ငြိမ်းချမ်းရေး အကြောင်းပြောရင် မငြိမ်းချမ်းတဲ့ အကြောင်းလည်း တင်ပြဖို့ တာဝန် ရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ANP / ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်

ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ဘူး ဆိုတော့ ဒါက အကဲဖြတ်သူ တွေရဲ့ ယူဆချက်ပေါ့လေ။ တိုက်ရိုက် မသက်ဆိုင်ဘူးဆိုတော့ သွယ်ဝိုက် သက်ဆိုင်တာလား။ ကျွန်မတို့က ပြောသင့်ပြောထိုက်တာကို ပြောပြီး သွားပြီ။ နိုင်ငံရေးအရ သဘောထားကြီးမှု ဆိုတာကလည်း ရှိကြတာပဲ မလား။ ကိုယ် …

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို နေပြည်တော် တွင် ကျင်းပလျက်ရှိပြီး ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ (၁၁) ရက်နေ့ က ပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန် က အဖွင့်အမှာစကား ပြောရာတွင် ဗမာပါတီကြီးများ အပါအဝင် ခိုင်မာစွာ တည်ဆောက်ထားသည့် တပ်မတော်တို့က တိုင်းရင်းသားများ အပေါ် နားလည်မှုပေးရန် မျှော်လင့်ကြောင်း အပါအဝင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂလီပြဿနာများကို ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါပြောဆိုချက်များသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော် တီ( UPDJC ) ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ၏ သဘောထားများ မဟုတ်ဘဲ ဒေါ်အေးနုစိန်၏ ပြောကြားချက် အချို့သည် လည်း လက်ရှိ ကြိုးပမ်း ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများ အစုအဖွဲ့ က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဒေါ်အေးနုစိန် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲမှာ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်ရဲ့ အဖွင့်အမှာစကားနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေး ပါတီများ အစုအဖွဲ့က သဘောထား ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့တယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။

ဒေါ်အေးနုစိန် – ကျွန်မကတော့ ထွေထွေထူးထူး မှတ်ချက် မပေးလိုပါဘူး။ ကျွန်မတို့ က မူလ အစီအစဉ်အတိုင်း ပထမအကြိမ်မှာ NLD ပြောတယ်။ ဒုတိယအကြိမ်မှာ ပြည်ခိုင်ဖြိုးကပြော တယ်။ တတိယ အကြိမ်မှာ ကျွန်မတို့ ပါတီက အဖွင့် မိန့်ခွန်းပြောရမယ် ဆိုတဲ့ အစီအစဉ် ကို သိထားတယ်။ ပြောထားတဲ့ အတွက် ကျွန်မတို့ ပါတီရဲ့ အာဘော် အတိုင်းပဲ ပြောခဲ့တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ရှိဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိတဲ့ အကြောင်းတွေ ပါတယ်လို့ ပြောထားတယ်။ အဲဒီအချက်ကိုရော ဘယ်လိုပြောမလဲ။

ဒေါ်အေးနုစိန် – တိုက်ရိုက် မသက်ဆိုင်ဘူးဆိုတော့လည်း သွယ်ဝိုက်ပြီး တော့ သက်ဆိုင်တယ် လို့ အဓိပ္ပာယ် ရတာပေါ့နော်။ နိုင်ငံရေး ယဉ်ကျေးမှု မှာတော့ တစ်ယောက်ပြောတာ ကို တစ်ယောက် က ကြိုက်ချင် ကြိုက်မယ်။ မကြိုက်ချင် မကြိုက်ဘူး။ တစ်ယောက်က တစ်ခုခု ပြောလိုက်တာ ကို နောက်တစ်မျိုး သဘောပေါက် သွားတယ်။ ဒါမျိုးတွေ တော့ ရှိတတ်ပါတယ်။ ဒါက အဆန်း မဟုတ်ပါဘူး။ ကိုယ်ပါတီရဲ့ အာဘော် ကိုယ်ပြောသင့်ပြောထိုက်တဲ့ အချက် အလက်တွေ ကို တနည်းအားဖြင့် အချက်အလက် အမှန်တွေ ကို ယူပြီး ပြောခဲ့တဲ့ သဘောပါပဲ။

ငြမ်းမီဒီယာ – မိန့်ခွန်းပြောဖို့ အစုအဖွဲ့ ကိုယ်စားညှိနှိုင်းပြီး ပြောရတာလား။ ဒါမှမဟုတ် ကိုယ်ဘာသာ ပြောရတာမျိုးလား၊ စည်းကမ်းက ဘယ်လိုလဲ။

ဒေါ်အေးနုစိန် – ကိုယ့်ဘာသာကိုယ် ပြောရမယ်လို့ပဲ သိထားတာ။ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ကိုစိုင်းကျော်ညွန့် ရေးထား တာလည်း တွေ့ပါတယ်။ ကျွန်မပြောပြီး သိပ်မကြာခင်မှာ Facebook မှာ မှတ်ချက် ရေးထားတာ တွေ့တယ်။ ကျွန်မတို့ ဒီလိုပဲ နားလည် ထားခဲ့တာ။ NLD က မိန့်ခွန်းပြောတုန်း ကလည်း ကျွန်မတို့ ပါတီတွေကို ခေါ်ယူ ညှိနှိုင်းပြီးမှ ပြောတဲ့ မိန့်ခွန်းမျိုးလည်း မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ပြောတဲ့အချိန်တုန်း က လည်း ဒီလိုပဲ။ ကျွန်မတို့ ပါတီ အပါအဝင် အခြား ပါတီတွေကို တွေ့ဆုံပြီး ဒီလိုမိန့်ခွန်းပြောမယ် ဆိုတာမျိုး ညှိနှိုင်းတာ မတွေ့ကြုံဖူး ပါဘူး။ ရှေ့မှာ ဒီလိုတွေ ဖြစ်ခဲ့ပြီ ဆိုတော့ ဒီတစ်ကြိမ်မှာ တော့ ရခိုင် အမျိုးသားပါတီက အဖွင့် မိန့်ခွန်း ပြောရမယ် ဆိုတော့ ဆယ်မိနစ် စာလောက် ပါတီအာဘော် ဘာတွေ တင်ပြချင်လဲ ဆိုပြီး စီစဉ်ပြီး လုပ်ကြတာပါ။ အဲဒါကိုပဲ ကိုယ်စား ဆိုတာတွေ ပါသွားလို့လား မသိပါဘူး။ အခု UPDJC က ထုတ်တဲ့ အထဲမှာလည်း ဘာမှ ရှင်းလင်း စရာတော့ မရှိပါဘူး။ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ANP ပါတီပြောကြားချက်က အခြားပါတီတွေနဲ့ မဆိုင်ဘူးဆိုတော့ မဆိုင်ဘူးပေါ့။ ANP ကပြောတာပဲလေ။

ငြမ်းမီဒီယာ – NLD ပါတီရော၊ ကြံခိုင်ရေးပါတီရော ပြောခဲ့တုန်းက အခုလိုကြေညာချက်မျိုး မထွက်ဘဲ ရခိုင်အမျိုးသားပါတီက ပြောပြီးတဲ့ အချိန်မှာ အခုလိုကြေညာချက် ထွက်လာတာက ထူးဆန်း မနေဘူးလား။

ကျွန်မတို့ ရခိုင်ပြည်သူတွေ ခံစားနေရတယ်။ ခံစားနေရတဲ့ စိန်ခေါ်မှု ဖြစ်ရပ်တွေ ဖြစ်တယ် ဆိုတော့ ဒီအကြောင်းတွေ ကို ရခိုင်ကိုယ်စားပြု ပါတီ အနေနဲ့ ပြောရမယ်ဆိုတဲ့ ခံယူချက် …

ဒေါ်အေးနုစိန် – နည်းနည်းတော့ထူးခြားသလို ဖြစ်သွားတာပေါ့လေ။ သူတို့တွေပြောတုန်းကလည်း ပါတီ အာဘော်တွေ ပါတာပဲလေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလို ငြိမ်းချမ်းရေ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ဘာကြောင့်ထည့်ပြောတာလဲ။

ဒေါ်အေးနုစိန် – ကျွန်မတို့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ် အတွင်း မှာ ရှိနေတဲ့ ရခိုင်အမျိုးသားတွေ အပြင် ရခိုင်ပြည်နယ် ပြင်ပမှာ ရှိတဲ့ ဧရာဝတီတိုင်းရယ်၊ ရန်ကုန်ရယ်၊ ကချင်ပြည်နယ် ဖားကန့်လို နေရာမျိုး တွေ ရယ်မှာ ရခိုင်တွေ ကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတာ။ ကိုယ့်ရခိုင်ပြည်သူတွေရဲ့ အကြောင်းအချင်းရာနဲ့ ပတ်သက်ပြီး ကျွန်မတို့မှာ ပြောဖို့ တာဝန်ရှိတယ်။ ငြိမ်းချမ်းရေး အကြောင်းပြောရင် မငြိမ်းချမ်းတဲ့ အကြောင်းလည်း တင်ပြဖို့ တာဝန် ရှိတယ်။ လက်တွေ့ အားဖြင့် ကျွန်မတို့ ရခိုင်ပြည်သူတွေ ခံစားနေရတယ်။ ခံစားနေရတဲ့ စိန်ခေါ်မှု ဖြစ်ရပ်တွေ ဖြစ်တယ် ဆိုတော့ ဒီအကြောင်းတွေ ကို ရခိုင်ကိုယ်စားပြု ပါတီ အနေနဲ့ ပြောရမယ်ဆိုတဲ့ ခံယူချက် ရှိတဲ့အတွက် ကျွန်မတို့ ပြောခဲ့တာပါ။

ငြမ်းမီဒီယာ – ဒီနေ့ ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အစုအဖွဲ့မှာ ပြောဆိုဆွေးနွေးဖြစ်ခဲ့သေးလား။

ဒေါ်အေးနုစိန် – ကျွန်မတို့ပါတီ က UPDJC အဖွဲ့ဝင် အဖြစ်လည်း ပါတာ ရှိတယ်လေ။ ဦးဦးလှစောဆို အဖွဲ့ဝင်ပဲလေ။ အဲဒီဆရာ တက်တာပေါ့။ ဒီကြေညာချက် ထုတ်မယ့် အစည်းအဝေးကိုလေ။ အဲဒီမှာ အကြိမ်ကြိမ် ဆွေးနွေးပြီးတော့ ဒါဟာ ရခိုင်အမျိုးသား ပါတီက အခြားပါတီတွေ ကိုယ်စားပြု ပြောတာ မဟုတ်ဘူး။ မှန်တယ်။ ဒါက ANP ပါတီရဲ့ အာဘော်ပဲ ဖြစ်တယ်။ မှန်တယ်။ ပြောခဲ့တဲ့ အချို့ဟာတွေက ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ဘူး ဆိုတော့ ဒါက အကဲဖြတ်သူ တွေရဲ့ ယူဆချက်ပေါ့လေ။ တိုက်ရိုက် မသက်ဆိုင်ဘူးဆိုတော့ သွယ်ဝိုက် သက်ဆိုင်တာလား။ ကျွန်မတို့က ပြောသင့်ပြောထိုက်တာကို ပြောပြီး သွားပြီ။ နိုင်ငံရေးအရ သဘောထားကြီးမှု ဆိုတာကလည်း ရှိကြတာပဲ မလား။ ကိုယ်တာဝန်ယူပြီး ပြောခဲ့တဲ့ ကိစ္စတစ်ရပ် အပေါ်မှာ ဘယ်လိုပဲ ကောင်းဆိုးဝေဖန်သည် ရှိပါစေ၊ ကျွန်မတို့က တာဝန်ယူပြီး ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဒေါ်အေးနုစိန် မိန့်ခွန်းပြော အပြီးမှာ လက်ရှိနိုင်ငံမှာ တာဝန်ရှိသူနှစ်ဦး ဖြစ်တဲ့ သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံတို့ က လက်ခုပ်တီး ချီးမြှောက်မှုမရှိဘူး ဆိုပြီး ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ဒေါ်အေးနုစိန် အနေနဲ့ အဲဒီအခြေအနေကို ဘာများပြောချင်ပါသလဲ။

ဒေါ်အေးနုစိန် – ကျွန်မကတော့လေ၊ ကာယကံရှင်ဆိုတော့ သူတို့လက်ခုပ်တီးသလား၊ မတီးလားတော့ မမြင်ဘူးပေါ့လေ။ ကျွန်မ တစ်ယောက်တည်း သဘော အရဆိုရင်လည်း ပြီးရင် လက်ခုပ်တီး ကြတယ် ဆိုတာကတော့ အစဉ်အလာပေါ့။ ဘာရယ်မဟုတ်ဘဲ တစ်ခုခု လုပ်နေလို့ လက်ခုပ် မတီးမိတာ ကျွန်မလည်း ရှိခဲ့ရင် ရှိခဲ့မှာပဲ။ ဒါပေမဲ့ အခုက တစ်ချိန်လုံး ကင်မရာတွေနဲ့ ရိုက်နေတယ်။ ရှေ့ဆုံးကနေ ထိုင်နေတယ် ဆိုတော့ အခုခေတ် Facebook အင်တာနက် စာမျက်နှာတွေ ကလည်း စက္ကန့်ပိုင်း နီးနီးလောက်မှာ ထင်မြင်ချက်တွေ ရေးနိုင်တယ် ဆိုတော့လေ၊ ပြောနေကြတာပါပဲ။ ဒါနဲ့ပတ်သက်လို့လည်း ကျွန်မ အနေနဲ့တော့ ဘာမှတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက် ပြောချင်ပါလဲ။

ဒေါ်အေးနုစိန် – မရှိတော့ပါဘူး။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,