ငြိမ်းချမ်းရေး ဂစ်တာသမား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဇော်နောင်လင်း / ဂီတပညာရှင် ကိုရဲလွင်

၈၈ တိုက်ပွဲက မပြီးသေးဘူး။ ၈၈ မှာ ဦးဆောင်ခဲ့တဲ့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဘာလုပ်မလဲ။ သူတို့မှာ တာဝန် ရှိတယ်။ ပြီးမှ မပြီးသေးဘဲ။ နောက်တက် လာတဲ့ ကျောင်းသား တွေကို ဘယ်လို လမ်းပြမလဲ၊ ဘယ်လို အားပေးမလဲ

ကျွန်တော်နဲ့ ဆုံတွေ့ချိန်မှာ သူက ဆေးရုံက ဆင်းလာစ၊ တစ်ရက်တောင် မပြည့်သေးတဲ့ အချိန်။ ခပ်ပိန်ပိန် သူ့ရဲ့ ကိုယ်ခန္ဓာက ရန်ကုန် မြို့၊ (၃၁) လမ်းက Cloud Gallery မှာ ငြိမ်ငြိမ်လေး လှဲနေရတယ်။ ဆံပင်ရှည်နဲ့ မုတ်ဆိတ်ရှည်တွေ ကြားမှာ အဖြူရောင် အမွေးအမှင်တွေက ဇရာရဲ့ သင်္ကေတ အဖြစ် တွေ့ နေရတယ်။ ဒါပေမဲ့ သူက တိုက်ပွဲဝင် နေတုန်း။ စိတ်ဓာတ် က တက်ကြွ နေတုန်း။ ဂစ်တာ တီးတဲ့ ကိုရဲလွင် တစ်ယောက် ငြိမ်းချမ်းရေး အတွက် သူ့နည်း သူ့ဟန်နဲ့ တိုက်ပွဲ ဝင်နေတုန်းပါ။

လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့က ဘေ့စ်ဂစ်တာ သမားကြီးကိုရဲလွင်။ “မဇ္ဈိမလှိုင်း” အဖွဲ့က ကိုရဲလွင်။ ခရစ်ယာန် မိသားစုထဲမှာ မွေးဖွားလာပြီး ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အဖြစ် ကြီးပြင်းလာ ခဲ့တဲ့ ကိုရဲလွင်။ အခု အချိန် အထိ မေတ္တာ လက်နက်ကို ကိုင်ပြီး ဘီလူးတွေကို တိုက်ခိုက်ဖို့ လက်နက်မဲ့ တိုက်ပွဲဝင် နေတုန်းပါ။

ဘီလူး ဆိုလို့ နည်းနည်းများ ရှုပ်ထွေး သွားကြပါ သလား။ သူ့ ယုံကြည်ချက် ကတော့ ရှင်းပါတယ်။ အတိုချုပ် လိုက်ရင် လောကမှာ လူ့စည်း၊ ဘီလူးစည်း ရှိတယ်။ လူမှန်ရင် ငါးပါးသီလ လုံခြုံ ရမယ်။ မေတ္တာ လက်နက် ကိုင်စွဲရမယ်။ မေတ္တာနဲ့ပဲ ဘီလူးတွေကို တိုက်ထုတ် ရမယ်။ ဒါပါပဲ။ ဒီယုံကြည်ချက် ကိုပဲ နှစ်ပေါင်း များစွာ သူဆုပ်ကိုင်လာ ခဲ့တယ်။ ဒါကြောင့်လည်း “ဘီလူး စည်း၊ လူ့စည်း” ဆိုတဲ့ သီချင်းကို သူရေးခဲ့တာ။ အဲဒီအဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ပါဝင်ခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ အဲဒီ လက်နက်ကို သူ အသုံးပြုခဲ့တယ်။ “ချမ်းသာကြ ပါစေ၊ အေးငြိမ်းကြ ပါစေ၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြ ပါစေ” ။ သူ မေတ္တာပို့ ခဲ့တယ်။ အာဏာပိုင်တွေက လူထုကို ဖြိုခွဲဖို့ ကြိုးစားတယ်။ လက်နက်တွေ သုံးစွဲတယ်။ လူအများက ထပြေး ကြတယ်။ သူကတော့ မေတ္တာ လက်နက်နဲ့ တိုက်ပွဲ ဝင်မြဲ။ ရိုက်ဖို့ ပြေးဝင်လာကြ တဲ့သူ တွေက ထိုင် နေတဲ့ သူ့ကိုကျော်ပြီး ပြေးနေတဲ့ သူတွေကို လိုက်ရိုက် ကြ တယ်။ နောက်တော့ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး သွားတဲ့ ဂျပန် သတင်းထောက် ကင်ဂျီနာဂအိ ကျဆုံးခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာ မေတ္တာ လက်နက်နဲ့ တိုက်ပွဲဝင် နေတဲ့ သူ့ကို အာဏာပိုင် တွေက ခေါ်သွား ကြတယ်။ အင်းစိန် အကျဉ်းထောင်ကို သူရောက် ခဲ့တယ်။ နှစ်ပတ်လောက် ကြာတော့ ဘာအမှုမှ စွဲချက်တင် မခံရဘဲ သူပြန် လွတ်လာတယ်။ သူ ကတော့ မေတ္တာပို့မြဲ။

