စည်ပင်ဆိုတာ ရန်ကုန်မှာတော်တော်လေး နာမည်မကောင်းခဲ့ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဝန်ထမ်းနာမည်ခံထားပြီး ကိုယ်အမြတ်ရဖို့ တဆင့်ပြန်ပြီး နိုင်ငံတော်ရဲ့ ထိန်းသိမ်းထားတဲ့ အဆောက်အအုံကို ကိုယ်အကျိုးအမြတ်ရဖို့ လုပ်နေတာက အခန်းပေါင်း နှစ်ရာကျော်ရှိတယ်လေ။အဲဒါကြီးကို …

အောက်တိုဘာ(၁၀)၊၂၀၁၉၊ရန်ကုန်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေရှင်အဖြစ် ယာယီထိန်းသိမ်းထားသော တိုက်ခန်းများ မြို့နယ်အလိုက်၊ လိပ်စာနှင့်တကွ မည်မျှရှိကြောင်းနှင့် ထိုတိုက်ခန်းများကို ပြန်လည်ငှားရမ်းရာတွင် မည်သို့သော စံနှုန်းသတ်မှတ်ချက် နှင့်မည်သူ များအား ပြန်လည်ငှားရမ်းသည်၊ငှားရမ်းခငွေ မည်မျှ ရရှိသည်ကို ကျောက်တံတားမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အောက်တိုဘာလ (၇)ရက်နေ့က လွှတ်တော်တွင် မေးမြန်းခဲ့ပြီး ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြား ခဲ့သည်။ရန်ကုန်စည်ပင်မှ အိမ်ရှင်အဖြစ်ယာယီ ထိန်းသိမ်းထားသည် ဆိုသည့်အခန်းများသည် ရန်ကုန်မြို့၏ စီးပွားရေးအခွင့်အလမ်းအရ အလွန်အချက်အခြာကောင်းသည့် နေရာများပါဝင်ပြီး ယင်းနေရာများရှိ ပုဂ္ဂလိကပိုင် အခန်းများအား ပြင်ပတွင် ဌားရမ်း အသုံးပြုမည်ဆိုပါက ပုံမှန်နေရာများထက် ဈေးမြင့်သော နေရာများဖြစ်ပေသည်။သို့သော် စည်ပင်အနေဖြင့် အဆိုပါ အခန်းများကို ငှားရမ်းခဲ့ရာတွင် တစ်စတုရန်းပေလျှင် မြန်မာကျပ်ငွေ သုံးကျပ်၊လေးကျပ် နှုန်းဖြင့် ငှားရမ်းခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ငြမ်း – စည်ပင်သာယာက ယာယီထိန်းသိမ်းထားတယ်ဆိုတဲ့ တိုက်ခန်းတွေကိစ္စ လွှတ်တော်မှာ မေးခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးု ပြောပြပေးပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DKP – အဲဒီမေးခွန်းကို ၂၀၁၅ ကျွန်မတို့ အနိုင်ရပြီးပြီးချင်းမှာ ကျွန်မတို့တာဝန်တွေစထမ်းဆောင်မယ်ဆိုတော့ ကျွန်မကို အဲဒီကိစ္စ သတင်းပေးတဲ့သူရှိတယ်။ မြို့ထဲမှာ အဲဒီလိုတိုက်ခန်းမျိုးတွေကို ပြန်ပြီး ငှားတာတွေ ဘာတွေလုပ်တယ်ပေါ့။ ယူထားတာက တာဝန်ရှိတဲ့ သူတွေရဲ့အမျိုးတွေ ယူထားကြတာများတယ်ပေါ့။ အဲလိုပုံစံမျိုးပြောတာ ရှိတယ်။ကျွန်မစုံစမ်းကြည့်ပြီးတော့ အဲဒီမေးခွန်းကို ၂၀၁၆ အကုန်လောက်မှာ လွှတ်တော်တင်လိုက်တယ်။ ဒုတိယပုံမှန် အစည်းအဝေးမှာထင်တယ်။ကျွန်မသေချာတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲဒီမေးခွန်းက ဒီဘက်က လွှတ်တော်ဥက္ကဌက ဟိုဖက်ကို မပို့ပေးတာလား။ ဟိုဘက်က မဖြေတာလား ဆိုတာ ကျွန်မ သေချာမသိဘူး။ အဲဒီမေးခွန်းက တစ်ခေါက်လည်းပါမလာ ၊နှစ်ခေါက်လည်း ပါမလာဘူး။ကျွန်မတို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဘာပြဿနာရှိလဲဆိုတော့ မေးခွန်းတွေတင်လိုက်ရင် အဲဒီမေးခွန်းတွေ က ဖြေမှာလား၊မဖြေဘူးလားဆိုတာ ကျွန်မတို့ပြန်မသိရဘူး။ဥပမာ ပြည်ထောင်စုလွှတ်တော်မှာဆိုရင် ဒီမေးခွန်းက ဒီတစ်ခေါက်မဖြေဘူး ဆိုရင် နောက်တစ်ခေါက် ကို ကြယ်ပွင့်မပြအနေနဲ့ ပြောင်းမလား။ နောက်တစ်ခေါက် လွှတ်တော်ကိုစောင့်မလား ဆိုတာမျိုးမေးတယ် ဆိုတဲ့ပုံစံမျိုးရှိတယ်လို့ ကျွန်မသိရတယ်။ရန်ကုန်တိုင်းမှာတော့ အဲဒီလိုမရှိဘူး။ ကျွန်မတို့မေးခွန်းတွေက ဒီဘက်လွှတ်တော်ဥက္ကဌကြီးက ဟိုဘက် မပို့တာလား။ဟိုဘက် က မဖြေတာလား ဆိုတာ ကျွန်မတို့မသိဘူး။အဲဒီတော့ အဲဒီမေးခွန်းက ၂၀၁၇ လောက် ကတည်းက ကြာခဲ့တာ။ ဒီဘက်က စည်ပင်သာယာ အတွင်းရေးမှူးတွေဘာတွေကို အဲဒီကိစ္စ ကျွန်မပြောပြတယ်။ ကြည့်ရတာ အဲဒီအချိန်တုန်းက သူတို့တောင် သေချာသိပုံမပေါ်ဘူး ။ပြီးတော့ စာရင်းစစ်ချုပ်အစီရင်ခံစာက ပထမ ၂၀၁၅ -၂၀၁၆ ထွက်တုန်း က ရော၊ ၂၀၁၆ -၂၀၁၇ ထွက်တုန်းကရော အဲဒီအကြောင်း မပါဘူး။အဲဒါနဲ့ ကျွန်မက နောက်တစ်ခေါက်လောက် ထပ်ပြီးကြိုးစား ကြည့်ပါဦးမယ် ဆိုပြီး ဒီတစ်ခေါက်မှာထပ်တင်လိုက်တာ။ တင်ပြီးတဲ့အခါမှာ ကျွန်မလွှတ်တော်ဥက္ကဌကို သေချာသွားပြောပြတယ်။ ဒီဟာက မေးကိုမေးသင့်တဲ့ အခြေအနေလေးဖြစ်တယ်ဆိုတာကို သေချာပြောပြတယ်။ပြောပြတော့ ဒီတစ်ခေါက် မေးခွန်းပါလာတယ်။ မေးခွန်းအခြေအနေနဲ့ပတ်သက်လို့ကတော့ အဲဒီလိုပါ။

