ငါတို့မင်းဆက်က ဟိုအရုပ်ကြီးသုံးရုပ်ကနေလာတဲ့မင်းဆက် ဆိုတဲ့ပုံစံမျိုး တွေးခေါ်နေသမျှ အခက်အခဲရှိနေမှာ – အပိုင်း (၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NCA – S EAO / ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး

တိုင်းရင်းသားတွေကို စည်းလုံးညီညွှတ်မှု လုပ်ချင်ပါတယ်ဆိုပြီး တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်တယ်ဆိုတာ ခန့်စရာကိုမလိုတာ။ ခန့်ပြီးတော့ အဲဒီဝန်ကြီးမှာလဲ ဘာမှလုပ်ပိုင်ခွင့်လည်းမရှိဘူး …

တစ်နှစ်ကျော်ကြာအောင် ရပ်တန့်နေခဲ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ယခုလ (၈) ရက်နေ့က ကျင်းပခဲ့ရာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားတို့၏ သဘောထားအမြင်များနှင့် ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – ကမ္ဘာပေါ်မှာ လက်နက်ကိုင်တော်လှန်ကြတဲ့ တော်လှန်ရေးတွေ အများကြီးရှိခဲ့တယ်။ အောင်မြင်တဲ့ တော်လှန်ရေးတွေရှိသလို မအောင်မြင်တဲ့ဟာတွေလည်းရှိတယ်။ အောင်မြင်ခဲ့တဲ့တော်လှန်ရေးတွေကို ပြန်ကြည့်ရင်လည်း အဲဒီတော်လှန်ရေးသမားတွေဟာ အာဏာရှင်ဆန်သွားကြတာချည်းပဲ။ ကျူးဘားက ကတ်စရို၊ အီရတ်က ဆဒန်ဟူစိန်၊ လစ်ဗျား က ကဒါဖီ အစရှိသဖြင့်ပေါ့။ ဆိုတော့ လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ အာဏာရှင်ကိုတော်လှန်ပြီး အာဏာရှင် ပြန်ဖြစ်သွားတဲ့ အခြေအနေတွေလည်းရှိနိုင် သလို မြန်မာနိုင်ငံမှာဆိုရင်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အာဏာရှင် ဆန်ဆန် စစ်ရာဇဝတ်မှု ကျူးလွန်ကြတာတွေကို နိုင်ငံတကာက စာတမ်းတွေ၊ စစ်တမ်းတွေမှာ ဖော်ပြနေကြ တာတွေရှိတယ်။ ဆိုတော့ ဒီနေ့လက်ရှိခေတ်ကိုအခြေခံပြီး သုံးသပ်ရင် လက်နက်ကိုင်တော်လှန်ရေး ဆိုတဲ့အယူအဆကို ဘယ်လိုမြင်ပါသလဲ။

PSTDM – အမှန်ကတော့ ဒီလိုဗျ။ လက်နက်ကိုင်တော် လှန်ရေးဆိုတာက ကျနော်တို့ ရင်ဆိုင်ရတဲ့အစိုးရတစ်ရပ်၊ ကြုံတွေ့ ရတဲ့အခက်အခဲအပေါ်မှာ ပြန်လည်ပြီးတော့အဖြေရှာနိုင်ဖို့ ဆောင်ရွက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဥပမာ ကျနော် တို့ KNU ဆိုရင် ကျနော်တို့ကို ဖိအားပေးတိုက်ခိုက်တာကို ခံခဲ့ရတဲ့အတွက်ကြောင့် ကျနော်တို့ကလည်း ရှိသမျှ မီးကျိုးမောင်းပျက်တွေနဲ့ ရှာကြံပြီးတော့ ခုခံရင်းနဲ့ တော်လှန်ရေးက စလာခဲ့ရတာကိုး။ ဒါပေမယ့်လက်နက်ကိုင် တော်လှန်ရေးရယ်လို့ ဖြစ်လာတယ် ဆိုပေမယ့် ကျနော်တို့ ဒီနေ့ဒီကာလမှာ တော်လှန်ရေးအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် လိုက်နာရမယ့် International Law တွေ၊ Humanitarian Law တွေရှိတယ်။ ဥပမာအားဖြင့် စစ်မက်ကာလမှာ အစိုးရသော် လည်းကောင်း၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း သော် လည်းကောင်း အရပ်သားတွေအပေါ် ဘယ်လို ပြုမူဆက်ဆံရမယ်ဆိုတဲ့ International humanitarian Law တွေရှိတယ်။ အဲဒါတွေက War Crime လိုမျိုး၊ Genocide လိုမျိုး မဖြစ်အောင် ဘယ်လိုလိုက်နာရမယ်ဆိုတာ၊ အထူးသဖြင့် ဂျနီဗာကွန်ဗန်းရှင်းမှာ ကြည့်လိုက်မယ်ဆိုရင် လက်နက် ကိုင်တဲ့ အစိုးရအဖွဲ့အစည်းသော်လည်းကောင်း၊ Non Government လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေသော်လည်းကောင်း လက်နက်ကိုင်မဟုတ် တဲ့ သာမန် အရပ်သားပြည်သူလူထုကို ဘယ်လိုပြုမူဆက်ဆံရမယ်ဆိုတဲ့ ဥပဒေရေးသားချက်တွေရှိတယ်။ ဆိုတော့ အဲဒီအခြေခံကို အကုန်လုံး လိုက်နာရင် ပြဿနာမရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေးကို ပြုပြင်ပြောင်း လဲမှု တကယ် လုပ်ချင်ရင် နိုင်ငံရေးဆန္ဒတကယ်ရှိကြောင်း ပြတဲ့ အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု တွေ ကို လျော့ချဖို့လိုတယ်။ မလျော့ …

ဂျနီဗာကွန်ဗန်းရှင်းရဲ့ ဖော်ပြချက်တွေမှာ အထူးသဖြင့် နှစ်ဘက်ဖမ်းဆီးမိတဲ့ သုံ့ပန်းတွေကို တောင်မှ ဘယ်လို တရားနည်းလမ်း ကျကျ ဆက်ဆံရမှာတို့၊ ရှင်းရှင်းပြောရင်ဗျာ လက်နက်မကိုင် ထားဘဲ ယူနီဖောင်းဝတ် ထားရုံဆိုရင်တောင် လုပ်ပိုင်ခွင့်မရှိဘူး။

လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဟာ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်ဆိုပေမယ့်လည်း ဘာ အတွက် တော်လှန်လဲဆိုတာ အရေးကြီး ပါတယ်။ ကိုယ်ဘာအတွက် …

အရပ်သားဆို ပိုဆိုးတာပေါ့။ အဲဒီတော့ ပြောချင်တာက လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက ကိုယ့်ရဲ့ပြည်သူလူထုအတွက်၊ ကိုယ့်ရဲ့ အဖွဲ့အစည်းအတွက် တိုက်ပွဲဝင်ကြတယ် ဆိုပေမယ့် ခုနကပြောတဲ့ နိုင်ငံတကာ humanitarian Law တွေကို လိုက်နာတယ် ဆိုရင်တော့ ဒီအခက်အခဲက ကျနော် တို့ ဒီလိုမျိုးမကြုံရနိုင်ဘူး။ လက်နက်ကိုင်ပြီဆိုရင် ကိုယ့်မှာ ဆောင်ရန် ရှောင်ရန်က ရှိကိုရှိ တယ်။ အဲဒီဆောင်ရန်ရှောင်ရန် တွေကို လက်နက်ကိုင်အဖွဲ့အစည်းတိုင်း က မိမိတို့ရဲ့ အရာရှိ အရာခံတွေကအစ အောက်ခြေ တပ်သားတွေအဆုံး ဒါတွေကို သေသေချာချာ လိုက်နာနိုင်အောင်မဆောင်ရွက် ထားဘူးဆိုရင် စောစောကခင်ဗျားပြောတဲ့ကိစ္စတွေ ဖြစ်လာလိမ့်မယ်။ ကျနော်တို့ဆိုရင်ဖြတ်လေးဖြတ် ကာလတို့ ဘာတို့ စတဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲ တွေမှာ အခုခင်ဗျားတို့ကြားနေရတဲ့ ပုံစံတွေချည်းပဲ ကြုံတွေ့ခဲ့ရတာပဲလေ။ အဲဒါကြောင့် ကျနော်တို့တပ် တွေကိုတော့ ဆောင်ရန် ရှောင်ရန်တွေကို အမြဲတမ်းမှာ ထားရ တယ်။ တပ်တစ်တပ်ရဲ့ စည်းကမ်းဆိုတာ အဲဒါနဲ့လည်းဆိုင်တယ်။ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်လို့ ပြန်ပြီး ဖြေချင် တာကတော့ ခုနကပြောတဲ့ ဂျနီဗာကွန်ဗန်းရှင်းလိုဟာမျိုးကို ကျနော်တို့က သက်ဆိုင်ရာတပ် ဖွဲ့တွေရဲ့ တပ်မှူးကြီးတွေ ကနေပြီး တော့ စနစ် တကျစီမံကိန်းချပြီးတော့ ကိုယ့်ရဲ့အောက်ခြေ အရာရှိအရာခံအကြပ်တပ် သားတွေအထိ ဆောင်ရန် ရှောင်ရန် တွေကို ချပေး ထားဖို့၊ သင်တန်းတွေပေးထားဖို့၊ မွန်းမံတွေလုပ်ဖို့ကို ထိန်းသိမ်းဆောင်ရွက်ရပါတယ်။ ဘာလို့ လည်းဆို ဒါ အားလုံးမှာတာဝန်ရှိတာကိုး။

ငြမ်းမီဒီယာ – မေးခွန်းက လက်နက်ကိုင်တော်လှန်ရေးဟာ အောင်မြင်ခဲ့ရင်တောင်မှ နောက်ထပ် အာဏာရှင်အသစ်ကို မွေးဖွားပေးသလို ဖြစ်စေတယ်ဆိုတဲ့အချက်ကို ဘယ် လိုမြင်သလဲဆိုတာပါ။

PSTDM – အဲဒါကတော့ ကိုင်တွယ်တဲ့စနစ်အပေါ်မှာ မူတည်မယ်ထင်တယ်။ ခင်ဗျားခုနက ဥပမာပေးတဲ့ ကတ်စရိုတို့၊ ချေဂွေဗားရား တို့ဆိုတာက သူတို့က ကွန်မြူနစ်စနစ်ကို ကိုင် တွယ်ခဲ့ကြတာကိုး။ အဲဒီတော့ ပြောချင်တာက လက်နက်ကိုင်တဲ့တပ်မတော်တစ်ခုက ကွန်မြူနစ်လိုဝါဒစနစ်မျိုးနဲ့ ပေါင်းစပ်သွားတဲ့ အခါကျတော့အာဏာရှင်ဆန်တဲ့ ဘက်ကိုရောက် သွားတာပေါ့။ ဆဒန်ဟူစိန်တို့ ကျတော့ လည်း သူတို့ကအမျိုးသားရေး ဝါဒနဲ့ပေါင်းစပ်မိတယ်။ ဆဒန်ဟူစိန်က ခေတ်ဟောင်းက ကြီးစိုးခဲ့တဲ့ အီရတ်ဘုရင်တွေကို သွားအိပ် မက်မက်နေတာကိုး။ အဲဒီတော့သူက အစွန်းရောက်အမျိုးသားရေး ဝါဒနဲ့ လက်နက် အင်အားပေါင်းစပ်လိုက်တော့ အာဏာရှင် ဖြစ်သွားတာပေါ့။ နောက်ရေနံကရတဲ့ ငွေကြေးကလည်း ထပ်ပြီး ပံ့ပိုးပေး လိုက်တော့ ပြီးသွားရော။ ပြောချင်တာက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဟာ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်ဆိုပေမယ့်လည်း ဘာ အတွက် တော်လှန်လဲဆိုတာ အရေးကြီး ပါတယ်။ ကိုယ်ဘာအတွက်တော်လှန်လဲ၊ ဒီမိုကရေစီရဖို့ ဖက်ဒရယ် တည်ဆောက်ဖို့ ဆိုရင် ဒီမိုကရေစီဖက်ဒရယ်နဲ့ညီညွှတ်တဲ့ လမ်းစဉ်ကို ချမှတ်ရမယ်။ ဒီလမ်းစဉ်အရ လက်နက်ကိုင်အဖွဲ့အစည်းက ကိုင်တွယ် ဆောင်ရွက်သွားတယ်ဆိုရင် ဘယ်လိုမှ အာဏာရှင်ဖြစ်စရာ အကြောင်းမရှိပါဘူး။

ငြမ်းမီဒီယာ – ခုတလော နိုင်ငံရေးဘောင်ကျဉ်းလို့ စစ်ဘောင်ကျယ်လာတယ် ဆိုတဲ့စကားကို လက်မခံတဲ့ ပြောဆို သုံးသပ်မှု တွေလည်း ရှိပါတယ်။ ဒီအခြေအနေနှစ်ခုကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

PSTDM – ကျနော်မြင်တာကတော့ အဲဒီဟာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဆိုလိုချင်နေတာပဲ ဖြစ်ပါလိမ့်မယ်။ ပြောချင်တာက ကျနော်တို့တိုင်းရင်းသားတွေမှာ နိုင်ငံရေးအရ ဆွေးနွေးနိုင်တဲ့အခင်းအကျင်းဆိုတာ မရှိပါဘူး။ မရှိဘူးလို့ ဘာလို့ ပြောရသလဲဆိုတော့ ရှိထားတဲ့ဟာက ကျနော်တို့ ဘယ်လိုမှလက်ခံလို့မရတဲ့ အနေအထား လေ။ ပြည်တွင်းမှာ ကတော့ ခုနက ခင်ဗျားပြောသလို အရင် တုန်းက ဘာမှမရှိခဲ့တဲ့အနေအထားတစ်ခုကနေ အခုပြောရဲ ဆိုရဲတာတွေဖြစ်လာတယ်၊ လမ်းပေါ် ထွက်ရဲ တာတွေ ဖြစ်လာတယ် ဆိုတာက ဒါဟာပြည်တွင်းမှာအစပျိုးလာတဲ့ နိုင်ငံ ရေးစနစ်တစ်ခုပေါ့။ ပြည်ထောင်စုအခြေခံ အခွင့်အရေး လေး တွေ ဖြစ်လာတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက်ကျတော့ ကျနော်တို့ လိုလားတဲ့ အခြေခံ ကို ရနိုင်ဖို့က အထူးသဖြင့် ကျနော်တို့လက်မှတ်ထိုးတဲ့အဖွဲ့ဆိုရင် NCA လမ်းကြောင်းပဲရှိတယ်။ ဒါကြောင့် ကျနော်တို့ က NCA လမ်းကြောင်း ကိုပဲ အခြေခံပြီး တစိုက်မတ်မတ်နဲ့ အောင်မြင်အောင် ကြိုးစားနေကြရတာကိုး။ အဲဒီတော့ အဲဒီမှာ လည်း အခက်အခဲ တွေ ရှိတာက နိုင်ငံရေးဘောင် ကျဉ်းတယ်ကျယ်တယ်ဆိုတာထက် ကျနော်တို့ကတော့ NCA အပေါ်မှာ အခြေခံပြီးတော့ပဲ အကောင်အထည်ဖော်မှု အောင်မြင်အောင် ကြိုးစားရမှာပေါ့။ NCA အကောင်အထည်ဖော်မှု အောင်မြင် လေလေ ကျနော်တို့ရဲ့ နိုင်ငံရေးအရ တိုးတက် အောင်မြင်မှုတွေ ပိုပြီးတော့ရလေလေဆိုတဲ့ အပိုင်းတော့ရှိမှာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရခိုင်ပါတီတွေကလည်း ရခိုင် ပြည်နယ်မှာ Majority အနိုင်ရခဲ့ကြတာပဲ။ ဒါပေမယ့် စနစ်ရဲ့အခက်အခဲ ကြောင့် သူတို့နေရာမရခဲ့ကြဘူး။ အဲဒီဟာက …

ဒါပေမယ့် တခြားတိုင်းရင်းသား အင်အားစုတွေကရော၊ သူတို့ကလည်း NCA လမ်းကြောင်းကိုပဲ ကြည့်နေကြတာကိုး။ NCA မှာ လောလောဆယ် က အလုပ်မဖြစ်ဘူးဖြစ်နေတာလေ။ အဲဒီလိုအလုပ်မဖြစ်တဲ့အခါကျတော့ သူတို့မှာလည်းစိုးရိမ်မှုတွေရှိလာတယ်။ တစ်ဖက်က တပ်မတော်ရဲ့လှုပ်ရှားမှုတွေကလည်း ပိုပြီးများလာတော့ အဲဒီအပေါ်မှာ ထိတွေ့မှုတွေပိုရှိလာတာပေါ့။ ဆိုလိုချင်တာက နိုင်ငံရေးကို ပြုပြင်ပြောင်း လဲမှု တကယ် လုပ်ချင်ရင် နိုင်ငံရေးဆန္ဒတကယ်ရှိကြောင်း ပြတဲ့ အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု တွေ ကို လျော့ချဖို့လိုတယ်။ မလျော့ တောင်မှ တိုက်ကင်းထွက်တာတွေမလုပ်ဖို့ပေါ့။ အခုကျနော်တို့ ဖြစ်ခဲ့သလိုပေါ့။ ခင်ဗျားမေး တယ်၊ ဘာကြောင့် ဖြစ်ရတာလဲလို့။ သူတို့ကင်းပုန်းတွေလိုက်ထိုးတယ်။ တစ် ခါမှ မရောက်ဖူးတဲ့နေရာတွေလျှောက်သွားတယ်။ ဆိုတော့ အဲဒီလိုလှုပ်ရှားမှုတွေဟာ ကျနော်တို့ ဒီလက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲမှာတောင် ယုံကြည်မှုကိုပြန်ပြီး ထိခိုက် တယ်လေ။ အဲဒီတော့ ဥပမာ အခု AA လိုဖြစ်လာတဲ့ကိစ္စက ခုနက ပြောသလိုပဲ။ AA ဟာ လွန်ခဲ့တဲ့ ၂၀၁၅ တုန်းက သူတို့ (၃) ဖွဲ့ကို ချန်ထား ခဲ့တာကိုး။ ဆိုတော့သူတို့က တစ်ဖက်မှာ ငါတို့ သေနတ်မရှိလို့၊ အင်အားမရှိလို့ ငါတို့ကို အသိအမှတ်မပြုတာဆိုတဲ့ ပုံစံမျိုး ဖြစ်လာတာ က တစ်ပိုင်း၊ အဲဒီတော့ပြန်ပြီးတော့ သူတို့ကိုအသိအမှတ်ပြုအောင်ဆိုပြီးတော့၊ သူတို့ရင် ဆိုင်ရတဲ့အခက်အခဲက ခုနကကျနော်ပြောသလိုပဲ သူတို့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအပေါ်မှာအခြေခံပြီး သူတို့ရွေးချယ်ရတာပဲ။ သူတို့ကြုံတွေ့ရတဲ့စိန်ခေါ်မှုဟာ ငါတို့အင်အားမရှိလို့ NCA ထဲမှာ လက်မှတ်ထိုးခွင့်မရဘူး၊ ငါတို့အင်အားရှိအောင် လုပ်ရမယ်ဆိုတာကနေ စဖြစ်လာတာပဲ။

ကျနော်တို့ တိုင်းရင်းသားစာပေတွေကိုတောင် ကျနော်တို့ မသင်ကြားနိုင်ဘူး။ ကျောင်း တွေအကုန်လုံးကို ၁၉၆၂/၁၉၆၃ ကစပြီး ပြည်သူပိုင်သိမ်းပစ်လိုက်ပြီးတော့ အကုန်လုံး …

ဆိုတော့ တစ်ဖက် မှာလည်း သူတို့မှာအမျိုးသားရေးရည်မှန်းချက်ရှိတယ်။ ဒီအမျိုးသားရေး ရည်မှန်းချက် က လည်း ခုနက ပြောသလို လမ်းပေါ်မှာဆင်းပြီးတောင်းလို့မရတဲ့ ရည်မှန်းချက်မျိုး ဖြစ်နေတာကိုး။ တဘက်က ရခိုင်ပါတီတွေကလည်း ရခိုင် ပြည်နယ်မှာ Majority အနိုင်ရခဲ့ကြတာပဲ။ ဒါပေမယ့် စနစ်ရဲ့အခက်အခဲ ကြောင့် သူတို့နေရာမရခဲ့ကြဘူး။ အဲဒီဟာက မျိုးဆက်သစ် တွေအပေါ်မှာ ဆန့်ကျင်ဘက်ဖြစ်အောင် တွန်းပို့သလိုဖြစ် သွားတယ်။ အချုပ်အားဖြင့် ပြောရမယ် ဆိုရင်တော့ နိုင်ငံရေး ဘောင် ကျဉ်းတယ် ကျယ်တယ်ဆိုတာထက် ကျနော်တို့တိုင်းရင်းသား အဖွဲ့အစည်းတွေအတွက်ကတော့ အထူးသဖြင့် ဒီနိုင်ငံရေးအရ လမ်းကြောင်း ရှိနေတဲ့ NCA အပေါ်မှာ ပိုပြီးအောင်မြင်တိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်းဟာ တင်းမာမှုတွေကို ပိုပြီးတော့ လျော့ချနိုင်မယ်။ အထူးသဖြင့် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာ တိုးတက်မှုကို ပြနိုင်လေလေ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေကလည်း ဒီတိုးတက်မှုကို အမြဲတမ်းအရိပ်တကြည့်ကြည့် စောင့်ကြည့်နေတဲ့ အတွက် ကြောင့် ဒီအပေါ်မှာ ယုံကြည်မှု တွေကို အတိုင်းအတာတစ်ခုထိ ပြန်ပြီးတော့ တည်ဆောက်လာနိုင်မယ်။ အဲဒီကနေ တဆင့် တိုးတက်မှု တွေကို ဆက်သွားနိုင် မှာဖြစ်တယ်။ ကျနော်အဲဒီလိုပဲ ဖြေချင်ပါတယ်။

ငြမ်းမီဒီယာ – မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဆုံးသမ္မတက ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ခဲ့သလို၊ တတိယမြောက် သမ္မတ က လည်း ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ တပ်မတော်သမိုင်းကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ် ဗိုလ်လကျ်ာတို့ပြီးရင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စောစမစ်ဒွန်းက တာဝန်ယူခဲ့တာတွေ့ရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်း စစ်မှုစထမ်းတဲ့ ၁၉၂၄ ကဆိုရင် ဗိုလ်ချုပ်နေဝင်းတောင် (၁၄) နှစ်သားပဲရှိသေးတာပါ။ ဒါပေမယ့် ဗိုလ်ချု ပ်နေဝင်းအာဏာသိမ်းလိုက်ပြီးတဲ့အချိန်ကစပြီး နောက်ပိုင်းမှာ နိုင်ငံရဲ့အရေးပါတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ အမြင့်ဆုံး ရာထူးပိုင်း တွေနဲ့ တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံးရာထူးတွေမှာ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေကို ခန့်အပ် တာဝန်ပေး တာမျိုးကို မတွေ့ရ တော့ဘူး။ ဒီလိုအခြေ အနေတွေအပေါ်မှာ တိုင်းရင်းသားတော်လှန်ရေးသမားတစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ။

PSTDM – အုပ်ချုပ်တဲ့အစိုးရတွေက လူမျိုးကြီးဝါဒကိုကျင့်သုံးတယ်လို့ ကျနော်တို့သုံးသပ်တယ်။ ကျနော်တို့ အဲဒီလိုပဲ ယူဆတယ်။ အဲဒါကြောင့် “မဟာဗမာလူမျိုးကြီးဝါဒ” ကိုအခြေခံပြီးတော့ ရှင်းရှင်းပြောရင် ကျနော်တို့ တိုင်းရင်းသားစာပေတွေကိုတောင် ကျနော်တို့ မသင်ကြားနိုင်ဘူး။ ကျောင်း တွေအကုန်လုံးကို ၁၉၆၂/၁၉၆၃ ကစပြီး ပြည်သူပိုင်သိမ်းပစ်လိုက်ပြီးတော့ အကုန်လုံး အဲဒီကစပြီး တဖြည်းဖြည်းနဲ့ ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ကရင်တွေ ကရင်စာတောင် မသင်နိုင်တော့ဘူး။ အဲဒါက ကရင် တစ်ခုတည်း မဟုတ် ဘူး၊ တိုင်းရင်းသားတိုင်းပဲလေ။ ဒါဟာ အစိုးရရဲ့ စနစ်ကြောင့်ပေါ့။ ဒီမဟာလူမျိုးဝါဒ၊ မဟာဆိုတဲ့ဟာကြီး၊ ဒါဗမာနိုင်ငံ၊ ဗမာကပဲ အုပ်ချုပ် ရမယ်၊ ငါတို့မင်းဆက်က ဟိုအရုပ်ကြီးသုံးရုပ်ကနေလာတဲ့ မင်းဆက်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတွေးခေါ်နေသမျှကတော့ အခက်အခဲ က ရှိနေမှာပဲ။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေဘက်က အခုလို မဟာလူမျိုးကြီးဝါဒ ကိုကျင့်သုံးတယ်၊ Burmanization လုပ်တယ် လို့ ပြောကြ သလို တစ်ဖက်က ဗမာဟာလည်း တိုင်းရင်းသား တစ်မျိုးဖြစ်တဲ့အပြင် အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ဗမာ ကရင် ကချင် ရခိုင် စတဲ့ Identity ကိုကြည့်ပြီး ဖိနှိပ်ခဲ့တာမဟုတ်ဘဲသူတို့နဲ့ အယူအဆ သဘောထားမတူရင် အားလုံးကို နှိပ်ကွပ် ခဲ့ တာဖြစ်တယ်၊ ဗမာမို့လို့ သက် သာခွင့်ပေးခဲ့တာမျိုးမရှိဘူးဆိုပြီး ပြန်ထောက်ပြကြ တာတွေလည်းရှိတော့ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ချင်ပါသလဲ။

PSTDM – ခင်ဗျား အဲဒါပြောမယ်ဆို ကျနော် နှစ်ဆင့်ဖြေရလိမ့်မယ်။ နှစ်ပိုင်းပေါ့။ ပထမတစ်ပိုင်းက မြန်မာပြည်မှာ Majority ဖြစ်တဲ့ ပြည်သူလူထုတွေ မြင်ထားတာကတော့ နိုင်ငံရေးအကျပ်အတည်းကို အားလုံးရင်ဆိုင်နေကြရတာချည်းပဲ ဆိုတဲ့အမြင်ပါ။ သဘောကတော့ ဗမာတွေလည်း ဒီအခက်အခဲကို ရင်ဆိုင်ကြရတာပဲ ဆိုတဲ့အချက်ကို ပြောကြတယ်။ ဒါပေမယ့် မတူတာက၊ ကျနော် နှစ်ကာလနဲ့ မြန်မာပြည် ရဲ့သမိုင်းကိုခွဲခြားပြီးပြောမယ်။ ကျနော်တို့ လွတ်လပ်ရေးရတော့ ပင်လုံစာချုပ်မှာ လက်ခံထားတာက၊ ဇာတ်လမ်း က အဲဒီကစတာ။ ဒီနိုင်ငံကိုလွတ်လပ်ရေးရအောင် ယူမယ်လို့ ပြောတဲ့နေရာမှာ အမှန်တကယ် အင်္ဂလိပ်အစိုးရက Constitution လေးခုနဲ့ နိုင်ငံကိုအုပ်ချုပ်ထားခဲ့တာကိုး။ ကျနော်တို့ Burma Proper ဆိုတဲ့ဟာက ၁၉၃၅ Act ထင်တယ်။ ပြီးတော့ Federation of Shan State ၊ နောက်ပြီးတော့ Chin Hill Regulation Act (1896) ဆိုပြီးတော့ Constitution တွေနဲ့အုပ်ချုပ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နာမည်ကလည်း ဗမာနာမည်ဖြစ်နေတယ်၊ ဗုဒ္ဓဘာသာကိုလည်းကိုးကွယ်တယ် ဆိုတဲ့အခါကျတော့ သူတို့ကို ဗမာဗုဒ္ဓဆိုပြီးလုပ်ချပလိုက် တယ်။ အဲဒီလို …

အိန္ဒိယကနေ အုပ်ချုပ်တယ်။ လွတ်လပ်ရေးပေးမယ် ဆိုတဲ့အခါကျတော့ Burma Proper ဆိုတဲ့အုပ်ချုပ်ရေး အပိုင်းကိုပဲ ပေးမှာ။ အဲဒါကို သဘောထားအမြင်အမျိုးမျိုးရှိတော့ လွတ်လပ်ရေးအတွက် ကြိုးစားနေတဲ့ခေါင်းဆောင်တွေ ကြားထဲမှာ လန်ဒန်ကို ရောက်မှ စကားများကြသေးတယ်။ အင်္ဂလိပ်က ဘယ်မြေပုံနဲ့ယူမှာလဲ ပေါ့။ ဥပဒေကြောင်းအရဆို Burma Proper နဲ့ဆိုင်တဲ့ အပိုင်းပဲ ရမှာပေါ့။ အဲဒီမှာ ဒီလိုမဟုတ်ဘူး၊ ခုနက Constitution တွေနဲ့ အုပ်ချုပ်နေတဲ့ အင်္ဂလိပ် သိမ်းထားတာ အကုန်လုံး ယူမယ်ဆိုပြီး သူတို့ပြန်လာခဲ့ကြတယ်။ ပြီးတော့ ပင်လုံစာချုပ်ရအောင် ဗိုလ်ချုပ်အောင်ဆန်းက ကြိုးစားခဲ့ရင်းနဲ့ တောင်တန်းပြည်မ မခွဲခြားဘဲအားလုံးတန်းတူ ညီမျှရေးကို အခြေခံပြီး နိုင် ငံကို တည်ဆောက်ကြမယ်ဆိုတဲ့ အချက်တွေနဲ့ လက်ခံထားခဲ့ကြတယ်။ အဲဒီတုန်းက ဖက်ဒရယ်လို့မပြောခဲ့ပေမယ့် အခြေခံချင်းက အတူတူပါပဲ။ တိုင်းရင်းသားတွေဘက်က မယုံမရဲနဲ့ လက်ခံတယ် ဆိုပေမယ့် ကတိ တစ်ခုတောင်းတော့ ဆယ်နှစ်ကြာလို့ တိုးတက်မှုမရှိရင် ခွဲထွက်လို့ရတယ်ဆိုတဲ့ စကားက ဖြစ်လာတာ။ တကယ်တမ်း ဆယ်နှစ်ကြာလည်း ဘာမှမဖြစ်လာဘူးလေ။ ပြောချင်တာက ‘မဟာ’ ဆိုတဲ့ စဉ်းစားမှုက အဲဒီကတည်းကစလာတာ။ အဲဒီလို ဆယ်နှစ်ကြာအောင်လုပ်ပြီးတော့ မဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ရဲ့ သမိုင်းဆိုင်ရာ သုံးသပ်ချက်ကတော့ ဦးနု ကနေ ပြီးတော့ ဦးနေဝင်းကို လက်ကုတ်ပြီးတော့ အာဏာသိမ်းခိုင်းလိုက်တာပါပဲ။ အဲဒီမှာ ‘မဟာလူမျိုးကြီးဝါဒ’အရ ဒီနိုင်ငံကို ငါတို့ ဗမာတွေပဲ ကိုင်ရမယ်ဆိုတဲ့ဟာကဦးနေဝင်း အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး အစဉ်အဆက်ဖြစ်လာတာ။ အဲဒီတော့ တိုင်းရင်းသား အရေး လှုပ်ရှားမှုတွေဟာ အဲဒီကနေပြီးစလာခဲ့တာ။ ‘မဟာလူမျိုးကြီးဝါဒ’ ကြောင့် ၁၉၆၂ မှာ အာဏာ သိမ်းဖို့ဖြစ်လာတယ်။

ဗမာလူမျိုးအများစု ကြုံတွေ့ရတဲ့အခက်အခဲဟာ ၁၉၈၈ နောက်ပိုင်းမှ ကြုံတွေ့ရတာဖြစ်တယ်။ ကျနော်တို့တိုင်းရင်းသားတွေ ကြုံတွေ့နေရတာက ဟိုး လွတ်လပ်ရေးရကတည်းက ကြုံတွေ့နေခဲ့ရတယ်ဆိုတာကို ပြောချင်တာပါ။ အခု …

အာဏာသိမ်းပြီး တစ်ပါတီ အာဏာရှင်စနစ်ကို လုပ်လိုက်တဲ့အခါ အုပ်စုဖွဲ့ပြီး အာဏာထူထောင် တဲ့အလေ့အကျင့် အဲဒီက စဖြစ်လာ တာပဲ။ ၁၉၇၄ Constitution ကိုရေးလိုက်တဲ့အခါ အဲဒီ Constitution က အုပ်စုတစ်ခုကပဲ အာဏာကို ကိုင်ထားခွင့်ရတဲ့ပုံစံ ဖြစ်နေ တယ်။ အဲဒီအုပ်စုက ဘာအုပ်စုလည်းဆိုတော့ ဗမာအုပ်စုဖြစ်နေတယ်။ ဒါပေမယ့် သိပ်မပေါ်လွင်သေးဘူး။ အဲဒီကတည်းက ကျနော်တို့ တိုင်းရင်းသားတွေက non reading law တွေနဲ့ ချောင်ထိုးခံနေရပြီ။ နောက် တက်ကြွတဲ့၊ အရွေ့အပြောင်း တစ်ခုကို လိုချင်တဲ့ ဗမာ နိုင်ငံရေး သမားတွေပဲဖြစ်ဖြစ်၊ စစ်တပ်ထဲကပဲဖြစ်ဖြစ် သူတို့ကို ဖြုတ်တာတို့ နေရာပြောင်းတာတို့ အဲဒါမျိုးတွေလည်း လုပ်တာခံနေရပြီ။ ဆိုလိုတာက သူ့အာဏာကိုထူထောင်ရင်းနဲ့ တဖြည်းဖြည်း နောက်ဆုံးလုပ်ချင်ရာလုပ်တဲ့ပုံစံဖြစ်သွားတယ်။ အဲဒီကနေ ၁၉၈၈ မှာ ချွတ်ခြုံကျပြီး လူထုကမခံနိုင်လို့ လမ်းပေါ်ထွက်ကြတဲ့အထိ ဖြစ်ခဲ့ရတာ။ ပြောချင်တာက ‘မဟာလူမျိုးကြီးဝါဒ’ အခြေခံမှာ ၁၉၄၈ ကနေပြီးတော့ ၁၉၈၈ ကာလအထိက ဗမာလူမျိုးတွေအတွက် effect မဖြစ်ဘူး။ သူတို့အတွက် effect ဖြစ်တာက စီးပွားရေးအရ တဖြည်းဖြည်းဆုတ်ယုတ်သွားတာတစ်ခုပဲရှိတယ်။ ဒါပေမယ့် လူမှုရေးနဲ့ ယဉ်ကျေးမှု၊ စာပေ တွေအရ effect မဖြစ်ဘူး။ ကျနော်တို့တိုင်းရင်းသားတွေက အဲဒီကတည်းက effect ဖြစ်နေခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကျတော့ အကုန်လုံးက အတူတူဖြစ်သွားတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက ဒီပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ ‘မဟာလူမျိုးကြီးဝါဒ’ ဆိုတဲ့ စဉ်းစား တွေးခေါ်မှုက ဟိုး လွတ်လပ်ရေးမရခင်ကတည်းက ပါလာတယ်။ အခုဒီယူဆချက်တွေ အကုန်လုံးက ဟိုး လွန်ခဲ့တဲ့ ကိုလိုနီ ခေတ်ကတည်းက ယူဆချက်တွေနဲ့ သွားနေတာဖြစ်တယ်။ အဲဒါကြောင့် ကျနော် တို့ရဲ့ Doctrine တွေကို ပြုပြင်ဖို့လိုတယ် ဆိုတာကို ပြောချင်တာ။ အဲဒီ Doctrine တွေကို ဒီခေတ် ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒတွေနဲ့အညီ ပြင်ဆင်လိုက်မယ် ဆိုရင် အေးအေးဆေးဆေးနဲ့ ယုံကြည်မှု တွေ မြင့်တက်လာဖို့ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ပြောချင်တာက ဗမာလူမျိုးအများစု ကြုံတွေ့ရတဲ့အခက်အခဲဟာ ၁၉၈၈ နောက်ပိုင်းမှ ကြုံတွေ့ရတာဖြစ်တယ်။ ကျနော်တို့တိုင်းရင်းသားတွေ ကြုံတွေ့နေရတာက ဟိုး လွတ်လပ်ရေးရကတည်းက ကြုံတွေ့နေခဲ့ရတယ်ဆိုတာကို ပြောချင်တာပါ။ အခု တိုင်းရင်းသားတွေကို စည်းလုံးညီညွှတ်မှု လုပ်ချင်ပါတယ်ဆိုပြီး တိုင်းရင်းသား ရေးရာဝန်ကြီးတွေ ခန့်တယ်ဆိုတာ ခန့်စရာကိုမလိုတာ။ ခန့်ပြီးတော့ အဲဒီဝန်ကြီးမှာလဲ ဘာမှလုပ်ပိုင်ခွင့်လည်းမရှိဘူး။ စာပေတို့၊ ယဉ်ကျေးမှုတို့ကို မြှင့်တင်မယ့်ကိစ္စက ကျနော်တို့တိုင်းရင်းသားတွေ လုပ်တတ်တယ်။ အဲဒီတော့ ဒီ ‘မဟာလူမျိုးကြီးဝါဒ’ ဆိုတဲ့ စဉ်းစားတွေးခေါ်မှုဟာ သိရက်နဲ့ သော်လည်းကောင်း၊ မသိဘဲနဲ့သော်လည်းကောင်း ဒီအစိုးရအသိုင်းအဝိုင်းထဲမှာ စွဲကပ်နေတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဆိုတာကျတော့၊ လူသားတွေ ဆိုတာ ပြဿနာ က ရှိမှာပဲ။ ရှိလာတဲ့ ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်နိုင်တဲ့ အရည်အချင်းတွေနဲ့ စနစ်တွေ …

ဒါဟာ ဗျူရိုကရေစီယန္တရားတစ်ခုရဲ့ ပေါ်လစီအရ တွယ်ကပ်လာတဲ့အခါကျတော့ သိရက်နဲ့သော်လည်းကောင်း၊ မသိဘဲနဲ့ သော် လည်းကောင်း ဆိုတာမျိုးဖြစ်သွားတယ်။ ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ဘက်က ကျနော့်သူငယ်ချင်း တွေရှိတယ်။ နာမည် ကလည်း ဗမာနာမည်ဖြစ်နေတယ်၊ ဗုဒ္ဓဘာသာကိုလည်းကိုးကွယ်တယ် ဆိုတဲ့အခါကျတော့ သူတို့ကို ဗမာဗုဒ္ဓဆိုပြီးလုပ်ချပလိုက် တယ်။ အဲဒီလို ဟာမျိုးတွေက ပေါ်လစီအရသော်လည်းကောင်း၊ပေါ်လစီ မဟုတ်ဘဲနဲ့သော်လည်းကောင်း လုပ်သွားတဲ့ဟာတွေက ခုနက ခင်ဗျား ပြောတဲ့ဟာကိုပဲမီးမောင်း ထိုးပြ နေတာပဲလေ။ အဲဒီတော့ အကုန်ခံစားနေရတယ်ဆိုတာမှာ ဗမာတွေက ၁၉၈၈ နောက်ပိုင်းမှ ခံရတာဖြစ်ပြီး တိုင်းရင်းသား တွေက ၁၉၈၈ မတိုင်ခင်ကတည်းက ခံနေခဲ့ရတယ်ဆိုတဲ့အချက်ကို ပြောချင်တာ။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးကိစ္စနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခုပြန်မေးပါရစေ။ အခုနိုင်ငံမှာ ငြိမ်းချမ်းရေးကိစ္စအတွက် ဆောင်ရွက် နေကြတဲ့အထဲက အရေးကြီးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရလိုမှုနဲ့ဆိုင်တဲ့ စိတ်စေတနာကို ဘယ်လို အကဲခတ်မိပါသလဲ။

PSTDM – တပ်မတော်က ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ ပြောပါတယ်။ ဒါပေမယ့်သူလိုချင်တဲ့ ငြိမ်းချမ်းရေး က ထာဝရ ငြိမ်းချမ်းရေး တဲ့။ မနေ့ကလည်း JICM အစည်းအဝေးမှာ ဒုချုပ်က နှစ်ခါလောက် ပြောသွားတယ်။ ထာဝရငြိမ်းချမ်းရေး တဲ့။ NCA ထဲမှာ ကျနော်တို့တည်ဆောက်မယ့် ငြိမ်းချမ်းရေး က ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး။ထာဝရ ငြိမ်းချမ်းရေးဆိုတာ ဒီ သတ္တ လောကမှာမရှိဘူး။ ထာဝရဆိုတာ လူ့ဘောင်မှာမရှိတာကို ပြောချင်တာ။ ထာဝရဆိုတာ နိဗ္ဗာန် မှာ သော်လည်းကောင်း၊ ဟိုး ကောင်းကင်ဘုံမှာသော်လည်းကောင်းရှိတယ်။ အဲဒါကြောင့် NCAဆွေးနွေးပွဲ ကတည်းက ကျနော်တို့ပြောတယ်။ ထာဝရတော့ မသုံးပါနဲ့ဗျာလို့၊ ထာဝရဆိုတာ ဒီမှာမရှိဘူး၊ ဘာသာရေးအရကြည့်မယ်ဆိုရင် ခရစ်ယန်ဆို ထာဝရဆိုတာ သင်္ချိုင်းမှာပဲရှိတယ်။ (ရီလျှက်ပြောသည်) အဲဒီတော့ ခုနကကျနော်ပြောသလိုပဲ၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဆိုတာကျတော့၊ လူသားတွေ ဆိုတာ ပြဿနာ က ရှိမှာပဲ။ ရှိလာတဲ့ ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်နိုင်တဲ့ အရည်အချင်းတွေနဲ့ စနစ်တွေ ကို တည်ဆောက် လိုက်တယ် ဆိုရင် ငြိမ်းချမ်းစွာဖြေရှင်းအဖြေရှာနိုင်တယ်။ အဲဒီတော့ တပ်မတော်ကလိုချင်နေတဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာ ကတော့ EAO ချုပ်ငြိမ်းရေးပဲ ဖြစ်နေတယ်။ အဲဒီအတိုင်းသာသွားမယ်ဆိုရင် မဖြစ်နိုင်ဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့ NCA သွားရင်းနဲ့ ဖြေးဖြေးနဲ့ ညှိနှိုင်းစေ့စပ် သွားနိုင်မယ်လို့ ကျနော် အဲဒီလိုပဲပြောချင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

PSTDM – ပြည့်စုံပါပြီ။ ကျနော်တို့ပြောချင်တာက ဒီနိုင်ငံ တကယ်ငြိမ်းချမ်းချင်တယ်ဆိုရင် (၅၂) သန်းသော နိုင်ငံသား တွေ အားလုံး က ငြိမ်းချမ်းချင်တဲ့ဆန္ဒရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ စနစ်ဆိုးကနေပေါက်ဖွားလာတဲ့ နောက်ဆက် တွဲ ပြဿနာ တွေကို ကျနော်တို့က ရင်ဆိုင်နေရတဲ့ အခါကျတော့ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အားလုံးမှာ ငြိမ်းချမ်း လိုတဲ့ ဆန္ဒ၊ ငြိမ်းချမ်းရေး ကို ရယူနိုင်တဲ့စွမ်းအား၊ ဒီစွမ်းအားနဲ့ ဆန္ဒကိုအကောင်အထည်ဖော်နိုင်တဲ့ Mechanism တွေကိုရအောင် ကျနော်တို့ ဖန်တီးရယူဖို့လိုတယ်။ အဲဒီတော့မှသာလျှင် ကျနော်တို့အကုန်လုံးက ငြိမ်းချမ်းတဲ့လူ့ဘောင်ကို ဖန်တီးလို့ရမယ်။ အဲဒါကြောင့် လူတိုင်းနဲ့ ပတ်သက်တယ်ဆိုတာကို ပြောချင်တာပါ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ငါတို့အုပ်ချုပ်တယ်၊ ငါတို့ပေးမှရမယ်ဆိုတဲ့ အယူအဆ ကို တောက်လျောက်ကိုင်လာတယ် – အပိုင်း(၁)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,