” ဘီလူးကြောက်တာက မေတ္တာ ကိုပဲ ကြောက်တာ။ မေတ္တာနဲ့ပဲ တိုက်ဖို့ ရည်စူးခဲ့တယ်။ ရတနာ သုံးပါးကို ယုံတော့ မေတ္တာ ကိုပဲ အားကိုးတယ်” လို့ ကြီးပြင်းလာမှ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာတဲ့ ကိုရဲလွင်က ပြောတယ်။ ကိုရဲလွင်ကို ၁၉၄၇ ခုနှစ် မှာ ခရစ်ယာန် မိသားစုက မွေးဖွားခဲ့တာ။ မွေးချင်း (၁၀) ယောက်မှာ သူက ရှစ်ယောက်မြောက်သား တစ်ယောက်။ အားလုံးက ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ခဲ့သလို သူလည်း စက်မှု တက္ကသိုလ် ကျောင်းသား တစ်ယောက် မဖြစ်ခင် အထိ။ ခင်မောင်တိုး၊ ကိုမောင်မောင် (အဉ္ဇလီ)၊ ကိုနေဝင်းတို့နဲ့ ပြဿနာ အုပ်စု မဖြစ်ခင်ထိ ခရစ်ယာန် ဘာသာဝင် တစ်ယောက် ဖြစ်ခဲ့တယ်။ နောက်တော့ ဗုဒ္ဓ စာပေကို သူလေ့လာတယ်။ ဖတ်ရှုတယ်။ နှစ်နှစ် လောက် အချိန် ယူပြီးတဲ့ နောက်မှာတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက် အဖြစ် ရပ်တည်ခဲ့ပြီး မိသားစု တွေဆီ မပြန် ဖြစ်တော့ဘဲ သူငယ်ချင်း တွေနဲ့ပဲ အဆောင်နေ ကျောင်းသား ဘဝနဲ့ ဂီတဘက်မှာ ပျော်မွေ့ ခဲ့တယ်။

သူငယ်စဉ် ကတော့ အဖေ ဖြစ်သူ စက်ရှင် တရားသူကြီးရဲ့ တာဝန် ကျရာ မြို့တွေ တော်တော် များများမှာ နေထိုင်ခဲ့ ဖူးတယ်။ မင်းဘူး၊ မိတ်္ထီလာ၊ မေမြို့၊ တောင်ကြီး၊ မော်လမြိုင် မြို့တွေမှာ ကျောင်းသား ဘဝကို ဖြတ်သန်းရင်း ကိုးတန်း ကျောင်းသား ဘဝမှာ ရန်ကုန်၊ အင်းစိန်ကို ရောက်လာတယ်။ အဲဒီတုန်းက ခင်မင်တဲ့ သူငယ်ချင်း တွေက ကျော်ဟိန်း နဲ့ ခင်ဝမ်း။ (၁၀) တန်းမှာ ငါးနှစ် လောက်နေပြီးတဲ့ နောက်မှာတော့ စက်မှု တက္ကသိုလ် တက်ခွင့်ရတယ်။

” တတိယနှစ်မှာ ကျလည်း ကျတယ်။ ကျောင်းလည်း မပျော် တော့ဘူး။ မ.ဆ.လ ခေတ် မှာက ဂစ်တာတီး တာကို လမ်းသရဲ ဂီတ၊ ဆံပင်အရှည် ထားတာကို သရုပ်ပျက် ယဉ်ကျေးမှုပေါ့။ မထားရဘူး ဆိုပြီး အတင်း လုပ်တော့ ကိုယ်တွေက လက်မခံ နိုင်ဘူး။ ကျောင်းလည်း မှန်မှန် မတက် တော့ဘူး။ တတိယနှစ်လည်း မအောင်ဘဲနဲ့ ကျောင်းနား တစ်ဝိုက် မှာပဲ တဝဲ လည်လည်ပေါ့ ” လို့ သူက ဆိုတယ်။

စက်မှု တက္ကသိုလ် ကျပြီး အပြင် ဖြေဖြစ်သွားတဲ့ အချိန်မှာ ကိုမောင်မောင် (အဉ္ဇလီ)၊ ခင်မောင်တိုး တို့နဲ့ ပိုပြီး တွဲမိလာ တယ်။ ဂီတ ဘက်ကိုပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။ ၁၉၇၄ ခုနှစ် မှာတော့ သူက E Machine မှာ ဘေ့စ်ဂစ်တာ သမား ဖြစ်နေပြီ။ အင်းစိန် ကြို့ကုန်းက “အိမ်မည်းကြီး”လို့ နာမည်ပေး ထားတဲ့ ဒေါ်ကြည်ကြည်ရဲ့ အဆောင်မှာ ကိုမောင်မောင်၊ ခင်မောင်တိုး၊ ကိုနေဝင်း တို့နဲ့ ပြဿနာအုပ်စု ကို ဖွဲ့ကြတယ်။ ဂစ်တာတီး ကြတယ်။ သီချင်းဆို ကြတယ်။ သီချင်းတွေ ရေးကြတယ်။ “အိမ်မည်းကြီး”မှာ “ပြဿနာအုပ်စု ဟာ သီချင်း တွေလည်း အများကြီး ဖန်တီးခဲ့ကြ ဖူးတယ်။ ကိုနေဝင်းရဲ့ `မောင့်လပြည့်ဝန်း´ ၊ `အားလုံးကို ကျော် ဖြတ်ရမယ်´၊ ခင်မောင်တိုးရဲ့ `ကျေးဇူးတင်တဲ့ ကမ္ဘာကြီး´ စတဲ့ သီချင်း ကောင်း တွေဟာ အဲဒီနှစ် ကာလတွေ မှာ ထွက်ပေါ်လာ ခဲ့တယ်။

“ The House of rising sun” လို့ အနုပညာ ဆန်ဆန် နာမည်ပေး ထားတဲ့ “အိမ်မည်းကြီး”မှာ ဂျင်ဝိုင်း လုပ်ရင် အခန်းကျယ် တဲ့ သူတို့ အခန်းကို ပေးငှားလိုက် ကြတယ်။ အဲဒီ အတွက် ပိုက်ဆံရ ကြတယ်။အဲဒီအတွက် သူတို့ “ပြဿနာအုပ်စု” ဟာ ပြဿနာတွေလည်း ကြုံရတယ်။ ရှုံးပွဲတွေ ဆက်လာတဲ့ အခါ ဒိုင်ဆီက ပိုက်ဆံတွေ လုပြေးခဲ့ကြ တာမျိုး လည်း လုပ်ခဲ့ဖူးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြဿနာ အုပ်စုက တီးဝိုင်း အသစ် တစ်ခုဖွဲ့ဖို့ စဉ်းစား ကြတော့ `လိစ္ဆဝီများ´ ဆိုပြီး ဖြစ်လာ ပြန်တယ်။ ခင်မောင်တိုးရဲ့ `မျက်သွယ်”၊ ကိုရဲလွင်ရဲ့ `တံခါးဖွင့်ပါ´ `တေးမြုံငှက်´ သီချင်းတွေ ဖြစ်လာတယ်။ ၁၉၈၅ လောက် အထိ `လိစ္ဆဝီများ´ဆိုတဲ့ နာမည်နဲ့ သူတို့တွေ သီချင်းတွေ သီဆို၊ တီးခတ်၊ ဖန်တီးခဲ့ကြတယ်။

၁၉၇၆ ခုနှစ်လောက်က ရန်ကုန် အင်းယားလိတ် ဟိုတယ်မှာ E Machine အဖွဲ့နဲ့ တီး ဖြစ်ခဲ့တဲ့ ပွဲ ကတော့ သူ့ဘဝမှာ မမေ့နိုင်စရာပါ။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က အဲဒီညမှာ သူတို့ အဖွဲ့ ဖျော်ဖြေ ရတယ်။ စိုင်းထီးဆိုင်က ဧည့် အဆိုတော် အနေနဲ့ ပါတယ်။

သီချင်း ထဲမှာ မျောပါနေ ကြတုန်း စင်ပေါ်ကို ဗြုန်းဆို ရောက်လာတာက အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ အာဏာရှင် မ.ဆ.လ ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း။ ဂစ်တာတီးနေတဲ့ သူတွေ ကို ရင်ဘတ်ကို ဆွဲပြီး လက်သီးနဲ့ ထိုး၊ ဒရမ်တွေကို ဖောက်ခွဲ၊ အင်ပလီဖိုင်ရာကိုကန်ချ၊ စင်ပေါ်က ဆင်းပြေးတဲ့ အဖွဲ့သား တွေလည်း ဆင်းပြေး ကုန်ကြပြီ။

သူကတော့ ဂစ်တာ ကိုကိုင်ပြီး ဘာလုပ်ရမှန်း မသိ ဆက်ပြီး ရပ်နေဆဲ။ ဒီလိုနဲ့ အဲဒီ ခေတ်က အာဏာရှင်ကြီးဟာ `အလုပ် လုပ်ချိန် မှာ ဆူညံနေတယ်´ ဆိုတဲ့ အကြောင်း ပြချက်နဲ့ သူ့စိတ်ကြိုက် ဝုန်းဒိုင်း ကြဲပြီးမှ စင်ပေါ်က ဆင်းသွားတယ်။ ဒီတော့ ပွင့်လင်းမှု မရှိတဲ့ အာဏာရှင် ခေတ်မှာ သူတို့လည်း ခပ်ကြောင်ကြောင်နဲ့ပဲ တီးဝိုင်းကို သိမ်းလိုက်ကြ ရတယ်။

လိစ္ဆဝီများ အဖွဲ့ကို တည်ထောင်ပြီး အယ်လ်ဘမ် သုံးလေးချပ် လောက် ထွက်ရှိပြီးတဲ့ နောက်ပိုင်းမှာ `မဇ္ဈိမလှိုင်း´ လို့ အမည် ပြောင်းလဲ ခဲ့တယ်။ ၁၉၈၅ မှာ ခင်မောင်တိုးရဲ့ “မဟာဆန်သူ”ထွက်လာတယ်။ ၁၉၈၈ အရေးအခင်း ကာလ မှာတော့ `ခွန်အား ဖြည့် မိငယ်´ က နိုင်ငံရေး သီချင်း ဖြစ်လာခဲ့တယ်။

ဘဝရဲ့ အမှတ်တရတွေ ထဲမှာ စက်မှု ကျောင်းသား ဘဝက နေခဲ့တဲ့ ကြို့ကုန်းက `အိမ်မည်းကြီး´က အရေးပါခဲ့ သလို ၁၉၈၈ အရေး အခင်း မဖြစ်မီ အထိ သူငယ်ချင်းတွေ စုပေါင်းပြီး ကာလရှည် နေခဲ့တဲ့ ပြည်လမ်း၊ ခြောက်မိုင်ခွဲက `ခရမ်းပြာဆောင်´ ကလည်း အပါအဝင် ဖြစ်ခဲ့တယ်။ သူကတော့ ရန်ကုန်မှာ နေသူ ဆိုတော့ အခြား သူငယ်ချင်းတွေ ထက် အဆောင်မှာ ပိုပြီး အနေကြာ ခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုရဲလွင်ဟာ ၁၉၈၈ အရေးအခင်း နောက်ပိုင်းမှာ NLD ကို ဝင်ခဲ့ တယ်။ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေ အတွက် ကူညီ ဆောင်ရွက်ပေး ခဲ့တယ်။ ဒါပေမဲ့လည်း ဂီတ လုပ်ငန်းတွေ လုပ်ဖို့ ပါတီ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့ အာဏာပိုင်တွေ ရဲ့ ကန့်သတ်ချက် တွေကြောင့် နှစ်နှစ်လောက် အကြာမှာပဲ ပါတီက နုတ်ထွက်ခဲ့ ရတယ်။

ဦးခင်ညွန့် လက်ထက်မှာ ပါတီ နိုင်ငံရေး ကင်းရှင်း ရမယ် ဆိုတဲ့ ကန့်သတ်ချက်နဲ့ ဂီတသမား တွေကို မြေကွက်တွေ ပေးတော့ အများစုက စိတ်ဝင်စား ကြတယ်။ သူကတော့ ယုံကြည်မှုလည်း မရှိတဲ့ အပြင် ကင်းရှင်း ဖို့လည်း အာမမခံနိုင် တာကြောင့် မယူခဲ့ဘဲ ငြင်းဆန်ခဲ့တယ်။

“ မဇ္ဈိမလှိုင်းက နိုင်ငံရေးတွေ ကြားမှာ အလိမ်ခံရမှာ စိုးလို့။ မြေကွက်ပေးပြီး နဖားကြိုး ထိုးတာပဲ။ နောက်ဆုံး ကျတော့ သူတို့ ခိုင်းတာ လုပ်ရတယ်။ မလုပ်ဘဲ နေလို့လည်း မရဘူး၊ အမိန့် အာဏာနဲ့ ခိုင်းတာ ဆိုတော့လေ။ ဒါကြောင့်မို့လည်း ခင်မောင်တိုးက ၂၀၀၈ အခြေခံ ဥပဒေ အတွက် သီချင်းဆို ပေးလိုက် ရတယ်။ အဲဒါကြောင့် လည်း လူငယ် တွေက သူ့ကို ဆန့်ကျင်ကြတာ” လို့ ကိုရဲလွင် က ပြောတယ်။

၂၀၀၉ ခုနှစ်မှာ သီဆိုတဲ့ ကိုရဲလွင်ရဲ့ ပန်းရဲ့လမ်း သီချင်းက အင်တာနက်ရဲ့ ပျံ့နှံ့မှုနဲ့ အတူ အောင်မြင် ခဲ့တယ်။ ၂၀၁၁ ခုနှစ် မှာ ပန်းရဲ့ လမ်းအဖွဲ့ကို ထူထောင်ပြီး NLD ပညာရေး ကွန်ရက်၊ ကျန်းမာရေး ကွန်ရက်နဲ့ ကချင် စစ်ဘေးသင့် ပြည်သူတွေ အတွက် လှည့်လည် အလှူခံခဲ့တယ်။ အခု ဆိုရင် သူတို့ အဖွဲ့က အလှူငွေ ရှာဖွေပေး နိုင်ခဲ့တဲ့ ပမာဏက ကျပ်သိန်း (၆၀၀၀) လောက် ရှိခဲ့ပြီ။

ရှင်းရှင်း ပြောရရင် သူတောင်းစား အလုပ်လုပ် တာပဲ။ အလှူငွေ တွေကို စစ်ဘေး ဒုက္ခသည် တွေကို လှူတော့ စစ်ဘေး ဒုက္ခသည်တွေ အတွက်လည်း လုပ်ပေး နိုင်တယ်။ တိုင်းပြည်မှာ မငြိမ်းချမ်းသေးဘူး ဆိုတဲ့ မက်ဆေ့ ကိုလည်း ပြည်သူ တွေကို ပေးနိုင် တယ်။ ကိုယ် ဝါသနာ ပါတဲ့ အလုပ်လည်း လုပ်နိုင်တယ် လို့ ငြိမ်းချမ်းရေး ဂစ်တာ သမားကြီး က ဆိုတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေကြောင့် ရန်ကုန် နာရေး ကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ဂီတ သူရဲကောင်းဆု ပေးခဲ့သလို ဆဲဗင်းဒေး ဂျာနယ် ကလည်း “7 Days Hero 2013” ဆုကို ပေးခဲ့တယ်။

အခုတော့ နှစ်ပေါင်း (၃၀) နီးပါး သက်တမ်းရှိတဲ့ မဇ္ဈိမလှိုင်း အဖွဲ့မှာ ကိုမောင်မောင် (အဉ္ဇလီ)၊ ကိုမျိုးခင်၊ ဇော်မျိုးထွဋ်နဲ့ ခင်မောင်တိုးတို့ မရှိကြတော့ ပါဘူး။ လူဟောင်းတွေ ထဲမှာတော့ ကိုရဲလွင်၊ ကိုနေဝင်းနဲ့ တွတ်ကီတို့ပဲ ရှိကြပါ တော့တယ်။ ကိုရဲလွင် ကတော့ အနုပညာ လမ်းကြောင်းမှာ ဆက်လက် လျှောက်လှမ်းဆဲ။ ငြိမ်းချမ်းရေး ဂစ်တာကို တီးခတ်နေဆဲ။

” ၈၈ တိုက်ပွဲက မပြီးသေးဘူး။ ၈၈ မှာ ဦးဆောင်ခဲ့တဲ့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဘာလုပ်မလဲ။ သူတို့မှာ တာဝန် ရှိတယ်။ ပြီးမှ မပြီးသေးဘဲ။ နောက်တက် လာတဲ့ ကျောင်းသား တွေကို ဘယ်လို လမ်းပြမလဲ၊ ဘယ်လို အားပေးမလဲ” လို့ ကိုရဲလွင်က ဆိုတယ်။

မိသားစု ဘဝထက် အပေါင်းအသင်းနဲ့ ဂီတကို ပိုမို မြတ်နိုးခဲ့သူ ကိုရဲလွင် ဟာ ၁၉၈၇ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ ပေမယ့် (၁၀)နှစ် လောက် အကြာမှာ လမ်းခွဲ ခဲ့ပြီး တစ်ကိုယ်တည်း ဘဝကို ရွေးချယ်ခဲ့ သူပါ။ နှစ်ဦး စလုံးဟာ သက်ရှိ ထင်ရှား ရှိနေကြဆဲ ဖြစ်ပေမယ့် ပတ်သက် ဆက်နွှယ်မှု နည်းပါးခဲ့ ကြတယ်။ ဒါကြောင့်လည်း တချို့က သူ့ကို လူပျိုကြီး အဖြစ် ထင်မှတ်ခဲ့ ကြတာ။ သူ ကလည်း တစ်ကိုယ်တည်း နေထိုင်ရတဲ့ ဘဝကို နှစ်ခြိုက်ခဲ့သူ လေ။ “ အခု ဆေးရုံတက် တာတောင် သူ့ကို မပြောဘူး။ ကဲ၊ ပြတ်ရော” လို့ ကိုရဲလွင်က ခပ်ပြုံးပြုံးပဲ ပြောတယ်။

ထိုင်ပြီး စကား ပြောနေ ရတာ ကြာလာ တာကြောင့် ထင်တယ်။ လိပ်ခေါင်းခွဲစိတ် ထားတဲ့ သူ့ဒဏ်ရာ က သွေးတချို့ ယိုစိမ့် လာတယ်။ Cloud gallery ရဲ့ မြေညီထပ် အခန်းလေး ထဲမှာ သူလဲလျောင်းရင်း သူ အနားယူရင်း ကျွန်တော်နဲ့ အေးအေး ဆေးဆေး စကားတွေ ဆက်ပြော ဖြစ်တယ်။ သူ့ရဲ့အတိတ်အကြောင်း ကနေ လက်ရှိ နိုင်ငံရေး အခြေအနေ အကြောင်း ရောက်သွားကြ တယ်။

” နောက်ပိုင်းကျ ရင်တော့ တရား ဓမ္မပဲ ပိုလုပ်တော့မယ်။ မေတ္တာကိုပဲ အားထား လေ့ကျင့် တော့မယ်။ ဘာလို့လဲ ဆိုတော့ ဘီလူး တွေက ရှိသေးတယ်။ သူတို့ တွေကို တိုက်ထုတ်ဖို့ မေတ္တာ လိုသေးတယ်” လို့ အနားက ဂျာနယ် တစ်စောင်ရဲ့ မျက်နှာဖုံးကို ယူ ကြည့်ရင်း သူက ကျွန်တော့်ကို ပြောတယ်။ သူကိုင် လိုက်တဲ့ ဂျာနယ်ကို ဖျတ်ခနဲ ကျွန်တော် ကြည့်လိုက်မိတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်သူ့ ဆန္ဒတွေ လျစ်လျူ ရှုခံခဲ့ ရတဲ့ အကြောင်း စာလုံးမည်းကြီး တွေက ဂျာနယ် မျက်နှာဖုံးမှာ အထင်းသား။

““သြော်… ဘီလူးတွေ ရှိနေသေးတယ် ဆိုပါလား””

ဇော်နောင်လင်း
၂၀၁၅


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။