စံပယ်တွေကို ချစ်တဲ့ သူပုန်စိတ်နဲ့ ဖိုးခွားလေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / သွေးတွေရဲ ခနဲ၊ ဘဝတွေရဲခနဲ။ ကြွေလိုက်တဲ့ ပန်းတွေ

လူက သတိရတစ်ချက်၊ မရတစ်ချက်။ သမံတလင်းပေါ် လေးဘက် ထောက်ထားရသည်။ နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်း ပန်းသည်။ ဆေးလိပ်မီးနဲ့ ထိုးသည်။ ရင်ထဲ၊ အသည်းထဲထိ နာကျင် ရသည်။ တဆစ်ဆစ်။ နာကျင်မှုက အသံမရှိတော့။ မျက်နှာတစ်ခုလုံး ရောင်ကိုင်း နေသည်။ မျက်လုံးက ဖွင့်မရတော့။ မျက်လုံးပေါ် ခရမ်းချဉ်သီးလုံးတွေ ကပ်ထားသလား အောက်မေ့ရသည် . . .

 

လူတစ်ယောက်၏ အကြောင်းသည် လောက၏အကြောင်းသာ ဖြစ်သည်။ ကျွန်တော် အဲသလို သာ မြင်သည်။ တချို့လူတွေက ထင်ပေါ်ကျော်ကြားသည်။ တချို့လူတွေက အညတရ။ ၂၀၁၅ ဒီဇင်ဘာ (၃၁) ရက်နေ့ညက ကျွန်တော်၏ သမီးကြီးနှင့်အတူ ကဗျာဖတ် ဖြစ်ပါသည်။ ကဗျာခေါင်းစဉ်က “ချစ်သော တောပန်း ကလေးများ” ဖြစ်မည် ထင်ပါသည်။ ကဗျာဖတ်ပြီးနောက် ကျွန်တော် သည် တောပန်း ကလေးများဆိုသည့် စကားလုံးအပေါ် အာရုံ ရောက်သွားသည်။ တောပန်းကလေးများတွင် ရိုးရှင်းသောအလှ ရှိသည်။ ကျွန်တော် အဲသလို ခံစားရသည်။ ပန်းကလေး တစ်ပွင့်၏ အလှပဲဖြစ်ဖြစ်၊ လူတစ်ယောက်၏ အလှပဲဖြစ်ဖြစ် သေပြီး နောက်မှ ပြောရသည်ထက် အသက်ရှင်တုန်း ပြောရသည်က ပိုကောင်းသည်။ ရိုးရှင်းမှုသည် အလှတရား ဖြစ်သည်။ သို့သော် ဘယ်အလှတရား မှတော့ အပြစ်အနာအဆာနှင့် မကင်း။ ကျွန်တော် ခင်မင်လေးစားရ သော မိတ်ဆွေတချို့သည် တောပန်းကလေးများနှင့် တူပါသည်။ တောပန်းကလေးများတွင် သူရနံ့နှင့်သူ၊ သူအလှနှင့်သူ ရှိသည်။ သို့သော် သူတို့သည် တော်ဝင်ပန်းများ မဖြစ်ကြပါ။ မထင်ရှားကြပါ။ လူသိမများကြပါ။ တောပန်းကလေးများ တစ်ပွင့်ချင်းကို စာဖြင့် ကောက်ကြောင်း ခြစ်ကြည့်ရန် အကြောင်းအကျိုးသင့် လာသော အခါ. . . .

ဖိုးခွားလေး. . . သူပုန်စိတ်နဲ့။

လူကောင်ညှက်ညှက်၊ မျက်လုံးတောက်တောက်၊ မေးရိုးကားကား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လေးတန်းကျောင်းသား ဖိုးခွားလေး။အိမ်ကနေ ကျောင်းကို လှေလှော်သွားရသည်။ နေရောင်က ရေထဲထိုးကျနေသည်။ ဖိုးခွားလေး အတွက် ရေကမြေလိုပင်။ လှေက သူ့အတွက် အုန်းလက်မြင်း။ သူနဲ့အကျွမ်းတဝင်။ ရင်းရင်း နှီးနှီး။ လှေဦးက ရေပြင်ကိုထိုးခွဲသွားသည်။ လှော်တက်က ဖိုးခွားလေး လက်ထဲ မြဲမြဲမြံမြံ။ လေတဖြူးဖြူးက ဝါးရွက်တွေကို ထိခတ်၊ ဖိုးခွား လေး မျက်နှာကို ပွတ်သပ်။ ဖိုးခွားလေး နဖူးမှာ ချွေးတွေစို့လို့။ နေ ရောင်က လှေနဲ့အတူ။ ရေစီးက တလက်လက်။ လှော်တက်အချ အမြှောက်။ လှေဦးကရေကို ထိုးခွဲ။ ရေစီးသံ။ မမောနိုင် မပန်းနိုင် ဖိုးခွားလေးရဲ့ကျောင်းသွား ကျောင်းပြန်။ ချောင်းနံဘေးက ဖိုးခွား လေးရဲ့ ပညာသင်ရာ ကျောင်းကလေး။ ကျောင်းလေးက ဓနိမိုး၊ ဝါး ကာ။ ဖိုးခွားလေး အတွက် စာသင်နေရတာကိုက ပျော်စရာ ဖြစ် သည်။

ဖိုးခွာလေးကို အဖ ဦးသိန်းထွန်း၊ အမိနော်ထူးဖော တို့မှ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာတွင် မွေးဖွားခဲ့ သည်။ မွေးချင်းလေးယောက် အနက် ဒုတိယသား ဖြစ်သည်။ ညီအစ်ကို လေးယောက်။ အစ်ကိုအကြီးက ကိုကျော်ထွန်း၊ (ဖိုးခွားလေးကအလတ်) ကိုစော သက်ထွန်း၊ ကိုရွှေထွန်း၊ ကိုခင်မောင်ဝင်းတို့ ဖြစ်သည်။ ဖိုးခွားလေးတို့၏ အမေ အမိုးနော်ထူး ဖောသည် ကရင်တိုင်းရင်းသူ၊ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ် သည်။ အမိုးက အနေအေး သည်။ နူးညံ့သိမ်မွှေ့သည်။ သို့သော် အမိုးသည် ကံအကြောင်း မလှတော့ ပညာကောင်းကောင်း မသင် ခဲ့ရ။ ဖိုးခွားလေး၏ ဖခင်ဦးသိန်းထွန်းက ဗမာ၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သည်။ ဖိုးခွားလေး၏ အမိုးက တောသူတောင်သား၊ လယ်သမား မျိုးရိုး။ ဖခင်က လူဂုဏ်ထံ အသိုင်း အဝန်းက ဆင်းသက် လာသူ၊ ပညာတတ်။ ဘဝမတူ၊ ဘာသာမတူ။ အိမ်ထောင်ထူခဲ့ကြသည်။

ဖိုးခွားလေး လေးတန်းနှစ်တွင် မိဘတွေ အိမ်ထောင်ရေး ပြိုကွဲသွားသည်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဖိုးခွာလေး အသက်အရွယ်အရ မသိ။ ဖိုးခွားလေး ငယ်ဘဝသည် မိဘနှင့်အတူ နေခွင့်ရသည့် အချိန်က အတော်နည်းသည်။သို့သော် ဖိုးခွားလေးက အမိုးကိုချစ်သည်။ အမိုး ကလည်း ဖိုးခွားလေးကို ချစ်သည်။

လူကလေးရဲ့ အပြုံးဟာ
နှုန်းလို့ နှိုင်းလို့မရပါ။
တင်မိုး

ဖိုးခွားလေးက အနေအေးသည်။ ကျောင်းသွားစရာရှိ သွား သည်။ အမိုးတို့ အဖီးတို့ကို ကူစရာရှိ ဝိုင်းကူသည်။ လိမ္မာသည့် မြေးလေး၊ လိမ္မာသည့် ဖိုးခွားလေးလို့ အမိုးနဲ့ အဖီး (အဘွား) က ဖိုးခွားလေးကို ခဏခဏ ပြောတတ်သည်။ ဖိုးခွားလေးကလည်း သူ့အရွယ်နှင့် မလိုက်အောင် သိတတ်သည်။ မိသားစု ထမင်းဝိုင်း တွင် သူ့ညီငယ်လေးတွေ အတွက် သူ့ပန်းကန်ထဲက ဟင်းဖတ် ကလေးတွေကို မျှထည့် ပေးတတ်သည်။ ဖိုးခွားလေး အတွက် သူမစားရရင် နေပါ စေ။ သူ့ညီငယ်လေးတွေ စားရရင် ကျေနပ် တတ်သည်။ အဖီးက သူ့မြေးဖိုးခွားလေးရဲ့ ခေါင်းကို ပွတ်သပ်လို့။ အဖီးရင်ထဲ ကျေနပ်လို့။ သည်မြင်ကွင်းကို မြင်နေရသည့် အမိုး။ ကြည်နူးစရာ ကောင်းသည့် လှိုင်းလေးတွေ အမိုးရင်ထဲ စီးသွား လိမ့်မည်လား မသိ။ ကမ္ဘာကြီးမှာ သူ၊ ငါ ငတ်မွတ်နေသည့် ခန်းခြောက်နေသည့် မျှဝေမှု၊ ကြင်နာမှု . . . ဖိုးခွာလေး ရင်ထဲမှာ တော့ ပြည့်လျှံလို့။

