စနစ်ကမပြောင်းဘူး၊ လူကပြောင်းသွားတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရှမ်းသံတော်ဆင့် / SNLD ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွှန့်လွင်

မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆိုပြီးလုပ်တာ။ ပြဿနာက။ မျိုးချစ်စိတ် ကြောင့်ဆို လွဲသွားပြီ။ မျိုးချစ်စိတ်ဓာတ်ဆို လွဲပြီ။ တကယ်က နိုင်ငံချစ်စိတ်ဓာတ် ဆိုပြီးလုပ်ရမှာ။ နိုင်ငံချစ်စိတ်ဓာတ်မလုပ်ဘဲ မျိုးချစ်စိတ်ဓာတ် ဆိုပြီးသွားလုပ်တဲ့အခါ . . .

ပါတီသက်တမ်းနှစ် (၃၀) ကျော်ခဲ့ပြီဖြစ်သော SNLD ပါတီသည် ၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးခရီးကြမ်းတွင် ဒီမိုက ရေစီအရေးအတွက် အခက်အခဲအကြပ်အတည်းအမျိုးမျိုးကြားမှ ကြိုးစားရပ်တည်ခဲ့ကြသည့် နိုင်ငံရေးပါတီများထဲမှ တစ်ခု ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေမှုများအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ် သက်ပြီး SNLD (ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီ၏ ဒုဥက္ကဋ္ဌ (၁) ဦးစိုင်းညွှန့်လွင်ကို ငြမ်းမီဒီယာက တွေ့ ဆုံ မေးမြန်းခဲ့ သည်။

ငြမ်း – ဦးစိုင်းညွှန့်လွင်ရဲ့ “ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာများလဲ” ဆိုတဲ့ဆောင်းပါးထဲမှာ ‘ဘုရင်ဖြစ်ချင်လို့ ဘုရင် ကိုတော်လှန်တာ တော်လှန်ရေးလို့ခေါ်နိုင်မလား၊ အစိုးရဖြစ်ချင်လို့ လက်ရှိအစိုးရကိုတော်လှန်တာ တော်လှန်ရေး လို့ခေါ်နိုင် မလား’ ဆိုပြီး မေးခွန်းထုတ်ထားတာတွေ့ တယ်။ အဲဒါကို ပြည့်ပြည့်စုံစုံ ပြောပြပေးပါလား။

USNL – အမှန်က တော်လှန်ရေးလုပ်တယ်ဆိုတာ စနစ်ပြောင်းတာ။ ဥပမာ ကတ်စရိုတို့လုပ်တဲ့တော်လှန်ရေးဆို ဒါစနစ် ကိုပြောင်းတာလေ။ အခုက ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်။ တရားဝင် လူထုရွေးကောက်တဲ့လိုင်းနဲ့ သွားမယ်ဆိုရင် ၂၀၁၅ မှာ သောင်ပြို ကမ်းပြိုနိုင်တယ်လေ နော။ ပြောင်းလဲချိန်တန်ပြီဆိုတာပေါ့။ တချို့တလေကျတော့ ခင်ဗျားတို့ တွေ့တဲ့အတိုင်းပဲလေ။ ဟုတ်တယ်မလား။ အခုခါတိုင်းထက်ပိုပြီးတောင် Freedom of Expression ဆိုတဲ့ဟာ ကျဆင်းသွားပြီ။ နောက် နိုင်လွတ်လုံ လား၊ အဲဒါတွေက ဖျက်ပစ်ရမှာလေ။ ဖျက်လည်းရတာပဲ။ လွှတ်တော်မှာ NLD က majority ပဲ။ (၅၉) ရာခိုင်နှုန်းလား ရှိတာပဲ။ သူ မလိုတဲ့ဟာတွေဖျက်လို့ရတယ်လေ။ ဒါဟာ အခြေခံဥပဒေနဲ့လည်းမဆိုင်ဘူး။ အဲဒါတွေ အကုန်ဖျက်ပစ်လို့ရတာပဲ။ ဒီမိုကရေစီနဲ့ ဆိုင်တဲ့ဟာတွေ ချန်ထားပေါ့။ ဒီမိုကရေစီကို ဖိနှိပ်တဲ့ဟာတွေ ဖျက်ပစ်ပေါ့။ ဒါပေမယ့် မလုပ်ဘူးလေ။ မလုပ်တဲ့အပြင် သုံးခွင့်တောင် ပေးနေတယ်။ ခုနောက်ပိုင်းမှသာ NLD ခေါင်းဆောင်တွေမလုပ်တာ၊ အရင်ကဆို NLD ခေါင်းဆောင်တွေကို သွားပြောရင် ဖမ်းတာ ပဲလေ။ ဒီသဘောပေါ့။ ခုကပြောလွန်းအားကြီးလို့ မလုပ်တော့တာ။ ဒါတွေက ဖျက်ချင် ဖျက်လိုက်လို့ရတယ်လေ။ တကယ် ပြောင်းလဲ ချင်ရင် ပြောင်းပစ်ရမှာတွေပေါ့။ ဒါပေမယ့် ပြဿနာက ပြောင်းလိုက်လို့ရှိရင် ကိုယ့်ကိုပြန်ထိမှာ ကြောက်နေ တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော့ကို ဦးကိုနီပြောခဲ့တဲ့အထဲမှာ NLD က အစ္စလာမ်ဘာသာဝင် ထိပ်တန်းခေါင်းဆောင် (၁၇) ယောက်ကို ဖယ်ခိုင်းတာ ဒေါ်အောင်ဆန်းစုကြည်က ဖယ်ခိုင်းတာတဲ့။ ဦးကိုနီလည်း အစ္စလာမ်ဘာသာဝင်ပဲလေ၊ နောက် မန္တလေးက ဒေါ်ဝင်းမြမြတို့ စသဖြင့်ပေါ့။ ကိုမြအေးကတော့ …

