ကြီးကောင်ဝင်စ အိန္ဒိယ (အပိုင်း -၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆဲလ်ဖုန်း၊ အလှကုန်နဲ့ဒီဗွီဒီတွေကို အာသာငမ်းငမ်း ဖြစ်နေကြတဲ့လူငယ်အုပ်ကြီးကြားမှာ၊ ယောက်ျားတွေနဲ့ မိန်းမသားတွေ ထင်တိုင်းကြဲနေကြတဲ့ အရက်ဘားတွေနဲ့ကလပ်တွေထဲမှာ အိန္ဒိယဟာ သူ့ကိုယ်သူ သွေးသစ်လောင်းနေပြီလို့ ကျွန်တော် မကြာခဏ ခံစားရတယ် …

Varshesh Joshi

ဒီစာအုပ်ဟာ ၂၀၁၂ ခုနှစ်မှာ မူရင်းစာရေးသူ အကာ့ရှ်ကပူးရ် ရေးသားခဲ့တဲ့ Becoming India: A Portrait of Life in Modern India စာအုပ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

ကျွန်တော်အိမ်ပြန်ခဲ့ချိန်မှာတော့ အိန္ဒိယမှာလွတ်လပ်ရေးရပြီး နောက်ပိုင်းတည်းက ရှိနေခဲ့တဲ့ ခံတွင်းမတွေ့စိတ်တွေနဲ့ ငြိတွယ်မှုကင်းတဲ့ စိတ်တွေက ကောင်းကောင်းကြီး အရိပ်ထိုးနေခဲ့ပါတယ်။ ဓနဥစ္စာပိုင်ဆိုင်ကြွယ်ဝလိုမှုဟာ အမေရိကန် နိုင်ငံသားတွေအတွက်ချည်းပဲ မဟုတ်တော့ဘူး။ တစ်ချိန်တစ်ခါကရှိခဲ့တဲ့ တစ်မျိုးတစ်ဖုံသော လောကီဘဝပုံစံရဲ့ နေရာမှာ နောက်ထပ်မျိုးဆက်အတွက် အစွမ်းကုန်အင်အားစိုက်ထုတ်ခြင်းကို ပြောင်းလဲနေရာ ချထားခဲ့ပါပြီ။

နှစ်နိုင်ငံ လူ့အဖွဲ့အစည်းနှစ်ခုကြား ကြီးမားတဲ့ ရင်ကြားစေ့မှုကြီးတစ်ရပ်ဆီ ရောက်ခဲ့ပါပြီ။ ချာတိတ်တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အလှမ်းကွာကွာမှာ ကျန်ရစ်ခဲ့တယ်လို့ မကြာခဏခံစားတတ်ခဲ့တယ်။ အိန္ဒိယနဲ့အမေရိကန်တို့ဟာ လူမှုရေး၊ ယဉ်ကျေးမှု၊ စူးစမ်းရှာဖွေမှု အစရှိလို့ အရာရာမှာ ဆန့်ကျင်ဘက်အနေအထားက ရှိနေခဲ့တာပါ။ ခုတော့ ပိုကောင်းဖို့ပဲလား ပိုဆိုးသွားဖို့ပဲလား မသိ။ အမေရိကန်တို့ဆီမှာ ပြဋ္ဌာန်းထားခဲ့တဲ့ အရည်အသွေးတွေကို အိန္ဒိယက ဆုပ်ကိုင်ဖို့ ကြိုးစားနေတာ မြင်ခဲ့ရတော့ ကျွန်တော်ဟာ အတော်ပဲ စိတ်လှုပ်ရှားပြီး တစ်ခါတရံ အတော်ကလေးကြောက်ရွံ့မိတော့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော်ပြန်ရောက်တဲ့ အချိန်မှာတော့ အဲဒီကနရီစည်းဝါးတွေ အကုန်လုံး ပျက်ယွင်းခဲ့ရပြီ။ တစ်နိုင်ငံလုံးကနရီစည်းဝါးတွေကို ဓနဥစ္စာကြွယ်ဝလိုမှုက လှည်းကျင်းဖယ်ရှားထုတ်လိုက်ပြီ …

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယရဲ့ဘဏ္ဍာရေးအကြပ်အတည်းကြောင့် သွင်းကုန်ဆိုင်ရာ အခွန်အတုပ်တွေလျှော့ချ၊ နိုင်ငံခြားငွေဖလှယ်မှုကို ထိန်းချုပ်မှုလျှော့ပေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို အတိုင်းအတာကြီးကြီးမားမားနဲ့ ခွင့်ပြုလိုက်ချိန်မှာ ကျွန်တော် အိန္ဒိယကို ခဏပြန်လာလည်တုန်းတည်းက အိန္ဒိယဟာ အသွင်ကူးပြောင်းနေပြီဆိုတာကို သတိထားခဲ့မိတယ်။

Frank Holleman

ဟိန္ဒူတိုးတက်မှုနှုန်းလို့ ကမ္ဘာကပြောရတဲ့ထိအောင် နှေးကွေးလွန်းလှတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အဲဒီအချိန်မှာ နှစ်ဆအထိတက်သွားအောင် ပြုပြင်ပြောင်းလဲမှုတွေက တန်ခိုးပြခဲ့တယ်။

ဆိုရှယ်လစ်လို့ပြောပြော၊ တစ်ဝက်လောက် ဆိုရှယ်လစ်ဆန်တယ်လို့ပဲပြောပြော ပြောလို့ရတဲ့ ကျွန်တော်မွေးဖွားကြီးပြင်းခဲ့ရာ အိန္ဒိယနိုင်ငံဟာ ကမ္ဘာကို လွှမ်းခြုံလာတဲ့ အရင်းရှင်စနစ်ကိုပွေ့ဖက်ဖို့တောင် လိုလိုလားလားဖြစ်နေခဲ့ပြီ။

မွမ်ဘိုင်းတို့ ဘင်ဂလိုတို့ ချန်နိုင်းတို့လို မြို့ကြီးတွေမှာ အပြောင်းအလဲက ပိုလို့ ထင်ရှားတယ်။ ပြုပြင်ပြောင်းလဲရေးရဲ့ သက်ရောက်မှု တွေကို မြို့ကြီးတွေက ပထမဆုံးစပြီး ထိတွေ့ခံစားရတယ်လို့ ဆိုနိုင်ရဲ့။ ဆော့ဖ်ဝဲထုတ်လုပ်ရေးတွေ လုပ်နေကြတဲ့ အစိမ်းရောင် မြက်ခင်း ကျယ်ကြီးတွေထဲမှာ၊ ကုန်တိုက်အသစ်ကြီးတွေရဲ့လူသွားစင်္ကြန်တွေထက်မှာ၊ ဆဲလ်ဖုန်း၊ အလှကုန်နဲ့ဒီဗွီဒီတွေကို အာသာ ငမ်းငမ်း ဖြစ်နေကြတဲ့ လူငယ်အုပ်ကြီးကြားမှာ၊ ယောက်ျားတွေနဲ့ မိန်းမသားတွေ ထင်တိုင်းကြဲနေကြတဲ့ အရက်ဘားတွေနဲ့ ကလပ်တွေ ထဲမှာ အိန္ဒိယဟာ သူ့ကိုယ်သူ သွေးသစ်လောင်းနေပြီလို့ ကျွန်တော် မကြာခဏ ခံစားရတယ်။

တစ်နိုင်ငံလုံးကနရီစည်းဝါးတွေကို ဓနဥစ္စာကြွယ်ဝလိုမှုက လှည်းကျင်းဖယ်ရှားထုတ်လိုက်ပြီ။ အရင်တုန်းက နွားလှည်းတွေနဲ့ လယ်တောထဲသွားတဲ့ လယ်သမားတွေက ထွန်စက်အသစ် တောက်တောက်ပြောင်ပြောင်ကြီးတွေမောင်းလို့ …

Sarathy Selvamani

ကျွန်တော်နေခဲ့ ကြီးပြင်းခဲ့တဲ့ မြို့စွန်မြို့ဖျားနေရာမှာတောင်မှ အဲဒီသွေးသစ်လောင်းမှုဟာ ရောက်ကောင်းရောက်နေနှင့်လောက်ပြီ။

အော်ရိုဗီလီဟာ အိန္ဒိယမှာတော့ ဇနပုဒ်ပဲ။ ဒါပေမယ့် အင်မတန် တစ်မူထူးခြားတဲ့ နေရာ။ အဲဒီကလူနေမှုဘဝက အိန္ဒိယက တခြားကျေးလက်ဒေသတွေရဲ့လူနေမှုဘဝနဲ့ အများကြီးကွာခြားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောရွာလေးတွေရဲ့ကြားမှာ မွေးဖွားလာခဲ့ရတာပါ။ ကျွန်တော်ပြန်ရောက်တဲ့ အချိန်မှာတော့ အဲဒီကနရီစည်းဝါးတွေ အကုန်လုံး ပျက်ယွင်းခဲ့ရပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်နိုင်ငံလုံးကနရီစည်းဝါးတွေကို ဓနဥစ္စာကြွယ်ဝလိုမှုက လှည်းကျင်းဖယ်ရှားထုတ်လိုက်ပြီ။ အရင်တုန်းက နွားလှည်းတွေနဲ့ လယ်တောထဲသွားတဲ့ လယ်သမားတွေက ထွန်စက်အသစ်တောက်တောက်ပြောင်ပြောင် ကြီးတွေ မောင်းလို့၊ သက်ကယ်မိုးတဲငယ် လေးတွေနေရာမှာ ကွန်ကရစ်တိုက်ကလေးတွေ ဖြစ်ကုန်ကြပြီ။ မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းကြီးကို လှမ်းမြင်နိုင်တဲ့ လယ်ကွင်း ကြီးတွေရဲ့ နေရာမှာအဆောင်ဆောင် အခန်းခန်းနဲ့ တံခါးတွေအထပ်ထပ်နဲ့ အဆောက်အဦကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ကောလိပ် တွေက ပိတ်လိုပိတ် တားလိုတား။

ဒါထက်ပိုပြီး သိမ်မွေ့တဲ့၊ ကိုင်တွယ်သိမြင်ရခက်တဲ့ အပြောင်းအလဲတွေလည်း ရှိရဲ့။ မြို့မှာဖြစ်ဖြစ် တောမှာဖြစ်ဖြစ် ကုန်တိုက်ကြီး တွေ ထဲမှာဖြစ်ဖြစ် လယ်ကွင်းကြီးတွေထဲမှာဖြစ်ဖြစ် နိုင်ငံရဲ့ဝိညာဉ်ဟာ တစ်မျိုးသစ်လွင်နေတာကို ကျွန်တော်တွေ့ခဲ့ရတယ်။

အရင်က စိတ်ချရတဲ့ အစိုးရဝန်ထမ်းအလုပ်ကိုသာ ခုံခုံမင်မင်ရှိတဲ့ မိဘတွေရဲ့ လူလတ် တန်းလွှာ သားသမီးတွေဟာ ဆော့ဖ်ဝဲ ကုမ္ပဏီမှာ အလုပ်အကိုင်ရချင်နေကြပြီ။ လယ်သမားတွေ တံငါတွေဟာ ကော်ဖီဆိုင်တွေ၊ ဟိုတယ်တွေဖွင့်လို့။ ဆင်းရဲပြီး စာမတတ် ပါဘူးလို့ တရားသေ တံဆိပ်ကပ်ခံထားရတဲ့ သူတို့ရဲ့ လူမှုအဆင့်အတန်းကို သူတို့ရဲ့ရည်မှန်းချက်တွေက စိန်ခေါ်နေကြပြီ။

အိန္ဒိယနိုးထလာပြီလို့ ကျွန်တော်ယုံကြည်လာပါတယ်။ အဲဒီနိုးထလာမှုကြီးထဲမှ ကျွန်တော်လည်း တစ်စိတ်တစ်ပိုင်းဖြစ်ရမယ်လို့ စိတ်ပိုင်းဖြတ်ထားမိတယ်။

Shumbharm Sharma

မကြာလိုက်ပါဘူး။ ကျွန်တော် ပြန်ရောက်လာတဲ့အချိန်မှာ အရာရာဟာ ပိုလို့ ရှုပ်ထွေး ပွေလီနေပါလားဆိုတာ တွေ့လိုက်ရတယ်။ ကျေးလက်မှာ အချိန်ပိုကြာကြာနေလေ၊ လူတွေနဲ့ ပိုပြီးတွေ့ဆုံရလေ အဲဒီနိုးထမှုကြီးဟာ ဘယ်လိုပါလိမ့်လို့ ကျွန်တော်စပြီး မေးခွန်း ထုတ်လာမိတယ်။ မမှိတ်မသုန်အကောင်းမြင်စိတ်ဟာ စပြီး ထင်ယောင်ဝိုးဝါးမှု ဆန်လာတယ်။

အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာဟာ ဆင်းရဲတွင်းက တက်လာနိုင်ခဲ့ပြီ။ ဒါပေမယ့် နောက်ထပ်သန်းပေါင်းများစွာကတော့ ဆင်းရဲတွင်းထဲမှာပဲ ရှိနေသေးတယ် …

မျက်ကန်းယုံကြည်မှုဟာ ပြဿနာ ပေါင်းများစွာကို ဥပေက္ခာပြုထားတယ်ဆိုတာ တွေ့လိုက်ရတယ်။အဲဒီပြဿနာတွေ က ခုထိ အိန္ဒိယမှာ ကြုံတွေ့နေရဆဲ ဆင်းရဲ ငတ်ပြတ်မှု၊ ဥပဒေမဲ့မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု စတာတွေပါပဲ။ နိုင်ငံ့ အနာဂတ်ကို မျက်ကန်းယုံကြည် ပုံအပ်ထားသူလို့ ပြောပြော ကျွန်တော်ဟာ နိုင်ငံအပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိနေချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Alps Patel

ကုန်တိုက်ကြီးတွေ၊ တောက်တောက်ပပ ရုံးခန်းအဆောင်အယောင်တွေ၊ စိတ်ကူးယဉ်ဆန်တဲ့ မြို့ပြအရက်ဘားတွေ၊ အဲဒီ အရက် ဘားတွေမှာ ရနိုင်တဲ့ အဆန်းဆန်းအပြားပြား ယမကာတွေပေါ် ကျွန်တော် သိပ်ပြီးအာရုံမတွေ့လှပါဘူး။ ကျွန်တော့်နိုင်ငံဟာ အရင်းရှင်စနစ်နဲ့အတိုးမှာ ဝါးမြိုခံရခြင်းမရှိဘဲ ရှိနေမလား၊ စားသုံးသူဝါဒနဲ့ ရုပ်ဝါဒတွေက ကျော်ကြားလှတဲ့ အိန္ဒိယရဲ့ဝိညာဉ်ကို ဖျက်ဆီးတိုက်စားသွားမလားဆိုတာ သိချင်ပါရဲ့။

ဘာမှ အလကားမရဘူးလေ။ ကိုယ့်အမိမြေမှာ ပိုကြာကြာနေမိလေ ဒီတောက်ပဝင့်ကြွားတဲ့ ဓနဥစ္စာတွေအတွက် အိန္ဒိယဟာ တန်ရာတန်ဖိုးကိုပေးလိုက်ရတော့မယ်ဆိုတာ ပိုပြီးသိလာလေပါပဲ။ ငွေကြေးရဲ့နောက်မှာ မညီမျှမှုပုံစံအသစ်တွေက ကပ်လိုက်လာတယ်။ လွတ်လပ်မှုနဲ့ အခွင့်အလမ်းရဲ့နောက်မှာ ကသောင်းကနင်းနိုင်မှုနဲ့ အကြမ်းပတမ်းနိုင်မှုတွေက တာကရေလွှတ်သလို ဖြစ်လာနိုင်တယ်။

ဖွံ့ဖြိုးမှုဆိုတာ တီထွင်ဖန်တီးမှုဆန်သော ဖျက်ဆီးမှုပဲလို့ ကျွန်တော်နားလည်လိုက်တယ်။ အိန္ဒိယနိုင်ငံသစ်မှာ လူတိုင်းရဲ့ ဘဝတွေဟာ ပြန်လည်ဖန်တီးခြင်းခံရစေတယ် …

ပြီးခဲ့တဲ့ဆယ်စုနှစ်အချို့အတွင်းမှာပဲ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာဟာ ဆင်းရဲတွင်းက တက်လာနိုင်ခဲ့ပြီ။ ဒါပေမယ့် နောက်ထပ်သန်းပေါင်းများစွာကတော့ ဆင်းရဲတွင်းထဲမှာပဲ ရှိနေသေးတယ်။ နောက်ထပ်သန်းပေါင်းများစွာကတော့ သူတို့အဓိပ္ပာယ်ရှိတယ်လို့ ထင်နေတဲ့လူမှုအခင်းအကျင်းကြီးကို တစိုက်မတ်မတ် စောင့်ကြည့်နေရင်း သူတို့ ရဲ့မိဘတွေ၊ ဘိုးဘွားတွေကို ပမာမခန့်ပြုပြီး စိတ်ပိုင်းဆိုင်ရာတွယ်ရာမဲ့မှုကို ကြုံတွေ့နေကြ ရတယ်။

ဖွံ့ဖြိုးမှုဆိုတာ တီထွင်ဖန်တီးမှုဆန်သော ဖျက်ဆီးမှုပဲလို့ ကျွန်တော်နားလည်လိုက်တယ်။ အိန္ဒိယနိုင်ငံသစ်မှာ လူတိုင်းရဲ့ ဘဝတွေဟာ ပြန်လည်ဖန်တီးခြင်းခံရစေတယ်၊ ပြန်လည်နုပျိုစေတယ်ဆိုပေမယ့် ဘဝပျက်သွားရတဲ့သူတွေလည်း ရှိနိုင်သေး တယ်လေ။

ဒီစာအုပ်မှာတော့ ဇာတ်လမ်းနှစ်မျိုး ပါဝင်လိမ့်မယ်။ တစ်ခုက ကိုယ့်ကိုယ်ကိုတောင် ဘယ်နည်းနဲ့မှ ယုံကြည်မှုမရှိတော့ သူတွေအတွက် လျှင်မြန်လှတဲ့ နိုင်ငံစီးပွားရေး တိုးတက်မှုကြောင့် ရည်ရွယ်ချက်တွေ ဦးတည်ရာတွေရှာတွေ့ နိုင်သွားကြသူတွေရဲ့ တိုးတက်မှု ဇာတ်လမ်း၊ နောက်တစ်ခုက အဲဒီတိုးတက်မှုဖြစ်စဉ်တွေကြောင့်ပျက်ပြုန်း ထိခိုက်သွားကြရသူတွေပြောပြတဲ့ သန်းခေါင်ထက် ညဉ့်နက်ရတဲ့ ဇာတ်လမ်း။

ဖြစ်စဉ်တစ်ခုတည်းမှာ ရလဒ်နှစ်ခုထွက်လာတယ်။ အိန္ဒိယဟာ ရှုပ်ထွေးတဲ့နိုင်ငံတစ်ခုပါပဲ။ တစ်ခါတလေတော့လည်း ဖန်တီး စီရင်မှုနဲ့ ဖျက်ဆီးမှု၊ အကောင်းနဲ့ အဆိုးတွေကို ခွဲထုတ်ရခက်တယ်မဟုတ်လား။

Adam Sherez

ပြန်လာစကတော့ ဒီရှုပ်ထွေးမှုကြီးကို ကျွန်တော်မမြင်နိုင်ခဲ့ဘူး။ ကျွန်တော် သိထားတဲ့ အိန္ဒိယနိုင်ငံက ချာတိတ်ကလေး တစ်ယောက်ရဲ့ မျက်စိထဲမှာမြင်ခဲ့ဖူးတဲ့ အပေါ်ယံနိုင်ငံတစ်ခု။ ချန်နိုင်းလေဆိပ်မှာ ဆောင်းတွင်းနံနက်ခင်းကြီး လေယာဉ်ပေါ်က ကျွန်တော်ဆင်းပြီး အော်ရိုဗီလီကို အရှေ့ကမ်းနားလမ်းမကြီးကနေ သွားခဲ့စဉ်က အိန္ဒိယကို ကျွန်တော် အကောင်းမြင်ရှုထောင့်က မြင်ခဲ့ရတာပါ။

အသွင်ကူးပြောင်းမှုဟာ တစ်နိုင်ငံလုံးကို သက်ရောက်မှုရှိခဲ့တယ်ဆိုတာ သေချာပါ တယ်။ အသွင်ကူးပြောင်းမှု သက်ရောက်ခြင်းမခံရတဲ့ နေရာရယ်လို့ အိန္ဒိယမှာ မရှိဘူး။ ဒါပေမယ့် …

ကျွန်တော်မြင်ချင်တာကိုပဲ ကွက်ပြီးမြင်ကြည့်ခဲ့တာလို့ ဆိုချင်လည်းဆို။ နှစ်ပေါင်းများစွာ ဝေးလွင့်ကင်းကွာခဲ့ရာက အမေရိကန်ကို လည်း ကိုယ့်အိမ်ကိုယ့်ယာလို့ မသတ်မှတ်နိုင်ခဲ့တဲ့ ကျွန်တော်ဟာ ဇာတိမြေကိုပြန်တွေ့ချင်တဲ့စိတ်တွေ တားမရဆီးမရဖြစ်နေတယ်။

Banjo Emerson Mathew

ဒီစာအုပ်က ကျွန်တော့်ရဲ့ အိမ်အပြန်မှတ်တမ်းဆိုလည်း ဟုတ်ပါရဲ့။ ကိုယ့်ကိုယ်ကို အသက်ပြန်ဝင်လာအောင် အိန္ဒိယနိုင်ငံသစ်က စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ နိုင်ငံစီးပွားရေး တိုးတက်မှုကြောင့် ကျွန်တော် ဘယ်လိုပီတိဖြစ်ခဲ့ရကြောင်း၊ ပြီးတော့အစွန်းတရားများစွာ အဖုအထစ်များစွာ ရှိတယ်လို့ နှစ်ပေါင်းများစွာကြာမှ နားလည်ခွင့်ရခဲ့တဲ့ ဖွံ့ဖြိုးမှုလို့ခေါ်တဲ့ ဖြစ်စဉ်ဆန်းအကြောင်း။

စာအုပ်တစ်အုပ်လုံးမှာ ကျွန်တော် အိန္ဒိယကို ပြန်စဉ်အတွင်း တွေ့ဆုံခဲ့ရတဲ့ လူတွေရဲ့ အဖြစ်အပျက်တွေအကြောင်း ကျွန်တော် ရေးထားပါတယ်။ သူတို့ရဲ့ဘဝတွေ အကြောင်းကိုပြောပြ၊ သူတို့အိမ်ထဲကိုဖိတ်ခေါ်၊ မိသားစုဝင်တွေနဲ့ပေးပြီး ထိတွေ့စေခဲ့တဲ့ အမျိုးသား များ အမျိုးသမီးများကတဆင့် အိန္ဒိယကိုကျွန်တော် တစ်ဖန်ပြန်လည် တွေ့ရှိခဲ့ရပါတယ်။ အဲဒီလူတွေနဲ့လည်း ကျွန်တော် မိတ်ဆွေဖြစ်သွားခဲ့တယ်။ သူတို့ရဲ့ ဇာတ်လမ်းတွေကပဲ အိန္ဒိယနိုင်ငံရဲ့ ရှေ့ဆက်တိုးနေတဲ့ အသွင်ကူးပြောင်းမှုမှာ သူမတူတဲ့ အချက်တွေ၊ ရှုပ်ထွေးပွေလီတဲ့အချက်တွေကို တစ်စိတ်တစ်ပိုင်း ကျွန်တော်နားလည်ခွင့်ရခဲ့တယ်။

အသွင်ကူးပြောင်းမှုဟာ တစ်နိုင်ငံလုံးကို သက်ရောက်မှုရှိခဲ့တယ်ဆိုတာ သေချာပါ တယ်။ အသွင်ကူးပြောင်းမှု သက်ရောက်ခြင်းမခံရတဲ့ နေရာရယ်လို့ အိန္ဒိယမှာ မရှိဘူး။ ဒါပေမယ့် ဒီစာအုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ကြီးတစ်ရပ်လုံးကို ခြုံမိတယ်၊ အသွင်ကူးပြောင်းမှုကို အလုံးစုံပုံဖော်နိုင်တယ်လို့တော့ ကျွန်တော်မဆိုပါဘူး။

တစ်ချို့လေ့လာသူတွေဆိုကြသလို ဒါဟာ မဟာအိန္ဒိယချီးမွမ်းခန်းစာအုပ်ကြီး မဟုတ်ပါဘူး။ စာအုပ်ပါ တစ်ချို့အခန်းတွေမှာ အိန္ဒိယရဲ့တစ်ခြားအစိတ်အပိုင်းတွေအကြောင်း ပါဝင်မှာဖြစ်ပေမယ့် အဓိကဇာတ်ကြောင်းကိုတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း ကျေးလက်ဆန်တဲ့ မြို့ငယ်လေးကိုပဲ အခြေခံရေးသားထားပါတယ်။ အဲဒီနေရာဟာ ကျွန်တော် ကြီးပြင်းခဲ့ရာပါ။ ပြီးတော့ လူလူသူသူဖြစ်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခုတာနီးပါးလောက် အခြေချနေထိုင်ရာပါ။ ပြီးတော့ အိန္ဒိယမှာ ကျွန်တော်အသိဆုံး အစိတ်အပိုင်းပေါ့။

Najil Musthafa

ဒါထက်ပိုပြောရရင် ခေတ်ပြိုင်မီဒီယာတွေမှာ၊ စာတစ်တန်ပေတစ်တန် မှတ်တမ်းတွေမှာ ဖော်ပြမှုအားနည်းနေတဲ့ အိန္ဒိယရဲ့ အစိတ်အပိုင်းလို့ ဆိုနိုင်ပါတယ်။ ဒီစာအုပ်ကို ရေးသားစဉ်မှာ ကျွန်တော်ဟာ အာကေနာရာယန်းရဲ့ ဂန္ထဝင်လက်ရာတွေ၊ မနုဿဗေဒပညာရှင် အမ်အန်ဆရီနီဗာ့စ်ရဲ့ ကျမ်းတွေကို မကြာခဏဖတ်ရှုနေမိတတ်တယ်ဆိုတာ သတိထားမိပါတယ်။

အဲဒီစာအုပ်တွေဟာ အင်မတန်ထူးကဲတဲ့ လက်ရာတွေပါ။ အံ့ဩစရာကောင်းလောက်အောင်လည်း ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်ဆဲပါပဲ။ ပြောစရာဆိုလို့ နိုင်ငံရဲ့ မကြာခင်က အရင်းရှင်စနစ်နဲ့ တွေ့ထိခဲ့ပုံအကြောင်းရယ်၊ အဲသလိုတွေ့ထိမှုကြောင့် ပေါ်ပေါက် လာတဲ့ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေအကြောင်း မဖော်ပြခဲ့တာပဲ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ငါးပုံတစ်ပုံသောလူဦးရေဟာ တောင်ပိုင်းမှာနေထိုင်ကြပါတယ်။ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်ဒေသမှာနေထိုင်ကြပါတယ်။ သူတို့တွေရဲ့ ဖြစ်ပျက်ပုံကြုံရဆန်းတွေကို လျစ်လျူရှုထားလို့ မရပါဘူး။

(ဆက်ပါဦးမယ်)

ဘာသာပြန်ဆိုသူ – စောထူးပွယ်

ဆက်စပ်ဖတ်ရှုပါရန်

ကြီးကောင်ဝင်စ အိန္ဒိယ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: