ငါတို့အုပ်ချုပ်တယ်၊ ငါတို့ပေးမှရမယ်ဆိုတဲ့ အယူအဆ ကို တောက်လျောက်ကိုင်လာတယ် – အပိုင်း(၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NCA-S EAO/ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး

ငြိမ်းချမ်းရေးဆိုတာက သေနတ်သံ တွေမကြားရုံကာလကို ငြိမ်းချမ်းတယ်လို့ ပြောတာမဟုတ် ဘူး။ အဲဒီလောက်ပဲလို့ ကျနော်တို့မယူဆဘူး။ ကျနော်တို့ယူဆတဲ့ငြိမ်းချမ်းရေးက …

တစ်နှစ်ကျော်ကြာအောင် ရပ်တန့်နေခဲ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ယခုလ (၈) ရက်နေ့က ကျင်းပခဲ့ရာ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတို့၏ သဘောထားအမြင်များနှင့် ပတ်သက်ပြီး NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – မနေ့ကကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို တက်ရောက် ခဲ့တယ်လို့ သိထားပါတယ်။ အစည်းအဝေးမှာ ဘာတွေ ထူးခြားမှုရှိပါသလဲ။

PSTDM – အမှန်ကတော့ ကျနော်တို့နောက်ပိုင်းမှာ ဒီ JICM အစည်းအဝေးကို ကြိုတင်အစည်းအဝေးတွေလုပ်ပြီးမှ လုပ်သင့် တယ် လို့ တစ်ဘက်ကလက်ခံထားတဲ့ အခြေခံအပေါ်မူတည်ပြီးတော့ လုပ်တာဆိုတော့ ရှင်းရှင်းပြောရရင် မနေ့ က JICM အစည်းအဝေး မှာ ဆုံးဖြတ်ချက်ကျအောင် ကြားထဲမှာ အလွတ်သဘောရော၊ တရားဝင်ပါ နှစ်ပွဲ သုံးပွဲ လေးပွဲလောက်တွေ့ပြီးမှ ဖြစ်လာခဲ့တာပါ။ အဲဒီတော့ နောက်ဆုံးအစည်းအဝေးဖြစ်တဲ့ မနေ့က JICM အစည်းအဝေးမှာတော့ ကျနော်တို့ အထွေအထူး ဆွေးနွေးစရာ မလိုတော့ဘူး။ နှစ်ဘက်လူကြီးတွေလည်း သိထားပြီးသားဆိုတော့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၂၀ နှစ်ဆန်းပိုင်းမှာ KNU နဲ့ တပ်မတော် ထိတွေ့မှုနှစ်ကြိမ်လောက်ရှိခဲ့တာကို သတိပြုမိတယ်။ ကာလ အတော်ကြာ အပစ်အခတ်ရပ်စဲထားနိုင်ခဲ့ပြီး ဒီလိုထိတွေ့မှု တွေ ပြန်ဖြစ်လာခဲ့တာ ဘာကြောင့်လို့ ကောက်ချက်ချနိုင်မလဲ။

PSTDM – တပ်မတော်ဘက်က ကင်းပုန်းလိုက်ထိုးတယ်ဗျ။ ဒါအခုမှမဟုတ်ဘူး၊ အရင်ကတည်းကပဲ။ ဒါပေမယ့် အခု နောက်ပိုင်း ကျတော့ ယုံကြည်မှုကျလာတော့ ကျနော်တို့ ဘက်ကတပ်တွေလည်း စိုးရိမ်မှုမြင့်လာပြီး ကင်းပုန်းထိုးတဲ့အခါ ရင်ဆိုင်တွေ့မိတဲ့ အနေအထားမျိုးတွေ ဖြစ်သွားရတယ်။ သူတို့ တစ်ခါမှမရောက်ဖူးတဲ့ နေရာတွေကို လျှောက် သွားတယ်၊ ကင်းပုန်းလိုက်ထိုးတယ်၊ အဲဒါတွေကြောင့် ထိတွေ့မှုတွေဖြစ်ခဲ့တာပါ။ အခုတော့ နှစ်ဘက်လုံးက ထိန်းထိန်းသိမ်းသိမ်းတွေ ပြန်လုပ်တော့ ငြိမ်းသွားပါပြီ။

ငြမ်းမီဒီယာ – NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြတဲ့နေရာမှာ တပ်မတော်ဘက်က သူတို့ ချမှတ် ကိုင်စွဲထားတဲ့မူဘောင်ကို အလျော့အတင်းမရှိ ဆုပ်ကိုင်ပြီး ဒီအထဲကပဲဆွေးနွေးနေတာတွေကြောင့် ငြိမ်းချမ်းရေးအတွက် ကြန့်ကြာ နေရတာဆိုတဲ့ ဝေဖန်ထောက်ပြချက်တွေကို ဘယ်လိုမြင်ပါသလဲ။

PSTDM – အင်း၊ ဟုတ်တယ်။ သူတို့မူဝါဒပိုင်းဆိုင်ရာမှာ ဖြေလျော့မှုလုပ်ဖို့ အတိုင်းအတာတစ်ခုအထိ လိုလိမ့်မယ်လို့ ကျနော် ယူဆတယ်။ တချို့အပိုင်းတွေမှာဆို သူတို့ပေးထားတဲ့မူဝါဒဘောင်ထဲကပဲ ဆွေးနွေးရတဲ့အခါကျတော့ လိုအပ် သလောက် ခရီး မတွင်တာတွေရှိတယ်။ အဲဒီအခက်အခဲတွေတော့ရှိပါတယ်။

ငြမ်းမီဒီယာ – ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မ ၂၆၁ လို ပုဒ်မမျိုးအပါအဝင် တခြားသော လိုအပ်တဲ့ပုဒ်မတွေကို ပြင်ပေးပြီး ဖက်ဒရယ် စနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပေးလိုက်ရင် ငြိမ်းချမ်းရေးရဖို့ အဆင်ပြေလွယ်ကူနေပါလျှက်နဲ့ တစ်ဖက်သတ် အသာစီး ယူထားတဲ့ မူဘောင်တွေနဲ့ တပ်မတော်ဘက်က ဆွေးနွေးနေတာဟာ ငြိမ်းချမ်းရေးရဖို့ ပိုပြီး ခက်ခဲ အလှမ်းဝေးစေတယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

PSTDM – သွေးထွက်အောင်မှန်တာပေါ့ဗျာ။ ဒါကြောင့်လည်း ကျနော်တို့က အလွတ်သဘောဆွေးနွေးပွဲတွေမှာ ဒီကိစ္စတွေကို ပြန်တင်ပြတာပေါ့။ ပြီးတော့ ဒါတွေဟာ နှစ်ဘက်ကြားထဲမှာ တစ်ဘက်ကသူတို့ကလည်း တောက်လျောက်၊ သမိုင်းတစ်လျောက်မှာ အုပ်စိုးသူပုံစံကနေ ဒီနိုင်ငံကိုငါတို့အုပ်ချုပ်တယ်၊ ငါတို့ပေးမှရမယ်ဆိုတဲ့ အယူအဆတွေကို တောက်လျောက်ကိုင်လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမျိုးသားရင်ကြားစေ့ရေးလို့ ပြောတဲ့နေရာမှာ အစိုးရနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားထဲမှာ အမှန်တကယ် တွေ့ဆုံဆွေးေ နွးပြီး အဖြေရှာနိုင်တဲ့ Space မျိုးကို ဖော်ဆောင်နိုင်ဖို့လိုတယ် …

အဲဒီတော့ ချက်ချင်းကြီးပေးလိုက်ရင် သူတို့ဘာဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေက သူတို့မှာရှိနေတာကိုး။ ကျနော်တို့ကတော့ အဲဒီဟာကို သဘောပေါက်တဲ့အတွက်ကြောင့် ဖက်ဒရယ်ကိုသွားဖို့ဆိုရင်၊ သွားဖို့လည်းလက်ခံထားကြပြီလေ။ စာချုပ်ထဲမှာ လက်မှတ် တွေထိုးကြပြီ။ အဲဒီတော့ ဖက်ဒရယ်ကိုသွားမယ်ဆိုရင် အဲဒီလိုမူဝါဒတွေ ဘောင်ခတ်ပြီးဆွေးနွေးတာထက် ယုံကြည်မှုကို တစ်ဆင့်ခြင်း တည်ဆောက်ပြီး အောင်မြင်မှုပြနိုင်အောင် ကျနော်တို့အခု NCA အကောင်အထည်ဖော်မှု မူဘောင်ဆိုတာကို Propose လုပ်တာပါပဲ။ မနေ့က JICM မှာ အဲဒါကိုဆွေးနွေးဖို့ဆိုတဲ့ အခြေခံတော့ကျလာပြီ။ အဲဒီအထဲမှာ ခုနက ခင်ဗျား မေးခွန်း ထဲမှာ ပါသလိုပဲ၊ ကျနော်တို့က ဖက်ဒရယ်ကိုသွားမယ်ဆိုတာကို လက်ခံထားပြီးသားဆိုတော့ ဘယ်လိုသွားမလဲဆိုတာကိုပဲ လက်ရှိ အနေအထားကနေ ပြုပြင်ပြောင်းလဲသင့်တဲ့ဟာတွေကို အနိမ့်ဆုံး ယုံကြည်မှုတည်ဆောက်တဲ့ပုံစံနဲ့ စလုပ်ရင်းနဲ့ တဖြည်းဖြည်း ခက်ခဲတဲ့ အပိုင်းတွေကို ဆွေးနွေးသွားပြီး ယုံကြည်မှုကိုတည်ဆောက်သွားရမယ်။ အဲဒီတော့ လက်တွေ့ တိုးတက်မှု ကလည်း တစ်ဆင့် ချင်း ပြလာနိုင်တဲ့နည်းတူ ပြည်သူလူထုတွေနဲ့ နိုင်ငံတကာရဲ့ထောက်ခံမှုတွေ ပိုပိုရလာပြီးတော့ အားလုံးအတွက် တည်ငြိမ် မှုရှိလာမယ် ဆိုတဲ့စဉ်းစားချက်နဲ့ ကျနော်တို့အခုလို အဆင့်လိုက် ဖက်ဒရယ်တည်ဆောက်တဲ့ အပိုင်းကိုသွားဖို့ ကျနော် တို့ Propose လုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းကနေ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီကို ထွက်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တာပေါ့။

ငြမ်းမီဒီယာ – နိုင်ငံမှာ အခုလက်ရှိ တည်ဆောက်လုပ် ကိုင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးတည် ဆောက်မှု လုပ်ငန်းစဉ်တွေဟာ အချိန်အတော်ကြာ ရှေ့မတိုးနိုင်ဖြစ်နေခဲ့ပြီး ဒီကြားထဲမှာပဲ နိုင်ငံရေး အကြပ်အတည်း ဆန်ဆန် ကိစ္စတွေကလည်း ထပ်ဖြစ်လာခဲ့တော့ ဒီလုပ်ငန်းစဉ်တွေအပေါ်မှာ ယုံကြည်မှုလျော့ကျလာနိုင်တဲ့ လက္ခဏာ မျိုးတွေ လည်း တွေ့လာရပါတယ်။ KNU အနေနဲ့ရော ဒီလုပ်ငန်းစဉ် တွေအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။ ဘယ် လို ရလဒ်မျိုးကို မျှော်လင့်ထားပါသလဲ။

PSTDM – ရလဒ်ကတော့အကောင်းဆုံးကိုမျှော်မှန်းတာ ပေါ့။ ဆွေးနွေးတဲ့သူတိုင်းကတော့ အကောင်းဆုံးကို မျှော်မှန်းကြတာပဲ။ ဒါပေမယ့် ဒီနေရာမှာ အခြေခံယူဆချက်က ဥပမာ အမျိုးသားရင်ကြားစေ့ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ ဒီနိုင်ငံမှာ အမှန်တကယ်ဖြစ်နေတဲ့ အဓိကပြဿ နာက ဒီနိုင်ငံရေးကနေအခြေခံပြီး ပေါက်ဖွားလာတာလေ။ ဒီနိုင်ငံရေးအရ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုတွေကို ပြေလည်မှုမရဘဲနဲ့ တစ်ဖက်သတ် ဖြေရှင်းတဲ့ပုံစံမျိုးကနေ ဖြစ်လာတဲ့အတွက်ကြောင့် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောတဲ့နေရာမှာ အစိုးရနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားထဲမှာ အမှန်တကယ် တွေ့ဆုံဆွေးေ နွးပြီး အဖြေရှာနိုင်တဲ့ Space မျိုးကို ဖော်ဆောင်နိုင်ဖို့လိုတယ်။ နောက်ပြီးတော့ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာ ရဲ့ အရင်းအမြစ် ကို လည်း လက်ခံဖို့လိုတာပေါ့။ အဲဒီတော့ အခုကျနော်တို့ရဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်တွေမှာ ခုနကပြောသလို တစ်ဖက်မှာတော့ အပေါ်ယံသဘောလောက် လက်ခံပြီးတော့ ထဲထဲဝင်ဝင်ကျတော့ မူဝါဒပိတ်ဆို့မှုတွေနဲ့ အခက်အခဲက သွားပြန်တွေ့ရတာကိုး။

ကျနော်တို့ယူဆတဲ့ငြိမ်းချမ်းရေးက ကျနော်တို့တစ်ယောက်ကိုတစ်ယောက် တရားမျှတမှုရှိစွာ အသိအမှတ် ပြုပြီးတော့ ငြိမ်းချမ်းရေးကို တကယ် စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်ရည်လည်း ရှိဖို့လိုတယ်ဗျ …

မြန်မြန်ဆန်ဆန်တော့ လူတိုင်းလိုချင်ကြမှာပဲ။ ဒါပေမယ့် ကျနော်တို့ရင်ဆိုင်ခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရ ဒီ အစိုးရ အဆက်ဆက်တွေ ယုံကြည်လာတဲ့ သူတို့ရဲ့တွေးခေါ်မြော်မြင်မှုတွေက တစ်ပုံစံတည်းပဲဖြစ်နေတော့ ပွင့်လင်းတဲ့ အခင်းအကျင်း တစ်ခုဆီ သွားတဲ့နေရာမှာ အခက်အခဲတော့ အများကြီးရှိပါလိမ့်မယ်။ အဲဒါကိုလည်း ကျနော်တို့နားလည်ပါတယ်။

လူသားတွေပဲဗျာ၊ မိသားစု တစ်ခုတည်းမှာတောင် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ။ အဲဒီတော့ ပြဿနာက တောက်လျောက်ရှိနေမှာပဲ။ ဒါပေမယ့် …

အဲဒါကြောလူသားတွေပဲဗျာ၊ မိသားစု တစ်ခုတည်းမှာတောင် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ။ အဲဒီတော့ ပြဿနာက တောက်လျောက်ရှိနေမှာပဲ။ ဒါပေမယ့် င့် ပြောမယ်ဆိုရင် နှစ်ပေါင်း (၇၀) ကျော်တောင်တိုက်လာကြတာပဲဗျာ၊ အခုက တွေ့ဆုံ ဆွေးနွေးကြတာ ခုနစ်နှစ် ရှစ်နှစ် ကိုးနှစ် ထဲတော့ ရောက်လာပြီ။ ဆိုတော့ အကောင်းဘက်ကပဲ ရှုမြင်ရတာပေါ့။ ဒီ အတော အတွင်း လောလောဆယ် သေနတ် တွေ ပြန်မပေါက်တာကိုပဲ ကျေးဇူးတင်ရမှာပေါ့။ အဲဒါကလည်း နှစ်ဘက်လုံးက ထိန်းထိန်း သိမ်းသိမ်းနဲ့ သွားကြလို့ပေါ့။ ပြောချင်တာက။ တစ်ခုရှိတာက ဒီလောက်နဲ့ကျေနပ်မနေဘဲ ပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ စဉ်းစားတွေးခေါ်မှုတွေ ပိုပြီးလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာက သေနတ်သံ တွေမကြားရုံကာလကို ငြိမ်းချမ်းတယ်လို့ ပြောတာမဟုတ် ဘူး။ အဲဒီလောက်ပဲလို့ ကျနော်တို့ မယူဆ ဘူး။ ကျနော်တို့ယူဆတဲ့ငြိမ်းချမ်းရေးက ကျနော်တို့ တစ်ယောက်ကို တစ်ယောက် တရားမျှတမှုရှိစွာ အသိအမှတ် ပြုပြီးတော့ ငြိမ်းချမ်းရေးကို တကယ် စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်ရည်လည်း ရှိဖို့လိုတယ်ဗျ။ နောက်ပြီး ဒီစွမ်းဆောင်ရည်ကို အသုံးချနိုင်တဲ့ Mechanism လည်းရှိဖို့လိုအပ်တယ်။ ဆိုလိုတာက ကျနော် တို့ဟာ ဒီလို ပြဿနာတွေ ရှိလာတဲ့အခါ ငြိမ်းချမ်းစွာအဖြေရှာနိုင်တဲ့ ယန္တရားတွေ ရှိဖို့လိုတာပေါ့။ အဲဒီယန္တရားဆိုတာ တရားမျှတတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ကို ပြောတာ။ အဲဒီလို အခြေခံဥပဒေမျိုး ဖြစ် လာဖို့လိုတယ်။ အခြေခံဥပဒေဖြစ်လာရုံနဲ့လည်း မပြီးသေးဘူး။ ဒီဥပဒေကို စနစ်တကျ ယုံယုံကြည်ကြည်နဲ့ အသုံးပြုနိုင် တဲ့ အရည်အချင်းလည်းရှိဖို့လိုတယ်။ စွမ်းဆောင်ရည်လိုတာ ပေါ့။ ဆိုတော့ ဒီ ငြိမ်းချမ်းရေး ဆိုတာက လွယ်လွယ်ပြောရင် လူတိုင်းလိုချင်ကြတယ်။ ဒါပေမယ့် ရရှိအောင်၊ ဖော်ဆောင်နိုင်အောင် လုပ်တဲ့ နေရာမှာတော့ ခုနကပြောသလို ငြိမ်းချမ်းလိုတဲ့ ဆန္ဒရှိရမှာဖြစ်သလို၊ ငြိမ်းချမ်းရေးကို အမှန်တကယ် မဆုတ်မနစ်လုပ်နိုင်တဲ့ အရည်အချင်းလည်းရှိရမှာဖြစ်တယ်။ နောက်ပြီး ဘယ်လို Mechanism တွေကနေ အဖြေရှာသွားမလဲဆိုတဲ့ တိကျ သေချာ မှန်ကန်တဲ့ လမ်းကြောင်းလည်း ရှိဖို့လိုတယ်။

ငြမ်းမီဒီယာ – မငြိမ်းချမ်းတာက စစ်ဖြစ်နေလို့။ စစ်ဖြစ်ရတာကလည်း နှစ်ဘက်အဖွဲ့အစည်းတွေမှာ တိုက်ခိုက်ရမယ့် အကြောင်း တရား ကိုယ်စီ ရှိနေကြလို့။ အဲဒီအကြောင်းတရား ရည်ရွယ်ချက်ကိုလည်း အဖွဲ့အစည်းတိုင်းက တရားဝင် ထုတ်ပြောထား ကြတယ်။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းလို့မရနိုင် တာတွေ၊ ညှိနှိုင်းရခက်နေတာတွေ ရှိနေတော့ စစ်သက်က ရာစုနှစ်တစ်ခုနီးပါး ရှည်ကြာ လာခဲ့တယ်။ ငြိမ်းချမ်းချင်တယ်၊ မတိုက်ခိုက်ချင်ဘူးဆိုတဲ့ Concept ကိုတော့ နှစ်ဘက်လုံး ကပြောနေကြတယ်။ ဆိုတော့ မျှတ မှန်ကန်တဲ့နိုင်ငံရေးစနစ်နဲ့ အခွင့်အရေးတွေကို တန်းတူရည်တူရခဲ့ရင်တောင် တိုင်းရင်းသား လက်နက်ကိုင်  တွေဘက်က လက်နက်ကိုင် လမ်းစဉ်ကို စွန့်နိုင်ပါ့မလားဆိုတာ မသေချာဘူး။ တစ်ဖက်က တပ်မတော်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး လက်နက်စွန့်ပြီး ပြည်တွင်းစစ်အဆုံးသတ်သွားချိန်မှာ နိုင်ငံရေးဘောင်ထဲက သူ့ရဲ့အရေး ပါမှုအခန်းကဏ္ဍ လျော့ကျမှာကို လက်ခံနိုင်ပါ့မလားဆိုတာလည်း မသေချာဘူး။ အဲဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခြေအနေ အသီးသီးကို သုံးသပ်ပြီး စစ်ကို “သရဲမွေးတဲ့ မှော်ဆရာလို” နှစ်ဘက်လုံးက အသုံးချနေ ကြတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိလာတယ်။ ဒါကို ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

PSTDM – မှန်ပါတယ်။ အဲဒါကြောင့် ကျနော်ပြောချင်တာက စဉ်းစားတွေးခေါ်မှုအယူအဆပေါ့၊ Military doctrine ပေါ့။ စစ်တပ် တစ်ခုတည်ဆောက်လိုက်တဲ့အခါ တည်ဆောက်မှုဆိုင်ရာ ယူဆတွေးခေါ်တဲ့ အခြေခံစဉ်းစားတွေးခေါ်ပုံတွေက သိပ်အရေးကြီးတယ်။

ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီဆိုရင်တော့ အဲဒီစဉ်းစား တွေးခေါ်မှုတွေကို ခေတ်နဲ့လျော်ညီအောင် ကျနော်တို့ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ် …

အဲဒီတော့ အခြေခံတည်ဆောက် ထားတဲ့ စဉ်းစားတွေးခေါ်မှု (Military doctrine) တွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ စဉ်းစားတွေးခေါ်မှုအဖြစ် ပြန်ပြောင်းပစ်ဖို့လိုတယ်။ အခုရှိနေတာက ဟိုး အင်္ဂလိပ် ခေတ်တို့၊ ဂျပန်တော်လှန်ရေးတို့တုန်းက Military doctrine တွေကို တောက်လျောက်ယူလာတာလေ။ အဲဒီတော့ နိုင်ငံတစ်ခုရဲ့ တပ်တစ်တပ်ဆိုတဲ့ ပုံစံမျိုးနဲ့ အုပ်ချုပ်သူဆိုတဲ့ စဉ်းစားတွေးခေါ်မှု အခြေခံကနေပြီးတော့ Military doctrine ကို သွန်သင်ဆုံးမ လာတာကိုး။ အဲဒါကို လက်ဆင့်ကမ်းလာတာက ဟိုး ဗိုလ်ချုပ်အောင်ဆန်းခေတ်ကနေ ဦးနေဝင်းခေတ်၊ အဲဒီကနေ ဒီဘက်အထိ ဒါက မပြောင်းဘူး။ အဲဒီတော့ ဒီ Military doctrine ကို မပြောင်းသမျှကတော့ အဲဒီ Doctrine ကနေ အခြေခံပြီး ထွက်လာတဲ့ နိုင်ငံရေး ဆိုင်ရာ မူဝါဒအပိုင်းကလည်း အဲဒါကိုပဲ အခြေခံတဲ့ အခါကျတော့ တစ် ဗိုလ်တစ်မင်းပုံစံမျိုး ဆန်သွားတာပေါ့။ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီဆိုရင်တော့ အဲဒီစဉ်းစား တွေးခေါ်မှုတွေကို ခေတ်နဲ့လျော်ညီအောင် ကျနော်တို့ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်။ အဲဒီအခြေခံတွေကနေ စပြီးတော့ အဲဒီလို လုပ်နိုင်တယ်ဆိုရင်တော့ ပျော့ပြောင်းမှုတွေကို တိုင်းရင်းသားတွေ ဘက်ကလည်း မြင်လာလိမ့်မယ်။ အဲဒီလို မြင်လာတဲ့အပေါ်မှာ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ Platform တွေ ပိုပြီးပေါ်လာလိမ့်မယ်။ ကျနော်တို့ဘက်ကလည်း အဖြေရှာရအဆင် ပြေတဲ့အပိုင်းတွေ ပိုပြီးတော့ရှိလာလိမ့်မယ်။ ဆိုတော့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,