပါတယ်။ အဲဒီလိုပဲ ကျမမြင်ပါတယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေဟာ ခွဲခြားဆက်ဆံခြင်းခံရတယ်လို့ ပြောဆိုကြတာတွေကိုရော မွန်တိုင်းရင်းသား နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DMTS – မေးခွန်းကလေ ကျမတို့ပါတီအနေနဲ့ ဖြေလို့မရတာတွေအများကြီးရှိတယ်။ ကျမတို့ပါတီက ဘယ်လိုပြောမလဲဆိုရင် ပါတီတည်ထောင်ကတည်းက ဘယ်နိုင်ငံမှ Register မချပေးဘူးလေ၊ ဒီမြန်မာနိုင်ငံတစ်ခုပဲ ‘အမျိုးသမီးပါတီ’ ကို Register ချပေးတာ။ ကျမတို့က မွန်အမျိုးသမီးပါတီ မဟုတ်ပါဘူး။ အမျိုးသမီးထုရဲ့ ပါတီပါ၊ အမျိုးသမီးပါတီပါ။ နောက်ကနေ ကွင်းစကွင်းပိတ်နဲ့ မွန်ဖြစ်နေတဲ့အတွက် ကျမတို့ကျတော့ ဘယ်နိုင်ငံမှ Register မပေးထားဘူး။ ဒီမြန်မာနိုင်ငံပဲ Register ပေးထားတယ်။ အဲဒီအတွက်ကြောင့် Register မကျခင် ဌာနဆိုင်ရာမှာ ကတိကဝတ်တွေလုပ် ထားတာရှိတယ်။ ဘယ်အဖွဲ့အစည်းကိုမှ နစ်နာအောင်မလုပ်ပါဘူး၊ ဘယ်အဖွဲ့အစည်းကိုမှ မဆန့်ကျင်ပါဘူး အဲဒီလိုမျိုးပေါ့နော်။ အဲဒီလိုမျိုးနဲ့ ရုံးပိုင်းမှာတွေလိုပဲ ကတိကဝတ်စာချုပ်တွေ၊ စာတွေ လက်မှတ်ထိုးထားတယ်ပေါ့နော်။ ကတိကဝတ် တွေ လုပ်ထားတယ်။

ခေတ်ကာလ ကလည်း ပြောင်းလဲနေပါပြီ။ အားလုံးချစ်ချစ်ခင်ခင်ဖြစ်ကြဖို့ကလည်း သိပ်မဝေးတော့ပါဘူး။ နားလည်မှုယူပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် …

အဲဒီအပေါ်မှာ Register ချပေးတယ်။ Register ချပေးတဲ့အပေါ်မှာ ကျမတို့အမျိုးသမီးထုရဲ့ အခွင့်အရေး ရာနှုန်းပြည့်ရတယ်။ ကျမတို့ဘာလုပ်နိုင်မလဲဆိုတာ အမျိုးသားတစ်ဦးမှမပါဘဲ အမျိုးသမီးအားလုံးပဲ ရာနှုန်းအပြည့်ပဲရတယ်။ အဲဒီမှာ အမျိုးသမီးနဲ့ ပတ်သက်လာရင် ကျမတို့ အစဆုံး ဖြစ်နေတာပေါ့နော်။ အမေရိကန်မှာတောင်မှ အမျိုးသမီး တွေ (၃၀) ရာနှုန်းရဖို့ နိုင်ငံရေးအရ တိုက်နေရတဲ့အချိန်မှာ မြန်မာ နိုင်ငံမှာ အမျိုးသမီးပါတီအနေနဲ့ အခွင့်အရေး အပြည့်ရနေတယ်။ တန်းတူညီတူထက်တောင်လျှံပြီး ရာနှုန်းပြည့် ရနေပါတယ်။ သူများတွေမှာ အမျိုးသမီး (၅၀)၊ အမျိုးသား (၅၀)။ အခုကျမတို့ပါတီမှာ အမျိုးသားတစ်ဦးမှမရှိဘူး။ အမျိုးသမီးတွေပဲ ရာနှုန်းပြည့် ရနေတာ။ အဲဒီအခွင့်အရေးကိုရည်ရွယ်ပြီးတော့ ကျမတို့လက်မှတ်ထိုးထားတာရှိတယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ထိခိုက် နစ်နာမယ့်စကားလုံးမျိုး ကျမတို့မသုံးပါဘူး။ ကျမတို့ပေးထားတဲ့ကတိကို တည်ချင်လို့ပါ။ ကျမတို့ကို နားလည်ပေးပါ။

