ခွပ်ဒေါင်းအောင်လံတော်ဟာ လူထုကိုမျက်ကွယ်ပြုထားတဲ့ ပါတီမျိုးနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NLD ကသာ စစ်အုပ်စုနဲ့ပေါင်းလိမ့်မယ်။ စစ်အုပ်စုနဲ့ပေါင်းလို့လည်း ကျနော်တို့ ဗကသကို ဒီလိုမျိုးတွေတုံ့ပြန်နေတာ …

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ၎င်းတို့၏ ခွပ်ဒေါင်းအောင်လံတော်မှ ခွပ်ဒေါင်း အမှတ် တံဆိပ် ကို ပါတီအလံတွင်အသုံးပြုထားသော နိုင်ငံရေးပါတီများထံ အသိပေးအကြောင်းကြားသည့် အိတ်ဖွင့်ပေးစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗကသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

HKT / ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်

ငြမ်းမီဒီယာ – ကျောင်းသားသမဂ္ဂပိုင် ခွပ်ဒေါင်းအလံကို အသုံးမပြုဖို့ NLD ပါတီကို သတိပေးထားတာတွေ့ရတယ်။ ၁၉၈၉ ပါတီ စတည်ထောင်စဉ် ကတည်းက သုံးလာခဲ့တာ ကြားထဲမှာ ဘာမှမပြောဖြစ်ခဲ့ဘဲ ခုမှသတိပေးရတာ ဘာကြောင့်လဲ။

KHKT – အဲဒါကဒီလိုဗျ။ ၁၉၈၉ ကာလမှာ ဗကသ မျိုးဆက်တချို့က ကန့်ကွက်ဖို့ကြိုးစား ခဲ့တာတွေတော့ရှိတယ်။ ဒါပေမယ့် အဲဒီခေတ်ရဲ့နိုင်ငံရေးအခြေအနေအရ ကန့်ကွက်ဖို့ အဆင်မပြေခဲ့ဘူး။ အဲဒါကြောင့် ဒီအတိုင်းပဲ ငြိမ်နေခဲ့ကြရတယ်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၀ လောက်မှာ ဗကသရဲ့ ခွပ်ဒေါင်းအလံကိုသုံးနေတဲ့ နိုင်ငံရေးပါတီတချို့ကို ဆရာဒဂုန်တာရာတို့က ရွေးကောက်ပွဲ ကော်မရှင်ဆီ စာပို့ပြီး ခွပ်ဒေါင်းအလံမသုံးဖို့ ကန့်ကွက်ခဲ့တာတော့ရှိတယ်။ အဲဒီတော့ NLD ကိုကျနော်တို့ ကျောင်းသား သမဂ္ဂ က ဒီလိုမျိုးဖွင့်ပြီး ကန့်ကွက်တာကတော့ ဒါပထမဆုံးပါ။ ဘာကြောင့်ကန့်ကွက်တာလဲဆိုတော့ ကျနော်တို့ အိတ်ဖွင့်ပေးစာ ထဲမှာလည်း ပါပါတယ်။ ခွပ်ဒေါင်းအလံတော်ဟာ ဗကသ စထူထောင်ကတည်းက ဗကသရဲ့ အလံတော် အဖြစ် အသုံး ပြုခဲ့တာ၊ ပေါ်ပေါက်လာရတာပါ။

ကျနော် တို့ရဲ့ ဒီအလံတော်ဟာ ပထမဆုံး ဖက်ဆစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲဝင်အလံဖြစ်ခဲ့သလို၊ လွတ်လပ်ပြီး ခေတ်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေရဲ့ တိုက်ပွဲဝင် အလံတော် ပါ။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု တွေမှာ ဗကသရဲ့ ခွပ်ဒေါင်းအလံတော်ဟာ ပြည် သူလူထုရှေ့ဆုံးက အမြဲပါဝင်ခဲ့ပါတယ်။

အဲဒီတော့ လက်ရှိအနေအထားကိုပြန်ကြည့်ရင် NLD ဟာ ၂၀၀၈ အခြေခံဥပဒေအောက်ကို ဝင်သွားတယ်။ တစ်ချိန်က ရွှေဂုံတိုင် ကြေညာချက်တွေ၊ ဂန္ဒီညီလာခံကြေညာချက်တွေ ရှိခဲ့ဖူးပေမယ့် ၂၀၁၂ နောက်ပိုင်းမှာ ၂၀၀၈ အခြေခံ ဥပဒေအောက်ကို ဝင် သွားတယ်။

ပြီးတော့ ဒီနောက်ပိုင်းကာလတစ်လျောက်မှာလည်း ကျောင်းသားတွေ အရေးကိုလျစ်လျူရှုခဲ့တာတွေ၊ ကျောင်းသား တွေကို ဟိုးအရင်စစ်အာဏာရှင်တွေတုံ့ပြန်သလို တုံ့ပြန်ခဲ့တာတွေ၊ ထောင်သွင်းအကျဉ်းချတာတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေကို မှေးမှိန်အောင် ပုံဖျက်လုပ်ဆောင်တာတွေကို စစ်အာဏာရှင် တွေလုပ်ခဲ့တဲ့အတိုင်း NLD အစိုးရလက်ထက်မှာလည်း ဖြစ်နေခဲ့ တာပဲ။

ဆိုတော့ ကျနော်တို့ဗကသ ရဲ့ အခမ်းအနားတွေရှိတိုင်း ကျနော်တို့အလေးပြုနေတဲ့ အလံတော်ကို ၂၀၀၈ အခြေခံ ဥပဒေ အောက် ဒူးထောက်ဝင် ထားတဲ့ ပါတီတစ်ခုက သုံးတာကို ကျနော်တို့လက်မခံနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်စာ ထုတ်တာ ဖြစ်ပါတယ်။

တချို့နိုင်ငံရေးပါတီတွေလို ဗဟိုကော်မတီကို လူတစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်နေတာမျိုးမဟုတ်ဘူးဗျ။ ကျနော်တို့ …

ငြမ်းမီဒီယာ – ဗကသအလံတော်ကို ကာတွန်းဆရာကြီးဦးဘဂျမ်းဆွဲပေးခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် NLD ရဲ့ အလံကိုကျတော့ ပန်းချီမောင်မောင်သိုက်ရေးဆွဲပေးခဲ့တာလို့ သိရပါတယ်။ နောက်ပြီး အလံနှစ်ခုမှာ မတူတဲ့အချက်လေးတွေလည်းရှိတော့ ဒီ အပေါ်မှာ ဗကသအနေနဲ့ ဘာများပြောချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KHKT – အဲဒါ အိတ်ဖွင့်ပေးစာထဲမှာလည်းပါခဲ့ပြီးသားဗျ။ ပန်းချီမောင်မောင်သိုက်က NLD အလံဒီဇိုင်းရေးဆွဲခဲ့တယ် ဆိုတာ မှန်ပါတယ်။ သူတို့အနေနဲ့ ခဲကြောင်းလိုက်ပြီးတော့ပေါ့။ NLD အလံကို ခွပ်ဒေါင်းထည့်ပြီးတော့ ရေးဆွဲခဲ့တာပေါ့။

အဲဒီတော့ ပြောချင်တာက ၁၉၃၆ ခုနှစ်မှာ ဗကသရဲ့ ခွပ်ဒေါင်းအောင်လံတော်ကို ပန်းချီဦးဘဂျမ်းကရေးဆွဲပေးခဲ့ပြီး ဗကသက စတင် သုံးလာခဲ့တယ်။ အခုသုံးနေတဲ့ လက်ရှိဒီဇိုင်းမျိုး တော့မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် ‘ခွပ်ဒေါင်း’ ဆိုတဲ့စကားလုံးနဲ့ ခွပ်နေတဲ့ ဒေါင်း ပုံစံ၊ အဲဒီအမှတ်တံဆိပ်ကို ၁၉၃၆ ခုနှစ်မှာ ဆရာကြီးဦးဘဂျမ်းကရေးဆွဲပေးခဲ့ပြီး ဗကသက စတင်အသုံးပြုခဲ့တာပေါ့။ အဲဒီလို စသုံးခဲ့ တုန်းကတည်းက လွတ်လပ်ရေးကို ‘က’ ယူလို့မရဘူး၊ ‘ခွပ်’ ယူမှရမယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ ‘ကဒေါင်း’ ကိုမသုံးဘဲ ‘ခွပ်ဒေါင်း’ ကို သုံးခဲ့ တာပါ။

NLD အနေနဲ့ ကျနော်တို့ ကျောင်းသားတွေ အပေါ်မှာ မဟာမိတ်သဘောမျိုးလောက်တောင် ဆက်ဆံ ခဲ့တာမျိုးမရှိဘူး။ …

‘ခွပ်ဒေါင်း’ ဆိုတဲ့စကားလုံးကလည်း ၁၉၃၆ ခုနှစ်လောက် မှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီတော့ နောက်ပိုင်း ခေတ်မှာ NLD ရဲ့ လက်ရှိဗဟိုကော်မတီဝင်တွေ ဖြစ်တဲ့ မုံရွာအောင်ရှင်တို့၊ ဒီဗဟိုကော်မတီဝင် တော်တော်များများ သဘော မပေါက်တဲ့ အချက်က သူတို့အလံဒီဇိုင်းကို ကျနော်တို့ဗကသက ပြောနေတယ်လို့ ထင်နေပုံရတယ်။

ကျနော် တို့ပြောနေတာက ဒီဇိုင်းကိုမဟုတ်ဘူး၊ အနှစ်သာရကိုဖြစ်ပါတယ်။ အိတ်ဖွင့်ပေးစာ ထဲမှာလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ ‘ခွပ်ဒေါင်း’ မှန်လို့ရှိရင် ဗကသ က ပိုင်တယ်ဆိုတဲ့ အချက်ကို ပြောထားပြီးသားပါ။ ‘ခွပ်ဒေါင်း’ ဆိုတဲ့ စကားလုံးဟာ ဗကသ ကြောင့်ပေါ်လာတာဖြစ်တယ်။

‘ခွပ်ဒေါင်း’ ဆိုတဲ့စကားလုံးနဲ့ အမှတ်တံဆိပ်ကို ဗကသ က စပြီးသုံးခဲ့တာဖြစ်တယ်။ ‘ခွပ်ဒေါင်း’ ဆိုတဲ့အနှစ်သာရပါတဲ့ ဒီဇိုင်း မှန်သမျှ သည် ဗကသ က ပိုင်တာဖြစ်ပါတယ်။ ကြားကာလတွေမှာ၊ အထူးသဖြင့် ရှစ်ဆယ့်ရှစ်ကာလမှာ ဒီဇိုင်းတွေ အများကြီး ကွဲထွက်သွားခဲ့တာရှိပါတယ်။

ရှစ်ဆယ့်ရှစ် ကာလဆိုတာ အရေးတော်ပုံ ကာလဖြစ်တော့ ခွပ်ဒေါင်းတံဆိပ်အလံတော်တွေလည်းအများကြီး လိုအပ်တာကြောင့် သမဂ္ဂကျောင်းသားတွေက နီးစပ်ရာနီးစပ်ရာ ခွပ်ဒေါင်းဒီဇိုင်းတွေရေးဆွဲအသုံးပြုကြရင်း ဒီဇိုင်းတွေအများကြီး ကွဲသွားခဲ့တာပါ။ အခုလက်ရှိမှာလည်း ခွပ်ဒေါင်းဒီဇိုင်းတွေ အများကြီး ကွဲနေတာရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အိတ်ဖွင့်ပေးစာမှာလည်း ကွဲနေတဲ့ခွပ်ဒေါင်းဒီဇိုင်းတွေကို ကျနော်တို့ လက်လှမ်းမီသလောက် ဖော်ပြပေးထားပါတယ်။ အခု ဖြစ်နေတာက NLD အလံသည် ဗကသများအဖွဲ့ ချုပ်ရဲ့ ခွပ်ဒေါင်းအောင်လံတော်က ‘ခွပ်ဒေါင်း’ ဒီဇိုင်းကို ယူသုံးထားတာ ဖြစ်ပါတယ်။

အဲဒီလို သုံးထားကြောင်းကိုလည်း သူတို့ရဲ့ပါတီဖွဲ့စည်းပုံစည်းမျဉ်းထဲမှာ “ကျောင်းသားလူငယ် မျိုးဆက်သစ်တွေရဲ့ အားမာန်ကို ရည်ညွှန်းတာ” ဆိုပြီးရေး ထားတာရှိတယ်။ ဒါကြောင့် သူတို့ပြောတဲ့ပန်းချီမောင်မောင်သိုက် ရေးဆွဲ ပေးခဲ့တာသည် လက်ရှိ NLD အလံရဲ့ ဒီဇိုင်း သာဖြစ်တယ်။

တကယ်တမ်း ‘ခွပ်ဒေါင်း’ ဆိုတဲ့စကားလုံးနဲ့ ‘ခွပ်ဒေါင်း’ ဆိုတဲ့အနှစ်သာရပါတဲ့ အလံဒီဇိုင်း အားလုံးသည် ဆရာကြီးဦးဘဂျမ်းဆီမှာပဲ မြစ်ဖျားခံပါတယ်။ ဆရာကြီးဦးဘဂျမ်းက ဗကသအတွက်ရေးဆွဲပေးခဲ့တာဖြစ်လို့ ဗကသ ကသာပိုင်ပါတယ်။

အကယ်၍ ဗကသဟာ ခွပ်ဒေါင်းအလံကိုသာ တလျောက်လုံး မသုံးခဲ့ဘူးဆိုရင် ၁၉၈၉ မှာပေါ်လာတဲ့ NLD ဟာ သူတို့ရဲ့အလံမှာ တခြားတံဆိပ်တစ်ခုခုနဲ့ (ဥပမာ – ခမောက်ဖြစ်ဖြစ်) ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ဆိုတော့ ဒီသမိုင်းအထောက်အထားတွေအရ၊ ကျနော်တို့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့သမိုင်း အချက်အလက်တွေ အရ ခွပ်ဒေါင်းအောင်လံတော်ရဲ့ မူလ ပိုင်ဆိုင်သူ ဟာ ဗကသများအဖွဲ့ချုပ်သာဖြစ်ပါတယ်။ ကျနော်တို့မီးမောင်းထိုးပြခဲ့တာ အဲဒီ အချက်ပဲဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို အယုံအကြည်မရှိပါဘူးဆိုကတည်းက ကျနော်တို့နဲ့စစ်အုပ်စုကြားမှာ ‘ရန် ငါ’ စည်းက ပြတ်နေပြီး သား။ နောက်တစ်ခုက NLD ပါတီက …

ငြမ်းမီဒီယာ – NLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ အလံရဲ့အဓိပ္ပါယ်ထဲမှာပါတဲ့ ခွပ်ဒေါင်းပုံဟာ “ကျောင်းသားလူငယ် မျိုးဆက် သစ် တွေရဲ့ အားမာန်ကိုရည်ညွှန်းသည်” ဆိုတဲ့ရည်ရွယ်ချက်ကို ဗကသများအဖွဲ့ချုပ်က တာဝန်ရှိသူကျောင်းသား လူငယ် တစ်ယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

KHKT – သူတို့ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းထဲမှာပါတဲ့ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေရဲ့ အားမာန်ကို လေးစားတဲ့ အတွက် ဒီခွပ်ဒေါင်းတံဆိပ်ကို ယူသုံးပါတယ်ဆိုတဲ့ အချက်ကိုပြောရရင် သူတို့ပါတီစထောင်ခဲ့တဲ့ ၈၈/၈၉ ကလကနေ ၂၀၀၀ ပတ်ဝန်းကျင် ကာလအထိ ဒီကိစ္စကိုကျနော် တို့ဘက်က သိပ်အငြင်းပွားစရာမရှိဘူး။

လက်ရှိအနေအထားမှာ NLD ဟာ ကျောင်းသားလူငယ်တွေကို ကိုယ်စားမပြုတော့ပါဘူးဆိုတာ။ နကသ ကို NLD က လူတွေ ခေါင်းကိုင်လုပ်ပြီး …

ဘာဖြစ်လို့လဲဆိုရင် ဗကသ ကျောင်းသား တွေ အနေနဲ့ အဲဒီကာလတွေမှာ NLD ကိုထောက်ခံပေးခဲ့တာတွေ၊ NLD နဲ့ တွဲပြီး အလုပ် လုပ်ခဲ့တာတွေရှိတယ်။ အဲဒီတော့ အဲဒီ ကာလတွေကို ပြောစရာမရှိဘူး။ အဓိကပြောရမယ့်အချက် ၂၀၁၀ နောက်ပိုင်းဖြစ်တယ်။ ၂၀၁၀ နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတယ်။

၂၀၁၂ မှာသူရွေးကောက် ပွဲဝင်တယ်။ အဲဒီမှာ လည်း ၂၀၀၈ အခြေခံဥပဒေကိုလေးစားလိုက်နာဖို့ ကျမ်းကျိန်တဲ့ကိစ္စ သူတို့ အထဲမှာရော နိုင်ငံရေးလောကမှာပါ ဂယက်တွေရှိခဲ့တယ်။ ဒါတွေက ထားတော့။ ကျနော်တို့မျိုးဆက် ဗကသမှာ တကယ် တာဝန်ယူလုပ်ကိုင် လာတဲ့ ၂၀၁၅ က စပြီးပြောမယ်။ ၂၀၁၅ ကနေ အခု ၂၀၂၀ အထိ (၅) နှစ်တာကလမှာ NLD အနေနဲ့ ၂၀၀၈ အခြေခံဥပဒေအောက်ကိုဝင်သွားပြီး ကျောင်းသားတွေကို လျစ်လျူရှုခဲ့တာတွေ အများကြီးရှိခဲ့တယ်။

၂၀၁၇ ခုနှစ်မှာ ရတနာပုံတက္ကသိုလ်က ကျောင်းသား (၅၆) ယောက် အထုတ်ခံရတဲ့ကိစ္စ။ ဒါမျိုးတွေကအများကြီးဖြစ်ခဲ့တယ်။ လက်ရှိမှာလည်း ကျနော်ဆိုရင် ငြိမ်းစုစီနဲ့ အမှုဖွင့်ခံထားရတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလှုပ်ရှားခဲ့တဲ့ ကျနော်တို့ ဗကသများ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌအပါအဝင် ကျောင်းသား (၇) ယောက် ရန်ကုန်မှာထောင်ကျခဲ့တဲ့ ကိစ္စတွေ စသဖြင့်ပေါ့။

NLD ဟာ ရဲရင့်မှုမရှိတော့ပါဘူး။ ပြီးတော့ ကြယ်ဖြူ မှာပါတဲ့ ဖြူစင်မှုမရှိတော့ပါဘူး။ ဒါ …

အဲဒီတော့ ဒီ တောက်လျောက် မှာ NLD အနေနဲ့ ကျနော်တို့ ကျောင်းသားတွေ အပေါ်မှာမဟာမိတ်သဘောမျိုး လောက်တောင် ဆက်ဆံ ခဲ့တာမျိုးမရှိဘူး။

အဲဒီတော့ သူတို့ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းထဲမှာ အလံနဲ့ပတ်သက်ပြီး ဘယ်လိုပဲရေးထားရေးထား၊ အရင်မူလကာ လကတော့ သူတို့အနေနဲ့ ရည်ရွယ်ချက်မှန်ကောင်းမှန်ခဲ့လိမ့်မယ်။ ဒါကျနော်တို့အတပ်ပြောလို့ရပါတယ်။ ရည်ရွယ်ချက်မှန်တာလည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ် ၁၉၈၈ မတ် လမှာ ကျောင်းသားတွေက ခွပ်ဒေါင်းအလံကို အရေးတော်ပုံမှာ သုံးလာကြတော့ လူထုထဲမှာ ပေါက်နေတဲ့ icon တစ်ခုအနေနဲ့ သူတို့ယူသုံးတာလား၊ ပါတီဖွဲ့စည်းပုံထဲမှာရေးထားသလို ရိုးရိုးသားသား သုံးခဲ့တာလား ဆိုတာ ဒါသူတို့ပဲသိပါလိမ့်မယ်။ ဒါကျနော်တို့ဝေဖန်ရမယ့်အပိုင်းမဟုတ်ဘူး။ ကျနော် တို့ပြောရမယ့်အပိုင်းကတော့ လက်ရှိ အနေအထားပဲ ဖြစ်တယ်။

ကျနော်တောက်လျောက်လည်းပြောခဲ့တယ်။ ကျောင်းသားလူငယ်တွေကိုကိုယ့်စားပြုတဲ့ အမှတ်တံဆိပ်ကိုရည်ညွှန်းပြီး ယူသုံး ထားတဲ့ အလံအောက်ကသူတွေက ကျနော်တို့ ကျောင်းသားလူငယ်တွေကို၊ အထူးသဖြင့် ဗကသကိုပြန်ပြီးရန်မူစရာ အကြောင်း မရှိဘူးလို့ ထင်ပါတယ်။

ကျနော်ပြောချင်တဲ့ အချက်က ရှင်းရှင်းလေးပါ။ သူတို့အနေနဲ့ ယခင်ကတော့ တကယ်လည်းပါတီဖွဲ့စည်းပုံမှာ ရေးထားတဲ့ အတိုင်း ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ သို့မဟုတ် နာမည်ကြီးနေတဲ့ တံဆိပ်လေးဆိုပြီး ယူသုံးတာလည်းဖြစ်ကောင်းဖြစ်မယ်။ သို့သော်လည်း အခုအချိန်မှာတော့ NLD ပါတီရဲ့ဖွဲ့စည်းပုံမှာရေးထားတဲ့အချက်ဟာ မမှန်တော့ပါဘူးလို့ ပြောလို့ရပါတယ်။ ကျနော့်အနေနဲ့ ပြောလည်းပြောချင်ပါတယ်။

NLD ပါတီဖွဲ့စည်းပုံမှာပါခဲ့တဲ့ အလံရဲ့ဖွင့်ဆိုချက်ဟာ မမှန်တော့ပါဘူလို့ ပြောချင်ပါတယ်။ NLD ဟာ ရဲရင့်မှု မရှိတော့ပါဘူး။ ပြီးတော့ ကြယ်ဖြူ မှာပါတဲ့ ဖြူစင်မှုမရှိတော့ပါဘူး။ ဒါ ကျနော်တို့ပြောလို့ရပါတယ်။ ကျနော်ကိုယ်တိုင် ဗကသများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနေရာကနေ ပြောပါတယ်။ NLD မှာရဲရင့်မှုမရှိတော့ဘူး။ ဖြူစင်မှုမရှိတော့ဘူး။ ရိုးသားမှုမရှိတော့ဘူး။

ဒါဟာ မုံရွာအောင်ရှင်ပြောတဲ့ စကားအပေါ်မှာ ပြန်ပြီးချေပတာတော့ မဟုတ်ဘူး။ ဒါပေမယ့် NLD မရိုးသားတော့တာကို ဒီဘက်က နိုင်ငံရေး အင်အားစုတွေ အားလုံးက ဒီအတိုင်းပဲသုံးသပ်ပါတယ်။ ပြီးတော့ ဗကသ ခွပ်ဒေါင်းအောင်လံတော်က ခွပ်ဒေါင်းကို ယူသုံး ထားတာ “ကျောင်းသားလူငယ် မျိုးဆက်သစ်တွေရဲ့ အားမာန်ကို ရည်ညွှန်းသည်” ဆိုတာ သူတို့အနေနဲ့ လုံး၀ မဟုတ်တော့ ပါဘူး။ ဒါကြောင့် NLD ရဲ့ ဒီအလံအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ မမှန်တော့ပါဘူးလို့ပြောချင်ပါတယ်။

ဒီလောက် လူတွေသတ်ထားတာကို သတ်တော့သတ်ပါတယ် ဒါပေမယ့်ဂျီနိုဆိုက်တော့မမြောက်ပါဘူးလို့ ပြောထွက်ခဲ့တယ်ပေါ့ …

ABSFU /ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခွပ်ဒေါင်းအောင်လံတော်

ငြမ်းမီဒီယာ – အခုလို အလံကိစ္စသတိပေးအိတ်ဖွင့်ပေးစာပို့တာဟာ ဗကသအနေနဲ့ လူထုအစိုးရကို အမြင်မကြည်လင်လို့ ဆိုတဲ့မှတ်ချက်တွေကိုရော ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

KHKT – ဘယ်လိုတုံ့ပြန်ချင်သလဲဆိုတော့ ကျနော်ထင် တာတော့ NLD အနေနဲ့ လူထုအစိုးရလို့ ပြောလို့မရဘူးဗျ။ လူထု အစိုးရလို့ ပြောလို့ရတဲ့ အနေအထား မဟုတ်ဘူးဗျ။ သောင်ပြိုကမ်းပြို နိုင်သည်ဆိုသော်လည်းပဲ၊ လူထုအနေနဲ့ သူတို့အပေါ်မှာ ယုံကြည်ချက် တွေ အများကြီး ထားခဲ့သော်လည်းပဲ၊ လူထုကိုမျက်နှာလွှဲထားတဲ့ကိစ္စတွေ အများကြီးရှိတယ်။

ဥပမာ အခုအလုပ်သမားသပိတ်တွေ အများကြီးရှိနေတာကို အစိုးရအနေနဲ့ ဘာမှလုပ်မပေးဘဲ မျက်နှာလွှဲထားတဲ့ကိစ္စမျိုး။ ဒီလို အစိုးရမျိုးကိုတော့ ကျနော်တို့က လူထုအစိုးရလို့မသတ် မှတ်နိုင်ဘူး။ ဒါကျနော်ဖြည့်စွက်ပြောတာပါ။ NLD အစိုးရ အပေါ်မှာ အမြင် မကြည်လင်လို့ ဆိုတာမှာ ကျနော်တို့အနေနဲ့ ပုဂ္ဂိုလ်ရေးရာအရ အမြင်မကြည်လင်တာမျိုးမဟုတ်ဘူး။

“၂၀၀၈ အခြေခံဥပဒေအောက်ကို ဒူးထောက် ဝင်ရောက်သော ကျောင်းသားမဟုတ်သည့် အချောင်သမား အဖွဲ့အစည်းတွေ” လို့ …

ကျနော်တို့ အနေနဲ့ လက်မခံနိုင်တာကို ကျနော်တို့တောက်လျောက်ပြောခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို သူတို့ ဒူးထောက်ဝင်ထားသလို လေးစား လိုက်နာပါမယ် ဆိုတာ သူတို့ကျမ်းကျိန်ပြီးသား။ အဲဒီတော့ NLD အစိုးရအနေနဲ့ စစ်အုပ်စုအလိုကျ လုပ်နေရတယ်။ စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရဲဘူး။ အခု ICJ ကိစ္စတွေဆိုရင် ဒါဥပမာပြလို့ရတဲ့ကိစ္စ တွေပေါ့။ ဒီလောက် လူတွေသတ်ထားတာကို သတ်တော့သတ်ပါတယ် ဒါပေမယ့်ဂျီနိုဆိုက်တော့မမြောက်ပါဘူးလို့ ပြောထွက်ခဲ့တယ်ပေါ့။ အများကြီး ပေါ့ဗျ။ ကြားထဲမှာလည်း အလုပ်သမားလယ်သမားကိစ္စတွေမှာ သူတို့အနေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့တာတွေရှိတယ်။

ငါးနှစ်တာကာလအတွင်းမှာ ဒီကိစ္စ တွေဟာ ပြည်သူလူထုကြားကို ကျယ်ကျယ်ပြန့်ပြန့်ရောက် မလာတာပဲရှိတယ်။ နိုင်ငံရေးကို စောင့်ကြည့်နေသူတွေကတော့ ဒါတွေကိုသိပါတယ်။ ပြည်သူကြားထဲကိုတော့ ရောက် ကောင်းရောက်လိမ့်မယ်၊ ရောက်ချင်မှလည်း ရောက်မယ်။ ဒါသူတို့ရဲ့ သတင်းလွတ်လပ်ခွင့်အပေါ်မှာ မူတည်တာပေါ့။

အဲဒီတော့ သူတို့အနေနဲ့ ရပ်တည်ချက်မမှန်တော့တဲ့အတွက် ကျနော်တို့ရဲ့ ဗကသ ခွပ်ဒေါင်းအောင်လံတော်နဲ့ ဘယ်လိုမှ မအပ်စပ် တော့ဘူး။ ဗကသရဲ့ ခွပ်ဒေါင်း အောင်လံတော်ဟာ လူထုကိုမျက်ကွယ်ပြုထားတဲ့ သူတို့လိုပါတီမျိုးနဲ့ ဘယ်လိုမှ မအပ်စပ်လို့ ခုလို သတိပေးအိတ်ဖွင့်ပေးစာကို ထုတ်ပြန်တာဖြစ်ပါတယ်။

နောက်တစ်ချက်က NLD တစ်ခုတည်းကို ထုတ်ပြန်တာမဟုတ်ပါဘူး။ ကျနော်တို့ထုတ်ပြန်ခဲ့တာ စုစုပေါင်း ပါတီ (၅) ခု ကို ထုတ်ပြန် ခဲ့တာပါ။ အဲဒီပါတီ (၅) ခုအနေနဲ့ လက်ရှိ ဗကသများ အဖွဲ့ချုပ်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းသားတွေထံကို အလံ ပြန်လည် အပ်နှင်းပါဆိုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်ချက်က NLD ဆိုတာဟာ ခုအချိန်ထိ လူထုကြားမှာ နည်းနည်းလေးရေပန်းစားတဲ့ လူကြိုက်များတဲ့ တံဆိပ် တစ်ခုဖြစ် နေတုန်းဆိုတော့ ကျနော်တို့အခုလိုအလံပြန်တောင်းတဲ့အပေါ် ရိုက်ခတ်မှုကတော့ ကြီးမားတယ်။ သို့ပေမယ့် ဒါဟာကျနော်တို့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုကို ပြန်လည်တောင်းယူတာဖြစ်ပါတယ်။ နောက်တစ်ချက်က ကျနော်ရှေ့မှာလည်းပြောခဲ့ပါတယ်။

လက်ရှိ အနေအထားမှာ NLD ဟာ ကျောင်းသားလူငယ်တွေကို ကိုယ်စားမပြုတော့ပါဘူးဆိုတာ။ နကသ ကို NLD က လူတွေ ခေါင်းကိုင် လုပ်ပြီး တောက်လျောက်ဖွဲ့စည်းခဲ့တယ်။ ဗကသကို ဖြိုခွဲဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြံစည်ခဲ့တာတွေရှိခဲ့တယ်။

ဆိုတော့ ကျနော်တို့ကိုဖြိုခွဲနေတဲ့ အဖွဲ့အစည်းကြီးကို ကျနော်တို့ ရဲ့ ကိုယ်ပိုင်အမှတ်အသား ပေးထားဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ခုလိုပြန်တောင်းယူတာဖြစ်ပါတယ်။ သူတို့ပြောသလို လူထုအစိုးရအပေါ်မှာ အမြင်မကြည်လင်ဘူးဆိုရင်တောင် ဒါဟာ ပုဂ္ဂိုလ်ရေး အပေါ်မှာ အခြေခံတာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူတစ်ယောက်ကို ကျနော်တို့ အမြင်မကြည်လင်တာ မဟုတ် ဘူး။ မုံရွာအောင်ရှင်ဆိုတဲ့လူတစ်ယောက်ကို အမြင်မကြည် လင်တာ မဟုတ်ဘူး။ ဦးတင်ဦးဆိုတဲ့လူတစ်ယောက်ကို အမြင်မကြည်လင်တာမဟုတ်ဘူး။

NLD တစ်ခုလုံးရဲ့ ရပ်တည်ချက်အနေအထားကို ကျနော်တို့ အနေနဲ့ မနှစ်ခြိုက်တာဖြစ်ပါတယ်။ ကျနော်တို့ ဗကသများအဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးကို ကြွေးကြော် ထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးဆိုတာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ထဲမှာလုပ်ခဲ့တဲ့ ကျနော်တို့ဗကသများအဖွဲ့ချုပ်ရဲ့ (၇) ကြိမ်မြောက်ညီလာခံဆုံးဖြတ်ချက်ပါ။ အခု အလံ ပြန်တောင်းတယ် ဆိုတာ ဟာလည်း ညီလာခံရဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

ဒါဟာ ကျနော်တို့အနေနဲ့ ညီလာခံရဲ့ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်။ ညီလာခံမှာ ဆုံးဖြတ်ချက်ချခဲ့ကြ တာက လည်း ကျနော်ခုနကပြောသွားတဲ့အချက်တွေကြောင့်ပါ။ ကျနော်တို့ညီလာခံရဲ့ ဆုံးဖြတ်ချက်မှာဆိုရင် ကျနော်တို့ပေးထားတဲ့ အိတ်ဖွင့် ပေးစာထက်တောင် စကားလုံးပြင်းထန်ပါတယ်။

ညီလာခံဆုံးဖြတ် ချက်ထဲမှာဆိုရင် “၂၀၀၈ အခြေခံဥပဒေအောက်ကို ဒူးထောက် ဝင်ရောက်သောကျောင်းသား မဟုတ်သည့် အချောင်သမား အဖွဲ့အစည်းတွေ” လို့သုံးထားပါတယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေ ဆီကနေ ကျနော်တို့ရဲ့ ဗကသခွပ်ဒေါင်းအောင်လံတော်ကို ပြန်တောင်းတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဒီရက်ပိုင်းမှာပဲ လွှတ်တော်ဥက္ကဌကို စွပ်စွဲပြစ်တင်တာတွေ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆို တင်တာတွေဖြစ်ခဲ့သလို ဆက်တိုက်ပဲ အခု NLD ဆီ က အလံပြန်တောင်းတဲ့ကိစ္စပေါ်လာတော့ ဒါတွေဟာ အချိန်ကိုက် လုပ်ဆောင်မှုတွေ ဖြစ်နိုင်တယ်တို့၊ နောက်တစ်ခါ ဗကသဥက္ကဌကိုသက်မောင်မောင်ရဲ့မိသားစုဟာ တပ်မတော်က မို့လို့ ဗကသ ကို အာဏာရှင်စနစ်လိုလားသူ စစ်အုပ်စုတွေရဲ့ လွှမ်းမိုးကြိုးကိုင်မှုရှိနိုင်တယ်တို့ စသဖြင့်ဝေဖန်ကြ တာတွေကိုရော ဘယ်လို မြင်ပါသလဲ။

KHKT – ဒီဝေဖန်ချက်တွေဟာ နိုင်ငံရေးပါးမဝလို့ထွက် လာတဲ့ဝေဖန်ချက်တွေလို့ ကျနော် သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုအနေအထားမှာ ကျနော်တို့ ဗကသများ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကိုလက်မခံဘူး။ စစ် သုံးစစ်တိုက်ဖျက်ရေးကို ကြွေးကြော်ထားတယ်။ စစ်ဗျူရိုအဖွဲ့ယန္တယား၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ် ဒီသုံးခုကို တိုက်ဖျက်ဖို့အပြင်၊ ၂၀၀၈ အခြေခံ ဥပဒေဖျက်သိမ်းရေးကို ကျနော်တို့ ဦးတည်ကြွေးကြော် ထားတယ်။

ဆိုတော့ ကျနော်တို့ အနေနဲ့ ဒီလောက် ဦးတည်ချက်ကြီးကြီးကို ကိုင်ထားမှတော့ စစ်အုပ်စုနဲ့ ဘယ်လိုမှပတ်သက်လို့ မရတော့ဘူး။ ဒီအခြေခံအကြောင်းတရား လောက် ကိုတော့ သူတို့ သဘောပေါက်သင့်တယ်။ နောက်တစ်ခု ကိုသက်မောင်မောင်ရဲ့ မိသားစုကိစ္စ တွေကို ဇာနည်ထိုက် ဆိုတဲ့တစ်ယောက်က သူ့ရဲ့ facebook wall ပေါ်ကနေရေးသားပြီး တိုက်ခိုက် လာတယ်။ ဒီကိစ္စကို ကာယကံရှင် အနေနဲ့ တုံ့ပြန်သွားပါလိမ့်မယ်။

အာဏာရနေတဲ့ကြံ့ဖွံ့တွေက ဗကသကို NLD နဲ့ ပေါင်းတယ်လို့ စွပ်စွဲခဲ့ကြတာပဲ။ အခုသူတို့ (NLD) အာဏာရလာတော့လည်း ကျနော်တို့ကို ကြံ့ဖွံ့နဲ့ပေါင်းတယ်လို့ ပြောတာပဲ …

ကျနော်ပြောနိုင်တာကတော့ ကိုသက်မောင်မောင်အနေနဲ့ သူ့ အဖေကတပ်ကြပ်မို့လို့ သူ့အတွေးအခေါ် ရပ်တည်ချက်တွေ မှားသွား ခဲ့မယ်ဆိုရင်တောင်မှ သူတစ်ယောက်တည်းနဲ့ ဗကသတစ်ခုလုံးကို မောင်းနှင်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ ညီလာခံမှာ တိုက်ရိုက် ရွေးကောက် ထားတဲ့ CEC (၄) ယောက် ရှိပါ တယ်။ ဥက္ကဌ၊ ဒုဥက္ကဌ (၁)၊ ဒုဥက္ကဌ (၂)၊ အထွေထွေ အတွင်းရေး မှူးဆိုပြီး CEC (၄) ယောက် ရှိပါတယ်။ အဲဒီအောက်မှာ ပညာရပ်ဆိုင်ရာ အတွင်းရေးမှူး (၅) ယောက်ရှိပါတယ်။ အဲဒါအပြင် လုပ်ငန်းဌာနကော်မတီတာဝန်ခံတွေ ရှိပါသေးတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဆိုတာ ဒီတစ်ဖွဲ့လုံးကိုပြောတာဖြစ်ပါတယ်။

ကျနော်တို့ဗကသများအဖွဲ့ချုပ် ဟာ အရင်ကတည်းက ဒီမိုကရေစီအရသွားတာဖြစ်တယ်။ ဒီမိုကရေစီကိုအခြေခံသော ဗဟိုဦးစီးစနစ် ဆိုပေမယ့် ကျနော် တို့အနေနဲ့ ဒီမိုကရေစီကို ကျနော်တို့ကြားမှာရှင်သန်အောင် လုပ်ပြီး ဒီမိုကရေစီကို တာဝန်ခံထားပါတယ်။

အဲဒီတော့ဗျာ ကိုသက်မောင်မောင်အနေနဲ့ ရပ်တည်ချက်မှားခဲ့မယ်ဆိုရင်တောင်မှ ကျနော်တို့က ဒီမိုကရေစီ နည်းနဲ့ ပြန်ထိန်းချုပ်လို့ ရတယ်။ အဲဒီအချက်လောက်ကိုတော့သိသင့်တယ်။ နောက်တစ်ချက်က ကျနော်တို့အနေနဲ့စစ်အုပ်စုကို လုံးဝဘက်ကန်ထား တာ ဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေကို အယုံအကြည်မရှိပါဘူးဆိုကတည်းက ကျနော်တို့နဲ့စစ်အုပ်စုကြားမှာ ‘ရန် ငါ’ စည်းက ပြတ်နေပြီး သား။ နောက်တစ်ခုက NLD ပါတီက လူတချို့ကလည်း ကျနော်တို့ကို ကြံ့ဖွံ့နဲ့ပေါင်းတယ်လို့ ပြောကြတာတွေရှိတယ်။ သူတို့မှ မဟုတ် ပါဘူး။ ၂၀၁၅ မတိုင်ခင် ကလည်း အာဏာရနေတဲ့ကြံ့ဖွံ့တွေက ဗကသကို NLD နဲ့ ပေါင်းတယ်လို့ စွပ်စွဲခဲ့ကြတာပဲ။ အခုသူတို့ (NLD) အာဏာရလာတော့လည်း ကျနော်တို့ကို ကြံ့ဖွံ့နဲ့ပေါင်းတယ်လို့ ပြောတာပဲ။

ဆိုတော့ ဒါကအုပ်ချုပ်ရေးအာဏာရလာတဲ့လူတွေ လုပ်နေကျထုံးစံပေါ့ဗျာ။ ဗကသကတော့ ရိုးနေပါပြီ။ ဒီလိုဖြစ် ရပ်တွေ၊ ဒီလို ဝေဖန် မှုတွေ ကို ဗကသ အနေနဲ့ရိုးခဲ့ပါပြီ။ ကျနော်တို့ ဗကသတစ်ခုလုံးကတော့ ရပ်တည်ချက်မှန်ခဲ့ပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ အများကြီး ပြောစရာမရှိဘူး။

အဲဒီတော့ ဗကသဟာ အထက်မှာပြောခဲ့သလို စစ်သုံးစစ် တိုက်ဖျက်ရေးကို ဦးတည်ထား ပါတယ်။ ပြီးတော့ လက်ရှိမှာ စစ်အုပ်စု ကို တရားဝင်ဖြစ်အောင်လုပ်ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုအယုံအကြည် မရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ပေါင်းချင်းပေါင်းရင် NLD ကသာ စစ်အုပ်စုနဲ့ပေါင်းလိမ့်မယ်။ စစ်အုပ်စုနဲ့ ပေါင်းလို့လည်း ကျနော်တို့ ဗကသကို ဒီလိုမျိုး တွေတုံ့ပြန်နေတာလို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ ပေါင်းချင်းပေါင်းရင် NLD ကသာ စစ်အုပ်စုနဲ့ ပေါင်းလိမ့် မယ်။ ဗကသကတော့ ပေါင်းစရာ မရှိဘူး။

ဗကသအနေနဲ့ မျိုးဆက်အဆင့်ဆင့် စစ်အုပ်စုကို တိုက်လာခဲ့တာ ၁၉၆၂ ကနေ ဒီနေ့အထိပဲ။ ဗကသအနေနဲ့ စစ်အုပ်စုကို တိုက်လာ ခဲ့တာ နှစ်ပေါင်း (၆၀) ပြည့်တော့မယ်။ အဲဒီတော့ ဒီကိစ္စအတွက် သိပ်ပြီးပြောစရာမရှိဘူးဗျ။ ကျနော်တို့ ဗကသများ အဖွဲ့ချုပ် ဟာ အမြဲတမ်း လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ကျောင်းသားထုဆန္ဒနဲ့ပဲ ဆုံးဖြတ်လုပ်ကိုင်တယ်။

ဗဟို ကော်မတီ ဆိုတာ အမြင့်ဆုံးအဆင့်မဟုတ်သေးပါဘူး။ ဥပမာအနေနဲ့ နောက်ဆုံးအဆင့် ဗဟိုကော်မတီတစ်ဖွဲ့လုံး မှားသွား ရင်တောင် ဗဟိုကော်မတီ အထက်မှာ conference ရှိသေးတယ်၊ Congress ရှိသေးတယ်။အဲဒီနှစ်ဆင့် ရှိသေးတယ်။ ဗဟို ကော်မတီရဲ့ ရပ်တည်ချက် မှားသွားခဲ့ရင် ကျောင်းသားထုက အချိန်မရွေး ဝေဖန်ပိုင်ခွင့်၊ ရှုတ်ချပိုင်ခွင့် အပြည့်ရှိတယ်။ ဆိုတော့ ဗကသကတော့ ဒီမိုကရေစီကို အပြည့်အဝကျင့်သုံးတယ်။

တချို့နိုင်ငံရေးပါတီတွေလို ဗဟိုကော်မတီကို လူတစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်နေတာမျိုးမဟုတ်ဘူးဗျ။ ကျနော်တို့ ဗကသဟာ ဒီမိုကရေစီကိုတာဝန်ခံတဲ့၊ ဒီမိုကရေစီ ဘက်က အပြည့်အဝရပ်တည်နေတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ခဲ့တာ ၁၉၃၆ ကနေ ဒီနေ့အထိပဲ။ ၁၉၃၆ မှာဗကသ စတည်ထောင်တယ်။ ၁၉၅၁ မှာ ဗကသများ အဖွဲ့ချုပ်ဆိုပြီးတိုးချဲ့ ဖွဲ့စည်းခဲ့တယ်။ ၁၉၃၆ ကနေ ယနေ့အထိ (၈၄) နှစ်တာကာလအတွင်း ဗကသဟာ ပြည်သူ့ဘက်ကနေ ရပ်တည်ရာက ဘယ်တော့မှယိမ်းယိုင်မသွားခဲ့ပါဘူး။

ငြမ်းမီဒီယာ – ဗကသအနေနဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကို အစဉ်တစိုက် တောင်းဆိုခဲ့တာတွေ့ရတယ်။ လက်ရှိ NLD အစိုးရ ကလည်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဆိုပြီး လုပ်နေတာတွေ ရှိတော့ရှိတာပေါ့လေ။ ဆိုတော့ ဦးတည်ချက်အရ မူအရ ယေဘုယျ တူညီနေပါလျက်နဲ့ ပွတ်တိုက်မှုတွေရှိနေခဲ့တာကိုလည်းတွေ့ရတယ်။ ဆိုတော့ ဗကသက ပညာရေးစနစ်ပြောင်းလဲမှုမှာ ဦးဆောင်ချင်တာလား၊ အသိအမှတ်ပြုခံချင်တာလား၊ NLD အစိုးရရဲ့ ပညာရေးစနစ်ပြောင်း လဲရေးဆိုပြီး လုပ်နေတာတွေအပေါ် အယုံအကြည် မရှိတာလား။

KHKT – အဲဒီတော့ မေးခွန်းကို ကျနော်သုံးသပ်မိတာက အသိအမှတ်ပြုခံချင်တာလား၊ အစိုးရရဲ့ပြောင်းလဲမှုကို အယုံအကြည် မရှိတာလား ဆိုတဲ့နှစ်ချက်ပေါ့။ ဆိုတော့ ပြောစရာရှိတာက ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဗကသများ အဖွဲ့ချုပ် တစ်ခုလုံး အနေနဲ့ လုပ်ရင်တောင် ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျနော်တို့က ပြုပြင်ပြောင်းလဲရေးမှာ တစ်တပ်တအား အနေနဲ့ပါဝင်နေတာပဲဖြစ်ပါတယ်။

လက်ရှိအစိုးရရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးဆိုတာ ကျနော်တို့လက်ညှိုးထိုးပြစရာ မရှိဘူး။ သူတို့ဘယ်နေရာမှာ ပြောင်းလဲ ခဲ့တာလဲ။ ဘယ်နေရာမှာ ပြောင်းလဲခဲ့ပါတယ် ဆိုပြီး သူတို့ဘက်ကလည်း ပြစရာမရှိသလို ကျနော်တို့ဘက် ကလည်း ဘယ်နေရာ တော့ ပြောင်းလဲ သွားပြီဆိုပြီး ပြစရာမရှိဘူး။

အဲဒီတော့ (၅) နှစ်သာကုန်သွားတယ်။ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ လွှတ်တော်ထဲ ဝင်သွားခဲ့ကြတယ်။ (၅) နှစ်တာကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုမပြင်နိုင်ရင်တောင်မှ ပညာရေးစနစ်လောက်ကိုတော့ ကောင်းကောင်း ပြင်နိုင်ရမယ်။ (၅) နှစ်ဆိုတာကောင်းကောင်းလုံလောက်တယ်။

အစိုးရတစ်ရပ်အတွက် (၅) နှစ်ဆိုတာ အများကြီးလုံလောက်တယ်။ ဒါကြောင့်လည်း (၅) နှစ်ပဲ ပေးထားတာလေ။ လက်ရှိအစိုးရ အနေနဲ့ သူတို့တကယ်မလုပ်ခဲ့လို့ပဲ။ သူတို့စေတနာမမှန်လို့ဗျ။ ဟန်ပြပဲ လုပ်ခဲ့လို့ ပညာရေးစနစ်က ဒီအတိုင်းပဲရှိနေသေးတာ။

လက်ရှိပညာရေးစနစ်ကို ကျနော်တို့သုံးသပ်ထားတာ ရှင်းတယ်။ ကမောက်ကမပညာရေးစနစ်ပဲ။ ဆိုင်ရာဆိုင်ရာ ပညာရပ်တွေ အားလုံးမှာ ကမောက်ကမဖြစ်နေတယ်။ တက္ကသိုလ်တွေရဲ့ အုပ်ချုပ်မှုပုံစံတွေမှာလည်း ကမောက်ကမဖြစ်နေတယ်။ သင်ကြားရေး စနစ်တွေလည်း ကမောက်ကမဖြစ်နေတယ်။ သင်ရိုးတွေ ကမောက်ကမဖြစ်နေတယ်။

ပညာရေးစနစ်ကြီးတစ်ခုလုံး ကမောက်ကမဖြစ်နေတဲ့အနေအထားမှာ ဒါကို ရှင်းရှင်းလင်းလင်းမြင်ပြီး  တိုက်ရဲခဲ့တာကတော့ ဗကသပဲရှိပါတယ်။ ဒီပညာရေး စနစ်ဟာ ကမောက်ကမဖြစ်နေပါတယ်၊ ပြင်ကိုပြင်ရမယ်ဆိုပြီး အသံထွက်ရဲတာလည်း ဗကသပဲ ရှိခဲ့ပါတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေ လုံးဝမရှိဘူးလို့ပြောတာမဟုတ်ဘူး။

ပထမဆုံး အသံထွက်ပြီး ရှေ့ဆုံးကနေ ပြောခဲ့ဆိုခဲ့တာ ဗကသများအဖွဲ့ချုပ်ပဲဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဒီလို ပြောခဲ့တာ၊ တိုက်ခဲ့တာ ခုမှမဟုတ်ပါဘူး။ ‘ကမောက်ကမပညာရေးစနစ်’ဆိုတဲ့ စကားလုံး၊ ‘ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး’ ဆိုတဲ့စကားလုံးတွေကိုပြောပြီး တိုက်ပွဲဝင်ခဲ့ကြတာ ၁၉၅၈/၆၀ လောက်ကတည်းကပါ။ ဆိုတော့ ဗကသ အနေနဲ့က တစ်ခုခုအပေါ်မှာ နာမည်ကောင်း ဝင်ယူလို့ မရဘူးဗျ။

ပညာရေးစနစ်ကို ဗကသတစ်ခုတည်းကပြောင်းလို့မရဘူး။ ဗကသဆိုတာ အာဏာပိုင် အဖွဲ့အစည်းလည်းမဟုတ်ဘူးဗျ။ ပညာရေး စနစ်တစ်ခု ပြုပြင်ပြောင်းလဲဖို့အတွက် ကျနော်တို့က တောင်းဆိုတိုက်တွန်းပေးလို့တော့ရတယ်။ ဒါပေမယ့်ကျနော်တို့ ဝင်ပြောင်းပေး လို့တော့မရဘူး။ ကျနော်တို့ တောက်လျောက်လုပ်ခဲ့တဲ့လှုပ်ရှားမှုတွေရဲ့ အနှစ်သာရက ဒါပဲ။

ကျနော်တို့ရပ်တည်ချက်မှန် တယ်လို့ ကျနော်ယုံကြည်တယ်။ ယုံကြည်တဲ့ အတိုင်းလည်းလုပ် တယ်။ အဲဒီလို လုပ်ခဲ့လို့ လည်း (၈၄) နှစ်အထိ ဗကသ က …

ကျနော်တို့အနေနဲ့ လုပ်နိုင်တဲ့လူကို လုပ်အောင်တွန်းအားပေးမယ်။ ဘယ်လိုကောင်းအောင် လုပ်ခိုင်းမလဲ။ ဒါလောက်ပဲ။ အဲဒီတော့ ကိုယ်တိုင်လုပ်လို့မရမှတော့ ကျနော်တို့ဗကသအနေနဲ့ နာမည်ရစရာအကြောင်းမရှိဘူး။ သေစရာရှိရင်တော့ ဗကသတွေ သေမှာ ပေါ့ဗျာ။ ဗကသတွေ အရင်ဆုံးထောင်ထဲဝင်ရမှာပေါ့။ ဒါပေမယ့် တကယ်တမ်း နာမည်ရရင်တော့ ပြုပြင်ပြောင်းလဲ ပေးခဲ့တဲ့ အစိုးရပဲ ရမှာပေါ့။ အစိုးရတစ်ရပ်က ပညာ ရေးစနစ်ကိုပြောင်းလဲလိုက်နိုင်ပြီဆိုရင် လက်တွေ့အားဖြင့် သူတို့ပဲနာမည်ရတာပါ။ ရွေးကောက် ပွဲတွေ လုပ်နေတဲ့စနစ်မျိုးမှာ ဒီကိစ္စက သိသာပါတယ်။ ပညာရေးစနစ် တစ်ခုကိုပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်ဆိုပြီး နောက် မဲဆွယ် ကာလမှာ သူတို့မဲဆွယ်လို့ရနိုင်တယ်ပေါ့ဗျာ။

ဗကသအနေနဲ့ကတော့ နာမည်ကောင်းရစရာ မရှိပါဘူး။ ကျနော်တို့အနေနဲ့က သမိုင်းမှာမှတ် တမ်းတင်ခံရဖို့တောင် မျိုးဆက်နဲ့ချီပြီး စောင့်ရပါတယ်။ ကျနော်တို့အနေနဲ့ အိုပြီးသေသွားတဲ့ အချိန်ကျမှ မှတ်တမ်းထဲရောက်ချင် ရောက်မှာပေါ့။ ဗကသအနေနဲ့ ဒါမျိုးတွေလုပ်ခဲ့ပါတယ် ဆိုပြီးပေါ့။

အဲဒီတော့ ကျနော်တို့အနေနဲ့ နာမည်ဝင်ယူစရာလည်း အကြောင်းမရှိပါဘူး။ ဒီလို နာမည်ကောင်းယူရုံ ရပ်တည်ချက်မျိုး မရှိခဲ့ လို့လည်း ဗကသအနေနဲ့ (၈၄) နှစ်အထိ ဆက်လက်ရပ်တည်နိုင်တာဖြစ်ပါတယ်။ နာမည်ကောင်းကြိုက် တဲ့လူက နာမည်ကောင်း ရတဲ့ ဟာပဲလုပ်တော့မှာလေ။ လက်ရှိ အနေအထားလိုပေါ့ဗျာ။ ကျနော်တို့အလံပြန်တောင်းတာ နာမည် ကောင်း ရမယ့်ကိစ္စ မဟုတ်ဘူး။ ဒါကြောင့်လည်း လူတော်တော်များများက ဒါမျိုး မလုပ်သင့်ဘူးဆိုတဲ့ အသံတွေ ထွက်လာတာ ဖြစ်တယ်။

ဒါပေမယ့် ကျနော်တို့ရပ်တည်ချက်မှန် တယ်လို့ ကျနော်ယုံကြည်တယ်။ ယုံကြည်တဲ့ အတိုင်းလည်းလုပ် တယ်။ အဲဒီလို လုပ်ခဲ့လို့ လည်း (၈၄) နှစ်အထိ ဗကသ က ဆက်လက် ရှင်သန်နေခဲ့တာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိ NLD ပါတီဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Message တစ်ခုခု ပေးရမယ်ဆို ဘာများပြောချင်ပါသလဲ။

KHKT – မတ်လကုန်ကျောင်းဖွင့်မယ်ဆိုတဲ့ ကိစ္စတုန်းက ကျနော်တို့ဗကသများအဖွဲ့ချုပ်က ‘ဗလာကြေညာချက်’ ထုတ်ခဲ့ပါတယ်။ အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Message ပေးရမယ်ဆို ကျနော့် အနေနဲ့ ‘ဗလာကြေညာချက်’ ကိုပေးမှာပါ။

ငြမ်းမီဒီယာ – “ဗလာကြေညာချက်” ဆိုတာ “ဘာမှပြောစရာမရှိဘူး” လို့ ပြောချင်တာလား။

KHKT – ‘ဘာမှပြောစရာမရှိဘူး’ ဆိုတာထက် “ဘာ မှ ပြော စရာ မ ရှိ တော့ ဘူး” ဆိုတဲ့ အဓိပ္ပါယ်ပါ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါ။

KHKT – မရှိပါဘူး။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,