ကိုဗစ်ကာလ ကျောင်းတွေ ဖွင့်သင့်လား၊ မဖွင့်သင့်ဘူးလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကလေးတွေအတွက် ကြည့်ပေးရမယ်။ ကျမတို့ ဒီရောဂါ ကူးလို့ သေသွားတာ ကိစ္စမရှိဘူး။ ကလေးတွေက အနာဂတ်ကြယ်ပွင့်တွေ သူတို့မှာ တက်လမ်းတွေအများကြီး …

COVID -19 ကာကွယ်ဆေး ပေါ်သည်အထိ ကျောင်းပိတ်ထားရန်မလွယ်၍ ကျောင်းများ ပြန်ဖွင့် ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြီးခဲ့သည့် ရက်ပိုင်းခန့် က ပြောကြားခဲ့သည်။ ကျောင်းများ ပြန်ဖွင့် ရာတွင် ခပ်ခွာခွာနေသည့် နေထိုင်မှု ပုံစံအား ကျင့်သုံး ရမည် ဖြစ်သဖြင့် လက်တွေ့ကျကျ ရေတိုရေရှည် ဖြစ်နိုင်ခြေများ ကိုလည်း ထည့်တွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆို သည်။ မိဘများအနေဖြင့် COVID -19 ကြောင့် သားသမီးများ၏ ပညာရေးနှောင့်နှေးနိုင်မှုကို စိုးရိမ်နေ ကြသလို ကျောင်းများ ပြန်ဖွင့် ပါက COVID -19 ကူးစက် ခံရမည်ကို လည်း စိုးရိမ်တကြီး ရှိနေကြသည်။ COVID -19 ကာကွယ်ဆေး မပေါ်သေး သော် လည်း ရောဂါကို အဆင့်တစ်ခုထိ ထိန်းချုပ်နိုင်သည့်အခြေအနေရောက်မှ ကျောင်းများပြန်ဖွင့်ရန် ဆန္ဒရှိသည့် မိဘများလည်း ရှိပေ သည်။ အဆိုပါအခြေအနေ များနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများ၊ဆရာ၊ဆရာမ များ၏ သဘောထား အမြင်များ ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားသည်။

ငြမ်း / ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားရာ ထိုင်းနိုင်ငံ၊မဲဆောက်မြို့ ရှိ ကျောင်း

♦ဒေါ်ချစ်သီရိဆွေ (ပညာရေးဝန်ထမ်း)

ဒီပဲယင်း၊စစ်ကိုင်းတိုင်းဒေသကြီး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဓိက က တော့ ရေအခက်အခဲ။ ကျမတို့ ကိုယ်တိုင်ရေကို တစ်ရက်ကို တစ်ရာနှုန်း ပေးချိုးရတာ။ ရေရှားတယ်။မလွယ်ဘူး။ ကျောင်းပြန်ဖွင့်မယ် ဆိုရင် …

ကျမတို့ ကျောင်း က မြို့ဘက်ထက် တောဘက်ကိုရောက်တယ်။ နှစ်သုတ်ခွဲ၊ သုံးသုတ်ခွဲ အဲဒီလို အသုတ်ခွဲ တက်ရမယ်ဆိုရင်လည်း အဆင်မပြေလောက်ဘူး ကျမထင်တယ်။ သူတို့ ရွာတွေကနေ ကျောင်းကို လာရတာ ကိုက ခြေကျင်လာရတယ်။ လမ်းလည်း မပေါက် ဘူး။ အနည်းဆုံး နာရီဝက်၊ လေးဆယ့်ငါးမိနစ် ခြေကျင် လာရတဲ့ အခါကျတော့ ကလေးတွေအတွက်လည်း အဆင်မပြေဘူး။ ကျမတို့ ကျတဲ့နေရာမှာက ရေတွေ ဘာတွေ လည်း ရှားပါးတယ် ဆိုတော့ လုံးဝကို အဆင်မပြေဘူး။ နောက်ပြီးတော့ ကလေးတွေရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး က အဲဒီဘက်မှာ နဂိုကတည်းက အားနည်းတယ်။ အဲဒီအတွက်ကတော့ လုပ်ဆောင်ပေးရမှာ ပေါ့။ ဒါပေမယ့် မလွယ်လှဘူး။ ရွာအနေနဲ့က အသိပညာအားနည်းတယ်။ အဓိက က တော့ ရေအခက်အခဲ။ ကျမတို့ ကိုယ်တိုင်ရေကို တစ်ရက်ကို တစ်ရာနှုန်း ပေးချိုးရတာ။ ရေရှားတယ်။မလွယ်ဘူး။ ကျောင်းပြန်ဖွင့်မယ် ဆိုရင် တောင် အခက်အခဲတွေ အများကြီး ရှိတယ်။ ဥပမာ နှာခေါင်းစည်းတပ်ဖို့ ကိစ္စမျိုး သူတို့ကို ပြောဖို့နည်းနည်း ခက်ခဲမယ်။ ကျမတို့ကျောင်းတွေမှာ ကလေး အများစုက မိဘနဲ့ မနေကြဘူး။မိဘတွေက တောထဲမှာ နေတယ်။ ကလေးတွေ က ရွာထဲ အိမ်တွေမှာနေတယ်။ မိဘနဲ့လည်း ဝေးကွာတယ်။ ဗဟုသုတ လည်း အားနည်းကြတဲ့ အခြေအနေ ရှိတယ်။

♦ဒေါ်သန်းသန်းဟိန်း (ပညာရေးဝန်ထမ်း)

ရှမ်းပြည်နယ်

ကျောင်းမှာဆိုတာ လူစုလူဝေးဖြစ်နေတာလေ။ ကိုယ့်မှာ ပါလာရင် ကလေးတွေဆီကူးမယ်။ ကလေးတစ်ယောက်ယောက်မှာ ပါလာရင် ကလေးတွေကနေ သူတို့မိဘတွေ၊ သူတို့ …

အစိုးရက ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် ကျမတို့က တာဝန်အရ ဖွင့်ရမှာပဲ။ ဒါပေမယ့် ကလေးမိဘတွေက ကျတော့ မထားချင် ကြဘူး။ ဒီရောဂါ ဖြစ်နေတဲ့အတွက် ဒီနှစ်မှာ ကျောင်းမထားချင်ကြဘူးလို့ ပြောကြ တယ်။သူတို့အနေနဲ့ ကတော့ ရောဂါကူးမှာ စိုးရိမ် တာပေါ့။ ဒါပေမယ့် ဝန်ထမ်းဆိုတော့ အစိုးရက ဖွင့်ဆို ဖွင့်ရမှာပဲလေ။ ကျမတို့မှာ တာဝန်ရှိတာကိုး။ ကျမအတွက်ဆိုရင်တော့ အခက်အခဲမရှိဘူး။ဒါပေမယ့် ကလေးတွေအနေနဲ့တော့ စိုးရိမ်တာပေါ့။ ကျောင်းမှာဆိုတာ လူစုလူဝေးဖြစ်နေတာလေ။ ကိုယ့်မှာ ပါလာရင် ကလေးတွေဆီကူးမယ်။ ကလေးတစ်ယောက်ယောက်မှာ ပါလာရင် ကလေးတွေကနေ သူတို့မိဘတွေ၊ သူတို့ရွာတွေ တစ်ရွာလုံး ကူးစက်နိုင်တယ်။ ရောဂါတွေ ပြီးသွားမှပဲ ဖွင့်စေချင်တယ်။ ဒါပေမယ့် အစိုးရက ဖွင့်ဆိုရင် တာဝန်အရ ဖွင့်ရမှာ ပဲ။

ကျမတို့က ဝန်ထမ်းဖြစ်တဲ့ အတွက် နိုင်ငံတော်က တာဝန်ပေးရင်တော့ လုပ်ဆို လုပ်ရမှာပဲ။ ဒါပေမယ့် ကလေးတွေအတွက် ကြည့်ပေးရမယ်။ …

မတတ်နိုင်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် ခြားပြီး အကွာအဝေးတစ်ခုနဲ့ သင်ဖို့ဆိုတာကလည်း မလွယ်ဘူး။ဒီမှာက နယ်စပ် ဒေသတွေဆိုတော့ မြန်မာစကားတောင်း မနည်းပေါက် အောင် ပြောရတာ။ လူခွဲတာ ၊ အကွာအဝေတစ်ခုခြားပြီး သင်ဖို့ဆိုတာကလည်း အခန်းမလုံလောက်တာတွေ ဖြစ်လာမယ်။ အဲဒါကတော့ ခက်မယ်။ သင်ရိုးသစ်ဆိုတော့လည်း ဒီအချိန်မှာဒါသင် ဆိုတာ ရှိတော့ သူတို့ကို ခွဲသင်ဖို့ ဆိုတာမဖြစ်နိုင်ဘူး။ နောက်တော့ ခြောက်ပေခြားသင်မယ်ဆိုရင် စာသင်ခန်းတစ်ခန်းက (၃၀) ပတ်လည်တွေ ရှိတယ်။ (၃၀×၆၀) တွေ ရှိတယ်။ ခြောက်ပေခွာသင်ဆို တစ်ခန်းတည်းမှာ လူဘယ်နှယောက် ရှိမလဲ။ ဆရာမတွေကလည်း ခြောက်ပေအကွာမှာ နေရဦးမှာပဲလေ။ ကျမအမြင်ကတော့ ဒီဟာက မလွယ် လောက်ဘူး။ ဒါပေမယ့် ကျမတို့က ဝန်ထမ်းဖြစ်တဲ့ အတွက် နိုင်ငံတော်က တာဝန်ပေးရင်တော့ လုပ်ဆို လုပ်ရမှာပဲ။ ဒါပေမယ့် ကလေးတွေအတွက် ကြည့်ပေးရမယ်။ ကျမတို့ ဒီရောဂါ ကူးလို့ သေသွားတာ ကိစ္စမရှိဘူး။ ကလေးတွေက အနာဂတ်ကြယ်ပွင့်တွေ သူတို့မှာ တက်လမ်းတွေအများကြီး ရှိသေးတယ်။ တစ်ယောက်ဖြစ်ရင် အကုန်လုံးဖြစ်မှာ။ ပြီးရင် တစ်ရွာလုံး။ သူတို့ပတ်ဝန်းကျင်၊သူတို့မိဘ အကုန်လုံးကို ပျံ့မှာလေ။

DZZA / ဒေါ်ဇာဇာအောင် (အထက်တန်းပြဆရာမ)

♦ဒေါ်ဇာဇာအောင် (အထက်တန်းပြဆရာမ)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်

ကျောင်းပြန်ဖွင့်ရင်ဘာတွေ ခက်ခဲမလဲဆိုတော့ အခက်အခဲတွေကတော့ ကျမတို့နယ်ကျောင်းတွေ ဆို ပိုဆိုးတယ်။ အဓိက ပြောချင် တာက အဆောက်အဦ ပေါ့။ ပြီးတော့ စာသင်ခန်း၊ စာသင်ခုံ။ ပုံမှန် အနေအထားမှာတောင် စာသင်ခန်းနဲ့ စာသင်ခုံက ကျောင်းသား တွေ အတွက် မလုံလောက်တဲ့ အနေအထားတွေ မှာ လုံလောက်အောင် ဖြည့်ဆည်းပြီး ဆောင်ရွက်နေတဲ့အချိန်မှာ Social Distance အနေနဲ့ထားမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်အောင်သူတို့ ပြောသလို နှစ်သုတ်၊သုံးသုတ်ခွဲပြီး တက်မယ် ဆိုရင် လည်း ဒါတွေက ညွှန်ကြားချက်တွေတော့ မလာသေးပါဘူး။ အဓိက က ကျောင်းတက်မယ် ဆိုရင် Social Distance ထားမယ် ။အဲဒီလိုဆိုရင်စာသင်ခန်း၊ စာသင်ခုံ၊ကျောင်းသား ဦးရေ၊ ဆရာဦးရေ က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ ကျမတို့ ထင် တယ်။ နောက်တစ်ချက်အခက်အခဲက နယ်ကျောင်းတွေမှာ သောက်ရေက အစ ခက်ခဲတယ်။ ကလေးတိုင်းမှာ ကိုယ့်ရေဘူးနဲ့ ကိုယ်လာ တာ အခန်းတိုင်းမှာ ငါးယောက်၊ ဆယ်ယောက် အပြင် ပိုမရှိဘူး။ရေသုံးတာက အိမ်သာဆိုရင် ကျမတို့ဆီမှာ ပိုဆိုးတယ်။

ဆေးတွေ ဘာတွေ ပေါ်တာ၊မပေါ်တာ အသာထား၊ ရောဂါကို ထိန်းချုပ်နိုင်တဲ့အနေအထား၊အနေအထားလေး တစ်ခု တည်တည်ငြိမ်ငြိမ် ဖြစ်သွားမယ် ဆို …