ဆိုတော့ ခက်တာက တကယ့်တကယ် စနစ်ကမပြောင်းဘူး၊ လူကပြောင်းသွားတာ။ ဒါက ကျွန်တော်တို့အတွက် စိတ်မကောင်းစရာပဲ။ ၂၀၁၈ ဇန်နဝါရီမှာ ကျွန်တော်ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ ခေါင်းစဉ်တော့ မမှတ်မိတော့ဘူး။ နိုင်ကျဉ်းနဲ့ပတ်သက်ပြီးပေါ့။ ဇန်န ဝါရီလဆို နိုင်ကျဉ်းတွေ လွှတ်စရာရှိရင် လွှတ်တာမျိုးလုပ်တယ်လေ။ လုပ်တဲ့အခါကျတော့ ၂၀၁၈ ဇန်နဝါရီမှာက မလွှတ် ဘူး။ ဦးဝင်းမြင့်လက်ထက်ပဲ။ အဲဒါ ဧပြီကျမှ လွတ်ငြိမ်းပေးတယ်။ လွတ်လပ်ရေးနေ့ကမပေးဘူး။ ဇန်နဝါရီမှာ လွတ်လပ်ရေးနေ့ရှိတယ်၊ ဖေဖော်ဝါရီမှာ ပြည်ထောင်စုနေ့ရှိတယ်။ များသောအားဖြင့်တော့ လွတ်လပ်ရေး နေ့မှာပေးတတ် တယ်။ ဆုတံဆိပ်လည်းပေး တယ်၊ လွတ်ငြိမ်းလည်းပေးတဲ့ အစဉ်အလာရှိတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက လွှတ်တော်မှာ နိုင်ကျဉ်းဟောင်း၊ ထောင်ကျဖူးတဲ့လူတွေ (၁၂၀) ကျော်ရှိတယ်။ အဲဒီတုန်းက AAPP ရဲ့စာရင်းအရ ထောင်ထဲမှာ နိုင်ကျဉ်း (၁၀၀) ကျော်ပဲရှိတယ်။ အဲဒီတော့ ကျွန်တော် မေးခွန်းထုတ်တာပေါ့။ နိုင်ကျဉ်းဟောင်း (၁၂၀) ကျော်ရှိတဲ့ လွှတ်တော်က ထောင်ထဲမှာရှိတဲ့ နိုင်ကျဉ်း (၁၀၀) ကျော်ကို မကယ်နိုင်ဘူးလားပေါ့။ ကျွန်တော်မေးပြီ။ အဲဒီတော့ သူတို့က တော်တော်နာကြတယ်။ ကိုဝင်းမြင့်လည်း ဖတ်ရ မှာပဲ။ သူလည်းကျွန်တော့်မိတ်ဆွေပါ။ အဲဒါနဲ့ ဧပြီလကျ လွှတ်ချ လိုက်ရော။ အကုန်လွှတ်ချလိုက်တာ၊ စီကို မစိစစ်တော့ဘူး။ အဲဒီမှာ သံချောင်းတို့ရော အကုန်ပါလာတာ။ အဲဒီလိုပေါ့။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာ ခွဲခြားခံရတယ်၊ ဖိနှိပ်ခံရတယ်၊ သူတို့ရဲ့ စာပေယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်း တွေကို အသိအမှတ်ပြုခြင်းမခံရဘူးဆိုတဲ့ နာကျင်မှုလေးတွေဟာ အနည်းနဲ့အများဆိုသလို ရှိနေတတ်ကြတယ်။ အဲဒီဟာတွေ ပျောက်ပြီး အားလုံးပြေပြေလွင်လွင်ဖြစ်ဖို့ဆိုရင် ဘာ တွေလိုအပ်မလဲဆိုတာ ဦးစိုင်းညွှန့်လွင်ရဲ့အမြင်နဲ့ သုံးသပ်ပြောပြပေးပါဦး။

USNL – တကယ်ကတော့ စစ်ပွဲတွေရပ်ဖို့ ပထမဆုံးလိုလိမ့်မယ်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ စစ်ပွဲတွေရှိခြင်းအားဖြင့် စစ်ပွဲဖြစ်တဲ့ဒေသကလူတွေ အခက်အခဲ ဆင်းရဲဒုက္ခမျိုးစုံ ကြုံကြရတယ်။ အဲဒီတော့ သူတို့စိတ်ထဲမှာ ပြေပျောက်ဖို့ မလွယ်ဘူး။ ဆိုတော့ ဒီစစ်ပွဲတွေအရင်ရပ်ဖို့ လိုပါတယ်။ အခုဆိုရခိုင်မှာ ဘယ်လောက်ထိဖြစ်နေလဲ ကြည့်လေ။ ဒါတွေပြေလည်ဖို့ဆိုရင်၊ ရခိုင်ဆိုပါတော့ဗျာ၊ ရခိုင်လူထုကထောက်ခံတဲ့ ရခိုင်ခေါင်းဆောင် (ဝန်ကြီးချုပ်ကိုပြောတာမဟုတ်ဘူးနော်။ ဝန်ကြီးချုပ်ကို သူ့ပါတီ ကလူတော့ ထောက်ခံချင်ထောက်ခံမှာပေါ့။ ကျန်တဲ့နေရာလူတွေကတော့ ထောက်ခံချင်မှထောက်ခံမှာ။) တွေနဲ့ ပြည်ထောင်စု အဆင့်ကလူတွေ ဆွေးနွေးဖို့လိုမယ်။ NCA တို့ ဘာတို့က Delay ဖြစ်သွားပါပြီ။ NCA ကို နဂိုကတည်းက မှားသွားပြီလို့ ကျွန်တော် ပြောခဲ့တယ်။ မှားတာဘာလဲဆိုတော့ ဦးသိန်းစိန်လက်ထက်မှာ လူမစုံဘဲနဲ့လက်မှတ်ထိုးလိုက်တာ။ အမှန်က ဒီလို Nationwide Ceasefire လက်မှတ်ထိုးတယ်ဆိုတာ လူစုံရတယ်။ Nationwide မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းနဲ့ လက်မှတ်ထိုးရင် ကျန်ခဲ့တဲ့ လူတွေ ပါလာဖို့က အရမ်းခက်ခဲပါတယ်။ အဲဒီတုန်းက အကြံပေးတဲ့လူလည်း မှားတယ်ထင်ပါတယ်။ ဆိုတော့ ဒါတွေပြန်ပြင် ရမှာပေါ့ နော်။ ဒါပေမယ့် အဲဒါတွေအားလုံးက စစ်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် မူတည်တာ။ သူတို့ရဲ့ အမြော်အမြင် ၊ သူတို့ရဲ့ အတ္တကိုလျော့နိုင်မှု စသဖြင့် အများကြီးပေါ့။ အဲဒီတော့ ခုနကပြောတဲ့ တိုင်းရင်းသားတွေစိတ်ထဲကဟာက ချက်ချင်းတော့ ပျောက်မှာ မဟုတ် ဘူး။ နှစ်ပေါင်းများစွာ စွဲလာခဲ့တာဆိုတော့ စိတ်တော့ရှည်ရလိမ့်မယ်။

ငြမ်းမီဒီယာ – ဘာသာ လူမျိုး ခွဲခြားတဲ့ကိစ္စတွေဟာ တချိန်ကဆို နိုင်ငံ့ဝန်ထမ်းခန့်အပ်တဲ့နေရာတွေမှာ၊ ဝန်ထမ်းတွေ ရာထူး တိုးတဲ့ ဟာတွေမှာ၊ အထူးသဖြင့် နိုင်ငံရဲ့အရေးကြီးတဲ့ ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေမှာဆိုရင် ဒီလိုခွဲခြားမှုတွေ ပြင်းပြင်း ထန်ထန် ရှိခဲ့တယ်၊ အခုလည်းအဲဒီလိုကိစ္စတွေ ရှိနေဆဲပဲဆိုတာ ဝေဖန်ကြတာတွေရှိတယ်။ ဆိုတော့ တိုင်းရင်းသား တွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ဒီကိစ္စတွေက သက်ရောက်မှုရှိနိုင်သလား။ ဦးစိုင်းညွှန့်လွှင်ရဲ့ အမြင်ကို ပြောပြပေးပါဦး။

USNL – သက်ရောက်မှုရှိတာပေါ့။ ပြင်းပြင်းထန်ထန်ကိုရှိတယ်။ အထူးသဖြင့် ခရစ်ယန်ဘာသာကို ကိုးကွယ်မှုများတဲ့ ကချင်တို့၊ ချင်းတို့မှာပေါ့။ တချို့အဖွဲ့အစည်းတွေထဲမှာဆို ခရစ်ယန်ဘာသာဝင်တွေကို “ စီပိုး” လို့ခေါ်ကြတယ်။ သူတို့က “ စီပိုး” ဆို ဒါ ခရစ်ယန်ဘာသာဝင် ဝန်ထမ်းကိုခေါ်တာပေါ့။ အစ္စလာမ်ဘာသာဝင်တွေကိုလည်း ဒီအတိုင်းပဲ။ ဆိုတော့ ဒါကခက်တယ်ဗျ။

တစ်ကမ္ဘာလုံးမှာ Discrimination ဆိုတာ လုပ်လို့မရဘူး။ ဘောလုံးပွဲတွေမှာတောင် Discrimination လုပ်ရင် ပွဲပိတ်ပစ်တာတို့၊ ဒဏ်ကြေးတပ်တာတို့လုပ်တာ။ ဟုတ်တယ်မလား …

