စစ်တပ်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ အစိုးရအနေနဲ့ ညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးသင့်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ANN / ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်

COVID -19 ကို အကြောင်းပြပြီး နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ဆင်ရေးအရသော်လည်းကောင်း ဒေသခံတွေအပေါ် အခက်အခဲအကြပ်အတည်းဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်တာမျိုး မဖြစ်ဖို့တော့လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ရျ် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – လတ်တလောမှာ COVID – 19 ရောဂါကူးစက်မှုဒဏ်ကို အများဆုံးခံနေရတဲ့ ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်တွေရဲ့အခြေအနေ ဘယ်လိုရှိပါသလဲ။

KTHA – အဓိကအခက်အခဲက COVID – 19 ရောဂါကာကွယ်ရေးအတွက် သွားရောက်လုပ်ကိုင်နေကြတဲ့ Volenteer တွေရဲ့အခက်အခဲ၊ နောက်ပြီးစစ်ဘေးရှောင်စခန်းတွေက ဒေသခံပြည်သူတွေရဲ့အခက်အခဲတွေပေါ့။ ပြီးတော့ စစ်ဘေးကြောင့် မလုံမခြုံဖြစ်နေရတဲ့ပြည်သူတွေမှာ COVID – 19 ကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားလို့အခက်အခဲဖြစ်နေရတာတွေ၊ နောက် နိုင်ငံတဝန်းကလာရောက်ကူညီကြတဲ့ Volenteer တွေကြုံတွေ့နေရတဲ့အခက်အခဲတွေပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အကူအညီပေးဖို့လာ ကြတဲ့ စေတနာ့ဝန်ထမ်း လုပ်အားပေးတွေအတွက်လည်း ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ပေးမှုမှာ အားနည်းချက်တွေအများကြီးရှိနေတယ် …

ငြမ်းမီဒီယာ – အဲဒီမြို့နယ်ကပြည်သူတွေရဲ့ စားဝတ်နေရေးဆိုင်ရာအခက်အခဲတွေက ဘယ်လိုရှိပါသလဲ။

KTHA – အဓိက ပြည်သူတွေဆိုတဲ့နေရာမှာ စစ်ဘေးရှောင်စခန်းကပြည်သူတွေက ပိုပြီးဒုက္ခရောက်ကြတာပေါ့။ စစ်ဘေးရှောင်ဆိုတဲ့နေရာမှာလည်း စခန်းကိုရောက်နေတာနဲ့ စခန်းကိုမရောက်တာဆိုပြီး နှစ်မျိုးရှိတယ်။ အကုန် စုစုပေါင်းဆိုရင် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်အရေအတွက်က နှစ်သိန်း (၂၀၀,၀၀၀) လောက်ရှိနေပြီ။

ဒီ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ကျနော်တို့မဖြေရှင်းပေးနိုင်သေးဘူး။ မဖြေရှင်းပေးနိုင်တဲ့အပြင် မိုးရာသီနဲ့အတူ ဖြစ်လာတတ်တဲ့ ဝမ်းပျက်ဝမ်းလျောလို၊ ဖျားနာတာမျိုးလို ရောဂါတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရှိ သလို၊ ဆေးဝါးလည်းလုံလောက်စွာမရှိဘူး။ ဒါက COVID -19 နဲ့မဆိုင်သေးတဲ့ ပုံမှန်အခြေအနေမှာ ကြုံတွေ့ နေရတဲ့ ရောဂါဘယတွေအတွက်ပြောတာပါ။ ဒီအခြေအနေမှာ COVID -19 ကိုအကြောင်းပြပြီး ကုန်စည်စီး ဆင်းမှုကို ကန့်သတ်လိုက်တာတွေ၊ ဖြတ်တောက်လိုက်တာတွေက စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေး မှာ အခက်အခဲများစွာဖြစ်စေပါတယ်။

မြို့ပေါ်က ပြည်သူတွေကျတော့လည်း COVID -19 သံသယနဲ့စောင့် ကြည့်ခံရတာတွေ၊ အသွားအလာကန့်သတ်ခံရတာတွေကြုံတွေ့နေကြရတယ်။ ဆိုတော့ ဒီအချက်တွေ ဘာ ကြောင့်ဖြစ်ရသလဲဆိုတော့ COVID -19 နဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ၊ သတင်းထုတ်ပြန်မှုတွေ၊ ပညာပေး ဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီ တိတိကျကျမြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတာတွေ ကြောင့် ဖြစ်ရတာပေါ့။ တစ်ဖက်မှာလည်း ကူးစက်ခံရမှုကမြန်ပြီး အရေအတွက်များလာတယ်။ ဆိုတော့ ဆရာဝန်၊ ဆရာမတွေ လုံလောက်မှုမရှိဘူးဖြစ်လာတယ်။

အဲဒီတော့ တခြားဒေသတွေက အကူအညီပေးဖို့လာ ကြတဲ့ စေတနာ့ဝန်ထမ်း လုပ်အားပေးတွေအတွက်လည်း ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ပေးမှုမှာ အားနည်းချက်တွေအများကြီးရှိနေတယ်။ ဆိုတော့ ဒီကိစ္စတွေအပေါ်မှာ ပြည်နယ်အစိုးရအနေနဲ့ ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်၊ ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်တို့မြင်တယ်။

တခြားသောဒေသ တွေကနေ လာရောက်လုပ်ကိုင်ပေးနေကြတဲ့ Volenteer တွေအပေါ်မှာ ပံ့ပိုးကူညီနိုင်မှုမရှိဘူးဆိုရင် ဒီလူတွေစိတ်ပျက်ပြီးပြန်သွားကြရင် အခက်အခဲတွေအများကြီး ထပ်ဖြစ်လာနိုင်တယ်။ တစ်ဖက်ကလည်း ကုန်စည်သယ်ယူပို့ဆောင်ရေးကို နေရာဒေသမရွေး အဆင်ပြေချောမွေ့အောင် ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ရှိမှာ COVID -19 ကူးစက်ခံထားရတဲ့လူနာတွေကို ဆေးဝါးကုသပေးမှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။

KTHA – အခြေအနေကတော့ ကျနော်တို့မြင်ရသလောက်ကတော့ ဒေသခံတွေရဲ့ကိုယ်ခံစွမ်းအားကြောင့်လား၊ ဒါမှမဟုတ် ဒုတိယလှိုင်း COVID -19 ရောဂါပိုးရဲ့ ဒုက္ခပေးနိုင်စွမ်းလျော့နည်းသွားတာကြောင့်လားတော့ မသိဘူး၊ Positive ဆိုပြီးသူတို့သတ်မှတ်ကုသပေးနေတဲ့ လူနာအများစုဟာ ပုံမှန်လိုပဲ တွေ့နေရတယ်။

ဒီအချက်ဟာ ကျနော်တို့အတွက် အားသာချက်တစ်ခုလို မြင်ရတယ်။ ဒါပေမယ့် ကူးစက်မြန်နေတာကို လျော့ချနိုင်ဖို့လိုအပ်သလို တစ်ဖက်မှာလည်း ဘယ်လိုကူးစက်တယ်၊ ဘာကြောင့်ကူးစက်တယ်ဆိုတဲ့အချက် တွေကို တိကျသေချာစွာဖော်ထုတ်ပြီး သံသယနဲ့စောင့်ကြည့်ရတာတွေကို တတ်နိုင်သမျှလျော့နည်းအောင် လုပ်ဖို့လိုအပ်တယ်။ ဒါမှလည်း ပြည်သူတွေရဲ့ယုံကြည်မှုကိုရလာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် COVID -19 ကို အကြောင်းပြပြီး နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ဆင်ရေးအရသော်လည်းကောင်း ဒေသခံတွေအပေါ် အခက်အခဲအကြပ်အတည်းဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်တာမျိုး မဖြစ်ဖို့တော့လိုအပ်ပါတယ်။

ငြမ်းမီဒီယာ – မေးခွန်းက COVID -19 ရောဂါကူးစက်ခံထားရသူတွေကို ဆေးဝါးကုသပေးနေတဲ့အခြေအနေ တွေ ဘယ်လိုရှိသလဲဆိုတာကိုမေးတာပါ။

KTHA – သံသယရှိရင်စောင့်ကြည့်တယ်၊ နောက်ကုသရေးအပိုင်းကိုဆက်သွားတယ်လို့တော့ ကျနော်တို့သိရ တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာရှိတဲ့ အစိုးရဆေးရုံ၊ ဆေးခန်းတွေနဲ့ပတ်သက်ပြီးပြောရရင် ကျန်းမာရေးစောင့် ရှောက်မှုထက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းပိုင်းမှာ အားနည်းချက်ရှိနေမယ်လို့ ယူဆရပါတယ်။ ဥပမာ အသက်ရှူစက်လိုဟာမျိုး လုံလောက်စွာရှိမနေနိုင်ပါဘူး။ ဒီလို ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေလုံ လောက်မှုမရှိတဲ့အချက်က ကျနော်တို့အတွက် စိုးရိမ်စရာကောင်းပါတယ်။

လိုအပ်ချက်တွေရှိတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းလက်ခံပြောဆိုတဲ့ အစိုးရတစ်ရပ်ကိုလို ချင်တယ်။ ငါတို့မှာလိုအပ်ချက်ရှိတယ်၊ ပြည်သူတွေဝိုင်းပါ၊ အရပ်ဘက်အဖွဲ့အစည်းတွေဝိုင်းပါဆိုတဲ့ ပုံစံမျိုး …

ငြမ်းမီဒီယာ – ကိုတင်ထူးအောင်တို့ ‘ရခိုင်အမျိုးသားကွန်ရက်’ က ကူညီဆောင်ရွက်ပေးနေတဲ့အခြေအနေတွေကို ပြောပြပေးပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KTHA – ကျနော်တို့ကတော့ အခုရန်ကုန်မှာရှိနေတဲ့ COVID -19 အတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူငယ် တွေနဲ့အတူ ပံ့ပိုးကူညီမှုတွေလုပ်တယ်။ ကျနော်တို့ဆီရောက်လာတဲ့ ပစ္စည်းတွေကိုလည်း လူငယ်တွေနဲ့အတူ ပံ့ပိုးကူညီမှုတွေ၊ ဖြန့်ဝေမှုတွေ တောက်လျောက်လုပ်နေတယ်။

ဒီလိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါ ကျနော်တို့ကြုံ တွေ့ရတဲ့အခက်အခဲတစ်ခုက ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပစ္စည်းတွေပို့ပေးတဲ့အခါ လေကြောင်းလိုင်း အနေနဲ့ဆိုရင် မြန်မာ့လေကြောင်း လိုင်းတစ်ခုတည်းကိုပဲ အားကိုးနေရတယ်။ မြန်မာ့လေကြောင်းလိုင်းကလည်း အစိုးရဌာနဆိုင်ရာကပို့တဲ့ပစ္စည်းတွေကိုပဲ သီးခြားပေးပြီးတော့ ကျနော်တို့ပြင်ပကအလှူရှင်တွေရဲ့ပစ္စည်းတွေကို ကျတော့ ဒုတိယဦးစားပေးအနေနဲ့ပဲထားတာက ကျနော်တို့အတွက် အခက်အခဲတစ်ခုဖြစ်စေပါတယ်။

လေကြောင်းလိုင်းနဲ့ပို့လို့မရတဲ့ပစ္စည်းတွေကို ကုန်းလမ်းကပို့တဲ့အခါကျတော့လည်း အမ်းမြို့မှာ ပိတ်ပင်တားဆီး တာတွေကြုံရတယ်။ တချို့ကုန်ကားတွေဆိုရင် သွားလို့မရတာတွေရှိတယ်။ ဒါတွေက ကျနော်တို့အတွက် ခုလိုအရေးပေါ်အခြေအနေမျိုးမှာ ကြုံနေရတဲ့ အကြီးမားဆုံးအခက်အခဲပါပဲ။

COVID -19 ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို အလှူရှင်တွေက လှူပေမယ့် ပို့ဆောင်ရတာအခက် အခဲဖြစ်လို့ အချိန်မီမရောက်နိုင်ဘူးဆိုရင် ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ အများကြီးစိုးရိမ်စရာကောင်းပါတယ်။

ငြမ်းမီဒီယာ – လက်ရှိ ရောဂါကူးစက်မှုများပြီး အရေးပေါ်အခြေအနေလိုဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေချိတ်ဆက်ဆောင်ရွက်နိုင်မှုအခြေအနေက ဘယ်လိုရှိပါသလဲ။

KTHA – အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှုကတော့မရှိဘူးဗျ။ အရင်ကတည်းက အစိုးရက ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်တရာအားနည်းတယ်။ ဘာကြောင့်လည်းဆိုတော့ အစိုးရအပေါ်မှာလည်းပြည်သူ တွေ အယုံအကြည်မရှိသလို အစိုးရကလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို အသိအမှတ်ပြု ဆက်ဆံတာမျိုး အားနည်းတယ်။

အစိုးရက နီးစပ်ရာကိုချိတ်ဆက်ပြီး အရပ်ဘက်အဖွဲ့အစည်းဆိုပြီး အမည် တပ်ပြီး လုပ်ခဲ့တာတွေက အစဉ်အဆက်ရှိခဲ့တယ်။ ဒါတွေက အခုအစိုးရလက်ထက်မှာရော၊ အရင်အစိုးရလက် ထက်မှာပါရှိခဲ့တယ်။ ဒီပုံစံတွေနဲ့ ကျနော်တို့အလုပ်မဖြစ်ဘူး။ ဒီပုံစံတွေကို ကျနော်တို့ဖယ်ဖို့လိုတယ်။ ကျနော်တို့ လိုချင်တာက ငါတို့မှာလိုအပ်ချက်တွေရှိတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းလက်ခံပြောဆိုတဲ့ အစိုးရတစ်ရပ်ကိုလို ချင်တယ်။ ငါတို့မှာလိုအပ်ချက်ရှိတယ်၊ ပြည်သူတွေဝိုင်းပါ၊ အရပ်ဘက်အဖွဲ့အစည်းတွေဝိုင်းပါဆိုတဲ့ ပုံစံမျိုး လိုအပ်တယ်။

ဒီကိစ္စမျိုးမှာ ဒါနဲ့ပတ်သက်ပြီးလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေဘယ်သူတွေရှိလဲ၊ လာ ဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါလို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပြီး စနစ်ကျတဲ့စီမံခန့်ခွဲမှုမျိုးနဲ့ သွားနိုင်ဖို့လိုအပ် တယ်လို့ ကျနော်တို့မြင်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါ။

KTHA – အခုလက်ရှိရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေအတွက်ရော၊ COVID -19 ရောဂါကာကွယ်ရေး အတွက်ရော လိုအပ်နေတာတွေကို လှူကြတဲ့ ဒီဘက်ကအလှူရှင်တွေရဲ့ပစ္စည်းတွေကို ကျနော်တို့ဒီရန်ကုန်မှာ ထားသိုမှု၊ ပို့ဆောင်မှု၊ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ယန္တရားတစ်ခုလိုအပ်တယ်။ ဒါက တစ်ချက်ပေါ့။ ထို့အတူ ရခိုင်ပြည်နယ်ဘက်အခြမ်းမှာလည်း လေကြောင်းလိုင်းနဲ့ပို့လို့မရတဲ့ပစ္စည်းတွေကို ကုန်းလမ်းကပို့ဆောင်တဲ့အခါ မလိုအပ်ဘဲ ပိတ်ပင်ကန့်သတ်တာမျိုးမလုပ်ဖို့၊ ရောဂါဖြစ်ပွားနေတဲ့ဒေသတွေကို ဒီဆေးဝါးအသုံးအဆောင် ပစ္စည်းတွေ အတားအဆီးမရှိမြန်ဆန်စွာရောက်ရှိဖို့၊ ဝိုင်းဝန်း ကူညီလှူဒါန်းကြတဲ့ အလှူရှင်တွေ စိတ်မပျက်ရ အောင် လှူဒါန်းထားတဲ့ပစ္စည်းတွေ လိုအပ်တဲ့ဒေသတွေကို မြန်ဆန်ချောမွေ့စွာ ရောက်ရှိနိုင်စေဖို့ ရခိုင်ပြည်နယ် အစိုးရဘက်က ကူညီဆောင်ရွက်ပေးသင့်တယ်လို့မြင်တယ်။ ဒီအချက်တွေ အဆင်ပြေရင်တော့ရောဂါထိန်းချုပ်မှုအပိုင်းမှာ အတိုင်းအတာ တစ်ခုထိ ပြေလည်လာလိမ့်မယ်လို့ ယူဆရပါတယ်။

တစ်ဖက်ကလည်း ကုန်စည်စီး ဆင်းမှုကို ကြေညာချက်တွေထုတ်နေရုံမဟုတ်ဘဲ တကယ့်မြေပြင်မှာ အဆင်ပြေအောင် အမြန်ဆုံးဆောင်ရွက်ဖို့ လိုတယ်။ နောက် စစ်ဘေးသင့်ပြည်သူတွေကိုလည်း အစိုးရအနေနဲ့ ဥပေက္ခာပြုထားသလိုမျိုးမလုပ်ဘဲ တချို့သော စစ်တပ်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ အစိုးရအနေနဲ့ ညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးသင့်တယ်လို့ မြင်ပါတယ်။

အဓိကကတော့ ဒီ COVID -19 ကိုအကြောင်းပြပြီး ကုန်စည်စီးဆင်းမှုတွေကို မပိတ်ပင်ဖို့လိုတယ်။ ကျနော်တို့ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိဆောင်ရွက်နိုင်ရင် ပြည်သူတွေကလည်းပူးပေါင်းပါ ဝင်လာပြီး COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးကိုလည်း အခုထက်ပိုပြီး အောင်မြင်အောင်ဆောင် ရွက်နိုင်ပါလိမ့်မယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,