ကျွန်မတို့ တိုင်းရင်းသားအခွင့်အရေး ထိပါးချိုးဖောက်ခံရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NOH / ဒေါ်နော်အုံးလှ

ဒီလို ကျွန်မကိုပြစ်ဒဏ်ပေးတာ၊ ကျွန်မ ဒါကိုလက်မခံပါဘူး။ ဘာလို့လက်မခံတာလဲဆိုတော့ ကျွန်မတို့သည် ဥပဒေနဲ့အညီလုပ်ခဲ့တယ်၊ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူး။ ဒီကိစ္စမှာ ဥပဒေကိုချိုးဖောက်တာက ဌာနဆိုင်ရာတွေပဲ . . .

ကရင်အမျိုးသားအာဇာနည်နေ့ကျင်းပခဲ့သဖြင့် ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ် (၁၅) ရက်ချမှတ်ခံခဲ့ရသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်အုံးလှကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။

ငြမ်းမီဒီယာ –  ကရင်အမျိုးသားအာဇာနည်နေ့ကျင်းပတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူ ခံရတာကို ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ။

တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာဏာရှင်ဆန်ဆန် ချိုးဖောက် လိုက်တာ ဖြစ်တယ် …

DNOH – ကျွန်မတို့ကို စတရားစွဲတာကို က မမှန်မကန် တရားစွဲတယ်လို့ ကျွန်မခံယူထားတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ ဥပဒေနဲ့အညီ တစ်လကြိုတင်ခဲ့တယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့တဲ့ အလုပ်တစ်ခုဖြစ်တယ်ပေါ့နော်။ အဲဒီလို ဥပဒေနဲ့အညီ လုပ်ခဲ့ပေမယ့် တရားရုံးက ထောင် (၁၅) ရက်ချတယ်။ ဒီလို ကျွန်မကို ပြစ်ဒဏ်ပေးတာ၊ ကျွန်မ ဒါကို လက်မခံ ပါဘူး။ ဘာလို့ လက်မခံတာလဲဆိုတော့ ကျွန်မတို့သည် ဥပဒေနဲ့အညီ လုပ်ခဲ့တယ်၊ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး။ ဒီကိစ္စမှာ ဥပဒေကိုချိုးဖောက်တာ က ဌာနဆိုင်ရာတွေပဲ။ ဘာကြောင့်လဲဆိုတော့ “ ကရင်အမျိုးသား အာဇာနည်နေ့” ဆိုတဲ့စကားကို မသုံးစွဲပါနဲ့ ဆိုပြီး တားမြစ်တာကို က ဥပဒေနဲ့မညီညွှတ်ဘူး။ ဒါဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာဏာရှင်ဆန်ဆန် ချိုးဖောက် လိုက်တာ ဖြစ်တယ်။ ဒါဟာ ကျွန်မတို့နိုင်ငံသား၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ခံယူထားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်မတို့နိုင်ငံမှာ အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေရှိနေသေးတယ်။ အခု ကျွန်မတို့အဖမ်းခံရတာပဲကြည့်လေ။ ဥပဒေနဲ့ …

ဒါကြောင့် ကျွန်မတို့က တရားရုံးကိုတော့ မျှော်လင့်ခဲ့သေးတယ်၊ ဒီအမှုကို ဥပဒေနဲ့အညီဆောင်ရွက်လိမ့်မယ်ပေါ့။ ဒါဆို ကျွန်မတို့ ပြောစရာမရှိဘူး။ ဒါပေမယ့် သူက တစ်ဖက်သတ်စွဲချက်တွေနဲ့ပဲ သုံးသပ်သွားတဲ့အခါကျတော့၊ ဒါဟာ ဥပဒေနဲ့အညီ ဆောင်ရွက်တာ မဟုတ်ဘူး။ ကျွန်မတို့ဟာ ကရင်အမျိုးသားအာဇာနည်နေ့ ကျင်းပလို့ တရားစွဲခံရတာလေ။ အဲဒီတော့ ဒီကိစ္စမှာ ဌာနဆိုင်ရာတွေရဲ့ ထုံးစံအတိုင်းပေါ့နော်၊ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်ပြီးတော့မှ၊ သိုင်းဝိုင်းပြီးတော့မှ၊ ဒါမျိုးတွေပေါ့။ ရဲရော၊ ဌာနဆိုင်ရာရော၊ တရားရေးအပါအဝင် တာဝန်ရှိတဲ့ အစိုးရအဖွဲ့ပေါ့၊ ဒါက အကုန်လုံး ပူးပေါင်းပြီးတော့ တိုင်းရင်းသားတွေရဲ့ ဥပဒေနဲ့အညီ ပေးအပ် ထားတဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာဖြစ်သလို၊ ဒီအတိုင်းဆို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဟာ အဝေးကြီးသွားရဦးမယ်ဆိုတာ ဖော်ပြလိုက်တာပဲ။ ဒီ ကရင်အာဇာနည်နေ့ ဆိုတာ ကရင်လူငယ်တွေ အစဉ်အဆက် ကျင်းပလာခဲ့တာ။ ကျွန်မတို့က ၂၀၁၂ နောက်ပိုင်းမှ လုပ်ခဲ့တာဖြစ်တယ်။ ဒါကို ရန်ကုန်တိုင်းအစိုးရက မလုပ်ရဘူးလို့ တားမြစ် တာဟာ အဆင်မပြေတဲ့ ကိစ္စဖြစ်တယ်။ အခု ကျွန်မတို့ တရားရုံးက အမိန့်ချတာကို ပြင်ဆင်မှုတက်မယ်။ ဘာလို့လည်းဆိုတော့ ဒီအမှုမှာ ကျွန်မတို့ကို မတရားအမိန့်ချခဲ့တာဖြစ်တယ်။ သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်စာတွေလည်း ကျွန်မတို့ပို့မယ်။

ပြည်ထောင်စုအစိုးရရဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ တိုင်းရင်းသားပြည်သူတွေက ယုံကြည်မှု အားနည်းလာတယ်။ တိုင်းရင်းသား ပြည်သူဆိုတာ ဗမာလည်းပါတာပေါ့။ လက်ရှိ …

ဘာလို့လည်း ဆိုတော့ ကျွန်မတို့ဟာ တိုင်းရင်းသားအခွင့်အရေး ထိပါးချိုးဖောက်ခံရတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ တိုင်ရမယ့် နေရာ အားလုံးကို တိုင်သွားမယ်။ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီကိုရော၊ လူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့ ဌာနတွေကိုရော ကျွန်မတို့ တိုင်မှာပါ။ နောက်ပြီး ကျွန်မတို့ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စကိုလည်း တရားပြန်စွဲဖို့ စီစဉ်နေပါတယ်။

ငြမ်းမီဒီယာ – ဒီလိုဖြစ်စဉ် ဖြစ်ရပ်တွေကြောင့် ပြည်ထောင်စုအစိုးရအပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုက ဘယ်လို ဖြစ်လာ နိုင်ပါသလဲ။

DNOH – အများကြီးလျော့ကျသွားတာပေါ့။ ဘာဖြစ်လို့လည်းဆို မနေ့ကပဲ ကျွန်မတို့တိုင်းရင်းသားတွေနဲ့တွေ့ဆုံတဲ့ပွဲမှာ ခံစားရတဲ့ တိုင်းရင်းသားတွေ က အများကြီးပြောပြကြတယ်။ ကယားက ဗိုလ်ချုပ်ရုပ်တုကိစ္စနဲ့ပတ်သက်တာတွေ၊ မွန်ပြည်နယ်က တံတား ကိစ္စတွေ၊ အခု ချင်းပြည်နယ်မှာ လည်း ဗိုလ်ချုပ်ရုပ်တု ကိစ္စနဲ့ ပြဿနာ ထပ်ဖြစ်လာတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ပြည်ထောင်စုအစိုးရရဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ တိုင်းရင်းသားပြည်သူတွေက ယုံကြည်မှု အားနည်းလာတယ်။ တိုင်းရင်းသား ပြည်သူဆိုတာ ဗမာလည်းပါတာပေါ့။ လက်ရှိ အခြေအနေမှာပေါ့။ ဥပမာ မြေယာနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်ခဲ့တဲ့ နေရာတွေ အများကြီးရှိတယ်။ မနေ့ကဆို ပြောကြတာ အကုန်လုံးစုံတယ်။ လယ်ယာမြေကိစ္စတွေရော၊ တိုင်းရင်းသား အခွင့်အရေး ကိစ္စတွေရော၊ တခြားကိစ္စတွေလည်း အများကြီးပါတယ်။ ဥပမာ ကော့မှူးမြို့နယ် မှာ ဖြစ်တဲ့ကိစ္စဆိုရင် ကရင်တိုင်းရင်းသား တွေရဲ့ စိတ်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ အခုနောက်ထပ် ကရင်လူငယ်သုံးဦး ကို တရားစွဲတာကိုလည်း ကျွန်မတို့ကရင်တမျိုးသားလုံးက လက်ခံမှာမဟုတ်ပါဘူး။

ငြမ်းမီဒီယာ – ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်မယ်ဆိုတဲ့ အစိုးရရဲ့ မူအပေါ်မှာ ဒီကိစ္စတွေရဲ့ သက်ရောက်မှုက ဘယ်လိုရှိလာနိုင်ပါသလဲ။

DNOH – ဖက်ဒရယ်စနစ် တည်ဆောက်မှုကို အများကြီး ထိခိုက်နိုင်တာပေါ့။ တိုင်းရင်းသားအခွင့်အရေးဆိုတာ ဖက်ဒရယ်စနစ် တည်ဆောက်မှုအတွက် အဓိကကျတဲ့ကဏ္ဍတစ်ခု ဖြစ်တယ်လေ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ခုလိုချိုးနှိမ် နေမှုတွေ၊ တိုင်းရင်းသားတွေရဲ့ ခံစားမှုတွေ ကို မျက်ကွယ်ပြုပြီး လုပ်ဆောင်နေတာတွေဟာ အစိုးရကိုယ်တိုင် က ဖက်ဒရယ်စနစ် ကို မသွားချင်ဘူးဆိုတဲ့သဘောကို ဖော်ပြနေတာပါပဲ။ ဒါတွေဟာ ပြည်ထောင်စုအစိုးရမှာ အပြည့်အဝတာဝန်ရှိပါတယ်။ အခုပဲ ကြည့်လေ၊ ကျွန်မတို့ ကရင်အာဇာနည်နေ့ ကျင်းပလို့ တရားရုံးမှာ တရားစွဲခံရတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပဲလေ။ တိုင်းရင်းသား တွေရဲ့ တန်ဖိုးထားမှုတွေ ကို အသိအမှတ် မပြုရုံတင်မက ဖိနှိပ်တဲ့ သဘောမျိုး လုပ်ဆောင်နေပြီး တစ်ဖက်မှာ ဖက်ဒရယ်စနစ် တည်ဆောက်မယ် ပြောနေတာတွေက ဘယ်လိုမှမဖြစ်သင့်ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလိုအခြေအနေတွေကြားထဲမှာ ငြိမ်းချမ်းရေးတို့၊ အမျိုးသားရင်ကြားစေ့ရေးတို့လို အစိုးရရဲ့ လက်ရှိ ဆောင်ရွက် နေတဲ့ အချက်တွေကိုရော ဘယ်လို သုံးသပ်မိပါသလဲ။

DNOH – ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေက အင်မတန်မှ အရေးကြီးပါတယ်။ ရင်ကြားစေ့ရေးလို့ပြောပြီး တိုင်းရင်းသားတွေရဲ့ခံစားမှုကို လျစ်လျူရှုတာတွေ၊ ဖိနှိပ်တာတွေ၊ တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်တာတွေ လုပ်နေမှတော့ ရင်ကြားစေ့ရေးဆိုတာ ဘယ်လိုလုပ်ဖြစ်လာနိုင်ပါ့မလဲ။ တိုင်းရင်းသား တွေကရော အစိုးရအပေါ် ယုံကြည်လာနိုင်ပါ့မလား။ ဥပမာပြောရရင် မွန်ပြည်နယ် ချောင်းဆုံတံတား ကိစ္စကို ပဲကြည့်လေ။ ဒီကိစ္စမှာဆို မဲတောင်ခွဲလိုက်ကြ သေးတယ်။ ဒါ မဟုတ်တဲ့ ကိစ္စတွေလေ။ ကယားပြည်နယ်က ကြေးရုပ် ကိစ္စမှာ ဆိုလည်း ပေးထားပြီးသား ကတိကိုဖျက်တာ အစိုးရပဲ။ ရန်ကုန်တိုင်းအစိုးရ ဆိုရင်လည်း အခုကျွန်မတို့ ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပတာကို တရားစွဲတာမျိုးတောင် လိုက်သေးတယ်လေ။ ကျွန်မတို့နိုင်ငံမှာ ရှိတဲ့အစိုးရက ကျွန်မတို့ တိုင်းရင်းသား ပြည်သူလူထုရဲ့ အခွင့်အရေးတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် ကျွန်မတို့လိုချင်တဲ့ ငြိမ်းချမ်းရေး ဆိုတာလည်း အလှမ်းဝေးနေဦးမှာပဲ။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း အဝေးကြီးဖြစ်နေဦးမှာပဲလို့ ကျွန်မမြင်တယ်။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာက လည်း ပြည်ထောင်စုတိုင်းရင်းသား အားလုံးနဲ့ တန်းတူညီမျှ ရိုးသား ပွင့်လင်းစွာ မဆွေးနွေး ဘဲနဲ့၊ တိုင်းရင်းသားတွေရဲ့ သဘောထား ခံစားမှုတွေကို နားလည်အောင် မကြိုးစားဘဲနဲ့ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် တိုင်းရင်းသား တွေနဲ့ ရင်းစေ့ မလာဘဲ ပိုဝေးသွားဖို့ပဲရှိပါတယ်။

ငြမ်းမီဒီယာ – အတိုက်အခံဘဝ NLD နဲ့ တိုင်းရင်းသားတွေကြားက ဆက်ဆံရေးနဲ့ အစိုးရဖြစ်သွားတဲ့ NLD နဲ့ တိုင်းရင်းသားတွေ ကြားကဆက်ဆံရေး နှစ်ခုကို ဘယ်လိုမြင်ပါသလဲ။ အတူတူပဲလို့ပြောလို့ရနိုင်သလား။

DNOH – အဲဒါ ကျွန်မပြောဦးမယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ ပူးပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့ရှိတယ်။ UNA (စည်းလုံး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်) ဆိုတာပေါ့။ အကြပ်အတည်းကာလမှာ NLD က ပူးပေါင်းခဲ့တာရှိတယ်။ အဲဒီကနေ နောက်တော့ သူတို့သဘောနဲ့သူတို့ လုပ်ချင်တာ လုပ်သွားခဲ့တယ်။ တိုင်းရင်းသားတွေ ကို ဘာမှ မတိုင်ပင်ဘူး။

ပြည်သူတွေအနေနဲ့ ဒါတရားတယ်၊ ဒါမတရားဘူးဆိုတာ ခွဲခြမ်းစိတ်ဖြာပြီး မတရားတာတွေကို ဆန့်ကျင်နိုင်တဲ့ အခွင့်အရေးရှိဖို့ လိုတာပေါ့။ အခုက …

NLD လွှတ်တော်ထဲ ဝင်မယ့်အချိန်မှာ၊ တခြားကြံ့ခိုင်ရေးတို့ဘာတို့က သူတို့ကိုမပါစေချင်ဘူးဖြစ်နေတဲ့အချိန်မှာ လွှတ်တော်ထဲ ရောက်နေတဲ့ တိုင်းရင်းသားပါတီတွေက NLD ကိုကြိုဆိုခဲ့ကြတယ်။ အခုတော့ တိုင်းရင်းသားတွေ ခံစားရတဲ့ဟာတွေကို လျစ်လျူရှု လာတယ်။ ၂၀၁၂ ကြားဖြတ်ဝင်မယ့် အချိန်မှာ အကြပ်အတည်း ကာလကို သူတို့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီလို လွှတ်တော်ထဲ စဝင်မယ့် အချိန်တုန်းက ဘယ်သူမှ သူတို့ကို လှည့်မကြည့်တဲ့ အချိန်မှာ တိုင်းရင်းသားတွေ က နွေးနွေး ထွေးထွေး ရှိခဲ့ ပါတယ်။ လွှတ်တော်ထဲ ရောက်သွားတဲ့ အချိန်မှာတော့ တဖြေးဖြေးနဲ့ တိုင်းရင်းသားတွေ ကို သိပ်ဂရုမစိုက်တော့ဘူး။ အခု အစိုးရဖြစ်သွားတဲ့ အချိန်မှာတော့ ပိုဆိုးသွားတာပေါ့။

ငြမ်းမီဒီယာ – ဒေါ်နော်အုံးလှဆိုတာ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံထောက်ခံတဲ့အထဲမှာ ရဲရင့်တဲ့ တိုင်းရင်းသူ အမျိုးသမီးတစ်ဦးအဖြစ် သိထားကြတယ်။ အခုနိုင်ငံတော်အတိုင်ပင်ခံအဖြစ်တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ နိုင်ငံရေးကို ဘယ်လိုသုံးသပ်မိပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DNOH – ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်မတို့ လေးစား အားကျ ဂုဏ်ယူရတဲ့ အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်တစ်ဦးပါ။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်မတို့ အားမလိုအားမရ ဖြစ်မိတဲ့အချက်လေးတွေရှိပါတယ်။ ဘာလဲဆိုတော့ လူမှန်နေရာမှန် မထားဖြစ်တာ လေးတွေ၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို သူ့နေရာနဲ့သူ သုံးရမယ့်ဟာမျိုးတွေမှာ တာဝန်ပေးတာ တွေ အရမ်းနည်းပါတယ်။ နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေကို မျိုးဆက်တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ပျိုးထောင်ပေး ရမယ့် အပိုင်းလေးတွေမှာ အားနည်းတာလေးတွေရှိပါတယ်။ လတ်တလောမှာတော့ ကျွန်မတို့က အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုပြီးကျယ်ပြန့်လာစေချင်ပါတယ်။

ငြမ်းမီဒီယာ – မေးခွန်းက ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုသုံးသပ်မိသလဲဆိုတာပါ။

DNOH – ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တဲ့စကားရှိပါတယ်။ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဆန့်ကျင်ကြ” ဆိုတဲ့စကားပါ။ ဒီစကားဟာ သူကိုယ်တိုင်ပြောခဲ့တဲ့ ကမ္ဘာကျော်စကားတစ်ခွန်းပါ။ မတရားတဲ့ အမိန့်ဟူသမျှ ဖီဆန်ကြဆိုတာ ပြည်သူတွေရဲ့တာဝန်ဟာ မတရားတဲ့အရာတွေကို ဆန့်ကျင်ကြဖို့ဆိုတဲ့သဘောပေါ့။ ပြည်သူတွေအနေနဲ့ ဒါတရားတယ်၊ ဒါမတရားဘူးဆိုတာ ခွဲခြမ်းစိတ်ဖြာပြီး မတရားတာတွေကို ဆန့်ကျင်နိုင်တဲ့ အခွင့်အရေးရှိဖို့ လိုတာပေါ့။ အခုက ကျွန်မတို့နိုင်ငံမှာ အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေရှိနေသေးတယ်။ အခု ကျွန်မတို့အဖမ်းခံရတာပဲကြည့်လေ။ ဥပဒေနဲ့အညီ လုပ်ခဲ့တာတောင် အဖမ်းခံရတယ်ဆိုတော့။ ဒီလိုကိစ္စတွေက ဒီတစ်ခုတည်းမဟုတ်ဘူး။ တချို့နေရာတွေမှာ ဖြစ်နေတာကို ကြားနေရတာပဲ။ အဲဒီတော့ ကျွန်မတို့တိုင်းရင်းသားပြည်သူတွေ အကြောက်တရားမရှိအောင်၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍ ကျယ်ပြန့်လာအောင် စသဖြင့် လုပ်ဆောင်စရာတွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူတွေကို အကြောက်တရား ကင်းအောင် လုပ်ဆောင်ပေးမှု အပိုင်းမှာ အားနည်းနေပါသေးတယ်။ ဒီအတိုင်းပဲ သူဆက်သွားနေတယ်လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,