ကျေးရွာအုပ်ချုပ်ရေးမှူးကို တစ်ရွာတည်းနေမိသားစုတစ်စုကရိုက်နှက်သဖြင့် နံရိုးနှစ်ချောင်းကျိုး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်ချုပ်ရေးမှူးကို တစ်ရွာတည်းနေသူမိသားစုတစ်စုကရိုက်နှက်သဖြင့် နံရိုးနှစ်ချောင်းကျိုးသွားခဲ့ကြောင်း

ဖြစ်စဉ်မှာ နားဆိုင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျင်ဆုံမီသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထောက်ပံ့သော ကိုယ်လက်လှုပ်ရှားအားကစားလုပ်သည့် ပစ္စည်းများကို ကျေးရွာပိုင်မြေလွတ်တစ်ခုတွင် နေရာချထား တပ်ဆင်ရန်စီစဉ်နေစဉ် တစ်ရွာတည်းနေသူ ကိုပြည့်ဖြိုးအောင်ရောက်လာပြီး အဆိုပါနေရာမှာ ၎င်းတို့ခြင်းလုံးကစားသည့်နေရာဖြစ်သဖြင့် အားကစားပစ္စည်းများမတပ်ဆင်ရန်ပြောရာမှစတင်အချင်းများခဲ့ခြင်းဖြစ်ကြောင်း ဦးကျင်ဆုံမီကပြောသည်။

ကိုပြည့်ဖြိုးအောင်နှင့် ဦးကျင်ဆုံမီတို့ တစ်ယောက်တစ်ချက်စီအပြန်လှန်ထိုးကြိတ်ပြီး ကိုပြည့်ဖြိုးအောင်ကပြေးထွက်သွားကာ ၎င်း၏ ဖခင်၊ ဦးလေးနှင့် ညီဖြစ်သူတို့ကိုခေါ်လာပြီး ဝါးဆစ်ပိတ်တုတ်များဖြင့်ရိုက်နှက်သဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျင်ဆုံမီမှာ နံရိုးနှစ်ချောင်းကျိုးသွားခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ ဦးကျင်ဆုံမီ၏ပြောကြားချက်အရ သိရသည်။

အမှုဖွင့်အရေးယူခံထားရသူ ကိုပြည့်ဖြိုးအောင်၏မိခင် ဒေါ်ညွှန့်ညွှန့်ဌေးက ” ကျွန်မသားပြည့်ဖြိုးအောင်က သူတို့လူငယ်တွေပိုက်ကျော်ခြင်းခတ်တဲ့နေရာလေးမှာ မလုပ်ဖို့မေတ္တာရပ်ခံတာကို အုပ်ချုပ်ရေးမှူးကလက်မခံဘဲသူ့ကိုပြောရမလားဆိုပြီးစထိုးတယ်။ ပြီးတော့ အနားမှာရှိတဲ့သူ့လူတွေကိုဖမ်းခိုင်းတော့ ကျွန်မသားက ကိုယ်လွှတ်ရုန်းထွက်ပြေးလာပြီး သူ့အဖေကိုတိုင်တာ။ ဒီကလိုက်သွားကြတဲ့လူတွေကလည်း ဘာမှရိုက်တာနှက်တာမလုပ်ဘဲ ဖြန်ဖြေရုံနဲ့ပဲပြီးသွားတာပါ။ အခုသူကနံရိုးကျိုးပါတယ်ဆိုပြီးပြောပေမယ့် အခုအလုပ်စုံလုပ်နေတာလူကောင်းတစ်ယောက်အတိုင်းပဲလေ။ ဖြစ်တဲ့နေ့ညနေမှာ အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့တရုတ်အဖွဲ့ခုနစ်ယောက်လောက်က ကျွန်မနဲ့ကျွန်မသမီးကိုလာပြီးဆဲဆိုကြိမ်းမောင်းကြတယ်။ နောက်နေ့ညမှာလည်း အုပ်ချုပ်ရေးမှူးရဲ့တူနဲ့ယောက်ဖက ကျွန်မတို့သားအမိတွေပဲရှိတဲ့အိမ်ကို တုတ်တွေ ဓားတွေနဲ့လာပြီးခြိမ်းခြောက်ဆဲဆိုကြတယ်။ ခြံဝင်းတံခါးကိုလည်းဓားနဲ့ခုတ်သွားတယ်။ ဒါကြောင့်ကျွန်မအမှုပြန်ဖွင့်ထားတယ်။ ရွာမှာကကျွန်မတို့ဗမာတွေကနည်းတယ်၊ သူတို့တရုတ်တွေက များတော့ ငွေရှိတယ်ဆိုပြီးကြီးစိုးထားကြတာ” ဟု အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နားဆိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျင်ဆုံမီက ၎င်းအားရိုက်နှက်ခဲ့သည်ဟုဆိုသော ကိုပြည့်ဖြိုးအောင်ပါ (၄) ဦးအား နမ္မတူမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး နမ္မတူမြို့နယ်ရဲစခန်းမှ (ပ) ၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။