ငါးမင်းဆွေကို ကျွန်တော်တို့ Personal အရ လုံး၀ လက်သင့်ခံလို့ မရဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSK / အသံ အဖွဲ့၏ Executive Director မောင်ဆောင်းခ

ငါးမင်းဆွေကို ကျွန်တော်တို့ Personal အရ လုံး၀ လက်သင့်ခံလို့ မရဘူး။ သူ့ရဲ့ ပြုမူပြောဆိုပုံတွေဟာ ကျွန်တော်တို့ လုံး၀ သဘောကျ နှစ်ခြိုက်စရာ မရှိဘူး၊ လုံး၀ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ ဒါပေမယ့် အဲလိုမျိုး ပြောဆိုမှုအတွက် ထောင် (၇) နှစ်ချတယ်ဆိုတာ မဖြစ်သင့်ဘူ …

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန် ရက်တွင် ညစ်ညမ်းစွာ ပုတ်ခတ် ရေးသားခဲ့မှုဖြင့် ငါးမင်းဆွေကို ပုဒ်မ ၁၂၄-က အရ ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ် တစ်သိန်းကျပ် ချမှတ် လိုက်သည်။ ယင်းသို့ ချမှတ်လိုက်မှုအပေါ် အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် (Athan) အသံ အဖွဲ့၏ Founder & Executive Director မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် “ လူတစ်ယောက်ဟာ အစိုးရအဖွဲ့ဝင် တစ်ဦးဦးကို ဘယ်လောက်ပင် မကြားဝံ့မနာသာ ဝေဖန် ပုတ်ခတ်နေစေဦးတော့၊ ဒီလို ပုဒ်မမျိုးနဲ့ ထောင် (၇) နှစ် အထိ ချတာမျိုးက လုံးဝမဖြစ်သင့်ပါဘူး” စသဖြင့်မှတ်ချက်ပြု ရေးသားခဲ့သည်။အဆိုပါ အခြေအနေ နှင့်ပတ်သက်၍ ငြမ်းမီဒီယာ က မောင်ဆောင်းခ ကို ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ငါးမင်းဆွေကို ထောင် (၇) နှစ် ချတာနဲ့ပတ်သက်ပြီး ကိုဆောင်းခတို့ အသံအဖွဲ့အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

မောင်ဆောင်းခ – အဓိကကတော့ ကျွန်တော်တို့ နဂိုကတည်းက ဒီ ၁၂၄-က ဆိုတာက မရှိသင့်ဘူးလို့ ပြော ထားတာ ဖြစ်တယ်။ နောက် တစ်ခုကကျတော့ အခုအချိန်မှာ ဒါ ဒီမိုကရေစီကို သွားနေ တဲ့အချိန်မှာ ဒီလို အစိုးရ အပေါ်မှာ၊ အစိုးရအဖွဲ့ဝင် တစ်ဦးဦးအပေါ်မှာ ဘယ်လိုပဲ မကြားဝံ့မနာသာ ဝေဖန်ပုတ်ခတ် နေပါစေ၊ ဒီလိုပုဒ်မ တွေနဲ့ ထောင် (၇) နှစ် ချတာကတော့ ဒါ လုံး၀ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့က မြင်တယ်။ နောက်တစ်ခုက ကျတော့ တခြားနိုင်ငံတွေမှာဆိုရင် ဒါ အသရေဖျက်မှုကို တရားမမှုအနေနဲ့ ပြောင်းပြီးတော့ ထောင်မချတော့ဘဲ နဲ့ ငွေဒဏ်တွေ ဘာတွေနဲ့ စီရင်နေတဲ့အချိန်မှာ ဒီမှာ အသရေဖျက်မှုကို တရားစွဲလို့ရတဲ့ ပုဒ်မတွေများစွာ ရှိနေ တယ်။ ၁၂၄-က ကတော့ အမြင့်ဆုံးပေါ့။ အဲဒီ အောက် အဆင့်နိမ့်တဲ့ဟာတွေ ရှိသေးတယ်။ ပုဒ်မ ၅၀၀ ရှိတယ်၊ ၅၀၅(ခ) တို့ ဘာတို့ကလည်း အစိုးရနဲ့ ပတ်သက်ရင်စွဲလို့ရတဲ့ အခြေ အနေမှာရှိတယ်။ နောက်တစ်ခုကကျတော့ ၆၆(ဃ) တို့ နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွှတ်လပ်မှုကို ကာကွယ်ပေးရေး ဥပဒေလိုဟာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ၃၄(ဃ) ရှိတယ်ပေါ့နော်။ အဲဒီလိုမျိုး အသရေဖျက်မှုကို ပုံစံမျိုးစုံနဲ့ တရားစွဲလို့ရတဲ့ အခြေအနေတွေကအစ၊ ဒါ အသရေဖျက်မှုနဲ့ ပတ်သက် ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ဒီဥပဒေတွေကို ပြန်ခြုံငုံသုံးသတ်တာမျိုး ကျွန်တော်တို့ မဖြစ်မနေ လုပ်ဖို့လိုတယ်လို့ မြင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး ပြောဆိုမှု တစ်ခုအတွက်နဲ့ ၁၂၄-က နဲ့ ထောင် (၇) နှစ် ကြီးအထိ ချလိုက်တာကတော့၊ ဒါ မဖြစ်သင့်တဲ့ကိစ္စ၊ ဒါတော်တော်များတဲ့ကိစ္စလို့ မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – နိုင်ငံတကာမှာလည်း ဒီလိုကိစ္စတွေကို တရားမမှုအနေနဲ့ သွားတယ်လို့ ကိုဆောင်းခပြောသွားတော့ ဘယ်နိုင်ငံတွေမှာ အခုလို ကိစ္စကို တရားမမှုအနေနဲ့ သွားတာလဲဆိုကို ဥပမာအနေနဲ့ နိုင်ငံတစ်ခု လောက် ပြော ပေးပါဦး။

မောင်ဆောင်းခ – ကျွန်တော်တို့ သုံးနေတဲ့ ဒီရာဇသတ်ကြီး ဥပဒေတွေ ဆိုရင် အင်္ဂလိပ်အစိုးရ ဆွဲခဲ့တဲ့ဥပဒေတွေ၊ အဲဒီ ဥပဒေတွေကို ယနေ့ အချိန်ထိ သုံးနေရတာဖြစ်တယ်။ ဗြိတိန်မှာတော့ အကုန်လုံး ဖျက်သိမ်းပြီး သွားပြီ။ ခုနက အသရေဖျက်မှုကိုလည်း တရားမမှုအဖြစ် ပြောင်းပြီး သွားပြီ။ ဒါ အကောင်းဆုံး ဥပမာလို့ ကျွန်တော် ထင်တယ်။

ငြမ်းမီဒီယာ – ငါးမင်းဆွေရဲ့ လူမှုကွန်ရက်မှာ ပြောဆိုရေးသားမှုတွေဟာ ဝေဖန်တဲ့အဆင့်မဟုတ်ဘဲ ညစ်ညမ်းစွာ ပုတ်ခတ်ပြောတဲ့ အခြေ အနေမျိုးအထိ ဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေတယ်။ ဒါပေမယ့် အရေးယူ တဲ့ပုဒ်မက ပြင်းလွန်းတယ်လို့ ဝေဖန်ကြတာ တွေလည်း ရှိတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးကို အရေးမယူ သင့်ဘူး လားဗျ။

မောင်ဆောင်းခ – အရေးယူမယ် ဆိုရင်လည်း အစိုးရက အရေးယူလို့ ရတယ်။ ဒါက အစိုးရရဲ့ သဘောထား ဖြစ်တယ်။ သို့သော် ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီမိုကရေစီ အစိုးရဆိုတာက ကိုယ့်အပေါ်မှာ ဘယ် လောက်ပဲ ပြောဆိုနေပါစေ ဝေဖန်တာကို ခံနိုင်တဲ့၊ သည်းခံနိုင်တဲ့၊ သည်းခံခွင့်လွှတ် ပေးနိုင်စွမ်းရှိတဲ့ ဟာကို ပိုပြစေချင်တာ။ ဒီလိုမျိုး အမုန်း စကား ဖြစ်တဲ့ဟာတွေ ပြောနေတာကို ကျွန်တော်တို့ လုံးဝအား မပေး ဘူး။ အဲဒီလို ပြောတာမျိုးကိုလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်။ ဒါကတစ်ပိုင်း၊ သို့သော် အဲဒီလို ပြောလို့ ထောင် ဒဏ် နှစ်ရှည်ချတာကို ကျွန်တော်တို့က လုံး၀ လက်သင့်ခံလို့ မရဘူး။ ဒါကိုတော့ ရှင်းလင်းဖို့ လိုတယ်။ ကျွန်တော်တို့ ဒီဟာကို ကန့်ကွက်တယ် ဆိုတာက အစိုးရ တာဝန်ရှိသူတွေကို အဲဒီလိုမျိုး ပုတ်ခတ်နေတာက အမုန်းစကားတွေ ပြောနေတာကို ကျွန်တော်တို့ လက်ခံတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒါကိုလည်း ကျွန် တော်တို့ လုံး၀ လက်မခံဘူး။ ဒါမျိုးကို လုံး၀ လှစ်လျူ ရှုလိုက်ပြီး အဖက်လုပ်တာမျိုး၊ လူရာသွင်းတာမျိုး မလုပ်ဘဲ ထားတာက သူတို့အတွက် အကောင်းဆုံး ပြစ်ဒဏ်လို့ မြင်တယ်။

ငြမ်းမီဒီယာ – နိုင်ငံရေးအရ မဟုတ်ဘဲ လူသားတစ်ယောက်အနေနဲ့ အခုလိုမေး တာပါ။ ကျွန်တော်တို့ နိုင်ငံမှာ အမျိုး သမီးတစ်ယောက်ကို ကာယအိန္ဒြေ ထိခိုက်အောင် ပြောဆိုပြုမူခြင်းကို ချမှတ်တဲ့ အပြစ်ဒဏ်တွေ ရှိပါတယ်။ အဲဒီတော့ လူအများ ယုံကြည်လေးစားတဲ့ အမျိုးသမီးတစ်ယောက်ကို အခုလို ပုတ်ခတ် ပြောဆိုတာကိုရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

မောင်ဆောင်းခ – ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံတော်အစိုးရ မှာ အဆင့်မြင့် ရာထူး၊ အဆင့်မြင့် တာဝန် မယူထားဘဲ ပါတီမှာ ဥက္ကဌ အနေနဲ့ပဲ ရှိနေမယ်၊ သာမန်လူတစ်ယောက် ဖြစ်နေမယ်ဆိုရင် ဒီကိစ္စက အရေးယူဖို့ လိုအပ်ပါတယ်။ တနည်းနည်းနဲ့ အရေးယူဆောင်ရွက်တာမျိုး ဖြစ်သင့်ပါတယ်။ သို့သော် အဲဒီလို မဟုတ်ဘဲ နိုင်ငံတော်မှာ အကြီးအကဲ တာဝန်တစ်ခုခု ယူထားတယ်ဆိုရင်တော့ ဒါက ဒီမိုကရေစီနည်းအရကိုပဲ အဲဒီလို ပြန်ပြီးဆောင်ရွက်ဖို့ မသင့်တာဗျ။ နောက်ဆုံးအဆင့် ဒီထဲမှာ ခြိမ်းခြောက်တဲ့ စာတွေ ပါနေဦးတော့ သူက ပြည့်စုံတဲ့ လုံခြုံရေး အစောင့် အရှောက် ရှိထားပြီးသားသူ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အတွက် သူ့အပေါ် မှာ ဝေဖန်တိုက်ခိုက် ပြောဆိုတာတွေကို ကျွန်တော့်အမြင်အရ သည်းညည်း မခံရင်တောင် နောက်ဆုံးအဆင့် လှစ်လျူရှုလိုက်တာ ပိုကောင်းတဲ့ နည်းလမ်းလို့ မြင်တယ်။ ခုနကပြောတဲ့ သာမန် အပြင်မှာ အမျိုးသမီး တစ် ယောက်ကို ဒီလိုမျိုး ပြောတယ်ဆိုရင်တော့ ကျိန်းသေ ပေါက်ကိုပဲ ဒီလိုလူအပေါ်မှာ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ -တစ်ဖက်အမြင်အရ ပြန်ကြည့်မယ်ဆိုရင်လည်း အခုလို နိုင်ငံတော် အဆင့် တာဝန်ထမ်းဆောင် နေတဲ့ အမျိုးသမီး တစ်ယောက်ကိုတောင် ပုတ်ခတ် ပြောဆိုနေတာဆိုတော့ အခုလို အရေးမယူရင် သာမန်အမျိုး သမီး တွေအပေါ်မှာရော အခုလို ပုတ်ခတ်စော်ကားမှုတွေ ပိုများမလာနိုင် ဘူးလားဗျ။

မောင်ဆောင်းခ – ခုနကပြောသလိုပဲ၊ အဲဒီလိုမျိုး အခြားသူတွေကို ပြော တယ်ဆိုရင်တော့ အရေးယူဖို့ ကျွန်တော်တို့ ကိုယ်တိုင် ဖော်ထုတ်ပြီးတော့ တိုက်တွန်းမှာ ဖြစ်တယ်။ အခုကျွန်တော်တို့ ကြုံနေရတာပဲ၊ Online မှာ အမျိုးသမီးတွေကို ငွေညှစ်တယ်၊ သူတို့ဓာတ်ပုံတွေကို ယူပြီးတော့ စော်ကားတယ်။ သက်ဆိုင်ရာက ဥပဒေတွေနဲ့ အရေးယူနေ တာကို ကျွန်တော်တို့က ထောက်ပြ ပြောဆိုနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ ပြောချင်တာက အထူးသဖြင့် နိုင်ငံတော်အဆင့် အကြီး အကဲ တစ်ယောက် ဖြစ်တဲ့အတွက် ဝေဖန်တဲ့သူတွေမှာ ဒေါသ အလျောက် ဆဲဆိုတာတွေ၊ ညစ်ညမ်းတာတွေ၊ အမနာပပြောတာတွေ ပါကောင်း ပါနိုင်ပါတယ်။ ဒါတွေကို အရေးတယူ ဂရုစိုက်ပြီး တရားစွဲဆို ခြင်းဟာ မကောင်းဘူးလို့ ကျွန်တော်တို့မြင်တာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ကိုဆောင်းခအနေနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ရေးသားခဲ့မှု တစ်ခုကြောင့် တရား စွဲဆို ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်။ ညစ်ညမ်းတာ ပါတယ်ဆိုပြီး ဝေဖန် ပြောဆိုမှုတွေလည်း ရှိခဲ့တယ်။ အခုကိစ္စကိုရော ဘာများ ပြောချင်ပါသလဲ။

မောင်ဆောင်းခ – အဓိက ကတော့ဗျာ၊ ကျွန်တော့် Personal နဲ့ အဲဒီ လိုယှဉ်ရတာ ကျွန်တော့်အတွက် အခက်အခဲရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ခံစားဖူးသွားလို့ အဲလိုမျိုး မဟုတ်ဘူး။ အဓိက က ကျွန်တော်တို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆိုရင် သူ့ရဲ့စံနှုန်းတွေ အပေါ်မှာပဲ ရပ်တည်ရလေ့ ရှိတယ်။ အထူးသဖြင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ငါးမင်းဆွေကို ကျွန်တော်တို့ Personal အရ လုံး၀ လက်သင့်ခံလို့ မရဘူး။ သူ့ရဲ့ ပြုမူပြောဆိုပုံတွေဟာ ကျွန်တော်တို့ လုံး၀ သဘောကျ နှစ်ခြိုက်စရာ မရှိဘူး၊ လုံး၀ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ ဒါပေမယ့် အဲလိုမျိုး ပြောဆိုမှုအတွက် ထောင် (၇) နှစ်ချတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တာပါ။

ငြမ်းမီဒီယာ – အခုလို ထောင် (၇) နှစ်ချတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်တယ်လို့ ကိုဆောင်းခတို့ “အသံ” အဖွဲ့က ယူဆတာလား။

မောင်ဆောင်းခ – ကျိန်းသေတာပေါ့။ ကျွန်တော်တို့ ပြောချင်တာက ဒီနေရာမှာ အခြားတစ်ယောက် ဆိုရင် ပေါ့နော်၊ ဒါက ငါးမင်းဆွေ ဒီလို ဝေဖန်လို့။ အဲဒီလိုမျိုးပဲ တကယ်လို့ ဒီအစိုးရကနေ နောက် အစိုးရ တစ်ခု ပြောင်း သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည် မဟုတ်တော့ဘူး အခြား အစိုးရ ဖြစ်မယ်ပေါ့နော်၊ အဲဒီအခါမှာ အဲဒီအစိုးရက ကျွန်တော်တို့ အနေနဲ့ ဝေဖန်ရမယ့် ကိစ္စတွေပေါ်လာရင် အဲဒီလိုဝေဖန်မှုမှာ အဲဒီလိုမျိုး ဆဲဆိုတာတွေ၊ ညစ်ညမ်းတာတွေ ပါတဲ့အခါကျရင် အဲဒီလိုမျိုးကိုရော ၁၂၄-က နဲ့ ထောင် (၇) နှစ် ချမယ်ဆိုရင် လက်သင့်ခံ မလားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျွန်တော် ဆိုလိုတာက ငါးမင်းဆွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုတ်ခတ်ပြောဆိုမှု တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုလို့ ကိုဆောင်းခ အနေနဲ့ ယူဆတာလား။

မောင်ဆောင်းခ – အဲဒီလိုမျိုး ပြောရင်တော့ ကျွန်တော် ပြသနာရှိတာပေါ့။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ကျွန်တော်တို့က ပြောလို့မရဘူး။ ဒီအခြေအနေကပေါ့။ သို့သော် ကျွန်တော်ပြောတာက ဒီအရေးယူမှုက များတယ်လို့ ကျွန်တော်ပြောတာ။ ကျွန်တော်တို့ ရပ်တည်ချက်က ဒီလို ပြောဆိုမှုကို ဒီလောက်ထိ အရေးယူတာက များတယ်လို့ ပြောချင်တာ။ သူ့ကို အခြားနည်းလမ်းနဲ့ ပေါ့နော်၊ အရေးယူရင်တောင်မှ ဒီလို ၁၂၄-က နဲ့ မဟုတ် ဘဲ တခြား ဥပဒေတစ်ခုခုနဲ့ အရေးယူတာမျိုးဖြစ်ရင် ပိုပြီးတော့ ကောင်းတယ်လို့ ကျွန်တော်တို့ ထင်တာပါ။

ငြမ်းမီဒီယာ

(ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က တွင် ‘မည်သူမဆို၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စု အတွက် (သို့တည်း မဟုတ်) ပြည်ထောင်စု အဖွဲ့ဝင် များအတွက် ဥပဒေအရ တည်ထောင် ထားသော အစိုးရကို မုန်းထားအောင် သော်၎င်း၊ မလေးစားအောင် သော်၎င်း ပြုလျှင် (သို့တည်းမဟုတ်) ထိုသို့ပြုရန် အားထုတ်လျှင်၊ (သို့တည်းမဟုတ်) မေတ္တာပျက်အောင် လှုံ့ဆော်လျှင် (သို့တည်း မဟုတ်) ထိုသို့ လှုံဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တသက် တကျွန်း ဒဏ်ဖြစ်စေ၊ ငွေနှင့်တကွ တသက်တကျွန်းအောက် လျော့သည့် တကျွန်းဒဏ် ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ (၃) နှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်သက်သက် ဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြဌာန်း ထား သည်။)

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,