ကျောင်းသားတွေကို ဘာဖြစ်လို့ ထောင်ထဲမှာ ထည့်ထားချင်ရတာလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

DANS / ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်

သူတို့ ဒီလိုဆန္ဒထုတ် ဖော်လိုက်လို့ အဲဒီအစိုးရရုံးက ပြိုကျသွားသလား၊ COVID – 19 ရောဂါပိုးတွေ ကူးစက်သွားသလား။ ဆိုတော့ ဒီလိုအကြောင်းအချက်တွေမရှိပါဘဲ ဒီပုဒ်မ (၂၅) ကိုတပ်လိုက်တော့ …

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ထိန်းသိမ်းခံထားရသော ကျောင်းသား သုံးဦး တရားစွဲခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ် တော်ရှေ့နေ ဒေါ်အေးနုစိန်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – စစ်တွေမြို့မှာဆန္ဒပြတဲ့ ကျောင်းသားသုံးဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ (၂၅) နဲ့အရေးယူထားတယ်လို့သိရပါတယ်။ ဒီပုဒ်မနဲ့ ဘယ်လိုငြိစွန်းပြီး ဘာကြောင့်အရေးယူတယ်လို့ ထင်ပါသလဲ။

DANS – ဘယ်အချက်နဲ့ငြိသလဲဆိုတာထက် အာမခံပေးလို့မရအောင် အဲဒီပုဒ်မကိုတပ်လိုက်တာလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြစ်မှုဆိုင်ရာဥပဒေတွေမှာဆိုရင် အများအားဖြင့် ပြစ်ဒဏ် (၃) နှစ်၊ (၃) နှစ်အထက်ဆိုရင် ရဲက အာမခံပေးလို့မရဘူးလေ။ အဲဒီအချက်ကိုလိုချင်လို့ ဒီပုဒ်မကိုတပ် လိုက်တာလို့ ထင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုကြားနေရတာက သဘာဝဘေး (၂၉) နဲ့လည်းတပ်တယ်၊ ငြိမ်းစုစီနဲ့ လည်းထပ် တပ်ထားတယ်လို့ကြားနေရတယ်။ ခုလတ်တလောမှာ ရုံးတွေဘာတွေကိုလည်း သွားလို့ မရတော့ အသေးစိပ်တော့ မသိရသေးဘူး။ ငြိမ်းစုစီသက်သက်နဲ့ အရေးယူတယ်ဆိုရင် အာမခံရမယ်။ အခုက သဘာဝဘေး (၂၅)၊ (၂၉) ဆိုတော့၊ (၂၉) တစ်ခုထဲဆို ပြစ်ဒဏ်တစ်နှစ်ဆိုတော့ အာမခံရ မယ်။ (၂၅) ကျတော့ ပြစ်ဒဏ်က (၃) နှစ်ဖြစ်သွားတော့ အာမခံပေးလို့မရတော့ဘူး။ အဲဒီတော့ ခုလို ဖြစ်သွားတယ်ပေါ့။

ငြမ်းမီဒီယာ – ဒီပုဒ်မတွေရဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ ခုကိစ္စမှာ ဘယ်လိုကိုက်ညီလို့ ဒီပုဒ်မတပ်ပြီး အရေးယူတာလို့ ပြောနိုင်ပါသလဲ။

DANS – သဘာဝအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ (၂၅) မှာပြဌာန်းထားတာက “မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတရာ ကျရောက်နိုင် သည်ကို သိလျှက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင် ထိုသူကို (၃) နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။” အဲဒီလိုပြဌာန်းထားတယ်။

ဒီပြဌာန်းချက်ရဲ့အဓိက အကြောင်းအရာကို ကြည့်ရင် သဘာဝဘေးအန္တရာယ်ကျမယ်ဆိုတာကို “သိလျှက်နဲ့” ဆိုတဲ့အချက်၊ နောက်ထပ် “တမင်” ဆိုတာတစ်ချက်၊ နောက် “ပေါ့ဆစွာ” ဆိုတဲ့အချက်တွေပါတယ်။ သဘာဝဘေး အန္တရာယ်ကျမှာကို သိလည်းသိတယ်၊ တမင်လည်းလုပ်တယ်၊ ပေါ့ဆစွာလည်းလုပ်တယ်၊ အဲဒီလို လုပ်လို့ သဘာ၀ ဘေးအန္တရာယ် “ဖြစ်ပေါ်လျှင်” ၊ “ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင်” သူ့ရဲ့လုပ်ရပ်က အပြစ်ဒဏ်ထိုက် တယ်ပေါ့။

အခု အစိုးရရုံးရှေ့မှာ ဒီကျောင်းသားသုံးယောက် Mask တွေစနစ်တကျတပ်၊ ပိုစတာကိုင်ပြီး ဆန္ဒထုတ်ဖော်တာဟာ “သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တာကို သိလျှက်နဲ့ တမင်ပေါ့ဆစွာ” လုပ်ရာရောက်သလား။ ဒါကတစ်ချက်ပေါ့။

