ကျွန်တော်တို့ အမှောင်ထဲမှာ . . .

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကျွန်တော်တို့ ရဲ့ စိတ်ဓာတ်တွေ အပြုအမူတွေဟာ အမှောင်ဘက်ခြမ်းကို ရောက်နေတတ်တယ်။ အဲဒီလို အမှောင်ဘက်ခြမ်းကို ရောက်နေတယ်ဆိုတာလည်း ကျွန်တော်တို့ တစ်တွေက လင်းလင်းထင်းထင်းကြီး မြင်နေရတယ် …

Cherry Leithang

(၁)
ကျွန်တော်တို့ မျှော်ရည်သောနိုင်ငံ၊ ကျွန်တော်တို့ မျှော်ရည်သော လူ့အဖွဲ့အစည်း။ ကျွန်တော်တို့မြင်နေတွေ့နေရတဲ့ ကွက်လပ်တွေကိုဖြည့်ရင်း ကျွန်တော်တို့ ရှေ့ဆီကိုသွားရမှာပဲ။

ပိုကောင်းသော၊ ပိုစာနာစိတ်ရှိသော၊ ပိုမျှဝေနိုင်သော စိတ်ထားတွေကတော့ ကျွန်တော်တို့အတွက် လိုအပ်နေမှာပဲ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလို အဖက်ဖက်က ချွတ်ခြုံကျနေတဲ့နိုင်ငံမှာ ဒီလိုစိတ်ထားအမွန်အမြတ်တွေ၊ စိတ်ဓာတ်ကောင်းတွေက ပိုရှိနေသင့်တယ်မဟုတ်လား။

(၂)
အားကြီးတဲ့သူက အားနည်းတဲ့သူကို ဗိုလ်ကျအနိုင်ကျင့်မယ်၊ဖိနှိပ်ညှင်းပန်းမယ်။ အာဏာရှိသူက အာဏာမရှိသူကို တရားနည်းလမ်းမဲ့ လုပ်ချင်သလိုလုပ်၊ ပြုချင်သလိုပြုမယ်။တရားမရှိ၊ မျှဝေမှုဆိုတာမသိ၊ စာနာမှုမရှိ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမှောင်ဘက်ခြမ်းကျယ်လာတာနဲ့အမျှ လူ့ဘဝရဲ့အေးချမ်းမှုဟာ ပျက်လာလေလေပဲ။ လူဆိုတာ အေးချမ်းမှုလေးနဲ့ နေချင်ကြတာ။ တရားမျှတမှုကိုချစ်တယ်။ လွတ်လပ်မှုကို မြတ်နိုးတယ်။ စာနာမှုကို တန်ဖိုးထားတယ်။ ကျွန်တော်တို့လုံခြုံမှုတံတိုင်းဟာ ကျွန်တော်တို့ပြုကျင့်တဲ့တရားနဲ့သာ တည်ထားနိုင်တာ။

ကိုယ်ဝန်ဆောင်အမျိုးသမီး ကားပေါ်တက်လာရင် ထိုင်စရာနေရာပေးတာ၊ သက်ကြီးရွယ်အိုတွေကို ထိုင်စရာနေရာပေးတာ။ လမ်းဖြတ်ကူးနေသူတွေ အဆင်ပြေအောင် ကားကိုရပ်ပေးတာ။ ဆာလောင်နေသူကို မျှဝေပေးတာ။သဘာ၀ တရားကို သဘာဝတရားလေးအတိုင်း ချစ်တတ်နေတာ။

(၃)
တစ်ခါတရံ ကျွန်တော်တို့ ရဲ့ စိတ်ဓာတ်တွေ အပြုအမူတွေဟာ အမှောင်ဘက်ခြမ်းကို ရောက်နေတတ်တယ်။ အဲဒီလို အမှောင်ဘက်ခြမ်းကို ရောက်နေတယ်ဆိုတာလည်း ကျွန်တော်တို့ တစ်တွေက လင်းလင်းထင်းထင်းကြီး မြင်နေရတယ်။

တခြားသူတစ်ဦးရဲ့ လိုအပ်ချက်၊ ဒါမှမဟုတ် လူ့အဖွဲ့စည်းတစ်ခုမှာ မသတ်မှတ်ထားရင်တောင် လူလူချင်းထားတဲ့တန်ဖိုးအရ၊ သက်ရှိထဲမှာ ယဉ်ကျေးတယ်လို့ သတ်မှတ်ခံထားရတဲ့ လူသားတန်ဖိုးအရ တချို့အရာတွေကို ကျွန်တော်တို့ ပြုကျင့်ကြံဖို့ လိုတယ်မဟုတ်လား။

စိတ်ဓာတ် အမွန်အမြတ်တွေ၊ စိတ်ထားကောင်းတွေ ပျက်သုဉ်းလာတာနဲ့အမျှ ကျွန်တော်တို့နေ့စဉ်ဘဝကို လုံခြုံမှုပေးနေတဲ့၊ ကျွန်တော်တို့ မိသားစုတွေ၊ ကျွန်တော်တို့ဝန်းကျင်တွေကို အကာအကွယ်ပေးနေတဲ့ တံတိုင်းတွေ ပြိုလဲတာပဲ …

(၄)
ဘတ်စ်ကားပေါ်မှာ ချိုင်းထောက်နဲ့ လူငယ်လေးတစ်ယောက်။ ဘေးလွယ်အိတ်တစ်လုံးနဲ့။ လက်ကိုင်တန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတယ်။ သူ့မျက်နှာမှာ လူငယ်တစ်ယောက်ရဲ့ အားမာန်တွေအပြည့်။ သူဟာ မသန်စွမ်းတစ်ယောက်။ ချိုင်းထောက်ကိုအားပြု၊ သူ မတ်မတ်ကြီးရပ်လို့။သူ့ရှေ့ကမှန်ကို စိုက်ကြည့်လို့။ နို့ . . ဒီလူငယ်လေးဟာ ခရီးသည်တင် ဘတ်စ်ကားတိုင်းရဲ့ သတ်မှတ်ပေးထားတဲ့ ထိုင်ခုံမှာ သူ့အနေနဲ့ သက်တောင့်သက်သာ စီးနိုင်ဖို့ အခြေအနေလေး ရှိရမယ်မဟုတ်လား။

အခုမြင်နေရတဲ့အခြေအနေ အလုံးစုံကို မသိပေမယ့် မြင်နေရတဲ့ မြင်ကွင်းကြီးက စိတ်နှလုံးထဲ ထိခိုက်ရတယ်။ လက်ကိုင်တန်းကို တင်းတင်းဆုပ်၊ ချိုင်းထောက်နဲ့ မတ်မတ်ရပ် ပြီး သူသွားလိုတဲ့ခရီးမှာ သူ့အနေနဲ့ ဘယ်သူ့အကူအညီကိုမှ မလိုပေမယ့် မသန်စွမ်းတွေအတွက် သတ်မှတ်ပေးထားတဲ့ထိုင်ခုံမှာ ဒီလူငယ်လေးရှိနေသင့်တယ်။ ဒါမှမဟုတ် အခြားသူ တစ်ယောက် ယောက်က ဒီလူငယ်လေးအတွက် ထိုင်ခုံတစ်နေရာစာကို ပေးသင့်တယ်မဟုတ်လား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အနန္တစွမ်းတဲ့လူသားဟာ ဟိုးအဝေးကြီးမှာမြင်နေရတဲ့ ကြယ်လေးတစ်လုံးလောက်တောင် သူ့နှလုံးသားက မလင်းနိုင်ရင် ကျွန်တော်တို့ တွေ ၊ကျွန်တော်တို့ မိသားစုတွေ …

အမှောင်ဘက်ခြမ်းရောက်နေတဲ့ အပြုအမူတွေကို လင်းလင်းထင်းထင်းကြီး မြင်နေရတဲ့အခါ မလုံခြုံတော့သလိုကို ခံစားရတယ်။ လူသားရဲ့လုံခြုံမှုကို စာနာမျှဝေခြင်းဆိုတဲ့ တံတိုင်းတွေ၊ စိတ်ဓာတ်ကောင်းတွေ၊ စိတ်ထားအမွန်အမြတ်တွေက ကာရံပေးထား တယ်လို့ ခံစားမိပါရဲ့။ ဒီလိုစိတ်ဓာတ် အမွန်အမြတ်တွေ၊ စိတ်ထားကောင်းတွေ ပျက်သုဉ်းလာတာနဲ့အမျှ ကျွန်တော်တို့နေ့စဉ်ဘဝကို လုံခြုံမှုပေးနေတဲ့၊ ကျွန်တော်တို့ မိသားစုတွေ၊ ကျွန်တော်တို့ဝန်းကျင်တွေကို အကာအကွယ်ပေးနေတဲ့ တံတိုင်းတွေ ပြိုလဲတာပဲလို့ ခံစားမိပါရဲ့။

Luis Quintero

(၅)
ဘယ်လို အပြုအမူတွေက ရှက်သင့်တယ်၊ ဘယ်လိုအပြုအမူတွေက မလုပ်သင့်ဘူးဆိုတာ မသိကျိုးကျွံ့ပြုလိုက်တဲ့ အခါ၊ အဲဒီလို ပြုနေမှုတွေကို ကျွန်တော်တို့ မသိဘာသာ မျက်ကွယ်ပြုနေတဲ့အခါ ကျွန်တော်တို့နေ့တွေဟာ ပိုမှောင်လာတယ်။ကျွန်တော်တို့ ညတွေဟာ ပိုနက်လာတယ်။

အနန္တစွမ်းတဲ့လူသားဟာ ဟိုးအဝေးကြီးမှာမြင်နေရတဲ့ ကြယ်လေးတစ်လုံးလောက်တောင် သူ့နှလုံးသားက မလင်းနိုင်ရင် ကျွန်တော်တို့ တွေ ၊ကျွန်တော်တို့ မိသားစုတွေ၊ ကျွန်တော်တို့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ကလေးတွေအတွက် ပိုကောင်းတဲ့ နေ့တွေ၊ ပိုကောင်းတဲ့ဝန်းကျင်တွေနဲ့ ပိုကောင်းတဲ့လောက ဆိုတာ ရှိနိုင်ပါ့မလားဗျာ။

Joel Filipe

(၆)
နောက်တစ်ခါ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ထိုင်ခုံလေးတွေကို လိုအပ်သူအတွက် ထပေးလိုက်ရအောင်လေဗျာ။ ကျွန်တော်တို့ နေ့တွေဟာ ပိုမှောင်မသွားဖို့ လိုတယ်မဟုတ်လား။

ဘခေါင်

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,