ညီငယ်လေးတွေ ငိုနေလျင် ပြေးချီသည်။ ပွေ့ဖက်သည်။ ထိန်းကျောင်းပေးသည်။ ကစား နေလျင် ကစားနေတာကို ချက်ချင်း ရပ်။ ညီငယ်လေးတွေဆီ အပြေးလာသည်။ ညီငယ်လေးတွေ ပျော်အောင် ဖိုးခွားလေး ဆိုသည့် ကလေးလေးက အဖော်လုပ် ပေးသည်။ ဖိုးခွားလေးက ညစ်တီး ညစ်ပတ်တော့ နေတတ်သည်။ နှပ်တွဲလောင်းနှင့် ဖိုခွားလေးကို တွေ့ရတတ်သည်။ လက်သည်း ကြားထဲ ချေးတွေနဲ့လည်း ရှိတတ်သည်။ သည်လိုနေခြင်းကို အဖီးနဲ့ အမိုးက မကြိုက်။ သို့သော် အမိုးက ဖိုးခွားလေးကို ဆုံးမသည့်အခါ၊ ဖိုးခွားလေး လုပ်ရပ်တစ်ခုခုကို မကြိုက်သည့်အခါ ဘယ်တော့မှ အော်ဟစ် မာန်မဲလေ့မရှိ။ ညင်ညင် သာသာ သိမ်သိမ်မွှေ့မွှေ့သာ ပြောသည်။ အဖီးကလည်း သည်အတိုင်းပင်။ သိမ်မွှေ့ နူးညံ့သည်။ ဆဲဆိုစကား မဆိုထားနှင့် ကြမ်းတမ်းသည့်စကား ပြောဆိုခြင်းကိုပင် အဖီးတို့၊ အမိုးတို့ထံမှ ဖိုးခွားလေး မကြားဖူး။ နူးညံ့သိမ်မွှေ့သည့် နှလုံးသားများရှိသော အဖီးနဲ့ အမိုး ရင်ခွင်မှာ ဖိုးခွားလေး နွေးထွေး ခဲ့ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်လိုနှင့် ဖိုးခွားလေး လေးတန်းကို ထူးထူးချွန်ချွန် အောင်မြင်သည်။ ဖိုးခွားလေးက မှတ် ဉာဏ်ကောင်းသည်။ ဖြတ်ထိုးဉာဏ်လည်း ကောင်းသည်။ တစ်နေ့ ဖိုးခွားလေးတို့ ကလေး တစ်သိုက် သိပ်ဆော့လွန်းတော့ အိမ်နီးနားချင်း လက်သမားကြီး တစ်ဦးက ဖိုးခွား လေးနှင့် ကလေးတစ်သိုက်ကို ပြန်ဆင်းလို့ မရ နိုင်လောက်သော အမြင့်တွင် တင်ထားလိုက်သည်။ ဖိုးခွားလေးက အနီးရှိခေါင်းအုံးတွေ၊ ခြုံစောင်တွေကို အသုံးချ၍ အောက်ကို ကလေးတစ်သိုက် နှင့် ပြန်ဆင်းလာသည်။ လက်သမားကြီးက တဟားဟားရယ်လို့။ ဖြတ်ထိုးဉာဏ်ကောင်းသော၊ မှတ်ဉာဏ် ကောင်းသော ဖိုးခွားလေး ကျောင်းပြန်အပ်ရမည့် အချိန်လာမအပ်။ ဘာကြောင့် နည်း။ ဖိုးခွားလေးရဲ့ဆရာ၊ ဆရာမတွေက စိတ်ဝင်စား နေသည်။ ဖိုးခွားလေးကို ကျောင်းက ဆရာ၊ ဆရာမတွေ သတိထား မိသည့် အချက်မှာ စာကြိုးစားခြင်း တစ်ခုတည်းကြောင့် မဟုတ်။ ဖိုးခွားလေး၏ ထူးခြားသည့် အပြုအမူတွေကြောင့် ဖြစ်သည်။ ဖိုးခွားလေးသည် ကျောင်းရောက် ပြီ ဆိုတာနှင့် လွယ်အိတ်ကို ခုံပေါ်ချ၊ ကျောင်းအိမ်သာတွေကို ပြေးဆေးသည်။ သည်အလုပ် က ဖိုးခွားလေး နေ့တဓူ၀ ကျောင်းတက်တိုင်း ပြုလုပ်လေ့ရှိသည့် အလုပ်ဖြစ်သည်။ ဆရာ၊ ဆရာမတွေ တိုက်တွန်း၍၊ ခိုင်း၍မဟုတ်။ သူ့စိတ်နှင့်သူ လုပ်ခြင်းသာ ဖြစ်သည်။ တော်သော၊ လိမ္မာရေးခြား ရှိသော ဖိုးခွားလေး။ အခု ကျောင်းမလာ။ အခုတက်ရမည့် ငါးတန်း ပညာသင်နှစ် အတွက် ကျောင်းလာမအပ်။ ““လေးတန်းအောင်ပြီ ဆိုတော့ ပြီးပြီ။ အသက်မွေး ဝမ်းကျောင်း လို့ရပြီပေါ့။ အမိုးနဲ့အဖီးက အဲလိုတွေးတာ”” လို့ (ဖိုးခွားလေး) ကိုစောသက်ထွန်းက ပြောသည်။

ကျောင်းဆရာ၊ ဆရာမတွေက လက်မလျှော့။ ဖိုးခွားလေး၏ အဖေထံ စာရေးသည်။ ကျောင်း ပြန်တက်ရန်။ တော်သော၊ ပညာလို ချင်စိတ်ရှိသော ကလေးတစ်ယောက်ကို သူတို့ အဆုံးအရှုံး မခံနိုင်။ ““အဲဒီအချိန်တုန်းက ဆရာ၊ ဆရာမတွေ မကြိုးစားပေးခဲ့ရင် ကျွန်တော့်ဘဝက လေး တန်းနဲ့ ပြီးပြီ”” ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်း (ဖိုးခွားလေး) ကိုစောသက်ထွန်းက ပြောသည်။

ဝလုံးပမာ၊ လူ့ကမ္ဘာ
ဝင်လာခဲ့ရ တို့ဘဝ
တင်မိုး

ကျောင်းက ပေးပို့လိုက်သည့်စာကို ရတာနဲ့ ဖိုးခွားလေး၏ အဖေသည် ဖိုးခွားလေးရှိရာ ရွာသို့ ချက်ချင်း လိုက်ချလာသည်။ အဖေကို တွေ့လိုက်ရသည့် အချိန်မှာ ဖိုးခွားလေး စိတ်ထဲ တအံ့ တသြ ဖြစ်နေမိသည်။ ဖိုးခွားလေး၏ ဖခင်သည် အိမ်ထောင်ကွဲပြီး နောက် လူဝတ်ကြောင် ဘ၀ ကို စွန့်လွှတ်ခဲ့ပြီး ရဟန်းဘဝကို ခံယူထားသည်။ ဖခင်ကို ရဟန်းဝတ်နဲ့ တွေ့လိုက်ချိန်မှာ လက်အုပ် ချီဖို့ သတိမရ။ အဖေ။ ဖိုးခွား လေး၏ အဖေ။ ရဟန်းဘဝနဲ့။

ဖိုးခွားလေး၏ အဖီးနဲ့ အဖေ (ဦးဇင်းကြီး) တို့ စကားပြောကြ သည်။ ပြီးတော့ ဖိုးခွားလေး သိမ်း စရာရှိတာ သိမ်းသည်။ ဦးဇင်းကြီးနှင့် ရန်ကုန်လိုက်ရမည်။ ရန်ကုန်မှာ ကျောင်းဆက်တက် ရမည်။ သည်အချိန်တုန်းက အမိုးက ရွာမှာမရှိ။ ရန်ကုန်မြို့ခဝဲခြံတွင် သူနာပြု အလုပ် လုပ်နေ ပေပြီ။ အဖီးစိတ်ထဲ ဖိုးခွားလေးကို မခွဲချင်။ သည်မြေးကို သူချစ်သည်။ သိတတ် လိမ္မာသည့် ဖိုးခွားလေး။ အဖီးစိတ်ထဲ ဝမ်းနည်းကြေကွဲမှုတို့ လိမ့်ဆင်းလာသည်။ ဖိုးခွားလေး လည်း သည် လိုပင်။ အဖီးကို နှုတ်ဆက်သည်။ အဖီးကို ပွေ့ဖက် သည်။ သို့သော် ဖိုးခွားလေးက တစ်ချက် လေးမျှတောင် နောက်ပြန် လှည့်မကြည့်။ သူရန်ကုန်မှာ ပညာသွားသင်မည်။ ပညာကို သူခုံမင် သည်။

