စက်တင်ဘာ(၂၅) ရက်နေ့ ၊အမေရိကရဲ့ဒေါ်အောင်ဆန်းစုကြည် နေ့သတ်မှတ်ပါတယ်ဆိုပြီး ဖြန့်ချိထားတဲ့ Screen shot တစ်ခုကို လူမှုကွန်ရက်မှာ လူအများ မျှဝေနေကြတာ တွေ့ရပါတယ်။
သည် Screen shot ကို ဦးသန်းထွန်း လို့အမည်ရတဲ့ ဖေ့ဘွတ်အကောင့်ပိုင်ရှင်က ၂၀၂၀၊ စက်တင်ဘာလ(၂၅) ရက်နေ့ က ဖြန့်ချိထားတာတွေ့ရပြီး ပြန်လည် မျှဝေသူ တစ်ထောင့်တစ်ရာကျော် ရှိပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
စက်တင်ဘာ(၂၅) ရက်နေ့ အမေရိကရဲ့ ဒေါ်အောင်ဆန်းစုကြည့်နေ့ဆို ပြီး ဖြန့်ချိထားတဲ့ Screen shot နဲ့ ပတ်သက်ပြီး အမှား ၊ အမှန် အချက်အလက်စစ်ဆေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သည် အချက်အလက် ဟာ မဖြစ်နိုင်ဘူးလို့ မုံရွာအောင်ရှင်က အတည်ပြုပြောကြားပါတယ်။
” ကျနော်တို့ဒီဟာကိုမသိဘူး။ကျနော်သိသလောက်ကလည်း အမေရိကနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီဘက်နောက်ပိုင်းခံစားချက်မကောင်းဘူး။အဲ့လိုကိစ္စမျိုးလုပ်ကြမယ်လို့မထင်ဘူး။ သိက္ခာကျဖို့ လုပ်တာမျိုးလောက်ပဲဖြစ်နိုင်တယ် ” လို့ မုံရွာအောင်ရှင် က ပြောပါတယ်။
အမေရိကရဲ့ ပြက္ခဒိန်မှာ လည်း စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ နေ့ရက် တစ်ခုတစ်လေကိုလည်း တွေ့ရခြင်း မရှိပါဘူး။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
ဒါကြောင့် လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ စက်တင်ဘာ(၂၅) ရက်နေ့ ဟာ အမေရိကားရဲ့ ဒေါ်အောင်ဆန်းစုကြည့်နေ့ဆိုတာ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။
ငြမ်းမီဒီယာ