ငြမ်းမီဒီယာ – မွန်လူမျိုးဆိုတာ ထီးနဲ့ နန်းနဲ့နေထိုင်ခဲ့ပြီး စာပေ ဂီတ ယဉ်ကျေးမှုတွေ၊ ယုံကြည်ကိုးကွယ်မှု တွေကအစ တခန်းတနားနဲ့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ မွန်လူမျိုး တွေရဲ့ စာပေယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ဘယ်လိုသုံးသပ်ပြောပြနိုင်မလဲ။

DMTS – အဲဒါကျတော့ ကိုယ့်လူမျိုးအပေါ်မူတည်တာပေါ့။ ကိုယ်ဘယ်လောက်ပါးနပ်လဲ၊ ကိုယ်ဘယ်လောက် ကျွမ်းကျင်လဲ၊ ကိုယ်ဘယ်လောက်လုပ်နိုင်လဲ။ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ကိုယ်ကိုယ်တိုင်ကနေလုပ်မှ ရမှာပေါ့။ ကျမတို့ အမျိုးသမီးပါတီ လုပ်ချင်တယ်၊ ကျမတို့ကိုယ်တိုင်ဦးဆောင်တယ်၊ ကျမတို့ကိုယ်တိုင် မှတ်ပုံတင်တယ်၊ ကျမတို့လမ်းကြောင်းရှာပြီးတော့ လိမ္မာ ပါးနပ်တဲ့နည်းလမ်းကို ရှာပြီးလုပ်တဲ့အခါကျ လုပ်ချင်တဲ့အလုပ်ကို လုပ်လို့ရလာတယ်။ အဲဒီလိုပဲ ကိုယ့်လူမျိုး တိုးတက်ဖို့ ဆိုရင် လမ်းကြောင်းရှာ၊ အားလုံးလက်ခံနိုင်တဲ့အတိုင်းအတာမျိုးလုပ်၊ တစ်ဖက်ကနစ်နာသွားအောင်မပြောဘဲ၊ တစ်ဘက်က လက်ခံ နိုင်မယ့် စကားမျိုးကိုသုံးပြီး လိမ္မာပါးနပ်မှုနဲ့သွားရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်လို့ ကျမပြောချင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိနိုင်ငံမှာ အရေးအကြီးဆုံးဖြစ်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းနဲ့ပတ်သက်ပြီး တိုင်းရင်းသားတစ်ဦးအနေနဲ့ ဘယ်လိုသဘောထားမှတ်ချက်ပေးချင်ပါသလဲ။

DMTS – အဲဒါကျတော့ ကျမတို့က ညီလာခံမှတက်ခွင့်မရှိတာ။ ညီလာခံလည်းတက်ခွင့်မရှိဘူး၊ အစည်းအဝေးတွေလည်း တက်ခွင့်မရှိဘူးဆိုတော့ ကျမတို့ကအားလုံးနဲ့ မဆွေးနွေးနိုင်ဘူးလေ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

DMTS – ကျမကတော့ အားလုံးကိုချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေပြေပဲဖြစ်စေချင်ပါတယ်။ တိုင်းရင်းသားတွေ အားလုံး ချစ်ချစ်ခင်ခင်နဲ့ တကယ့်ညီအစ်ကိုမောင်နှမအရင်းတွေလိုမျိုး ဖြစ်စေချင်ပါတယ်။ အရင်တုန်းကလည်း ညီအစ်ကိုမောင်နှမ တွေပဲ၊ အခုလည်း ညီအစ်ကိုမောင်နှမတွေပါပဲ။ အဲဒီလိုပဲ ချစ် ချစ်ခင်ခင်သွားကြမယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ။ နောက်ပြီး ခေတ်ကာလ ကလည်း ပြောင်းလဲနေပါပြီ။ အားလုံးချစ်ချစ်ခင်ခင်ဖြစ်ကြဖို့ကလည်း သိပ်မဝေးတော့ပါဘူး။ နားလည်မှုယူပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှမျှနဲ့ သွားကြမယ်ဆိုရင်၊ အလိမ္မာနည်းနဲ့ သွားကြမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်တဲ့အချိန်ကာလကို ရောက်နေပါပြီလို့ ကျမပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,