ကြံ့ခိုင်ရေးထက်တောင်ဆိုးတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း/ ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party) ၏ ဥက္ကဌ ဦးခင်နု

တိုင်းပြည်တိုးတက်လား ကြည့်လိုက်လေ ကြံ့ခိုင်ရေး လုပ်ခဲ့တာ၊ NLD လုပ်ခဲ့တာ ဘာများ ပိုပြီး ထူးခြားမှုရှိလဲ။အခု …

ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) သည် ရခိုင်ပြည်နယ်၏ထင်ရှားသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့် ရခိုင် တိုင်းရင်းသားပါတီတစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဥက္ကဌတာဝန်အား ဦးခင်နုက တာဝန် ယူ ဆောင်ရွက်နေသည်။ ရခိုင့် ဦးဆောင်ပါတီ၏ ရွေးကောက်ပွဲ ပြင်ဆင်ထားမှု၊ မြန်မာ့နိုင်ငံရေးအခြေအနေများကို AFP ပါတီ၏ ဥက္ကဌ ဦးခင်နုနှင့် ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ– တိုင်းပြည်မှာ အာဏာရယူခဲ့တဲ့သူတွေက ဖိနှိပ် ခဲ့တဲ့နေရာမှာ ဘယ်သူကတော့ ဘာလူမျိုးပါဆိုပြီး ငဲ့ညှာအုပ် ချုပ်ခဲ့တာ၊ အခွင့်ထူးခံပေးခဲ့တာမျိုးရော ရှိခဲ့လားခင်ဗျ။

UKN – အုပ်ချုပ်ခဲ့တဲ့သူက ဗမာဖြစ်တဲ့အတွက်ဗမာ ကိုပဲ ဦးစားပေးမှာပဲ။အနီးစပ်ဆုံး ကိုယ့်သွေးချင်းသားချင်းကို ဦးစားပေးမှာပဲ။ မဟာဗမာကြီးစိုးရေးဆိုတဲ့ သူတို့ခံယူချက်ပေါ့ဗျာ။ သူတို့ရှိမှာပဲ။ ဒါရှိမှာပဲ။ ကျနော့်မှာလည်းရှိမှာပဲ။ ကျနော် ရခိုင်ဒေသကို အုပ်ချုပ်ရင် ရခိုင်ကိုပိုပြီးဦးစားပေးမှာပဲ။ ဒီလိုမျိုးတော့ရှိမှာပဲ။ ဒီလိုမျိုးတောက်လျောက်ရှိလာတဲ့အခါကျတော့ သူတို့မှာဒါတွေက အရိုးဆွေးသွားပြီ။ ဥပမာစကားတစ် ခုပြောမယ်။ တိုင်းရင်းသားလို့စကားသုံးလိုက်ရင် ဗမာမပါဘူး။ ကျနော်တို့ စာလည်းဖတ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဗိုလ်ချုပ်ကြေးရုပ်အဲဒီပြဿနာက တပြည်လုံးမွှေနေတာ။နောက် ချောင်းဆုံတံတား၊ ဗိုလ်ချုပ်တံတား။ ဒါလေးတွေပေါ့။ တိုင်းရင်းသားတွေအပေါ်မှာနည်းနည်းလေးတောင်မှ အလျှော့မပေးဘူး …

စဉ်းစားကြည့်။ ကျန်တဲ့ သူတိုင်းရင်းသားတွေ။ ဗမာက အဲဒါဆိုဘာလဲ။ ဗမာတိုင်းရင်းသားလို့သုံးလာတာ အခုတလောသုံးလာတာ နည်းနည်းတွေ့တယ်။ ဟိုးတုန်းက ဗမာတိုင်းရင်းသားလို့မသုံးဘူး။အခုမှ နည်းနည်းသုံးလာတာ။ တောက်လျောက် စဉ်းစား ကြည့်လိုက် လူမျိုးကြီး တဆင့်မြင့်တဲ့လူမျိုး။ကျန်တဲ့တိုင်းရင်းသားတွေက တဆင့်နိမ့် အဲလိုခံစားခဲ့ရတာတွေအများကြီး။

ငြမ်းမီဒီယာ– အဲဒီလိုခံစားခဲ့ရအောင် ဖြစ်ခဲ့တဲ့အခြေအနေတွေရှိမှာပါ။ ဗမာမှာလည်း အခွင့်ထူးခံတွေရှိတယ်။ တိုင်းရင်းသား တွေမှာ လည်း အခွင့်ထူးခံတွေရှိလိမ့်မယ်။ အာဏာနဲ့ ပါဝါရထားတဲ့ အလွှာအသီးသီးမှာ အခွင့်ထူးခံတွေရှိကြတယ်။ တိုင်းရင်းသား တွေ မှာလည်းရှိမှာပါ။ဗမာမှာလည်း ရှိမှာပါ။ ဥပမာ စစ်ကိုင်းမှာ ဗမာရှိမယ်။ကရင်ရှိမယ်။ ရခိုင်ရှိမယ်။ ရှမ်းရှိ မယ်။အဲဒီလိုပဲတခြားနေရာတွေမှာလည်းရှိလိမ့်မယ်။ အဲဒီနေရာမှာ အဲဒီသူတွေက လျှပ်စစ်မီးမရှိရင် မီးခွက်ထွန်းကြ ရမှာပဲ။ အဲဒီတော့ အခွင့်ထူးခံအလွှာတစ်လွှာ ရှိနေတာလား။ ဗမာလူမျိုးက အခွင့်ထူးခံတာလား။ဗမာလူမျိုးထဲက အလွှာတစ်လွှာ ကပဲ အခွင့်ထူးခံတာလားခင်ဗျ။ဘယ်လို မြင်သ လဲ။

UKN – ဆိုတော့ ပြောရရင် ဗမာတစ်လွှာက တော့ အထူးအခွင့်အရေးပေါ့။အထူးခံစားခွင့်ပေါ့။ အထူးခံစားခွင့်ကို ဆောင်ရွက်ရင်း ကနေ ဥပမာပြောမယ်။လမ်းတံတား ပြောမယ်။ ရခိုင်မှာရှိတဲ့လမ်းတံတားကြည့်လိုက်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း လမ်းတံတားကြည့်လိုက်။လမ်းတံတားကျတော့ လူတစ်စုအကျိုးခံစားတာမဟုတ်ဘူးလား။ ဒါပေမယ့် အဲဒီ ပြည်သူတွေက လမ်း တံတား ကောင်းတဲ့ အတွက်၊ လျှပ်စစ်မီးရတဲ့အတွက် သူတို့ကအကျိုးအများကြီးခံ စားရတယ်။ အကျိုးအမြတ်က အခွင့်ထူးခံတွေ ရမယ်။အကျိုး ကျေးဇူးက ပြည်သူတွေရမယ်။ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးမရှိဘူး။ ရခိုင်ပြည်နယ်ကိုလျှပ်စစ်မီးပေးတာ နှစ်နှစ် လောက်ပဲ ရှိဦးမယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရခိုင်ပြည်နယ်မှာဆီမီးခွက်နဲ့ စာကျက်ခဲ့ရတာ။ဒီဇယ်အင်ဂျင်တွေ တဒုန်းဒုန်း တဂျိမ်းဂျိမ်းနဲ့ တစ်မြို့လုံးကို စာကျက်လို့မရ၊နေလို့မရ၊အိပ်လို့ မရ အဲလိုစက်ကြီးတွေနဲ့နေခဲ့ရတာ။ဒါလည်း ခုနှစ်နာရီကနေ ကိုးနာရီဆို ပိတ်ပြီ။အလွန်ဆုံးဆယ်နာရီပေါ့။ အဲဒီအချိန်မှာ ကျနော်ကြည့်လိုက်တဲ့အခါကျတော့ ဗမာပြည်မှာ မကွေးဘက်ကလာတယ်။ ကျေးရွာ တွေမှာ လမ်းဘေးတွေမှာမီးတွေ ထိန်ထိန်လင်းနေတာ။ နေ့မှန်းညမှန်းတောင်မသိဘူး။ ကျနော်တို့ရင်ထဲမှာ လျှပ်စစ် တွေ ဖြုန်းတီးနေတယ် ခံစားရတာ။ ကျနော်တို့ မီးတပွင့်တောင်မှ မနည်းထွန်းနေရတာ။ ကျနော် တို့ မြန်မာပြည်သွားလာတာ နှစ်ပေါင်း သုံးလေးဆယ်ရှိပြီ။ ညဘက်လာကြတာပဲ။ဘယ်ရွာသွားသွား လမ်းမီးတွေ ထိန်ထိန်လင်းနေတာ။ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတာ။

ငြမ်းမီဒီယာ– ရခိုင်ပြည်နယ်မှာ မရှိဘူး။

UKN – မရှိဘူး။ဒါလည်း နှိုင်းယှဉ်လို့ရတာပဲ။ ဒီလိုမျိုးပေါ့။ ဒီဗမာအများစုကလည်း အခွင့်ထူးခံထဲမှာမပါဘူး။ အခွင့်ထူးခံကတော့ ဗမာအများစုမဟုတ်ဘူး။ အခွင့်ထူးခံတစ်စု ပေါ့။ သို့သော်အခွင့်ထူးခံတစ်စုက ကျွဲကူးရေပါသလိုပေါ့။သူတို့ လုပ်ရင်းလုပ်ရင်း ဒီလိုတော့ပါသွားမှာပေါ့။ဒါမျိုးတော့ရှိမယ်။

ငြမ်းမီဒီယာ– ရခိုင်ပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKN – ပြောရမယ်ဆိုရင် ကျနော်တို့ပြည်သူ့အသံကြားရတာက ပါတီနိုင်ငံရေးကို ပြည်သူတွေက စိတ်ဝင်စားမှုအတော် နည်းနေကြပြီ။ ရွေးကောက်ပွဲလုပ်ရင်တောင် မဲလာ ပေးဖို့မနည်းစည်းရုံးရမှာ။ ဘာလုပ်မှာလဲကွာဆိုတဲ့ အမြင်တွေက အတော်များများမှာ ရှိနေတာ။ကိုယ့်ရဲ့မဲတစ်ပြားတန်ဖိုးရှိပြီး မဲရုံမှာမဲလာပေးဖို့ကို မနည်းစည်းရုံးရမှာ။လက်ရှိ ရခိုင်ပြည်နယ်အနေအထားက။

ငြမ်းမီဒီယာ– ရွေးကောက်ပွဲ နိုင်ငံရေးကို ရခိုင်ပြည်သူတွေ မယုံကြည်တော့ဘူးလို့ ဆိုလိုတာလား။

UKN – ရွေးကောက်ပွဲနိုင်ငံရေးကို ရခိုင်ပြည်သူတွေ မယုံကြည်တော့ဘူး ။အဲဒီစကားအမှန်ပဲ။အဲဒီစကားက ဒဲ့ စကားပဲ။ မယုံကြည်အောင် လည်းပဲ အဆက်ဆက် လုပ်ပြခဲ့တာကိုး။

တစ်ပြည်လုံး ပြောင်းလဲအောင်လုပ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူပဲကယ်တင်ရှင်လို့မြင်ပြီး တိုင်းရင်းသားတွေက မဲထည့်ကြတာ။ NLD သောင်ပြိုကမ်းပြိုနိုင်ခဲ့တာ။ဒါပေမယ့် …

ငြမ်းမီဒီယာ– NLD အစိုးရသက်တမ်းက နောင်အထွေထွေေ ရွးကောက်ပွဲတောင်စတော့မယ်ဆိုတော့ ဒီအစိုးရသက်တမ်းမှာ လုပ်ကိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။

UKN – နံပါတ်တစ်ဒေါ်စုပြောတဲ့ စကားကို အရင်စ ပြောမယ်။ ၅၉ (စ) က သူသမ္မတ လုပ်လို့မရဘူး။ အဲဒီမှာ ဒေါ်စုပြောတဲ့ စကားရှိတယ်။ကျမ သမ္မတမလုပ်ရရင် သမ္မတ အထက်မှာနေမယ်တဲ့။အဲဒီစကားက တရားဝင်ပြောသွားတာ။ဟ . . အဲဒီစကားက Constitution ကိုစော်ကားတာပဲ။ သမ္မတသည် နိုင်ငံတော်၏ အထွဋ်အထိပ်ပုဂ္ဂိုလ်။ အထွဋ်အထိပ်အထက်မှာ သူနေမယ် ဆိုတော့ အဲဒီမှာတင်စပြီးတော့ ဒေါ်စုက စကားပြောဖောင်းတာ။ နောက်ကွယ်က သူဘယ် လိုပဲလုပ်နေလုပ်နေပါ။ ဒီလိုစကားမျိုး မပြောရဘူး။ နောက် တိုင်းရင်းသားတွေနဲ့ ထိပ်တိုက်တိုးတယ်။ ဗိုလ်ချုပ်ကြေးရုပ်အဲဒီပြဿနာက တပြည်လုံးမွှေနေတာ။နောက် ချောင်းဆုံတံတား၊ ဗိုလ်ချုပ်တံတား။ ဒါလေးတွေပေါ့။ တိုင်းရင်းသားတွေအပေါ်မှာနည်းနည်းလေးတောင်မှ အလျှော့မပေးဘူး။ တိုင်းရင်းသားတွေက ဟိုတုန်းက စစ်အစိုးရအုပ်ချုပ်တာကို လူတွေကမလိုချင်တော့ဘူး။Change ဆိုတဲ့စကားလုံး။ အပြောင်းအလဲ။ ပြောင်းလဲချိန်တန်ပြီ။NLD ကိုမဲပေးရင်ပြောင်းလဲမယ်။ သောင်ပြိုကမ်းပြိုနိုင်မှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်မယ်။ ဖွဲ့နိုင်ရင် တစ်ပြည်လုံး ပြောင်းလဲအောင်လုပ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူပဲကယ်တင်ရှင်လို့မြင်ပြီး တိုင်းရင်းသားတွေက မဲထည့် ကြတာ။ NLD သောင်ပြိုကမ်းပြိုနိုင်ခဲ့တာ။ဒါပေမယ့်ထင်သလို ဖြစ်မလာဘူး။ ဖြစ်မလာဘူး ဆိုတာကလည်း ဒေါ်စုအနေနဲ့လည်း လုပ်ရကိုင်ရခက်တာတွေလည်း ရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ အစိုးရနှစ်ရပ် ရှိနေတာကိုး။ဒါက တော်တော် များများက မသိပေမယ့် ဥပဒေနားလည်တဲ့သူက သိပါတယ်။ Constitution အရရှိနေတာ တစ်ဖက်က ရှိနေတာ။ Constitutionပြင်မယ်။တစ်ခါတည်း ပြင်ချင်တယ်။ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်း အထက်ရမှဆိုတော့ ဒါတွေက ထိပ်တိုက်တိုးဖို့ဟာတွေ အများကြီး ရှိ တယ်။ ဘယ်လိုပြောမလဲဆိုတော့ ဒေါ်စုလည်း သူမနိုင်ဝန်ကို ထမ်းနေရတဲ့ပုံစံမျိုး။ဒေါ်စုလက်ထက်မှာ ဟုတ်တိ ပတ်တိ ဖြစ်ဖြစ် မြောက်မြောက်တိုးတက်လာတာ သိပ်မမြင်ဘူး။အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ကျန်တဲ့စီမံကိန်းတွေကို အနား သတ်ရင်း။ အချောသတ်ရင်း ဒီလောက်ပဲလို့ ကျနော်မြင် မိတယ်။

ငြမ်းမီဒီယာ– အကူးအပြောင်းကာလ၊အသွင်းပြောင်းကာလမှာ ကြည့်ရင် ဒီတိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုနဲ့ လိုအပ်ချက်တွေက နေရာတိုင်း လိုလိုမှာ အများကြီးရှိနေတော့ ဒီနိုင်ငံရဲ့အပြောင်းအလဲကို တိုင်းရင်းသားတွေအပါအဝင်ပေါ့ ပူးပေါင်းဖြေရှင်းမယ်ဆိုရင်ရော မရနိုင်ဘူးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKN – တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး တည် ဆောက်နိုင်ရင်တော့အကောင်းဆုံးပေါ့။ဒါပေမယ့်လည်း ဘယ်လိုလဲဆိုတော့ လွတ်လပ်ရေးစယူစဉ်ကတည်းက ပင်လုံစာချုပ်ရှိတယ်။ အတင်းစုစည်းရတာလေ။ ရှမ်းက ခွဲထွက်မယ်။ဘာညာဖြစ်ချိန်မှာ အတင်းစုစည်းရတာလေ။ကဲ …ပေါင်းတော့လုပ်ကြ။အဆင်မပြေဘူးဆိုရင် ဆယ်နှစ်မှာ ခွဲထွက် နိုင်တယ်ဆိုတာကို ပင်လုံ စာချုပ်မှာချုပ်ခဲ့တယ်။ ၄၇ Constitution မှာထည့်ရေးရတယ်။ ဆယ်နှစ်မှာခွဲထွက်နိုင် တယ်ဆိုတာပါတယ်လေ။ အာဏာသိမ်း လိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောတယ်လေ။ ဆယ်နှစ်အတွင်းမှာ မင်းတို့ တိုင်းရင်းသားတွေကို ညီအစ်ကိုလိုပဲ မင်းတို့စည်းရုံး။ မသင့်တင့်ဘူးဆိုရင် မင်းတို့လောက်တုံးတာမရှိဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာရှိတယ်။ဒါပေမယ့် ဖြစ်မလာဘူး။ ဖြစ်မလာ တော့ တိုင်းရင်းသားတွေက အဲဒီအခွင့်အရေးတောင်းတော့ ခွဲထွက်မယ်ဆိုတဲ့အသံမကြားချင်ဘူး။ မပြင်ချင်ဘူး။ Constitution မှာကို ခွဲထွက်ခွင့်ပေးထားတယ်။ပင်လုံစာချုပ်မှာ ပေးထားတယ်။ဒါပေမယ့် အဲဒါကို သူ့အဲဒီအခွင့်အရေးကို တောင်းတာကို မပေးနိုင် ဘူး။Constitution ကိုရပ်စဲလိုက်တယ်။ စစ်အာဏာသိမ်းလိုက်တယ်။ ပြီးပြီလေ။လမ်းဆုံးသွားတယ်။ ဒီလိုမျိုးပေါ့။ တိုင်းရင်းသားတွေ က မတရားအခွင့်အရေးတောင်းတာမဟုတ်ဘူး။

ငြမ်းမီဒီယာ – ကျနော်သိချင်တာ ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာ အလုံးစုံကို ဘက်ပေါင်းစုံ၊ အင်အားစု ပေါင်းစုံ၊တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်ရင် …

UKN – ဟာ…အဲလိုတိုင်းရင်းသားတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်အား ရှိတဲ့နိုင်ငံ၊ကမ္ဘာက လေးစားရတဲ့နိုင်ငံတစ်ခုဖြစ်မှာပဲ။ ဒါပေမယ့် စုစည်းဖို့၊ညီညွှတ်ဖို့ဆိုတာ မျှတဖို့လိုတယ်။ အဲဒီစိတ်ကို အရင်ဆုံးမွေးရမယ်။ မျှတမှုမရှိသမျှ ဘယ်လိုမှ စည်းလုံးမှုမရှိနိုင်ဘူး။ တိုင်းရင်းသားတွေနဲ့အကုန်လုံး စည်းလုံးရင်တော့ အင်မတန် ကောင်းတာ ပေါ့။ထင်းစည်းတစ်စည်းပေါ့။ တစ်စည်းတည်းဆိုတော့အားရှိတာပေါ့။တစ်ချောင်းချင်းဆိုရင် ချိုးဖို့လွယ်တာပေါ့။ဒါပေမယ့် အဲဒီလိုမျိုးကို ခေါင်းဆောင် လုပ် တဲ့လူကလုပ်ပြရမှာ။ တိုင်းပြည်မှာ လိုအပ်ချက်တွေများနေ တယ်။ဟုတ်ပြီ။လိုအပ်ချက်တွေ များနေတာမှာ ဘယ်ဟာက အရေးကြီးဆုံးလဲ။ဒီဘက်က အင်္ကျီကဟောင်းနေပြီ။ ဝတ်စရာမရှိတဲ့သူ ကို အရင်လုပ်ပေးရမယ်။ဒီလိုမျိုးသွားရမယ်။

ငြမ်းမီဒီယာ – လက်ရှိ NLD အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်ချက်တွေကရော မျှတလား၊ မမျှတဘူးလား။ ဘယ်လိုထင်လဲ။

UKN – ကြံ့ခိုင်ရေးထက်တောင်ဆိုးတယ်။

ငြမ်းမီဒီယာ – အဲဒီလိုမြင်တယ်ပေါ့။

UKN – ဟုတ်တယ်။အဲဒီလိုပဲမြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ အာဏာရှင်တအားဆန်လာတယ်။ NLD ထဲမှာကလည်း ကြံ့ခိုင်ရေး လို စနစ်တကျတည်ဆောက်ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ တစ်ယောက် တစ်ပေါက်နဲ့ ဖြစ်နေကြတာ။ဒါမျိုးတွေ တွေ့နေမြင်နေ တယ်ပေါ့ဗျာ။ တိုင်းပြည်တိုးတက်လား ကြည့်လိုက်လေ ကြံ့ခိုင်ရေး လုပ်ခဲ့တာ၊ NLD လုပ်ခဲ့တာ ဘာများ ပိုပြီး ထူးခြားမှုရှိလဲ။အခု ရန်ကုန်YBS လုပ်နေတယ်။ဟုတ်ပြီ တိုးတက်တယ်။လူတွေက ကားတွေ အဆင်မြင့်စီးနိုင် တယ်။ဒါပေမယ့်တစ်ဖက်မှာ ပိုက်ဆံ တွေက ပြဿနာ တက်နေတယ်။ နောက် လွှတ်တော် တွေမှာ ကျနော်တို့ ကိုယ်စားလှယ်တွေပြောတယ်။ JICA က ရှိတယ်။ သန်းပေါင်း ဘယ်လောက်။ဘယ်ကရှိတယ် သန်းဘယ်လောက်။ အဲဒီမှာ ကျနော်တို့တိုင်းရင်းသား ပြည်နယ်တွေ အတွက် ဘယ်လောက်ပါလဲ ဆိုတာ ဘာမှမပြောဘူး။ နိုင်ငံတကာချေးငွေတွေအားလုံးဟာ ဒီအလယ်ပိုင်းမှာ စုနေတာ။တိုင်းရင်းသားတွေ လွှတ်တော်မှာ မေးမယ်ဆိုတော့ အဲဒါကို မေးခွင့်မပြုဘူး။အဲဒီချေးငွေကိုဘယ်မှာ သုံးမှာလဲ။ကျနော်တို့ တိုင်းရင်းသားဒေသတွေကို ခွဲပေးဖို့ မသင့်ဘူးလား။ ဆပ်တော့ အကုန်ဆပ်ရမှာလေ။အဲဒီလိုမျိုး။

ငြမ်းမီဒီယာ – NLD က ကြံ့ခိုင်ရေးထက်တောင် ဆိုးတယ်ဆိုတာ ဘယ်လိုအချက်အလက်တွေကို ကြည့်ပြီးပြောတာလဲ။

UKN – နံပါတ် တစ်။နိုင်ငံတော်တည်ငြိမ်ရေး၊ရပ်ရွာ တွေ အေးချမ်းသာယာရေးကြည့်လိုက်လေ။ကိုယ့်ဘာသာ ကိုယ့်အိမ်မှာနေရင်း မလုံခြုံတဲ့ဘဝရောက်နေပြီ။နောက်တစ်ချက် စီးပွားရေး။ လူတွေချွတ်ခြုံကျနေကြပြီ။ နိုင်ငံရေး နိုင်ငံတကာမျက်နှာစာမှာ ဒီမှာတင်ပဲ ပြည်သူတွေနဲ့ နဘန်လုံးပြီးဖြစ်နေကြတာ။ ကျောင်းသားနဲ့ဖြစ်လိုက်။ ရုပ်တုကိစ္စ ဖြစ်လိုက်၊ ဟိုဖြစ်လိုက်။ဖြစ်နေကြတာတွေ။ ဒါတွေက ကြံ့ခိုင်ရေးလက်ထက်မှာ ဒီလောက် မဆိုးသေးဘူး။ လူတွေက ဘာထင်လဲ။ဒေါ်စုအစိုးရလာရင် နိုင်ငံတကာအကူအညီတွေက ဒေါ်စုကို ဝိုင်းပံ့ပိုးပေးလိမ့်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုံပြီးဝင်လာလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာလိမ့်မယ်။ ထင်ခဲ့ကြတယ်။ကျနော်တို့လည်းထင်ခဲ့တယ်။ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုကြီးကြီးဘာလာလဲ။ ဘာမှ မလာဘူး။ ဒါတွေကို နှိုင်းယှဉ်ကြည့်လိုက်တာ။

ငြမ်းမီဒီယာ – အိုင်စီဂျေ ကိစ္စကိုရော ဘယ်လိုမြင်လဲခင်ဗျ။

UKN – အဲဒါက တော်တော်သိမ်မွေ့တဲ့ကိစ္စပါ။ကျနော်တို့ နိုင်ငံကို သက်သက်ဒုက္ခပေးဖို့အတွက် အိုအိုင်စီတို့က ပေါင်းပြီးတော့ ဂွင်ဆင်တာ။ ဒီအိုင်စီဂျေအမှုဆိုတာ ဆယ်နှစ်ကြာရင်မယ်။ ဆယ့်နှစ်နှစ် ကြာရင်ကြာမယ်။ ဒါပေမယ့်လေးလ တစ်ခါ ၊ခြောက်လ တစ်ခါ အစီရင်ခံစာတင်နေရတော့မယ်။ ကျနော်တို့ ခြေချုပ်မိလိုက်ပြီ။ သူတို့ဆီမှာ အစီရင်ခံရပြီဆိုတော့ ကျနော်တို့မှာ ကိုယ်လုပ် တာ ကိုင်တာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို အစီရင်ခံနေရတော့ ကျနော်တို့ လွတ် လပ်မှာမဟုတ်တော့ဘူး။ တနည်း ပြောရရင် အချုပ်အခြာအာဏာကို ထိပါးခံလိုက်ရတာ။ ဒီဟာက ကျနော်တို့ အင်မတန်နစ်နာတယ်။ဒေါ်စုမှ မဟုတ်ဘူး။ နောက်လာတဲ့ အစိုးရ တိုင်း ဒီပြဿနာကိုဖြေရှင်း ရတော့မယ်။ မဖြေရှင်းလို့မရတော့ဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ တပ်မတော်အပေါ်ကိုရော ဘယ်လို မြင်လဲ။နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို ဘာပြောချင်လဲ။

UKN – ဒီ ၂၀၀၈ ဖွဲ့စည်းပုံက အင်ဒိုနီးရှား ဖွဲ့စည်းပုံ ကို မှီးပြီးဆွဲတာ။တပ်ကဘယ်လောက်ရာခိုင်နှုန်းဆိုတာ။ ဒါပေမယ့် ဒီမှာ ဆွဲပြီး ချိန်မှာ အင်ဒိုနီးရှားမှာက အဲဒါ ပြိုပျက်သွားပြီ။ အင်ဒိုမှာ တပ်က ဆုတ်လိုက်ပြီ။ဒီမှာက ဆုတ်ဖို့ကို လုံး၀ မပါဘူး။ ဆုတ်ဖို့ လည်း လက်မခံဘူး။ တပ်ကလည်း ဒီမှာ အာဏာမသိမ်းပဲ အာဏာရနေတာ အများကြီးရှိနေတယ်။ ဒီလိုဆိုတော့ ဒီဖွဲ့စည်းပုံ အခြခံဥပေဒကို တပ်ကလည်းကြိုက် တယ်။ ဥပမာဗျာ… အစိုးရလုပ်ချင်တာ တပ်ကမပါရင် လုပ်လို့မရတာတွေ အများကြီး ရှိတယ်။ နှစ်ဆယ့်ငါး ရာခိုင်နှုန်းဗျာ။ပြီးခဲ့တဲ့ ကာလက NLD သောင်ပြိုကမ်းပြိုနိုင်သွားလို့။မနိုင်ရင် တပ်က ကြိုက်တဲ့အဖွဲ့အစည်းပဲ အစိုးရဖြစ်မှာ။ အခု လာမယ့်အခင်းအကျင်းကို သူတို့အဲလိုပဲ ဆက်ကစားမှာ။ဒါကြောင့်သူတို့ ဒါကိုမဖြုတ်နိုင်တာ။

ငြမ်းမီဒီယာ – အဲဒီတော့ ဦးခင်နုတို့လိုချင်တဲ့ မျှတမှု၊ဒီနိုင်ငံမှာ မျှတတဲ့လူ့ဘောင်၊လူ့အဖွဲ့စည်းကို ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပေးထားချက်တွေနဲ့ဆို ဖြစ်လာနိုင်ပါ့မလား။

UKN – ဒီ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်က သုံးစားလို့ကိုမရဘူး။ ပြောရ မယ် ဆိုရင် ဗဟိုစစ်အာဏာရှင်စနစ်နဲ့ ဗဟိုအာဏာရှင်စနစ် နှစ်ခုကို ပေါင်းစပ်ထားတာ။ စစ်အာဏာရှင်လည်းပါတယ်။ ဗဟိုအာဏာရှင်လည်း ပါတယ်။ဒီဖွဲ့စည်းပုံ အစိမ်းစာအုပ်က အသစ်ကိုရေးဆွဲရမှာ။ပြင်ဖို့ဆိုလည်း အကုန်လုံးပြင်ရမှာ။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်လဲ။

UKN – ကျနော်တို့ပြည်ထောင်စုကြီးထဲက ရခိုင်လည်း ခွဲမထွက် စေချင်ဘူး။ရှမ်းလည်း ခွဲမထွက် စေချင်ဘူး။ ကချင်လည်း ခွဲမထွက် စေချင်ဘူး။ အားလုံးညီအစ်ကိုမောင်နှမ။အားလုံ အတူတူ၊အေးအတူပူအမျှ နေရင် အကောင်းဆုံးပေါ့။ နေလည်း နေချင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို အေးအတူပူအမျှနေနိုင်ဖို့ ဆိုတာကလည်း ဦးဆောင်ဦးရွက်ပြုနိုင် တဲ့ ပုဂ္ဂိုလ်တွေက တိုင်းရင်းသားတွေ၊ ညီအစ်ကိုတွေ ၊ပြည် သူတွေအပေါ်မှာ ယုံကြည်မှုပေးရမယ်။ ယုံကြည်အောင်လုပ်ပြရမယ်။ အဲဒီလို အနေအထား မျိုးရှိမယ်။ ကျနော်တို့နိုင်ငံက အင်မတန်ကံကောင်းတဲ့ နိုင်ငံပါ.မြေပေါ်မြေအောက်၊ရေပေါ်ရေအောက် သံယံဇာတ တော်တော်လေး ကို အခြေအနေကောင်းတဲ့နိုင်ငံ။ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံးနေမယ်ဆိုရင် တစ်နေ့တစ်နေ့ တိုင်းရင်း သား အချင်းချင်း ကိုယ့်အချင်းချင်း ဖြစ်နေကြတာ နှစ်(၇၀) ပြည်တွင်းစစ်။တစ်နှစ် တစ်နှစ်ကို စစ်စရိတ် ဘယ်လောက် ကုန်မလဲ။အခု ရခိုင်မှာဖြစ်နေတယ်။ ဗုံးတွေကြဲတယ်။ဗုံးတစ်လုံး က အနည်းဆုံး သိန်း ရှစ်ဆယ် လောက် ရှိတယ်။ တစ်နေ့ တစ်နေ့ကို စစ်စရိတ်တွေ ဘယ်လောက် ကုန်လိမ့် မလဲ။ ဒါတွေ အေးချမ်း သွားမယ်ဆိုရင် ကျနော်တို့နိုင်ငံ တိုးတက်မှာ။ ဒါပေမယ့် အဲလို ကိစ္စတွေက မမျှမတမှုတွေကြောင့် ဖြစ်တာ။ မျှမျှတတ နဲ့တကယ့်ကို ခွင့်တူညီမျှ ဝါဒဖြူစင်စွာဖြင့် အုပ်ချုပ်ကြမယ်ဆိုရင် ဘယ်အစိုးရတက်တက်။ ကျနော် တို့ကို အင်္ဂလိပ်အစိုးရအုပ်ချုပ်တယ်။အဲဒီခေတ်ကို ခေတ်ကောင်းခဲ့တဲ့အခါ လို့ လူကြီးတွေက ပြောတယ်။ ဘာကြောင့်လဲ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန်လေးနေခဲ့ရတယ်။ကိုယ့်အိမ်မှာ လုံလုံခြုံခြုံ။ တံခါးဖွင့် အိပ်လည်း ဘာမှမဖြစ်ဘူး။အဲလိုနေခဲ့ရတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ အဲဒီခေတ်က လူဦးရေ နည်းတာ၊နောက်တစ်ခု က အုပ်ချုပ်သူအပေါ်မှာ အရှင်သခင်ဆိုပြီး အကြောက်တရားကြီးတဲ့ ကာလမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ပြန်ကြည်တဲ့ အခါကျ တော့ မဆလ ခေတ် ။ခေတ်ကောင်းတယ်။ ကျနော် မဆလခေတ်မှာ ဝန်ထမ်း လုပ်ခဲ့တာ။လစာ နှစ်ရာ့သုံးဆယ်ရတယ် ။ကောင်းကောင်း သုံးလို့ရတယ်။ ကျနော်တို့ပြောမယ်ဆိုရင် မဆလ ခေတ် ဟာ ခေတ်ကောင်းတယ်လို့ ပြန်ပြောရတော့မယ်။ ဒေါ်စုခေတ်။ ဦးသိန်းစိန်ခေတ် ကောင်းတယ် ပြောရတော့မယ်။ ကောင်းအောင် လုပ်ဖို့ မလွယ်ဘူးဆိုတာက မြန် မာတွေဟာ ပေါင်းစပ်လုပ်လို့မရဘူး။ တစ်ယောက်ချင်း၊တစ် ကိုယ်ချင်းမှာ အရည်အချင်းရှိကြတယ်။ တော်ကြတယ်။ ပေါင်းစပ်ပြီး လုပ်လို့ မရဘူး။ အတ္တကို ဗဟိုပြုတာ များလွန်းတယ်။အတ္တကို ဗဟိုပြုတာများရင်တော့ အဆင်မပြေဘူး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ပါတီနိုင်ငံရေးလမ်းကြောင်းသွားလို့ ဘယ်လောက်နိုင်နိုင် ဘာရုပ်ပေါ်မှာလဲ အမြင်မျိုး မြင်သွားတယ်

ဒေါက်တာအေးမောင်ရဲ့ လူသိများကျော်ကြားမှုကို ဂျေ(Jealous)ဝင်တယ်ထင်တယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,