ကြန့်ကြာနေဆဲ ဆားတောင်ရွာ သက်ငယ်မုဒိမ်းမှု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / အဓမ္မပြုကျင့်ခံရသည်ဟု ဆိုသည့် မိန်းကလေးငယ်

အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်ကြားခြင်းခံရသူ အသက် (၅၁) နှစ် အရွယ် ဦးအောင်ဆန်းကို တစ်ရွာလုံးက “ဆရာကြီး” ဟု ခေါ်ကြသည်။ ဆားတောင်ရွာသည် သူ၏မွေးဇာတိ၊ ချက်မြှုပ်ရာ ဒေသ။ သူ၏ တပည့်များသည် ယခုအခါ အသက် (၃၅) နှစ် ဝန်းကျင်တန်းများ ဖြစ်နေကြပြီ။ ယုတ်စွအဆုံး ယခုအမှုတွင် …

 

မင်းလှမြို့နယ်၊ ဆားတောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော သက်ငယ် မုဒိမ်းမှုသည် ရဲစခန်းတွင် စတင် တိုင်ချက်ဖွင့်သည့်နေ့မှ ယနေ့အချိန်အထိ တစ်နှစ်ကျော်ကြာ ခဲ့သည့်တိုင် တရားလိုနှင့် တရားလိုပြ သက်သေအချို့ကို စစ်ဆေးသည့် အဆင့်တွင် သာ ရှိနေသေးသည်။

ယခုအဖြစ်အပျက်သည် သက်ငယ်မုဒိမ်းမှုအပါအဝင် ရာဇဝတ်မှု ကြီးများကို အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် စစ်ဆေး စီရင်ရမည်ဟူသော နိုင်ငံတော် တရားစီရင်ရေးစနစ်၏ မူဝါဒများကို အကောင် အထည်ဖော်ရာ လမ်းသည် ခက်ခဲလျက်ပင်ရှိနေသေးသည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

အမှုမှာ အသက် (၁၂) နှစ်အရွယ်၊ ပဉ္စမတန်း ကျောင်းသူတစ်ဦးကို အသက် (၅၁) နှစ်အရွယ် ကျောင်းလုပ်သားက အဓမ္မ ပြုကျင့်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် သရက်ခရိုင်တရားရုံံးတွင် လက်ရှိ တရားရင်ဆိုင်နေသော သက်ငယ် မုဒိမ်းမှုဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

ဆံပင်ဖြူမွှေး နုတ်ခိုင်းပြီးတော့ ရိုးရိုးသားသားပဲထင်လို့ တံခါးပိတ်ခိုင်းလို့ ပိတ်လိုက်တယ်။ အဲဒါပြီးတော့ KG တန်းကို ဆွဲခေါ်သွားတယ်။ ဘောင်းဘီဆွဲချွတ်ပြီး သားမယားအဖြစ် ပြုကျင့်တယ်။ ပြီးတော့ …

 

“ အဲဒီနေ့က ကျောင်းသွားတယ်။ နေ့လယ်ထမင်းစားဆင်းပြီး ကျောင်းကို (၁၂) နာရီ ပြန်လာတယ်။ သူက ကျောင်းခန်း အပေါက်ဝနားမှာ လက်ယပ်ခေါ်တယ်။ မတ်တပ်ရပ်နေရင်းကနေ။ ဆံပင်ဖြူမွှေးနုတ်ရအောင်ဆိုပြီး လက်ယပ်ခေါ်တော့ သွားတယ်။ ရိုးရိုးသားသားပဲထင်လို့ ခါတိုင်းလိုပဲထင်လို့ သွားတာ။ ဆံပင်ဖြူမွှေး နုတ်ခိုင်းတယ်။ ဆံပင်ဖြူမွှေး နုတ်ခိုင်းပြီးတော့ ရိုးရိုးသားသားပဲထင်လို့ တံခါးပိတ်ခိုင်းလို့ ပိတ်လိုက်တယ်။ အဲဒါပြီးတော့ KG တန်းကို ဆွဲခေါ်သွားတယ်။ ဘောင်းဘီဆွဲချွတ်ပြီး သားမယားအဖြစ် ပြုကျင့်တယ်။ ပြီးတော့ ခြိမ်းခြောက် တာတွေရော။ ဘယ်သူ့ကိုမှ မပြောနဲ့ဆိုပြီး ပိုက်ဆံ (၁၀၀၀) လည်း ပေးပါတယ်။ အဲဒါ ဘယ်သူ့မှ မပြောနဲ့ဆိုပြီး အိမ်ကိုလည်း မပြန်ရဘူး။ ကိုယ့်အတန်းမှာ ကိုယ်ပဲ ဟန်မူရာမပျက် နေရမယ်လို့ ပြောပါတယ်။ ပြောလို့ရှိရင် တွေ့တဲ့နေရာမှာ ဓားနဲ့ သတ်မယ်လို့ ခြိမ်းခြောက်တယ် ” ဟု ကာယကံရှင် ကျောင်းသူကလေးငယ် က ငြမ်းမီဒီယာသို့ ပြောသည်။

ထို့ကြောင့် မှုခင်းဖြစ်ပွားသည့်နေ့က ညနေခင်း ကျောင်းဆင်းပြီး အိမ်သို့ ပြန်ရောက်သောအခါမှသာ ဖြစ်စဉ်ကို မိခင်အား ပြောပြနိုင်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲစခန်း စသော တာဝန်ရှိသူတို့ထံ ဆက်လက် တိုင်ကြားခဲ့ကြောင်း ကျောင်းသူကလေးငယ်က ပြောသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် နေ့လယ်ပိုင်းက ဖြစ်သော်လည်း ညနေပိုင်းတွင်မှ သိရှိခဲ့ရခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် မိန်းကလေးငယ်၏ မိဘများကလည်း ဆားတောင်ကျေးရွာ၏ အုပ်စုကျေးရွာ ကြီးဖြစ်သော လင်းကယ်ကျေးရွာရှိ ရဲစခန်းသို့ ညတွင်းချင်း သွားရောက် တိုင်ကြားနိုင်ခဲ့ခြင်း မရှိပေ။

ဆားတောင်ကျေးရွာသည် အိမ်ခြေ (၁၀၀) ဝန်းကျင်သာရှိသော ရွာကလေးဖြစ်ပြီး မင်းလှမြို့နှင့် (၂၆) မိုင်ခန့်၊ သရက်မြို့ နှင့် မိုင် (၃၀) ခန့် ကွာဝေးသည့် တောကြို တောင်ကြားမှ ခေါင်ပါးသော ရွာငယ်လေးတစ်ခု ဖြစ်သည်။

သွားရေးလာရေး ခက်ခဲသောဒေသတွင် တည်ရှိပြီး ရွာသို့သွားရာ လမ်းမှာလည်း မိုးအခါတွင် ဆိုင်ကယ်ပင်သွားမရလောက်အောင် ဆိုးရွားနေတတ်သည်။

ရွာအဝင် သဲချောင်းသည် နွေအခါ ခြေမျက်စိ ဖုံးရုံမျှသာ အချို့နေရာ ရှိသော်လည်း မိုးအခါ လူတစ်ရပ်နစ်မြုပ်သည်အထိ ရေအားများများ၊ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေတတ်သည်။ ယင်းချောင်းကို ကူးဖြတ်ရန် တံတားဟူ၍ မရှိ။ ရေစီး အခြေအနေကိုကြည့်ကာ လူကိုယ်တိုင် လက်ပစ်ကူးခတ်နိုင်ပါမှ ဆားတောင်ရွာသို့ ရောက်နိုင်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ရွာလုံးကလည်း ဆွေရိပ်မျိုးရိပ် ကင်းကြသူများမဟုတ်။ ရွာရှိ မည်သူ့ကိုမဆို အမျိုးစပ်ကြည့်လျှင် ဆွေမျိုးလုံးဝမတော်ပါ ဟုဆိုနိုင်သူက ခပ်ရှားရှား။ တောင်သူလုပ်သူ လုပ်၊ ရေနံကျင်းတူးသူ တူး၊ အချို့ကလည်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ထွက်ကာ အလုပ်လုပ်ကြသည်။ ရွာသူ ရွာသား အားလုံးသည် အသားညိုညို၊ အညာလေ ဝဲဝဲ၊ အများစုသည် ဆင်းရဲနွမ်းပါး ကြသည်။ ရိုးသားသည့် ပကတိ ကျေးလက် လူနေမှု စရိုက် ရှိကြသည်။

အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်ကြားခြင်းခံရသူ အသက် (၅၁) နှစ် အရွယ် ဦးအောင်ဆန်းကို တစ်ရွာလုံးက “ဆရာကြီး” ဟု ခေါ်ကြသည်။ ဆားတောင်ရွာသည် သူ၏မွေးဇာတိ၊ ချက်မြှုပ်ရာ ဒေသ။ သူ၏ တပည့်များသည် ယခုအခါ အသက် (၃၅) နှစ် ဝန်းကျင်တန်းများ ဖြစ်နေကြပြီ။ ယုတ်စွအဆုံး ယခုအမှုတွင် တရားလိုအဖြစ် တိုင်ကြားခဲ့သော ကျောင်းသူကလေးငယ်၏မိခင် အသက် (၃၃) နှစ်အရွယ် ဒေါ်ခင်မာလွင်သည်ပင် ၎င်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကာယကံရှင် ကျောင်းသူကလေးငယ်သည်ပင် ၎င်း၏ မြေးအဖြစ် ဆွေမျိုးစပ်နိုင်သူ ဖြစ်သည်။

 

အမှုကိစ္စကို ကနဦးတွင် ငွေကြေး ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သည်ဟု နှစ်ဖက်စလုံးက ငြမ်းမီဒီယာသို့ ပြောဆိုခဲ့ကြသည်။ သို့သော် မည်သူက ငွေကြေးဖြင့် စတင်ကမ်းလှမ်း ညှိနှိုင်းခဲ့သည်ဟူသော ကိစ္စတွင်မူ …

 

ကျောင်းအုပ်ဆရာကြီး ဦးမြင့်အောင်၏ ထွက်ဆိုထားချက်အရ ဦးအောင်ဆန်းသည် ၁၉၈၆ ခုနှစ် ကတည်းက အထွေထွေ လုပ်သားအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ကျောင်းအကူလုပ်သား ဆိုသော်ငြား ၂၀၁၆ နှစ်အထိ စာသင်ကြားမှုကိုပါ လုပ်ကိုင်ခဲ့သည်။

တောင်သူများသာ အများစုဖြစ်သော ဆားတောင်ရွာ၌ ဦးအောင်ဆန်းတို့ မိသားစုကို ပညာတတ်၊ ဝန်ထမ်း အသိုင်းအဝိုင်းဟု ဆိုနိုင်သည်။ သား (၂) ဦးအနက် အကြီး ဖြစ်သူမှာ ကျောင်းဆရာတစ်ဦး ဖြစ်ပြီး ချွေးမဖြစ်သူမှာ ကျန်းမာရေး ဝန်ထမ်း ဖြစ်သည်။ သားအငယ်ကလည်း မကြာသေးမီကပင် ပညာရေးတက္ကသိုလ် ဆင်းထားပြီး ရာထူးဝင်ရန် စောင့်ဆိုင်းနေသူ ဖြစ်သည်။

အမှုကိစ္စကို ကနဦးတွင် ငွေကြေး ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သည်ဟု နှစ်ဖက်စလုံးက ငြမ်းမီဒီယာသို့ ပြောဆိုခဲ့ကြသည်။ သို့သော် မည်သူက ငွေကြေးဖြင့် စတင်ကမ်းလှမ်း ညှိနှိုင်းခဲ့သည်ဟူသော ကိစ္စတွင်မူ နှစ်ဖက်စလုံးက အခြားတစ်ဖက် ကိုသာ ပြန်လည် လက်ညှိုးထိုးခဲ့ကြသည်။

“ အဲဒီ ညနေ (၆) နာရီလောက် အချိန်လည်းကျရော ဦးအောင်ဆန်းက ကျွန်မအိမ်ကို လာခဲ့ပါတယ်။ သူ တောင်းပန်ပါတယ်ပေါ့၊ ငွေရေးကြေးရေးလည်း ဒီမှာပဲ ကျေနပ်အောင် လက်ခံပါပေါ့။ ကျွန်မကို အဲဒီလိုပြောတယ်။ ကျွန်မက မဖြစ် နိုင်ဘူးပေါ့၊ သက်ဆိုင်ရာကို တိုင်မယ်ပေါ့။ အဲဒီလို ပြောခဲ့ပါတယ်” ဟု တရားလိုဖြစ်သူ ဒေါ်ခင်မာလွင် က ငြမ်းမီဒီယာသို့ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စွပ်စွဲခံရသူ ဦးအောင်ဆန်း၏ ဇနီး၊ အစ်မနှင့် ညီဖြစ်သူတို့ကမူ ဒေါ်ခင်မာလွင်၏ ပြောဆိုချက်ကို ငြင်းဆိုကြသည်။ ငွေကြေးဖြင့် ဖြေရှင်းရန် ကမ်းလှမ်းခဲ့မှုသည် စွပ်စွဲတိုင်ကြားသူဘက်က လုပ်ဆောင်ချက်သာ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“ ကျွန်မတို့ဘက်က မပြောခဲ့ပါဘူး။ သူတို့ဘက်ကသာ ကျွန်မတို့အိမ်ကို လာပြောတာပါ။ ကျွန်မတို့က မဟုတ်လို့ မလျော်ဘူး။ အမှန်တရားကို ရှာမယ်လို့ ရင်ဆိုင်လိုက်တာပါ ” ဟု ဦးအောင်ဆန်း၏ အစ်မဖြစ်သူ ဒေါ်စန်းမြင့်ရီ က ငြမ်းမီဒီယာသို့ ပြောသည်။

ဦးအောင်ဆန်း၏ ညီဖြစ်သူ ဦးမြင့်ဇော်ကလည်း “ သူတို့ဘက်က သိန်း (၁၀၀) လောက်ပြောတယ်။ ဟင့်အင်း၊ ကျွန်တော် ကတော့ သိန်း (၁၀၀) လည်း မလျော်နိုင်ဘူး။ ကျွန်တော့်အစ်ကို မဟုတ်တဲ့အတွက် သိန်း (၁၀၀) မပြောနဲ့၊ (၅၀) လည်း မလျော်ဘူး၊ (၃၀) လည်း မလျော်ဘူး၊ (၂၀) လည်း မလျော်ဘူးဆိုပြီး လင်းကယ်က ဗိုလ်ကြီးအောင်နိုင်ဦးကို ဖုန်းလှမ်း ဆက်လိုက်ပါတယ်” ဟု ပြောသည်။

စွပ်စွဲသူဘက်က တိုင်ကြားခြင်းကြောင့် လင်းကယ်ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခြင်း မဟုတ်ဘဲ ၎င်းကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးမြင့်ဇော်က ဆိုသည်။

လက်ခုပ်ပင် ကျေးရွာ၌ ကြက်မွေးမြူရေးလုပ်ရင်း နေထိုင်သူ ဦးမြင့်ဇော်သည် ညီအစ်ကို (၆) ဦးရှိသော ဦးအောင်ဆန်းတို့ မိသားစုတွင် လူရည်အလည်ဆုံးဟု ပြောနိုင်ပြီး ရပ်ရွာတွင် အပေါင်းအသင်းဆံ့သည့် ဟန်ရှိသည်။

ဦးအောင်ဆန်းသည် ငယ်စဉ်ကတည်းကပင် ရိုးသားစွာ မိသားစုကို ရှာဖွေကျွေးမွေး ခဲ့သူတစ်ဦး ဖြစ်ပြီး အကျင့်စာရိတ္တ ပျက်ယွင်းမှု လုံးဝမရှိခဲ့ကြောင်း ၎င်း၏ ဆွေမျိုးများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းက ဆားတောင်ကျေးရွာနှင့် (၂) မိုင်ခန့်သာ ကွာဝေးသော ဗွေကြီး ကျေးရွာတွင် စောင်ခြုံပေးရာမှ မုဒိမ်းမှုဖြင့် စွပ်စွဲခံခဲ့ ရသည်ဟုဆိုသော အမှုတစ်ခုတွင် လျော်ကြေး ငွေပေး၍ ပြေလည်သွားခဲ့သည့် အဖြစ်အပျက်ကြောင့် ယခု အမှုတွင်လည်း အလားတူအဖြစ်မျိုး ဖန်တီးသည်ဟု စွပ်စွဲခံရသူ ဦးအောင်ဆန်း၏ မိသားစု ဆွေမျိုးများက ယူဆကြသည်။

ဇနီးဖြစ်သူ ဒေါ်ခင်ထွေးကြည် က “ ကျွန်မကမေးတယ်၊ နင် တကယ် ဟုတ်လားလို့။ ဒါမျိုးကို ငါက ဝန်ထမ်းတစ်ယောက် အနေနဲ့ သိက္ခာကျ တဲ့အလုပ်ကို မလုပ်ဘူးတဲ့။ ငါက လုံး၀ တဲ့။ သူပြောတာက ဒီလို။ ငါ့ကို တိုက်ချင်တဲ့ သစ္စာရေတိုက်တဲ့။ ဘယ်ကျမ်းပဲကိုင်ကိုင် ကိုင်ရဲတယ်၊ ကိုင်မယ်တဲ့။ သူက အဲဒီလိုပြောတယ်။ ငါ့မှာ သားတွေနဲ့၊ ငါ့သားတွေ၊ ချွေးမတွေက ဝန်ထမ်းတွေ။ ငါ သိက္ခာကျတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူးတဲ့။ ငါ့ကို မဟုတ်ဘဲနဲ့ စွပ်စွဲတာတဲ့။ အဲဒီလိုပြောတယ် ” ဟု ငြမ်းမီဒီယာသို့ ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆေးစာပုံစံဖြင့် ထင်မြင်ချက်တောင်းခံမှုအရ မှုခင်း ဆရာဝန်ကြီးက ပြန်လည်ပေးပို့သော ဆေးစာတွင် ကျောင်းသူ ကလေးငယ်၏ မိန်းမအင်္ဂါတွင် အပျိုမြှေး ပကတိရှိပြီး ထိုးသွင်း ဒဏ်ရာရှိကြောင်းမတွေ့ရဟု အကြောင်းပြန်ခဲ့သည်။ သို့သော် မန္တလေးမြို့ရှိ ဓာတုဗေဒဝန်ရုံး၏ အကြောင်း ပြန်ကြားချက်တွင်မူ အခင်းဖြစ်နေ့က ကျောင်းသူကလေးငယ် ဝတ်ဆင်ခဲ့သော ဘော်လီနှင့် အောက်ခံ ဒူးဖုံးဘောင်းဘီ၊ ဦးအောင်ဆန်း ဝတ်ဆင်ခဲ့သော ပုဆိုးတို့တွင် အမျိုးသား သုတ်ပိုးတွေ့ရကြောင်း ဖော်ပြထားသည်။

တရားလိုပြ သက်သေတစ်ဦးဖြစ်သူ ဆားတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းလှိုင်က သရက်ခရိုင် တရားရုံး၌ ထွက်ဆိုချက် ပေးခဲ့ရာတွင် တိုင်ကြားမှုကြောင့် ၎င်းက ဦးအောင်ဆန်းကို မေးမြန်းခဲ့ရာ စွပ်စွဲသည့်ကိစ္စမှာ မဟုတ်မှန်ဟု ဦးအောင်ဆန်းက ငြင်းဆိုခဲ့ကြောင်း ထွက်ဆိုထားသည်။

ယခုအမှုတွင် တရားလိုပြသက်သေများဖြစ်သည့် အသက် (၁၂) နှစ်အရွယ် မ ………. နှင့် အသက် (၁၁) နှစ်အရွယ် မောင် ……….. တို့သည် အခင်းဖြစ်ပြီးနောက် တစ်နှစ်ကျော် ကြာမြင့် ခဲ့သည့် ယခုအချိန်မှာပင် အခင်းဖြစ်ပွားသည့်နေ့က ၎င်းတို့ တွေ့မြင် ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ငြမ်းမီဒီယာ၏ တွေ့ဆုံ မေးမြန်း မှုကို စိုးရွံ့မှုများ စွာဖြင့် ဖြေဆို ခဲ့ကြသည်။ သို့သော် ၎င်းတို့ နှစ်ဦးလုံးသည် ဦးအောင်ဆန်းက ကျောင်းသူကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု တိုက်ရိုက် အားဖြင့် မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ခြင်းတော့ မရှိကြပေ။

တရားလိုပြသက်သေ ကလေး (၂) ဦးသည် အဆိုပါနေ့က ၎င်းတို့ တွေ့မြင်ခဲ့သမျှကို ငြမ်းမီယာသို့ ပြန်လည်ပြောပြခဲ့ သော်လည်း ကျနသေချာစွာ စီကာပတ်ကုံး ပြောဆိုနိုင်ခြင်း မရှိသကဲ့သို့ ပြောဆိုပြီး အကြောင်းအရာတစ်ခုကို ထပ်ကာ ထပ်ကာ ပြန်လည် ပြောဆိုခြင်း၊ စကားလုံးများ မရှင်းလင်းခြင်း၊ လူအများကို ကြောက်ရွံသည့် အမူအယာရှိခြင်း စသော အချက်များကို တွေ့ခဲ့ရသည်။

အခင်းဖြစ်ပွားရာ ဆားတောင်ကျေးရွာ အလယ်တန်းကျောင်းခွဲ၊ KG တန်း အဆောင်သည် ထိုစဉ်က စတုတ္တတန်းအထိ ခြေရင်း ခေါင်းရင်း ဒိုးယိုပေါက် မြင်နိုင်ပြီး တစ်ခန်းချင်းကို မည်သည့် အကာအရံမျှ ကာရံထားခြင်း မရှိဟု ကျောင်းအုပ်ကြီး က ထွက်ဆိုထားသည်။

အခင်းဖြစ်သည့် အဆိုပါနေ့က နေ့လယ် (၁၂) နာရီ ကျော် သည်အထိ ဦးအောင်ဆန်း သည် ဆားတောင် ကျေးရွာသား တစ်ဦး ဖြစ်သော ဦးမောင်ဝင်း၏ တုတ်ဘောင်၊ ဘက်ဟိုးဖြင့် အလုပ်လုပ်သည့် နေရာ၌ အခြားသော ကျေးရွာသားများနှင့် အတူ ရှိနေခဲ့ကြောင်း စွပ်စွဲခံရသူဘက်က ချေပပြောဆိုသည်။

တရားလိုဘက်က ကူညီဆောင်ရွက်ပေးနေသော မင်းလှမြို့မှ ပရဟိတဆရာဝန် ဒေါက်တာရဲထွန်းဇော်က အမှုတွင် အရေးပါသော သက်သေကလေးငယ်များ၏ နားလည်စွာ ပြန်လည်ပြောဆိုနိုင်စွမ်းသည် အခင်းဖြစ်ပြီးစ လွန်ခဲ့သည့်နှစ်က အခြေအနေမှာ ယခုထက် များစွာဆိုးရွားခဲ့ကြောင်း ငြမ်းမီဒီယာသို့ ပြောသည်။

ယင်းကြောင့် တရားရုံးသို့ ထွက်ဆိုချက်များ မပေးမီ ၎င်းတို့ ကြောက်ရွံ့မှု ပြေပျောက်စေရန်၊ ရင်းနှီးစေရန်နှင့် လူအများ ကြား စိတ်လက်ပေါ့ပါးစွာ ထွက်ဆိုနိုင်စေရန် ရုံးချိန်းမတိုင်မီ နှစ်ရက်ခန့် အလိုကပင် မင်းလှမြို့သို့ ကြိုတင်ခေါ်ယူ၍ ရင်းနှီးအောင် စကားပြောဆိုခြင်း၊ လူစည်ကားရာနှင့် ဘုရားပွဲသို့ လိုက်ပို့ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ဒေါက်တာရဲထွန်းဇော် က ဆိုသည်။

၎င်းက “ ဒီလို ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို အချိန်တိုတို အတွင်းမှာ မြန်မြန် ဆန်ဆန်၊ မှန်မှန် ကန်ကန်နဲ့ ဆုံးဖြတ်စေချင်တယ်။ တရားစီရင်ရေးအပိုင်းမှာ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ် ” ဟု ပြောသည်။

ဒေါက်တာရဲထွန်းဇော်သည် မင်းလှမြို့တွင် ဧကရာဇ်အမည်ဖြင့် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထားသော ဆရာဝန်တစ်ဦး ဖြစ်ပြီး အပ္ပမာဒ အခမဲ့ဆေးခန်းတွင်လည်း လူနာများကို ကုသပေးနေ သူဖြစ်သည်။ ယင်းအပြင် ၎င်းသည် မှုခင်းဖြစ်စဉ်များ၊ သဘာဝဘေး အန္တရာယ်ကိစ္စများနှင့် ဆေးဝါးလိုအပ်မှုများကို ကူညီဆောင်ရွက် ပေးနေသော မလွန် – မင်းလှ ပရဟိတ အဖွဲ့၏ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။ ယခု ကျောင်းသူကလေးငယ်၏ အမှုဖြစ်စဉ်သည် ၎င်းတို့ မလွန် – မင်းလှ ပရဟိတအဖွဲ့က ကူညီပေးနေသော သက်ငယ်မုဒိမ်းမှု (၃) မှုအနက် ဒုတိယမြောက် ဖြစ်သည်။

ကျူးလွန်ခံရသူ မိန်းကလေးဘက်မှ ၎င်းတို့ လိုက်ပါကူညီဆောင်ရွက် ပေးခဲ့သည့် တတိယမြောက် အမှုဖြစ်သော ရေနံမကျေးရွာ သက်ငယ် မုဒိမ်းမှုဖြစ်စဉ်သည် ဆားတောင်ကျေးရွာ မုဒိမ်းမှုဖြစ်စဉ် ထက် (၆) ရက်နောက်ကျပြီးမှ ဖြစ်ပွားခဲ့ သော်လည်း သရက်ခရိုင် တရားရုံးက လွန်ခဲ့သည့် (၃) လကပင် အပြီးသတ် အမိန့်ချနိုင်ခဲ့ပြီး ဖြစ်သည်။ ရေနံမကျေးရွာ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်၌ ပြစ်မှု ကျူးလွန်သူမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရသည်။

ယခု ကျောင်းသူကလေးငယ်၏ အမှုမှာမူ အခင်းဖြစ်ပွားချိန်က စတင်ရေတွက်လျှင် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း တရားလိုနှင့် တရားလိုပြ သက်သေ အချို့ကိုသာ စစ်ဆေးနိုင်ခဲ့ခြင်းမှာ တရားခံဘက်မှ ရည်ရွယ်ချက်ရှိစွာ အချိန်ဆွဲဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဒေါက်တာရဲထွန်းဇော်က ယူဆသည်။

အမှုကို တမင်ကြာမြင့်စေရန် အချိန်ဆွဲ လုပ်ဆောင်နေသည်ဟု တရားလိုဘက်ကလည်း ယူဆကြပြီး အမှုဖြစ်စဉ် ကြန့်ကြာနေခြင်းအပေါ် အဂတိတရားကင်းရှင်းမှု ရှိ၊ မရှိ ပြန်လည် သုံးသပ် စိစစ်ပေးရန် ဒေါက်တာရဲထွန်းဇော်က ယခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်တွင် သက်ဆိုင်ရာသို့ တင်ပြတိုင်ကြားခဲ့သည်။

ဦးအောင်ဆန်း၏ မိသားစုမှာ ရွာတွင် သြဇာအာဏာရှိခြင်း၊ အမှု ရုံးချိန်း တစ်ခုနီးတိုင်း ရွာတွင် ဓားကြိမ်း ကြိမ်းခြင်း အစရှိသော ဖြစ်ရပ်များကြောင့် အမှုတွင် မျက်မြင် သက်သေ ကျောင်းသား၊ ကျောင်းသူများမှာ တရားရုံးတွင် လိုက်ပါထွက်ဆိုရန် ခက်ခဲသော အခြေအနေ ဖြစ်ပေါ်နေကြောင်း ဒေါက်တာရဲထွန်းဇော်က နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိ တိုက်ဖျက်ရေး ကော်မရှင်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် ဌာန (၂၂) သို့ တိုင်ကြားခဲ့သည့် အဆိုပါ တိုင်ကြားစာတွင် ဖော်ပြထားသည်။

“ ဖြစ်ကာစက သမီးက (၁၁) နှစ်နဲ့ (၈) လ။ (၅) တန်း စာမေးပွဲ ဖြေကာနီး ဖြစ်သွား ပါတယ်။ အဲဒီလို ဖြစ်ပြီးတော့ သမီးက စာမေးပွဲလည်း မဖြေချင်ဘူး။ သူများ ပြောဆိုတော့ လူတောလည်း မတိုးရဲဘူး။ တောက်လျောက် ငိုပဲနေတော့ ကျွန်မက ဆရာမတွေကိုလည်း အကူအညီတောင်းခဲ့ရပါတယ်။ ဆရာမတွေက အိမ်လာပြီး “သမီးရယ်၊ ဘာမှမဆိုင်တာ၊ သမီးက ရှက်စရာမလိုပါဘူး၊ လာပါ” ဆိုပြီး ခေါ်ခဲ့လို့ ကျောင်းကို ကျွန်မကိုယ်တိုင် လိုက်ပို့ခဲ့ရပါတယ်။ အခုဆိုရင် အမှုက ဘယ်လောက် ကြာတယ်၊ မကြာတယ်၊ သမီးက (၆) တန်းတောင် ဖြေပြီးပါပြီ။ ဒီအမှုကို တရားမျှ တစွာနဲ့ ပြင်းပြင်း ထန်ထန် အရေးယူစေချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မ သူ့ကို မြင်လည်း မမြင်ချင်ဘူး။ ကျမယ်ဆိုလည်း နှစ် (၃၀) လောက် ချစေချင်တယ်။ အဲဒီရက်ကဆိုရင် ကျွန်မတို့မှာ ဘယ်ကိုမှလည်း မျက်နှာမပြရဲဘူး။ အဲဒါတွေ ပြန်ပြော ပြရရင် ကျွန်မ မတရားကို ဝမ်းနည်းရပါတယ်” ဟု ကျောင်းသူကလေးငယ်၏ မိခင် ဒေါ်ခင်မာလွင် က ပြောသည်။

ကျောင်းသူကလေးငယ်ကို စာမေးပွဲဖြေဆိုရန် အိမ်သို့ လိုက်လံ ဖျောင်းဖျခဲ့သည့် ဆရာမတစ်ဦးက မ …….. သည် ကျောင်းစာကို လိုက်နိုင်ပြီး မတော်လွန်း၊ မညံ့လွန်းသော ကျောင်းသူကလေးတစ်ဦးဖြစ်သည်ဟု ငြမ်းမီဒီယာ သို့ ပြောသည်။

“ ကလေးက နေတာအေးတယ်။ မေးမှ ပြောတယ်။ ခိုင်းမှ လုပ်ရဲတယ်။ နည်းနည်းကြောက်တတ်တယ်။ စာမေးပွဲ ဖြေကာနီး သူ့မိဘတွေက ဒီအတိုင်းပဲ နေနေတယ်ပြောလို့ ကျွန်မတို့က သွားခေါ်လိုက်တာ “ ဟု ၎င်း က ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့က ဆရာမမှာ နေမကောင်း၍ ခွင့်ယူကာ အိမ်တွင်ရှိနေသည့် အတွက် ဖြစ်စဉ်ကို နောက်ပိုင်းမှသာ သိရှိခဲ့ရခြင်း ဖြစ်သော်လည်း ဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ်မှာ လိမ်ညာခြင်း မရှိနိုင်ဟု အဆိုပါ ဆရာမက ငြမ်းမီဒီယာ သို့ ထင်မြင်ချက်ပေးသည်။

အမှုသည် သာမန်အမှုမဟုတ်ဘဲ သက်ငယ်မုဒိမ်းမှု ဖြစ်သဖြင့် မြို့နယ်တရားရုံးတွင် မစစ်ဆေးဘဲ ခရိုင်တရားရုံးတွင် စတင် စစ်ဆေးသည်။ သရက်ခရိုင် တရားရုံးတွင် အမှုကို စစ်ဆေးနေစဉ် ဒုတိယရုံးချိန်းဖြစ်သော (၂၄.၄.၂၀၁၈) ရုံးချိန်း တွင် တရားလို၏ ရဲစခန်းထွက်ဆိုချက်နှင့် ရုံးရှေ့ထွက်ဆိုချက် ကိုက်ညီမှု ရှိ၊ မရှိ တိုက်ဆိုင် စစ်ဆေးနိုင်ရန် ရဲစခန်းတွင် စစ်ဆေးချက် မိတ္တူ ရယူလိုကြောင်း တရားခံရှေ့နေက လျောက်ထားသည်။

ခရိုင်တရားသူကြီးက ထုတ်မပေးသဖြင့် တရားခံဘက်မှ မကွေးတိုင်းတရားလွှတ်တော် သို့ ဆက်လက်တင်ပြ ခဲ့ရာ မကွေးတိုင်း တရားလွှတ်တော်က ပလပ်ခဲ့သည်။

တရားခံရှေ့နေက နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ ဆက်လက် အယူခံဝင်ခဲ့သည်။ ပြည်ထောင်စု တရားလွှတ်တော်က လက်ခံစစ်ဆေးပြီးနောက် အောက်ရုံးအမိန့်ကို ပယ်ဖျက်၍ တရားခံဘက်မှ တိုက်ဆိုင်စစ်ဆေးကြည့်ရှု နိုင်ရေး အတွက် ရဲစခန်းထွက်ဆိုချက်မိတ္တူကို ဥပဒေနှင့်အညီ ထုတ်ပေးရန် အမိန့်ချခဲ့သည်။

ယင်းနောက် တရားလိုနှင့် လိုပြသက်သေအချို့ စစ်ဆေးပြီး ချိန်တွင်လည်း တရားရုံး ပြောင်းလဲ စစ်ဆေးလိုသည်ဟု တရားခံဘက်က တောင်းဆိုကာ ရာဇဝတ်အထွေထွေ လျောက်လွှာဖြင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ရုံးပြောင်းစစ်ဆေးခွင့် လျောက်ထားခဲ့ပြန်သည်။

ယင်းသို့ အထက်တရားရုံးများသို့ အဆင့်ဆင့် တက်ရောက် နေခြင်းကြောင့် သရက်ခရိုင် တရားရုံးတွင် အမှုကို ဆက်လက် ကြားနာနိုင်ခြင်း မရှိခဲ့သည်မှာ (၇) လခန့် ကြာမြင့်ခဲ့ သည်။ယင်းကြောင့် တရားခံဘက်မှ အချိန်ဆွဲနေခြင်း ဖြစ်သည်ဟု တရားလိုဘက်က ယူဆနေခြင်း ဖြစ်သည်။

စွပ်စွဲ ခံရသူ ဘက်မှ လိုက်ပါဆောင်ရွက်နေသော တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက အမှု ကြန့်ကြာနေရခြင်း သည် တရားလိုဘက်မှ မည်သည့် သက်သေကို စစ်ဆေးမည်၊ မည်သည့်သက်သေကို ပယ်မည်ဟု ကြိုတင် တင်ပြထားမှု မရှိခြင်းကြောင့် ဖြစ်ကြောင်းနှင့် တရားခံဘက်မှ ခွင့်တိုင်ကြား ပျက်ကွက်ခဲ့သော ရုံးချိန်း၊ သက်သေရောက်ပါလျက် မစစ် ဆေးခဲ့သော ရုံးချိန်းဟူ၍ လုံးဝမရှိခဲ့ဘဲ ဥပဒေအရ ပေးအပ် ထားသော အခွင့်အရေးကို မဆုံးရှုံးစေရန် ဆောင်ရွက်ခဲ့ခြင်း သာရှိကြောင်း တုံ့ပြန် ပြောဆိုသည်။

“ ရဲစက္ကူတောင်းဆိုရတာက အမှုက မစခင်ကတည်းက ရှေ့နေ ပါတယ်။ ရုံးရှေ့မှာ တရားလိုက ပိုထွက်ဆိုနေကြောင်း ကျွန်တော် တို့က ခန့်မှန်းယူဆလို့ ရပါတယ်။ ဒါကြောင့်မို့ ရဲစက္ကူနဲ့ တိုက်ဆိုင် စစ်ဆေးမှ အမှန်တရား ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက်၊ ဥပဒေ အခွင့်အရေး ပေးထားတဲ့အတွက် အဲဒီ ဥပဒေအခွင့်အရေးအရ ကျွန်တော်တို့ တောင်းတာပါ ” ဟု ဦးမောင်မောင်စိုး က ပြောသည်။

ထို့အပြင် ၎င်းက ယခုအမှုသည် ထူးခြားသော အမှုဖြစ်ပြီး တရားလိုဘက်က အမှုစတင် ဖွင့်ကတည်းကပင် ရှေ့နေ ငှားရမ်း ထားခဲ့သလို အလှူငွေများလည်း ကောက်ခံရန် စီစဉ် ထားခဲ့ပြီး ဖြစ်နေကြောင်း ငြမ်းမီဒီယာသို့ ပြောဆိုသည်။

 

ဆင်းရဲတယ်၊ အသိဉာဏ်ချို့တဲ့တယ်။ ဆင်းရဲတဲ့အခါကျတော့ ပိုပြီးတော့ မဝံ့မရဲဘူး။ လူဝင်မဆံ့ဘူး။ စကားပြောတဲ့ နေရာမှာ ကျတော့လည်း ငါများ မှားမလား၊ ငါ့များ အပြစ်တင်မလားဆိုတဲ့ စိတ်တွေရှိတယ်။ ဒီအမှုက အခက်အခဲဆုံးပဲ။ ကျန်တဲ့ …

 

ဦးမောင်မောင်စိုး၏ တရားရုံးပြောင်းစစ်ဆေးခွင့် လျောက်ထားမှုကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံ ကြားနာခဲ့ပြီး ဖြစ်သော်လည်း ယနေ့အထိ အမိန့်ချခြင်း မရှိသေးပေ။

ဦးမောင်မောင်စိုးကမူ တိုင်းတရားရုံးက ပယ်ချခဲ့လျှင်လည်း နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ဆက်လက် တင်သွင်းသွားရန် ပြင်ဆင်ထားသည်။ ထို့အတွက် သရက်ခရိုင် တရားရုံး၌ လက်ရှိစစ်ဆေးနေသည့် အမှုမှာ ကာလအတန်ကြာ ဆက်လက်ကြန့်ကြာနေဦးမည့် အခြေအနေတွင် ရှိနေသည်။

တရားရုံး ပြောင်းလဲစစ်ဆေးရန် လျောက်ထားရသည်မှာ ရဲစက္ကူကို ဥပဒေနှင့်အညီ ထုတ်ပေးရန် ပြည်ထောင်စုတရား လွှတ်တော်က အမိန့်ချခဲ့သော်လည်း အမှုစစ်ရုံးက အဆိုပါအမိန့်ကို မလိုက်နာ ခြင်းနှင့် တရားရုံးသည် သက်သေတစ်ဦးကို စစ်ဆေးစဉ် တရားခံကို ပြစ်မှုကျူးလွန်ခဲ့သည်ဟု ယူဆလောက်ဖွယ်ရှိသော ရုံးမေး မေးခွန်း မျိုးကို မေးမြန်း မှတ်တမ်းတင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဦးမောင်မောင်စိုး က ပြောသည်။

တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မြမူက ယခုအမှုတွင် တရားလိုသည် အမှန် တကယ် ထိခိုက် နစ်နာခဲ့ရသူဟု ယုံကြည်ခဲ့ ခြင်းကြောင့် လိုက်ပါ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ငြမ်းမီဒီယာသို့ ပြောသည်။

၎င်းသည် သက်ငယ်မုဒိမ်းမှု (၄) မှုတွင် နစ်နာသူ မိန်းကလေးငယ် များ ဘက်မှ လိုက်ပါဆောင်ရွက်ဖူးသည့် အတွေ့ကြုံရှိသူ တစ်ဦး ဖြစ်ပြီး ယခု (၅) မှုမြောက်အမှုမှာ ရိုးအလွန်းသည့် ၎င်း၏အမှုသည် များက အမှန်တရားကို ပေါ်ပေါက်အောင် ရုံးတော်သို့ ရှင်းလင်း ထွက်ဆိုနိုင်ခြင်း မရှိသည့်အတွက် လုပ်ဆောင်ရသည်မှာ အခက်အခဲ ဆုံးသော သက်ငယ်မုဒိမ်းမှု ဖြစ်နေကြောင်း (၇၃) နှစ်အရွယ် ဒေါ်ခင်မြမူက ပြောသည်။

“ ဆင်းရဲတယ်၊ အသိဉာဏ်ချို့တဲ့တယ်။ ဆင်းရဲတဲ့အခါကျတော့ ပိုပြီးတော့ မဝံ့မရဲဘူး။ လူဝင်မဆံ့ဘူး။ စကားပြောတဲ့ နေရာမှာ ကျတော့လည်း ငါများ မှားမလား၊ ငါ့များ အပြစ်တင်မလားဆိုတဲ့ စိတ်တွေရှိတယ်။ ဒီအမှုက အခက်အခဲဆုံးပဲ။ ကျန်တဲ့ အမှုတွေက (၃) လက အလွန်ဆုံးပဲ။ စလင်းက အခုလိုက်တဲ့ သက်ငယ် မုဒိမ်းမှုဆို (၂) လနဲ့ ပြတ်သွားတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်ခင်မြမူသည် မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး အဖြစ် လွန်ခဲ့သည့် (၁၀) နှစ် ကျော်ကပင် ဆောင် ရွက်နေသူဖြစ်ပြီး သည့်မတိုင်မီကလည်း မင်းလှမြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌအဖြစ် (၁၀) နှစ် ကျော် ဆောင်ရွက် ခဲ့သည်။ ယင်းအပြင် ၎င်းသည် မင်းလှမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

“ ရွာသူ မိန်းကလေးတစ်ယောက်က ဒီလို လိမ်လည် စွပ်စွဲဖို့ အင်မတန် ခဲယဉ်းပါတယ်။ နံပါတ် (၁) က ကိုယ့်အရှက်ကို အကွဲခံပြီး ပြောရတာလေ။ အဲဒီတော့ (၉၉ ဒသမ ၉) ရာခိုင်နှုန်းက မမှန်ဘဲနဲ့ မစွပ်စွဲ ဘူးလို့ ထင်ပါတယ်။ ကျွန်မလိုက်ခဲ့တဲ့ ထဲမှာ လိမ်လည်ပြီး စွပ်စွဲတာတစ်မှုမှ မတွေ့ခဲ့ပါဘူး။ ဒီကလေးမလေး အနေအထား နဲ့လည်း လိမ်လည်ပြီး စွပ်စွဲမယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းသူ၊ ငယ်တဲ့ ကလေး လည်း ဖြစ်တယ်လေ။ အဖြူအစင်။ နောက်ပြီး သူ့ကို စာသင်တဲ့ ဆရာလေ။ ပြီးတော့ သူ့သားကလည်း ကျောင်းမှာ စာသင်နေတာ။ ဆရာတစ်ယောက် ကို စွပ်စွဲတဲ့ဟာက သာမန်လူတစ်ယောက်ကို စွပ်စွဲရတာနဲ့ တူမှ မတူဘဲနဲ့” ဟု ဒေါ်ခင်မြမူ က ပြောသည်။

၎င်း၏ အတွေ့အကြုံ အရ သက်ငယ်မုဒိမ်းမှုများတွင် ကျူးလွန် ခံရသူ များသည် ငွေကြေးချို့တဲ့သော၊ ပညာရည်နိမ့်ပါးသော၊ ရိုးသားသူများ ဖြစ်ကြပြီး တရားလိုဘက်မှ လုပ်ကြံဖန်တီး စွပ်စွဲမှု လုံးဝမတွေ့ခဲ့ရဘဲ ယခုအမှုတွင်လည်း လုပ်ကြံလိမ်လည် ဖန်တီးစွပ်စွဲမှု မဟုတ်ကြောင်း ဒေါ်ခင်မြမူက ဆိုသည်။

“ သက်ငယ်မုဒိမ်းမှုဆိုတာ ရာဇဝတ်မှုပဲ။ ရာဇဝတ်မှုထဲမှာမှ တော်တော်ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှု။ ဆိုးဝါးပြင်းထန်တဲ့ ဒီလို ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ဒီလောက်အချိန်ကြာကြာ ဆွဲထားခြင်းအားဖြင့်၊ အထူးသဖြင့် ဒီလို သက်ငယ် မုဒိမ်းမှုတွေ မှာပေါ့။ ကလေးတွေရဲ့ စိတ်ဒဏ်ရာရမှု အခြေအနေတွေရှိတယ်။ အဲဒီတော့ အမှုအချိန် ကြာမြင့်လေလေ၊ ကလေးတွေ စိတ်ဒဏ်ရာ ရဖို့ အခွင့်အလမ်း ပိုများလေပဲ ” ဟု ဒေါက်တာရဲထွန်းဇော် က ပြောသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက သက်ငယ် မုဒိမ်းမှုများတွင် မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်၍ ပြစ်မှုကျူးလွန်သူကို ထိရောက်သော ပြစ်ဒဏ် ချမှတ်လိုက်ခြင်း အားဖြင့် လူ့အဖွဲ့အစည်းအတွင်း ယင်းသို့ ကျူးလွန်ပါက ယင်းသို့ ပြစ်ဒဏ်များ ချမှတ်ခံရသည်ဟု လူအများ သိရှိလာကြကာ ကလေးငယ်များ အပေါ် နောက်ထပ်ကျူးလွန်မှုများ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးရာ လည်း ရောက်ကြောင်း ပြောသည်။

တကယ်တမ်းအားဖြင့် ဆားတောင်ကျေးရွာသည် ၎င်း၏ အမှတ် (၁) မဲဆန္ဒနယ်တွင် ပါဝင်သော်လည်း ယခုအမှုဖြစ်စဉ်ကို ဦးလှိုင်မြင့်သန်း သိရှိခဲ့သည်မှာတော့ များစွာမကြာလှသေး။ ယင်းအချက်ကို ဦးလှိုင်မြင့်သန်းက ပွင့်လင်းစွာ ဝန်ခံခဲ့ပြီး အမှုကို မှန်ကန် မြန်ဆန်စွာ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပေးသွားမည်ဟု ငြမ်းမီဒီယာသို့ ဆိုခဲ့သည်။

“ ဒီလိုအမှုမျိုးက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်။ ဒီကလေးကလည်း ငယ်ငယ်လေး။ သူ့ရဲ့ အရှက် အကြောက်တို့၊ လူမှုရေးတို့ ရှိတာပေါ့။ ဒီအမှုမျိုးက အချိန်ဆွဲလို့တော့ မတော်ဘူးလို့ မြင်တယ်။ မြန်မြန်ဆန်ဆန်လေးနဲ့ ဆုံးဖြတ်ပေးရင် ဒီကလေး အဖို့ လည်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်သွားမယ် ” ဟု ဦးလှိုင်မြင့်သန်း က ပြောသည်။

တိုင်ကြားသူ တရားလို ဒေါ်ခင်မာလွင်၏ ခင်ပွန်းဖြစ်သူ ဦးညွန့်ဝင်း သည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်နေ သည်မှာ (၂) လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းသည် မူလ ကတည်းက စီစဉ် ထားခြင်းဖြစ်ပြီး သမီးဖြစ်သူ၏ အမှုအခင်းကိစ္စ ကြုံတွေ့လာချိန်တွင် မသွားသေးဘဲ ခေတ္တစောင့်ဆိုင်း နေခဲ့သော်လည်း ကြာမြင့် လွန်း သော တရားစီရင်ရေးကြောင့် အမှုပြီးအောင် မစောင့်နိုင်တော့ဘဲ မဖြစ်မနေ သွားရောက် အလုပ်လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း တရားလိုဘက်က ဆိုသည်။

သို့သော် စွပ်စွဲခံရသူဘက်ကလည်း အဆိုပါ ကိစ္စအပေါ် အမြင်ကွဲပြားစွာ ပြောဆိုပြန်သည်။ ဇနီးသည် ဒေါ်ခင်မာလွင်၏ မမှန်မကန် လုပ်ကြံတိုင်ကြားမှု လုပ်ရပ်များကြောင့် ၎င်းအနေဖြင့် တာဝန်မယူနိုင်ဟုဆိုကာ တိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ ဆားတောင်ရွာ၌ ဖြစ်ပွားခဲ့သော ယခု သက်ငယ် မုဒိမ်းမှုသည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဖြစ်ပွား ခဲ့သော သက်ငယ်မုဒိမ်းမှုများအနက် ဖြေရှင်းရ အခက်ခဲဆုံး၊ အရှုပ်ထွေးဆုံးနှင့် အကြာမြင့်ဆုံးအမှုတစ်ခု ဖြစ်သည် ကို အားလုံးက လက်ခံထားကြသည်။

အမှုဖြစ်စဉ်အတွက် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် တရားစီရင်ပေးရေးကို လည်း လိုလားကြောင်း စွပ်စွဲတိုင်ကြားသူနှင့် စွပ်စွဲတိုင်ကြားခံရသူတို့ နှစ်ဖက်လုံးက ပြောဆိုကြသည်။

“ သူ့ကို သမီး ဒီတစ်သက် မမြင်ချင်တော့ဘူး၊ ထောင်ကို တစ်သက်တစ်ကျွန်းတို့၊ သေဒဏ်တို့ ချပေးစေချင်တယ်” ဟု ကာယကံရှင် မ …….. က ငြမ်းမီဒီယာသို့ ပြောဆိုခဲ့သည်။

 

ငြမ်းမီဒီယာ
မတ် (၅)၊ ၂၀၁၉၊ ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,