ဆယ်တန်း ဆိုရင် ဆယ်တန်းတစ်တန်းတည်း အခြေအနေအရ သုံးလိုမရဘူး။ ကျောင်းသားဦးရေ များတဲ့ အပေါ်မှာ မူတည်ပြီး အကုန်စုပြုံသုံးရတာ။ ရှစ်၊ကိုး၊တစ်ဆယ် တစ်ခန်း ဆိုတော့ ဒီရောဂါ အနေအထားနဲ့ ဆိုရင် ကျောင်းဖွင့်လို့ ဒီရောဂါ ဖြစ်လာခဲ့မယ် ဆိုရင် ဘယ်လိုမှ တားလို့ဆီးလို့ရမှာ မဟုတ်ဘူး။ အဲဒီတော့ ကြိုတင် ကာကွယ်မှုတွေ တော့ လုပ်ရမယ်။ နှာခေါင်းစည်းတွေ ထုတ်ပေးမှာလား။ လောလောဆယ် ကျောင်းသားတွေ အတွက်နှာခေါင်းစည်း ထုတ်ပေးမယ်လို့ သတင်းကြားတယ်။ဒါလည်း အတည် ဟုတ်။မဟုတ် မသိသေးပါဘူး။ ကျမတို့ကတော့ ဖွင့်ဆိုရင် ဖွင့်ရမှာပေါ့။ ဒါပေမယ့် စိတ်ပူတာပေါ့။ ကျမတို့က လစာ စားနေတဲ့ ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ရောဂါ ကူးစက်လာရင် လည်း ခံရုံအပြင် ဘာမှ မရှိဘူး။ Social Distance တို့ ဘာတို့မှာ လက်တွေ့အခြေအနေပြောရရင် ကျမဆို အထက်တန်းပြ ။အတန်းကြီးတွေကို သင်ရတယ်။သင်တဲ့အခါမှာ ကျမတို့စာသင်ခန်းတွေက ပါတေရှင်း(Partition) တောင် လုံလုံခြုံခြုံ မရှိဘူး မရှိတဲ့အခါကျတော့ အခု ကျမတို့ တစ်ဆောင်ဆိုရင် စာသင်ခန်း သုံးခန်း ရှိ တယ်။ အဲဒီသုံးခန်းမှာ ကိုယ့်အခန်းက ကလေးတွေက ကိုယ့်အသံ ကြားရဖို့ အသံကုန်ဖွင့်ပြီး ကျမတို့ အော်နေရတာ။ အဲဒီလို အနေအထားနဲ့ ကျမတို့ စာသင်နေရတာ။ ဒီ နှာခေါင်းစည်း တပ်ထားပြီး ကျမတို့ သင်ရမယ် ဆိုရင် အဆင်ပြေမပြေ တွေးကြည့်ပေါ့ ရှင်။ ပြီးရင် ကလေးတွေ ကရော ဒီလို အချိန်ပြည့် နှာခေါင်းစည်းကြီး တပ်ပြီး နေလို့ရမလား။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆေးတွေ ဘာတွေ ပေါ်တာ၊မပေါ်တာ အသာထား၊ ရောဂါကိုထိန်းချုပ်နိုင်တဲ့အနေအထား၊ အနေအထားလေး တစ်ခု တည်တည်ငြိမ်ငြိမ် ဖြစ်သွားမယ် ဆိုမှ ကျောင်းကို ဖွင့်စေချင်တာပေါ့။ ဒါပေမယ့် ဖွင့်ဆိုရင်လည်း ကျမတို့မှာ ငြင်းခွင့် မရှိဘူး။ တက်ရမှာပဲ။ အဲဒီ အချိန်မှာ ကလေးတွေကလည်း ပိုးဖြန့်ဖြူးတဲ့လူတွေ ဖြစ်သွားနိုင်သလို ကျမတို့ တွေကလည်း အိမ်နဲ့ ကျောင်းနဲ့ သွားနေကြတာ ဆိုတော့ ဒါက ပြောလို့မရဘူး။ ဖြစ်လာရင် ရောဂါ ပျံ့သွားနိုင်တယ်။

UMMH / ဦးမင်းမင်းထွဠ် (မူလတန်း ကျောင်းအုပ်ကြီး)

♦ဦးမင်းမင်းထွဠ် (မူလတန်း ကျောင်းအုပ်ကြီး)

ဧရာဝတီတိုင်း

ကျောင်းကိစ္စကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လည်း ပြောသွားတယ်။ မနေ့ကလည်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင် မှုကော်မတီရယ်၊အခြေခံပညာဦးစီးဌာန ဒုချုပ်ဆရာကြီးဒေါက်တာတင်မောင်ဝင်း၊ ဆရာကြီး ဒေါက်တာသိန်းလွင်တို့ ဆွေးနွေး နေတာလည်းတွေ့ရတယ်။ နောက်လူမှုကွန်ရက် စာမျက်နှာ မှာလည်း ကျောင်းဖွင့်ရေး၊ မဖွင့်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ၊ ဆူညံ သံ တွေများနေတယ်ပေါ့ဗျာ။ ကျနော်တို့ သုံးသပ်တာကတော့ နှစ်ပိုင်းရှိတယ်ဗျ။ တစ်ဖက်ကလည်း ဖွင့်သင့်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဗစ်ရောဂါအခြေအနေ ဆိုးလာလို့ မဖွင့်သင်ဘူး ဆိုရင် ပိတ်သာပိတ်ချပလိုက်။ နောက်နှစ်ကျမှသာပြန်စ။ ဘာဖြစ်လို့လဲဆိုတော့ …

ဖွင့်သင့်တယ်ဆိုတာက နိုင်ငံတော် အဆင့်ဗဟိုကော်မတီရဲ့ မီးစိမ်းပြ ပြီး ဖွင့်ပါလို့ ပြောရင်တော့ ဖွင့်ရမယ်ပေါ့ဗျာ။ ဖွင့်လို့ရှိရင်တော့ ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်။ ဖွင့်တာတောင်မှ ကျနော်တို့ တစ်လလောက် ပြင်ဆင်ရမယ်။ ဘာတွေ ပြင်ဆင် ရမလဲဆိုတော့ လေးတန်း၊ ရှစ်တန်း အဖြေလွှာတွေ မခြစ်ရသေးဘူး။ အဲဒါတွေနဲ့ပတ်သက်ပြီး အောင်စာရင်းတွေ ထုတ်ရမယ်။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေ ထုတ်ရမယ်။ နောက်ကျောင်းအပ်နှံရေး လုပ်ငန်းတွေ လုပ်ရမယ်။ ပြီးရင် ကျောင်းတွင်း ပြင်ဆင်မှုတွေ လုပ်ရမယ်။ မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုရင် ဒီဟာတွေကတော့ ရှိတယ်။ မဖွင့်ဘဲထားရင် တစ်နှစ် အောက်သွားမယ် ဆိုရင် ကလေးတွေရဲ့ ပညာသင်မှု အခွင့်အလမ်းက တစ်နှစ်ကြီး လုံးလုံးလျားလျား အောက်သွားမလားပေါ့။ ကျနော်တို့စဉ်းစား တာကတော့ မြန်မာနိုင်ငံမှာ အခြေအနေ နှစ်မျိုးပဲရှိတယ်။ ကိုဗစ်ရောဂါအခြေအနေ ဆိုးလာလို့ မဖွင့်သင်ဘူး ဆိုရင် ပိတ်သာပိတ်ချပလိုက်။ နောက်နှစ်ကျမှသာပြန်စ။ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းက သင်မယ်ဆိုတဲ့ကိစ္စ က ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဘယ်လိုမှ ကို အဆင်မပြေနိုင်ဘူး။ အွန်လိုင်းလည်းမရဘူး။ အော့ဖ်လိုင်းလည်း မရဘူး။ ဒီလုပ်ငန်းနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့က Face To Face သွားတာအကောင်းဆုံးပဲ။ ပြီးတော့ ကျောင်းအတွင်းမှာ ကျောင်းသားတွေကို ခြောက်ပေခွာပြီး သင်ရမယ်။နောက် ဂရု ဖွဲ့လို့မရဘူးဆိုတော့ ကျနော်တို့ သွားနေတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ ဒီကလေးတွေရဲ့ တာဝန်ယူ လုပ်ဆောင်မှု၊ ကိုယ်တိုင်သင်ယူခြင်းလုပ်ငန်း တွေနဲ့ သွားတာ ဖြစ်တဲ့အတွက်ကြာင့်မို့ အုပ်စုဖွဲ့ရတဲ့ အသင်းက အနည်းဆုံး လေးယောက်လောက် စုရတာ ဆိုတော့ ခြောက်ပေလောက်ခြားလုပ်မယ် ဆိုရင် ဒီသင်ခန်းစာတွေ က အဆင် မပြေနိုင်ဘူး။ နောက်တစ်ခုက အဲဒီကလေးတွေ တစ်ယောက်နဲ့တစ်ယောက် မထိရဘူး၊မတို့ရဘူး။ တစ်ယောက်နဲ့တစ်ယောက် ခွာနေပါ ဆိုတာဟာ ကျောင်းမှာ ဘယ်လိုမှ ကို အဆင်မပြေနိုင်ဘူး။ ဒါက အခက်အခဲတွေ အများကြီး။စိန်ခေါ်မှုတွေအများကြီး။

တစ်စုံတစ်ခုဖြစ်ရင်တော့ ဖွင့်ခိုင်းတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်း တွေက ကျောင်းသားဦးရေများတဲ့အခါကျတော့ …

ဖွင့်မယ်ဆိုရင်တော့ ဒီလိုအနေအထားတွေ ရှိတယ်။ တစ်ဖက်မှာလည်း ပညာသင်မှုအခွင့်အလမ်း မရမှာစိုးတဲ့အတွက် ဖွင့်မယ်။ မြို့နယ်ပေါင်း (၃၃၀) ကျော်ရှိတယ်။ ဖြစ်နေတာ မြို့နယ်(၄၀) ကျော် ။ အဲဒီ မြို့နယ် (၄၀) ကျော်ကို ချန်ပြီးတော့ ကျန်တဲ့ မြို့နယ် သုံးရာ နီးပါးကို ဖွင့်မယ်ဆိုတော့ ရော မဖြစ်သေးတဲ့ ပြည်နယ်နဲ့တိုင်းတွေကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဖွင့်မလားဆိုတော့ အဲဒါကလည်း တကယ်လို့လုပ်မယ်ဆိုရင် ခုနက ကျနော်ပြောခဲ့တဲ့ စိန်ခေါ်မှုတွေက အများကြီး ရှိတယ်။ စာသင် ခန်းတွေ ချဲ့ရမယ်။ စာသင်ခန်း ချဲ့ဖို့ ဆိုတာ ချက်ချင်း ချဲ့လို့ရတာမှမဟုတ်တာ။ လက်ဆေး ဆပ်ပြာတွေ လိုမယ်။ နှာခေါင်းစည်းတွေလိုမယ်။ Face Shield တွေ လိုမယ်။ တော်တော်များများ အခက်အခဲတွေ အများကြီး ရှိနိုင် တယ်ပေါ့။ ကျနော်တို့ ကတော့ အခြေခံပညာဦးစီးဌာနအောက်မှာ ရှိတဲ့ ဆရာ၊ဆရာမတွေ ဖြစ်တဲ့ အတွက်ကြောင့် ဆရာ၊ဆရာမတွေဘက်ကတော့ ဖွင့်ဆို ဖွင့်မှာပဲ။ အခက်အခဲကြားထဲကနေ ရုန်းကန် ပြီး လုပ်မှာပဲ။ ဒါပေမယ့် တစ်စုံတစ်ခုဖြစ်ရင်တော့ ဖွင့်ခိုင်းတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်း တွေက ကျောင်းသားဦးရေများတဲ့အခါကျတော့ တစ်သုတ်တက်တွေ၊နှစ်သုတ်တက်တွေ လုပ်ခိုင်းမယ်လို့လည်း ပြောနေ တယ်။ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းသားတွေကို နှာခေါင်းစည်း တွေဝေဖို့ နိုင်ငံတော်ဘတ်ဂျတ်နဲ့စီစဉ် ဆောင်ရွက်နေတယ်။ တကယ်လို့များသာ အဲဒီ ကျောင်းတစ်ကျောင်း ကနေ ပြီးတော့ မပြောကောင်းပါဗျာ။ ဒီရောဂါ က ကျောင်းတစ်ကျောင်း ကနေ ကူးစက် ပျံ့နှံ့သွားပြီးဆိုရင် အဲဒါကြီးက ထိန်းမရတဲ့ အနေအထားရှိတယ်လေ။ နောက် WHO ကလည်း ပြောနေတယ် ဒီကပ်ရောဂါက ထိန်းနိုင် တဲ့ အခြေအနေ မဟုတ်သေးဘူး ဆိုတဲ့ အနေအထားမျိုး ဆိုတော့ ကျနော်တို့ ကတော့ လောလောဆယ် လက်ရှိ အနေ အထား အရတော့ မဖွင့်သင့်သေးဘူးလို့ သုံးသပ်ပါတယ်။

DNZA / ဒေါ်နွယ်ဇင်အေး (မူလတန်းကျောင်းအုပ်)

♦ဒေါ်နွယ်ဇင်အေး (မူလတန်းကျောင်းအုပ်)

ပဲခူးတိုင်းဒေသကြီး

ကျောင်းတွေ ပြန်ဖွင့်လို့ အဆင်ပြေနိုင်မလားဆိုတော့ အစိုးရက ဖွင့်ဆိုရင်တော့ ကျမတို့က အစိုးရ ဝန်ထမ်း ဆိုတော့ တက်ရမှာ ပဲလေ။ မဖြစ်မနေဖွင့်မယ်ဆိုရင်တော့ ဆရာ၊ဆရာမတွေအကုန်လုံး က တက်ပေးရမှာပဲ။ ဝန်ထမ်းဆိုတော့ အစိုရခိုင်းရင် ကျမတို့ လုပ်ရမယ်။အဲဒီမှာ ဘာအခက်အခဲ ရှိလဲဆိုတော့ တကယ်လို့ တက်ပါပြီတဲ့ စာသင်ကျောင်းအနေနဲ့ ကလေးတွေအနေနဲ့ ကြည့်မယ် ဆိုရင် ကျောင်းဖွင့်ရင် ဒီကလေးတွေကို လုံခြုံအောင် လုပ်ပေးနိုင်မလား။ ဥပမာ လက်ဆေးတာလောက်နဲ့ မရဘူးလေ။ လက်ဆေးရုံ၊ နှာခေါင်းစည်း တပ်ရုံလောက်နဲ့ အဆင်မပြေဘူးနှစ်စဉ် တွေ့ကြုံ နေရတာက ကလေးတွေဆိုတာ ကူးစက်ရောဂါ အဖြစ်များ တယ်။

ကလေးတွေ အတွက် လုံခြုံနိုင်မလား။ တကယ်လို့များ ကလေးတွေ ကျောင်းတက်မယ်ဆိုရင် ဥပမာပေါ့ ဒီရောဂါမဖြစ်ဘူးလို့ အစိုးရက တာဝန်ယူနိုင်လား …

ပြောသွားတာတော့ ကောင်းပါတယ်။ ကျောင်းတွေဖွင့်ရင် တစ်ချိန်မရရင် နှစ်ချိန်။ ဒါပေမယ့် နှစ်သုတ်ခွဲ တက်နေရတဲ့ ကျောင်းတွေ ဆိုရင် ဘယ်မှာလဲ နေရာ။ အဓိက ကနေရာကို ကျမတို့ စဉ်းစားရမယ်။ ကျမတို့ ကျောင်းက တောကျောင်းအနေနဲ့ တစ်ချိန်ပဲ ခွဲတက် ရတယ်။ နှစ်ချိန်တက်မယ်ဆိုရင် ကလေးတွေကို တစ်ခန်း မရရင် သုံးခန်းသင်လိုက်မယ်လို့ပြောသွားတယ်။ အဲဒီသုံးခန်းဆိုရင် ဆရာမ အင်အားက ကိုယ့်တောကျောင်းမှာ ရှိတာက ဥပမာ Grade 6 ကနေ Grade 9 ဆိုရင် အလယ်တန်း လေးခန်းရှိတယ်။ ရှိတာက ဆရာမလေး ယောက် ။အဲဒီလေးယောက် ဘယ်လို သင်မလဲ။ ခြောက်တန်းတစ်ခန်းကိုပဲ သုံးခန်းခွဲမယ်ဆိုပါစို့။ ဒီဆရာမက ဒီသုံးခန်းကို ဘယ်လို ပြေးမလဲ။ ကျန်တဲ့ဆရာမတွေကရော ဘယ်လိုသင်မလဲ။ အဓိက က ဆရာမ အင်အားလိုတယ်။ သုံးခန်း ပေးနိုင် တယ် ဆိုရင်တောင် သုံးခန်းပေးဖို့ အဆောက်အဦက ဘယ်မှာလဲ။ အဲဒီလိုတွေလည်း အများကြီးစဉ်းစားရတယ်။ပြောမယ်ဆိုရင် တော့အများကြီးပဲ။ အများကြီးဆိုတော့ သိပ်တော့မပြောချင်တော့ပါဘူး အဓိကက တော့ သူတို့ဖွင့်မယ်ဆိုရင် ကျမတို့ တက်ရမှာပဲ။ ကျောင်းဖွင့် ဆိုတာမှာ မဖွင့်ဘူးလို့ ပြောပိုင်ခွင့်မရှိဘူး။ အဲဒါကတော့ ပညာရေးဌာနက အဓိက သက်ဆိုင်တယ်။ ကိုယ့်နိုင်ငံနဲ့ ညီညွှတ်တဲ့ ကျန်းမာရေးနဲ့အညီ လုပ်ပေးနိုင်ရင်ဖွင့်ပါ။ ကျမတို့ ဆရာမတွေအနေနဲ့ကတော့ အဆင်သင့်ပါပဲ။ အကုန်လုံး ကျောင်း တက်ဖို့ အတွက် အဆင်သင့်ပဲ။ အခုတောင်စာအုပ်တွေ ထုတ်ပေးတာ၊ကိုယ့်ကျောင်း အတွက် အကုန်လုပ်ထားပြီးသွာပြီ။ ကျောင်း သန့်ရှင်းရေးက အစ ကျမတို့ လုပ်ထားတယ်။ ဒါပေမယ့် တက်ရမယ် ဆိုရင် တက်မယ်။ ကလေးတွေ အတွက် လုံခြုံနိုင်မလား။ တကယ်လို့များ ကလေးတွေ ကျောင်းတက်မယ်ဆိုရင် ဥပမာပေါ့ ဒီရောဂါမဖြစ်ဘူးလို့ အစိုးရက တာဝန်ယူနိုင်လားပေါ့ အဲဒါ ကျမတို့ လည်း မသိဘူး။ ဆရာမတွေကရော တာဝန်ယူနိုင်လားဆိုတော့ အဲဒါ ကျတော့ ကျမတို့ မပြောတတ်ဘူးလေ။ ဆရာမတွေကတော့ သူတို့က ကျောင်းဖွင့်ဆိုရင် ဖွင့်ရမှာလေ။ မနေ့ကဆို ကျမ မိဘတစ်ဦးကို ဘာရယ်ညာရယ်မဟုတ်ဘူး မေးလိုက်တာ။ ” ကျောင်း ဖွင့်မယ် ဆိုရင် အစ်မရဲ့ကလေးအတွက်ဘယ်လို လုပ်မလဲပေါ့။ ” အဲဒါက ဆရာမတွေမှာ တာဝန်အရှိဆုံးတဲ့။ အဲဒီလိုကြီး ပြောတာဗျ။

