စစ်အာဏာရှင်စနစ်တွေရဲ့ လုပ်ထုံးလုပ်နည်း၊ ရှေးရိုးနည်းတွေဖြစ်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့ဟာ အောက်တိုဘာလ (၁၉) ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အခုလိုဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းအပေါ် နိုင်ငံရေးနယ်ပါယ်မှပုဂ္ဂိုလ်တချို့၏ သုံးသပ်ချက်အမြင်များကို ငြမ်းမီဒီယာက မေးမြန်းစုစည်းဖော်ပြလိုက်ပါတယ်။

ဦးမြအေး
(ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုတည်ထောင်သူ)

AA စစ်ဦးစီးချုပ်ရဲ့ညီမမိသားစုကို လေဆိပ်မှာဖမ်းလိုက်တယ်ဆိုတဲ့ဟာကို ကျနော်လည်း သတင်းတွေဖတ်ရတယ်။ ဘယ်လိုဆက်နွယ်မှုတွေရှိလို့ ဘယ်လိုဥပဒေကြောင့် ဘယ်လိုဖမ်းလဲဆိုတာတော့ ကျနော်လည်းမသိဘူးဗျ။ အဲဒီအပေါ်မှာတော့ ရေရေရာရာတိတိကျကျ ကျနော်မပြောနိုင်ဘူး။ ဒါပေမယ့် ဥပဒေအရခံစားခွင့်ကိုတော့ အဲဒီ AAစစ်ဦးစီးချုပ်ရဲ့ညီမမိသားစုက ခံစားခွင့်ရသင့်တယ်လို့ ကျနော်မြင်တယ်။ လူတစ်ယောက်ကို (၂၄) နာရီထက်ပိုပြီး ချုပ်တာမျိုးလုပ်လို့မရဘူး။ ဥပဒေအရပေါ့။ အဲဒါတွေကတော့ ဟိုလိုဖြစ်လို့ ဒီလိုဖြစ်လို့ဆိုတာ မဖြစ်သင့်ဘူး။ ဥပဒေအရအခွင့်အရေးကတော့ ရသင့်တယ်လို့မြင်တယ်။ ဒါကတစ်ချက်။ နောက်တစ်ချက်က ဆက်စပ်မှုမရှိဘူးဆိုရင် အခုလိုဖမ်းဆီးထိန်းသိမ်းမှုဟာ စစ်အာဏာရှင်ခေတ်တုန်းက ကျနော်တို့ ခံရသလိုပေါ့။ တစ်နွယ်ငင် တစ်စင်ပါပေါ့ဗျာ။ တစ်ယောက်အပေါ်မှာကြည့်ပြီးတော့မှ ကျန်တဲ့မိသားစုကို ဒုက္ခပေးတာကို ကျနော်တို့ကိုယ်တိုင်လည်း ခံခဲ့ရတယ်။ အဲဒီတော့ ဒီလိုအဖြစ်မျိုးကို ကျနော်တို့မြန်မာနိုင်ငံမှာ ထပ်မဖြစ်စေချင်ဘူး။ အဲဒီလိုပုံစံမျိုး သက်ရောက်သွားရင်တော့ ကျနော်လုံးဝသဘောမတူနိုင်ဘူး၊ လက်မခံနိုင်ဘူး။ AA စစ်ဦးစီးချုပ်ရဲ့ညီမမိသားစုကို ဥပဒေအရ ခံစားခွင့်ပေးသင့်တယ်လို့ ကျနော်မြင်တယ်။ (၂၄) နာရီထက်ပိုပြီးတော့ ချုပ်ထားဖို့လည်း မသင့်ပါဘူး။ မိသားစုနဲ့ တွေ့ဆုံခွင့်၊ ဆက်သွယ်ခွင့် အကုန်လုံးပေးသင့်တယ်လို့ ထင်တယ်။ ဒါ Right ပဲဗျ။ အကယ်၍ အစ်ကိုလုပ်တဲ့လူက AA စစ်ဦးစီးချုပ်ဖြစ်တဲ့အတွက်၊ လက်နက်ကိုင်ဖြစ်တဲ့အတွက် ညီမဖြစ်သူကိုဖမ်းတယ်ဆိုရင်၊ အကြောင်းမဲ့ဖမ်းတယ်ဆိုရင် လုံးဝမကောင်းပါဘူး။ ဒါဟာ ဒီမိုကရေစီပုံစံမဟုတ်တော့ဘူး။ စစ်အာဏာရှင်စနစ်တွေရဲ့ လုပ်ထုံးလုပ်နည်း၊ ရှေးရိုးနည်းတွေဖြစ်ပါတယ်။ ကျနော်တစ်ခုပြောချင်တယ်။ နိုင်ငံရေးမှာ သဘောထားတိုက်ဆိုင်မှုရှိတယ်၊ သဘောထားတိုက်ဆိုင်မှုမရှိဘူး၊ သဘောထားတူတယ်၊ သဘောထားကွဲတယ်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရလေဗျာ။ သဘောထားကွဲမှုတွေအပေါ်မှာလည်း လေးစားမှုရှိဖို့တော့လိုမယ်လို့ ကျနော်ထင်တယ်ဗျ။ အဲဒါတွေဆိတ်သုဉ်းသွားရင်တော့ မြန်မာနိုင်ငံရဲ့ Democratization ဟာ အောင်မြင်စရာအကြောင်းမရှိဘူးဗျ။

? ဦးကြီးမြင့်
(တရားလွှတ်တော်ရှေ့နေ)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီခေတ် ဒီအချိန်မှာတော့ မဖြစ်သင့်တော့ဘူးပေါ့ဗျာ။ တစ်ခုတော့ရှိတာပေါ့၊ တရားရုံးရှေ့ကို (၂၄) နာရီအတွင်း ပို့ရတယ်ဗျ။ အဲဒါ ကျနော်တို့၊ ကျနော်ကလည်း အဖမ်းခံရတာ လေးငါးကြိမ်လောက် အဖမ်းခံခဲ့ရဖူးတယ်ဗျ။ ကျနော်တို့ခေတ်တုန်းကတော့ တရားရုံးထုတ်တယ်ဗျ။ ဘယ်တရားရုံးလည်းဆိုတော့ ရန်ကုန်တစ်မြို့လုံး ဘယ်သူမှမသိဘူး။ အဲဒါ အထုတ်ပြတာ။ တကယ်ကျ လူမထွက်ရဘူး။ ဥပဒေအရတော့ (၂၄) နာရီအတွင်းထုတ်တယ်လို့ အကျုံးဝင်တာပေါ့။ သူတို့က လူတွေမထုတ်ဘဲနဲ့ စာရွက်နဲ့ထုတ်ပြီး အဲဒီတရားရုံးက ထပ်ပြီးတော့ ရမာန်ပေးလိုက်တာဗျ။ အဲဒါ ထောက်လှမ်းရေးက တစ်သက်လုံးလုပ်လာတဲ့အကျင့်ပဲ။ ကျနော်တို့က ငါးခါလောက်ခံခဲ့ရတော့ အဲဒီအကျင့်ကိုသိတယ်လေ။ အဲဒီတော့ သူတို့က တရားရုံးရှေ့ကိုတင်ဖို့အတွက် လူမထုတ်ဘဲနဲ့ စာရွက်တွေပဲထုတ်နေတယ်။ တရားရုံးကရမာန်ထပ်ပေးတယ်ပေါ့၊ ချုပ်မိန့်ပေးတယ်ပေါ့။ အဲဒီလိုလုပ်နေတာဗျ။ အဲဒါ စစ်အာဏာရှင်တစ်ခေတ်လုံး လုပ်လာခဲ့တာ။ အခုလဲ အဲဒီလိုလုပ်တဲ့ပုံစံပဲဖြစ်မယ် ထင်တယ်ဗျ။ အဲဒါက ဥပဒေနဲ့တော့ ဘယ်ညီမလဲဗျာ။ ဥပဒေကတော့ (၂၄) နာရီထက် ပိုမချုပ်ရလို့ပါတာပဲလေ။ ကျနော်တို့တုန်းကတော့ အဲဒီလိုချုပ်တယ်။ ချုပ်ပြီးတဲ့အခါကျတော့ လူတွေမထုတ်ဘဲနဲ့ တရားရုံးတစ်ခုရဲ့ ရမာန်ကိုသွားယူတယ်။ ကျနော်တို့က ၁၀ (က) ဆိုတော့ လူတွေမထုတ်ဘူးဗျ။ မထုတ်ဘဲနဲ့ အဲဒီလို တရားရုံးတွေရှေ့ကို စာရွက်တော့ရောက်သွားတယ်။ စာရွက်ကလည်း ရမာန်ချပေးလိုက်တယ်ဆိုပြီးတော့။ အဲဒီလိုစနစ်နဲ့သွားနေတာ။ နောက်တော့မှ တရားစွဲမယ်ဆိုလည်း စွဲပေါ့ဗျာ။ အဲဒီလိုပေါ့။ အဲဒါကတော့ စစ်အာဏာရှင်ခေတ်က စနစ်အတိုင်းသွားတာပဲ။ အဲဒီတော့ ပြောင်းလဲမှုက ဘာမှမရှိသေးဘူးဆိုရမှာပေါ့ဗျာ။ ဘာလို့လည်းဆိုတော့ ဒီဟာက ဒီလိုမလုပ်ရဘူးလေ။ အခြေခံဥပဒေထဲမှာလည်း ပြဌာန်းထားတာပဲ။ လူတစ်ယောက်ကို (၂၄) နာရီထက်ကျော်မချုပ်ရဘူးဆိုတာ။ (၂၄) နာရီပြည့်ရင် တရားသူကြီးရှေ့ကို ပို့ရမယ်လေ။ ပို့ပြီးတော့မှ နောက်တစ်ခါ သူတို့အမှုစွဲတင်နိုင်အောင် သူတို့စစ်ပေါ့ဗျာ။ ဥပမာ သုံးနှစ်အောက်ဆိုလို့ရှိရင် (၁၄) ရက်ပဲ၊ တစ်ပတ်ပဲယူရမယ်။ သုံးနှစ်အထက်ဆိုလို့ရှိရင် (၂၈) ရက်ယူခွင့်ရှိတယ်။ အဲဒါကတော့ ဥပဒေမှာ ပြဌာန်းထားတာပေါ့။ အခု သူတို့ဖမ်းသွားတာကြည့်ရမှာပေါ့။ (၂၈) ရက်အတွင်းမှာ သူတို့တရားရုံးတော့ တင်ရမှာပဲ။

? ဒေါ်အေးနုစိန်
(ရခိုင်အမျိုးသားပါတီ၊ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင်/ ပါတီပြောရေးဆိုခွင့်ရှိသူ)

ဒါကတော့ အခုလိုအရပ်သားအစိုးရ၊ ဒီမိုကရေစီကို ရှေးရှုနေတယ်ဆိုတဲ့ခေတ်မှာ လုံးဝမဖြစ်ကောင်းဘူးပေါ့လေ။ ဒါပေမယ့် ခုဆိုရင် ပွင့်လင်းလူ့အဖွဲ့အစည်းခေတ်ဆိုတဲ့အတိုင်း၊ အဲဒီလိုသာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း သူပုန်ထရင် ဗိုလ်ချုပ်အောင်ဆန်း အဖေတို့ အမေတို့ကို မဖမ်းဘူးလား။ ဒါမျိုးတွေက ဝေဖန်ကြပြီလေ။ အခုလည်းအဲဒီလိုပါပဲ။ ဟိုတုန်းကလည်း တောတွေမှာ ဒီ အစိုးရအာဏာစက်နဲ့ ကင်းကွာနေတဲ့အချိန်ဆိုရင် သားကလူသတ်မှု ကျူးလွန်တယ်ဆိုရင် အဖေအမေကိုဖမ်းပြီးတော့ အကြပ်ကိုင်တာတွေ၊ လာပြီးတော့အဖမ်းခံအောင်လုပ်တာတွေ၊ ဒါကတော့ လုပ်ခဲ့ကြတာပေါ့။ ဒါပေမယ့် ကျမတို့က ဒီအချုပ်အခြာအာဏာနဲ့၊ ဥပဒေတွေတိတိကျကျနဲ့ အခုလိုကဏ္ဍတွေခြားပြီးတော့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စသဖြင့် ဒီလောက်ထိပီပြင်အောင် ဖော်ဆောင်နေတဲ့ခေတ်မှာတော့ သူတို့ပြောတဲ့ သူပုန်ခေါင်းဆောင်လို့ပဲပြောပြော၊ ဘာပြောပြော အဲဒီလူတွေရဲ့ ဆွေမျိုးတွေကို နံပါတ်စဉ်ထိုးပြီးတော့ ဖမ်းတယ်ဆိုတာကတော့ လူတွေကိုအကြောက်တရားနဲ့ အကြပ်ကိုင်လိုက်တဲ့ သဘောပေါ့လေ။ အဲဒီလိုပဲ ကျမတို့ကရှုမြင်တယ်။ ဒါမဖြစ်ကောင်းပါဘူး။ ပြီးရင် ဖမ်းသွားပြီဆိုရင် ဟိုတုန်းကလည်း ဒီအတိုင်းပါပဲ။ ရေကြည်အိုင်ကိုရောက်သွားလား၊ ဘယ်ကိုရောက်သွားလဲ၊ ခန္တီးလား၊ ကသာလား၊ ဗန်းမော်လား၊ ကျိုင်းတုံလား စသဖြင့်ပေါ့နော်။ အမေအဖေတွေ၊ အမျိုးသမီးတွေ၊ သားသမီးတွေ ဒီလိုပဲတကောက်ကောက်လိုက်ကြရတဲ့ အနေအထားတွေ။ အခုမန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်တို့ဇာတ်လမ်းဆိုရင် တကယ့်ကို romance ဆန်တာတွေလေ။ ကျမတို့ဖတ်ဖူးတာပဲ။ ဆိုတော့ ဒီနေ့ ဒီခေတ်အချိန်မှာတော့ အဲဒီလို သမားရိုးကျဖော်မြူလာနဲ့ မဲပြာပုဆိုးပုံစံမျိုးကိုတော့ ကျမတို့ အခုခေတ်မှာ လုံးဝမဖြစ်သင့်တော့ဘူးလို့ ပြောချင်ပါတယ်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။