နောက်တစ်ချက်က သူတို့ ဒီလိုဆန္ဒထုတ် ဖော်လိုက်လို့ အဲဒီအစိုးရရုံးက ပြိုကျသွားသလား၊ COVID – 19 ရောဂါပိုးတွေ ကူးစက်သွားသလား။ ဆိုတော့ ဒီလိုအကြောင်းအချက်တွေမရှိပါဘဲ ဒီပုဒ်မ (၂၅) ကိုတပ်လိုက်တော့ ပြစ်ဒဏ် (၃) နှစ်ချမှတ် နိုင်တဲ့ ပုဒ်မဖြစ်လို့ ဒီကျောင်းသားသုံးယောက်ကို အာမခံမပေးနိုင်တဲ့အခြေအနေရောက်သွားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပုဒ်မ (၂၉) ကျတော့ “ မည်သူမဆို ၏ဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြေညာစာနှင့် အမိန့် တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” လို့ ပြဌာန်း ထားတယ်။

အခုက ရခိုင်တစ်ပြည်နယ်လုံးကို ကျန်းမာရေးဝန်ကြီးဌာနက သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ညွှန်ကြားချက်တွေ၊ အမိန့်တွေ၊ ကြေညာစာတွေထုတ်ထားတယ်။ အပြင် မထွက်ရဘူးတို့ ဘာတို့ စသဖြင့်ပေါ့။ အဲဒီအမိန့်တွေ၊ ကြေညာ စာတွေရဲ့ တားမြစ်ချက် တစ်ခုခုကို ဖောက်ဖျက်ကြောင်းဆိုရင် ပုဒ်မ (၂၉) အရစွဲရမှာဖြစ်ပြီး ပြစ်ဒဏ်တစ်နှစ်မို့လို့ ချက်ချင်း အာမခံပေးရမယ်။

တကယ်ဆို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ လုပ်ချင်ရင်တောင်၊ အမိန့်တွေ ကြေငြာချက်တွေကို ဖောက်ဖျက်တယ်လို့ ယူဆရင် ဒီပုဒ်မ (၂၉) နဲ့ပဲ လုပ်သင့်တယ်။ ဟို ပုဒ်မ (၂၅) ကြီးကတော့ ခုကျောင်းသားတွေ Mask တပ်ပြီး ပိုစတာကိုင်ဆန္ဒပြရုံနဲ့ ရခိုင်ပြည်နယ် အစိုးရရုံးကြီးပျက်သွားရောလား၊ Quarantine ဝင်ရရောလား၊ ဆူနာမီတွေကျလာရောလား၊ ဒီလို တွေတော့ရှိတာပေါ့။ မန္တလေးမှာတော့ လူသုံးဆယ်လောက်ဆန္ဒပြတာ ငြိမ်းစုစီနဲ့စွဲတယ်။ ဆိုတော့ ဘာဖြစ်လို့ ဥပဒေကမမျှမတဖြစ်နေရတာလဲ။

ပုံမှန်ဆိုရင် ငြိမ်းစုစီနဲ့ သွားသင့်တာကို ခုလို သဘာဝဘေးတို့ဘာတို့ ဖြစ်လာတာက တခြားအကြောင်းတွေရှိမှာပေါ့။ သဘာဝဘေးထဲမှာ တောင် အမြင့်ဆုံး အာမခံပေးလို့မရအောင် လုပ်လိုက်တာ …

ငြမ်းမီဒီယာ – ဒီကျောင်းသားသုံးဦးတရားစွဲခံရတဲ့ကိစ္စအတွက် ဘာတွေဆက်လုပ်သွားဖို့ စီစဉ် ထားပါသလဲ။

DANS – အဲဒီတော့ ကျမတို့က ဒီကိစ္စကို ဝန်ကြီးချုပ်ရယ်၊ နယ်လုံဝန်ကြီးရယ်၊ ဥပဒေချုပ်ရယ်ဆီကို အိတ်ဖွင့်ပေးစာပေးသွားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို လက်ရှိ အချိန်မှာ အပြင်လူဝင်ခွင့်မရှိဘူးလို့ ကျမတို့ကြားနေရတယ်။ ဝင်ခွင့်ရှိရင်တော့ ဝန်ကြီးချုပ်၊ နယ်လုံ ဝန်ကြီးနဲ့ ဥပဒေချုပ်တို့ကို ကျမတို့တွေ့ခွင့်တောင်းမယ်။ လူကိုယ်တိုင်သွားမယ်ပေါ့။

ဒီအချက်အလက် တွေကိုလည်းတင်ပြမယ်။ အခုလက်ရှိအစိုးရရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်တွေဖြစ်တဲ့ သမ္မတဦးဝင်းမြင့်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တစ်ချိန်က ဥပဒေရဲ့ မတော်မတရားလုပ်ခြင်းကို ခံခဲ့ရဖူးတဲ့လူ တွေပဲလေ။ အခု ဒီအစိုးရလက်ထက်မှာ ဘာဖြစ်လို့ဒီလိုတွေထပ်လုပ်ကြရတာလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဒီပုဒ်မတွေက ရဲကတပ်တာကို ဥပဒေအရာရှိကအတည်ပြုပြီး တရားရုံတင်တယ် ဆိုတဲ့ ပုံစံနဲ့သွားတာလား။

DANS – ဒီအဆင့်က အဲဒီလိုမဟုတ်သေးဘူး။ ရဲကလာဖမ်းတယ်ပေါ့။ သူတို့တစ်ခုခုလုပ်နေတဲ့အတွက် ဖမ်းလိုက်ပြီပေါ့။ ထိန်းသိမ်းလိုက်ပြီပေါ့။ ဆိုတော့ သဘာဝဘေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးဦးက တရား စွဲတယ်။ ဆိုတော့ ဒီပုဒ်မတပ်တဲ့ကိစ္စက ရဲအရာရှိနဲ့ပဲဆိုင်တယ်။ ဟိုဘက်က ဥပဒေအရာရှိနဲ့ မဆိုင် သေးဘူး။ ဥပဒေအရာရှိက အမှုကိုစွဲတင်ဖို့ စိစစ်တော့မှဆိုင်မှာ။ ဒီအဆင့်မှာမဆိုင်သေးဘူး။

တရား ရုံးဆိုတာလည်း ဘယ်ပုဒ်မနဲ့ပဲလာလာ မဆီလျော်ဘူး ဘာညာနဲ့ ရမန်မပေးဘူးဆိုပြီး ဒီအဆင့်မှာပြော လို့မရသေးဘူး။ ဒီအဆင့်မှာ ရဲကဆက်လက်ချုပ်နှောင်ထားခွင့် ရမန်ပေးပါဆိုရင် ပေးလိုက်ရတာပဲ။ တရားသူကြီးတွေကလည်း ဥပဒေနဲ့အညီပဲ လုပ်ဆောင်ရတာပါ။ ပုံမှန်ဆိုရင် ငြိမ်းစုစီနဲ့ သွားသင့်တာကို ခုလို သဘာဝဘေးတို့ဘာတို့ ဖြစ်လာတာက တခြားအကြောင်းတွေရှိမှာပေါ့။ သဘာဝဘေးထဲမှာ တောင် အမြင့်ဆုံး အာမခံပေးလို့မရအောင် လုပ်လိုက်တာ။

ငြမ်းမီဒီယာ – ခုလိုပုဒ်မနဲ့တရားစွဲတာကို ဥပဒေနဲ့ပတ်သက်ပြီး ပြည်နယ်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုတာဝန်ရှိတယ်လို့ ပြောနိုင်ပါသလဲ။

DANS – ပြည်နယ်ဥပဒေချုပ်မှာ တည့်မတ်ပေးဖို့တာဝန်ရှိတာပေါ့။ ဥပဒေနဲ့ပတ်သက်လာရင် သူ့မှာ တာဝန်ရှိတယ်။ ခုဆိုပိုမြင်သာထင်သာရှိတယ်လေ။ မန္တလေးမှာ လူသုံးဆယ်ကျော်ကိုကျတော့ ငြိမ်းစုစီနဲ့ပဲ စွဲတယ်လေ။

ငြမ်းမီဒီယာ – စစ်ပွဲတွေရပ်ပေးဖို့ ဆန္ဒပြတဲ့ ကျောင်းသားသုံးဦး ခုလိုတရားစွဲခံရတဲ့ကိစ္စအပေါ်မှာ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DANS – ကျောင်းသားတွေဆန္ဒပြလို့ ခေတ်ကြီးကိုတော်လှန်ပြီး အစိုးရဖြစ်လာတဲ့လူတွေလက်ထက် ကျမှ ဒီကျောင်းသားတွေအပေါ်မှာ ပြင်းပြင်း ထန်ထန် လုပ်တဲ့ဆိုတဲ့အချက်ပေါ့။ ကျန်တဲ့အကြောင်းခြင်း ရာတွေကတော့ ရှည်ရှည်ဝေးဝေးပြောရင် မဆုံးနိုင်ဘူး။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ လုပ်ကြတာလဲ။ ကျောင်းသားတွေကိုဘာဖြစ်လို့ထောင်ထဲမှာထည့်ထားချင်ရတာလဲ။ ထောင်ထဲမှာတစ်ရက် နေရတယ် ဆိုတာ လွယ်တာမဟုတ်ဘူးလေ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,