ကြီးကောင်ဝင်စ အိန္ဒိယ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အိန္ဒိယဟာ ကမ္ဘာကြီးရဲ့ သည်းအူဗဟိုချက် ဖြစ်လာခဲ့ပြီ။ စီးပွားရေး ခေါင်းထောင်ထလာမှုနဲ့အတူ ငယ်ရွယ်ပြီး ပညာတတ်တဲ့ လုပ်သားအင်အားစုတွေနဲ့ အိန္ဒိယ၊ ပိုမိုတောက်ပတဲ့အနာဂတ်ကို မီးရှူးတန်ဆောင်လို ထွန်းညှိထားတဲ့ အိန္ဒိယ၊ လေဆန်ကိုတက်မယ့် …

 

Lyndsay-abel

ဘာသာပြန်ဆိုသူ၏ အမှာ

ဒီစာအုပ်ဟာ ၂၀၁၂ ခုနှစ်မှာ မူရင်းစာရေးသူ အကာ့ရှ်ကပူးရ် ရေးသားခဲ့တဲ့ Becoming India: A Portrait of Life in Modern India စာအုပ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

AS / မူရင်းစာရေးသူ အကာ့ရှ်ကပူးရ် ရေးသားခဲ့တဲ့ Becoming India

မူရင်းစာရေးသူ အကာ့ရှ်ကပူးရ်ဟာ အိန္ဒိယမှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့် အမေရိကန်မှာ ပညာသင်ယူတတ်မြောက်ခဲ့ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ပြန်ရောက်လာပြီး မိသားစုဘဝတစ်ခုကို စတင်ခဲ့တယ်။ သူထင်ထားတာထက် သူ့နိုင်ငံဟာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေကို ရင်ဆိုင်နေရတယ်ဆိုတာ သတိထားလာမိခဲ့တယ်။ ကောင်းသလား ဆိုးသလား သူမဆုံးဖြတ်နိုင်ခဲ့ပါဘူး။ သူဟာ အတန်းအစားအလွှာစုံက လူတွေနဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ခေတ်တစ်ခါက မြေပိုင်ရှင်ဘဝကို တမ်းတနေသူလည်း ပါ၊ အချစ်နဲ့ အလုပ်အကိုင်ကြား ဗျာများနေရတဲ့ ပူပူနွေးနွေး တစ်ခုလပ်မလေးလည်း ပါ၊ ကိုယ့်လိင်တိမ်းညွှတ်မှုကို ဖော်ထုတ်ဖို့ရာ အခက်ကြုံရတဲ့ ဂေးတစ်ဦးလည်း ပါ၊ ရိုးရာစဉ်လာတွေကို စွန့်လွှတ်ခဲ့ရတဲ့ နွားပွဲစားတစ်ဦးလည်း ပါကြလေရဲ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီလိုလူတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အိန္ဒိယဟာ အင်မတန် မြန်ဆန်လွန်းလှတဲ့ အပြောင်းအလဲကာလတစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဒီလူတွေရဲ့ ဘဝတစ်ခုချင်းစီကို ကြည့်လိုက်တဲ့အခါ အိန္ဒိယရဲ့ စီးပွားရေးတိုးတက်မှု၊ ကမ္ဘာ့ဇာတ်ခုံပေါ်က အိန္ဒိယရဲ့ နေရာထိုင်ခင်းနဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေး အပြောင်းအလဲတွေကို အကဲခတ်နိုင်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယရဲ့ ခေတ်မီတိုးတက်မှုဖြစ်စဉ်ဟာ သိပ်ပြီးမဝေးကွာတဲ့အတိတ်ကမှ စတင်ခဲ့တာပါ။ ယဉ်ကျေးမှုအရ အာရှဒေသရဲ့ စံနှုန်းနဲ့တန်ဖိုးထားမှုတွေ မကွာလှမ်းလှတဲ့ အိန္ဒိယရဲ့ အခြေအနေ၊ လူမှုမြင်ကွင်းနဲ့ စိန်ခေါ်မှုတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနားလည်နိုင်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ချိန်ထိုးစဉ်းစားကြည့်စေနိုင်မှာလည်း ဖြစ်တဲ့အတွက် ဘာသာပြန်ဆိုဝေမျှလိုက်ရတာပဲ ဖြစ်ပါတယ်။

ကျင့်ဝတ်နှင့် စီးပွားရေးတို့ ဘယ်နေရာမှာ ထိပ်တိုက်တွေ့သည်ကို သမိုင်းက ပြသသည်ဖြစ်စေ စီးပွားရေးကသာ အောင်ပွဲခံစမြဲ။
အပြောကျယ်လှသည့် အကျိုးစီးပွားတို့အား ကိုယ့်စရိတ်နှင့်ကိုယ် လက်လွှတ်လိုက်ရသည်ကို သိလိုက်ဖို့ရာ ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့။
ဘီ အာရ် အမ်ဘေဒ်ကာ

ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ မာယာမြစ်ကြီး တစ်စင်းပမာဖြစ်သည်ကို မြစ်ထဲ ဆင်းဖူးသူတိုင်း သိထားကြသည်။ အပေါ်ယံ ရေမျက်နှာပြင်က သိမ်မွေ့ညက်ညောကာ မြန်ဆန်သည်။သို့ပေမယ့် မာလိန်မှူးက သတိတစ်ချက် လွတ်၊ အတွေးတစ်ချက် မှားလိုက်သည်နှင့် ထိုမြစ်ထဲမှာ ဝဲဂယက်တွေ ဘယ်လောက် ထူထပ်ပြီး သောင်တွေ ဘယ်လောက်များသည်ကို တွေ့ရလိမ့်မည်။
ရီရှာ့ဒ် ကာပူရှင်စကီး၊ ရာဇာ့ရာဇာ

ဘဝဆိုသည်က ဒဿနနှင့် တစ်သားတည်းကျသည် မဟုတ်ပါလေ။
အန်တန်ချက်ကော့ဗ်

နိဒါန်း
အရှေ့ကမ်းနားလမ်းမကြီးက ပြောင်းလဲသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ် ကျွန်တော်ကလေးဘဝနဲ့ ကြီးပြင်းလာရတဲ့တစ်ချိန်တုန်းက ဟောဒီအစွန်းအဖျားနေရာလေးဟာ တောင်အိန္ဒိယတစ်ခွင်မှာ ကျင်းပေါက်တွေတင်းကြမ်းနဲ့ ကတ္တရာလမ်းမတစ်ခု ကွေ့ကောက် ဖြတ်သန်းသွားရာ ဇနပုဒ်လေးတစ်ခု။ စပါးခင်းတွေ၊ အုန်းတောတွေ ပြီးတော့ အိပ်မောကျနေတဲ့ တံငါရွာကလေးတွေ…။ ခုတော့ မျက်စိများမှောက်လေသလား။ ပင်လယ်ပြင်က လှိုင်းတအိအိ၊ ဘင်္ဂလားပင်လယ်အော်ရဲ့ မီးခိုးရောင်ရေပြင်ကြီး၊ ပြင်းထန်လွန်းတဲ့ ကမ်းရိုးတန်း နေရောင်ခြည်အောက်မှာ တလက်လက်ထလို့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အစိုးရဆီက ကန်ထရိုက်ယူထားသူတွေဟာ ဟောဒီလမ်းမကြီးပေါ် ခြေချခဲ့ကြတယ်။ အနီးအပါးက လယ်ကွင်းတွေ၊ ယာခင်းတွေကို စစ်တမ်းကောက်ပြီး ပတ်ဝန်းကျင်က တဲငယ်တွေကို မြေတူးစက်နဲ့ သိမ်းကျုံးတွန်းရွှေ့ ဖယ်ရှားခဲ့ကြတယ်။ ရွာတွေလည်း ထက်ပိုင်းပြတ်လိုပြတ်၊ မိသားစုဘဝတွေလည်း အမြစ်က ကျွတ်လိုကျွတ်။ သက်တမ်းရာနဲ့ချီတဲ့ သစ်ပင်ကြီးတွေလည်း အမြစ်က လှန်လှဲခံခဲ့ရတယ်။ တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြကြပေမယ့် လှုမှုရေးနဲ့ ဂေဟဗေဒ ယိုယွင်းလာတာတွေဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးရတဲ့တန်ကြေးပဲတဲ့။
အမေရိကန်မှာ ဆယ်စုနှစ်တစ်ခုစာမက နေထိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဆောင်းရာသီမှာ အိန္ဒိယကို ကျွန်တော်ပြန်ပြောင်းလာတော့ ငယ်ငယ်တည်းက သိကျွမ်းဟောင်းကတ္တရာလမ်းမလေးက ကီလိုမီတာ ၁၆၀ အဝေးပြေးလမ်းမကြီး ဖြစ်နေပြီ။ နိုင်ငံရေးသမားတွေကတော့ ဒီလမ်းမကြီးက ခေတ်သစ်အိန္ဒိယရဲ့စံနမူနာပြယုဂ်တစ်ခုလို့ ဆိုကြပါရဲ့။ နိုင်ငံ့ စီးပွားရေးတိုးတက်လာဖို့ လိုအပ်နေတဲ့ အခြေခံအဆောက်အဦတစ်ခုအတွက် အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာတဲ့။

