ငွေကျပ်သိန်းပေါင်း သောင်းဂဏန်းပမာဏ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ လှည်းကူးကျူးအတွက် ဘယ်သူတွေ တာဝန်ရှိသလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဖျက်သိမ်းခံထားရသည့် နေအိမ်များ

ယုံကြည်ပြီး ဝယ်ယူခဲ့သူတွေထဲမှာ အချို့ကရင်းနှီးမြုပ်နှံမှုသဘောဆန်ပေမယ့် အများစုက ကျိကျိတက်ချမ်းသာသူတွေ မဟုတ်ကြ ပါဘူး။မြေကွက်ရောင်းချသူတွေရဲ့ အကွက်ကျကျ လှုံ့ဆော်မှုကို အယုံလွယ်ပြီးမိမိတို့ရဲ့ချွေးနှဲစာ တွေဆုံးရှုံးခဲ့ကြရတာပါ…

လှည်းကူးမြို့နယ်ထဲကျူးကျော်ရွာတွေကို ဖျက်သိမ်းပြီးခဲ့ပါပြီ။ ကျူးကျော်အိမ်အရေအတွက်နဲ့ ပတ်သက်ပြီးတိကျတဲ့ စာရင်းဇယားတွေ ထုတ်ပြန်နိုင်ခြင်းမရှိပေမယ့်ခန့်မှန်းခြေအိမ်အလုံး (၅၀၀၀)ခန့်ရှိ မယ်လို့တွက်ချက်ထားပါတယ်။

ကျူးရွာတွေကိုဖျက်သိမ်းတဲ့ဇွန်လ(၁၂)ရက် နေ့ကစလို့ လှည်းကူးက ကျူးကျေးရွာတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ ရွာအားလုံးရဲ့သက်သေအထောက်အထားတွေကို မရခဲ့ပေမယ့် ရရှိခဲ့တဲ့ မြေကွက်ရောင်းချမှု စာရွက်စာတမ်းသက်သေများ၊ အစည်းအဝေးအသံဖိုင်များ၊ဗီဒီယိုဖိုင်များအရ လှည်းကူးမြို့ နယ်ထဲမှာ ဖျက်သိမ်းခဲ့တဲ့ ကျူးကျေးရွာတွေက မြေကွက်ရောင်းချမှုနဲ့ပတ် သက်ပြီးငွေကြေးပမာဏ တန်ဖိုးဟာငွေကျပ်သိန်း သောင်းပေါင်းများစွာရှိပါတယ်။

ကျပ်သိန်းပေါင်း သောင်းဂဏန်းပမာဏထိကြီးမားပေမယ့် မြေကွက်တွေ ရောင်းချခဲ့မှုမှာတာဝန်ရှိသူတွေကိုခုချိန်ထိ အာဏာပိုင်အဖွဲ့အစည်းက ဖော်ထုတ် အရေးယူထားတာ မတွေ့ရသေးပါဘူး။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ ရန်ကုန်မြို့ရဲ့ကျူးပြသနာကို ဖြေရှင်းနိုင်အောင် ကြိုးစားရင်း တစ်ဖက်ကလည်း နိုင်ငံပိုင်မြေတွေကို လက်ညိုးထိုးရောင်းစားသူတွေကို အရေးယူသွား မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ လှည်းကူးကနိုင်ငံပိုင်မြေကွက်တွေကိုရောင်းစားထား သူတွေကိုတော့ ယခုအချိန်ထိဖမ်းဆီရမိထား ကြောင်းသတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရတနာအောင်၊အောင်ရတနာ၊အောင်သုခ၊ ကန့်ကော်ကျွန်းနဲ့စိမ်းလန်းလို့အမည်အသီးသီး ပေးထားတဲ့ရန်ကုန်မန္တလေးအမြန်လမ်းဘေးက ကျူးရွာတွေကို ရန်ကုန်တိုင်းအစိုးရက လူအင်အားသုံးပြီး ဖြိုဖျက်ခဲ့ပြီးပါပြီ။ အထက်မှာ ဖော်ပြထားတဲ့ကျူးရွာ တွေနဲ့ပတ်သက်ပြီး အများပြည်သူအတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သလိုအကျိုးအမြတ်ရသွားသူတွေ လည်းများစွာရှိ ပါတယ်။ လှည်းကူးက ကျူးရွာတွေနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူ (၃)ဖွဲ့ရှိ ပါတယ်။အဲ့ဒီ(၃)ဖွဲ့ ကတော့ နိုင်ငံပိုင်မြေကိုအုပ်စုဖွဲ့ရောင်းချသူ တွေ၊အထောက်အထား မပြည့်စုံတဲ့မြေကွက်တွေကို ဝယ်ယူသူတွေနဲ့မြေကွက်တွေဖော်ထုတ် ရောင်းချနေတာကို အချိန်မီတားမြစ်ခြင်း မရှိသူများ(သို့မဟုတ်)ထင်သာမြင်သာရှိတဲ့မြေကွက် ရောင်းချနေမှုတွေကို စောလျင်စွာ တားမြစ်ဖို့ ပျက်ကွက်ခဲ့တဲ့ဒေသခံအုပ်ချုပ်ရေးပိုင်ဆိုင်ရာ
တာဝန်ရှိသူတွေပဲ ဖြစ်ပါတယ်။

နိုင်ငံပိုင်မြေကွက်များကို အုပ်စုဖွဲ့ရောင်းချသူများ

ငွေကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး ရောင်းဝယ်မှု ဖြစ်ခဲ့တဲ့ ကျူးမြေတွေနဲ့ပတ်သက်ပြီး အဓိကတာဝန် ရှိသူကတော့ နိုင်ငံပိုင်မြေကွက်တွေကိုမိဘဘိုးဘွား ပိုင်လိုသဘောထားပြီးရောင်းချခဲ့သူတွေပဲဖြစ်ပါတယ်။ လှည်းကူးမြို့နယ်အမြန်လမ်းမဘေးနှစ် ဘက်က (၁၄၅၃ဒသမ၇၂ ဧက) ကို ကျေးရွာ ဖြစ်မြောက်ရေးအဖွဲ့ ဆိုတဲ့ အဖွဲ့တွေ မိမိသဘောနဲ့မိမိဖွဲ့ပြီး မြေကွက်တွေဖော်ထုတ်ရောင်းချခဲ့ ကြတာဖြစ်ပါတယ်။ ကျေးရွာတိုင်းမှာဦးဆောင်အဖွဲ့ တွေရှိနေတာကြောင့် အဖွဲ့ဝင်အရေအတွက်(၅၀)နဲ့အထက်မှာရှိနိုင်ပါတယ်။

ငြမ်းမီဒီယာက ရရှိထားတဲ့အထောက်အထား များအရ ရတနာအောင်ကျေးရွာနဲ့ သူတို့အခေါ်တိုးချဲ့ အတွက် စုစုပေါင်းအကွက် (၂၀၉၈)ကွက် ရှိကြောင်းသိရပါတယ်။မြေကွက်ရောင်းချတဲ့တန်ဖိုးကတော့ (ပေ၄၀xပေ၆၀)တစ်ကွက်ကို ငွေကျပ် ငါးသိန်းကနေ ငွေကျပ်ခြောက်သိန်းဝန်းကျင်အထိ ပေးချေ ရပါတယ်။ မြေကွက်တွေ(၁၅)နှစ်ဂရန်လျှောက်ဖို့အတွက်နေပြည်တော်ကိုငွေသွင်းရမယ်ဆိုပြီး မြေကွက် တစ်ကွက်ကို ငွေကျပ်သုံးသောင်းတစ်ထောင်(၃၁၀၀၀) စီထပ်တောင်းပြီး မြေကွက်ဝယ်သူတွေကို ထုတ်ပေးထားတဲ့စာအုပ်တွေထဲမှာ ငွေကျပ် နှစ်သောင်းခွဲလို့သာရေးသွင်းကာကျေးရွာဖြစ်မြောက် ရေးအဖွဲ့တာဝန်ရှိသူဆို သူတွေက လက်မှတ်ထိုး၊ ဖုန်းနံပါတ်တွေရေးပြီး တံဆိပ်တုံးတွေထုပေးထား ပါတယ်။ ယခုအခါမှာတော့ ကော်မတီအတွက် ပွဲစားလုပ်ခဲ့သူတွေရော၊ဦးဆောင်ကော်မတီဆိုသူတွေပါ တိမ်းရှောင်နေသလို ဖုန်းတွေကလည်း ဆက်သွယ်လ့ို မရတော့ပါဘူး။

ရတာနာအောင်ကျေးရွာမှာ အကွက်ပေါင်း (၂၀၉၈)ကွက်ရှိတယ်လို့ပြောထားတာကြောင့် တစ်ကွက်ကို ငါးသိန်းကျပ်ဖြင့်တွက်ချက်ပါက ငွေကျပ်သိန်းပေါင်း တစ်သောင်းလေးရာကျော် (၁၀၄၉ ၀၀၀ ၀၀၀) ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် မြေခွန်ဖိုးဆိုပြီးတစ်ကွက်ကျပ်သုံးသောင်း တစ်ထောင် (၃၁၀၀၀)ထပ်မံ ကောက်ခံခဲ့တာ ကိုတွက်ကြည့်ရင် အကွက်ပေါင်း(၂၀၉၈)ကွက် အတွက် ငွေကျပ်သိန်းခြောက်ရာ(၆၀၀)ကျော် ထပ်မံရယူ ခဲ့ကြပါတယ်။ ရတာနာအောင်ကျေးရွာ မြေနဲ့ပတ်သက်တဲ့ တန်ဖိုးတွက်ချက်မှု(အနီးစပ်ဆုံး) ငွေကျပ် သိန်းပေါင်း တစ်သောင်းတစ်ထောင် (၁၁၀၀၀)ကျော် ရှိနေပါတယ်။အလားတူပဲ စိမ်းလန်းကျေးရွာမှာလည်း ရောင်းချ ထားတဲ့အကွက်(၇၀၀)ခန့်ရှိတယ်လို့ကျေးရွာဖြစ်မြောက်ရေး ကော်မတီအစည်း အဝေးမှတ်တမ်း တွေအရသိရပါတယ်။ ထူးခြားမှုကတော့ စိမ်းလန်းကျေးရွာကမြေကွက် တွေဟာ အခြားရွာ တွေကလို (ပေ၄၀ပေxပေ၆၀) မြေတစ်ကွက်စာ မဟုတ်ပဲ (ပေ၄၀xပေ၆၀)မြေကွက် ငါးကွက်စာ (သို့မဟုတ်) ခြောက်ကွက်စာရှိတဲ့အကွက်ကျယ်တွေ ကိုရောင်းချထားတာပါ။အဲ့ဒီအကွက်ကျယ်ကြီး တစ်ကွက်ကိုငွေကျပ်သိန်း(၂၀)ကနေသိန်း(၃၀)အထိပေးပြီးဝယ်ယူကြရတာ ဖြစ်ပေမယ့် ကော်မတီက ပေးတဲ့ငွေသွင်းစာရွက်မှာတော့ ငွေကျပ်သုံးသိန်းလို့သာရေးသွင်း ဖော်ပြထားပါတယ်။ မြေကွက် (၇၀၀) ကိုငွေကျပ် သိန်း(၂၀)နဲ့တွက်ချက်ပါက ငွေကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်(၁၄ဝဝ) ရှိနေတာကိုတွေ့ ရပါတယ်။

နေအိမ်ဆောက်လုပ်မှု တန်ဖိုးများ၊ ခြံခတ်ခြင်းတန်ဖိုးများ၊သစ်ပင်များ စိုက်ပျိုးခြင်းအတွက်ကုန်ကျစရိတ်များ မပါဝင် သေးပါဘူး။ စာရင်းအတိအကျ ရရှိထားတဲ့ ရတနာအောင်ကျေးရွာနဲ့စိမ်းလန်း ဆိုတဲ့ ရွာနှစ်ရွာရဲ့ မြေကွက်နဲ့ပတ်သက်တဲ့ရောင်းချငွေနဲ့ မြေခွန်ဆိုပြီး တောင်းရမ်းကောက်ခံငွေ စုစုပေါင်းက ငွေကျပ် သိန်းပေါင်း နှစ်သောင်းတစ်ထောင် (၂၁၀၀၀)ကျော် ရှိမယ်လို့အနီးစပ်ဆုံးတွက်ချက်ရရှိထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခြားသော အောင်ရတနာ၊အောင်သုခနဲ့ ကန့်ကော်ကျွန်း ရွာသုံးရွာအတွက် စာရင်းအတိအကျ ရထားတဲ့ ရွာနှစ်ရွာရဲ့ငွေစာရင်းအချက်အလက် အပေါ် မူတည်တွက်ချက်ကြည့်ရင်ဖော်ပြပါရွာသုံးရွာ အတွက် တစ်ရွာကို (ပေ၄၀xပေ၆၀)မြေကွက် (၁၀၀၀)ရှိတယ်ဆိုရင်တောင်ကျေးရွာသုံးရွာဆိုတော့ အကွက်ပေါင်းသုံးထောင်ရှိပါမယ်။တစ်ကွက်ကိုကျူးကျေးရွာတွေရဲ့ ပျမ်းမျှပေါက်ဈေးငါးသိန်းကျပ်နဲ့ တွက်ချက်ကြည့်မယ်ဆိုရင်တောင် သိန်းပေါင်း တစ်သောင်းခွဲ(၁၅၀၀ ၀၀၀ ၀၀၀)ခန့်ရှိနိုင်ပါတယ်။ ဒါကြောင့်ကျူးကျော်ရွာတွေနဲ့ပတ်သက်ပြီး မြေကွက်ရောင်းချမှုအတွက်ငွေကျပ်သိန်းပေါင်းသောင်းဂဏန်းများစွာရှိနေတယ် ဆိုတာကောက်ချက်ချလို့ရနိုင်ပါတယ်။

ကျေးရွာဖြစ်မြောက်ရေးကော်မတီတွေအနေနဲ့ ငွေကြေးစီမံခန့်ခွဲမှုလုပ်နည်းကိုင်နည်းမတူကြပေမယ့် မြေကွက်ဝယ်ယူသူတွေကိုပြောတဲ့ အဓိကအချက်က အတူတူပါပဲ။မြေကွက်တွေကို အိမ်ဆောက်ပါ၊လူလာနေပါ။လူရှိရင်လာဖျက်ရင် တောင်မဆုံးရှုံးဘူး။လူညီရင်ရွာဖြစ်အောင် လုပ်လို့ ရတယ်ဆိုတဲ့ အကြောင်းအရာတွေကအတူတူပါပဲ။ ဒါကြောင့်အိမ်တွေမဆောက်ရင်မြေတွေပြန်သိမ်းမယ်၊လာဖျက်တဲ့အချိန်အိမ်မရှိရင်မရဘူးဆိုတာကြောင့်နေ့ချင်းညချင်း အိမ်တွေ ဖြစ်လာရ တာပါ။ အချို့ကလည်းကိုယ်တိုင်မဆောက်နိုင်လို့ အိမ်တစ်လုံးစာကိုငွေကျပ်နှစ်သိန်းပေးပြီး ဝါးဓနိနဲ့ပုံစံတူအိမ်တွေ ဖြစ်လာခဲ့ပါတယ်။ မြေကွက်ရောင်းချတဲ့ဦးဆောင်ကော်မတီဝင်တွေရဲ့အဓိကပြောကြားချက်တွေက လူညီဖို့နဲ့ အိမ်တွေ ဆောက်ထားဖို့ပါပဲ။ဒါကတကယ်လာဖျက်ရင် လူအင်အားနဲ့ရင်ဆိုင်နိုင်မယ့်ဗျူဟာကို စီစဉ်ထားတာပါ။တစ်ဘက်ကလည်းအာဏာပိုင်အဖွဲ့အစည်း တွေနဲ့မြေကွက်ဝယ်ယူထားတဲ့လူတွေကြားမှာထိပ်တိုက်တွေ့ ဆုံမှုတွေဖြစ်လာအောင်လှုံ့ဆော်မှု တွေလုပ်ခဲ့ပါတယ်။

စိမ်းလန်းကျေးရွာကကော်မတီဝင်ဆိုသူတွေရဲ့ပြောကြားချက်မှာ စိမ်းလန်းကျေးရွာက စိုက်ပျိုးရေး မြေ ပုံစံ (၃)ကျပြီးဖြစ်ကြောင်းနဲ့ မြေငှားဂရန်ကျရင် မြေကွက် ဝယ်ယူထားသူ တွေပိုင်ဆိုင်တော့မှာ ဖြစ်ကြောင်း မစားရဝခမန်းတွေပြောကြားထားတာ ကိုအစည်းအဝေးအသံဖိုင်မှတ်တမ်းတွေမှာတွေ့ရပါတယ်။

အထောက်အထားမရှိသည့်မြေကွက်ကိုဝယ်ယူသူများ

ဒုတိယတာဝန်ရှိသူတွေကတော့အထောက်အထားမရှိတဲ့မြေကွက်ဝယ်ယူခဲ့သူတွေပါပဲ။ပိုင်ဆိုင်မှုသက်သေအထောက်အထားမရှိ သလောက်နည်းပါးတဲ့မြေကွက်တွေကိုဝယ်ယူခဲ့ကြသူတွေဟာ ရောင်းချ သူတွေရဲ့ တစ်ဖက်သတ်ပြောဆိုမှုတွေအပေါ်မှာ မျက်စိမှိတ်ယုံခဲ့ကြသလို သက်ဆိုင်ရာအစိုးဌာနတွေ ဖြစ်တဲ့ မြို့နယ်အဆင့်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနတို့၊အိုးအိမ်ဦးစီးဌာနတို့မှာမြေကွက်နဲ့ပတ်သက်တဲ့စုံစမ်းမှုတွေလုပ်ဖို့ပျက်ကွက်ခဲ့ကြပါတယ်။

မြေကွက်ရောင်းချပေးတဲ့ကျေးရွာဖြစ်မြောက်ရေးကော်မတီဆိုသူတွေနဲ့မြေကွက်ဝယ်ထားသူတွေ စနေ၊ တနင်္ဂနွေလိုရက်မျိုးမှာတွေ့ဆုံပွဲလိုမျိုး လုပ်ကြပါတယ်။အဲဒီတွေ့ဆုံပွဲတွေမှာ ကျေးရွာဖြစ်မြောက်ရေးကော်မတီရဲ့မြေကွက်ရောင်းချသူတွေက နိုင်ငံတော်အကြီးအကဲခေါင်းဆောင် တွေနာမည်ကို ရွတ်ပြပြီးနေပြည်တော်တင်ထားပြီးပြီ၊မကြာခင်ကျတော့မယ်၊မီဒီယာတွေမှာဖော်ပြနေပြီ၊ မကြာခင်သေချာပေါက်ရတော့မယ်
ဆိုတဲ့ပါးစပ်ပြောတွေသာရှိပြီး တကယ့်လက်တွေ့ သက်သေအထောက်အထားတစ်ခုမျှမပြနိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာတောင်ဝယ်ယူသူတွေကမြေကွက်တွေအတွက်ယုံယုံကြည်ကြည်ငွေသွင်း ခဲ့တာပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အချို့ကကိုယ်ပိုင်ခြံနဲ့ဝင်းနဲ့အိမ်လိုချင်လို့ဝယ်ယူကြတယ်ဆိုပေမယ့် အချို့ကတော့ရရင်အမြတ်ဆိုတဲ့သဘောနဲ့ ကံဝင်စမ်းကြတဲ့ သဘောတွေလည်းအများကြီးရှိခဲ့ပါတယ်။တချို့ဆိုရင် ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့ တစ်ဦးတစ် ယောက်တည်းက အကွက် (၂၀) ၊(၃၀) ဝယ်ယူထား သူတွေတောင်ရှိပါတယ်။ ဒါပေမယ့်အမြန်လမ်း ဘေးကဒီမြေကွက်တွေဟာ ကျူးကျော်တွေဆိုပြီး ပထမအကြိမ်ကလည်းရှင်းလင်းထားပြီးသားနေရာ
တွေပါ။ အခုလိုဒုတိယအကြိမ်အုပ်စုဖွဲ့ရောင်းချတာ ကိုလွယ်လင့်တကူယုံကြည်ပြီး ဝယ်ယူခဲ့သူတွေထဲမှာ အချို့ကရင်းနှီးမြုပ်နှံမှုသဘောဆန်ပေမယ့် အများစုက ကျိကျိတက်ချမ်းသာသူတွေ မဟုတ်ကြ ပါဘူး။မြေကွက်ရောင်းချသူတွေရဲ့ အကွက်ကျကျ လှုံ့ဆော်မှုကို အယုံလွယ်ပြီးမိမိတို့ရဲ့ချွေးနှဲစာ တွေဆုံးရှုံးခဲ့ကြရတာပါ။

နိုင်ငံပိုင်မြေကွက်ပေါ်ကအဆောက်အဦတွေကိုဖျက်ပြီး မြေတွေကိုရှင်းလင်းပြီးပေမယ့် မြေကွက် ရောင်းချသူတွေကိုဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးတဲ့အတွက်လည်း မြေကွက်ဝယ်ယူထားခဲ့သူတွေက ဝေဖန်ပြောဆို မှုတွေရှိနေပါတယ်။

နောက်ဆုံးကြားသိရတဲ့သတင်းတွေအရကျေးရွာ ဖြစ်မြောက်ရေးကော်မတီအဖွဲ့တွေကို တိုင်ကြားအမှု ဖွင့်မှုတွေ ပြုလုပ်နေပြီလို့ဆိုပေမယ့် ဖမ်းဆီးရမိမှု သတင်းတွေကိုတော့မထုတ်ပြန်နိုင်သေးပါဘူး။ အခုအမှုဖွင့် ခံထားရတဲ့အချို့သောကျေးရွာဖြစ် မြောက်ရေးကော်မတီကဦးဆောင်သူတွေဟာ ကျူးကျော်တွေကို ဖျက်နေတဲ့အချိန်ထိ အဲဒီအနီး အနားဝန်းကျင်တွေမှာသွားလာလှုပ်ရှားနေဆဲဆိုတာကိုငြမ်းမီဒီယာရဲ့ သတင်းရင်းမြစ်တွေက တစ်ဆင့် သိရပါတယ်။

အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ပျက်ကွက်မှု

နိုင်ငံပိုင် မြေကွက်တွေကို ရောင်းစားခဲ့ကြသူတွေကငွေကြေးထိုက်သင့်သလောက်ရသွားကြသလိုမြေကွက်ဝယ်ယူခဲ့သူတွေမှာလည်းငွေကြေးတွေဆုံးရှုံးခဲ့ကြပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ငွေကြေးတွေ ကုန်ကျခဲ့ရသလို အစိုးရမှာလည်း နိုင်ငံရေးအရဝေဖန်ခံရမှုတွေကိုလည်း ကြုံခဲ့ရ ပါတယ်။ ဒါတွေဘာကြောင့်ဖြစ်ခဲ့သလဲ ဆိုရင် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ပျက်ကွက်မှုတွေကြောင့် အပ်နဲ့ထွင်းရမယ့်ကိစ္စ ပုဆိန်နဲ့ပေါက်ရသလို ဖြစ်ခဲ့ရတာပါ။

၂၀၁၅ခုနှစ်နှစ်ကုန်ပိုင်းမှာအမြန်လမ်းဘေးလှည်းကူး မြို့နယ်အပိုင်ထဲက ကျူးကျော်တွေကို ရှင်းခဲ့ပါတယ်။ဒါပေမယ့် အခုလောက်မများခဲ့ပါဘူး။ ရှင်းလင်းပြီးသွားတဲ့နောက်ပိုင်းမှာ နိုင်ငံပိုင်မြေဖြစ်တဲ့ အကြောင်း၊မကျူးကျော်ဖို့သိသာမြင်သာထင်ရှားတဲ့ အသိပေးဆိုင်းဘုတ်တွေထောင်ထားခြင်းမရှိခဲ့ပါဘူး။ ယခုတစ်ကြိမ်ဖျက်သိမ်းချိန်မှသာဆိုင်းဘုတ်တွေကပ်ထားတာကိုတွေ့ရပါတယ်။ အမြန်လမ်းမကြီးဘေးမှာ ကားတွေဆိုင် ကယ်တွေ တရုန်းရုန်းနဲ့ပွဲတော်ကြီးလိုလူတွေစည်ကားပြီး မြေတွေရောင်းဝယ်၊ အိမ်တွေဆောက်လုပ် နေကြတာကိုဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းကတာဝန်ရှိသူတွေတကယ်မသိခဲ့ကြတာလား။နောက်တစ်ခုကအိမ်(ဒါမှမဟုတ်) အဆောက်အဦတွေ ဆောက်လုပ်တာက တောကြိုအုံကြားမမြင်ကွယ်ရာမှာမဟုတ်ဘဲအမြန် လမ်းမကြီးပေါ်ကကြည့်ရင်ကိုထင်သာမြင်သာမြင်နေရတဲ့နေရာပါ။

လုပ်ငန်းသုံးယာဉ်/ယန္တားကြီးတွေနဲ့ မြေကွက်တွေဖော်၊ကျေးရွာတွင်းလမ်းတွေဖောက်လုပ်နေတာကို သက်ဆိုင်ရာဒေသအာဏာပိုင်တွေ တချိန်လုံးမသိ၊မမြင်၊မကြားဖြစ်နေခဲ့လို့လည်း အများပြည်သူတွေရဲ့ချွေးနှဲစာတွေခုလောက်ထိဆုံးရှုံးမှုပမာဏကြီးမားစေခဲ့တာပါပဲ။

အိမ်ခြေရာဂဏန်းလောက်အခြေအနေမှာသာ မြေကွက်ရောင်းချတဲ့အဖွဲ့အစည်းတွေကိုသတိပေးတားမြစ်အရေးယူမှုတွေပြုလုပ်နိုင်ခဲ့ရင်ပြည်သူတွေ လည်းအခုလိုငွေကြေးဆုံးရှုံးမှုတွေဖြစ်လာမှာမဟုတ်တဲ့အပြင် နိုင်ငံတော်အနေနဲ့လည်းများစွာ အကျိုးရှိ မှာဖြစ်ပါတယ်။ကျူးတွေနဲ့ပတ်သက်ပြီး နို့တစ်စာ တွေထုတ်တယ်၊ နိုင်ငံပိုင်မြေဖြစ်တယ်ဆိုတဲ့ အကြောင်းကွင်းဆင်းပြောတာတွေရှိတယ်လို့ တာဝန်ရှိသူတွေကသတင်းမီဒီယာ တွေကိုပြောဆို ပေမယ့်အခုလိုအရေးကြီးတဲ့ကိစ္စမျိုးမှာဒီထက်ထိရောက်တဲ့နည်းလမ်းမျိုးတွေကိုအသုံးပြုခဲ့သင့်ပါတယ်။ဥပမာအမြန်လမ်းဘေးကမြေတွေဟာနိုင်ငံပိုင်မြေဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွေ နိုင်ငံပိုင်ရုပ်သံ မီဒီယာ တွေကနေ သတင်းထုတ်ပြန် ခဲ့ရင် ပြည်သူတွေကိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ပါတယ်။ အခုလောက်ထိဆုံးရှုံးနစ်နာမှုမကြုံရနိုင်ပါဘူး။

အထက်မှာပြောခဲ့တဲ့အခြေအနေတွေကိုဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတွေဘက်က ပျက်ကွက်ခဲ့တာကြောင့်အစိုးရရော ပြည်သူပါနစ်နာ ခဲ့ရပါတယ်။ကျူးရှင်းလင်းရေးလုပ်ရာမှာ ပိုပြီးသတိထားဖို့ ကောင်းတာက ဥပဒေနဲ့အညီပဲဖြစ်ဖြစ်၊ ဥပဒေနဲ့မညီပဲ ဖြစ်ဖြစ် မိုးရာသီကျမှဘာလို့ရှင်းလင်းရေးတွေ လုပ်ဆောင်ရတာလဲဆိုတဲ့အချက်ပါပဲ။ဒါဟာစီမံကိန်းတစ်ခုကိုမဟာဗျူဟာမြောက်ဖော်ဆောင်တော့မယ့် Decision Maker တွေရဲ့ ကာလံဒေသံတွက်ချက်မှုအားနည်းချက်ကိုဖော်ပြနေသလိုဖြစ်စေခဲ့ပါတယ်။

ငြမ်းသတင်းဌာနကရရှိထားတဲ့မြေကွက်ရောင်းချမှု ဦးဆောင်ကော်မတီအစည်းအဝေးမှတ်တမ်းတွေအရလှည်းကူးမြို့နယ်ထဲမှာတင်ကျူးနိုင်တဲ့နေရာ (၁၀)နေရာအထက်ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် အခုအမြန်လမ်းက ကျူးပြသနာကို သင်ခန်းစာယူပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့သတိကြီးကြီးထားကိုင်တွယ်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။လက်ရှိအခြေအနေမှာတော့ မြေကွက်တွေကိုရောင်းချသွားသူတွေကလွတ်
မြောက်နေပြီး၊မသိနားမလည်ဘဲမြေကွက်ဝယ်ယူခဲ့သူပြည်သူတွေက ငွေကြေးဆုံးရှုံးမှုတွေဖြစ်ခဲ့ရသလို ကျူးပြသနာကိုဖြေရှင်းနေတဲ့အစိုးရအတွက်လည်း ဝေဖန်ထောက်ပြစရာအခြေအနေမှာတွေဖြစ်ခဲ့ရပါတယ်။ ငွေကျပ်သိန်းပေါင်း သောင်းဂဏန်း ပမာဏအထိအရောင်းအဝယ်ဖြစ်ခဲ့တဲ့လှည်းကူးမြို့နယ်ကကျူးပြသနာဟာ အရင်တုန်းကလိုပဲပါးစပ် ရာဇဝင်တစ်ခုအနေနဲ့ ပြီးဆုံးသွားမလား၊ဒါမှမဟုတ် တရားဥပဒေစိုးမိုးမှုအတွက် လိုအပ်တဲ့စစ်ဆေး ဖော်ထုတ်မှုတွေထိထိရောက်ရောက်ဆောင်ရွက်တာကိုတွေ့မြင်ရမလားဆိုတာကတော့စောင့်ကြည့် ရမှာဖြစ်ပါတယ်။ကံကွက်ကြားပြီးမသိနားမလည်လို့ဝယ်မိတဲ့ ငမိုက်သားမုဆိုးကိုပဲသေစေညွှန်းရင်တော့ အချီကြီးပွသွားတဲ့အစွယ်ကိုလိုသူသုဘဒ္ဒါတွေကကျိတ်ပြီးလှောင်ပြုံးပြုံးနေမှာပါ။

တကယ်တော့ လှည်းကူးမြို့နယ်ဆိုတာလက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှစ်ကြိမ်တိတိ အပြတ်အသတ်အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်တစ်ခုလည်းဖြစ်ပါတယ်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။