ငြိမ်းချမ်းရေးမရရှိခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေ အများကြီးရှိခဲ့ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Zalanq FB / အာခါတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီနာယကဦးမင်းညို

တိုင်းရင်း သားလူမျိုးငယ်တွေက သူတို့ဟာ ဥပေက္ခာပြုခံနေရတယ်လို့ ခံစားနေကြတာကို နိုင်ငံရေးပါတီကြီးတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကသူတွေကိုသိစေချင်ပါတယ် …

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနာယက ဦးမင်းညိုကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ပါတီမူဝါဒနဲ့ သမိုင်းကြောင်းကိုပြောပြပေးပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMN – ကျနော်တို့ပါတီကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ (၃) လောက်အလိုမှာ နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခဲ့တာပါ။ တိတိကျကျပြောရရင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှာ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၉၃) နဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့တာပါ။ ပါတီမူဝါဒအနေနဲ့ဆိုရင်တော့ တိုင်းရင်းသားပါတီတစ်ခုဖြစ်တာကြောင့် အာခါ အမျိုးသားတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းကို အဓိကထားပါတယ်။ အာခါအမျိုးသားနိုင်ငံရေးကိုပဲ အဓိကထား ပါတယ်။ ပါတီကိုဝင်ခွင့်ပြုတာကအစ အာခါအမျိုးသားမိဘတွေကမွေးဖွားလာသူတွေကိုသာ ပါတီဝင်ခွင့်ပြု ပါတယ်။ ဆိုတော့ နိုင်ငံရေးမူဝါဒအရလည်း အာခါတိုင်းရင်းသားတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်မှာဖြောင့်ဖြောင့်တန်းတန်းသွားနိုင်စေဖို့ရည်ရွယ်ပါတယ်။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲတုန်းက အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက (၆) ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့တာတွေ့ရပါတယ်။ အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာရော ဘယ်နှဦးဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါသလဲ။

UMN – နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အနည်းဆုံး (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ရမှာဆိုတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၃) ဦးဝင်ရောက်ယှဉ်ပြိုင်ဖို့စီစဉ်ထားပါတယ်။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်ဆိုတော့ ရွေးကောက်ပွဲအတွေ့အကြုံကို ပြောပြပါဦး။

UMN – ကျနော်တို့ကလည်း အာခါအမျိုးသားတွေအတွက်ပဲ နိုင်ငံရေးလုပ်တာဆိုတော့ အမျိုးသားလွှတ်တော် တို့၊ ပြည်သူ့လွှတ်တော်တို့၊ ပြည်နယ်လွှတ်တော်တို့မှာ အနိုင်ရဖို့တော့ တော်တော်လေးခဲယဉ်းပါတယ်။ ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အာခါတိုင်းရင်းသားရေးရာဝန်ကြီးနေရာပဲ အနိုင်ရခဲ့ပါတယ်။ အဲဒါကြောင့်လည်း အနိုင်ရပါတီ စာရင်းထဲမှာဝင်ခဲ့ပါတယ်။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာရော ဘယ်လိုမျှော်လင့်ထားပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMN – ကျနော်တို့ကတော့ မိုင်းဖျန်မှာ ပြည်နယ်တစ်နေရာနဲ့ မိုင်းယောင်းမှာတစ်နေရာ၊ နောက်တိုင်းရင်းသား ရေးရာဝန်ကြီးတစ်နေရာပေါ့။ အမှန်တကယ်ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုပဲ ကျနော်တို့အဓိကထားပါတယ်ခင်ဗျား။

ငြမ်းမီဒီယာ – အာခါတိုင်းရင်းသားတွေက ရှမ်းပြည်နယ်မှာအနေများကြတော့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် တွေလား။

UMN – ရှမ်းမျိုးနွယ်စုတော့မဟုတ်ဘူးဗျ။ ကျနော်တို့မျိုးနွယ်စုက ရှမ်းအမျိုးသားနဲ့တော့ ကွဲပြားပါတယ်။ ရှမ်းပြည်မှာအနေများပေမယ့် ရှမ်းတိုင်းရင်းသားတွေနဲ့တော့ မတူပါဘူး။ အာခါတိုင်းရင်းသားတွေရဲ့ ထူးခြားချက် ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာပဲနေထိုင်ကြတာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကျိုင်းတုံ၊ တာချီလိတ်နားမှာ နေကြတာပေါ့။ လူဦးရေကတော့ နှစ်သိန်းဝန်းကျင်လောက်ရှိမယ်လို့ ကျနော်တို့ယေဘုယျ ခန့်မှန်းမိပါတယ်။