V – Srinivasan

အရှေ့ကမ်းနားလမ်းမကြီးရဲ့မျက်နှာပြင်က ခုတော့ကတ္တရာဝဝနဲ့ ကျောက်ချော လမ်းမကြီးအဖြစ် ချောမွေ့လို့နေပါပြီ။ အမှောင်ထုထဲမှာ ကားမီးတွေဖွင့်လို့ မောင်းသွားကြသူ ဒရိုင်ဘာတွေ၊ အရေးပေါ်ဝန်ဆောင်မှု ဆိုင်းဘုတ်တွေ၊ တိုးဂိတ်တွေ၊ ဟေလိုဂျင်လမ်းမီးတိုင်တွေ၊ ပြောင်ပြောင်လက်လက် သတ္တုသားနဲ့ လမ်းဘေးအဆောက်အဦငယ်တွေက တန်ဆာဆင်ထားတယ်။ တချို့နေရာတွေမှာ လယ်ကွင်းတွေကို တွေ့နိုင်ဆဲ၊ ရှုခင်းတွေက လှပဆဲ။ ဒါပေမယ့် အစိုးရက ကတိပြုထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ ကမ်းခြေအပန်းဖြေ စခန်းတွေအတွက်၊ လေဟာပြင်စားသောက်ဆိုင်ကြီးတွေအတွက်၊ ရုပ်ရှင်ရုံကြီးတွေအတွက်၊ လက်ဖက်ရည်ဆိုင်ငယ်ပေါင်းများစွာအတွက်၊ ပိတ်ရက်တွေမှာ လူစည်ကားတဲ့လမ်းမတွေ ပေါ်ရောက်လာကြမယ့် ခရီးသွားဧည့်သည်တွေအတွက် ဇနပုဒ်ကလေးက လမ်းဖယ်ပေးလိုက်ရပြီ။

အရှေ့ကမ်းနားလမ်းမကြီးရဲ့ထိပ်ဖျား၊ ချန်နိုင်းမြို့တော်ရဲ့အပြင်ဘက်ဆီကနေ ခရီးသွားဧည့်သည်တွေရဲ့ အာရုံဝင်စားမှုက မြို့ပြမွန်းကျပ်မှုဆီ ဦးတည်သွားတယ်။ ယာဉ်ကြောတွေက ပိုပြီး သိပ်သည်းလာတယ်။ လူအုပ်ကြီးဟာ လူသွားစင်္ကြန်ပေါ်ကလျှံပြီး လမ်းပေါ်ကို ကျလာတယ်။ ပင်လယ်ပြင်ကို ဖြတ်လာတဲ့လေညှင်းလေးက ကျဉ်းကျဉ်းကျုတ်ကျုတ် ဆိုင်ခန်းတွေ၊ ရုံးခန်းတွေထဲကို တိုးလို့မပေါက်ဖြစ်တော့တယ်။

အရှေ့ကမ်းနားလမ်းမကြီးက ရာဂျစ်ဂန္ဓီဆလိုင်းလမ်းမလို့ခေါ်တဲ့ ချန်နိုင်းမြို့တော်ရဲ့ နည်းပညာရပ်ကွက်ဆီအထိ ပေါက်တယ်။ အပြောင်းအလဲက အဲဒီနေရာမှာ ပိုလို့တောင် အံ့ဩစရာကောင်းတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကတော့ ရာဂျစ်ဂန္ဓီဆလိုင်းဟာ ကျေးလက်ကို ဖြတ်သွားတဲ့ လမ်းမတစ်ခုပဲ။ ချန်နိုင်းမြို့တော်ကနေ ပင်လယ်ကမ်းခြေမြို့ မဟာဘလိပူရာမ်ဆီ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ခေါ်ဆောင်သွားတဲ့အခါ ဖြတ်သွားရတဲ့ လမ်းတစ်ခုသာ။ အရှေ့ကမ်းနားလမ်းမကြီးလိုပဲ လမ်းဘေးတစ်ဖက်တစ်ချက်ဆီမှာ လယ်ကွင်းတွေ၊ သီးနှံစိုက်ခင်းတွေနဲ့ပေါ့။ ၁၉၉၀ ပြည့်လွန်နှစ်တွေရောက်လာတော့ ဆော့ဖ်ဝဲကုမ္ပဏီတွေနဲ့ Outsourcing ကုမ္ပဏီတွေက ဆိုင်ခန်းတွေဖွင့်လာတယ်။ တစ်ခါ တရံ လယ်ထွန်စက်တွေ တွေ့ရတတ်သလို တစ်ခါတရံ လမ်းမပေါ်မှာ နွားလှည်းတွေလည်း တွေ့ရနိုင်သေးတယ်။

