ခဲနဲ့ပစ်ပေါက်တာကို ကျည်အစစ်နဲ့ မှန်အောင်ပစ်တာတော့ မဖြစ်သင့်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UTTS / ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးထွန်းသာစိန်

အခုလို ပြည်သူလူထုတွေ သေဆုံး ထိခိုက်ဒဏ်ရာ ရကြတာမျိုး မဖြစ်စေချင်ပါဘူး။ သွေးထွက်သံယို မဖြစ်စေချင်ပါဘူး။ နောက်နောင်ဒီလိုမျိုး ဖြစ်လာရင်တော့ လုံခြုံရေး ရဲတပ်ဖွဲ့တွေ …

၂၀၁၈ခုနှစ် ဇန်နဝါရီ(၁၆)ရက်နေ့ညက မြောက်ဦးမြို့၊ နန်းတော်ကုန်းတွင် ကျင်းပရန်စီစဉ်ထားသည့် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာ ကျရံှုးသည့် အထိမ်းအမှတ် အခမ်းအနားပွဲကို ကျင်းပခွင့် မပြုရာမှ စတင်ပြီး မြောက်ဦးမြို့တွင် လူဦးရေထောင်နှင့် ချီသည့် လူအုပ်ကြီးက ခရိုင်အုပ်ချုပ်ရေးရုံးသို့ ချီတက်ပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်မှုကို လုံခြုံရေး တာဝန်ရှိသူများက ဖြိုခွဲရာတွင် သေဆုံးဒဏ်ရာရသူ များပြားခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးထွန်းသာစိန်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ် မြောက်ဦးမှာဖြစ်ခဲ့တဲ့ ပြဿနာက ဘယ်လိုစဖြစ်ခဲ့တာပါလဲ။

ထွန်း – မြောက်ဦးအခြေနေက ပြာသိုလကွယ်နေ့ဆိုတာ ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးတဲ့နေ့အဖြစ် ရခိုင်လူထုတွေက သတ်မှတ်ထားကြတယ်။ အဲဒီအတွက် မြောက်ဦး နန်းတော်ကုန်းမှာ အခမ်းအနားပွဲလုပ်ဖို့ လုပ်ကြတယ်။ အဲဒီမှာ ဒီပွဲကို လုပ်မယ်ဆိုရင် ငြိမ်း စု စီ ဥပဒေအရ ပွဲလုပ်ခွင့် တင်ရမယ်လို့ ကက်ဘိနက်ဆုံးဖြတ်ချက် လာတယ်။ (၄၈)နာရီအတွင်း ခွင့်ပြုချက် တင်ရမယ် ဆိုတော့ ပွဲကျင်းပဖို့က နာရီပိုင်းပဲ လိုတော့တာလေ၊ လကွယ်နေ့မှာ လုပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မဖြစ်မနေလုပ်မယ်ဆိုရင် ပွဲစီစဉ်သူတွေနဲ့ ဟောပြောမယ့်သူတွေပါ နစ်နာသွားမယ်။ အဲဒီတော့ ရဟန်းသံဃာတော်တွေ အပါအဝင် ကျွန်တော်နဲ့ ပွဲစီစဉ်သူ ကော်မတီဝင်တွေက စဉ်းစားရတယ်။ စဉ်းစားတဲ့အခါမှာ ဒီလိုဆိုဒီပွဲကို မလုပ်နဲ့တော့လို့ ဆုံးဖြတ်ကြတယ်။ မလုပ်နဲ့တော့ဆိုပေမယ့် လူထုကတော့ လုပ်ချင်နေကြပြီ။ လူထုကိုတော့ တောင်းတောင်း ပန်ပန်တော့ ပြောသင့်တယ်။ လူထုကိုတော့ အသိပေးသင့်တယ်ဆိုပြီး ဆုံးဖြတ်တယ်။ ရဟန်းလေးပါးကလည်း ကျွန်တော့်ကိုခေါ်ပြီးတော့ အခမ်းအနားမစခင် လူထုကို ရဟန်းတွေ ကလည်း သြဝါဒစကား မိန့်တယ်။ ကျွန်တော်ကလည်း မိန့်ခွန်းပြောတယ်။ ကျွန်တော်တို့က ခါချဉ်ကောင် မာန်ကြီးပေမယ့် ခါးကမသန်တော့ တောင်ကြီးကို မဖြိုနိုင်ဘူး၊ ဒါကြောင့် နားလည်ပေးကြပါ။ ဆန္ဒဆိုတာ ဘဝနဲ့ထပ်တူ မကျနိုင်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရုတ်ရုတ်သဲသဲဖြစ်ပြီးတော့ လူထုကလည်း ခရိုင်ရုံးကို ခဲတွေနဲ့ပစ်ပေါက်ကြတယ်၊ ကားတွေကို ခဲနဲ့ပေါက်ကြတယ်လို့ သိရတယ်။ သေနတ်သံတွေ အချက်(၆၀)လောက်လည်း ကြားရတယ်။ လူတစ်ချို့လည်း လမ်းပေါ်မှာ လဲနေတာတွေ ရှိနေပါတယ်လို့ ကျွန်တော်ဆီ ဖုန်းဆက်ကြတယ်။ ကျွန်တော် …

ပွဲကိုဆက် လုပ်မယ် ဆိုရင်လည်း ပွဲစီစဉ်သူတွေနဲ့ ဟောပြောသူတွေပါ နစ်နာသွားလိမ့်မယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် မနစ်နာရအောင် ဒီပွဲကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပါတော့မယ်။ တကယ်လို့ လုပ်ချင်လို့ရှိရင် ဆီမီးတွေဘာတွေ ထွန်းပြီး တစ်ချိန်က ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ အမျိုးတွေကို ဆုတောင်းမေတ္တာ ပို့ကြပါလို့ ပြောခဲ့ပါတယ်။ ပြောပြီးမီနစ်(၂၀) လောက်ထိ နန်းတော်ကုန်းပေါ်မှာ ကျွန်တော်ရှိနေတယ်။ အဲဒီအချိန်မှာ ဘာမှမဖြစ်သေးပါဘူး။ ရုတ်ရုတ်သဲသဲ မဖြစ်ပဲ ပြည်သူလူထုကလည်း နားလည်ပြီး လက်ခုပ်သြဘာတွေတီးကြသေးတယ်၊ အဲဒီလို ဘာမှမဖြစ်လို့ ကျွန်တော်ပြန်တာ။

ငြမ်းမီဒီယာ – အဲဒီအချိန် နောက်ပိုင်း ဘာတွေဆက်ဖြစ်တာလဲ။

ထွန်း – ကျွန်တော်နေတဲ့ရွာက မြောက်ဦးနန်းတော်ကုန်းနဲ့ (၁၇)မိုင်လောက် ဝေးတယ်။ ကျွန်တော်ပြန်တာ (၁၀)မိုင်လောက် ရောက်ရော နန်းတော်ကုန်းမှာ လူတွေ စုနေကြတယ်လို့ ကျွန်တော့်ကို ဖုန်းဆက်ကြတယ်။ ဖုန်းဆက်တဲ့အခါမှာ စုမိရင်လည်း စုမိကြပေါ့။ ဆီမီးတွေဘာတွေ ထွန်းညှိကြလိမ့်မယ်ပေါ့။ ကျွန်တော်လည်း အဲဒီလိုပဲထင်တာပါ။ နောက်ကျွန်တော် ရွာပြန်ရောက်လို့ တစ်နာရီလောက် အကြာမှာ နန်းတော်ကုန်းမှာ ဆန္ဒပြကြတယ်တဲ့။ ည(၈)နာရီလောက်မှာ လူထု(၂၀၀၀)လောက်က ခရိုင်ရုံး ဘက်ကိုချီတက်သွားကြပြီလို့ သတင်းရတယ်။ အဲဒီတော့ ရုံးရှိတဲ့ရပ်ကွက်က ကျွန်တော့်မိတ်ဆွေတွေကို ဖုန်းဆက်မေးတော့ ရုတ်ရုတ်သဲသဲဖြစ်ပြီးတော့ လူထုကလည်း ခရိုင်ရုံးကို ခဲတွေနဲ့ပစ်ပေါက်ကြတယ်၊ ကားတွေကို ခဲနဲ့ပေါက်ကြတယ်လို့ သိရတယ်။ သေနတ်သံတွေ အချက်(၆၀)လောက်လည်း ကြားရတယ်။ လူတစ်ချို့လည်း လမ်းပေါ်မှာ လဲနေတာတွေ ရှိနေပါတယ်လို့ ကျွန်တော်ဆီ ဖုန်းဆက်ကြတယ်။ ကျွန်တော်ကလည်း ဘယ်လိုတားရမလဲ စဉ်းစားတယ်။ ဘုန်းကြီးသံဃာတွေကို ပင့်ရမလား၊ ကျွန်တော်လည်း စဉ်းစားမရတော့ လွှတ်တော်ဒုဥက္ကဌဆီ ဖုန်းဆက်ပြီး ဘယ်လို ထိန်းရင်ကောင်းမလဲလို့ အကြံတောင်းတော့ သူလည်း အကြံမပေးတတ်ဘူး။ ကျွန်တော့် လူတွေဆီ ဖုန်းဆက် မေးကြည့်တယ်။ လူစု ကွဲသွားပြီလို့ ပြောတာနဲ့ ငါလာခဲ့မယ်လို့ ပြောပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ဖုန်းဆက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဖုန်းမကိုင်ဘူး။ ရဲမှူးကို ဖုန်းဆက်တော့လည်း ဖုန်းပိတ် ထားတယ်။ အဲဒီလိုတွေ ဖြစ်နေတော့ ခရိုင်မှူးဆီ ဖုန်းဆက်တယ်။ ခရိုင်မှူးကြီး ကျွန်တော်ဆေးရုံကို လာကြည့် ချင်တယ်။ လမ်းမှာ ဘယ်လို အခြေအနေရှိလဲလို့ မေးကြည့်တော့ “ကျွန်တော်လည်း အဲ့ဘက်ကို မရောက်ဘူး ကိုထွန်းသာစိန်ရယ်”တဲ့။ ဒါနဲ့ မထူးတော့ဘူး ဆိုပြီး သူငယ်ချင်း(၃)ယောက်ကို ခေါ်ပြီး ထွက်လာတယ်။ဆေးရုံကို ဝင်ကြည့်တယ်။ ကျွန်တော်ရောက်တဲ့ အချိန်မှာ ရဲကားတွေ ရှိတယ်။ လူနာတွေ တွေ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တွေ့တယ်။ ကျွန်တော် စာရင်းကောက်တော့ ဒဏ်ရာ ရတဲ့သူက (၁၂)ယောက် ရှိတယ်။ သေသွားတဲ့လူက (၇)ယောက်ရှိတယ်။ ကျွန်တော် ရောက်သွား တာကည (၁)နာရီလောက် ရှိပါပြီ။ ပြင်းထန်တဲ့ လူနာတွေကို လူနာတင်ကားနဲ့ (၂)နာရီ(၁၅)မိနစ်လောက်မှာ စစ်တွေကို သယ်သွားကြတယ်။
(မှတ်ချက် – အသေအပျောက်စာရင်းမှာည(၂)နာရီဝန်းကျင်က စာရင်းဖြစ်သည်)

ငြမ်းမီဒီယာ – တစ်ဖက်ကလည်း ရုံးကို ခဲနဲ့ပေါက်တယ်။တစ်ဖက်ကလည်း ပစ်ခတ် နှိမ်နှင်းတယ်ဆိုတဲ့ အခြေအနေ ဖြစ်ခဲ့တယ် ဆိုတော့ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် ဝေဖန်မှုအမျိုးမျိုးလည်း ရှိနေတယ်။ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ထွန်း – အခု ဆန္ဒပြပြီး ခရိုင်ရုံးကို ဝင်တဲ့လူထုတွေဟာ ရည်ရွယ်ချက် သိပ်ကြီးကြီးမားမား မရှိပါဘူး။ ဒီပွဲကို မကျင်းပရလို့ စကြတာ။ ဒီပွဲကို မကျင်းပရတာ ဘယ်ကခွင့်မပြုလို့လဲ၊ ဘယ်ကစတာလဲ ဆိုတာကို သေသေချာချာ သိတဲ့လူ မပါ ပါဘူးခင်ဗျား။ ဆန္ဒ ထုတ်ဖော်တဲ့ အထဲမှာလည်း ခေါင်းဆောင်ဆိုတာ မပါဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့မျှော်လင့်သလို ဖြစ်မလာတော့ လူစုဝေးတာနဲ့ကို ညီညွတ်ပြီးတော့ တစ်ခါတည်းခရိုင်ရုံးကို ချီတက်ကြတာပဲ။ ကျွန်တော့် အထင်တော့ သူတို့လက်ထဲမှာ တုတ်၊ ဓားလက်နက်တော့ ပါမယ် မထင်ဘူး။ လမ်းပေါ်ကကောက်ရတဲ့ ခဲတွေ လောက်ပဲ ပါမယ်။ ခုလို ခဲနဲ့ပစ်ပေါက်တာကို လုံခြုံရေး ရဲတပ်ဖွဲ့တွေက ရှင်းလင်းတဲ့အခါမှာ ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပြီးရှင်းတာမျိုး မဟုတ်ဘဲ၊ အစစ်အမှန် ကျည်တွေနဲ့ မှန်အောင် ပစ်တာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။

ကိုဝေဟင်အောင်နဲ့ ဒေါက်တာ အေးမောင်က စာပေဟောပြောပွဲ တစ်ခု လုပ်တယ်။ အဲဒီပွဲမှာ နိုင်ငံတော် အကြည်အညိုပျက်စေတဲ့ စကားလုံးတွေ သုံးတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့တော့ ဟုတ်လား မဟုတ်လား ကျွန်တော်လည်း မသိဘူး။ အဲဒီ …

အခုကလည်း သေတာက မနည်းဘူးလေ။အစုလိုက်အပြုံလိုက်သေဆုံးကြရတာ ဆိုတော့ မကောင်းပါဘူး။ကျွန်တော်တို့ကလည်း အခုလို ပြည်သူလူထုတွေ သေဆုံး ထိခိုက်ဒဏ်ရာ ရကြတာမျိုး မဖြစ်စေချင်ပါဘူး။ သွေးထွက်သံယို မဖြစ်စေချင်ပါဘူး။ နောက်နောင် ဒီလိုမျိုး ဖြစ်လာရင်တော့ လုံခြုံရေး ရဲတပ်ဖွဲ့တွေဘက်က ပြည်သူလူထု အထိအခိုက် အကျအဆုံး မရှိအောင်ဆောင်ရွက်ပေးပါလို့ ပြည်သူကိုယ်စား တိုက်တွန်းချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုအဖြစ်အပျက်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘာတွေ လုပ်သွားဖို့ရှိလဲ။ ပါတီနဲ့ရော တိုင်ပင်ဆွေးနွေးဖြစ်လား။

ထွန်း – လုပ်ချင်တာကတော့ ဒါနဲ့ပတ်သက်ပြီး အဆိုဖြစ်ဖြစ် မေးခွန်းဖြစ်ဖြစ်လုပ်ဖို့ စဉ်းစားထား ပါတယ်။ ဒါကလတ်တလောစဉ်းစားတာပါ။

ငြမ်းမီဒီယာ – စာရေးဆရာ ကိုဝေဟင်အောင်ကိုဖမ်းဆီးထားသလို ရခိုင်အမျိုးသားပါတီက နုတ်ထွက်စာ တင်ထားတဲ့ ဒေါက်တာ အေးမောင်ကိုလည်း အရေးယူမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါတွေက ဟောပြောမှုတွေမှာ AAကို ထောက်ခံ ဟောပြောမှုတွေကြောင့် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဘာများကြားထားပါသလဲ။

ထွန်း – ကိုဝေဟင်အောင်ကို ဖမ်းဆီးတယ်ဆိုတာကတော့ ၅၀၅(ခ)နဲ့ ဖမ်းဆီးတာပါ။ ၁၇(၁)၊ ၁၇(၂)နဲ့ ဆွဲတာမျိုး မတွေ့ရပါဘူး။ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ဖမ်းတာပါ။ ပြီးခဲ့တဲ့ (၁၅)ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ကိုဝေဟင်အောင်နဲ့ ဒေါက်တာ အေးမောင်က စာပေဟောပြောပွဲ တစ်ခု လုပ်တယ်။ အဲဒီပွဲမှာ နိုင်ငံတော် အကြည်အညိုပျက်စေတဲ့ စကားလုံးတွေ သုံးတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့တော့ ဟုတ်လား မဟုတ်လား ကျွန်တော်လည်း မသိဘူး။ အဲဒီရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေ တရားလို လုပ်ပြီး အမှုဖွင့်တယ်။ ဒါကြောင့်မို့လို့ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်ကို အဲဒီလိုအမှုနဲ့ အရေးယူမယ်လို့တော့ ကြားပါတယ်။ ဒါကတော့အကြားပါ။

ငြမ်းမီဒီယာ – အခုဆိုရင် လျှပ်တစ်ပြက်အတွင်း မိသားစုတွေ၊ အပေါင်းအသင်းမိတ်ဆွေတွေ သေဆုံး သွားတာနဲ့ ပတ်သက်ပြီး ဒေသခံတွေကလည်း ခံပြင်းနေကြပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် မြောက်ဦးဒေသ မတည်မငြိမ်မဖြစ်ရအောင် ဘယ်လိုမျိုးအကြံပြုချင်ပါသလဲ။ ဘာတွေလုပ်မလဲ။

ထွန်း – အခုလောလောဆယ် ဖြစ်နေတဲ့ကိစ္စမှာ ကျွန်တော်ကလည်း တိုင်းရင်းသားလူမျိုးများ အရေးနဲ့ ပတ်သက်ပြီး ဖိုရမ်တစ်ခုကို သွားတက်မလို့ စီစဉ်ပြီးသား ဖြစ်နေတယ်။ သွားတော့မသွားချင်ဘူး။ ဒါပေမယ့် ကတိပေးစီစဉ်ပြီးသား ဆိုတော့ နေပြည်တော်ကို သွားရပါမယ်။ ဒါပေမယ့် ကျွန်တော် မရှိပေမယ့် ကျွန်တော်တို့မြို့နယ် အမှတ်(၂) က ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌနဲ့ ကိုယ်စားလှယ်များအဖွဲ့ကိုခေါ်ထား ပါတယ်။ ဒါနဲ့ပတ်သက်လို့ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် မိသားစုတွေကို တွေ့ပေးပါ။ ပြောပေးပါလို့ ပြောထားပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစု ဝင်တွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံပြီး ကူညီနှစ်သိမ့်အားပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,