ငြမ်းမီဒီယာ – အာခါတိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံတမ်းတွေနဲ့ပတ်သက်ပြီးပြောပြပေးပါဦး။

UMN – ကျနော်တို့ အာခါတိုင်းရင်းသားတွေရဲ့ယုံကြည်ကိုးကွယ်မှုက အာခါဇန်းဆိုတာရှိပါတယ်။ ဇန်း ဆိုတာက ဘုရားကိုပြောတာပါ။ အဲဒီတော့ ကျနော်တို့မှာ မိမိရဲ့ယုံကြည်မှုဘာသာတရား သီးသန့်ရှိတာပေါ့။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကလည်း ဘာသာတရားကနေဆင်းသက်လာတဲ့ ခါးထောင်းဖားပွဲတော်တို့၊ ဒါန်းစီးပွဲတော်တို့၊ ကောက်သစ်စားပွဲတော်တို့ စသဖြင့် ထင်ရှားတဲ့ယဉ်ကျေးမှုဆိုင်ရာပွဲတော်တွေရှိပါတယ်။ ကျနော်တို့ အာခါတွေရဲ့ဘာသာတရားကတော့ ဘိုးဘေးဘီဘင်တွေကို ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရား ပေါ့။ သွားလေသူ ဘိုးဘေးများသည် အသက်ရှင်လျက်ရှိတဲ့သားသမီးမြေးမြစ်များကို စောင့်ရှောက်ကြတယ် ဆိုတဲ့ ယုံကြည်မှုကိုအခြေခံပြီးမှ ဘာသာတရားဖြစ်နေတာပါ။ ကမ္ဘာပေါ်မှာ ထူးခြားတဲ့အမွေအနှစ်တစ်ခုကို လည်း ကျနော်တို့အာခါလူမျိုးတွေပိုင်ဆိုင်ကြပါတယ်။ အဲဒါကဘာလဲဆိုတော့ ခုနကပြောတဲ့ ယုံကြည်မှုဓလေ့ ကနေဆင်းသက်လာတဲ့ Family Tree ဆိုတဲ့မျိုးရိုးစဉ်ဆက်ဇယားပေါ့။

ဖက်ဒရယ် တို့ ဘာတို့ရေးဆွဲကြတဲ့အချိန်မှာလည်း ဒုတိယလူနည်းစုတိုင်းရင်းသားတွေက ကျနော်တို့တတိယအဆင့် လူနည်းစုတိုင်းရင်းသားမျိုးနွယ်စုငယ်တွေအပေါ် ဘယ်လောက်ထိပါဝင်ခွင့်တွေ၊ ကြိုးစားပေးတာတွေရှိနိုင်မလဲ …

ကျနော်တို့ အာခါလူမျိုးတွေယုံကြည်နေ ကြတာက ဟိုးကမ္ဘာဦးကနေ ယနေ့အသက်ရှင်နေတဲ့အာခါလူမျိုးတစ်ဦးချင်းစီအထိ ဘိုးဘွားဘီဘင်ရဲ့ နာမည်စာရင်းကို အာခါလူမျိုးတိုင်းက သိရှိနေတဲ့၊ ရွတ်ဖတ်သရဇ္ဈယ်နေတဲ့ အကြောင်းအရာပဲဖြစ်တယ်။ ပုံမှန်အားဖြင့်ဆို တခြားလူမျိုးတွေက သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေကို ခုနစ်ဆက်၊ ရှစ်ဆက်လောက် သိ နိုင်ပေမယ့် ကျနော်တို့အာခါကကျတော့ ငါးဆယ်၊ ခြောက်ဆယ်လောက်ထိသိနေကြတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အာခါတိုင်းရင်း သားတွေရဲ့ ထူးခြားတဲ့ဓလေ့ထုံးတမ်းတွေကတော့ အဲဒီလိုမျိုးတွေရှိပါတယ်။ စာပေနဲ့ ပတ်သက်ရင်တော့ အာခါလူမျိုးတွေမှာ ကိုယ်ပိုင်စာပေရှိခဲ့တယ်လို့ ပါးစပ်ရာဇဝင်ရှိခဲ့တယ်။ သားရေပေါ်မှာ ရေးသားခဲ့ကြတဲ့စာ တွေကို သွားလာသယ်ဆောင်ရတာခက်လာလို့ နှလုံးသားမှာပဲရေးမှတ်ခဲ့ကြတယ်လို့ သက်ကြီးစကား သက်ငယ်ကြား ပါးစပ်ရာဇဝင်ပြောကြတယ်ဗျ။ အဲဒီစာပေကွယ်ပျောက်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ နှစ် (၁၀၀) ကျော်ကျော်လောက်က သာသနာပြုတွေရောက်လာတော့ ကက်သလစ်ဘာသာဝင်အာခါလူမျိုးတွေ အသုံးပြုတဲ့ ကက်သလစ်အာခါစာပေဆိုတာပေါ်လာတယ်။ နောက်ပြီး နှစ်ခြင်းခရစ်ယမ်အာခါတွေအသုံးပြုတဲ့ နှစ်ခြင်းအာခါ စာပေဆိုတာလည်းပေါ်လာတယ်။

ဘာသာရေးကိုအကြောင်းပြုပြီးပေါ်လာတဲ့စာပေတွေပေါ့ဗျာ။ အဲဒီစာပေတွေ ကိုပဲ နှစ်ပေါင်းများစွာသုံးလာပြီးတဲ့နောက် ၂၀၀၄ ခုနှစ်မှာ အာခါမျိုးချစ်ပုဂ္ဂိုလ်တွေ၊ အာခါလူငယ်တွေက အာခါ စာပေတစ်ခုတည်းဖြစ်စေဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီမှာ ကက်သလစ်အာခါစာပေနဲ့ နှစ်ခြင်းအာခါစာပေကို ပေါင်းပြီး ပေါင်းစည်းအာခါစာပေဆိုတဲ့ဟာတစ်ခု ပေါ်လာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ အာခါလူမျိုးတွေပျံ့နှံ့ နေထိုင်ကြတဲ့ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စတဲ့ မဲခေါင်မြစ်ဝှမ်း တစ်လျောက် ပျံ့နှံ့နေထိုင်ကြတဲ့ အာခါအမျိုးသားတွေက အာခါတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ စာပေတစ်ခုဖော် ဆောင်ကြရအောင်ဆိုတဲ့ သဘောထားတွေစုစည်းမိကြတယ်။

အဲဒီတော့ ၂၀၀၈ ခုနှစ်မှာပဲ ၂၀၀၄ ခုနှစ်က ပေါင်းစည်းအာခါစာပေကို အခြေခံပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်တဲ့ အာခါစာပေကိုဖော်ဆောင်နိုင်ခဲ့ကြတယ်။ အခုတော့ အဲဒီနိုင်ငံတကာအာခါသုံးစာပေကို အာခါတွေရဲ့ အနုပညာကဏ္ဍမှာရော၊ ပညာပေးကဏ္ဍမှာပါ တွင်တွင်ကျယ်ကျယ်သုံးနေကြပါပြီ။ ဒါကတော့ အာခါစာပေသမိုင်းအနှစ်ချုပ်ပေါ့ဗျာ။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေရဲ့ အဓိကလိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အပေါ်မှာ အာခါတိုင်းရင်း သားတွေက ဘယ်လိုသဘောထားမျိုးရှိပါသလဲ။

UMN – ကျနော်တို့က ဒီ ၂၁ ရာစုပင်လုံမှာလည်း သူ့ကဏ္ဍအလိုက်ပါဝင်ခွင့်ရှိခဲ့ပါတယ်။ ကျနော်တို့ကလည်း နိုင်ငံတော်နဲ့ သဟဇာတဖြစ်တဲ့မူတွေကို ကျနော်တို့တတ်နိုင်သလောက်လေ့လာတယ်။ ကျန်တဲ့ပါတီတွေ၊ ပညာ ရှင်တွေနဲ့လည်း ကျနော်တို့ဆွေးနွေးတာတွေလုပ်နေကြပါတယ်။ အဲဒီတော့ အာခါလူမျိုးအနေနဲ့ သီးသန့်ပြောရ မယ်ဆိုရင်တော့ ဒီတိုင်းရင်းသားဆိုတဲ့အရာမှာ၊ ဥပမာ ပါတီနိုင်ငံရေးနဲ့ပြောမယ်ဆိုရင် NLD နဲ့ USDP လို တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ပါတီတွေရှိသလို၊ ပြည်နယ်တွေမှာလည်းတိုင်းရင်းသားပါတီကြီးတွေရှိတယ်။ နောက် လူမျိုးစုကိုအခြေခံတဲ့ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေရဲ့ လူမျိုးစုပါတီတွေလည်းရှိတာပေါ့။

အဲဒီတော့ ကျနော်တို့ အာခါတိုင်းရင်းသားတွေအနေနဲ့ခံစားရတာက ကျနော်တို့ဟာ တတိယအဆင့်လို့ပဲ မြင်ပါတယ်။ ဒါကြောင့် အခုကျနော်တို့လက်တွဲအကောင်အထည်ဖော်နေတဲ့ ဖက်ဒရယ်ဆိုတဲ့အရာကိုလည်း တစ်ခါတလေ သံသယတွေအများကြီးဖြစ်မိပါတယ်။

ကျနော်တို့ တတိယအဆင့်မျိုးနွယ်စု၊ တတိယအဆင့်လူနည်းစုတိုင်းရင်း သားတွေ အပေါ်မှာခေတ်အဆက်ဆက် နိုင်ငံတော်က ဘယ်လောက်လက်တွဲခေါ်ဆောင်ခဲ့သလဲ၊ ဘယ် လောက်အထိစေတနာထားသလဲဆိုတဲ့ဟာကို ကျနော်တို့အများကြီးသုံးသပ်ပါတယ်။ အဲဒီတော့ လူနည်းစု ဖြစ်တဲ့ အာခါတို့၊ လားဟူတို့က ပြည်နယ်ကိုယ်စားလှယ်တောင်ဖြစ်ဖို့မလွယ်တဲ့ဘဝမှာ ခုနကပြောတဲ့ ဖက်ဒရယ် တို့ ဘာတို့ရေးဆွဲကြတဲ့အချိန်မှာလည်း ဒုတိယလူနည်းစုတိုင်းရင်းသားတွေက ကျနော်တို့တတိယအဆင့် လူနည်းစုတိုင်းရင်းသားမျိုးနွယ်စုငယ်တွေအပေါ် ဘယ်လောက်ထိပါဝင်ခွင့်တွေ၊ ကြိုးစားပေးတာတွေရှိနိုင်မလဲ ဆိုတဲ့အချက်ကိုလည်း သံသယရှိတာတော့ အမှန်ပါပဲ။ ဆိုတော့ ကျနော်တို့မှာ တခြားသောပါတီတွေ၊ တိုင်းရင်းသားမျိုးနွယ်စုကြီးတွေခံယူထားတာနဲ့ မတူတဲ့အချက်အလက်လေးတွေ ရှိကောင်းရှိနိုင်ပါတယ်။

ကျနော်တို့အာခါ တိုင်းရင်းသားတွေ၊ လားဟူတိုင်းရင်းသားတွေနေထိုင်တဲ့ဒေသတွေမှာ ဖိနှိပ်တာတွေ၊ ငြိမ်းချမ်းရေးမရရှိခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေက အများကြီးရှိခဲ့ပါတယ်။ အဲဒီ …

ဒါပေမယ့် ဖက်ဒရယ်အပေါ်မှာတော့ ကျနော်တို့ အလေးအနက်ထောက်ခံပါတယ်။ ပြောင်းလဲဖို့တာစူနေတဲ့ ညှိနှိုင်းမှုတွေမှာလည်း ကျနော်တို့ ထဲထဲဝင်ဝင်ပါဝင်ပေးပါတယ်။ တပြိုင်နက်တည်းမှာ ကျနော်တို့ကိုလည်း PR စနစ်နဲ့သော်လည်းကောင်း၊ တခြားသောနိုင်ငံရေးအခင်းအကျင်းနဲ့သော်လည်း ကောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတဲ့ ဥပဒေပြုရေးကဏ္ဍမှာ ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေပါဝင်နိုင်ရေးကို နည်းလမ်းလေးတွေရှာကြံပေးဖို့လိုပါတယ်။ ဒါကလည်းကျနော်တို့အတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါ တယ်။

ငြမ်းမီဒီယာ – တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုကိုရော တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်မိပါသလဲ။

UMN – ကျနော်တို့အနေနဲ့ကတော့ ပထမအစိုးရသက်တမ်းဖြစ်တဲ့ ကြံ့ခိုင်ရေးအစိုးရလက်ထက်အခြေအနေနဲ့ ဒုတိယအစိုးရသက်တမ်းဖြစ်တဲ့ NLD အစိုးရလက်ထက်အခေအနေကို နှိုင်းယှဉ်ဝေဖန်ရမှာပေါ့။ ကျနော်တို့က တော့ တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်တဲ့ပါတီကြီးတွေအပေါ်မှာလည်း နားလည်မှုရှိပါတယ်။ ဆိုတော့ကျနော်တို့က တော့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာထက် ပါတီစုံဒီမိုကရေစီနိုင်ငံတော်ဆိုတာကိုပိုပြီး မျှော်လင့်ပါတယ်။ ဒါမှ လည်း ကျနော်တို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး နိုင်ငံရေးမှာပါဝင်နိုင်တဲ့အခွင့်အရေးတွေရလာမှာပေါ့။

ငြမ်းမီဒီယာ – မေးခွန်းက တပ်မတော်ရဲ့နိုင်ငံရေးမှာပါဝင်နေမှုကို ဘယ်လိုရှုမြင်သုံးသပ်မိသလဲဆိုတဲ့အချက်ပါ။

UMN – နိုင်ငံရေးဆိုတဲ့ဟာကတော့ နိုင်ငံရဲ့အရေးကိစ္စပေါ့ဗျာ။ အားလုံးပါဝင်တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပြော သလို စားတာသွားတာလာတာ အားလုံးပါဝင်တာပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ရှည်လျားတဲ့သမိုင်းကြောင်းကို ပြန် ကြည့်မယ်ဆိုရင် အခက်အခဲတွေ အမြောက်အများရှိတာတွေ့နိုင်ပါတယ်။ အထူးသဖြင့် ကျနော်တို့အာခါ တိုင်းရင်းသားတွေ၊ လားဟူတိုင်းရင်းသားတွေနေထိုင်တဲ့ဒေသတွေမှာ ဖိနှိပ်တာတွေ၊ ငြိမ်းချမ်းရေးမရရှိခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေက အများကြီးရှိခဲ့ပါတယ်။ အဲဒီအချက်တွေက ကျနော်တို့အပေါ်မှာ နိုင်ငံရေးအရ လွှမ်းမိုး မှု အများကြီးရှိခဲ့ပါတယ်။

ကျနော်တို့ အာခါအမျိုးသားများရဲ့ခံယူချက်ကတော့ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်း အရ အချိန်အကန့်အသတ်တစ်ခုအထိ၊ ပြောချင်တာက တိုင်းပြည်ငြိမ်းချမ်းမှု အထိုက်အလျောက်ရှိလာတဲ့ ကာလအထိတော့ တပ်မတော်ဟာ နိုင်ငံရေးမှာရှိနေသင့်တယ်လို့ ဒီလိုပဲကျနော်တို့မြင်ပါတယ်။

ရှမ်းလူမျိုးတွေရဲ့အမြင်မှာ အာခါတွေ၊ လားဟူတွေဆိုတာ ငါတို့ရှမ်းပြည်မှာနေကြတဲ့ ငါတို့ထက်တစ်ဆင့်နိမ့်တဲ့လူမျိုးတွေဆိုတဲ့အမြင်မျိုးတွေကတော့ ရှိခဲ့ပါတယ်။နဂိုကတော့ …

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုအခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

UMN – ဒီကိစ္စကျတော့ ရွေး/ကော်အပိုင်းကလည်း တစ်ပိုင်းပေါ့၊ ပြီးတော့ ဒီဘက် ပါတီနိုင်ငံရေးလှုပ်ရှားမှု အပိုင်းကလည်း တစ်ပိုင်းပေါ့။ အဲဒီတော့ ပါတီနိုင်ငံရေးပိုင်းကနေ ရွေး/ကော်ကို ဘယ်လိုလွှမ်းမိုးမှုရှိသလဲဆိုတာ ကိုတော့ ကျနော်တို့လည်းမသိနိုင်ဘူး။ အဲဒီတော့ ဒီကြားထဲမှာ ကျနော်တို့ကတော့ ကိုယ့်ရဲ့အမျိုးသားရေး အတွက် သော်လည်းကောင်း၊ ကိုယ့်ရဲ့နယ်မြေအတွက်သော်လည်းကောင်း ကိုယ်တတ်နိုင်သလောက် ကြိုးစားသွားဖို့တော့ လုပ်နေပါတယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားလူမျိုးတွေအချင်းချင်းကြားမှာ အင်အားကြီးတဲ့မျိုးနွယ်စုတွေက အင်အားငယ်တဲ့ မျိုးနွယ်စုတွေအပေါ်ဖိနှိပ်ခွဲခြားဆက်ဆံတာမျိုးတွေကို ကြုံဖူးပါသလား။ အဲဒီလိုကိစ္စတွေရှိပါသလား။ အာခါ တိုင်းရင်းသား နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဒီလိုကိစ္စတွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UMN – ဒီဟာကိုကျတော့ အပိုင်းနှစ်ပိုင်း ကျနော်ပြောရလိမ့်မယ်ဗျ။ တစ်ပိုင်းကတော့ သမိုင်းကြောင်းပေါ့။ သမိုင်းကြောင်းအရဆိုရင် ကျနော်တို့ အာခါတို့၊ လားဟူတို့ဆိုတာ ရှမ်းစော်ဘွားတွေခေတ်ကတည်းက ရှိခဲ့တာကိုး။ ဆိုတော့ ရှမ်းလူမျိုးတွေရဲ့အမြင်မှာ အာခါတွေ၊ လားဟူတွေဆိုတာ ငါတို့ရှမ်းပြည်မှာနေကြတဲ့ ငါတို့ထက်တစ်ဆင့်နိမ့်တဲ့လူမျိုးတွေဆိုတဲ့အမြင်မျိုးတွေကတော့ ရှိခဲ့ပါတယ်။နဂိုကတော့ အဲဒီအမြင်မျိုးတွေ ရှိခဲ့တယ်။ ဒီလိုရှိခဲ့တယ်ဆိုတဲ့သမိုင်းကြောင်းအရ အာခါလူထုတွေကလည်း ဒီရှမ်းလူမျိုးတွေဟာ ငါတို့အာခါ တွေ၊ လားဟူတွေအပေါ်မှာ အထင်သေးအမြင်သေးတဲ့စိတ်မျိုးရှိတယ်၊ ဒါကြောင့် လူမျိုးစုတွေကြားမှာ သဘောထားပိုင်းဆိုင်ရာပဋိပက္ခတွေရှိတယ်ဆိုတဲ့ အမြင်တွေလည်း တချို့ကရှိနေတုန်းပါပဲ။

ခုနောက်ပိုင်း တိုင်းရင်းသားတွေအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေရှိလာတော့ ဒီကိစ္စတွေက အရင်ကလိုမပြင်းထန်ကြတော့ဘူး။ ခုအချိန်မှာ ဒီလိုသဘောထားတွေရှိသလားဆိုရင် မရှိတော့ဘူးလို့ပြောလို့ရသလို၊ မရှိတော့ဘူးလားဆိုရင် လည်း ရှိနေသေးတယ်လို့ပြောလို့ရတာပေါ့။ ဆိုတော့ ကျနော်တို့အာခါတိုင်းရင်းရင်းသားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဗမာတိုင်းရင်းသားတွေက လူမျိုးကြီးဝါဒရှိခဲ့ကောင်းရှိခဲ့လိမ့်မယ်။

အဲဒီလိုရှိခဲ့တာနဲ့ တပြိုင် တည်းမှာ ဗမာတိုင်းရင်းသားတွေက လူမျိုးစုငယ်တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝတွေကို မြှင့်တင်ပေးခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါလေးတွေက သမိုင်းကြောင်းကိုပြန်ကြည့်ရင် မျက်ဝါးထင်ထင်တွေ့နိုင်တဲ့ ဟာလေးတွေပေါ့။ ဆိုတော့ ဒီကိစ္စတွေကိုကိုလည်း တကူးတကစာဖွဲ့မနေတော့ဘဲ ခုနောက်ပိုင်းမှာ ကျနော်တို့ အာခါတွေ၊ လားဟူတွေ၊ ရှမ်းတွေ တစ်စုတစည်းတည်းနဲ့ ချစ်ချစ်ခင်ခင်နေထိုင်နိုင်ဖို့ ကြိုးပမ်းကြရတာပေါ့ဗျာ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

UMN – တခြားပြောရမယ်ဆိုရင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးရှိတယ်ပြောနေပေမယ့် ဒီအထဲက တိုင်းရင်း သားလူမျိုးငယ်တွေက သူတို့ဟာ ဥပေက္ခာပြုခံနေရတယ်လို့ ခံစားနေကြတာကို နိုင်ငံရေးပါတီကြီးတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကသူတွေကိုသိစေချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,