ကလေးဆိုတာက ဒီလူနဲ့မကစားနဲ့ဆို ကစားမှာပဲ။ တစ်ယောက်နဲ့တစ်ယောက် မဖက်နဲ့ဆိုလည်း ဖက် မှာပဲ။ မုန့်လည်းတစ်ယောက်နဲ့ တစ်ယောက် …

သိလား။ တာဝန် အရှိဆုံးဆိုတော့ ကျမတို့က ဒီဟာကြီးကို ကလေးတွေကို လာပါ။ဒီရောဂါကြီး မဖြစ်ပါဘူးလို့ အာမခံ ပေးလို့ မရဘူး လေ။ မိဘတွေကို မေးလိုက်တာ ဆရာမတွေမှာ တာဝန်အရှိဆုံးဆိုတော့ တကယ့်တကယ် ကျောင်းဖွင့်ခိုင်းတာ လုပ်တာ အထက် က။ မိဘတွေ ရဲ့ အမြင်မှာကျတော့ ဆရာမတွေပဲ။ အဲဒီလို မြင်လာမှာလေ။ ဆရာမတို့မှာတာဝန်ရှိတာ။ ဆရာမ၊ဆရာမ ဆိုတဲ့ အမြင် ပဲ မြင်လာကြမှာ။ ကျမတို့က ကလေးတွေကို လက်ဆေးအောင်၊ နှာခေါင်းစည်းတပ်အောင် အော်ပြောနိုင်တယ်။ သတင်းတစ်ခုမှာ ကြည့်လိုက်တာ တရုတ်နိုင်ငံမှာ ကလေးလေးတွေကို ပိုးသတ်ဆေးဖြန်းပေးတာ။ အဲဒါမျိုးတွေ လုပ်ပေး နိုင်မှာလား။ ဒါက တွေး ကြည့် တာပါ။ခုနက မိဘတစ်ယောက်ပြောလိုက်တဲ့ စကားမှာတောင်မှ ဒါက ဆရာမတွေမှာ တာဝန်အရှိဆုံးဆိုတော့ ကျမ ခေါင်း နဘန်းတွေ အရမ်းကြီးသွားတယ်။ သူ့လိုမျိုးပဲလူတိုင်း အကုန်လုံး နီးပါးက ကျမတို့ဆရာမတွေကို ပြောကြမှာပဲလေ။ ကျမကလေး က လည်း ကျောင်းသားပါပဲ။ မိဘတစ်ယောက် အနေနဲ့ ဆိုရင်တော့ ကျမကတော့ ဒီရောဂါကြီး ဖြစ်နေတဲ့အချိန်မှာတော့ ကျမကလေးကို ကျမကျောင်းထားပေးမှာ မဟုတ်ပါဘူး။ ဒါအမှန်။အဖြစ်သင့်ဆုံးစကားပဲ။ ကျမကလေးအတွက် ကျမ ဘယ်လောက်ပဲ Safe ဖြစ် အောင် လုပ်နိုင် လုပ်နိုင် ကလေးဆိုတာက ဒီလူနဲ့မကစားနဲ့ဆို ကစားမှာပဲ။ တစ်ယောက်နဲ့တစ်ယောက်မဖက်နဲ့ ဆိုလည်း ဖက် မှာပဲ။ မုန့်လည်းတစ်ယောက်နဲ့ တစ်ယောက် ကိုက်စားကြ မှာပဲ။ ကလေးတွေကတော့ သူ့မုန်ငါစား၊ငါ့မုန့်သူစားလည်း ရှိမှာပဲ။ မိဘရဲ့နောက်ကွယ်ရာမှာ ဆရာမကလည်း ဒါကိုထောင့်စေ့အောင်လိုက်မကြည့် နိုင်ဘူး။ အကုန်လုပ်ကြမှာပဲ။ တစ်ခန်းမှာ ခြောက်ဆယ်၊ ခုနှစ်ဆယ် ဆရာမ က အဲဒီလောက်ထောင့်စေ့ ကြည့်နိုင်မှာ မဟုတ်ဘူး။ ကျမ ဆရာမတစ်ယောက် အနေနဲ့ မိဘ တစ်ယောက် အနေနဲ့ ကျမသားသမီး ကို ဒီလို အချိန်မှာ ကျောင်းမထားပါဘူး။ ဒီတစ်နှစ်အောက်တာ ကျမဘာမှ မဖြစ်ဘူး။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,