မူဝါဒအနေနဲ့ ရေးမှာတော့မဟုတ်ဘူး။ အရင် နဝတတို့ ဘာတို့က လူလည်တွေ။ သူတို့က စာနဲ့ညွှန်ကြားမှာမဟုတ်ဘူး။ သူတို့ကို ပြန်စွဲမှာစိုးလို့ ပါးစပ်နဲ့ပဲညွှန်ကြားတာ။ သူတို့က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆိုပြီးလုပ်တာ။ ပြဿနာက။ မျိုးချစ်စိတ် ကြောင့်ဆို လွဲသွားပြီ။ မျိုးချစ်စိတ်ဓာတ်ဆို လွဲပြီ။ တကယ်က နိုင်ငံချစ်စိတ်ဓာတ် ဆိုပြီးလုပ်ရမှာ။ နိုင်ငံချစ်စိတ်ဓာတ်မလုပ်ဘဲ မျိုးချစ်စိတ်ဓာတ် ဆိုပြီးသွားလုပ်တဲ့အခါ ဗမာက ဗမာချည်းချစ်ပေါ့၊ ရခိုင်ကလည်း ရခိုင်ချည်းချစ်ပေါ့၊ ရှမ်းကလည်း ရှမ်းချည်း ချစ်ပေါ့။ အဲဒီမှာ ကွဲရော။ အကုန်ကွဲကုန်တာ။ ကိုယ့်လူမျိုးကိုယ်ချစ်ကြပါ သွားပြောလိုက်တော့ အမှတ်တမဲ့ ကြည့်ရင်တော့ ဟုတ်နေတာပဲ၊ တကယ်တမ်းကျတော့ မလွယ်ဘူးလေ။ ကိုယ့်လူမျိုးကိုယ်ချစ်ကြဆို တခြားလူမျိုးကို ဆော်တော့တာပဲ။ အဓိပ္ပါယ် က အဲဒီလိုတွေဖြစ်ကုန်တာ။ ရှင်းရှင်းပြောရရင်တော့ ရှစ်ဆယ့်ရှစ်နောက်ပိုင်းဖြစ်လာတဲ့ စစ်ခေါင်းဆောင်တွေပေါ့။ သူတို့အယူအဆက လွဲတာ။ သူတို့က အဲဒီလိုအယူအဆမှားနေလည်း မှားမှန်းသူတို့ကိုယ်သူတို့ မသိဘူး။ မှန်တယ်ချည်းပဲ သူတို့ထင်နေတာ။ သူတို့က မျိုးချစ်စိတ်ရှိကြတယ်ပေါ့လေ။ တလောက ဗိုလ်ချုပ်ခင်ညွှန့်ပြောတာ မတွေ့ဘူးလား။ ‘ရွှေချရမယ်တို့၊ မြန်မာဆိုတာ ရွှေချတာ အမြတ်တနိုးထားတာတို့’ ပုဂံကိစ္စကိုပြောတာလေ။ နောက်ရှိသေးတယ် မင်းတို့နိုင်ငံခြားသြဇာမခံနဲ့တို့ ဘာတို့။ ဟိုက ယူနက်စကို တို့ဘာတို့ဆိုတာ သုတေသနနဲ့ ရှေးမူမပျက်အောင်လုပ်နေတာ သူမမြင်ဘူးလား။ မျိုးချစ်စိတ်ဓာတ်ဆိုတာကြီးနဲ့ကိုချတာ။ သွားရော ပေါ့ဗျာ။ အခုဆိုလည်းကြည့်လေ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တွေလုပ်နေတာမှာ ရုပ်အဆိုးဆုံးအချက်က ရွှေပိန်းချတာပဲ။ ဗုဒ္ဓဘာသာဆိုရင်သိပါတယ်၊ အများအားဖြင့် ဘုရားကိုပဲ ရွှေပိန်းချကြတာလေ။ နတ်ရုပ်တောင် နည်းနည်းပါးပါးပဲချတာ။ ဆိုတော့ အဲဒါတွေကပြင်ရမယ့်ဟာတွေ အများကြီးရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တစ်ဆက်တည်းပေါ့။ နိုင်ငံ့ဝန်ထမ်းထဲမှာသာမက NLD ပါတီမှာလည်း ၂၀၁၅ တုန်းက ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါ အစ္စလာမ်ဘာသာဝင်တွေကို မရွေးခဲ့တာကိုရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

USNL – ကျွန်တော်ပြောပြမယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့သိသလောက် အစ္စလာမ်ဘာသာဝင်တွေအတွက် (၆) နေရာပေးတယ်လို့ဆိုတယ်။ အဲဒီတုန်းက ဗိုလ်မှုးကြီးချစ်ခိုင်လုပ်တာပေါ့။ ကျွန်တော်တို့ရှမ်းပြည်နယ်ထဲကဆို တန့်ယန်း၊ မွန်ပြည်နယ်ထဲကဆို ကျိုက်မရော၊ နောက် ပျော်ဘွယ် စသဖြင့် (၆) နေရာပေးမယ်ဆိုပြီး လုပ်ခဲ့တာတော့ရှိတယ်။ ဒါပေမယ့်သူတို့ မနိုင်ခဲ့ဘူးထင်တယ်ဗျ။ ၂၀၁၅ မှာတော့ ဦးကိုနီတို့ရှိတယ်။ ဦးကိုနီက ကျွန်တော်နဲ့ခင်တော့ သူရင်ဖွင့်စရာ စိတ်မွန်းကြပ်မှု တွေရှိလာရင် ကျွန်တော့်ဆီလာစကားပြောလေ့ရှိတယ်။ ကျွန်တော်တို့က ဘာသာရေးဘာညာခွဲခြားတာလည်း မရှိဘူးလေ။ ဆိုတော့ ကျွန်တော့ကို ဦးကိုနီပြောခဲ့တဲ့အထဲမှာ NLD က အစ္စလာမ်ဘာသာဝင် ထိပ်တန်းခေါင်းဆောင် (၁၇) ယောက်ကို ဖယ်ခိုင်းတာ ဒေါ်အောင်ဆန်းစုကြည်က ဖယ်ခိုင်းတာတဲ့။ ဦးကိုနီလည်း အစ္စလာမ်ဘာသာဝင်ပဲလေ၊ နောက် မန္တလေးက ဒေါ်ဝင်းမြမြတို့ စသဖြင့်ပေါ့။ ကိုမြအေးကတော့ သတင်းစောစောစီးစီးရသွားလို့ NLD ထဲမဝင်ဖြစ်လိုက်တော့ လွတ်သွားတယ်။ ဒါက ဦးကိုနီကိုယ်တိုင် ကျွန်တော့်ကိုပြောခဲ့တာဗျ။ သူတို့ အစ္စလာမ်ဘာသာဝင်တွေဘက်ကတော့ သဘောထားကြီးကြီးနဲ့ ဖယ်ပေးကြ ပါတယ်။ အဲဒီတော့ ၉၀ ပြည့်နှစ်တုန်းကတစ် မျိုး၊ ၂၀၁၅ ကျတော့တစ်မျိုး၊ အခြေအနေကတော့ မတူဘူးပေါ့လေ။ ဆိုတော့ ဒီလို ဟာတွေက စာနဲ့ရေးပြီးထုတ်ပြန်တာတွေမဟုတ်တော့ ပြောဖို့တော့ခက်တယ်။

ငြမ်းမီဒီယာ – နိုင်ငံကိုအကျိုုးပြုနိုင်တဲ့ အရည်အချင်းတွေရှိပေမယ့် ဘာသာရေးခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ ဖိနှိပ်ထားတာ၊ တာဝန်မပေးတာ၊ မရွေးချယ်တာ စတဲ့အယူအဆတွေကိုရော ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

USNL – အဲဒါ နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းတွေက အရေးကြီးတာပေါ့။ သူတို့ကို တိုက်ခိုက်ပြောဆိုခံရမှာစိုးတဲ့အခါ ဒီလိုမျိုးတွေ ဖြစ်တာ ပေါ့။ အဲဒီလိုခွဲခြားဆက်ဆံမှုတွေက ရှိနေတာပဲလေ။ ခုနောက်ပိုင်း လူပြောများလာတော့မှ မဟုတ်ပါဘူးလို့ ငြင်းကြတာ။ ဒါတွေက မလုပ်သင့်တာတွေလေ။ တစ်ကမ္ဘာလုံးမှာ Discrimination ဆိုတာ လုပ်လို့မရဘူး။ ဘောလုံးပွဲတွေမှာတောင် Discrimination လုပ်ရင် ပွဲပိတ်ပစ်တာတို့၊ ဒဏ်ကြေးတပ်တာတို့လုပ်တာ။ ဟုတ်တယ်မလား။ ထိုင်းမှာ တတိယနေရာကို ရောက်လာတဲ့ Future Forward ပါတီဆိုရင် သူ့ဆီမှာ LGBT (၅) ရာခိုင်နှုန်းပါတယ်ဆိုတာကို Declare လုပ်ပြီးပြိုင်တာ။ ပွင့်လင်းမှုပေါ့။ သူများတွေဆီ မှာ လူမျိုး၊ ဘာသာ၊ လူအချင်းချင်း ခွဲခြားမှုတွေကို လက်မခံကြတော့ဘူး။ ကမ္ဘာမှာလည်း လက်မခံကြဘူး။ ဒီမှာက ဥခွံထဲက မထွက်သေးဘူး။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုလား။ မေတ္တာတရားကို အခြေခံပြီး လူသားတွေအပေါ် ခွဲခြားဖိနှိပ်မှု မရှိတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေထဲမှာလည်း အဲဒီလိုမျိုးတွေမပါဘူး။ ဆိုတော့ လွဲနေတာတွေ က အများကြီးပေါ့ဗျာ။ ခင်ဗျားသိတဲ့ အတိုင်းပေါ့။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲက သိပ်မလိုတော့ဘူးထင်ပါတယ်။ ခန့်မှန်းချေ ၂၀၂၀ ဘယ်လလောက်မှာ ကျင်းပဖြစ်မယ်လို့ ထင်ပါသလဲ။

USNL – ရွေးကောက်ပွဲက လိုတော့လိုသေးတယ်ဗျ။ အခုဘတ်ဂျက်ထဲမှာ ရွေးကောက်ပွဲအတွက်မပါသေးဘူးလို့ ကြားတယ်။ ၂၀၂၀ အောက်တိုဘာ ဘတ်ဂျက်မှာတော့ ပါလာနိုင်တာပေါ့။ အဲဒါဆို ၂၀၂၀ နိုဝင်ဘာ၊ ဒီဇင်ဘာ တစ်ခုခုဖြစ်နိုင်တာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,