အမိကိုခွာ ကျောင်းကိုလာ
ဝမ်းသာ ဝမ်းနည်းရ
တင်မိုး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖိုးခွားလေး ကျောင်းအပ်ရမည်။ ကျောင်းတက်ရမည်ဆိုမှ ပြဿနာ ဖြစ်သည်။ ဖိုးခွားလေးက ကျောင်းအပ်ချိန်တွင် သူ၏ နာမည်ရှေ့တွင် “စော” ထည့်ချင်သည်။ သို့သော် ဖိုးခွားလေး အဖေ၏ အစ်မကြီးက လက်မခံ။ ဖိုးခွားလေး အဖေ၏ အစ်မကြီးက အမိုးတို့နဲ့ ဘာဆိုဘာမှ မပတ်သက်ချင်။ အဖေ့ အစ်မကြီး။ ဖိုးခွားလေး အဒေါ်ကြီး။ ရာဇသံ ပေးတော့သည်။ “သည်နာမည်ကို လုံးဝမထည့်ရဘူး” ဖိုးခွား လေးစိတ်ထဲ လုံးဝမကျေ။ အဖေ၏ အစ်မကြီး သည် အမိုးကို နိုင်ထက်စီးနင်း လုပ်သည်ဟု ဖိုးခွားလေး စိတ်ထဲခံစားရသည်။ အမိုးမျက်နှာ မကောင်းလျင် ဖိုးခွားလေးနေလို့ မတတ်။ စိတ်ထဲ ထိခိုက်သည်။ နောက် ဖိုးမီးဖိုချောင်မှာ အမိုး မျက်နှာလေး မှိုင်ပြီး ငိုင်နေတဲ့ပုံက ဖိုးခွားလေး မျက်စိထဲကမထွက်။ ရိုးသားသည့်အမိုး၊ သိမ်မွှေ့နူးညံ့သည့် အမိုးကို နိုင်ထက်စီးနင်း ပြုကြသည်။ ဒါကို ဖိုးခွားလေး လက်မခံ။ ဖိုးခွား လေး မကျေနပ်။ ဖိုးခွားလေး ပေါက်ကွဲတော့သည်။“သည်နာမည် မထည့်ရရင် ကျွန်တော် ကျောင်းမတက်ဘူး” . . . လူကြီးတွေ မျက်လုံးပြူးကုန် သည်။ အထူးသဖြင့် ဖိုးခွားလေး၏ အဒေါ်။ မျက်လုံး တောက်တောက်၊ သေးသေးညှပ်ညှပ်၊ မေးရိုးကားကားနဲ့ ဖိုးခွားလေး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လို့၊ နံရံကို ရှုတည်တည် စိုက်ကြည့်လို့၊ မတုန်မလှုပ် မတ်တပ်ရပ်လို့။

ဖိုးခွားလေး (ခ) စောသက်ထွန်း ကျောင်းတက်ရပြီ။ သူ့နာမည်တွင် “စော” ထည့်ခွင့်ရသည့် အတွက် သူကျေနပ်သည်။ သူချစ်သည့် အမေ၊ သူချစ်သည့် အမိုးသည် ကရင်အမျိုးသမီးကြီး မဟုတ်လော။ စောသက်ထွန်းလေး၊ ကရင်ကောင်လေး၊ ဖိုးခွားလေး။ သို့သော် ကျောင်းက ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေက သူ့နာမည်ထက် ဘုန်းဘုန်းရဲ့သားလေးဟုသာ သိကြသည်။ ချောင်းဘေးက ကျောင်းလေးကို သတိတရရှိသည်။ အမိုးနဲ့ အဖီးကို လွမ်းသည်။ သို့သော် ဖိုးခွားလေး စာကိုသာ အာရုံပြုသည်။ “ကျောင်းတက်နေတုန်းက သူများတွေ အိမ်က နေ ကျောင်းလာတယ်။ ငါကျတော့ ဘုန်းကြီးကျောင်းကနေ ကျောင်းလာရတယ်” အဲဒါကို တော့ ကျွန်တော် တွေးမိတယ်လို့ ကိုစောသက်ထွန်း (ခ) ဖိုးခွားလေး က ပြောသည်။ ငါးတန်းနှစ်တွင် ဖိုးခွားလေး၏ ဖခင်ဦးဇင်းကြီး သီတင်းသုံးရာ ဘုန်းကြီးကျောင်းကနေ ကျောင်း တက်ရခြင်း ဖြစ်သည်။ ဆရာ၊ ဆရာမတွေကလည်း ဘုန်းဘုန်းရဲ့သားလေးဟု အသိများကြ သည်။ ဖိုးခွားလေးက စာကြိုးစားခြင်းကြောင့် ဖြစ်သည်။ စာတော်သော၊ အနေအေးသော ဖိုးခွားလေးကို ဆရာ/ဆရာမတွေက ချစ်ကြသည်။

ထိုနှစ်က ကျောင်သားသစ် ဖိုးခွားလေး တစ်ကျောင်းလုံးတွင် ပထမရသည်။ ကျောင်းအုပ် ဆရာမကြီးက ကျောင်းသားသစ်များနေ သော အခန်းမှ အေခန်းသို့ ရွှေ့ရန်ပြောလာသည်။ ဖိုးခွားလေး၏ အတန်းပိုင် ဆရာမက ဖိုးခွားလေးကို မပြောင်းစေချင်။ အတန်းပိုင် ဆရာမက ဖိုးခွားလေးကို သားတစ်ယောက်လို ခင်တွယ်သည်။ ဖိုးခွားလေးကလည်း ဆရာမကို အမေ တစ်ယောက်လို ခင်တွယ် သည်။ ဖိုးခွားလေး အတွက် အတန်းပိုင် ဆရာမသည် အမိုးပင်။ အမိုး ကို ဖိုးခွားလေး ခဏခဏ သတိရနေမိသည် မဟုတ်လား။ ဆရာ တပည့်ကြားက သံယောဇဉ်။ ဖိုခွားလေး အေခန်းသ့ို မပြောင်း။

“တို့ကျောင်းတော်”
တမောင်း တမောင်း
တို့တမောင်း
တို့ခေါင်းလောင်းသံ
မချိုလော။
အပေါင်း အပေါင်း
တို့အပေါင်း
တို့ကျောင်းတက်သံ မချိုလော။
ထနောင်း ထနောင်း
ရွက်သစ်လောင်း
ရွက်ဟောင်း ဖြုတ်ဖြုတ်၊ လေလှုပ်လှုပ်
ရွှေဥသြသံ မချိုလော။
တင်မိုး

စာသင်နှစ် တစ်နှစ်ပြီး တစ်နှစ် ငါးတန်း ခြောက်တန်း ခုနှစ်တန်း ရှစ်တန်း။ ဖိုးခွားလေး ရှစ်တန်း စာမေးပွဲ ဖြေမည့်နှစ်တွင် ၈၈ အရေး တော်ပုံကြီး ဖြစ်လာသည်။ ဖိုးခွားလေး ရှစ်တန်း စာမေးပွဲ တော့ ဖြေခွင့်ရလိုက်သည်။ သိပ်မကြာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး။ အရေးတော်ပုံ. . . အောင်ရမည်။ အရေးတော်ပုံ. . . အောင်ရမည်။ တချို့သူ့ထက် အသက်ကြီးသည်။ တချို့သူနှင့် အရွယ်တူ။ တချို့သူ့ထက်တောင် ငယ်မလားမသိ။ သူ မခွဲခြားတတ်။ ခေါင်းစည်းအနီတွေ ပတ်လို့။ အလံတွေ လွှင့်လို့။ ဖိုးခွားလေး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထလို့။ နိုင်ငံတော် သီချင်း၊ မြန်မာနိုင်ငံတော် သီချင်း။

ဖိုးခွားလေး ရုတ်တရက် ကြက်သေသေသွားသည်။လမ်းမပေါ် သွေးတွေ လွှမ်းသွားသည်။ လူတွေ လဲပြိုသူပြို။ အတုန်းအရုန်း။ ကျယ်လောင်တဲ့ သေနတ်သံတွေ။ ဖိုးခွားလေး နားထဲ မကြားတော့။ ဖိုးခွားလေး အံကိုတင်း၊ လက်သီး ကျစ်ကျစ်ဆုပ်ထားသည်။ သည်မြင် ကွင်းက သူ့စိတ်ကို ပြောင်းလဲသွားစေသည်။ သည်မြင်ကွင်းက သူ့ကို တုန်လှုပ်သွားစေသည်။ သို့သော် သူမကြောက်။ မတရားမှုကို သူ လက်ခံလို့မရ။ ဒါ. . . . မတရားသောကိစ္စ။ သူ့လက်သီးဆုပ်ကို မဖြေမိတော့။ သူ့ရင်ထဲက လက်သီးဆုပ်ကို သူမဖြေမိတော့။

“ကျွန်တော် ငယ်ငယ်က သိပ်ဖြစ်ချင်ခဲ့တာ စစ်သား တစ်ယောက်၊ စစ်ဗိုလ် တစ်ယောက်ပဲ” သို့သော် သူမြင်တွေလိုက်ရ၊ သူကြုံတွေ့လိုက်ရသည့် အခြေအနေတွေက ဖိုးခွားလေး၏ ငယ်ဘ၀ စိတ်ကူးကို အပြီးတိုင် ရိုက်ချိုးပစ်လိုက်သည်။ သူစစ်သား မဖြစ်ချင် တော့။ တော်လှန် ရေးနေ့ ရောက်တိုင်း သူသွားသွား ငေးသည်။ သူသဘောကျခဲ့သည်။ အခု သူ့ရင်ထဲမှာ လဲပြိုနေတဲ့သူတွေ၊ သွေးရောင် လွှမ်းနေတဲ့ လမ်းမတွေ။

အသက် (၁၅) နှစ်သာသာ ရှိသေးတဲ့ ဖိုးခွားလေး သူပုန် လုပ်မည်။ သူ့ရှေ့မှာ လဲပြိုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ရဟန်းရှင်လူ ပြည်သူတွေ။ လက်နက်ဖြင့် ဖိနှိပ် အနိုင်ကျင့် နေသူတွေကို လက်နက်ဖြင့် ပြန်တိုက်မည်။ ဖိုးခွားလေး အဲလို တွေးသည်။ အဲလိုယုံကြည် သည်။ သည်လိုနှင့် တောခိုဖို့ အဆက် အသွယ် ရှာသည်။ ဖိုးခွားလေး အဆက်အသွယ် ရသွားသည်။ အမိုးမသိ၊ ဖခင်ကြီးမသိ။ ညီအစ်ကိုတွေ မသိ။ ဖိုးခွားလေး ရန်ကုန်ကနေ တိတ်တ ဆိတ် ထွက်ခွာလာသည်။ ညဉ့်ယံမို့ လူခြေ က တိတ်ဆိတ်နေသည်။ လရောင်က သစ်ကိုင်း သစ်ခက်တို့မှ တစ်ဆင့် စီးကျနေသည်။ ဖိုးခွားလေး ရင်တွေ တဒိတ်ဒိတ် ခုန်နေ သည်။ တချို့ လူကြီးတွေက အသက် ခပ်ငယ်ငယ်၊ မျက်နှာနုနုနဲ့ တစ်ယောက်တည်း ခရီးသွား ဖိုးခွားလေးကို ကြည့်ပြီး တီးတိုးပြော ကြသည်။ ဘာတွေပြောမှန်း မသိသော်လည်း ဖိုးခွားလေးစိတ်ထဲ မလုံခြုံ သလို ခံစားလာရသည်။ တဒိတ်ဒိတ် ခုန်နေတဲ့ ရင်က ခရီး တစ်လျှောက် မရပ်သည့်အပြင် ပိုလို့တောင် ကျယ်လာသည်။

အမှောင်ဆေးသားတို့ တဖြည်းဖြည်း ပါးလျလာသည်။ ကျေးငှက်သံတို့ ကြားလာရသည်။ ဖိုးခွားလေး မျက်လုံးတွေ ကျိန်းစပ်နေသည်။ ခရီးလမ်းတစ်လျှောက် တစ်မှေးမျှ မအိပ်ရ။ အိပ်ချင်စိတ်လည်း မရှိ။အလင်းရောက်ပြီ။ အလင်းနဲ့အတူ ခရီးဆက်ရဦးမည့် ဖိုးခွားလေး။ မဟုတ်မခံစိတ်နဲ့ ဖိုးခွားလေး၊ သူ့ရင်ထဲမှာ သူ့လက်သီးကို တင်းတင်းဆုပ်လို့။

စောင့်နေရသည်ကို သူဘဝင်မကျ။ စိတ်ထဲ အရှိတိုင်းဆိုလျှင် ချက်ချင်း သူပုန်ထလိုက် ချင်သည်။ မတရားမှုကို လက်တုံ့ပြန်ဖို့ သည်လောက် အချိန်တွေ စောင့်ရသလား။ သူ မကျေနပ်။ သူ့မျက်လုံးထဲ မတရား ဖိနှိပ်ခံရသူတွေ၊ လမ်းမထက် လဲပြိုသွား သူတွေ၊ အပြစ်မဲ့သူတွေရဲ့ သွေးတွေ။ မျက်လုံးကို မှိတ်ချလိုက်သည်။ သို့သော် မြင်ကွင်းတွေက မပျောက်။

သူပုန်လုပ်ဖို့ ရန်ကုန်ကနေ ထွက်ခွာသည့် ဖိုးခွားလေး။ တောထဲသွားဖို့ အဆက်အသွယ်ကို စောင့်နေသည်။ မန္တလေးမြို့နဲ့ ခပ်လှမ်းလှမ်းက ဘုန်းတော်ကြီးကျောင်းလေး တစ်ခုမှာ ဖိုးခွားလေး နားခိုနေသည်။ တစ်ရက်၊ နှစ်ရက်။ ဘယ်လို လွဲချော်သွားသည် မသိ။ ဖိုးခွားလေး ကို စစ်ထောက်လှမ်းရေးက ဖမ်းမိသွားသည်။ စစ်ထောက်လှမ်းရေးက ဖိုးခွားလေးကို ရက် အတန်ကြာ စစ်မေး သည်။ ဖိုးခွားလေး အရွယ်၊ ဖိုးခွားလေးအသက် ကျောင်းသား ငယ်လေး အရွယ်မျှသာ ဖြစ်သည်။ စစ်ထောက်လှမ်းရေးက ဗိုလ်ကြီး ဆိုသူက ဖိုးခွားလေးကို သည်ကို ပြန်မလာဖို့၊ တောမခိုဖို့ ပြောသည်။ ဖိုးခွားလေးက အင်းမလုပ်၊ အဲမလုပ်။ စားပွဲခုံ ထောင့် စွန်းကိုသာ ရှုတည်တည်နဲ့ စိုက်ကြည့်နေသည်။

စစ်ထောက်လှမ်းရေးက ဖိုးခွားလေးကို မန္တလေး – ရန်ကုန် ရထားနဲ့ တင်ပေးလိုက်သည်။ တိတ်ဆိတ်နေသည့် ဖိုးခွားလေး။ ဘေးဘီရှုခင်းတွေကို သူမကြည့်၊ ဘေးဘီဝဲယာမှ အသံတွေ ကို သူမကြား။ သူ့အာခေါင်တွေ ခြောက်လာသော်လည်း သူ ရေထ မသောက်။ ဝမ်းထဲက ပြင်း ပြင်းထန်ထန် ဆာလောင်နေသော်လည်း သူ ဘာကိုမျှမစား။ သူ့အပေါ် ကျရောက်နေသည့် တိတ်ဆိတ်မှုက သူ့အသက်ထက် အဆမတန် ကြီးမားနေသည်။ ရထားက တဂျုန်း ဂျုန်း၊ တလှုပ်လှုပ်။ ဖိုးခွားလေးကတော့ မလှုပ်။

ရန်ကုန် ဘူတာရောက်တော့ ဖိုးခွားလေး လှစ်ခနဲ ပျောက်သွား သည်။ သူ ဘယ်ရောက်သွား သည် မသိ။ ဖိုးခွားလေး ရန်ကုန် ရောက်သော်လည်း အိမ်ကို ပြန်ရောက်မလာ။ ရန်ကုန်ရဲ့ တစ်နေနေ ရာမှာ၊ ရန်ကုန်ရဲ့ လမ်းတစ်ခုခုမှာ ဖိုးခွားလေး ရှာဖွေနေသည်။ ဖိုးခွားလေး စောင့် မျှော်နေသည်။ တောထဲ သွားဖို့၊ သူပုန်လုပ်ဖို့။ သူ စိတ်မလျှော့၊ သူ ဇွဲမလျှော့။

ဖိုးခွားလေး မန္တလေးသို့ ပြန်သွားသည်။ မန္တလေးကနေ မိုးညှင်း။ ဒုတိယခရီးမှာ ဖိုးခွားလေး တစ်ယောက်တည်း မဟုတ်။ အာအိုင်တီ ကျောင်းသား တစ်ယောက်၊ အခြားကျောင်းသား တစ်ယောက်။ (၃) ယောက်။ သူ့ထက် အသက်ကြီးကြသည်။ ဖိုးခွားလေးက အသက် (၁၅) နှစ်သာသာ။ မိုးညှင်းကနေ နောက်တစ်နေရာ။ ဖိုးခွားလေးတို့ ကို တောတွင်းမှာ ရောက်နှင့်နေ သည့် ကျောင်းသား ရဲဘော် (၃) ဦးက ခရီးဦး လာကြိုသည်။ ခရီးကြမ်းသော်လည်း ဖိုးခွားလေး စိတ်ထဲ လန်းနေသည်။ တောတွင်း ပင်မစခန်းကို ရောက်ဖို့ အချိန်အတော် စောင့်လိုက်ရသည်။ သို့သော် ရောက်ခဲ့သည်။

 

ခေတ်ဆိုး၊ စနစ်ဆိုး တစ်ခုအောက်မှာ လူငယ်တွေ၊ ကျောင်းသားတွေရဲ့ အနာဂတ် တစ်စစီ။ ပြန်ဆက်လို့ မရနိုင် လောက်အောင် တစ်စစီ။ ကျွန်တော်တို့ နိုင်ငံက ကျောင်းသား၊ ကျောင်းသူ တွေ။ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ။ သားမျက်ရည်ကို အမေက သုတ်မပေးနိုင်၊ အမေ့ မျက်ရည်ကို သားက မသုတ်ပေးနိုင်။ ခါးသီးကြမ်းတမ်းမှုတွေနဲ့ တစ်ယောက် တစ်နေရာစီ။ တချို့ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ တစ်နေရာဆီ။ ထိုခေတ်ဆိုးကို . . .

ဘယ်လိုပဲဖြစ်ဖြစ် နုနယ်သည့် ကျောင်းသား လူငယ်လေး တစ်ယောက် အတွက် တောတွင်း ဘဝသည် အလွန်ကြမ်းသည်။ သည်ကြားထဲ ငှက်ဖျားက အချိန်မရွေး ဖြစ်နိုင်သည်။ ဖြစ်လည်း ဖြစ်ခဲ့သည်။ ငှက်ဖျားက ပြင်းပြင်းထန်ထန်။ လူတစ်ကိုယ်လုံး အားအင်တွေကို ဆွဲချလိုက်သလို ပင်။ သို့သော် ဖိုးခွားလေး စိတ် ဓာတ်မကျ။ ပိုလို့တောင် တက်ကြွသည်။ မတရားမှုကို ဖီဆန် ဆန့်ကျင်ဖို့ အမြဲတက်ကြွနေသည့် နောင်တော် ကျောင်းသားကြီးတွေ ကို မြင်ရတော့ ပိုလို့တက် ကြွရသည်။

အစားဆင်းရဲ၊ အနေဆင်းရဲ။ အရာရာ ဆင်းရဲသည်။ ဖိုးခွားလေး စိတ်ထဲ သူငယ်စဉ်က ပညာဆည်းပူးခဲ့ရာ ချောင်းနံဘေးက ကျောင်းလေးကို သတိရသည်။ အမိုးကို သတိရသည်။ အမေလို စောင့်ရှောက်ခဲ့သည့် ဆရာမနှစ်ဦးကို ဖိုးခွားလေး သတိတရ ဖြစ်မိသည်။ သို့သော် လွမ်းစရာများသည် လွမ်းစရာများသည်သာ။ ဖိုးခွားလေး ရင်ဆိုင် ဖြတ်သန်းနေရသည့် အခြေအနေတွေက နာစရာတွေ များသည်ကိုး။

တောတွင်းမှာ နေထိုင်ခဲ့သည်က နှစ်နှစ်။ ထိုနှစ်နှစ် အတွင်းမှာပင် တောတွင်းတွင် အပြောင်း အလဲတချို့ ဖြစ်သည်။ ခေါင်းဆောင်းပိုင်း အပြောင်းအလဲ။ ဖိုးခွားလေးလည်း ရန်ကုန်သို့ တာဝန်နှင့် လာရမည်။ တောတွင်းနှင့် မြေပြန့် ပြတ်တောက်နေသည့် ဆက်ဆံရေးကို ပြန်ဆက် ရန် ဖြစ်သည်။ ရန်ကုန်။ ရန်ကုန်သို့ ပြန်လာရမည် ဆိုတော့ ဘာမျှ ထူးထူးခြား မခံစားရ။ သို့သော် . . . ။

ရန်ကုန်ရောက်တော့ သူနေထိုင်ခဲ့ရာ ကျောင်းလေးကို သွားကြည့်ချင်မိသည်။ သူ့ကိုချစ်တဲ့၊ သူက ချစ်တဲ့ ဆရာ၊ ဆရာမတွေ ဘယ်လိုနေသလဲ။ သူ သိပ်သိချင်သည်။ အမိုးရော။ အမိုး နေကောင်း ကျန်းမာရဲ့လား။ သူ့ကို အမေရင်းလို စောင့်ရှောက်ခဲ့သည့် ကြီးတော်ကြီးကိုလည်း သတိတရ ရှိနေမိသည်။ သူ့အရွယ်နဲ့ မတိမ်းမယိမ်း ကျောင်းဝတ်စုံနဲ့ ကျောင်းသား၊ ကျောင်း သူလေးတွေ မြင်တော့ ဖိုးခွားလေး စိတ်ထဲ မဖော်ပြတတ်သည့် လှိုင်းလေးတစ်ခု ဖြတ်သွား သည်။

ခေတ်ဆိုး၊ စနစ်ဆိုး တစ်ခုအောက်မှာ လူငယ်တွေ၊ ကျောင်းသားတွေရဲ့ အနာဂတ် တစ်စစီ။ ပြန်ဆက်လို့ မရနိုင် လောက်အောင် တစ်စစီ။ ကျွန်တော်တို့ နိုင်ငံက ကျောင်းသား၊ ကျောင်းသူ တွေ။ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ။ သားမျက်ရည်ကို အမေက သုတ်မပေးနိုင်၊ အမေ့ မျက်ရည်ကို သားက မသုတ်ပေးနိုင်။ ခါးသီးကြမ်းတမ်းမှုတွေနဲ့ တစ်ယောက် တစ်နေရာစီ။ တချို့ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ တစ်နေရာဆီ။ ထိုခေတ်ဆိုးကို ကျော်ဖြတ်ဖို့၊ ထိုစနစ်ဆိုးကို ချေမှုန်းဖို့ လူငယ်တွေ၊ ကျောင်းသားတွေ။

လူငယ်ကျောင်းသား ဖိုးခွားလေး ရင်နဲ့မဆံ့တဲ့ အလွမ်းတွေ၊ ရင်နဲ့မဆံ့တဲ့ သတိရမှုတွေ။ ရန်ကုန်ကို သူလာတာ တာဝန်နဲ့။ ဖြစ်နိုင်လျှင် မြှုပ်ထားသည့် မြေအိုးလို သူနေရမည် မဟုတ်လော။ သူစိတ်ကိုသူ ဆို့ဆို့နင့်နင့် မျိုချရသည်။ တစ်နေရာမှ တစ်နေရာ သိုသိုသိပ်သိပ်။

ထိုနေ့က မိုးတွေရွာနေသည်။ သည်းသည်းထန်ထန်။ ၁၉၉၁ ခုနှစ်၊ ဇွန်လ (၁၉) . . . ဒေါ်အောင်ဆန်းစုကြည် မွေးနေ့။ ထိုနေ့မှာ စစ်ထောက်လှမ်းရေးက ဖိုးခွားလေး တည်းခိုနေရာ နေအိမ်သို့ လာဖမ်းသွားသည်။ ဖိုးခွားလေးတင်မက ဖိုးခွားလေး တည်းခိုရာ အိမ်ပိုင်ရှင်များ ဖြစ် သည့် ဖိုးခွားလေး သူငယ်ချင်းနှင့် သူငယ်ချင်း၏ ဖခင်ကိုပါ စစ်ထောက်လှမ်းရေးက ဖမ်းဆီး သွား ခြင်း ဖြစ်သည်။ ““ကျွန်တော်ဖမ်းခံရတဲ့ အတွက် ဘာမှမခံစားရဘူး။ မဆီမဆိုင် ကျွန်တော့် သူငယ်ချင်းနဲ့ သူ့အဖေကို ဖမ်းတဲ့အတွက် စိတ်ထဲ တော်တော်မကောင်း ဖြစ်မိ တယ်”” ဟု ဖိုးခွားလေး က ပြောသည်။

ဒီမိုကရေစီကို လိုလားသူတွေ၊ မတရားဖိနှိပ်မှုကို တွန်းလှန်ချင်သူတွေ၊ တရားမျှတမှုကို လို လားသူတွေ၊ လူသားတိုင်း လူ့အခွင့်အရေး ရှိရမယ်လို့ ယုံကြည်တက်ကြွ လှုပ်ရှားသူတွေကို နှိပ်စက် ညှဉ်းပန်းရာနေရာ။ မြန်မာပြည်မှာ။ ထိုနေရာသို့ ဖိုးခွားလေး ရောက်ခဲ့ရသည်။

အမှောင် . . . အမှောင်ထဲမှာပို၍ မည်းနက်နေသော အမှောင်။ “ဖြောင်း” ဆိုသည့် အသံ၊ နာကျင်မှု၊ မခံချင်မှု။ ဖိုးခွားလေးရဲ့ ပါးပြင်က ပူခနဲ။ ဖိနပ်နဲ့ ပါးကိုရိုက်သည်။ အသားထဲ နာကျင်ရသည်။ ရင်ထဲနာကျင်ရသည်။ နာကျင်လွန်းလို့ နာကျင်လို့ နာကျင်မှန်း မသိတော့။ လူက သတိရတစ်ချက်၊ မရတစ်ချက်။ သမံတလင်းပေါ် လေးဘက် ထောက်ထားရသည်။ နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်း ပန်းသည်။ ဆေးလိပ်မီးနဲ့ ထိုးသည်။ ရင်ထဲ၊ အသည်းထဲထိ နာကျင် ရသည်။ တဆစ်ဆစ်။ နာကျင်မှုက အသံမရှိတော့။ မျက်နှာတစ်ခုလုံး ရောင်ကိုင်း နေသည်။ မျက်လုံးက ဖွင့်မရတော့။ မျက်လုံးပေါ် ခရမ်းချဉ်သီးလုံးတွေ ကပ်ထားသလား အောက်မေ့ရသည်။ ““အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေနဲ့ နေရာတစ်ခု”” ဟု ဖိုးခွားလေးက ပြောသည်။

ဖိုးခွားလေးကို စစ်ထောက်လှမ်းရေးက အင်းစိန် အကျဉ်းထောင်သို့ ပို့လိုက်သည်။ အင်းစိန် အကျဉ်းထောင် အမှတ် (၁) အိပ်ဆောင်။ ဖိုးခွားလေးနှင့် အမှုတွဲ ကိုသက်ဝင်းအောင် (ထောင်တွင်းကွယ်လွန်) တို့ ၁ (ခ) တွင် အတူတူ။ တစ်ညနေ ဖိုးခွားလေး တို့ အဆောင်သို့ သတင်းတစ်ခု ရောက်လာသည်။ သည်ညနေ ကဗျာဆရာကြီးတင်မိုး အချုပ်သားသစ်အဖြစ် ပါလာမည် ဆိုသည်ပင်။ ဖိုးခွားလေး အနေဖြင့် ကဗျာဆရာကြီး တင်မိုး ဆိုတာ သိလည်း မသိ၊ ကြားလည်း မကြားဖူး။ ကိုသက်ဝင်းအောင် (ထောင်တွင်းကွယ်လွန်) ကတော့ သိသည်။ မြန်မာ နိုင်ငံရဲ့ ထင်ရှားကျော်ကြားသည့် ကဗျာဆရာကြီးတစ်ဦး ဆိုသည် ကို။ ဖိုးခွားလေးတို့ ကဗျာဆရာကြီးတင်မိုး အတွက် ပြင်ဆင်ကြသည်။ သွားတိုက်တံ အသစ်၊ သွားတိုက်ဆေး၊ အခြား လိုအပ်မည့် အသုံးအဆောင်များ။ တွေ့ပါပြီ။ ကဗျာဆရာကြီးတင်မိုး။ မျက်လုံးကဝိုင်းဝိုင်း၊ ပါးက ဖောင်းဖောင်းကြီးနဲ့။ ““အဘ ကျွန်တော် တို့က ကျောင်းသားတွေ ပါ”” ဟု အဘနဲ့ အကျဉ်းချုံး မိတ်ဆက် လိုက်ကြသည်။ ဆရာကြီး တင်မိုး မျက်နှာဝင်းခနဲ ဖြစ်သွားသည်။ ဖိုးခွားလေးတို့ကို ဖက်လဲတကင်း ပြန်နှုတ်ဆက်ပြီး သူ့ဖြစ်စဉ် အကြောင်း အကျဉ်း ချုံး ပြောပြသည်။

အင်းစိန် ကျောင်းတော်ကြီးမှာ အသက် (၁၉) နှစ်အရွယ် ကိုးတန်း ကျောင်းသားလေး နှစ်ယောက်နှင့် ကဗျာဆရာကြီး တင်မိုး။ ဆရာကြီးတင်မိုးက ကျောင်းဆရာ၊ ကဗျာဆရာ၊ ပညာနဲ့ မွေ့လျော် သူ။ ဆရာကြီးတင်မိုးကို ဖိုးခွားလေးက အဘဟု ခေါ်သည်။ အဘက ကျောင်းဆရာ ထုံးစံအတိုင်း ကျောင်းသားလေးတွေ တွေ့တော့ အပြင်ရောက်ရင် စာမေးပွဲပြန်ဖြေဖို့၊ ဘွဲ့ယူဖို့ တိုက်တွန်းသည်။ ပြန်ဖြေဖို့လည်း ကတိတောင်းသည်။ ““မပေးနိုင်ဘူး အဘ။ မသေချာဘဲနဲ့ ဘာကိုမှ ကတိမပေးနိုင်ဘူး”” . . . ဖိုးခွားလေး သည်လိုပြန်ပြောတော့ အဘ မျက်နှာက မှုန်မှိုင်းမှိုင်း။ အဘ စိတ်မကောင်း ဖြစ်ဟန်တူသည်။ ကျောင်းသားတွေကို စာသင်စေချင်သည်။ ပညာရစေချင်သည်။ ဘွဲ့ယူစေချင်သည်။ အဘက ကဗျာဆရာ တစ်ဖြစ်လဲ ကျောင်းဆရာလည်း ဟုတ်သကိုး။ ဖိုခွားလေး ကတော့ သူ့ဝသီအတိုင်း တုပ်တုပ် မျှ မလှုပ်။

တောထဲက ပြန်လာသည့် ဖိုးခွားလေး၊ ထောင်ထဲ ရောက်နေသည့် ဖိုးခွားလေး။ သူ့စိတ်တွေ ကြမ်းတမ်းနေသည်။ ဖိုးခွားလေးစိတ်က ရိုင်းနေသည်။ သားရဲတစ်ကောင်လို၊ နာနေသည့် သားရဲတစ်ကောင်လို လက်သည်းတပြင်ပြင်၊ အံတကြိတ်ကြိတ်။ ပိုဆိုးသည်က ဖိုးခွားလေးတွင် ဘာသာရေးမရှိ။ အဖေက ဗုဒ္ဓဘာသာ၊ အမေက ခရစ်ယာန်။ ဖိုးခွားလေးက ဗုဒ္ဓလည်းမသိ၊ သခင်ယေရှုလည်း မသိ။ သည်လိုအရိုင်းလေးကို အဘက တရင်းတနှီး ဖေးဖေးမမ။ ကျောင်းသားဆိုးလေးကို မျက်စိအောက်က အပျောက်မခံ။ ဂရုတစိုက်ရှိလှသည့် ကျောင်း ဆရာ တစ်ယောက်လို အဘက ဖိုးခွားလေးကို အလေးအနက် ထားသည်။ ဖိုးခွားလေး ပြောသမျှ အဘက လေးလေးနက်နက် နားစိုက်ထောင်လေ့ ရှိသည်။ တစ်ခါတလေ အဘက မေးလျှင်ဖိုးခွားလေးက “ဘု” ပြန်တောတာမျိုး ရှိသည်။ သည်လိုဆိုတော့လည်း အဘက ဘယ်တော့မျှ စိတ်မဆိုး။ ဖိုးခွားလေး လက်ကိုကိုင်ကာ “အခုမဖြေချင်လည်း နောက်မှ ဖြေပါ ကွာ။ လာ . . . လမ်း လျှောက်ကြရအောင်” ဟုသာ ပြောတတ်သည်။

အဘကို စစ်ခုံရုံးကနေ ထောင် (၄) နှစ် အမိန့် ချလိုက်သည်။ အဘကို အချုပ်ဆောင်ကနေ အကျဆောင်ဘက်သို့ ပြောင်းလိုက်သည်။ ဖိုးခွားလေးကိုလည်း သိပ်မကြာမီ စစ်ခုံရုံးကနေ ထောင် (၇) နှစ် ချလိုက်သည်။ ဖိုးခွားလေးလည်း အချုပ်ဆောင်ကနေ ထောင်ကျဆောင်ကို ပြောင်းရသည်ပေါ့။ သည်မတိုင်ခင် အဘကို ဖိုးခွားလေးက ဆရာကြီးဟု ပြောင်းခေါ်မိသည်။ ဘာကြောင့် ပြောင်းခေါ်မိသည်ကိုလည်း ဖိုးခွားလေး ကိုယ်တိုင် မသိ။

 

ထောင်ထဲမှာ ကျန်ခဲ့သည့် ရဲဘော်တွေ အတွက် ဘာမျှ မကူညီနိုင်။ ကိုယ်ကိုယ်တိုင်လည်း ဘာမှ မလုပ်နိုင်သေး။ လူတွေနဲ့ ပိုဝေးလာသည်။ ဖိုးခွားလေး စိတ်ထဲ ပိုအထီးကျန်လာသည်။ မြင်မြင်သမျှဟာ ခြောက်သွေ့လို့။ အဓိပ္ပာယ်မဲ့လို့။ ကိုယ့်ဘဝကိုယ် ဘယ်လိုအသံထွက် ရမှန်း မသိတော့။ အသံလည်း မရှိတော့။ ကြောက်မက်ဖွယ် တိတ်ဆိတ်မှုက ဖိုးခွားလေးရင်ကို ထိုးခွဲ မတတ် . . .

 

ထောင်ကျဆောင်မှာ ဖိုးခွားလေးနှင့် ဆရာကြီး ပြန်တွေ့သည်။ ဆရာကြီးက ကဗျာဆရာ ဆိုတော့ ကဗျာအကြောင်း၊ စာအကြောင်းပြောသည်။ ဆရာကြီးက ဆရာကြီး မင်းသုဝဏ်နဲ့ ဆရာဇော်ဂျီ ကဗျာတွေကို ရွတ်ပြသည်။ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ မောင်စွမ်းရည်၊ မောင်ကြည်အောင်စတဲ့ သူတွေအကြောင်း၊ ကဗျာတွေ အကြောင်း ဆရာကြီးက ဖိုးခွားလေးကို ပြောပြလေ့ရှိသည်။ သို့သော် ဖိုးခွားလေးက ဒါတွေ စိတ်မဝင်စား။ နားထောင်နေရတာလည်း ပျင်းသည်။ အဆိုး ဆုံးက ဆရာကြီး ရွတ်ပြသည့် ကဗျာတွေကို သူခံစားလို့မရ။ ကဗျာဆိုတာကိုလည်း ဖိုးခွားလေး နားမလည်။ ဆရာကြီးပြောပြသည့် လူတွေကိုလည်း ဖိုးခွားလေးမသိ။ နားလည်း မထောင်ချင်။ ဒါကိုလည်း ကဗျာဆရာကြီး တင်မိုးက ရိပ်မိပုံရသည်။

တစ်ရက်တော့ ဆရာကြီးက ဖိုးခွားလေးကို မေးခွန်း တစ်ခုမေးတော့သည်။ ““ကဗျာနဲ့ ပတ် သက်ပြီး ဘယ်လို သဘောထားလဲ”” တဲ့။ ဖိုးခွားလေး အဖြေက ဘုဆတ်ဆတ်၊ ဂျစ်ကန်ကန်။ လူငယ်စကားနှင့် ပြောလျှင် အထာမကျ။ အထာမထား။ တဲ့တိုးကြီး လွှတ်ချ လိုက်သည်။ ““ကဗျာဆိုတာ လူ့ပေါ်ကြော့တွေ၊ အလုပ်အကိုင်မရှိ လူပျင်းတွေ လုပ်တဲ့ အလုပ်ပါ။ ဘာမှန်း လည်း မသိဘူး။ ခံစားလို့လည်း မရဘူး”” ဟု ပြောချလိုက်သည်။ ဆရာကြီး နှုတ်ဆိတ် တွေ ေ၀ သွားသည်။ ဘဝကြမ်း၊ စိတ်ကြမ်း ဖိုးခွားလေး။ လူရိုင်း တစ်ယောက်လို ဖြစ်နေသည့် ဖိုးခွား လေး။ နူးညံ့မှု ဆိုတာကို သူမသိ၊ မခံစားတတ်၊ သဘာဝဆိုတာကို နားမလည်၊ အလှတရားကို သူမကြည့်တတ်၊ အနေကြမ်းကြမ်း ဖြတ်သန်းခဲ့ရမှုတွေကလည်း ကြမ်းသည်။ သူ့အရွယ်၊ သူ့ နှလုံးသား၊ သူ့ခံနိုင်ဝန်အားနဲ့ မမျှခဲ့သည့် အခြေအနေတွေက သူ့ကို ရိုင်းစေခဲ့သည်။ စိတ်တွေ ရိုင်းနေသည့် ဖိုးခွားလေး။ ဆရာကြီးက ဖိုးခွားလေး ပခုံးပေါ် လက်လေးတင်လိုက်သည်။ ““ကဗျာဆိုတာ အင်မတန် သိမ်မွေ့နူးညံ့တဲ့ အရာပါ။ လူ့နှလုံးသား နူးညံ့ပျော့ပျောင်းဖို့ ကဗျာ ဖတ်ဖို့ လိုတယ်။ နှလုံးသားကြမ်းတဲ့ သူတွေဟာ လောကကို အဖျက်မြင်တတ်ကြတယ်”” ဆရာကြီး ပြောစကားက အင်မတန် နူးညံ့သိမ်မွေ့သည်။ ဆရာကြီး အပြုအမူက တအား နူးညံ့သိမ်မွေ့သည်။ သို့သော် ဖိုးခွားလေး နားမလည်၊ ဖိုးခွားလေး မခံစားတတ်။ အဲဒီတုန်းက ““ကျွန်တော်ပြောခဲ့တဲ့ စကားတွေကို ဆရာကြီးကို လက်အုပ်ချီ တောင်းပန်တယ်”” ဟု ဖိုးခွားလေးက ပြောသည်။

ဖိုးခွားလေး အနီးတွင် ဆရာကြီး၊ ဆရာကြီး အနီးတွင် ဖိုးခွားလေး၊ အမြဲလိုလို တွေ့ရသည်။ အင်းစိန် ကျောင်းတော်ကြီး ငါးဆောင်မှာ ဆရာကြီးနှင့် ဖိုးခွားလေး (၅) လကြာလောက်နေပြီး ချိန်တွင် ကြမ္မာတစ်ခုက ဖန်လာတော့သည်။ ၁၉၉၂၊ ဒီဇင်ဘာလ (၇) ရက်နေ့ည အင်းစိန် ကျောင်းတော်ကြီး ငါးဆောင်သို့ ထောင်ဝန်ထမ်းတွေ အုံလိုက်ကျင်းလိုက် ဝင်လာတော့ သည် . . . . ။ ထောင်ဝန်ထမ်းတစ်ဦးက ဖိုးခွားလေးကို ခေါင်းစွပ် စွပ်လိုက်သည်။ ခေါင်းစွပ်က ညစ် ထေးထေး၊ အနံ့ဆိုးဆိုး။ ဖိုးခွားလေး အပါအဝင် (၅) ဆောင်မှ (၁၅) ဦးလောက်ကို နာမည်ခေါ် ခေါင်းစွပ်စွပ်ပြီး ခေါ်သွားသည်။ သီးသန့်ထောင်သို့ ဖြစ်သည်။ ထောင်ထဲမှာ ဘယ်နေရာ ရောက်ရောက် ထောင်ဆိုသော်လည်း ဖိုးခွားလေး အတွက် သီးသန့်ထောင်သည် နေသား တကျမရှိ။

ဒီဇင်ဘာလ၏ အအေးဓာတ်လေးက ဝေ့နေသည်။ ဖိုးခွားလေး ရင်ထဲ ဟာနေသည်။ တစ်ခုခု လစ်လပ်နေ သလိုလို၊ တစ်ခုခု ထုတ်ယူခံထားရ သလိုလို။ ကောင်းကင်ကို မော့ကြည့်လိုက် သည်။ ပျံနေသည့် ငှက်တွေမရှိ၊ အပြာအတိ။

သီးသန့်ထောင်တွင် ဖိုးခွားလေးနှင့် ကိုကျော်ကျော်ဝင်းတို့ ဆုံသည်။ ကိုကျော်ကျော်ဝင်းက အနေအေးသည်။ ပညာကို ချစ်မြတ်နိုးသည်။ ကဗျာကိုလည်း ဖွဲ့ဆိုတတ်သည်။ တစ်ခါတစ်ရံ ကိုကျော်ကျော်ဝင်းက ဖိုးခွားလေးကို သူဖွဲ့ဆိုထားသည့် ကဗျာတွေ ရွတ်ပြလေ့ရှိသည်။ ငါ့နှယ် သည်ကဗျာတွေနဲ့ လာလာပတ်သက် နေရပါလားဟု ဖိုးခွားလေးက တွေးသည်။ ကဗျာမရှိ၊ ကဗျာဆိုတာလည်း မသိချင်သော ဖိုးခွားလေးခမျာ ကဗျာကို အသည်းအသန် ချစ်မြတ်နိုးသူ တွေနဲ့ ဆုံနေရသည် မဟုတ်လော။

ထူးခြားသည်ဟု ပြောရမည်။ ကိုကျော်ကျော်ဝင်းနဲ့ ဖိုးခွားလေး လမ်းလျှောက်နေတုန်း စာရွက် အပိုင်းအစလေး တစ်ခု ကောက်ရသည်။ ထောင်ထဲတွင် စာရွက်၊ ခဲတံ၊ ဘောပင် ဆိုသည်မှာ ရွှေငွေထက်ပင် ရှားသည်။ အကျဉ်းသားတွေအဖို့ စာရွက်၊ ဘောပင် ကိုင်ဆောင်ခွင့်မရှိ။ မိလျင် သေနတ်ဖြင့် မိသလို အပြစ်ရှိသွားနိုင်သည်။ ကိုကျော်ကျော်ဝင်းက စာရွက်အပြဲ အပိုင်းအစ လေးကို သေချာဖြန့်ကြည့်လိုက်သည်။ ဘေးက ဖိုးခွားလေးလည်း စိတ်ဝင်တစား။ စာရွက်ကို ကြည့်ပြီး ဖိုးခွားလေး အံ့အားသင့်သွားသည်။ ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည်။ ပုံနှိပ်မင်စာလုံး။ “တင်မိုး” ဆိုသည့် ပုံနှိပ်မင် စာလုံးကို သူတွေ့လိုက်ရသည်။ ဆရာကြီးတင်မိုးကဗျာကို ပုံနှိပ်ထားသည့် စာရွက် အပိုင်းအစလေး။ “ကွမ်းအစ်တစ်လုံး၊ သျှောင်တစ်ထုံး” နဲ့ အစချီထားတဲ့ ကဗျာအပိုင်းအစလေး။“သောင်းမြန်ပြည်တန်ခိုး၊ ဒေါင်းအလံလွှင့်ထိုး”လို့ အဆုံးသတ်ထားသည့် ကဗျာပါသည့် စာရွက်အပိုင်းအစလေး။

ဆရာကြီး နာမည်ကို တွေ့လိုက်တော့ ဆရာကြီးကို ပိုလို့သတိတရ ရှိသွားသည်။ (၅) ဆောင် ကနေ သီးသန့်ထောင်သို့ ပြောင်းကတည်းက သူ့ရင်ထဲ လစ်ဟာနေသလိုလို၊ တစ်ခုခု ထုတ်ယူ ခံထားရသလိုလို။ ဆရာကြီးနဲ့ လမ်းအတူတူ လျှောက်တာ၊ ဆရာကြီးက သူ့ကိုမေးခွန်းတွေ မေးတာ။ ဆရာကြီးက ဖိုးခွားလေးကို ချစ်စနိုးနဲ့ ခွေးကောင်လေးလို့ ခေါ်တာ၊ ဆရာကြီးကို ဘုတော ပြန်တောတာ။ ဖိုးခွားလေး လက်ထဲ ဆရာကြီးတင်မိုး ကဗျာပါတဲ့ စာရွက်အပိုင်းအစ လေးကို တင်းတင်းဆုပ်လို့။

ကဗျာစာရွက် အပိုင်းအစလေးနဲ့ ဖိုးခွာလေးမှာ တလှုပ်လှုပ်။ စာရွက်အပိုင်းအစလေး ဆို သော်လည်း သိုသိုဝှက်ဝှက်ထားရသည်။ ထောင်ဝန်ထမ်းတွေ တွေ့လျှင် သိမ်းသွားမည် မဟုတ်လော။ ကဗျာ။ ဖိုးခွားလေး မသိသည့် ကဗျာ။ ဖိုးခွားလေး ခံစားလို့မရ ဆိုသည့် ကဗျာ။ ထိုကဗျာကို ဖိုးခွားလေး ရွတ်ဆိုနေမိသည်။ တစ်ခေါက်မဟုတ်။ အခေါက်ခေါက်အခါခါ။ ဆရာကြီးတင်မိုးရဲ့ကဗျာ။ စာရွက် အပိုင်းအစလေးထဲက ကဗျာ။ ဆရာကြီး ကဗျာကိုလည်း ဖိုးခွားလေး အလွတ်ရနေပြီ။ ဖိုးခွားလေးစိတ်ထဲ ဆရာကြီးနှင့် ပြန်ဆုံရမည်ဟု စိတ်ထဲ ထင်မှတ် ထားသည်။ (၈) လလောက်ကြာတော့ သီးသန့်ထောင်ကနေ ထောင်မကြီးသို့ ပြန်ပြောင်းရန် အကြောင်း ဖန်လာပြန်သည်။ ဆရာကြီးနဲ့ ပြန်ဆုံရပါ့မလား။ ဆရာကြီးနဲ့ ပြန်ဆုံရပါစေ။ ဖိုးခွားလေးစိတ်ထဲ တမ်းတမ်းတတ။ တောင့်တောင့်တတ။ ဆရာကြီးနှင့် ပြန်ဆုံချင်မိသည်။

ထောင်မကြီးကို ပြောင်းတော့ နေ့ခင်းကြောင်တောင်။ (၅) ဆောင်။ ဖိုးခွားလေး ဝမ်းသာသွား သည်။ သူနေခဲ့သည့် အဆောင်။ ဆရာကြီးရှိသည့် အဆောင်။ ဖိုးခွားလေးကို အတူနေ မိတ်ဆွေဟောင်းတွေက စောင့်ကြိုနေကြသည်။ “ခွေးကောင်လာ” ဆရာကြီးက ဖိုးခွားလေး ခေါင်းကိုဆွဲကာ သူ့ရင်ဘတ်ထဲ ထည့်ထားလိုက်သည်။ ပျောက်သွားတဲ့ အဖေကို ပြန်တွေ့တဲ့ သားငယ်လေး တစ်ယောက်လို ဖိုးခွားလေးရင်ထဲ အေးခနဲ။ နွေးခနဲ။ ဖိုးခွားလေးရဲ့ လက်နှစ် ဖက်။ ဆရာကြီးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတဲ့ လက်နှစ်ဖက်။ ဆရာကြီး မျက်ဝန်းမှာ မျက်ရည်စတွေ ဝေ့သီလို့။ ဖိုးခွားလေးကို ဆရာကြီးက ခွေးကောင်လေး လာ ဆိုပြီး ခေါင်းကို ဆွဲ သူ့ရင်ဘတ်ထဲ ခဏခဏ အပ်ခဲ့ပေမယ့် ဖိုးခွားလေးက တစ်ခါမျှ မတုံ့ပြန်ဘူး။ ဒီတစ်ခါကျ တော့ ဖိုးခွားလေးက ဆရာကြီးကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားသည်။ နူးညံ့သိမ်မွေ့ သည့် ဆရာကြီး၏ အေးမြသည့် မေတ္တာက အရိုင်းကောင်လေးကို လွှမ်းခြုံထားသည်။ ဖိုးခွားလေး မျက်နှာမှာ အပျော်တွေစီးလို့။

သီးသန့်ထောင်မှာ အခေါက်ခေါက်အခါခါ ရွတ်ခဲ့သည့် ဆရာကြီးရဲ့ ကဗျာကို ရွတ်ပြတော့ ဆရာကြီးမျက်နှာပေါ်မှာ ကျေနပ်မှုနှင့် ပီတိတို့က လင်းလို့။ ထင်းလို့။ ကဗျာရွတ်ပြရင် မကြိုက်သည့် အရိုင်းကောင်လေး။ ကဗျာ အကြောင်းပြောရင် ကြိုက်လေ့မရှိသည့် အရိုင်း ကောင်လေး။ အခု ဆရာကြီးရှေ့မှာ ဆရာကြီးကဗျာကို ရွတ်လို့။

ဖိုးခွားလေးသည် ဖြောင့်မတ်သည်။ သတ္တိရှိသည်။ ရိုးသားသည်။ သို့သော် ဖိုးခွားလေး နှလုံးသားက မာကျော ခက်ထန်လွန်းသည်ဟု ဆရာကြီးက မြင်သည်။ ခက်သည်က ပျော့ ပျောင်းