ဂဠုန်ဦးစော

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၀ီကီ/ ဂဠုန်ဦးစော

ဦးစောသည် ရှမ်းဘောင်းဘီ အပြာရောင် ကို သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားသည်။ ကြိုးစင်ရှိရာ ထွက်ခွာလာစဉ် အကျဉ်းထောင် အဆောင်များ အလယ်ရှိ ဘုရား ရုပ်ပွားတော် တစ်ဆူ ကိုးကွယ်ထားရာ ကို လွန်လာ သဖြင့် ပြန်လှည့်၍ ဒူးတုပ် ဝပ်ချသည်။ ထို့နောက် …

 

ငယ်စဉ်ဘဝ

နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော ကို အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိ ဒေါ်ပန်းတို့မှ ၁၉၀ဝ ပြည့်နှစ်၊ မတ်လ (၁၆) ရက် (မြန်မာ သက္ကရာဇ် ၁၂၆၂ ခု၊ ကဆုန်လပြည့်ကျော် (၄)ရက်) ဗုဒ္ဓဟူးနေ့ ည (၇)နာရီ (၃၀) မိနစ် တွင် ဖွားမြင်သည်။ မွေးချင်း လေးယောက် အနက် ဒုတိယမြောက်ဖြစ်သည်။

ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမတန်း အောင်မြင်သည် အထိ ပညာသင်ကြား ခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာ ကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက် သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ် တွင် တတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင် ကာ ရှေ့နေလိုက်ခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေး

သာယာဝတီ မြို့မ ဝံသာနု ကောင်စီ တွင် စက္ကရီတေရီ အဖြစ် လည်း ဆောင်ရွက်ခဲ့ သည်။ ၁၉၂၁ ခုနှစ် ဂျီ၊ စီ၊ ဘီ၊ အေ အကွဲ တွင် ဖခင် ဦးဖိုးကြူး နှင့်အတူ (၂၁)ဦးအဖွဲ့ ဘက် က ပါဝင်သည်။ ၁၉၂၅ ခုနှစ် ပထမ အကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၂၇ ခုနှစ် တွင် မူ ဒိုင်အာခီ ရွေးကောက်ပွဲတွင် သာယာဝတီ တောင်ပိုင်း မဲဆန္ဒနယ်မှ မင်းတိုင်ပင် အမတ်အဖြစ် အရွေး ခံရသည်။

၁၉၂၉ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီ ဦးပု ကို အနိုင်ရကာ လွှတ်တော်အမတ် အဖြစ် ဆက်လက် အရွေးခံရသည်။ တောင်သူ လယ်သမား တော်လှန်ရေး ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ ၏ နောက်လိုက်များ အတွက် ရှေ့နေလိုက်ပေးခဲ့သည်။

၁၉၃၁ ခုနှစ် ဥပဒေပြုကောင်စီ တွင် ဦးစောသည် ဂဠုန်ဆရာစံ၏ တောင်သူ လယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ် အစိုးရသည် ပုန်ကန်သူများ အား နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။ ထို့ပြင် အင်္ဂလိပ် ဘာသာဖြင့် မြန်မာပြည် အရေး စာအုပ် တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ် အစိုးရ၏ ပိတ်ပင် တားဆီးမှု ခံရသည်။ သာယာဝတီ တောင်ပိုင်း အမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး” စာအုပ် ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညို ပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။

ဥပဒေပြုလွှတ်တော် အစည်းအဝေး တွင်လည်း ဆရာစံ တောင်သူ လယ်သမား ပုန်ကန်မှုနှင့် ပတ်သက်၍ အင်္ဂလိပ် အစိုးရ၏ အရေးယူ ဆောင်ရွက်မှု များ ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားရာ ထိုစဉ် က ပြည်ထဲရေး အတွင်းဝန် “မစ္စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) က ဦးစောအား “မောင်စော ဂဠုန် ဖြစ်လာပြီ”ဟု ပြောရာမှ “ဂဠုန်ဦးစော”ဟု အမည် တွင်လာသည်။

၁၉၃၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲ တွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ် မှ အရွေးခံရာ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် နောက် ဆယ်လကျော် အကြာ ကြားဖြတ် ရွေးကောက်ပွဲ၌ ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ် မှ အရွေး ခံရသည်။ ၁၉၃၄ ခုနှစ် တွင် ဦးစောသည် ရန်ကုန် မြူနီစီပယ် လူကြီး အဖြစ် ဝင်ရောက် ဆောင်ရွက်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၃၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့ တွင် သူရိယ သတင်းစာ ကိုယ်စားလှယ် အဖြစ် ဂျပန်နိုင်ငံ သို့ သွားရောက်ခဲ့သည်။ အပြန်တွင် ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ အဆိုပါနိုင်ငံ၏ အဆာဟိ ရှင်ဘန်း သတင်းစာ ကို လည်း လေ့လာခဲ့သည်။

ဂျပန် မှ အပြန် ဦးစောသည် “ ကိုယ်တွေ့ ဂျပန်ပြည်” စာအုပ်ကို ရေးကာ သူရိယ မှ ထုတ်ဝေခဲ့သည်။ ထို့နောက် သူရိယ သတင်းစာ ရှယ်ယာ များ ထပ်မံ ဝယ်ယူပြီး ၁၉၃၆ ခုနှစ် တွင် သူရိယ သတင်းစာ၏ ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာ သည်။

၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင် တို့ က အိန္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီ တို့ အား ဧည့်ခံ ဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သည်။ သူရိယ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဩဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒ ကို ၎င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။

၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီး ဘွဲ့ခံ ကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ် ဆောင်ရွက် သည်။ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသား သပိတ် ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှု ရရန် ကြိုးစားခဲ့သည်။ ၁၉၃၈ ခုနှစ်၊ မတ်လတွင် မျိုးချစ် ပါတီ ကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ် ပါတီ ဌာနချုပ် ကို သူရိယ သတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ် ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (…) နေအိမ် တွင် ထားရှိသည်။ မျိုးချစ် ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ် ပါဝင်သည်။

၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ဒေါက်တာဘမော် ဦးဆောင်သော ညွှန့်ပေါင်း အစိုးရအား အယုံအကြည် မရှိ အဆို ထပ်မံ တင်သွင်းရာ (၇၀) မဲ၊ (၃၇) မဲဖြင့် အနိုင်ရသည်။ ၁၉၃၉ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွှန့်ပေါင်း အစိုးရအဖွဲ့ ၌ ဦးစော သည် လယ်ယာနှင့် သစ်တောရေးရာ ဝန်ကြီး ဖြစ်လာသည်။ ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ လွှတ်တော် အစည်းအဝေး တွင် နန်းရင်းဝန် ရွှေကျင်ဦးပု အား အယုံအကြည် မရှိ အဆို ထပ်မံ တင်သွင်းပြီး ရာထူးမှ ဖြုတ်ချကာ ဦးစော ကိုယ်တိုင် နန်းရင်းဝန် အဖြစ် အစိုးရအဖွဲ့ ကို ဦးဆောင်ခဲ့သည်။ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်စဉ် က ဦးစော သည် မြန်မာအမျိုးသမီးများ ကို စောင့်ရှောက်ရန် ဥပဒေ တစ်ခု ပြဌာန်းခဲ့သည်။ ယင်းဥပဒေ မှာ “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြား လက်ထပ်ခြင်း ဥပဒေ” ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ် တွင် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး) မြန်မာနိုင်ငံ သို့ လာရောက်သော အခါ ဦးစောသည် ဗိုလ်မှူးကြီး စူဇူကီး အား ခေါ်ယူတွေ့ ဆုံကာ မြန်မာ့လွတ်လပ်ရေး အတွက် ဂျပန်ထံမှ အကူအညီများ လိုချင်ကြောင်း ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့ မြေနီကုန်း (အထက ၂ စမ်းချောင်း ကျောင်းရှေ့) စိန့်ဖလို မီနာကျောင်းရှေ့၌ သေနတ်ပစ် ခံရ၍ မျက်စိ ဒဏ်ရာ ရခဲ့သည်။ ၎င်းလုပ်ကြံမှု အား ဗိုလ်ချုပ်အောင်ဆန်း က နောက်ကွယ်မှ စေခိုင်း ခဲ့သည်ဟု အထင်မှားကာ ဗိုလ်ချုပ်အောင်ဆန်း အပေါ် အငြိုးအတေး ထားခဲ့သည် …

 

၁၉၄၁ ခု၊ အောက်တိုဘာလ (၈) ရက်နေ့တွင် နန်းရင်းဝန် ဦးစောသည် အိုင်စီအက်စ် ဝန်ထမ်း ဦးတင်ထွတ် ကို အကြံပေး အဖြစ် ခေါ်ဆောင်ပြီး နန်းရင်းဝန် အက်တလီနှင့် တွေ့ရန် အင်္ဂလန် သို့ သွားရောက်ခဲ့သည်။ အင်္ဂလန်တွင် နန်းရင်းဝန် အက်တလီနှင့် တွေ့ခွင့် ရသော်လည်း စစ်ပြီး လျှင် မြန်မာနိုင်ငံအား ဒိုမေနီယန် အုပ်ချုပ်ရေးပေးရန် တောင်းဆိုရာ အောင်မြင်မှု မရခဲ့ချေ။ အင်္ဂလန်မှ အပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်း မြို့အရောက် ဂျပန်ကောင်စစ်ဝန်ရုံးသို့ သွားပြီး ပေါ်တူဂီ နိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင်းသို့ ဂျပန်များ ဝင်ရောက် လာပါက ဗြိတိသျှတို့ ကို တိုက်ခိုက်ရာ တွင် ကူညီဦး မည်ဟု စကား ကမ်းလှမ်းခဲ့သည်၊ ထိုအကြောင်း ကို ဗြိတိသျှ စုံထောက်များ သိရှိပြီး ဂျပန်သံရုံးနှင့် ဆက်သွယ်မှုဖြင့် ပါလက်စတိုင်း (အစ္စရေး) ပြည် ဟိုင်ဖာမြို့တွင် အင်္ဂလိပ် အစိုးရ၏ ထိန်းသိမ်း ထားခြင်းခံရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် နန်းရင်းဝန် ဦးစောအား မြန်မာပြည်သို့ ပြန်ခွင့်မပြုဘဲ ဆက်လက်ထိန်းသိမ်းလိုက် ကြောင်း အင်္ဂလိပ် အစိုးရက ကြေညာခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် နန်းရင်းဝန်ဟောင်း ဦးစောသည် ယူဂန္ဓာနိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလတွင် မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၄၆ ခု၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့် ခေါ်ယူတွေ့ဆုံခြင်း ခံရသည်။ ထိုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်း (အထက ၂ စမ်းချောင်း ကျောင်းရှေ့) စိန့်ဖလို မီနာကျောင်းရှေ့၌ သေနတ်ပစ် ခံရ၍ မျက်စိ ဒဏ်ရာ ရခဲ့သည်။ ၎င်းလုပ်ကြံမှု အား ဗိုလ်ချုပ်အောင်ဆန်း က နောက်ကွယ်မှ စေခိုင်း ခဲ့သည်ဟု အထင်မှားကာ ဗိုလ်ချုပ်အောင်ဆန်း အပေါ် အငြိုးအတေး ထားခဲ့သည်။

 

ဦးစောသည် သူ့အားပေးသော နံနက် လက်ဖက်ရည် ကို အခန်း၌ ဆွမ်းတော် ကပ်ခဲ့သည်။ ဖယောင်းတိုင် သုံးတိုင် ထွန်းညှိပြီး ပူဇော် ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာန …

 

စက်တင်ဘာလ (၂၆) ရက်နေ့ တွင် ဘုရင်ခံ၏ အမှုဆာင်ကောင်စီ၌ ပညာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၄၇ ခု၊ ဇန်နဝါရီလ(၉) ရက်နေ့တွင် ဗြိတိသျှ အစိုးရ ဖိတ်ကြားချက် အရမြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဆွေးနွေးရန် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် အင်္ဂလန် သို့ သွားရောက် ခဲ့သည်။ ဇန်နဝါရီလ (၂၇) ရက်နေ့ တွင် မြန်မာ့လွတ်လပ်ရေး အတွက် ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ် ကို ထိုစဉ်က အဖွဲ့ဝင် အဖြစ်လိုက်ပါသော သခင်ဗစိန်နှင့် အတူ လက်မှတ်ထိုးရန် ငြင်းဆိုပြီး စာချုပ်ကို ကန့်ကွက်ခဲ့သည်။ မြန်မာပြည်ပြန် ရောက်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် သခင်ဗစိန်နှင့်အတူ ဝန်ကြီးအဖြစ်မှ နုတ်ထွက် ခဲ့သည်။ အစိုးရ အဖွဲ့မှ နုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာ ဘမော်တို့ နှင့် အတူ “မဟာဗမာ”အဖွဲ့ ဖွဲ့စည်း၍ ဖဆပလ အတိုက်အခံ အဖြစ် ဆောင်ရွက်သည်။ ထိုစဉ် က မဟာဗမာအဖွဲ့ ကို စာနယ်ဇင်းများ တွင် “စောစိန်မော်ဂိုဏ်း” ဟု ကင်ပွန်း တပ်ခံရသည်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကို လုပ်ကြံမှု

ထို့နောက် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဂဠုန်ဦးစောသည် သူ၏ နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကို လုပ်ကြံရန် စေခိုင်းခဲ့သည်။ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံရသည့်နေ့ ညနေပိုင်း မှာ ပင် ထိုလုပ်ကြံမှု ၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများ အား ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေး တပ် တပ်ရင်း အမှတ် (၁) မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော် များ သည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (….)ရှိ ဦးစောအိမ် သို့ ဝိုင်းပြီး အိမ်တွင်း အိမ်ပြင် ရှာဖွေ ဖမ်းဆီး ကာ စုံထောက် အင်စပတ်တော် မစ္စတာဂျပ် ခေါင်းဆောင် သော ရဲအဖွဲ့လက် သို့ အပ်ခဲ့သည်။ ထို့နောက် ဦးစောနှင့် အပေါင်းအပါများ အား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူး တို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှု ထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ် စီရင်ချက် ချမှတ်ခဲ့လေသည်။

တရားခံများ က အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာ ကို ၁၉၄၈ ခု၊ ဧပြီလ (၂၀) ရက်နေ့တွင် တရား လွှတ်တော်ချုပ် မှ ပယ်ချ လိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီ တို့ အပေါ်တွင် ချမှတ်ထားသော သေဒဏ် အမိန့် ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေး ခဲ့သည်။

ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီး တို့ အား အင်းစိန် အကျဉ်း ထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင် တို့ အား ရန်ကုန် အကျဉ်း ထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ) တွင် လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲ တွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။

ဘဝနိဂုံး

ဦးစောသည် သူ့အားပေးသော နံနက် လက်ဖက်ရည် ကို အခန်း၌ ဆွမ်းတော် ကပ်ခဲ့သည်။ ဖယောင်းတိုင် သုံးတိုင် ထွန်းညှိပြီး ပူဇော် ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာန မင်းကြီး ဦးဘမောင်၊ ဆရာဝန်၊ တရားသူကြီး၊ အင်းစိန်ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ထောင်အာဏာပိုင်များ စသည်တို့ ကို ပြုံးရွှင်စွာ နှုတ်ဆက်သည်။

ဦးစောသည် ရှမ်းဘောင်းဘီ အပြာရောင် ကို သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားသည်။ ကြိုးစင်ရှိရာ ထွက်ခွာလာစဉ် အကျဉ်းထောင် အဆောင်များ အလယ်ရှိ ဘုရား ရုပ်ပွားတော် တစ်ဆူ ကိုးကွယ်ထားရာ ကို လွန်လာ သဖြင့် ပြန်လှည့်၍ ဒူးတုပ် ဝပ်ချသည်။ ထို့နောက် ကြိုးစင် ဘက်သို့ ဆက်လက် ထွက်ခွာရာတွင် မြင်ရာလူကို လှမ်းပြီး နှုတ်ဆက်သည်။ အထူးခုံရုံး နာယက ဦးကျော်မြင့်နှင့်တကွ သူ့ကိုတာဝန်အရ ဆောင်ရွက် ရသည့် သူများအား မုန်းထားမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည် ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။

ဦးစော၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို အင်းစိန်ထောင်ကြီး အနီးရှိ ပေါက်တော သင်္ချိုင်းတွင်ပင် မြေမြုပ်သင်္ဂြိုဟ်လိုက်သည်။

 

မှတ်ချက် ။ ။ ယခုဖော်ပြပါ ဂဠုန်ဦးစော အကြောင်း အား ဝီကီပီဒီယား စာမျက်နှာ မှငြမ်း မီဒီယာ က ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,