ကွဲပြားခြားနားမှုကို ခုတုံးလုပ်တဲ့ နိုင်ငံရေးကလည်း ဒါတွေနဲ့ ဆွတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ ဦးမြအေး

လက်နက်ကိုင် တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ ပါတီတစ်ခုပဲဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ် စုန်းပြူးတွေက ပါတတ်တယ် …

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊တိုင်းရင်းသားလူမျိုးစု များအတွင်းရှိ လူမျိုးစုငယ်များ၏ အခြေအနေများ၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နေမှု အခြေအနေ၊ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာ့နိုင်ငံရေး အခင်း အကျင်းနှင့် ပတ်သက်၍ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင် တည်ထောင်သူ ဦးမြအေး ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ခဲ့သည်။

ငြမ်းမီဒီယာ– တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေမှာ တာဝန် ယူထား တဲ့ ခေါင်းဆောင်တွေက တော်လှန်ရေး သဘော၊ တော်လှန်ရေးမျိုးဆက်ဆိုတော့ အင်အားကြီးရင်နိုင်မယ်ဆိုတဲ့ အတွေးမျိုးပေါ့။ အင်အားအပေါ် တည်ဆောက် ထားတာမျိုးနဲ့ဆို လူမျိုးစုငယ်တွေရဲ့ ဖိနှပ်ခံရမှု၊ ခွဲခြားခံရမှုက Burmanization မရှိတော့ဘူးဆိုရင်တောင်မှ အဆင်ပြေပါ့မလား။

UMA – အဲဒါတော့ မဟုတ်ဘူးဗျ။ ဆိုလိုတာက ကျနော်တို့လည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တော်တော်များများနဲ့ လည်း တွေ့ဖူးတာပဲ။ အားလုံးတော့ မဟုတ်ဘူးဗျ။ ကျနော့်အမြင် ပြော ရရင် ကျနော် ထောင်က လွတ်ခါစပေါ့။ ၂၀၁၂ ဝန်းကျင်ပေါ့။ အဲဒီအချိန်က တော့ လူမျိုးစုကြီးတွေနဲ့ လူမျိုးစုငယ်တွေကြား ပဋိပက္ခ က အဲဒီလောက် မဟုတ်ဘူး။ အခုပိုများလာတယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ တိုင်းမှာ က သူတို့ဟာ အမြဲတမ်းပဲ ဗိုလ်ကျမယ် ဆိုတဲ့ဟာမျိုးက တကယ်တမ်း ကျတော့ တိုင်းရင်းသား ပြည်သူ လူထုက လက်မခံပါဘူး။ တချို့က Democratic Value ကို ရှေ့တန်းတင်ထားဆဲဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်နယ်အသစ်တွေ တောင်းတာလည်း ပထဝီ အခြေခံနဲ့ တောင်းနေတာ မဟုတ်ဘူး နော်။ လူမျိုးအခြေခံနဲ့ တောင်းနေတာ။ ဆိုတော့ အဲဒီအခြေအနေတွေက တစ်စုံတစ်ရာ …

အဲဒါကို မပျောက် အောင် အားကောင်းအောင် လုပ်ပေးရမှာ။ မဟုတ်ရင် တော့ ကျနော်တို့ က စစ်ဘုရင်ကြီးစိုးရေးဝါဒကို တည်သလို ဖြစ်သွားမှာပေါ့ဗျာ။ အဲဒီလိုတော့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေမှာ မရှိဘူးဗျ။ ကျနော်ပြောတဲ့ Burmanization ဆိုတဲ့ ဟာ က ဗမာပြည်သူတွေ ကျင့်သုံးနေတဲ့ ဟာ မဟုတ်ဘူး။ စနစ်က လုပ်ထားတာ။ ပွင့်ပွင့်လင်းပြောရရင် ဗမာပြည်သူတွေ၊ ဗမာတိုင်းရင်းသားတွေ စိတ်ထဲမှာ အဲဒီလို စိတ်လည်း မရှိဘူး။ သို့သော် စနစ်က ဒီဟာကြီးကို ဖန်တီးထားတဲ့ အခါကျတော့ သူတို့ကိုယ်တိုင်မျက်စိမှိတ်ပြီး မသိဘဲနဲ့ ဒီဟာကြီးကို ကျင့်သုံးမိ တာမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဒါပေမယ့် စနစ်ကတော့ အမှန်တကယ် ကျင့်သုံး နေတာပဲ။ ဒါကြီးကို ခုခံ ဖို့အတွက် တိုသူ့ရဲ့ Identity ကို မြှင့်တင်ရတာ။ မြှင့်တင်တဲ့အခါမှာ ဘေးထွက် ဆိုးကျိုးက ကျန်တဲ့ ဘေးက အငယ်တွေကို ပြန်ထိပြန် တယ်။ မြင်မယ်လို့ထင်ပါတယ်။ ထိပြန်တဲ့အခါ ကျန်တဲ့ အငယ်တွေ က လည်း သူတို့ Identity ကို ပြန်ဆုပ်ကိုင်ရတာပေါ့။အဲဒီတော့ Identity အကြီး၊အလတ်၊အငယ် ပေါက်စနဆိုပြီး အဲဒီလို ဖြစ်လာ ရော။ အမှန်တကယ်က Human Being ဆိုတဲ့ အခြေခံနဲ့ သွားနိုင်အောင်ကျနော်တို့က ကြိုးစားရမယ်။ ဒီအတွက် Democratic Value က သိပ်အရေးကြီးတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ပြည်နယ်တွေ လုံး၀ လွတ်လပ်ခွင့် ကျနော်တို့ပေး ရမယ်။ ပြည်ထောင်စု မကွဲအောင် ဖက်ဒရယ်ပြည်ထောင်စု ပေါ့ဗျာ။ လွတ်လွတ် လပ်လပ် လုပ်ကိုင်နိုင်အောင် ပေးရမယ်။ Democratic Value ကိုလည်း ထည့်ပေး ရမယ်။ မဟုတ်ရင် လက်နက် ကိုင်ထား တဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ကပဲ ဒီပြည်နယ်မှာ အမြဲတမ်း အုပ်စိုးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်သူလူထု ရွေးချယ် ရင် လက်နက်ကိုင်ထားထား ၊မထားထား ဘာမှ မဖြစ်ဘူးလေ။ Democratic Value ပီပီပြင်ပြင် ကျင့်သုံးနိုင် လာပြီ ဆိုရင် ခုနက ပြောတဲ့ Tempo တွေက တဖြည်းဖြည်း လျှော့သွားမှာပဲ။ အဲဒီအတွက် ပြည်မက အရာရာ အုပ်စီးထားတယ်ဆိုတဲ့ အရာကိုတော့ လျှော့မှ ရလိမ့်မယ်။ ယဉ်ကျေးမှု အရ၊စီးပွားရေး အရ၊နိုင်ငံရေးအရ၊ လူမှုရေးအရ ၊ပညာရေးအရ၊ သံယံဇာတ ခွဲဝေရေး အစုံပေါ့ဗျာ။ သိပ်အရေးကြီး တယ်။

ငြမ်းမီဒီယာ – နိုင်ငံသားအခွင့်အရေးကို ဒီနိုင်ငံသားတွေ အကုန်လုံး ကို တန်းတူရည်တူပေးထားရင် ဒီလို Identity ကို ဆွဲကိုင်ပြီး ဖြစ်ပေါ် လာတဲ့ ပြဿနာတွေကို လျှော့ချနိုင်မလား။ အခု ငြိမ်းချမ်းရေးလို ကိစ္စမျိုးက ဒီလို နိုင်ငံသားအခွင့်အရေးအပြည့်အဝမရလို့ တန်းတူ ရည်တူ မရလို့ ဖြစ်ပေါ်လာတာမျိုးထင်တယ်။ အစိုးရ အဆက်ဆက် က လည်းဒီအခြေအနေကို ဖန်တီးမပေးဘူး။ နိုင်ငံသား အခွင့်အရေး မှာ ဦးမြအေးပြောတဲ့ Democratic Value ထဲမှာတော့ ပါလိမ့်မယ်။

UMA – ဒါက Democratic Value ပဲလေ။ ဒါပေမယ့် ကျနော်တို့ ဒီဟာကို သွားတဲ့ အခါမှာ လက်တွေ့နိုင်ငံရေး ကို ပစ်ပယ်လို့မရဘူး။ ဆိုလိုချင်တာ အမေရိက ဆို ရှင်းတယ်။သူက စီတီဇင် အပေါ်မှာ သွားတယ်။ ဖက်ဒရယ် ဆိုတာလည်း ပထဝီအပေါ်မှာ သွားတယ်။ ဒါပေမယ့် အမေရိကဖြစ်တည်လာပုံက ကျနော်တို့နိုင်ငံ ဖြစ်တည် လာမှုနဲ့ မတူဘူး။ ကျနော်တို့နိုင်ငံမှာ ရှိပြီးသားပြည်နယ်တွေ အားလုံးက လူမျိုးအပေါ်မှာ သွားတာကိုး။ ကချင်၊ရှမ်း အစရှိသဖြင့် ပေါ့ဗျာ။ တိုင်းတွေက ပထဝီ အပေါ်မှာ သွားထားတာ။

လက်တွေ့နိုင်ငံရေးက ဒါတွေကို ပစ်ပယ်ပြီး သွားလို့မရဘူး။ ဆိုလိုတာက ကချင်ဆိုလည်း ကချင်နဲ့ပတ်သက်တဲ့ Value နဲ့ ဖက်ဒရယ်လိုချင်တဲ့ ပုံစံကို …

ကျနော်တို့ရဲ့ လက်တွေ့နိုင်ငံရေး အခြေအနေက အဲလိုဖြစ်နေတာ။ နောက်တစ်ခု က ပင်လုံကို ပြန်ကြည့်ရမှာ။ ပင်လုံသည် မိန်းဗျ သိလား။ မြန်မာနိုင်ငံ ရဲ့ အနာဂတ်ကို စဉ်းစားမယ်ဆိုရင် ပင်လုံတို့၊ လွတ်လပ်ရေးကြေညာစာတမ်းတို့ ဖယ်ပြီး ကျနော်တို့ သွားလို့ မရဘူး။ သမိုင်းမှာထားခဲ့လိုက်ဆိုပြီး လုပ်လို့ မရဘူး။ လွတ်လပ်ရေး ယူစဉ်ကာလ၊ အင်္ဂလိပ် မအုပ်ချုပ် ခင် ကာလ ၊အင်္ဂလိပ် အုပ်ချုပ်တဲ့ ကိုလိုနီခေတ်။ဘာကြောင့် လွတ်လပ်ရေးမှာ ပင်လုံချုပ်ရသလဲ။ ပင်လုံမှာဆို ရှင်းတယ်။ Burma Proper ဒါက ရှင်းတယ်။ Federated Shan ။ ရှမ်းတောင်မှ Federated Shan နော်။ ပင်လုံမှာပါတဲ့ ဟာပြန်ကြည့်။ ရှမ်းပြည်ကိုယ်စားပြု ပြောတဲ့အခါမှာ ဓနုတွေ၊ပအိုဝ်း တွေပါ ပါခဲ့တယ်။ နောက်တစ်ခုက Chin Hill ။ နောက်တစ်ခုက Kachin Hill အစရှိသဖြင့် ပေါ့။ဒါတွေ သွားကြတယ်။ အဲဒီအချိန်မှာ ကရင်နီတွေက သီးခြား ပုံစံမျိုးရှိတယ်။ အခုကယားပေါ့။ ဒီဟာတွေကို ကြည့်ရင် ဒါတွေနဲ့ အခြေခံ သွားထား တာ။ အခုရှိနေတဲ့ ပုံစံကလည်း လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ ဖြစ်နေတယ်။ ဒါလက်တွေ့ နိုင်ငံရေး။ အဲဒါတွေ ကို ချက်ခြင်းကြီး ထယ်ထိုးသလို ထိုးလိုက်လို့မရဘူး။ အဲဒီအပေါ်မူတည်ပြီး ပင်လုံ သဘောတူညီချက်တွေ မဖော်ဆောင်နိုင်တဲ့ အခါမှာ ကျနော်တို့နိုင်ငံ ပြည်တွင်းစစ်က ဆက်လာတယ်။ ဖက်ဒရယ် နဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေဖြစ်တယ်။ အာဏာသိမ်း တယ်။တိုတိုပြောရရင် ပြည်တွင်းစစ်၊နိုင်ငံရဲ့ သမိုင်းကြောင်း။ အမှန်တော့ ကောင်းတာ ကတော့ဗျာ Citizen Rights ဒီမိုကရက်တစ် အခွင့်အရေးတွေ အပြည့်အဝရရင် တော့ ဒီဟာတွေ ပျောက်သွားမှာပေါ့။ ဒါပေမယ့် အဲလို သွားဖို့အတွက် ကို Democratic Value တွေ ရှင်သန်နိုင်ဖို့ လက်တွေ့နိုင်ငံရေးက ဒါတွေကို ပစ်ပယ်ပြီး သွားလို့မရဘူး။ ဆိုလိုတာက ကချင်ဆိုလည်း ကချင်နဲ့ပတ်သက်တဲ့ Value နဲ့ ဖက်ဒရယ်လိုချင်တဲ့ ပုံစံကို အပြည့်အ၀ ဖော်ဆောင်ပေးရမယ်။ ရှမ်းဆို ပိုရှုပ်တယ်လို့ ကျနော်မြင်တယ်။ဒါပေမယ့် ပေးရမှာပဲ။ ရှမ်းဆိုလည်း Federated Shan ကိုဘယ်လိုထားခဲ့လဲ။ စော်ဘွား (၉) ယောက်၊စော်ဘွား (၁၈) ယောက် အစရှိသဖြင့် ပေါ့။ ကျနော်တို့ ပြန်ကြည့်ရမယ်။ ချင်း။ ချင်း ကတော့ နည်းနည်းရှင်းမယ်။ဒါတောင် ချင်းက လူမျိုး ငါးဆယ်ကျော်ရှိတာ။ မတူညီတာ။ ဒါပေမယ့် ရှုပ်ထွေးမှု နည်းတယ်။ ရခိုင်။ ပြန်ကြည့်ရမယ်။ဒါကိုတော့ ပေးရလိမ့်မယ်။ အဆင့်တစ်ဆင့် က လူမျိုး အခြေခံနဲ့ ပြည်နယ် တွေနဲ့ ရှိမယ်။ ပထဝီ အခြေခံနဲ့ တိုင်းတွေကလည်း ပြည်နယ် အသွင်ပြောင်းရင် ပြောင်းပေါ့။ ပြည်နယ် အသစ်တွေ လည်း ထပ်ရှိမယ်။အခု ပြည်နယ်အသစ်တွေ တောင်းတာလည်း ပထဝီ အခြေခံနဲ့ တောင်းနေတာ မဟုတ်ဘူး နော်။ လူမျိုးအခြေခံနဲ့ တောင်းနေတာ။ ဆိုတော့ အဲဒီအခြေအနေတွေက တစ်စုံတစ်ရာ သွားရ လိမ့်မယ်။ သို့သော် Democratic Value ထည့်ဖို့လိုတာ။ Democratic Value တော့ထည့်ရမယ်။ ဘာဖြစ် လို့လဲဆိုတော့ ရွေးကောက်ပွဲတွေ ရှင်သန်ရမယ်။ လူ့အခွင့်အရေး တွေ ရှင်သန်ရမယ်။ Power Sharing တွေ ရှိနေရမယ်။ လူမျိုးစုကြီးက လူမျိုးစုငယ်ကိုမဖိနဲ့။ဒီမိုကရေစီရဲ့ အနှစ်သာရက လူအများစုရဲ့ သဘောထား ကို လက်ခံအတည်ပြုလိုက်နာရမှာ ဖြစ်သလို လူနည်းစု ရဲ့သဘောထားကို လေးစားရမယ်။ပစ်ပယ်လို့မှ မရတာ။ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးရင်တော့ ခင်ဗျားပြောတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ သီအိုရီ အရတော့ ဟုတ်တယ်။ အားလုံး ပထဝီ ကို အခြေခံလိုက်။ Citizen Rights ကိုအခြေခံလိုက်ပြီးတာပဲ။ လက်တွေ့ နိုင်ငံရေး အရ ဒီအဆင့်ကို သွားဖို့အတွက် စောစောကပြောတဲ့အဆင့်ကို ကျော်ဖြတ်မှရမှာ။

ငြမ်းမီဒီယာ– လက်တွေ့နိုင်ငံရေးမှာတော့ တစ်ဖက်က မြင်တာတွေ မှာ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ခံစားမှု အရတော့ တိုင်းရင်းသား တွေ က ဗမာနိုက်ဇေးရှင်း လုပ်တဲ့အပေါ်မှာ မခံမရပ်နိုင်ဖြစ်တယ်။ တချို့ဖြစ်ရပ် တွေမှာ အင်အားကြီးတဲ့ လူမျိုးစု တိုင်းရင်းသားတွေက လူနည်းစုတိုင်းရင်းသားတွေအပေါ်မှာ ပြန်ပြီး ဖိနှိပ်တယ်။ ခွဲခြားတယ်။ဒါကရော တရားမျှတမှု ရှိပါ့မလား။ တရားမျှတမှုကို လိုချင်တဲ့ လူတစ်ယောက်က တရားမျှတမှုကို ကျင့်ကြံဖို့လိုတယ်မဟုတ်လား။အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပေး ပါဦး။

UMA – အဲဒါအမှန်ပဲလေ။ ကျနော်တို့က အဲဒါမျိုးကိုမှ မဖြစ်စေချင် တာ။ ဆိုလိုတာက အကြီးက သူ့ထက် နည်းနည်းငယ်တဲ့ သူကို ဖိ။ ငယ်တဲ့ သူက သူ့ထက် ထပ်ငယ် တဲ့သူကို ဖိ။ ဘယ်လိုလုပ် ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းမှာလဲ။ အဲဒါကြောင့် စောစောကပြော တယ်။ လူဦးရေ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ရှိတဲ့ ဗမာ တိုင်းရင်းသားတွေ က အမှန်တကယ်ပြောရင် ဘာမှ မသိဘူး။ ကျနော် စစ်ကိုင်းတိုင်းဘက် ဗမာတွေ အများစုနေတဲ့ နေရာ ရောက်ခဲ့တယ်။ သူတို့ ဖက်ဒရယ် လည်းမသိဘူး။ဒီမိုကရေစီလည်း အများပြောလို့ လိုက်ပြောတာ။ သူတို့ လယ်မြေသိမ်းခံရတာ၊ ငြိမ်းချမ်းရေးလို့ ပြောရင် သူတို့ အသိမ်းခံရတဲ့ လယ်မြေတွေ ပြန်ရချင်တယ်။ဒါက ဒီဘက် မှာ။ ပြည်တွင်းစစ်၊ တိုင်းရင်းသားအရေး ဘာမှ စိတ်မဝင်စားဘူး။ သူတို့ အေးအေး ဆေးဆေး ပဲနေကြတာ။ သူတို့မှာ တိုင်းရင်းသား တွေ ကို သွားဖိနှိပ်လိုက်မယ်ဆိုတဲ့ စိတ်လည်း ရှိလည်းမရှိဘူး။ ဒါ ပြည်သူလူထုရဲ့ အခြေအနေ။ ဒါပေမယ့် စနစ်က ကျတော့ အဲဒါမဟုတ်ဘူး။ ကျနော်ထင်တယ်။ ဒါကလည်း ၄၉ ပြည်တွင်းစစ်ရဲ့ ဂယက်လို့ ကျနော်ထင်တယ်။ ၄၉ ပြည်တွင်းစစ်မှာ ဗိုလ်ချုပ်စမစ်ဒွန်းတို့ဘာတို့လည်း အကုန်လုံး နားပစ်တာကိုး။ ဒီဂယက်လို့ကျနော်ထင်တယ်။ တပ်မတော်ပိုင်း မှာဆို ထိပ်ပိုင်း ခေါင်းဆောင်တွေ နေရာကို တိုင်းရင်းသားရောက်ဖို့ မလွယ်တော့ဘူး။ ဘာသာခြားဆို လုံးဝကိုမရှိဘူး။ လုံးဝမလွယ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကွဲပြားခြားနားမှု အပေါ်မူတည်ပြီးတော့ ရန်ဘက်ပဋိပက္ခ အသွင် ဆောင်လာတာ။ ကွဲပြားခြားနားမှုသည် အားအဖြစ် ကျနော်တို့က အမှန်တကယ် က ယူရမှာလေ …

အဲဒါမျိုးတွေ ဖြစ်လာတယ်။အဲဒါတွေက ဗမာနိုက်ဇေးရှင်း အားကောင်းဖို့ တွန်းပို့သလိုဖြစ်တာကိုး။ ဥပမာအားဖြင့် အခြေခံပညာ အခွင့်အရေးမှာ ခင်ဗျားအခု ဗမာစာ သင်တယ်။ မှန်ပါတယ်။တစ်နိုင်ငံလုံးပြောတယ်။ ကျနော်တို့ မိခင်ဘာသာ စကားပဲ။ သို့သော် တိုင်းရင်းသား ဒေသမှာ ဗမာစာ လုံးဝမတတ်တဲ့ တိုင်းရင်းသားတွေအများကြီး ကျန်သေးတယ်။ ဆိုတော့ ကလေး ကျောင်းထားမယ် ဆိုရင် တောင်မှ သူငယ်တန်းစတက်ရတာနဲ့ ဗမာလို စသင်ပြီဆိုတာနဲ့ သူဘယ်လိုလုပ် သွားလိုက်နိုင်မလဲ။ တိုင်းရင်းသားဘာသာ စကား သင်ကြားမှုတွေ ကအစ ကုန်လုံးကို ထယ်ထိုးပစ်ချတာကိုး။ ဒါ တကယ်ရှိခဲ့တာလေ။ ပြည်ထောင်စုနေ့ ရောက်တော့မှ တိုင်းရင်းသား တွေ ခေါ်၊အဝတ်အစားတွေ ဝတ်၊ ဓာတ်ပုံရိုက်၊ ဗီဒီယို ရိုက်ပြီး မြန်မာ့အသံက လွှင့်တာလောက်နဲ့ တိုင်းရင်းသား အခွင့်အရေး လို့ ဘယ်လို လုပ်ပြောလို့ရမလဲ။ ဒါကြီး ကအကြီးကြီး။ ဒီဟာက ရှိတဲ့အခါကျတော့ ကချင်၊ရှမ်း၊ ရခိုင်၊မွန် တို့က ဒီဟာကို ခုခံရတာ။ ခုခံမှုအတွက် သူ့ Identity ကို မပျောက်အောင် ထိန်းရတာလေ။ ထိန်းတော့ သူ့ရဲ့ narrow angel ထဲမှာ သူ့ရဲ့ Identity သူကိုင်လိုက်ရတာ။ သူ့ Identity က ဆွပြီး တက်လာတာ။ ဒါတွေ အကုန်လုံးက Nationalist ပဲနော်။ဆိုတော့ သူ့ထဲမှာနေတဲ့ အငယ်တွေကို သွားပြီး ဖိနှိပ်သလိုပြန်ဖြစ်ရော။ အဲဒီတော့ ဟိုအငယ်တွေကလည်း ဒါကို ပြန်ကိုင်တယ်။ ကိုင်တော့ Identity တွေ အပြိုင်းအရိုင်းတက်လာတာ။ ဒါကြီး ကို ဘယ်လိုမှ ကျနော်တို့က ဆက်ထားလို့မရအောင်။ အဲဒီတော့ ကျနော်တို့ က ဖြည် ရတော့ မှာ။ နိုင်ငံရေးအရဆိုရင် ဖက်ဒရယ်ကို ဖြည်ဆိုတာ ဒါကြောင့်ပြောတာ။ ဖက်ဒရယ်အနေနဲ့ သွားရင် စောစောက ပြောတဲ့ ဗမာနိုက် ဇေးရှင်းဆိုတဲ့ အယူအဆတွေလည်း လျှော့ကျ သွား လိမ့်မယ်။ ဒါပေမယ့် Democratic Value ထည့်ရမယ်။ ဥပမာအားဖြင့် ဆိုပါတော့ဗျာ ရခိုင်မှာဗျာ ရခိုင်ပြည်သူတွေက ရွေးချယ်ရင် ရခိုင်လည်း ဝန်ကြီးချုပ် ဖြစ်ခွင့်ရှိသလို မြိုတို့၊သက်တို့၊ မရမာကြီးတို့ လည်း ဝန်ကြီးချုပ်ဖြစ်ခွင့်ရှိတာပဲ။ ဆိုလိုတာက ရခိုင်လူထု ရွေးချယ်မှာလေ။ ဒီ Value တွေ ကျနော်တို့ ထည့်ပေး မယ်ဆိုရင် စောစောက ပြေတဲ့ Citizen Rights ရှင်သန်မှုတွေ အားကောင်းလာမယ်ဆိုရင် တစ်ချိန်မှာတော့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် စစ်စစ် နိုင်ငံကြီးဖြစ်သွားမှာပေါ့။ နေ့ချင်းညချင်းတော့ မလွယ်ပါဘူး။တော်တော်တော့ ခက်ပါတယ်။

ငြမ်းမီဒီယာ– အရင်ကဆို တိုင်းရင်းသား လက်နက်ကိုင်နဲ့ တပ်နဲ့ဖြစ်တဲ့ ပြဿနာလောက် ကိုပဲ ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ အခုက တော့ မီဒီယာ ပုံသဏ္ဍန်အပြောင်း အလဲတွေ၊ပွင့်လင်းလာမှုတွေအရ လည်း ပါမယ် ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် နဲ့ တပ် နဲ့ အပြင် တိုင်းရင်းသား လူမျိုးစု တစ်ခုနဲ့ လူမျိုးစုငယ် တစ်ခုကြားမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ပါ တွေ့လာရ ပါတယ်။ ဦးမြအေး ပြောသလိုဆိုရင် Nationalist ပေါ့။Identity တွေ ဆွဲကိုင်ပြီးတော့ တက်လာတာတွေ့ ရတယ်။ ဒီအခြေအနေတွေ ကရော ဘာတွေ သက်ရောက်မှုရှိလာ မလဲ။

UMA – အဲဒါက ရေရှည်မှာ မကောင်းနိုင်ဘူး။

ငြမ်းမီဒီယာ – ဘာကြောင့်လဲ ခင်ဗျ။

UMA – မကောင်းနိုင်ဘူးဆိုတာ ဒါကရှင်းတယ်။ခင်ဗျားနဲ့ ကျနော်နဲ့ ကြားမှာ ကွဲပြားမှု ဖြစ်သွားပြီလေ။ ဆိုပါစို့ ကျနော်က တခြား လူမျိုး တစ်ခု၊ ခင်ဗျားက တခြား လူမျိုးတစ်ခု ကျနော်နဲ့ ခင်ဗျားနဲ့ ကြားမှာ ကြည့်တာအစ၊ ပြောတာအစ၊ဆိုတာအဆုံး ဒီ Identity တောက်လျောက် ကပ်ပါလာတော့ ခင်ဗျားနဲ့ကျနော် ဘယ်လိုလုပ် တစ်သားတည်းဖြစ်နိုင်မလဲ။ အပြန်အလှန်လေးစားမှုတွေ ပျောက်ကုန်ပြီလေ။ ပျောက်ကုန်တော့ ရန်သူလိုပဲ မြင်လာမယ်လေ။ ကွဲပြားခြားနားမှုကို ခုတုံးလုပ်တဲ့ နိုင်ငံရေးကလည်း ဒါတွေနဲ့ ဆွတာကိုး။ ကွဲပြားခြားနားမှု ဆိုတာ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ရှိတယ်။ လူမျိုးတူရင် ဘာသာ ကွဲတာတွေလည်း ရှိတယ်။ ဘာသာတူရင် လူမျိုးကွဲတာတွေလည်း ရှိတယ်။ လူမျိုးလည်းတူ၊ ဘာသာလည်းတူ အယူအဆမတူတာတွေလည်း ရှိတယ်။ ဒါ လူ့အဖွဲ့အစည်းရဲ့ သဘာဝလေ။ ဆိုတော့ အဲဒီကွဲပြားခြားနားမှု အပေါ်မူတည်ပြီးတော့ ရန်ဘက်ပဋိပက္ခ အသွင် ဆောင်လာတာ။ ကွဲပြားခြားနားမှုသည် အားအဖြစ် ကျနော်တို့က အမှန်တကယ် က ယူရမှာလေ။ အဲဒီ ဟာတွေ အကုန်လုံးကို ပြည့်ပြည့်၀၀နဲ့ တကယ့် အခွင့်အရေး တွေကို တန်းတူညီမျှဖော်ဆောင်ပေးနိုင်ဖို့ လိုတယ်လို့ မြင်တယ်။တန်းတူညီမျှဖော်ဆောင်ပေးဆိုရင် စောစောက နေရာပဲပြန်ရောက်မှာပဲ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရမယ်။ ဒီမိုကရက်တစ် Value ထည့်ရမယ်။

လူ့အခွင့်အရေး ချိုးဖောက်ရင် ကျနော်တိုပြောရမှာ။ အပြစ်မဲ့ပြည်သူတွေ ထိရင်ပြော ရမယ်။ လူမျိုးတွေ၊ဘာတွေ ကြည့်နေစရာ အကြောင်းမရှိဘူး။ အဲဒီလိုပဲ …

ပေးပါ။လွတ်လွတ် လပ်လပ် လုပ်ပါစေ။ ပြည်နယ် အတွက် လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့်တွေပေး။ နေရာတကာ ပြည်မက ဝင်ရောက်စွက်ဖက် တာ မလုပ်ဘူး။အရေးကြီးတဲ့ ကဏ္ဍတွေက လွဲလို့။ နိုင်ငံခြားရေးတို့ ၊ကာကွယ်ရေးတို့ အစရှိတဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကလွဲလို့ လျှော့ပေးမယ်ဆိုရင် ဖြေးဖြေး ခြင်း လျှော့ကျ သွားမယ်။ အဲလို မဟုတ်ဘူးဆိုရင် ဒီထက်တိုးတိုက်မှုတွေက ကျနော်တို့ နမူနာ ယူရမှာ က ဖက်ဒရယ်တော့ ဖက်ဒရယ်ပဲ။ယူဂိုစလားဗီယားကြီး ကွဲသွားတဲ့ အခါမှာ အားလုံးသွေးထွက်  ကမ္ဘာ့ သမိုင်းမှာ အထင်အရှားပဲ။ အပြန်အလှန် သတ်ကုန်ကြတယ် ။ပြည်သူလူထုတွေအများကြီး သေကုန်ကြတာ။ နောက်တစ်ခုက ဖက်ဒရယ်တော့ ဖက်ဒရယ် ဆိုဗီယက် စနစ်အလွဲ ရဲ့ အောက်မှာ (၁၅)နိုင်ငံကွဲသွားတယ်။ ဒါတွေက သင်ခန်းစာယူရမယ့် ကိစ္စတွေ လို့ ကျနော်တော့ မြင်တယ်။ အချိန်ကို မဆိုင်းစေချင်ဘူး။ အချိန်အကြာ ကြီး ဆွဲထားခြင်းက ဒီရောဂါကို မျိုးပိုပွားအောင် လုပ်သလို ဖြစ်နေ တယ်။ အဲဒါမဟုတ်ဘဲနဲ့ ကုတဲ့ဆေးကလည်း မှားနေတယ်လို့ ကျနော်မြင်တယ်။ KIA ကိုလက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့ တခြား လူမျိုးစူငယ်ကို လက်နက်သွားတပ်ဆင်ပေးတယ်ဆိုရင် မဟာအမှားပဲ။ KIA ဖိနှိပ်ခဲ့ရင်လည်းပြောရမှာနော်။ လူ့အခွင့်အရေး ချိုးဖောက်ရင် KIA လည်းပြောရမှာပဲ။ ကျနော်တို့က ဘက်တွေနဲ့ စကားပြောနေကြတာ။ အဲဒါကိုက မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ခုခု က လူ့အခွင့်အရေး ချိုးဖောက်ရင် ကျနော်တိုပြောရမှာ။ အပြစ်မဲ့ပြည်သူတွေ ထိရင်ပြော ရမယ်။ လူမျိုးတွေ၊ဘာတွေ ကြည့်နေစရာ အကြောင်းမရှိဘူး။ အဲဒီလိုပဲ အစိုးရလက်နက်ကိုင်က ဖြစ်ဖြစ်၊ အစိုးရက ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်ရင် ပြောရမှာပဲ။ လူမျိုးစုကြီးက လူမျိုးစုငယ်ကို ဖိနှိပ်ရင်ပြောရမယ်။ ဒါက စံ။ Principle ။ ဒီစံနှုန်း တရားတွေ ရှင်သန်အောင်ကျနော်တို့ လုပ်ရလိမ့်မယ်။ အဲဒါရှင်သန်အောင် လုပ်ဖို့ဆိုတာ အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ အားကောင်းလာဖို့သိပ်အရေးကြီးတာ။ တချို့ဟာတွေမှာ မီဒီယာတွေ ပွင့်လင်းလာလို့ သိတယ်ဆိုပေမယ့် တချို့ဟာတွေ ကျတော့ ကျနော်တို့ သေသေချာချာ လေ့လာ သင့်တယ်လို့မြင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တော်တော်များများ မှာ အဲဒီသဘောထားမရှိဘူး။ အကုန်လုံးကို မရှိဘူးလို့ ကျနော်ဆိုလိုတာ မဟုတ်ဘူးနော်။ ဒေါသအလျောက် ပြောမိတာ လည်း ရှိနိုင်တယ်။ ဒါပေမယ့် တော်တော်များများမှာ အဲဒီသဘောထားမရှိဘူး။ ကျနော် ကရင်၊ကချင် အစရှိသဖြင့် တိုင်းရင်းသားခေါင်းဆောင်၊ KIA ခေါင်းဆောင်တွေနဲ့ ကျနော်တွေ့ဖူးတာပဲ။ စကားလည်း တော်တော်များများ ပြောဖူးတယ်။ အရမ်း Polite ဖြစ်ပါတယ်။ အရမ်းလည်း ဒီမိုကရက်တစ်ဆန်ပါတယ်။ ဒီကြားထဲမှာ ဝင်ပြီး နှောင့်တဲ့ ဟာတွေက ကျတော့ လက်နက်ကိုင် တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ ပါတီတစ်ခုပဲဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ် စုန်းပြူးတွေက ပါတတ်တယ်လေ။ ဒါမျိုးလည်း ရှိနိုင်တာပဲလေ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စွဲချက်ကို ချလိုက်ဖို့ မရသေးဘူးထင်တယ်။ ကျနော်တို့က ညှိနှိုင်းပေးရမှာ ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– လူအများစုရဲ့ သဘောထားကို လေးစားဖို့ လိုသလို လူနည်းစုရဲ့ သဘောထားကို လည်း ပစ်ပယ်လို့မရဘူးလို့ ဦးမြအေး ခဏ ခဏ ညွှန်းဆိုပြောဆိုတာ ရှိပါတယ်။အဲဒီတော့ ဖက်ဒရယ် ဖြစ်ပြီဆိုရင်ရော အဲဒီ လူနည်းစုဝင်တွေရဲ့ အခြေအနေတွေကရော တကယ်အဆင်ပြေပါ့မလား။

UMA – ဖက်ဒရယ်ဆိုတာက လူအများစုကြီးကို ပေးလိုက်တာ မဟုတ်ဘူး။ ဖက်ဒရယ်သဘာဝကိုက လူနည်းစု အခွင့်အရေးပါ ပါပြီး သား။ ပါရမှာ။ပေးရမယ်။ ဒါကြောင့် ကျနော်ပြောတာ။ ဒီမိုကရက်တစ် Value ဆိုတာအဲဒါ။ ဆိုပါစို့ဗျာ။ ကချင်ပြည်နယ်မှာ ဂျိမ်ဖော များကသာ ထာဝရ၀န်ကြီးချုပ်ဖြစ်ရမယ်ဆိုတာထက် ကချင်ပြည်နယ်မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ရင် ဂျိမ်းဖောရော၊ ကချင်ပြည်နယ်မှာနေတဲ့ ဗမာရော ၊လီဆူးတို့၊ လချိတ်တို့ ၊လဝေါ်တို့ ပြည်သူလူထုကရွေးချယ်ရင် ဝန်ကြီးချုပ် ဖြစ်ပိုင်ခွင့်ရှိ တယ် လေ။ အဲဒါက စံပဲလေ။ ကျနော်တို့ က လူနည်းစု၊လူများစု ဆိုတာထက် ငါတို့အားလုံးဟာ တူတူပဲဆိုတဲ့ ပုံစံကို ဆွဲ ယူရမှာကိုး။ Democratic Value ကိုသွားရမှာ။ လက်တွေ့ နိုင်ငံရေးကတော့ ဒီဟာကို ရောက်ဖို့ ဖြေးဖြေးခြင်း သွားရမှာ။ ဖက်ဒရယ် ဆိုတာ တိုင်းရင်းသားကြီးတွေက တိုင်းရင်းသားငယ်တွေ ကို ဗိုလ်ကျဖို့မှ မဟုတ်တာ။တိုင်းရင်းသား အကြီးတွေရော၊ အငယ် တွေ ရော အကုန်လုံး အခွင့်အရေး ရ ရမယ်လေ။ ဖက်ဒရယ် အနှစ်သာရက ဒါပဲလေ။

ငြမ်းမီဒီယာ – လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်၊နောက် ဦးနေဝင်းအာဏာသိမ်းတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှု အရေးတော် ပုံကြီးမှာ တစ်နိုင်ငံလုံး ဒီမိုကရေစီလို့ တောင်းဆို ကြွေးကြော်ကြ တယ်။ ၁၉၈၈ နောက်မှာ စစ်တပ်က အာဏာသိမ်း တယ်။ နိုင်ငံရေးမှာ ကိုယ်နည်းကိုယ့်ဟန် ဆိုရှယ်လစ်စနစ်နဲ့နေခဲ့ရတယ်။ ကွန်မြူနစ် တစ္ဆေနဲ့ ခြိမ်းခြောက်ခဲ့ကြတယ်။ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှုကြီးဖြစ်တယ်။ ဒါက နိုင်ငံရေး။ ဘာသာရေး ဘက်ကို ကြည့်ရင် အရမ်းကို လစ်ဘရယ်ဖြစ်တဲ့ ဗုဒ္ဓဝါဒကို ကိုးကွယ်ခဲ့တာ နှစ်ပေါင်းရာချီပါပဲ။ဒီလို နိုင်ငံမျိုးမှာ ဘာဖြစ်လို့ Identity တွေကို တအား ရှေ့တန်း တင်တဲ့ Nationalist တွေအားကောင်းရတာလဲ။

UMA – နေရှင်နယ်လစ်ဇင်ဆိုတာ လူတိုင်းကင်းလွတ်လို့ ရတာတော့မဟုတ်ဘူး။ ကျနော်တို့ဟာ ပုထုဇဉ်လူသားတွေေ လ။ကျနော် တို့ဟာ လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့မှာ အစွဲတော့ လူတိုင်းမှာ ရှိတယ်။ အစွဲတော့ ရှိကြတာပဲ။ အိုင်ဒီယို လော်ဂျီ   အရပြောမယ်ဆိုရင် အရင်ခေတ်က ဆိုရှယ်လစ် ကွန်မြုနစ်က တအားကြီးကိုရေပန်းစားသွားတာ သူက လူတန်းစား အရပဲ ချဉ်းကပ်သွားတာ။အဲဒီအချိန်မှာ Nationalist က ခေါင်းမထောင်နိုင်ဘူးလေ။ ဒါသည်ပင်လျင် တချို့ ကွန်မြူနစ်လို့၊ ဆိုရှယ်လစ်လို့ ခံယူထားတဲ့ လူတွေ ကိုယ်တိုင်က Nationalist အခြေပြုပြီးတော့မှ ဒီအလွှာကိုခံတာ၊ ချဉ်းကပ်တာ။ အဲဒီအလွှာကြီး က ပြိုကျ သွားရော၊ပြိုကျသွားတော့ နဂိုရှိနေတဲ့ အငုပ်တွေက တက်လာတာပဲ။ ဆိုပါစို့ဗျာ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွား တဲ့ အခါမှာ ရုရှား အင်ပါယာကြီးပြိုကွဲတာပေါ့။ဒါပေမယ့် ရုရှား အင်ပါယာ ထူထောင်ဖို့အတွက် ပူတင် တို့ နေရာပြန်ယူလာတာပဲ။ အိုင်ဒီယို လောဂျီမှာ ကျနော့် သံသယရှိတယ်။ကမ္ဘာမှာ တကယ်ရော အင်တာ နေရှင်နယ် လစ်ဇင်ကို ကျင့်သုံးတဲ့ လူတန်းစားကို အခြေခံတဲ့ ကွန်မြူနစ်နိုင်ငံတွေ ပေါ်ပေါက်ခဲ့သလား ဆိုတာ ကျနော်တော်တော် သံသယရှိတယ်။ ဥပမာအားဖြင့် တရုတ်ဆိုရင် ဟန် အမျိုးသားရေး ဝါဒကို အခြေစိုက် တယ်လို့ ကျနော် အဲဒီအတိုင်း မြင်တာ။ ရုရှားလည်း ကျနော်အဲဒီအတိုင်းမြင်တယ်။ ကျနော့် တစ်ယောက်တည်း ရဲ့အမြင်။ မှားရင် လည်း မှားလိမ့်မယ်။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ် မှားတယ်လို့ မယူဆဘူး။

နေရှင်နယ်လစ်တွေ၊Identity Politics တွေ ပို၍အားကောင်း လာတယ်။ ဘာသာရေးအခြေခံ၊လူမျိုးရေးအခြေခံ နိုင်ငံရေးတွေ ပို၍ အားကောင်းအောင် မီးထိုးပေးတာနဲ့အတူတူပဲ …

မြန်မာပြည်မှာ လွတ်လပ်ရေးကာလ ကြိုးပမ်းမှုမှာ အင်္ဂလိပ်ကို တိုက်တဲ့အခါမှာ နေရှင်နယ်လစ်ကို မွေးပြီးတိုက်တာ။ အဲဒီ အပေါ်မှာ မှ ကျန်တဲ့ Political Ideology ကိုထပ်စွပ်တာ။ တကယ်တမ်း ကျတော့ နေရှင်နယ်လစ် ပဲ။ ဒါပေမယ့် စောစောက ပြောတဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဆိုတဲ့ အလွှာက ကွာကျ သွားတယ်။ ကွာကျသွားတော့ ကျနော်တို့က Liberalism နဲ့လည်း အသား မကျသေးဘူး။ မသိသေးဘူး။ ဘယ်လောက်မှာ မှ မကြာသေးတာ။ အဲဒီဟာမှာ နေရှင်နယ်လစ် Right – wing တွေက အပြိုင်းအရိုင်း တက်လာတယ်။အဲဒါကျနော်တို့ တစ်နိုင်ငံမှ မဟုတ်ဘူး။ ဒီလို အသွင်ကူးပြောင်းမှုကာလကို သွားတဲ့ နိုင်ငံ အတော်များများမှာ ဒါတွေကြုံရတာချည်းပဲ။ ဒါပေမယ့် အဲဒါကို တချို့က အချိန်မီ ဇာက်သတ် နိုင်လိုက် တယ်။ နောက်ရှိနေတဲ့ ပတ်ဝန်းကျင် အနေအထား။ ဥပမာ ချက်ဇ်တို့၊စလိုဗက်တို့ Velvet Divorce ဖြစ်တယ်။ရှိနေတဲ့ပတ်ဝန်းကျင် အနေအထားက ဒီလောက်ကြီး မဟုတ်တော့ ထိန်းသွားနိုင်တယ်။ ပြဿနာအကြီးကြီးတွေ ဘာမှ မရှိဘူး။ ဒါတောင်မှ အရှေ့ဥရောပနိုင်ငံထဲမှာ ယူဂိုစလားဗီယား သွေးထွက်သံယိုမှုတွေ အများကြီးဖြစ်သွားတယ်။ ရုရှားမှာဆို အာမေးနီယားနဲ့ အဇာဘိုင်ဂျန်နဲ့ ပြဿနာဖြစ်တယ်။ နောက်တစ်ခု က ချေချင်းညာ ပြဿနာ၊ နောက်တော့ခရိုင်းမီယား။ အခု ယူကရိန်းနဲ့ ရုရှား ဒါတွေက ရှိကြတာပဲ။ ကျနော်တို့ နိုင်ငံကြ တော့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေ ပြန်ကြည့်ရအောင်။ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးလို့ပြောနေတဲ့ အိန္ဒိယတောင်မှ Right – wing တွေက ကြီးစိုးထားတာကို ကျနော်တို့ သွားတွေ့ရတယ်။ ကျနော်တို့က တစ်နိုင်ငံတည်းနေလို့မရဘူး။ ဆက်စပ်နေတာ။အဲဒါတွေ ကိုယ်တိုင်သည်ပင်လျင် ကျနော်တို့ နိုင်ငံရဲ့ ရှိနေတဲ့ အငုပ်တွေ၊ နေရှင်နယ်လစ်တွေ၊Identity Politics တွေ ပို၍အားကောင်း လာတယ်။ ဘာသာရေးအခြေခံ၊လူမျိုးရေးအခြေခံ နိုင်ငံရေးတွေ ပို၍ အားကောင်းအောင် မီးထိုးပေးတာနဲ့အတူတူပဲ။ ကျနော်တို့ တစ်ခုသေချာတာက သူတို့လို ကျနော်တို့ System ထဲမှာ ဘယ်တုန်းကမှ မရှိဘူး။ ပရမ်းပတာ System ထဲမှာပဲ ရှိတာ။ ဆိုရှယ်လစ်ဆိုလည်း ကျနော်တို့က တောင်မရောက်၊မြောက်မေ ရာက် ဆိုရှယ်လစ်၊ အခုလည်းလာပြန်ပြီ ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေစီ ဆိုတာ။အဲဒါ ဘယ်တော့မှ မအောင်မြင်ဘူး။ ကျနော်တို့က ကြုံသလို လိုက်တဲ့သူတွေ ဖြစ်နေတာ။ အဲဒါက မှားနေ တယ်လေ။ တကယ်တမ်းတိတိကျကျ System ထဲမှာ လူတွေကိုထည့်လိုက်နိုင်ပြီဆိုရင် Right – wing တက်လာခဲ့ပြီ ဆိုရင် တောင်မှ ဥရောပ နိုင်ငံတွေရဲ့ Right – wing တက်သလိုပဲ တက်မယ်။ ဥပမာ ထရမ့် ရဲ့ Right – win က သူ့နိုင်ငံထဲမှာ ရှိတဲ့ ဘာသာမတူ၊လူမျိုးမတူတဲ့ သူတွေကို မဖိနှိပ်ဘူး။ တခြားနိုင်ငံက လူတွေ သူ့နိုင်ငံမလာအောင်သာ တားတာ။ သူ့နိုင်ငံ ကောင်းစားရေး အတွက် American First လို့ကြေညာတာလေ။ ဒီမှာက အဲဒါကို ရောသုပ် လိုက်တာဗျာ။ အဲဒါနဲ့ရောပြီး လူမျိုး တစ်ခု၊ဘာသာတစ်ခု အခြေခံတော့ ပြဿနာတွေ က မပြီးတော့ ဘူး။ တကယ်တမ်းက ကျနော်တို့ က လစ်ဘရယ်လစ်ဇင် နဲ့ အသားမကျသေး ဘူး။ နောက်တစ်ခု အဓိက အကျဆုံးက ကျနော်တို့နိုင်ငံက ဘယ်တုန်းကမှ ဘာစနစ်ထဲမှာမှ မရှိခဲ့ဘူး။ ပါလီမန်ခေတ်ကလွဲလို့ နောက်ပိုင်း အကုန် သွားတာပဲ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

တိုင်းရင်းသား လူမျိုးစုငယ်တွေ ဖိနှိပ်မှုခံနေရတယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,