ယောက်ျားဆိုရင် ရှပ်အင်္ကျီတို့၊ ကာကီရောင်ယူနီဖောင်းတို့ ဝတ်လို့၊ မိန်းမဆိုရင် ဆာရီထက် ဘောင်းဘီရှည်တွေ ဘာတွေဝတ်လို့ အလုပ်ထဲမှာ မနက်ခင်းကတည်းက ကူးခတ်၊ ဟိုင်းဝေးလမ်းမထက်မှာ သူတို့ရဲ့ မော်တော်ဆိုင်ကယ် ဒါမှမဟုတ် စကူတာတွေကို ပျားပန်းခတ်အောင်မောင်းလို့။ နေ့လယ်ခင်း …

ရာဂျစ်ဂန္ဓီဆလိုင်းလမ်းလို့ အရင်ကမှည့်ခေါ်ခဲ့ပြီး ဒီနေ့ခေတ်မှာတော့ မဟာဘလိပူရာမ်လမ်းမကြီးလို့ ခေါ်တွင်နေကြပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံသစ်ရဲ့ မျက်နှာပန်းပြစရာတစ်ခု၊ အိန္ဒိယသမိုင်းရဲ့ အမွေအနှစ်တစ်ခုဖြစ်နေပါပြီ။ လယ်ကွင်းတွေက သံမဏိသံပေါင်တွေနဲ့ မှန်သားကန့်လန့်ကာတွေနဲ့ ရုံးခန်းအဆောက်အဦတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ အဲဒီ အဆောက်အဦတွေမှာ အိန္ဒိယရဲ့ စီးပွားရေး စန်းပွင့်မှုကြီးကို မြှင့်တင်ပေးခဲ့တဲ့ နည်းပညာ ကုမ္ပဏီတွေရုံးစိုက်ထားကြပြီလေ။ ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုလောက်က အိန္ဒိယမှာ လာရောက်လုပ်ကိုင်ခဲ့တဲ့ Yahoo တို့၊ Paypals တို့၊ Verizon တို့ရှိသလို အိန္ဒိယပြည်ပေါက် Infosysတို့၊ Satyamတို့၊ Wipro တို့ရဲ့ ရုံးခန်းတွေလည်း ရှိပါတယ်။ ဒီကုမ္ပဏီတွေက အိန္ဒိယကို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမြေပုံကြီးပေါ်မှာ အမည်ပေါက်စေခဲ့တာပေါ့။

အဲဒီကုမ္ပဏီတွေက ဝန်ထမ်းတွေကလည်း ယောက်ျားဆိုရင် ရှပ်အင်္ကျီတို့၊ ကာကီရောင်ယူနီဖောင်းတို့ ဝတ်လို့၊ မိန်းမဆိုရင် ဆာရီထက် ဘောင်းဘီရှည်တွေ ဘာတွေဝတ်လို့ အလုပ်ထဲမှာ မနက်ခင်းကတည်းက ကူးခတ်၊ ဟိုင်းဝေးလမ်းမထက်မှာ သူတို့ရဲ့ မော်တော်ဆိုင်ကယ် ဒါမှမဟုတ် စကူတာတွေကို ပျားပန်းခတ်အောင်မောင်းလို့။ နေ့လယ်ခင်း ထမင်းစားနားချိန်ဆို ကျကျနန ပြင်ဆင်ထားတဲ့ ဥယျာဉ်ခြံတွေထဲက တန်ဖိုးကြီးမြက်ခင်းပြင်တွေ၊ အပင်လိုက်ရွှေ့စိုက်ထားတဲ့ ထန်းပင်တွေကြားမှာ မြင်ရတွေ့ရတာဟာ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာလားလို့ မျက်စိမှားစရာပါပဲ။ သူတို့တွေဟာ ခရီးကြမ်းနှင်နေတဲ့ အိန္ဒိယစီးပွားရေးတပ်တော်ဦးက ခြေလျှင်စစ်သားတွေပေါ့။ သူတို့ရဲ့ယုံကြည်မှု၊ သူတို့ရဲ့ စိတ်အားထက်သန်မှု၊ သူတို့ရဲ့လိုလိုလားလားရှိမှုတွေနဲ့ နာရီပေါင်းများစွာကြာအောင် အလုပ်လုပ်ကြပြီး နိုင်ငံတော်သစ်တစ်ရပ် ပေါ်ထွက်လာဖို့အတွက် မောင်းနှင်နေကြသူတွေပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

elCarito

ဒါက ၂၀၀၃ ခုနှစ်၊ ကျွန်တော်ပြန်လာချိန်မှာ တွေ့ရတဲ့ နိုင်ငံသစ်ပါ။ ကျွန်တော် ဇာတိမြေဆီ ပြန်လာပြီလေ။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် ဟောဒီဇာတိမြေကိုတော့ ကျွန်တော် မမှတ်မိဘူး။

ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ချန်နိုင်းလေဆိပ်ကို ကျွန်တော်ခြေချမိတယ်။ အရုဏ်တောင်မကျင်းသေး။ ကောင်းကင်က နက်ပြာရောင်သိပ်သည်းလို့။ လေကအေးမြပြီး အားအင်တွေပြည့်လို့။ အဲဒီစိုထိုင်းမှုကို ကျွန်တော်အံဩသွားတာ မှတ်မိနေသေးတယ်။

လေဆိပ်အပြင်ဘက် ဧည့်ကြိုတွေ၊ အိတ်ဆွဲတွေကြားမှာ ယောင်ချာချာနဲ့ လေအေးပေးစက်တပ်ထားတဲ့ ကားတစ်စီးကို ကျွန်တော်တားလိုက်တယ်။ အော်ရိုဗီလီကို ကျွန်တော်သွားမယ်။ ကျွန်တော်အရွယ်ရောက် ကြီးပြင်းခဲ့ရာမြို့။ ချန်နိုင်းကနေ ၃ နာရီပဲ ကားမောင်းသွားရတဲ့ မြို့။

ကျွန်တော်အရှေ့ကမ်းနားလမ်းမကြီးကသွားလိုက်တယ်။ ချန်နိုင်းရောက်တော့ တစ်ချိန်တုန်းကလွယ်လင့်တကူဖြတ်သွားလို့ရတဲ့ ယာဉ်ကြောတွေဟာ ကျပ်ညပ်လို့၊ ရာဂျစ်ဂန္ဓိဆလိုင်းမျှော်စင်ကို ကျော်သွားတော့မနက်အစောကြီးမှာတောင် မီးကလေးတွေမှိတ် တုတ်မှိတ်တုတ်လင်းနေပြီ။ မြို့အပြင်ကိုရောက်တော့ ပင်လယ်ပြင်ကြီးက ရေပြင်ညီအနေအထားနဲ့ ဝင့်ကြွားနေတယ်။ ဂိတ်တံခါးတွေအထပ်ထပ်နဲ့ တံတိုင်းနံရံတွေအပိုင်းပိုင်းနဲ့ မြို့ပြလူမှုအဖွဲ့အစည်းကြီးထဲက ကျွန်တော်လွတ်မြောက်ခဲ့ပြီ။

ကျွန်တော့်ရှေ့မှာရပ်နေတဲ့ဈေးဝယ်သူတစ်ယောက်က ဖြတ်ပြောတယ်။ လက်ဖက်ရည်ဆိုင်ရှင်ပြောတာ အမှန်တွေမဟုတ်ဘူးတဲ့။ လမ်းမကြီးက ဘဝပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့တယ်တဲ့။ အစိုးရကသိမ်းယူလိုက်တဲ့ အိမ်တွေကိုဆုံးရှုံးသွားရတဲ့ မိသားစုတွေ …

လေဆိပ်က တစ်နာရီခွဲစာလောက် မောင်းလာခဲ့ပြီးတော့ ကဒါးပတ်ခမ်ရွာလေးကို ရောက်တယ်။ ကော်ဖီလေး၊ လက်ဖက်ရည်လေးသောက်ဖို့ လမ်းဘေးမှာပဲနားလိုက်တယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ပိန်ပိန်ပါးပါးနဲ့ စကားတရစပ်ပြောနေတဲ့လူ။ ရေနံဆီမီးဖိုလေးနားမှာ မတ်တပ်ရပ်ပြီး သူက ကျွန်တော့်ကို သူ့ဘဝအကြောင်းတွေ ပြောပြနေတယ်။ သူက မွေးကတည်းက ဆင်းရဲသားတဲ့။ မြေပိုင်ယာပိုင်မရှိတဲ့ သူရင်းငှားတစ်ယောက်ရဲ့ သားတဲ့။ ဒီလမ်းမကြီးက သူ့အတွက်အရာရာကို ပြောင်းလဲပေးခဲ့တယ်။

ပြီးတော့ သူ့လက်ဖက်ရည်ဆိုင်မှာရပ်တဲ့ တက္ကစီတွေ၊ ဘက်စ်ကားတွေအကြောင်း သူပြောပြန်တယ်။ ပြီးတော့ သူဆောက်လိုက်တဲ့ အိမ်အသစ်အကြောင်း၊ သူဝယ်ထားတဲ့ မော်တော်ဆိုင်ကယ်အကြောင်း၊ သူ့ကလေးတွေကို ပို့ထားတဲ့ အလွတ်ပညာသင်ကျောင်းအကြောင်း။

ပြောပြီးရင်းပြောရင်းပဲ။ သူပြောနေတုန်းမှာပဲ ကျွန်တော့်ရှေ့မှာရပ်နေတဲ့ဈေးဝယ်သူတစ်ယောက်က ဖြတ်ပြောတယ်။ လက်ဖက်ရည်ဆိုင်ရှင်ပြောတာ အမှန်တွေမဟုတ်ဘူးတဲ့။ လမ်းမကြီးက ဘဝပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့တယ်တဲ့။ အစိုးရကသိမ်းယူလိုက်တဲ့ အိမ်တွေကိုဆုံးရှုံးသွားရတဲ့ မိသားစုတွေအကြောင်း၊ ဒီနယ်မြေကြီးကို ဖျက်ဆီးပစ်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း၊ ပြီးတော့ ယာဉ်မတော်တဆမှုတွေအကြောင်း။
ဘာကြာသေးလို့လဲ။ ပြီးခဲ့တဲ့လကပဲ သူ့ဆွေမျိုးကလေးတစ်ယောက် ကားလမ်းပေါ် ဖြတ်ပြေးတာ သေသွားခဲ့သေးသတဲ့။

သူတို့နှစ်ယောက်ပြောနေကြတာ အငြင်းအခုံတစ်ခုလိုပဲ။ တခြားသူတွေပါ ဝင်ပါလာတယ်။ ကျွန်တော်လည်းခဏနားထောင်နေပြီး လှည့်ထွက်လာခဲ့တယ်။ လေယာဉ်စီးလာတာကြောင့်ထင်ရဲ့။ ကျွန်တော် မအီမသာဖြစ်လာတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့မြေကိုပြန်လာရပေမယ့် ကျွန်တော့်ကလေးဘဝကအသံတွေ၊ ရနံ့တွေနဲ့ဆင်ဆင်တောင်မှ မတူတော့ဘူး။ ကြားရသလောက်ကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ ကျွန်တော်သဘောတူနိုင်ချေရှိတယ်။ အပြောင်းအလဲကို ကျွန်တော်ကြိုဆိုတယ်လေ။ အိန္ဒိယမှာ ဘာတွေပြောင်းလဲခဲ့ပြီဆိုတာက ကျွန်တော့်ကို စိတ်လှုပ်ရှားစေသလို မူးဝေနောက်ကျိစေတယ်။

Bhumika Singh

အမေရိကမှာတုန်းက ကျွန်တော်နယူးယောက်မှာနေတယ်။ နယူးယောက်ကို ကျွန်တော်ချစ်တယ်။ ညဉ့်ဖြတ်သန်းမှုတွေကို ကျွန်တော်ချစ်တယ်။ ပန်းခြံတွေကို ကျွန်တော် ချစ်တယ်။ မြို့ပြရဲ့သွင်ပြင်ကွဲပြားမှုတွေကို ကျွန်တော်ချစ်တယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်ဟာ မထုံတက်တေး ဖြစ်လာတယ်။ အမေရိကဟာ မြူထုကြီးတစ်ခုထဲမှာလိုပဲ ကျွန်တော်ခံစားရတယ်။ အီရတ်စစ်ပွဲဟာ စိတ်ချဉ်ပေါက်စရာပဲ။ စီးပွားရေးအကြောင်းတွေကလည်း တဖျစ်ဖျစ် မြည်နေတာပဲ။ နိုင်ငံတစ်ခုလုံးက စိတ်ဓာတ်ကျနေကြတယ်။ ကျဆုံးမှုကို ရင်ဆိုင်ရမှာကို ကြိုတွေးပြီး အီတောက်နေတယ်။

အိန္ဒိယကတော့ တစ်မူကွဲတယ်။ အိန္ဒိယဟာ ပျက်ကပ်ထဲကနိုးထလာတာ။ ရာစုချီတဲ့ ကိုလိုနီစနစ်အမြတ်ထုတ်မှုက နိုးထလာတာ။ ဆင်းရဲမွဲတေမှုနဲ့ မဖွံ့ဖြိုးမတိုးတက်မှုက နိုးထလာတာ။ အခုတော့ လမ်းကြောင်းပေါ်ရောက်နေပြီ။ ပိုကောင်းတဲ့ အနာဂတ်တစ်ခုဆီကိုဆိုတာ သေချာပါတယ်။ အိန္ဒိယဟာ တစ်ချိန်ကညှိုးရော်ခဲ့ဖူးတယ်။ ထောင်လွှားခဲ့ဖူးတယ်။ စာအုပ်ဆိုင်တွေမှာဆို “ အိန္ဒိယခေတ်ကောင်းကိုရောက်ရှိခြင်း” ၊ “ အိန္ဒိယတစ်ခေတ် ဆန်းပြီ” ၊ “ အိန္ဒိယပွင့်လန်းမှု” စတဲ့ခေါင်းစဉ်တွေနဲ့ စာအုပ်တွေပြည့်နေခဲ့တယ်။ သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေက အိန္ဒိယဟာ ကမ္ဘာပေါ်မှာအကောင်းမြင်စိတ်အရှိဆုံးနိုင်ငံလို့ စစ်တမ်းတွေ ကောက်ယူပြီး မှန်မှန်ဖော်ပြခဲ့ဖူးတယ်။

အမေရိကန်မှာတော့ ကျွန်တော်မိတ်ဆွေတွေဟာ အလုပ်ပြုတ်မှာကို စိုးရိမ်နေကြရတယ်။ တစ်ချိန်ကသူတို့ရခဲ့တဲ့ အဆင့်အတန်းကို ဆက်ပြီးရချင်နေကြတယ်။ ဒါပေမယ့် အိန္ဒိယမှာက ကျွန်တော့်အသိလူတွေဟာ အလုပ်တွေက ထွက်ကြတယ်။ ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်သစ်တွေကို ရှာကြတယ်။ ဒါမှ နောင်မှာ ချမ်းသာလာနိုင်မယ်လေ။ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်တာမျိုးပေါ့။ ကျွန်တော်တွေ့သလောက် လူတစ်ဝက်လောက်က စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်ကြတယ်။ အနာဂတ်ကို လောင်းကြေးထပ်ချင်ကြတယ်။

အိန္ဒိယသားတွေဟာ တစ်မျိုးတစ်ဖုံထူးခြားတဲ့ လောကီဘဝပုံစံကို ပျိုးထောင်နေတာလို့ ဆရာကြီး နာရာယန်းက ရေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေကတော့ အဆုံးမရှိမှုအတွက် မကုန်ခမ်းနိုင်တဲ့စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားကြတယ်တဲ့ …

ဒါက ကျွန်တော့်ကမ္ဘာ၊ ကျွန်တော့်လောက သံသရာတစ်ပတ်လည်နေသလို ဖြစ်တာမျိုးပါ။ ကျွန်တော်ဟာ အိန္ဒိယနဲ့ အမေရိကန်တို့ကြားမှာ မွေးဖွားကြီးပြင်းခဲ့ရတယ်။ အဖေက အိန္ဒိယသား၊ အမေက အမေရိကန်သူ။ ၁၉၉၁ ခုနှစ် ကျွန်တော့်အသက် ၁၆နှစ် ပြည့်တော့ ပညာရေးပိုကောင်းဖို့၊ အခွင့်အလမ်းတွေပိုကောင်းဖို့ အမေရိကန်ကို ကျွန်တော် ပြောင်းခဲ့တယ်။ ရှေ့ရှေ့ကသူတွေလိုပဲ ကျွန်တော်ဟာအိန္ဒိယရဲ့စီးပွားရေးနဲ့ လူမှုရေး ပရမ်းပတာကာလကြီးထဲက ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ အဲဒီတုန်းက အိန္ဒိယမှာ ဆိုရှယ်လစ်စီးပွားရေးကို ကျင့်သုံးလို့ ခြိုးခြံချွေတာရေးကို အကောင်အထည်ဖော်နေတယ်။ ကံကိုယိုးမယ်ဖွဲ့မှုနဲ့ ဗျူရိုကရေစီစနစ်ကြီးက စွန့်ဦးတီထွင်မှု စွမ်းရည်တစ်စွန်းတစ်စလေးကအစ ဖန်တီးထိုးထွင်းမှုရှိတဲ့ သွေးလှည့်ပတ်မှုတိုင်းကို ပိတ်ဆို့ထားလိုက်တယ်။

ကျွန်တော့်ငယ်ဘဝ အိန္ဒိယဟာ ခေတ်မီတိုးတက်မှုဆီ ရောက်ခါနီးဆဲဆဲမှာမှ ခါးက ဖြတ်အလှီးခံခဲ့ရတယ်။ အဲဒီတုန်းက ချန်နိုင်းမှာ ကျွန်တော်လေယာဉ်ပေါ်တက်တော့ ကျွန်တော်ဟာ တောင်အိန္ဒိယဒေသရဲ့ ကမ်းရိုးတန်းနေပူရှိန်နဲ့ မက်ဆာချူးဆက်က ဘော်ဒါ ကျောင်းသားဘဝရဲ့ ခါးသီးတဲ့ ဆောင်းရာသီတို့ကို လဲလှယ်လိုက်ရတာပဲ။ ကမ္ဘာကြီးထဲကို တကယ်ဝင်ရောက်ခဲ့မိတာလို့ ကျွန်တော်ထင်ခဲ့တယ်။

ခုတော့ နောက်ထပ် ၁၂ နှစ်ကြာခဲ့ပြီ။ အိန္ဒိယဟာ ကမ္ဘာကြီးရဲ့ သည်းအူဗဟိုချက် ဖြစ်လာခဲ့ပြီ။ စီးပွားရေး ခေါင်းထောင်ထလာမှုနဲ့အတူ ငယ်ရွယ်ပြီး ပညာတတ်တဲ့ လုပ်သားအင်အားစုတွေနဲ့ အိန္ဒိယ၊ ပိုမိုတောက်ပတဲ့အနာဂတ်ကို မီးရှူးတန်ဆောင်လို ထွန်းညှိထားတဲ့ အိန္ဒိယ၊ လေဆန်ကိုတက်မယ့် စီးပွားရေးနဲ့ အလားအလာကောင်းတွေကို အာမခံနိုင်တဲ့ အိန္ဒိယ ဖြစ်နေခဲ့ပါပြီ။ အိုင်းစတိုင်း တစ်ခါက ရေးခဲ့ဖူးတယ်။ “ အမေရိကန်ပြည်သူတွေဟာ အမြဲတမ်းဖြစ်တည်မှုတိုးတက်နေတာ၊ ဖြစ်တည်မှုရပ်ဆိုင်းနေတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ဘူး” တဲ့။ ဒါပေမယ့် ခုတော့ အိန္ဒိယအလှည့်ကို ရောက်ပါပြီ။ ကျွန်တော် သစ်လွင်တောက်ပမှုကို ခံစားရတယ်။ တဖြည်းဖြည်းနဲ့ ပြန်လည်တီထွင်ဆန်းသစ်မှုကို ခံစားရတယ်။ ရှေ့ကိုချီနေတဲ့ အဟုန်ကိုလည်း ခံစားရတယ်။ ကျွန်တော်အမေရိကန်ကို ပြောင်းသွားခါစကလိုပေါ့။

Frank Hollemen

လွန်ခဲ့တဲ့ရာစုနှစ်ထက်ဝက်လောက်က ခုလောက်အလျှင်မလို၊ မရှုပ်ထွေးသေးတဲ့ခေတ်မှာ အိန္ဒိယပြည်သား ကြီးကျယ်တဲ့ သမိုင်းဆရာကြီး အာကေနာရာယန်းက အမေရိကကို ခရီးသွားခဲ့တယ်။ သူ့ခရီးစဉ်အကြောင်း နောင်အခါ စာအုပ်တစ်အုပ်အဖြစ် ရေးသားတဲ့အခါ နိုင်ငံနှစ်ခုကြား ကွာဟမှုက ဘယ်လိုမှ ညှိနှိုင်းလို့၊ ဖြည့်ဆည်းလို့မရမယ့် ကွာဟမှုကြီးဖြစ်လိမ့်မယ်လို့ သူက မှတ်ချက်ချခဲ့တယ်။ “ အမေရိကန်နှင့်အိန္ဒိယတို့သည် စိတ်နေသဘောထားရော တွေးခေါ်မြှော်မြင်မှုတွင်ပါ လုံးဝကွာခြားကြသည်။ အိန္ဒိယဒဿနသည် ခြိုးခြံမှုကို အလေးပေးသည်။ အမှုကိစ္စနည်းပါးခြင်း၊ မရှုပ်ထွေးသော နိစ္စဒူဝနေထိုင်ခြင်းကို အလေးပေးသည်။ အမေရိကန်တို့ကမူ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကို အတောမသတ် လိုချင်သည်။” လို့ရေးခဲ့ပါတယ်။

အိန္ဒိယသားတွေဟာ တစ်မျိုးတစ်ဖုံထူးခြားတဲ့ လောကီဘဝပုံစံကို ပျိုးထောင်နေတာလို့ ဆရာကြီး နာရာယန်းက ရေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေကတော့ အဆုံးမရှိမှုအတွက် မကုန်ခမ်းနိုင်တဲ့စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားကြတယ်တဲ့။ ပုံမှန်အမေရိကန် နိုင်ငံသားတစ်ယောက်ဟာ အလုပ်ကြိုးစားမယ်၊ အစွမ်းကုန်ကြိုးစားမယ်၊ ဓနဥစ္စာ စုဆောင်းမယ်၊ ဘဝမှာပျော်ရွှင်ခံစားမယ်။ နောက်ဘဝ တမလွန်ဆိုတာ ဘာရယ်လို့ စိုးရိမ်ပူပန်နေစရာ အချိန်မရှိဘူး။

(ဆက်ပါဦးမယ်)

 

ဘာသာပြန်ဆိုသူ – စောထူးပွယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: