ငြိမ်းချမ်းရေးခရီးရှည်၊ လမ်းချင်းတူရဲ့လား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SNLD / ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ (ဦး)စိုင်းလိတ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောသွားတဲ့ စကားလုံးတွေမှာ အဲဒါတွေနဲ့ လုံး၀ ဆန့်ကျင်ဘက်ပဲ။ အချုပ်အခြာအာဏာဆိုတာက လူမျိုးကြီး တစ်ခုတည်းမှာ ပဲ ရှိတယ်။ သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်။အဲဒီ …

သြဂုတ်လ(၁၉ ) ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးမှာ ကိုယ်စားပြုမှု အသီးသီးနဲ့ ခေါင်းဆောင်တွေ ပြောကြားခဲ့တဲ့ မိန့်ခွန်း တွေကို အခြေခံပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ (ဦး)စိုင်းလိတ် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ငြမ်းမီဒီယာ – မနေ့ က ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ကိုယ်စားပြုမှု အသီးသီးနဲ့ ခေါင်းဆောင်တွေ မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အသွင်အပြင် တစ်ခုလုံးကို ခြုံကြည့်လို့ရှိရင် ဘယ်လို မှတ်ချက်ပြု ချင်ပါလဲ ခင်ဗျ။

SL – ငြိမ်းချမ်းရေး ညီလာခံက ငြိမ်းချမ်းတဲ့ အသွင် မဆောင်ဘဲနဲ့ ဘက်နှစ်ဘက် ကွဲနေတဲ့ သဘောကို ကျနော်သွားတွေ့ရပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးညီလာခံရဲ့ ပကတိ ရည်မှန်းချက် ဖြစ်တဲ့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်ပြီးတော့မှ နောက်ဆုံးအချက်မှာ အပစ်အခတ်တွေ ရပ်စဲမယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ပြင်ဆင်မယ်။ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ကြမယ်ဆိုတဲ့ ရည်မှန်းချက်ကို ရောက်ဖို့ထက် ကိုယ့်ရဲ့ အဖွဲ့အစည်း အားကောင်းဖို့အတွက်၊ ကိုယ့်ရဲ့ အဖွဲ့အစည်း ခိုင်မာဖို့အတွက် ရပ်တည်နေကြတဲ့ သဘော ကို သွားတွေ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကာကွယ်ရေး ဦးစီးချုပ် ပြောသွားတဲ့ အထဲမှာပါတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ အခြေအနေတွေ ၊လူနည်းစု တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ အချက်တွေ အပေါ်မှာ ရော ဘယ်လို မှတ်ချက် ပြုချင်ပါလဲ။

SL – အခြေအနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောသွားတဲ့ ဟာ က လုံးဝပြောင်းပြန် ၊လုံး၀ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ တိုင်းရင်းသားတွေ က အမြင် ကျဉ်းတယ်။ တိုင်းရင်းသားတွေ အနေနဲ့ လူနည်းစု အခွင့်အရေးတို့၊ တိုင်းရင်းသား အခွင့်အရေးတို့ ၊ သံသယစိတ်တွေ၊ အားငယ်တဲ့ စိတ်တွေ မဖော်ထုတ်ကြပါနဲ့ အသုံးမပြုကြပါနဲ့ ။ ကျနော်တို့ နိုင်ငံကြီး ဟာ တိုင်းရင်းသား အကုန်လုံးကို တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပေးထားပြီးသား ဖြစ်တယ် ဆိုပြီး ပြောကြားသွားတာတွေ့ရတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေက အဲလို ဖြစ်မနေပါဘူး။

ကျနော်တို့အားလုံး မျှော်လင့်တောင်းတနေတဲ့ ငြိမ်းချမ်းရေး ၊ ပြည်တွင်းစစ်ရပ်စဲရေး အဲဒီကနေတစ်ဆင့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းဟာ ဘယ်လို မှ သွားပြီး ဆုံတွေ့နိုင်စရာ အကြောင်းမရှိဘူး။ …

တိုင်းရင်းသားတွေ ရဲ့ တကယ့် မွေးရာပါ အခွင့်အရေး ၊လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ဆိုတဲ့ အခွင့်အရေး သုံးခုလုံးနဲ့ ယှဉ်ကြည့်မယ် ဆိုရင် တိုင်းရင်းသားတွေ ရဲ့ လက်ရှိဘဝမှာ အဲဒီအခွင့်အရေးတွေ တစ်ခုမှ ပြည့်ပြည့်၀၀ ခံစားစံစားရတာ မရှိဘူး။ နောက်တစ်ခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်းပဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး တိတိကျကျ ပြဌာန်းပေးထားတာ၊ သူတို့ လိုချင်တဲ့ အချက်အလက်တွေ ကို အာမခံပေးထားတာ မရှိဘူး။

ငြမ်းမီဒီယာ – နောက်ဆုံးမေးခွန်းပါခင်ဗျ။ မနေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ပြောဆိုသွားတဲ့ မိန့်ခွန်း နှစ်ခု ကို ယှဉ်ပြီး သုံးသပ်ကြည့်ရင် ဒီ နိုင်ငံမှာ လုပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးတို့၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အတွက် လမ်းချင်းတူတယ်လို့ ယူဆလို့ရလားခင်ဗျ။

SL – မနေ့က မိန့်ခွန်းကို အခြေခံဲပြီး ပြောမယ်ဆိုရင် NO လို့ပဲ ပြောရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ UPDJC ဥက္ကဌ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှု လုပ်ငန်းစဉ် ဥက္ကဌ လို့ ပဲ ပြောပြော သူ့အနေနဲ့ ကတော့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ သူတို့ရဲ့ တန်းတူညီမျှ လိုခွင့်ကို အာမခံချက်ပေး နိုင်တဲ့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေးရမယ်လို့ နဂိုကတည်းက အဆိုပြုထားတာရှိတယ်။

ဒီဟာ ကလည်း အထူးအဆန်းတော့ မဟုတ်ဘူး။ ၁၉၄၇ လောက်ကတည်းက သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒီအပြောမျိုး၊ ဒီလို မိန့်ခွန်းမျိုး ၊ကတိကဝတ်မျိုး ပေးခဲ့ ပြုခဲ့ ပြီးသား ဖြစ်တယ်။ အဲဒီအတိုင်းပဲ လိုက်ပြောတာပါ။ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့ တကယ့်လိုအပ်ချက် ဖြစ်တယ်။ပေးကို ပေးရမယ်။ ပေးသင့်တဲ့ အနေအထားဖြစ်တယ်။ ဒါပေမယ့် သူပြောတဲ့ အထဲမှာ ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့လည်း ပြောတယ်။ ပြည်နယ် အခြေခံဥပဒေလို့လည်း ပြောတာပေါ့။ Constitution နဲ့ State Basic Law ။ အဲဒီနှစ်ခုတော့ ရောရောထွေးထွေး ပြောသွားတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို သူ့အနေနဲ့ အသိအမှတ်ပြုတယ်ဆိုတာ နားလည်လိုက်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ဖက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောသွားတဲ့ စကားလုံးတွေမှာ အဲဒါတွေနဲ့ လုံး၀ ဆန့်ကျင်ဘက်ပဲ။ အချုပ်အခြာအာဏာဆိုတာက လူမျိုးကြီး တစ်ခုတည်းမှာ ပဲ ရှိတယ်။ သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်။အဲဒီ လူမျိုးကြီး၊ သို့တည်းမဟုတ် အဖွဲ့အစည်းကြီး တစ်ခုကနေပြီးတော့ မှ မျှဝေပေးတဲ့၊စေတနာ ရှိသလောက် ဖဲ့ပေးလိုက်တဲ့ အနေအထား တစ်ခုလောက်ကိုပဲ သူ က ပြည်နယ်တွေ အပေါ်မှာ စေတနာထားနေတာ တွေ့ရပါတယ်။

အဲဒီလို ပုံစံမျိုး နဲ့ ဆိုရင် ကျနော်တို့အားလုံး မျှော်လင့်တောင်းတနေတဲ့ ငြိမ်းချမ်းရေး ၊ ပြည်တွင်းစစ်ရပ်စဲရေး အဲဒီကနေတစ်ဆင့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းဟာ ဘယ်လို မှ သွားပြီး ဆုံတွေ့နိုင်စရာ အကြောင်းမရှိဘူး။ မျဉ်းပြိုင်နှစ်ခု လိုပဲ ရှေ့လျောက်ဆက်ပြီး သံသရာရှည်နေဦးမယ်လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

SL – ဖြည့်စွက်ခွင့်ရမယ်ဆိုရင် တစ်ခွန်းတည်း ပြောလိုပါတယ်။ ကျနော်တို့ ၂၁ ရာစု ပင်လုံရဲ့ ရည်မှန်းချက်၊ရည်ရွယ်ချက်ဟာ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံ ကတိကဝတ်၊ပင်လုံ စာချုပ်ပါ အချက်အလက်များကို ပြန်လည် ဖော်ဆောင်ပြီးတော့မှ အဲဒီ ကတိကဝတ်တွေအတိုင်း ၊အဲဒီစိတ်ဓာတ်တွေ မွေးပြီးတော့မှ သာတူညီမျှရှိတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်နိုင်ဖို့ ဆိုတာ ဘာမှ မခက်ခဲပါဘူး။ အားလုံးဟာ ဒီပြည်ထောင်စုကို အတူ စုပေါင်း တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့ တန်းတူညီမျှတဲ့ အခွင့်အရေးကို သာ စေတနာ ရှိရှိ ပေးလိုက်မယ်ဆိုရင် ဒီပြသနာဟာ လွယ်လွယ်ကူကူနဲ့ ပြီးသွားနိုင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,