စစ်တပ်ကိုချော့မြူရေးအတွက် ကျန်တဲ့တဖက်ကို နိုင်ငံရေးအရ နင်းချေတယ်လို့ သုံးသပ်ရမယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဗ က သ ဥက္ကဌဟောင်း ကိုကျော်ကျော်ကို

ဗိုလ်နေဝင်း ပြုတ်ကျတာတွေ ဖြစ်လာတယ်။ စစ်အာဏာရှင်စနစ်ကိုရောက်လာတယ်၊ ဗိုလ်သန်းရွှေတို့၊ ဗိုလ်ခင်ညွန့်တို့ခေတ်ကိုရောက်လာတယ်။ ကျောင်းသားတွေ အဖမ်းခံ၊ အရိုက်ခံ၊ အသတ်ခံပြီး ဝေဖန်ခဲ့တာပဲဗျ။ အစိုးရတစ်ခုက အာဏာရနေရင် အဲဒီ အာဏာရနေတဲ့အစိုးရက မှန်မှန်ကန်ကန်မလုပ်ဘူးဆိုရင် …

ဗ က သ ဥက္ကဌဟောင်း ကိုကျော်ကျော်ကို ဟာ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်က ကျင်းပခဲ့တဲ့ ပွဲမှာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မမြဝင်းနဲ့ ခိုင်းနှိုင်း ဝေဖန်ခဲ့ပါတယ်။ကိုကျော်ကိုကို ရဲ့ ဝေဖန်ပြောဆိုမှုကို ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်အပါ အဝင် ဒီခိုင်းနှိုင်းဝေဖန်မှုကို မကျေနပ်တဲ့သူတွေက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာတွေ့ရ ပါတယ်။ ဒီအခြေအနေအပါအဝင်၊ကိုကျော်ကိုကိုရဲ့နိုင်ငံရေး သဘောထား ခံယူချက်တွေကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဒီအထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက် ပါတယ်။

ငြမ်းမီဒီယာ – ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို မမြဝင်းနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တဲ့အပေါ် ကိုကျော်ကိုကို့ကို ဝေဖန်မှုတွေ အများကြီးရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုကြောင့် မမြဝင်းနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တာလဲ။ ဝေဖန်မှုတွေကိုရော ဘယ်လိုခံယူလဲ။

K – ကျွန်တော်တို့လုပ်နေတာက နိုင်ငံရေးအလုပ်တွေဖြစ်တယ်။ နိုင်ငံရေးအလုပ်တွေ လုပ်တဲ့ နေရာမှာ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးကို တာဝန်ယူပြီးတော့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ကျင်းပတဲ့ပွဲမှာ ပြောခဲ့တာ။ ဗကသများအဖွဲ့ချုပ်ကို တာဝန်ခံပြီး ပြောခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Image က ဗကသများအဖွဲ့ချုပ်ရဲ့ Image နဲ့ တွဲပြီးတော့လူသိ များနေတဲ့အတွက်ကြောင့် ကျွန်တော့်ကိုတိုက်ခိုက်တဲ့သူတွေက ကျွန်တော်နဲ့တကွ ကျောင်းသားသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ အစရှိသဖြင့် လိုက်ပြီးတိုက်ခိုက် နေတာ တွေ့ရတယ်။ သူတို့ရဲ့ နားမလည်မှုပေါ့နော်။ ပထမဆုံးပြောချင်တာက သတင်းရရှိမှု၊ ဗဟုသုတခေါင်းပါးမှုပဲပြောပြော၊ နားမလည်မှုပဲပြောပြော၊ ကြိုက်သလိုပြောလို့ရတယ်။ အဓိကကတော့ ကျွန်တော်ဟာ လက်ရှိမှာ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦး မဟုတ်တော့ဘူး။ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးရဲ့ စည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးရဲ့ သဘောတရား ကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုပါပဲ။ အဲဒီတော့ နိုင်ငံရေးအင်အားစုတစ်ခုမှာ တာဝန်ယူနေတဲ့လူတစ်ယောက် ကနိုင်ငံရေး အရဝေဖန်မှုတွေကိုလည်းလုပ်ဆောင်ဖို့အစီအစဉ်ရှိတယ်။လုပ်လည်းလုပ်ဆောင်တယ်။ ပြီးတော့ နိုင်ငံရေးအရ လှုပ်ရှားမှုတွေကို လည်းလုပ်ဆောင်တာရှိသလို ဝါဒဖြန့်ချိမှု၊ စည်းရုံးမှုတွေ ကိုလည်းလုပ်ဆောင်တယ်။ ဒါ ကျွန်တော်တို့အလုပ်ပဲ။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့လုပ် တာဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော၊ ဘယ်လိုပဲ ဆဲဆဲဆိုဆို၊ ကျွန်တော်တို့က အဲဒါကို စိတ်ထဲမှာထားမှာမဟုတ်ဘဲနဲ့ ကိုယ့်အလုပ်ကိုယ် ဆက်ပြီးလုပ်သွားဖို့၊ ကိုယ့်လမ်းကြောင်းအတိုင်း ဆက်ပြီး ချီတက်သွားဖို့ ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကိုရောဘယ်လိုအခြေအနေကြောင့် မမြဝင်းနဲ့ ခိုင်းနှိုင်းဝေဖန်ရတာလဲ။

K – ဘယ်လိုအခြေအနေလဲဆိုတော့ အဲဒီပွဲက ဒီဘိတ်ပွဲတော့မဟုတ်ဘူး။ ဒါပေမဲ့ဒီဘိတ်မဟုတ်ပေ မယ့်လည်းကိုယ့်အမြင်၊ ကိုယ့်အယူအဆနဲ့ အဲဒီအခမ်းအနားထဲမှာ ပြောနေ၊ ဆိုနေ၊ ဆွေးနွေးနေတဲ့ တခြားလူတွေအယူအဆနဲ့တထပ်တည်း တူရမယ်လို့မဟုတ်ဘူး။တူချင်တူမယ်၊ကွဲလွဲချင်ကွဲလွဲမယ်။ အဲဒီနေရာမှာ ကျွန်တော်ပြောတယ်။ ကျွန်တော့်အယူအဆနဲ့ တခြားလူတွေနဲ့ ကွဲလွဲနိုင်တယ်။ ကျွန်တော့်အယူအဆကို တင်ပြပါမယ်ဆိုပြီးတော့ ကျွန်တော်ကတင်ပြတာဖြစ်တယ်။

တပ်ကိုစည်းရုံးပြီး ကျန်တဲ့သူတွေကို နင်းချေနေတာမျိုး ရှိလား၊ မရှိလားဆိုတာက မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ရှိတယ်လေ။ အဲဒီ (၃) ဖွဲ့က ကွတ်ခိုင်တို့ ဘက်မှာ လှုပ်ရှားတယ်လေ။ မူဆယ်ဘက်မှာ တိုက်ပွဲတွေဖြစ်တယ်။ ဖြစ်ပြီးသိပ်မကြာခင် …

တချို့အယူ အဆတွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်သွားတာကို မကြိုက်ဘူး။ ပါလီမန်ထဲ ရောက်သွားတယ်၊ မဲအများစုရပြီးတော့ အစိုးရဖြစ်လာတယ်။ တချို့က ဒါကို သဘောကျတယ်။ နှစ်ခွဖြစ်နေတယ်။ လွှတ်တော်ထဲဝင်သွားတာကို ၂၀၀၈ ဖွဲ့စည်းပုံကြီးကို လက်ခံလိုက်ရတာမျိုး ကျတော့မကြိုက်ဘူး၊ဒါပေမဲ့အာဏာရအစိုးရ၊အာဏာတကယ်ရှိရှိ၊ မရှိရှိ၊ အစိုးရဖြစ်သွားတာကိုတော့ ကြိုက်ကြတယ်။အဲဒီအစိုးရရဲ့လက်ရှိ ရသလောက်ပါဝါလေးနဲ့၊ အာဏာနဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်စေ ချင်တယ်။သူတို့က။ ဒါပေမဲ့ ကျွန်တော်ကတော့ ရှင်းရှင်းပဲမြင်တယ်။ လွှတ်တော်ထဲဝင်သွားတာ ကိုလည်းမကြိုက်ဘူး။ အာဏာရအစိုးရဖြစ် သွားပြီးတော့ ပြင်နိုင်မယ်လို့ယူဆတာကိုလည်းမှန်တယ်လို့ မမြင်ဘူး။ တကယ်တမ်း အာဏာမှမရတာ။ အဲဒီလွှတ်တော်ထဲ ဝင်သွားပြီဆို ၂၀၀၈ အောက်ကို ဝင်သွားတာလို့ပဲ မြင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပေါ်ပေါက်လာတဲ့လွှတ်တော်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပေါ်ပေါက်လာတဲ့ အာဏာယန္တရား၊ အစိုးရ။ ဘာတစ်ခုကိုမှ ကျွန်တော်တို့က အယုံအကြည်မရှိဘူး။ ဒါ ကျနော်တို့ရဲ့ ရှင်းပြတ်ပြီးသောအမြင်ဖြစ်တယ်။အဲဒါ ကြောင့် စဉ်းစားချက်က (၂) မျိုးထွက်နေတယ်။ ကြိုက်တာလည်းပါတယ်၊ မကြိုက်တာလည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတာလည်းပါတယ်၊ ယုံကြည်တာလည်း ပါတယ်။ တဖက်မှာ အားမရတာလည်း ပါတယ်။သူ့ကိုဝန်းရံရမယ်ပြောတာလည်းပါတယ်။သူက စစ်အုပ်စုရဲ့ အကွက်ထဲမှာ မျောနေတယ်လို့ ယူဆတာလည်း ပါတယ်။ အဲလိုမျိုး ဟိုဘက်ရောက်လိုက်၊ ဒီဘက်ရောက်လိုက်။ဘာလဲဆိုတာကို Clear Message မပေးနိုင်ဘူးဗျ။ ရှင်းရှင်းလင်းလင်းပြောရင် တွေးခေါ်နေတဲ့ပုံတွေက လူထုကို Clear Message မပေးနိုင်ဘူး။ ကြိုက်တယ်၊ မကြိုက်ဘူး ဘောင်ဘင် ခတ်နေတာမျိုးကျွန်တော် သဘောမကျဘူး။ကျွန်တော်ပြောရင် ရှင်းရှင်းပဲပြောမယ်။ တစ်စုံလုံးကို လက်မခံဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်စုံလုံးကို လက်မခံဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်စုံလုံးကိုပြတ်ပြတ်သားသား တိုက်ရ မယ်၊ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ဒေါ်အောင်ဆန်းစုကြည် အဲဒီ တာဝန်ကိုပြတ်ပြတ်သားသားယူရမယ်။အဲဒီလိုယူရင် ပြည်သူတွေ ဘက်က ပြတ်ပြတ်သားသားရပ်ရမယ်။ ဟိုဘက် ဒီဘက် လှေနံနှစ်ဖက်နင်းတာ သဘောမကျဘူး။ကျွန်တော်ပြောတာ ဒါပါပဲ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်မဲဆွယ်ကာလမှာပြောဆိုခဲ့တာကလည်း၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပဲ။ အဲဒီတော့အခု တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကရော အဲဒီအတွက် နည်းပရိယာယ်တရပ် အဖြစ်မယူဆဘူးလား။

K – ပြင်ဆင်ရေးကို ပြောပါတယ်။ ပြင်ဆင်ရေးပြောပေမယ့် တဖက်က အသေကိုင်ရပ်ထားတဲ့ သူတို့ရဲမူဝါဒ။ ၄၃၆ အတိုင်းသွားဖို့၊ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ ပြင်ဆင်ခြင်း Process တွေအတိုင်းသွားဖို့ ဆိုတဲ့ဟာက ဘယ်လိုမှ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအတိုင်းသွားရင် ဘယ်လိုမှ ပြင်လို့မရဘူး။ ဆိုလိုတဲ့သဘောက ၇၅ ရာခိုင် နှုန်းထက် (၁)မဲ ပိုဖို့ဆိုတာမလွယ်ဘူး။ ပြီးတော့ လွှတ်တော်ထဲမှာ မဲခွဲတာကိုလည်းတစ်ကြိမ်တည်း မဟုတ်ဘဲနဲ့ အထက် လွှတ်တော် ၊အောက်လွှတ်တော်၊လွှတ်တော်(၂)ရပ်ပေါင်း၊အစရှိသဖြင့်အကြိမ် ကြိမ်အခါခါ မဲခွဲဆုံးဖြတ်တာတွေကလည်း တရားမျှတမှုမရှိတဲ့ ပုံသဏ္ဍာန်ဖြစ်နေတာတွေလည်း တွေ့ရတယ်။နောက်တစ်ချက်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က လူထုရဲ့ ဆန္ဒခံယူပွဲထပ်ပြီးလုပ်ရ မယ်ဆိုတာပါတယ်။အဲဒီတော့အမျိုးမျိုးပေါ့ဗျာ။ဒီ Processကြီးအတိုင်းသွားမယ်ဆိုရင်တော်တော့်ကို အဆင်မပြေဘူး။ပြင်လို့ကိုမရသလောက်နီးပါးသွားတွေ့ရတယ်။အဲဒီတော့စစ်အုပ်စုကိုချော့မြူရေး၊ စစ်အုပ်စုကို စေ့စပ် ညှိနှိုင်းရေး၊ စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေးဆိုတဲ့ အတွေးအခေါ်အတိုင်းလုပ်နေတယ် ဆိုရင် ဒီနည်းပရိယာယ်ကို သုံးသာသုံးတယ်၊ အောင်မြင်ဖို့ရာ ရာခိုင်နှုန်း တအားနည်းတယ်။ ကျွန်တော်တို့က စစ်အုပ်စုကိုချော့မြူရေးဆိုတာ သဘောမကျဘူး။ ပြည်သူလူထုနဲ့လက်တွဲပြီးတော့ လိုလားချက်တွေကို ပြတ်ပြတ်သားသား တောင်းဆိုတာကိုပဲ ကျွန်တော်တို့က သဘောကျတယ်။ NLDဆိုတာနိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တယ်။ပြီးတော့လူထုထောက်ခံမှုအပြည့်အဝနီးပါး ရရှိထား တဲ့ ပါတီကြီးတစ်ခုဖြစ်တယ်။ တိုင်းရင်းသားပါတီတွေကလွဲလို့ ပြည်မမှာ အင်အားအကြီးဆုံး ပါတီဖြစ်တယ်။ ပြီးတော့ Image အရလည်း ထောက်ခံမှုရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ Image က ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ အခွင့်ကောင်းယူ အသုံးချပြီးတော့ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ပြီး ပြည်သူ လူထုမလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရှေ့ကနေ ရွပ်ရွပ်ချွံချွံ ဦးဆောင်ပြီးတော့ ဖျက်သိမ်းတဲ့ ကိစ္စမျိုး တာဝန်ယူစေ့ချင်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ စစ်တပ်ကပေးမှရမယ့်အခွင့်အရေးမျိုး မျှော်လင့်ပြီးတော့ စောင့်မျှော်ပြီးတော့ သူတို့ကို ချော့မြူတာ၊ သူတို့ကို Mindset Change သွားအောင်လုပ်မယ်ပေါ့ဗျာ။ အခု ပြောပြောနေကျ စကား။ စစ်တပ်ရဲ့ Mindset ကို Change သွားအောင် လုပ်မယ်၊ စစ်တပ်ကို Democracy ဆန်လာအောင်လုပ်မယ် ဆိုရင် လူရယ်စရာပဲဖြစ်မယ်။ကျွန်တော်ကတော့ တသက်လုံး အဲဒီ လမ်းကြောင်းကို မယုံကြည်ဘူး။ စစ်တပ်က ဘယ်တော့မှ၊ အာဏာရှင်က အာဏာရှင်ပဲ၊ စစ်အာဏာရှင်က စစ်အာဏာရှင်ပဲ။ တနည်းအားဖြင့်ပြောရင် Democratization လုပ်လို့မရဘူး။

ငြမ်းမီဒီယာ- ကိုကျော်ကိုကိုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကို ချော့မြူရေး သွားနေရင်တော့ လှေနံနှစ်ဖက် နင်းတာ ပဲလို့ သုံးနှုန်းပြောဆိုတာက မပြင်းထန်လွန်းဘူးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

K – အဲဒါက ဒီလိုရှိတယ်ဗျ။နိုင်ငံရေးမှာတော့ဗျ ဒီစကားတွေက ပြောနေကျ၊ ဆိုနေကျစကားတွေပဲ။ လေနဲ့ဝမ်းမကွဲတာတို့၊ လှေနံနှစ်ဖက် နင်းတာတို့၊ခြံစည်းရိုးခွထိုင်တာတို့ဆိုတဲ့ စကားလုံးအသုံးအနှုန်း တွေကို နိုင်ငံခြားအနောက်တိုင်း မီဒီယာတွေ မှာလည်း သုံးစွဲနေတာပဲ။ သူတို့စကားနဲ့ ပေါ့ဗျာ။ ဆိုလိုတာကတော့ အဲဒီအဓိပ္ပါယ်ဆောင်တဲ့ Slang တွေ၊ အဲဒီအဓိပ္ပါယ်ဆောင်တဲ့ Idiom တွေ ရှိတယ်ဗျ။ကျွန်တော်တို့လည်း ဒီလိုပဲ နိုင်ငံရေးအသုံးအနှုန်းအရဆိုရင် ကျနော်တို့ပြောတဲ့စကားက ပြင်းထန်တယ်လို့ ခံစားတဲ့သူအပေါ်မှာပဲ မူတည်တယ်။ဒါကတော့ရိုးရိုးရှင်းရှင်းလေးပြောလိုက်တာပဲ။ ဆဲဆိုမိုက်ရိုင်းထားတာမပါဘူး။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကတပ်မတော်ကိုနားလည်မှုပေးတာ၊ စည်းရုံးတာနိုင်ငံရေး သမားတစ် ယောက်အနေနဲ့ လုပ်သင့် တယ်လို့မထင်ဘူးလား။ပြီးတော့ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန် လည်သင့်မြတ်ရေးမှာတပ်တစ်ခုတည်းကို စည်းရုံးပြီး ကျန်တဲ့အင်အားစုတွေကို နင်းချေနေတာမျိုး ရှိလို့လား။

K – တပ်ကိုစည်းရုံးပြီး ကျန်တဲ့သူတွေကို နင်းချေနေတာမျိုး ရှိလား၊ မရှိလားဆိုတာက မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရှိတယ်လေ။ အဲဒီ (၃) ဖွဲ့က ကွတ်ခိုင်တို့ ဘက်မှာ လှုပ်ရှားတယ်လေ။ မူဆယ်ဘက်မှာ တိုက်ပွဲတွေဖြစ်တယ်။ ဖြစ်ပြီးသိပ်မကြာခင်ထွက်လာတဲ့ ကြေညာချက်တစ်ခုမှာ ဆိုရင် အဲဒီအဖွဲ့တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ထားတာမျိုးတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက စာထုတ်ထားတာတွေ ရှိတယ်ဗျ။ ပြောချင်တာက အကြမ်းဖက်အဖွဲ့လို့ပဲ သတ်မှတ်တဲ့သဘော ပေါ့ဗျာ။ ဆိုလိုတာကစစ်ဖြစ် နေတာ။ပြည်တွင်းစစ်ကြီးဖြစ်နေတာ။ တဖက်နဲ့တဖက်တိုက်ခိုက်နေတဲ့ အခါမှာ စစ်တပ်ကနေပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ အရေအတွက်ပိုများပါတယ်။ ကျွန်တော်သိသလောက်။ ပြီးတော့ တပ်က အင်အားလည်း ကြီးတယ်။

ပြန်ဝန်ဆိုပေမယ့် လူကြီးလူကောင်းမပီသတဲ့လူတစ်ယောက်ရဲ့စကားပဲ။ ဒါကြောင့် ဒီလူရဲ့စကားကို တိုက်ရိုက် တုံ့ပြန်ဖြေရှင်း နေစရာမလိုဘူး။ကျွန်တော်တို့နဲ့ သူတို့နဲ့။ ဒီအရေးအသားကိုကြည့်လိုက်တာနဲ့ နိုင်ငံရေးအဆင့်အတန်း ချင်း …

လက်နက်လည်း ပိုများတယ်။ လူလည်းရှိတယ်။ လက်ရှိ အာဏာရနေတဲ့ အပိုင်းဖြစ်တယ်။ အဲဒီလိုအခြေအနေမျိုးနဲ့ ဟိုဘက်မှာ ရှိနေတဲ့ အာဏာလည်းမရ၊ လက်ထဲမှာ လက်နက်ကလည်း အပြည့်အစုံမရှိတဲ့၊ တောကြိုအုံကြား ပုန်းလျှိုးကွယ်လျှိုးနေနေရတဲ့ ပြောက်ကျားတပ်ဖွဲ့တွေကို သွားရောက်တိုက်ခိုက်တဲ့အခါမှာ အဲဒီပြောက်ကျားတပ်ဖွဲ့တွေကို တဖက်က အကြမ်းဖက်လို့ ကြေညာပြီးတော့၊ သမုတ်ပြီးတော့ တဖက်မှာရှိတဲ့ စစ်တပ်ရဲ့၊ ရဲရဲ့ ထိန်းသိမ်းမှုကြောင့် ပြည်သူတွေ ကျီးလန့်စာစားဘဝကနေ လွတ်မြောက်တာ ကျေးဇူးတင်ရမယ်ဆိုတဲ့ အရေးအသားမျိုးတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်တဲ့စာတွေမှာ ကျွန်တော်တို့ ဖတ်လိုက်ရတယ်။ ဒါက ရှင်းရှင်းပြောရရင် စစ်တပ်ကိုချော့မြူရေးအတွက် ကျန်တဲ့တဖက်ကို နိုင်ငံရေးအရ နင်းချေတယ်လို့ပဲ ကျွန်တော်တို့က သုံးသပ်ရမယ်။ အဲလိုအခြေအနေမျိုးတွေ ကြည့်ခြင်းအားဖြင့် ဒါက တစ်နေရာတည်းမှာ ပြောတာမဟုတ်ဘူး။ အခြားနေရာ၊ အခြားနေရာ၊ အခြားနေရာတွေမှာလည်း အများကြီးရှိတယ်။ ၂၁ရာစုပင်လုံရဲ့ အဖွင့်မိန့်ခွန်းတွေမှာလည်း တချို့စကား တွေဆိုရင် တိုင်းရင်းသားတွေရဲ့ရင်ကို တော်တော်ပြင်းပြင်းထန်ထန် ထိရှစေတဲ့ စကားတွေပါတယ်ဗျ။ NCA ကို လက်မှတ်ထိုးဖို့ သတ္တိမရှိဘူးလားဆိုတဲ့ မေးခွန်းမျိုးတွေ။ အဲဒီလို ဆန်ဆန်တွေပေါ့ဗျာ။ ဆိုလိုတဲ့သဘောက။ တိုင်းရင်းသားတွေက အများကြီး သိပါတယ်။ သူတို့ဘဝနဲ့ ရင်းခဲ့ရတာပါ။ သူတို့နားလည်ပါတယ်။ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ။ သူတို့ကို တစ်ဖက် သတ် လက်နက်ချခိုင်းနေတဲ့ကိစ္စမျိုးတော့ တိုင်းရင်းသားတွေလုပ်ရလောက်အောင် မိုက်မဲတဲ့သူတွေမဟုတ်ဘူးလို့ မြင်ပါတယ်။ အခုအခြေအနေတစ်ခုက စစ်တပ်နဲ့ တဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေနဲ့ယှဉ်ရင် တိုင်းရင်းသား လက်နက် ကိုင်တွေ၊ ပြည်သူတွေက မျက်နှာမရ၊ ခြေထောက်ရဆိုသလိုဖြစ်နေတာ တွေ့ရတယ်။

ငြမ်းမီဒီယာ – ဒီနေ့နိုင်ငံမှာ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကိုကျော်ကိုကိုလည်း သိပါတယ်။ ဒီဟာတွေကို ဒီလို ပြောဆိုဝေဖန်နေရုံနဲ့ ဖြေရှင်းနိုင်မယ်ထင်လို့လား။

K – ကျွန်တော်တို့က နိုင်ငံရဲ့ အကျပ်အတည်းဖြစ်ခဲ့တာ နှစ်ဆယ်နဲ့ချီနေပြီ။ ဆယ်စုနှစ် တစ်ခုတည်းတောင် မကတော့ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ။ ဟိုတုန်းကလည်း ဗိုလ်နေဝင်းအာဏာသိမ်းကတည်းက ပြည်သူတွေက ဗိုလ်နေဝင်းကို မကြိုက်ဘူး၊ ဝေဖန်တယ်။ ဆန္ဒပြတယ်၊ ဆန့်ကျင်တယ်။ ဒီလိုပဲ မျိုးစုံလုပ်ခဲ့ရတာ။ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ။ ဗိုလ်နေဝင်း ပြုတ်ကျတာတွေ ဖြစ်လာတယ်။ စစ်အာဏာရှင်စနစ်ကိုရောက်လာတယ်၊ ဗိုလ်သန်းရွှေတို့၊ ဗိုလ်ခင်ညွန့်တို့ခေတ်ကို ရောက်လာ တယ်။ ကျောင်းသားတွေ အဖမ်းခံ၊ အရိုက်ခံ၊ အသတ်ခံပြီး ဝေဖန်ခဲ့တာပဲဗျ။ အစိုးရတစ်ခုက အာဏာရနေရင် အဲဒီ အာဏာ ရနေတဲ့ အစိုးရက မှန်မှန်ကန်ကန်မလုပ်ဘူးဆိုရင်တော့ ပြည်သူရဲ့အခွင့်အရေးအရ ဝေဖန်ရမယ့်တာဝန်ရှိတာပဲ။ ကျွန်တော်တို့ ဝေဖန်နေ ရုံနဲ့တော့ မပြီးဘူး။ မှန်ပါတယ်။ ဝေဖန်ရုံနဲ့ မပြီးဘူး၊ ကျွန်တော်တို့က အင်အားစုစည်းရမယ်။ ပြည်သူလူထုတရပ်လုံးကိုယ်တိုင်က အသိတရားရှိရှိနဲ့ ဒီဟာတွေကို လက်မခံဘူးဆိုပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖျက်သိမ်းရေးကို တာစူသွားတာမျိုး လုပ်ဖို့လို တယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က စပြီးစကားပြောနေရတာ။ အခုကျွန်တော်တို့ ခြေလှမ်းအစ၊ စလုံးရေစပဲ ရှိသေးတယ်။ အဲဒီအဆင့်မှာတောင်မှ လက်မခံနိုင်ဘူးဆိုရင် နိုင်ငံရေးလွတ်လပ်မှုက အရမ်းနည်းတယ်ဆိုတာ သွားတွေ့ရတယ်။ အဲလိုမျိုး နိုင်ငံရေးမှာ သည်းခံမှုနည်းပါးပြီးတော့ ဆတ်ဆတ်ထိမခံနာတတ်တယ်ဆိုရင် နိုင်ငံရေးက မလုပ်တာကောင်းတယ်။ ပွင့်ပွင့် လင်းလင်းပြောရမယ်ဆိုရင် ဒါနိုင်ငံရေးသမားတွေရဲ့ စိတ်အခြေခံမဟုတ်ဘူး။ ဒါ အာဏာရှင် စိတ်အခြေခံပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လူမှုကွန်ရက်မှာ ပျံ့နေတဲ့ ကိုကျော်ကိုကိုပြေးနေတဲ့ ပုံတစ်ပုံရှိတယ်။ အဲဒီပုံကို အသုံးပြုပြီး ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ ဒီအပေါ်မှာ ကိုကျော်ကိုကိုအနေနဲ့ ဘာပြောချင်လဲ။

K – ပြည်လမ်းမှာ ပြေးရတယ်ဆိုတာ အဲဒီနေ့မှာကျွန်တော်တို့နဲ့အတူတူ တိုက်ပွဲမှာဖြတ်သန်းခဲ့တဲ့ ရဲဘော်တွေရှင်းလင်းတင်ပြထား တာလည်းရှိတယ်။ကျွန်တော်တို့သဘောထားကိုလည်းကျွန်တော်တို့ အင်တာဗျူးတစ်ခုမှာ ပြောထားပြီးသား။ အဲဒီနေ့ က ကျွန်တော် တို့က လက်ပံတန်းမှာ ဖမ်းဆီးရိုက်နှက်မှုတွေ မတိုင်ခင်ကတည်းက ည အစောကြီး ရန်ကုန်ကိုရောက်လာတယ်။ ရောက်လာ တယ် ဆိုတာ ရန်ကုန်မှာ ကျနော် တို့ တပြိုင်နက်တည်း ပုံဖော်မယ်ပေါ့။ သပိတ်စစ်ကြောင်း ရန်ကုန်မရောက်ရေးဆိုပြီး စစ်တပ်က တားဆီးထားတာ။ သပိတ်စစ်ကြောင်း ရန်ကုန်ရောက်တယ်ဆိုတာကို ကျွန်တော်တို့ပြချင်တယ်။ ရန်ကုန်ကို တနည်းနည်းနဲ့ ဖောက်ထွက်ပြီးတော့ ရန်ကုန်လူထုကို စည်းရုံးရင်း တဖက်က တပြိုင်နက်တည်း သပိတ်တိုက်ပွဲဆင်မယ်ဆိုရင် ကျွန်တော်တို့ တောင်းဆိုချက်တွေကို မဖြစ်မနေ လက်ခံရတော့မယ်၊ အဲလိုမျိုး Pressure ကို လိုချင်လို့ ကျွန်တော်တို့ တက်လာတာ။ ဒါပေမဲ့ လက်ပံတန်းမှာ အကြီးအကျယ်ဖြိုလိုက်တယ်။ ဖြိုလိုက်တော့ ခေါင်းစဉ်ပြောင်းပြီးတော့ ကျွန်တော်တို့က ဟိုဘက်နဲ့ ဒီဘက် ဟာမိုနီ ဟန်ချက်ညီညီလုပ်ဖို့ဆိုတာထက်ကို ဟိုဘက်က မတရားမှုကြီးကို ရန်ကုန်မှာ ဖော်ထုတ်ဖွင့်ချဖို့ တိုက်ပွဲဆင်ရတဲ့ အခြေအနေ မျိုးဖြစ်သွားတယ်။ အဲလိုဖြစ်သွားတော့ ကျွန်တော်တို့ လှည်းတန်းဈေးရှေ့က စပြီးထွက်တယ်။ အလံတွေကို ကြိုးနဲ့ချည်နေတုန်းမှာပဲ ရဲတွေက ရောက်ချလာတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပွဲပျက်သွားမှာစိုးလို့ အမြန်ပဲ အချိန်လုပြီး ထွက်လိုက်ရတယ်။

ကိုမင်းကိုနိုင်ရဲ့ နိုင်ငံရေးရပ်တည်မှုအခြေအနေက နိုင်ငံရေးဆိုတာထက်ကို အနုပညာလုပ်ငန်းတွေအပေါ်မှာ အာရုံစိုက် နေတာတွေ တွေ့ရတယ်။ နိုင်ငံရေးကိစ္စတွေ၊ ဝေဖန်ရေးတွေ၊ တစ်ခါတလေကျရင် Speak ပေးတာရှိတယ်၊ သဘောထား …

လုပြီးထွက်ရတဲ့အခါမှာ ရှေ့ကဦးဆောင်တဲ့ အလံကိုင်တွေ နောက်ကိုကျွန်တော်တို့လိုက်ရတယ်။ကျွန်တော်က အလံကိုင် မဟုတ်ဘူး။ကျွန်တော်ကအဓိက Speak ပေးဖို့ပဲ။ အဲဒီတော့ အလံကိုင်တွေနောက်လိုက်ရတဲ့အခါ အလံကိုင်တွေက ရှေ့က ပြေးတော့ လမ်းမကျွမ်းကျင်မှုလည်းရှိတယ်။ ရဲတွေက အုပ်လိုက်ကြီး ရောက်လာပြီး အဲဒီအလံကိုင်တွေအရှေ့က ပိတ်ဖို့ကြိုးစားတယ်။ အဲဒီအလံကိုင်တွေက ပိတ်ရပ်တဲ့ရဲတွေကို ဖောက်ထွက်ပြီး ပြေးရတယ်။ အဲဒီလို ပြေးရတဲ့အတွက် သူတို့ကိုမှီအောင်ကျွန်တော်တို့က လိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က သတ်သတ်၊ကျွန်တော်တို့ နောက်ကလူတွေက သတ်သတ်ဖြစ်သွားရင် လူစု (၂) စုကွဲသွားရင် ကြားထဲကနေ ရဲက ညှပ်ပြီး ရိုက်မှာ။ အဲဒါကြောင့် လူစု (၂)စု ကွဲသွားမှာကြောက်လို့ ကျွန်တော်တို့က ရှေ့ကအုပ်စုကို မှီအောင်ပြေးလိုက်ရတဲ့ အပိုင်းတွေရှိတယ်။ အဲလိုပြေးလိုက်ရတယ်ဆိုတာ လူထုကြီးက တသားတည်း မကွဲသွားအောင်လို့၊ အင်နဲ့အားနဲ့ ပါသွားအောင်လို့ကျွန်တော်တို့လုပ်ရတယ်။ကျွန်တော်တို့ရဲ့ ဗျူဟာက လမ်းပေါ်မှာ တိုက်ပွဲဆင်နေရတာဖြစ်တဲ့အတွက် လမ်းပေါ်မှာ ဆင်ရတဲ့တိုက်ပွဲနဲ့လျော်ညီစွာ ပြုပြင်ပြောင်းလဲပြီး သွားရတာ။ အိန္ဒြေရရသွားရအောင်ကျွန်တော်တို့က ရဟန်း သံဃာတော်တွေ လည်း မဟုတ်ဘူး။ ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာတောင် ရဟန်းသံဃာတော်တွေ သေနတ်နဲ့ပစ်တဲ့အချိန် ကျတော့ အသက်လုပြီး ရှောင်ရှားခဲ့ရတာတွေရှိတယ်။ကျွန်တော်ပြောပြောနေသလိုပဲ၊ လည်စင်းပေးရအောင် သိုးအုပ်တွေလည်း မဟုတ်ဘူး။ကျွန်တော်တို့က သားသတ်သမားရဲ့ သားသတ်ရုံထဲ တန်းစီပြီးဝင်သွားရလောက်အောင်လည်းကျွန်တော်တို့က မတုံး မအ ဘူး။ ကျွန်တော်တို့က အသက်ရှင်ကျန်ရစ်မှ ဆက်လက်ပြီး အသံတွေထုတ်နိုင်မယ်၊ ဆက်လက်ပြီး တိုက်ပွဲတွေဆင်နိုင်မယ်။ သူတို့ လက်ထဲဖမ်းဆီးခံရတာထက်စာရင် လွတ်မြောက်နေတာက ပိုပြီးကောင်းတယ်ဆိုတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ တိုက်ပွဲ အခြေအနေပေါ်မူတည်ပြီး ဖန်တီးပြောင်းလဲရတာ။ ဒါကို ပြေးတယ်၊ လွှားတယ်ဆိုပြီး သက်သက်မဲ့ပုံဖျက်တာဟာ တိုက်ပွဲသဘော တရားကို နားမလည်တဲ့အပြင် ဘယ်တုန်းက၊ ဘယ်အခါကမှ တိုက်ပွဲထဲကို ဆင်းခဲ့ဖူးတဲ့သူတွေ မဟုတ်တဲ့အတွက် အဲဒီလူတွေပြော တဲ့စကားကိုကျွန်တော်တို့က ခေါင်းထဲထည့်ပြီး စဉ်းစားနေမှာမဟုတ်ဘူး။

ငြမ်းမီဒီယာ- ပြန်ဝန်ဟောင်းဦးရဲထွဋ်ကလည်းသူရဲ့ ကွန့်မန့်တစ်ခုမှာ အဲဒါနဲ့ပတ်သက်ပြီး “ပြည်လမ်းပေါ်မှာ ပြေးတဲ့ရဲရင့်တဲ့ ခေါင်းဆောင်မှုမျိုးနဲ့ဗကသ ဥက္ကဌလုပ်လို့မရပါဘူး။ တကယ်တော့ကျော်ကိုကိုကသူ့ရဲ့ တာတို အပြေးသမားခြေလှမ်းများနဲ့ ဗကသသမိုင်းကို အိုးမည်းသုတ်ခဲ့တာပါ” လို့ ပြောထားတယ်။ ဒီပြောဆိုရေးသားချက်အပေါ်မှာရော ကိုကျော်ကိုကိုအနေနဲ့ ဘယ်လိုများ တုံ့ပြန်ချင်လဲ။

K – ပြန်ဝန်ဆိုပေမယ့် လူကြီးလူကောင်းမပီသတဲ့လူတစ်ယောက်ရဲ့စကားပဲ။ ဒါကြောင့် ဒီလူရဲ့စကားကို တိုက်ရိုက်တုံ့ပြန်ဖြေရှင်း နေစရာမလိုဘူး။ကျွန်တော်တို့နဲ့ သူတို့နဲ့။ ဒီအရေးအသားကိုကြည့်လိုက်တာနဲ့ နိုင်ငံရေးအဆင့်အတန်းချင်း မိုးနဲ့မြေပမာ ကွာခြားတယ် ဆိုတာ ကျွန်တော်တို့က ပြောစရာမလိုအောင် သိပြီးသားဖြစ်တယ်။ အဲဒီတော့ အဲလိုလူကို အဲဒီအဆင့်ထိ ကိုယ်ကိုယ်ကိုယ် လျှော့ ချပြီး ကျနော်တို့ ပြန်ဖြေရှင်းမှာမဟုတ်ဘူး။ ဒီလောက်ဆိုရင် စာဖတ်တဲ့သူတွေ၊ မီဒီယာကို နားထောင်နေတဲ့သူတွေ နားလည် သဘောပေါက် ပါတယ်။

ငြမ်းမီဒီယာ- ၈၈ မျိုးဆက်တချို့က မျိုးဆက်အသီးသီးပါဝင်မယ့် နိုင်ငံရေးပါတီတစ်ခုထောင်ဖို့ ကြိုးစားနေကြတယ်။ ဒီအပေါ်ရော ဘယ်လိုမြင်လဲ။

K – ဒါက သူတို့ရဲ့ အခွင့်အရေးအရ ပါတီထောင်တာကျွန်တော်တို့က ပြောစရာ၊ တားစရာ မရှိပါဘူး။ လုပ်ပါ။ သူတို့ပါတီထောင်တာ နောက်တောင်ကျနေတယ်။ အရင်ကတည်းက ထောင်မယ်လို့ လုပ်နေတာကြာပြီ။ တချို့ထွက်နေတာလည်း ရှိသလို တချို့ကလည်း အသက်အရွယ်အရဆိုရင်ပါတီတွေဘာတွေနဲ့လုပ်သင့်ပါတယ်။ဒါပေမဲ့အဲဒီပါတီရဲ့သဘောထား ကျွန်တော်တို့ မသိရသေးတဲ့ အတွက်ကြိုတင်ဝေဖန်ဖို့ ရာစောသေးတယ်။ကျွန်တော့်သဘောထား ပြောရရင်တော့ ပါတီထောင်ထောင်၊ နိုင်ငံရေးအင်အားစု လုပ်လုပ်၊ ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုသင့်တယ်။ ပြည်သူလူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်ပြီး မလုပ်သင့်ဘူး။ ဒါပဲပြောချင် ပါတယ်။

ငြမ်းမီဒီယာ – နောက်တစ်ခုက ဒီလိုနိုင်ငံရေးပါတီထောင်ရာမှာ ၈၈ မျိုးဆက်ရဲ့ အမှတ်အသားလို့ ပြောနိုင်တဲ့ ကိုမင်းကိုနိုင် ပါဝင် တာ မတွေ့ရဘူး။ ကိုမင်းကိုနိုင်ရဲ့ လက်ရှိ နိုင်ငံရေးရပ်တည်မှုကိုရော ဘယ်လိုမြင်လဲဗျ။

K – ကိုမင်းကိုနိုင်ရဲ့ နိုင်ငံရေးရပ်တည်မှုအခြေအနေက နိုင်ငံရေးဆိုတာထက်ကို အနုပညာလုပ်ငန်းတွေအပေါ်မှာ အာရုံစိုက် နေတာတွေ တွေ့ရတယ်။ နိုင်ငံရေးကိစ္စတွေ၊ ဝေဖန်ရေးတွေ၊ တစ်ခါတလေကျရင် Speak ပေးတာရှိတယ်၊ သဘောထားတွေ ပေးတာရှိတယ်။ ဒါပေမဲ့ ပိုပြီးတွင်တွင်ကျယ်ကျယ်လုပ်တာကျတော့ စာပေဟောပြောပွဲခရီးစဉ်ထွက်တာမျိုးတွေ၊ အဲဒါတွေ တွေ့ရ တယ်။ကျွန်တော်ကတော့ သူ့ကိုနိုင်ငံရေးထဲက ကင်းကွာမသွားစေချင်ဘူး။ နိုင်ငံရေးကို ပိုပြီး အားကောင်းမောင်းသန် လုပ်တာ ကို လိုလားတယ်။ ခုနက ပြောတဲ့ အနုပညာတွေက ကိုယ့်ဝါသနာအလျောက်လုပ်ပိုင်ခွင့်ရှိပါတယ်။ မလုပ်နဲ့ မပြောပါဘူး။ ဒါပေမဲ့ ပိုပြီး အာရုံစိုက် သင့်တာက နိုင်ငံရေးဘက်ပဲဖြစ်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ
နိုဝင်ဘာ(၉)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,