ငြမ်း – လွှတ်တော်မှာ တင်ထားတဲ့မေးခွန်းတွေက ဖြေမှာလား၊ မဖြေဘူလား မသိရဘူးဆိုတာ ဖြစ်ရိုးဖြစ်စဉ်သဘောပေါ့။ဒါပေမယ့် မကြည်ပြာ ရဲ့မေးခွန်းက နှစ် နှစ်ကြာမှ ပြန်ရတဲ့သဘောဆိုတော့ လွှတ်တော်ဘက်က မေးခွင့် မပြုခဲ့တာလား။ဘယ်လိုယူဆသလဲခင်ဗျ။

DKP – ကျွန်မအထင်တော့ ပထမတစ်ခေါက်တုန်းက ကျွန်မတို့က မေးခွန်းတွေအကုန် မေးခွင့် မရဘူးလေ။ကိုယ်စားလှယ်တွေက မေးခွန်းတွေခြောက်ခု၊ခုနှစ်ခုတင်ကြတယ်။အဲဒီတော့ မေးခွန်းက ကျန်တဲ့အထဲမှာပါပြီးတော့ ဟိုဘက် ကို မရောက်တာလည်းဖြစ်နိုင် တယ်ပေါ့နော်။ ကျွန်မအဲဒါကို သေချာပြောဖို့က အဲဒီကိစ္စကိုသွား မေးတိုင်း လွှတ်တော်ဥက္ကဌကြီးကလည်း သူ ဟိုဘက် တင်ထား တယ်။ဟိုဘက်က မဖြေတာ၊ သို့တည်းမဟုတ် ငါမတင်သေးတာ ဟိုဘက်ကို စသဖြင့် အဖြေအတိအကျမရတော့ အဲဒါကို ထင်မြင်ချက်ပေးဖို့က ခက်ပါတယ်။

ငြမ်း – မကြည်ပြာ အနေနဲ့ လွှတ်တော်မှာ မေးခဲ့တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီ မြို့တော်ဝန်ဖြေသွားတာကိုရော ဘယ်လို သဘောရသလဲဗျ။

DKP – ဒါကတော့ မေးစရာတောင်မလိုပါဘူး။ အဲဒီအဖြေကို ကျေနပ်လား၊မကျေနပ်ဘူးလားဆိုတာ နားထောင်နေတဲ့ သူတိုင်းခန့်မှန်း လို့ရတယ်။နားထောင်နေတဲ့သူတိုင်းတင်မဟုတ်ဘူး များသောအားဖြင့် စည်ပင်သာယာနဲ့ပတ်သက်ပြီး ကျွန်မတို့ မေးတဲ့မေးခွန်းတွေကတော့ အဖြေမရတတ်တာများပါတယ်။အဲဒီနေ့က ကျွန်မမေးခွန်းတစ်ခုတည်းတင်မဟုတ်ပါဘူး။ လသာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇော်ဝင်းနိုင် မေးသွားတာမှာလည်း အဖြေ မရဘူး။ဒါပေမယ့် ပြဿနာက အဖြေမရလို့ ကျွန်မတို့က ထပ်ပြီးမေးချင်တယ်ဆိုရင် တစ်ခေါက်ပဲ ထပ်မေးခွင့် ရှိတယ်။အဲဒါကလည်း လွှတ်တော် ဥပဒေ စည်းမျဉ်း စည်းကမ်းတွေထဲမှာ ပါတာတော့မဟုတ်ဘူးဗျ။ဒါပေမယ့် ကျွန်မတို့ ရန်ကုန်တိုင်းမှာ အစဉ်အလာလိုဖြစ်နေတယ်။ တစ်ခေါက်ပဲ။ေ နာက်တစ်ခေါက်ဆို လွှတ်တော်ဥက္ကဌက ခွင့်မပြုဘူး။ တခြား လွှတ်တော်တွေ ဘယ်လိုအနေအထားလဲဆိုတာတော့ ကျွန်မ မသိဘူး။ ပြန်ဖြေလိုက်တဲ့ ဟာက အဆင်မပြေဘူး။တချို့ဟာတွေလွဲတယ်ဗျာ။ လွဲတယ်ဆိုတာ ကျွန်မအဲဒါကို ပြောပြမယ်။ပထမတစ်ခေါက် ကျွန်မကမေးတယ်။သူဖြေတယ်။ ကျွန်မက မြေပြင်အခြေအနေမှာ ဘယ်လောက်ရှိသလဲ ကျွန်မသိထားပြီးသား။ တခြားမြို့နယ်တွေကို လည်း ကျွန်မစုံစမ်းပြီးပြီဆိုတော့ အခြေအနေက ကျွန်မသိထားပြီး ပြီ။သိထားပြီးပြီဆိုတော့ ဒီဟာတွေရှိတယ်။ရှိတဲ့အခါကျတော့ ဈေးနှုန်းကို ဌာနပေါက်ဈေးထက် တကယ့်ကို နည်းနည်းလေးနဲ့ ငှားနေတာလည်း သိတယ်။ဒါပေမယ့် အဲဒါကိုမှ ဆိုင်ရာပိုင်ရာေ လးတွေကပြန် ပြန်ပြီးငှားကြတယ်။ငှားတဲ့အခါမှာ လက်ရှိပေါက်ဈေး အတိုင်း နှစ်သိန်းခွဲတို့ ၊နှစ်သိန်းတို့ ရတယ်။ အဲဒီမှာ ဒါက စည်ပင်အခန်းမို့ နင်တို့ အကျိုးဆောင်ခ မယူနဲ့ ဆိုတာရှိတော့ ကျွန်မတို့မြို့နယ်ထဲမှာ အိမ်ခြံမြေ အကျိုးဆောင်တွေကလည်း အဲဒီအခန်းတွေအကြောင်းကိုကောင်းကောင်း သိနေတယ်။ ပြီးတော့ ကျွန်မတို့ ပါတီဝင်တွေ နေတဲ့ တစ်တိုက်ထဲမှာကိုပဲ အဲဒီလို အခန်းမျိုးတွေ ရှိနေတာမျိုး။ ဥပမာဆိုရရင် တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ်နေတဲ့တိုက်မှာ အဲဒီလိုအခန်းမျိုးရှိတယ်။ ကျွန်မအခြေအနေကို သိနေပြီးသား။ သူတို့ဖြေသွားတယ် အဲဒီအခန်းတွေက လေးရာကျော်ရှိတယ်။နဂိုကတော့ ခြောက်ရာကျော် ရှိတယ်လို့ ကျွန်မသိရတယ်။ အဲဒီမှာ တချို့ဟာတွေက ပြန်ပေးပြီးသွားပြီ။အဲဒီလိုပြန်ပေးတဲ့အခါမှာ မြေရှင်ဆိုပြီး သိပ်ပြီးကျိုးကြောင်းမခိုင်လုံဘဲ ယူသွားကြတာရှိတယ်။Confirm တော့မဖြစ်ဘူး။ ကျွန်မက အဲဒါကို High Light မလုပ်ချင်တာ ကျွန်မသေချာမသိတာရယ်၊သူများတွေရဲ့အပြောဖြစ်နေတာရယ်ကြောင့် ကျွန်မ မပြောတော့ဘူး။ သူပြောသွားတယ် (၄၉၆) ခန်း ရှိတယ်။ (၄၉၆)ခန်းမှာ သူတို့ပိတ်ထားကြတယ်။ဒီဟာတွေက မြေရှင်ပြန်ပေါ်ဖို့ ဆိုရင် အမှုတွေက အကြာကြီး။မြန်မာနိုင်ငံမှာ တရားမအမှုက အကြာကြီး။တကယ်တော့ ဌာနအနေနဲ့ ဝင်ငွေရအောင်ပဲဖြစ်ဖြစ်၊ ဌာနဝန်ထမ်းတွေကို မှန်မှန်ကန်ကန် နည်းနဲ့ ပေးသုံးမယ်ဆိုရင် သုံးလို့ရတယ်။ဒါပေမယ့် (၄၉၆)မှာ (၂၃၈)ခန်းပေးသုံးတယ်။အဲဒီမှာ ဘယ်လောက်နဲ့ ငှားသလဲဆိုတော့ စဉ်းစားကြည့်ပါဦး။တစ်စတုရန်းပေ ကို သုံးကျပ်၊လေးကျပ်ဆိုတော့ အဲဒါက တိုက်ဆိုင်တာလား ကျွန်မတော့မသိဘူး။ ကျွန်မ ဖေ့စ်ဘွတ်မှာလည်း ရေးထားပါတယ်။ ၂၀၁၅ -၂၀၁၆ မှာ သုံးကျပ်၊လေးကျပ်နဲ့ငှားပြီးတော့ ၂၀၁၇- ၂၀၁၈ မှာ သူတို့ ဆယ်ဆတိုးလိုက်တယ်လို့ပြောတယ်။ဆယ်ဆ ဆိုတဲ့စကား ကပြောရင်နားကြားကောင်းတယ်။ ဆယ်ဆတိုးလိုက်တာမှာ တစ်စတုရန်းပေကို သုံးဆယ်နှုန်းနဲ့တိုးလိုက်တာ။ သုံးကျပ် ၊လေးကျပ်နှုန်းနဲ့ ငှားတဲ့အချိန်တုန်းက ၁၅၀၀ကျပ်၊၂၀၀၀ကျပ်။ လွန်ရောကျွံ့ရော၂၅၀၀ကျပ် လောက် ရှိတဲ့အခန်းမျိုးက သူတို့တိုးလိုက်ပါတယ်ဆိုတာမှာ တစ်လကို ကျပ်တစ်သောင်းခွဲတို့ ကျပ်နှစ်သောင်းခွဲတို့ ဖြစ်သွားတယ်။မြို့ထဲလို ၂၅၀၀၀၀ ၊၃၀၀၀၀၀ ပေါက်နေတဲ့နေရာမျိုးတွေ မှာ တချို့ မြေညီထပ်တွေပါ ပါတယ်နော်။အဲဒီလို အခန်းမျိုးတွေကို တစ်သောင်းခွဲ၊ နှစ်သောင်းခွဲနဲ့ ဒီခေတ်ကြီးမှာ ဘယ်သူရှိမှာလဲ။ဟုတ်ပြီ ဌာနကလူတွေကို ပေးတာ။စီးပွားဖြစ်လုပ်လို့ မရဘူး။ဒါမြေရှင်ပေါ်လာရင်ပြန်ေ ပးရမှာမို့။အဲဒီတော့ မြေရှင်မပေါ်လာလို့ အဲဒီအခန်းတွေနှစ်ေ ပါင်းများစွာ သူတို့လက်ထဲ ရှိနေတာလေ။မြေရှင်ပေါ်လာလို့ ပြန်ပေးရင်တောင် တရားမအမှုအရအကြာကြီးဆိုတော့ တကယ်ဆိုလို့ရှိရင် ငှားထားရင်လည်း ငှားထားလို့ရတယ်။ ငှားတဲ့ အခါမှာလည်း ဘာကြောင့်များ အဲဒီလောက်လျှောပေါ့တဲ့ဈေးနှုန်းနဲ့ ငှားရတာလဲ။တစ်စတုရန်းပေ လေးကျပ် ဆိုတာ ၂၀၁၅ မှာဖြစ်သင့်လား။၂၀၁၅ မှာမဖြစ်သင့်လို့ တိုးလိုက်တယ်ဆိုရင်ရော တစ်စတုရန်းပေကို သုံးဆယ်လောက်နဲ့ အခုထိ တစ်သောင်းခွဲ ကျပ်၊ကျပ်နှစ်သောင်းလောက်နဲ့ဆိုတော့ ဒါကရောဖြစ်သင့် လားပေါ့။ဟုတ်ပြီ သူတို့ဝန်ထမ်းတွေက နေတယ်။တကယ့်ကို မှန်မှန်ကန်ကန်နေတယ်။ နေစရာ အဆင်မပြေလို့နေပါတယ်ဆိုရင် အောက်ခြေဝန်ထမ်းတွေ ကျွန်မမေးကြည့်ပြီးပြီ ။မရှိဘူးနော်။ အောက်ခြေ ဝန်ထမ်းဆိုရင် စည်ပင်သာယာ လိုင်းခန်းပဲပေးတာကို။ အောက်ခြေဆိုတာ မြို့နယ် အီးအို အဆင့်ကနေ အဆင့်ဆင့်ပေါ့။ ဒါဆိုရင် အဲဒီအခန်းတွေက နေဖို့အဆင်မပြေတဲ့ ဝန်ထမ်းတွေနေတာ လားဆိုတော့ အပြင်မှာက အဲဒီလိုလည်း မဟုတ်ဘူး။ အဲဒီလူတွေက တဆင့်ပြန်ငှားတာ။ကျွန်မအဲဒီအကြောင်းတွေ သိနေရတော့ ဖြေသွားတဲ့အပေါ်မှာ ဘယ်လိုမှ ကျေနပ်စရာမရှိဘူး။

ငြမ်း – အခန်းခဈေးနှုန်း တွေကို မကြည်ပြာ လွှတ်တော်မှာမေးဖို့ မေးခွန်းတင်လိုက်တဲ့နှစ်မှာ စပြီး အခန်းခနှုန်းထား တစ်စတုရန်းပေ သုံး၊လေးကျပ်ကနေ ဆယ်ဆတိုးလာတယ်ဆိုတာ တိုက်ဆိုင်တာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DKP – ကျွန်မ မေးခွန်းမေးတာ ရောက်ချင်လည်းရောက်မယ်။ မရောက်ချင်လည်းမရောက်ဘူး။ဒါပေမယ့် အဲဒါကို စည်ပင်သာယာ အတွင်းရေးမှူးကို အဲဒီအကြောင်း သွားပြောပြတယ်။အဲဒီအချိန် ကတည်းက စည်ပင်သာယာအတွင်းရေးမှူးက သိလိုက်မယ်လို့ ထင်တယ်။ အဲလိုအခန်းတွေ ရှိပါတယ် အန်တီရေ ဆိုပြီး ကျွန်မ သွားပြောပြထားတယ်။ဆိုတော့ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကျွန်မပြော ချင်တာက အခုတိုးလာတယ်ဆိုတာ တိုးတဲ့ဈေးနှုန်းက သင့်လျော် တဲ့ဈေးနှုန်းမဟုတ်ဘူး။အဲဒီ ၂၀၁၅ အရှေ့က စာရင်းတောင်းကြည့် မယ်ဆိုရင် ကျွန်မစိတ်အထင်တော့ ရှိတောင် ရှိမယ်မထင်ဘူး။ တကယ်တော့ ၂၀၁၀ ကတည်းက ဒီမိုကရေစီနိုင်ငံအဖြစ် အစိုးရနဲ့လွှတ်တော်နဲ့ သွားနေပြီ။ ဒါပေမယ့် ၂၀၁၅ အရှေ့က စာရင်းသွားကြည့်ရင် ရှိမယ်လို့ ကျွန်မမထင်ဘူး။ဘာကြောင့်လဲဆိုတော့ ၂၀၁၅ စာရင်းစစ်ချုပ်အစီရင်ခံစာထဲမှာလည်းမပါ၊ကျွန်မတို့လည်း သေချာ ဂဃဏန စစ်ဆေးလို့မရတဲ့အချိန်မှာ အခန်းပေါင်းနှစ်ရာကျော် ကို ငှားတာ တစ်နှစ်လုံးကို (၄၇)သိန်းဆိုတော့ အခန်းနှစ်ခန်းစာတောင် မရှိဘူး။အဲဒီ ၂၀၁၅ အရှေ့က စာရင်းကတော့ ဘယ်လို တွေလဲဆိုတာ ကျွန်မသေချာမသိဘူး။၂၀၁၅ နောက်ပိုင်းမှာတင်လာတယ်။ ဒါပေမယ့် တင်တဲ့ ဈေးနှုန်းကလည်း ပုံမှန်မဟုတ်ဘူး။ပေးငှားတာတွေကို ကျွန်မမေးတယ်။ဘယ်လိုကန့်သတ်ချက်မျိုးနဲ့ ပေးငှားတာလဲ။ ဘယ်သူ့ဆုံးဖြတ်ချက်နဲ့လဲဆိုတော့ ကော်မတီဆုံးဖြတ်ချက်နဲ့လို့ ပြောတယ်။ ကော်မတီ ဆုံးဖြတ်ချက်နဲ့ ဒီဘက်ပိုင်းမှာငှားတဲ့ဟာတွေ ရှိသလားဆိုတာ ကျွန်မတို့ထပ်မေးရင်လည်း သူတို့ ထပ်ဖြေဖို့ အဆင်သင့်ဖြစ်မယ်မထင်ဘူး။ပြီးတော့ ကျွန်မတို့မှာမေးခွင့်လည်း မရှိဘူး။ကျွန်မမေးထားတာက လိပ်စာနဲ့အတိအကျလို့မေးထားတာ အဲဒါလည်း လိပ်စာနဲ့ဖော်ပြဖို့အဆင်မပြေဘူး ပုံစံပြော သွားတယ်။ ကျွန်မကတော့ မဖြစ်မနေ လွှတ်တော်ဥက္ကဌကနေတဆင့် လိပ်စာတွေပေးပါလို့ပြောလိုက်တယ်။ လိပ်စာနဲ့သာဆိုရင်ကျွန်မတို့ စိစစ်လို့ရပြီ။

ငြမ်း – ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေ ဆုံးရှုံးမှု ရှိ၊မရှိ သိရဖို့ မြို့တော်ဝန်ကို မေးခွန်းမေး တယ်။မြို့တော်ဝန် ဖြေတဲ့အခါမှာ ဒါဟာ စီးပွားရေးပုံစံ သွားလို့ မရဘူး။မူလပိုင်ရှင် ပြန်ပေးရေးသာ ဦးတည်ချက်ဖြစ်တယလို့ ဆိုတယ်။ဒါပေမယ့် တစ်ဖက်မှာ ကျတော့ ဒီအခြေအနေနဲ့ ကွဲလွဲနေသလားလို့ အဲဒါကိုရော မကြည်ပြာ ဘာပြောချင်လဲခင်ဗျ။

DKP – သူ(မြို့တော်ဝန်)ပြောတာကို ကျွန်မပြန်ပြောချင်တယ်။ ဒါပေမယ့် ကျွန်မမှာပြန်ပြောခွင့် မရှိတော့ဘူးလေ။ပြန်ပြီး ဖြေရှင်းချင် တာ။စီးပွားရေးအရလုပ်တာမဟုတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီဟာတွေဆောက်ခဲ့တုန်းက စည်ပင်နဲ့ အကျိုးတူ ဆိုပြီးကန်ထရိုက်ေ တွနဲ့ဆောက်ခဲ့ပြီးတော့ အခန်းတွေကလည်း စည်ပင်လက်ထဲမှာ ရှိနေပြီးသား။ ဟုတ်ပြီ။ စီးပွားရေးအရမဟုတ်ဘူး။ပိုင်ရှင်ပြန်ပေါ်ရင်ေ ပးရမှာ။ပြန်မပေါ်လို့ဘဲ အခန်း လေးရာကျော် က သောင်တင်နေတာ ဘယ်နှနှစ်လောက်ရှိပြီလဲ။ပြန်ပေးရရင်လည်း တရားမအမှု ဆိုတော့ အကြာကြီး။အဲဒီတော့ သူတို့အခုလည်း နှစ်ချုပ်နဲ့ ငှားတာလေ။ တစ်နှစ်ငှားတာက တကယ် ပိုင်ရှင်ပြန်ပေါ်လာရင် ပြန်ဖြေရှင်းလို့မရတဲ့အနေအထားလား။ စီးပွားဖြစ်မဟုတ်ဘူးဆို အိုကေ ။တကယ် လိုအပ်တဲ့ဝန်ထမ်းတွေကိုပေးနေတာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ဘူးလေ။ တကယ်လိုအပ်နေတဲ့ ဝန်ထမ်းတွေက နေစရာ မရှိလို့၊နိုင်ငံတော်တာဝန်ထမ်းဆောင်နေလို့ နှစ်သောင်းနဲ့ ပေးနေလို့ တစ်သောင်းခွဲနဲ့ပေးနေလို့ က ကျွန်မတို့ ပြောစရာမရှိဘူး။မြေပြင်မှာ အဲလို ပြန်ပြီးငှားစားနေတာကို ဘယ်လိုစနစ်တကျ စိစစ်လဲ ဆိုတာ အဲဒါတွေလည်းကျွန်မမေးတယ်။ ဘယ်လိုစံနှုန်းတွေနဲ့ငှားလဲ။ အပြင်မှာငှားနေတာတွေကိုလည်း ကျွန်မ နာမည်နဲ့ ဘယ်တိုက်တွေ ဆိုတာ ကျွန်မပြောပြနိုင်ပါတယ်လို့ ပြောလိုက်တယ်။အဲဒါကို သူတို့ဘက်က ပြန်စိစစ်ဖို့ စိတ်ကူးမရှိဘူးလား။တကယ်လိုအပ်လို့ ဝန်ထမ်းကို တစ်သောင်းခွဲနဲ့ ငှားပေးတာ ကျွန်မ မပြောလိုဘူး။ ဒါပေမယ့်ဝန်ထမ်းနာမည်ခံထားပြီး ကိုယ်အမြတ်ရဖို့ တဆင့်ပြန်ပြီး နိုင်ငံတော်ရဲ့ ထိန်းသိမ်းထားတဲ့ အဆောက်အအုံကို ကိုယ်အကျိုး အမြတ်ရဖို့ လုပ်နေတာက အခန်းပေါင်း နှစ်ရာကျော် ရှိတယ်ေ လ။အဲဒါကြီးကို စိစစ်ဖို့လိုတာပေါ့။ ကျွန်မတို့က မြေပြင်အခြေအနေ သိလို့ပြောပြတယ်ဆိုရင် ဒီမှာတာဝန်ယူထားတဲ့ လူကြီးတွေအနေနဲ့ တကယ်တမ်းပြောရင် မြို့တော်ဝန်ဆိုတာ ကျွန်မတို့ပါတီက ခန့်အပ်ထားတာပါ။အစိုးရအဖွဲ့ က ကျွန်မတို့ပါတီက ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေပါ။ မြေပြင်နဲ့ထိတွေ့ရတဲ့ ကိုယ်စားလှယ်တွေက မြေပြင်အခြေအနေပြောပြတယ်ဆိုရင် ဒီဝန်ကြီးတွေ၊လုပ်ပိုင်ခွင့် ရှိသူတွေက ဒါကိုစိစစ်ရမယ်။ စိစစ်ပြီးတော့ ဒါတွေကို ထိန်းကျောင်းပေးရမယ်။ ဒီလိုထိန်းကျောင်းချင်လို့ ကျွန်မတို့ ဒီနေရာဝင်ယူနေကြတာမဟုတ်ဘူးလား။ နဂိုကတည်းက ဒီလိုမျိုး အဂတိလိုက်စားမှုတွေ၊စည်ပင်ဆိုတာ ရန်ကုန်မှာတော်တော်လေး နာမည်မကောင်းခဲ့ဘူး။ ဒီနာမည် မကောင်းတာကြီးကို ကောင်းအောင်လုပ်ချင်လို့ ူသူ့ကိုလမ်းကြောင်းမှန်ပေါ်တင်ပေးပြီး စည်ပင်ဆိုတာ တကယ့်ကို Service ပေးနိုင်တဲ့ ၊ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ဌာနတစ်ခုဖြစ်အောင်လို့ ကြိုးစားဖို့ းကျွန်မတို့ ဒီနေရာယူထားကြတာမဟုတ်ဘူးလား။ ဒါဆိုရင် ကျွန်မတို့ရဲ့ အကြံပြုချက်တွေကို သူတို့တွေ သေချာစိစစ်သင့်တယ်လေ။ ကျွန်မတို့က ဌာနတွေကိုပြောတိုင်းပြောတိုင်း ဌာနတွေမှာ နဂိုပုံစံနဲ့ လည်ပတ်နေတာ ရှိတယ်။ ဒီပေါ်လစီတွေကို ကျွန်မတို့ခေတ်မှာ မပြင်ရင် ဘယ်ခေတ်မှာ သွားပြင်မှာလဲ။ ကျွန်မစိစစ်ပေးပါပြောတာ ကိုလည်း ဘာတစ်ခုမှ ပြောမသွားဘူး။ အခန်းကျတော့လည်း အပြင်ပေါက်ကြားလို့မရဘူးဆိုတော့ လွှတ်တော်ကိုယ်စားလှယ် ကိုတောင် အယုံအကြည် မရှိဘူးလား။အဲဒီလိုမေးခွန်းတွေ မေးမယ်ဆိုရင် ကျွန်မတို့မှာ အများကြီးမေးစရာရှိတယ်။

ငြမ်း – အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က နိုင်ငံ့ဘဏ္ဍာတွေ လေလွင့်ဆုံးရှုံးမှာကို စိုးလို့ မေးတဲ့မေးခွန်းအပေါ်မှာ မြို့တော်ဝန်ကြီးဖြေသွားတာက စိစစ်မယ်ဆိုတာမျိုးမဟုတ်ဘဲ သူတို့ ဒါတွေတော့ လုပ်လို့ရတယ်၊ဒါတွေတော့ လုပ်လို့မရဘူးဆိုတာမျိုး ဖြေသွားတဲ့အပေါ်မှာ မကြည်ပြာ ဘာများထပ်ပြောချင်လဲ။

DKP – အရှည်ကြီးမပြောဘူး။တစ်ခွန်းပဲပြောမယ်။ ကျွန်မတို့ ဒီအလုပ်ကို လုပ်နေတာ ပြည်သူတွေအတွက်လို့ ရင်ထဲမှာထည့်ပြီး အလုပ်လုပ်နေတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ နိုင်ငံရေး ဖြတ်သန်းလာမှုနဲ့ ဒီပါတီကို ယုံကြည်မှုနဲ့ ဒီပါတီနဲ့အတူပြည်သူတွေ အတွက်ကောင်းအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါတီထဲ ဝင်လာကြတာ။ပါတီထဲဝင်လာပြီးတော့မှ ကျွန်မတို့က အမတ်ဖြစ် လာတာ။ ကျွန်မတို့ကတော့ ဘာပဲရှိရှိ ပြည်သူဆိုတဲ့ဘက်ကနေ၊ ရှုထောင့်ကနေကြည့်တယ်။ ယခင်တုန်းက မတရားမှုတွေရှိခဲ့တယ်။ ငါတို့တွေခေတ်မှာ ဖြေရှင်းမယ်။ငါတို့တွေခေတ်မှာပြောင်းလဲပစ်မယ် ဆိုတဲ့အတွေးတစ်ခုတည်းပဲ ကျွန်မတို့က ရှိတယ်။ လူပုဂ္ဂိုလ် ဘယ်သူ့ဘယ်သူကိုမှ မုန်းတီးခြင်းမရှိဘူး။ချစ်ခင်ခြင်းမရှိဘူး။ဒါပေမယ့် မမှန်မကန် အလုပ်လုပ်နေတယ်ဆိုတဲ့ လူတွေ အပေါ်မှာတော့ ကြည်လင်ခြင်းမရှိဘူး ဒါတော့ သေချာတယ်။ဆိုတော့ အဓိက ဘယ်အပေါ်မှာပဲ မူတည် သလဲဆိုတော့ ငါတို့က ဘာအတွက် အလုပ်လုပ်နေသလဲဆိုတဲ့ ကိုယ့်ရဲ့ခံယူချက်အပေါ်မှာပဲ မူတည် တယ်လို့ထင်တယ်။အဲဒီတော့ မေးတဲ့သူနဲ့ ဖြေတဲ့သူနဲ့ မေးပုံလည်း မတူသလို ဖြေပုံလည်းတူမှာမဟုတ်ပါဘူး။

ငြမ်း – အခု မကြည်ပြာ လွှတ်တော်မှာ မေးခဲ့တဲ့ကိစ္စမှာ အဂတိလိုက်စားမှုတွေရှိနေတယ်လို့ မကြည်ပြာအနေနဲ့ ယူဆထားချက်တွေများ ရှိနေသလားဗျ။ တွေ့ရှိထားတာတွေရော ရှိသလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DKP – အဲဒါကတော့ အမေးအဖြေအပေါ်မှာကြည့်ပြီး ပြည်သူတွေ စဉ်းစားကြည့်ပါရှင့်။ ကျွန်မအဲဒါတော့ မပြောလိုတော့ပါဘူး။

ငြမ်း – ဘာများဖြည့်စွက်ပြောချင်သေးလဲ မကြည်ပြာ။

DKP – မရှိတော့ပါဘူးရှင့်။

ငြမ်း – ကျေးဇူးတင်ပါတယ် မကြည်ပြာ။

ဓာတ်ပုံ – ရန်ကုန်လွှတ်တော်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။