ကျွန်တော် ရိုက်နှက်ခြင်း မရှိပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ညောင်တပင်ရွာ ရာအိမ်မှူး ဦးမြင့်ကြည်

ပိုက်ခိုးမှုနဲ့ ဇော်မင်းထွန်းကို စစ်မရလို့ ရဲခေါ်ပြီး ရဲစခန်း ထည့်ထားတာ အခုတော့ သေပြီ ပြောတယ်လို့ ပြောတယ်။ အခု မြန်မြန်လာပါ ဆိုတော့ ည(၂) နာရီ ထိုးတော့ အုပ်ချုပ်ရေးမှူး ရောက်တယ်။ အုပ်ချုပ်ရေးမှူးက ဘယ်လို ဖြစ်တာလဲ ဆိုပြီး မှတ်တမ်းပြုစုတော့ ကျွန်တော် ကြားတာကတော့ …

ငါးဖမ်းပိုက်ခိုးမှုဖြင့် ကိုဇော်မင်းထွန်း ကို ဒေးဒရဲ ရဲစခန်း သို့ ပို့ဆောင် စစ်ဆေးစဉ် သေဆုံးသွားခဲ့သည်။သေဆုံးသူ တွင် မျက်မြင် အခြေအနေအရ ဒဏ်ရာများတွေ့ရသဖြင့် ကိုဇော်မင်းထွန်း ကို ရဲစခန်းသို့ ပို့ခဲ့သည့် ဒေးဒရဲမြို့၊ညောင်တပင်ရွာ ရာအိမ်မှူး ဦးမြင့်ကြည် ကို ငြမ်းမီဒီယာ က သွားရောက်တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။ကိုဇော်မင်းထွန်းသေဆုံးမှု နှင့် ပတ်သက်ပြီး ဒုရဲအုပ် တစ်ဦးအပါအဝင် ရဲဝန်ထမ်း(၅)ဦး ကို အချုပ် ချထားပြီး စုံခုံဖွဲ့၍ စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်းလည်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာ အရ သိရသည်။

ငြမ်းမီဒီယာ – ညောင်တပင်ကျေးရွာမှာ ပိုက်ခိုးတယ် ဆိုပြီး ကိုဇော်မင်းထွန်း ကို ရဲစခန်းကို ပို့လိုက်တာ သေသွားတယ်လို့ သိရပါတယ်။ သူ့ကို ရဲစခန်းကို ပို့တာ ရာအိမ်မှူးက ပို့လိုက်တာလို့ သိရတယ်။ ဘယ်လိုဖြစ်တာလဲ။

ရာအိမ်မှူး – ကျွန်တော့်ဆီ ကို (၂၆) ရက်နေ့ သုံးနာရီလောက် က ပိုက်ပိုင်ရှင် လင်မယား က လာပြီး တိုင်ပါတယ်။ ည သုံးနာရီလောက် က ဇော်မင်းထွန်းရယ် ကျွန်မတို့ ပိုက်နားကို လာတယ်။ ယောင်္ကျား ကို နှိုးတော့ ထွက်ပြေးတာ ကိုလှထွန်း က နောက်ကလိုက်တော့ မီ သွား တော့ ပိုက်နား ဘာလို့ ကပ်တာလဲလို့ မေးတော့ အိမ်လည် သွားတာ လို့ ပြောတယ်။ လက်ထဲလည်း ဘာမှမပါတော့ ကျွန်တော် လည်း ဘာမှ မပြောတော့ဘူး။ အဲဒါခေါ်ယူ စစ်ဆေးပေးပါလို့ လာ တိုင် တယ်။ ကျွန်တော်က ကိုဇော်မင်းထွန်းနဲ့ ရပ်မိရပ်ဖ ကိုမြင့်ဦးတို့ ကို ဆင့်စာနဲ့ ခေါ်တယ်။ ကျွန်တော့် မိန်းမကို သွားပို့ ခိုင်းတာ။ ညနေ(၅)နာရီကျော်မှာ ဇော်မင်းထွန်းတို့ မလာလို့ သွားခေါ်ခိုင်းပါသေးတယ်။ အားလုံး ရောက်လာ တော့ ပိုက်နား ဘာလို့ သွားလဲ မေးပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မိသားစုတွေ ရှိပါလျှက်နဲ့ သေတဲ့ အကြောင်း မပြောဘဲ ဒေါ်သန်းလှကြည်နဲ့ ရပ်မိရပ်ဖကို ခေါ်သွားပြီးတော့ လမ်းကျမှ သေတဲ့ အကြောင်းပြောတယ် ဆိုတော့ ဒါမရိုးသားတာ။ ကျွန်တော် လက်မခံနိုင်ဘူး။ ကျွန်တော့် ရွာသား …

ဇော်မင်းထွန်း က အိမ်လည်သွားတယ်ပဲ ပြောပါတယ်။ မနက်(၃)နာရီ အိမ်လည် လို့ ရလားလို့ မေးတော့ ရတယ်လို့ ပြောပါတယ်။ ဒါဆို မင်းအိမ်လည်တဲ့ အိမ်က လူတွေ ခေါ်မေး ရမလားဆိုတော့ ငြိမ်သွားပါတယ်။ မေးပါ များတော့ ပိုက်ပြန်ပေးရင် နင်တို့ ပိုက်ဆံ ဘယ်လောက် ပေးမလဲလို့ မေးပါတယ်။ ပိုက်ပိုင်ရှင် ကိုတင်ထွန်း မိန်းမက ပိုက်ပြန်ပေးရင် ပိုက်ဆံ တစ်သောင်း ပေးမယ်ပြောတော့ သူမိန်းမ ကို ခေါ်ပြီး ဆင်းသွားတယ်။ သိပ်မကြာခင် မိန်းမ က ပိုက်ထုပ်ရွက်လာပြီး သူက နောက်က လိုက်လာတယ်။ ပိုက်ပိုင်ရှင် က လည်း သူ့ပိုက်လို့ ပြောပါတယ်။ ဇော်မင်းထွန်း က ပိုက်ပြန်ပေးပြီး မုန့်ဖိုး တစ်သောင်း တောင်းပါတယ်။ ရပ်မိရပ်ဖ ကိုမြင့်ဦး က ပိုက်လေးဖုံစလုံး ပေးမှ တစ်သောင်းပေးမှာ သွားယူဦး လို့ ပြောတော့ စဉ်းစားဦးမယ် ဆိုပြီး ခါးမှာပါတဲ့ အရက် ပုလင်း ကို ဖွင့်သောက်လိုက်တော့ ကျွန်တော့်ရပ်မိရပ်ဖ က လည်း စိတ်ဆိုးပြီး ကဲတို့တွေ ကို မလေးမစားလုပ်နေတာ နယ်ထိန်းသာ ခေါ်လိုက်တော့လို့ ပြောတယ်။ ကျွန်တော်လည်း နယ်ထိန်းကို ဖုန်းဆက်လိုက်တော့ နယ်ထိန်း ကိုတင့်လွင် က သူမအားလို့ ရဲလေး တစ်ယောက် လွှတ် လိုက်ပါတယ်။ ရဲလေးက ခိုးရင်လည်း ပြန်ပေးလိုက်ပြောပါတယ်။ ငြင်းနေတော့ ကျွန်တော်လည်း မအားဘူး စခန်းကျမှ စစ်ချင်လည်း စစ်လို့ပြောပါတယ်။ ကျွန်တော့် လျှပ်စစ်ဆိုင်ကယ် က လူတင်လို့ မရဘူး။ ရာအိမ်မှူးတို့ ကယ်ရီသာငှားဆိုတော့ ကျွန်တော်တို့လည်း ကယ်ရီ ငှား သွားတာ။ ကယ်ရီသမားနောက်မှာ ဇော်မင်းထွန်း ကို ထားပြီး ကျွန်တော် က နောက်က ကိုင်ပြီး ထိုင်တယ်။ ကိုမြင့်ဦး က ဒေါ်သန်းလှကြည်ကို တင်သွား တယ်။ တစ်ရွာလုံးလဲ ထွက်ကြည့်နေတာ မြင်နေတာပဲ။ ဟိုရောက်တော့ ရဲ အပ်လိုက်တယ်။

ငြမ်းမီဒီယာ – ကိုဇော်မင်းထွန်းသေဆုံးတဲ့အချိန်မှာ မျက်မြင်အခြေအနေမှာကိုပဲ ဒဏ်ရာတွေတွေ့ရတယ်။ ခိုးယူမှုအတွက် စစ်မေးချိန်မှာ ရပ်ရွာမှာ ရိုက်နှက်တာ တို့ ကြောက်လန့်အောင် လုပ်တာတို့ ရှိခဲ့လား။

ရာအိမ်မှူး – အဲဒါတွေက ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့် မရှိသလို လုပ်လည်း မလုပ်ခဲ့ပါဘူး။ ကျွန်တော့်ကျေးရွာသူ ကျေးရွာသား ဖြစ်တဲ့အတွက် အေးငြိမ်းစွာပဲ ကျွန်တော် လိုချင်တဲ့ စကားကို နှိုက်ယူတာပါ။ ကျွန်တော်တို့နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်တာပါ။ ကျွန်တော် ဒီလိုပဲ စစ်တာပါ။ ကျွန်တော် အမှုစစ်ရင်လည်း အနားက လူတွေ လာကြည့်ကြပါတယ်။ အိမ်ကလည်း သံဇကာ ကာထားတာပါ။ အနားဝန်းကျင်ကို လည်း မေးကြည့်လို့ ရပါတယ်။ ကျွန်တော် ရိုက်နှက်ခြင်း မရှိပါဘူး။

ငြမ်းမီဒီယာ – သေဆုံးသူကိုဇော်မင်းထွန်းကို ရဲစခန်းသွားပို့စဉ်က ဘာဒဏ်ရာမှ မရှိဘူးလို့ ရာအိမ်မှူးက ပြောချင်တာလား။

ရာအိမ်မှူး – တကယ်ကို မရှိလို့ မရှိဘူးလို့ ပြောတာပါ။

ငြမ်းမီဒီယာ – ကိုဇော်မင်းထွန်းကို စခန်းကိုပို့ပြီးတဲ့နောက် ဦးမြင့်ကြည်တို့ အနေနဲ့ ဘာတွေ ကြားခဲ့ရသေးလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရာအိမ်မှူး – စခန်းရောက်တော့ လာခေါ်တဲ့ရဲလေးက ဇော်မင်းထွန်းကို ပခုံးဖက် ခေါ်သွားတယ်။ နယ်ထိန်းခန်း ထဲ ထည့်လိုက်တော့ ကျွန်တော်နဲ့ ရပ်မိရပ်ဖလည်း ဝင်လိုက်သွားတော့ အထဲမှာ တရားခံလေး တစ်ယောက်တွေ့တယ်။ ကျွန်တော်တို့လည်း ပြန်ထွက်လာပြီး အပြင်မှာ ဆေးလိပ်သောက်နေတာပါ။

ငြမ်းမီဒီယာ – အခန်းထဲကို မမြင်ရဘူးဆိုပေမဲ့ ရိုက်တာနှက်တာ အော်တာဟစ်တာ ကြားရသေးလား။

ရာအိမ်မှူး – ကျွန်တော်တို့ ထိုင်နေတာ ည(၈)နာရီလောက်ကျတော့ ဗိုလ်လေးဆိုတဲ့ တစ်ပွင့်နဲ့ ရဲတစ်ယောက် ထွက်လာပြီးတော့ ခင်ဗျားတို့ အမှု ဖွင့်မှာလား။မဖွင့်ဘူး လားဆိုတော့ ပိုက်ပိုင်ရှင်က ပိုက်ရရင် တော်ပါပြီ။ ဒါဆိုရင် ဒီကောင်လေး ကို ထားခဲ့။ သူ့မိန်းမကြီးကို ပြန်ခေါ်သွားလို့ပြောပါတယ်။ နာရီက (၈)နာရီ တိတိပါ။ ပြန်မယ် လုပ်တော့မှ တံခါး ပိတ်ထားတဲ့ အခန်းထဲ က ဇော်မင်းထွန်းရဲ့ အော်သံ ကို အသံမာမာနဲ့ ကို ကြားရပါတယ်။

ငြမ်းမီဒီယာ – ပိုက်ခိုးတယ်လို့စွပ်စွဲတယ်။ အဲဒါကရော စခန်းမှာ ပေါ်ပေါက်တာလား။

ရာအိမ်မှူး – ကျွန်တော်အိမ်မှာ တစ်ဖုံပေါ်တယ်။ စခန်းကို ယူမသွားလို့ စခန်းက ပြန်ယူခိုင်းလို့ ပိုင်ရှင်ပြန်ယူပြီး စခန်းထဲ အရောက်မှာပဲ နောက်ထပ် တစ်ဖုံပေါ်ပြီလို့ ပြောပါတယ်။ ခင်ဗျားတို့ လိုက်သွားပြီး သွားယူ ဆိုတော့ ရွာမှာ ပြန်ယူတယ်။ မီးဖိုချောင်ထဲမှာ ပြောလို့ရှာတော့ မတွေ့ပဲ ထင်း တဲထဲမှာ တွေ့တဲ့ အိတ် လေးအိတ်ထဲက တစ်အိတ်မှာ တွေ့တယ်။ တွေ့တဲ့ပိုက်ကို ယူပြီး အဖွားကြီးကို ပြန်ခေါ်ခဲ့ဆိုတော့ ကျွန်တော်လည်း ပြန်ခေါ် သွားခဲ့ပါတယ်။

ငြမ်းမီဒီယာ – ရဲစခန်းကို ပို့လိုက်ပြီးတော့ ကိုဇော်မင်းထွန်းကို ဘယ်အချိန် ပြန်တွေ့ရလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရာအိမ်မှူး – မတွေ့ရတော့ဘူး။ ဖြောင့်ချက်ပေးတဲ့ပိုက်ကို လာယူပြီး သွားတော့လည်း မတွေ့ရ တော့ဘူး။ နယ်ထိန်းတံခါးက ပိတ်ထားတယ်။ (၈) နာရီပြန်လာပြီးတော့ ည ၁၂ နာရီလောက်မှာ ရပ်မိရပ်ဖ ကို အကြောင်းကြားတယ်။ သေကြောင်း မပြောဘူး။ ဇော်မင်းထွန်းရဲ့ မိန်းမ ဒေါ်သန်းလှကြည်ကို ခေါ်ပေးပါလို့ပြောတာ။ ကျွန်တော်လည်း ဦးလေး နာရေး သွားနေလို့ အိမ်မှာ မရှိဘူး။ ရပ်မိရပ်ဖ ကလည်း သွားခေါ်တော့ အဖွားကြီးက မရှိဘူး။ ပိုက်ပျောက်တဲ့အိမ်ကို သွားနေတယ်ဆိုတော့ လိုက်သွားတာ လမ်းမှာ ဇော်မင်းထွန်းမိန်းမ အဖွားကြီးနဲ့ ဇော်မင်းထွန်း အစ်မတွေကို တွေ့တယ်။ မိသားစုတွေ ရှိပါလျှက်နဲ့ သေတဲ့ အကြောင်း မပြောဘဲ ဒေါ်သန်းလှကြည်နဲ့ ရပ်မိရပ်ဖကို ခေါ်သွားပြီးတော့ လမ်းကျမှ သေတဲ့ အကြောင်းပြောတယ် ဆိုတော့ ဒါမရိုးသားတာ။ ကျွန်တော် လက်မခံနိုင်ဘူး။ ကျွန်တော့် ရွာသားဖြစ်တဲ့အတွက် နစ်နာတယ်။

ငြမ်းမီဒီယာ – ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံခုံဖွဲ့စစ်ဆေးနေတယ်လို့ သိရတယ်။ ဦးမြင့်ကြည်တို့ကို ခေါ်မေးသေးလား

ရာအိမ်မှူး – ကျွန်တော်တို့ကို (၂၇) ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ပြီးတော့ မေးမြန်းပါတယ်။ (၂) နာရီလောက် ကြာပါတယ်။ ကျွန်တော်စောစောက ပြောခဲ့သလိုပဲ ဖြစ်ပျက်တဲ့ အတိုင်းပြောပြပါတယ်။

ငြမ်းမီဒီယာ – သေဆုံးသူ ဇော်မင်းထွန်းကို ရဲစခန်းကို ပို့စဉ်က မျက်မြင်အနေနဲ့ ဘာဒဏ်ရာမှ မရှိဘဲ သေဆုံးသွားတော့ အလောင်းမှာ မျက်မြင် ဒဏ်ရာတွေ တွေ့ရတဲ့အတွက် ရာအိမ်မှူး အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်လဲ။

ရာအိမ်မှူး – ကျွန်တော့်လူ သွားတုန်းက စင်းလုံးချော ပုဂ္ဂိုလ်တစ်ယောက်၊ သေပြီးတော့ ရိုက်ထားတဲ့ပုံတွေကြည့်တော့ ဝမ်းလည်းနည်းတယ်။ စိတ်လည်းမကောင်းဘူး။

ငြမ်းမီဒီယာ – သက်ဆိုင်ရာ ရဲတပ်ဖွဲ့က နေပြီး ရွာရဲ့အုပ်ချုပ်ရေးဖြစ်တဲ့ ရာအိမ်မှူးတို့ကို ဘာပြောသေးလဲ။

ရာအိမ်မှူး – နာရေးကနေ ပြန်လာတော့ တစ်နာရီကျော်နေပြီ။ အဲတော့မှ ဇော်မင်းထွန်း ဆုံးမှန်းသိတယ်။ အဲတော့ ကျွန်တော့်ယောက်ဖရယ် သေသူဇော်မင်းထွန်းရဲ့ ညီရယ် ရဲစခန်းကို သွားတာ။ ဟိုရောက်တော့ (၂) နာရီ မထိုးသေးဘူး။ ဟိုကျတော့ ဗိုလ်လေးက သေကြောင်း ပြောတော့ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြောတယ်။ အုပ်ချုပ်ရေးမှူးရယ် ညနေက ကျွန်တော်တော့ အကြောင်းတော့ မကြားမိဘူး။ ပိုက်ခိုးမှုနဲ့ ဇော်မင်းထွန်းကို စစ်မရလို့ ရဲခေါ်ပြီး ရဲစခန်း ထည့်ထားတာ အခုတော့ သေပြီ ပြောတယ်လို့ ပြောတယ်။ အခု မြန်မြန်လာပါ ဆိုတော့ ည(၂) နာရီ ထိုးတော့ အုပ်ချုပ်ရေးမှူး ရောက်တယ်။ အုပ်ချုပ်ရေးမှူးက ဘယ်လို ဖြစ်တာလဲ ဆိုပြီး မှတ်တမ်းပြုစုတော့ ကျွန်တော် ကြားတာကတော့ ညနာရီ (၂၂) နာရီ (၃၀)မှာ မူးတယ်မူးတယ်ဆိုပြီး ပစ်လဲသွားလို့ ကျွန်တော်တို့လည်း ဆေးရုံပို့တယ်။ (၂၂) နာရီ (၄၅)မိနစ်မှာ သေတယ်လို့ ပြောတယ်။ ဆရာဝန်ကြီးဆီ ရောက်တယ်။ အောက်ဆီဂျင်ပါ ပေးတယ်လို့ပြောတယ်။ အဲလိုပြောပြီးတော့ ကျွန်တော်တို့ကို အကုန်ပြန်၊ မနက်ကျမှ လာခဲ့ပါ ဆိုတော့ ကျွန်တော့်ယောက်ဖနဲ့ သေသူရဲ့ညီကို ပြန်လွှတ်လိုက်ပြီး ကျွန်တော်နဲ့ အုပ်ချုပ်ရေးမှူးက ကျေးရွာစာရေးဆီမှာ မှတ်တမ်းသွားပြုစုတာ ည (၃) နာရီကျော် (၄) နာရီလောက်မှာ ညတွင်းချင်းပဲ မြို့နယ်ရုံးမှာ သွားသတင်း ပို့ပါတယ်။

ငြမ်းမီဒီယာ – ဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရာအိမ်မှူးအနေနဲ့ ဘာများ ပြောစရာရှိလဲ။

ရာအိမ်မှူး – ကျွန်တော်ကတော့ ကျေကို မကျေနပ်တာ။ ကျွန်တော်တို့ လူက ကျွန်တော်တို့ပို့တာ ပကတိအကောင်း၊ စင်းလုံးချောပါ။ ကျွန်တော်တို့ ထွက်ခါနီးတော့ အသံမာမာ တစ်ချက် ကြားလိုက်တယ်။ ကျွန်တော့်လူ ဇော်မင်းထွန်းက အမာကြီးပါ။ အခုကျတော့ ဖေ့စ်ဘွတ် ပေါ်တက်လာတဲ့ ပုံတွေ မြင်ရတော့ ကျွန်တော့်လူမှာ ဒဏ်ရာ ဒဏ်ချက်တွေ အများကြီးနဲ့ ဆိုတော့ ကျွန်တော့်စိတ်ထဲလည်း မကောင်းဘူး။ ကျွန်တော့်ကျေးရွာသား တစ်ယောက် အပေါ်မှာလည်း သံယောဇဉ်ထားပြီး ကျွန်တော် မကျေနပ်နိုင်ပါဘူး။

ငြမ်းမီဒီယာ
ဇူလိုင်(၁)၊၂၀၁၈၊ရန်ကုန်

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,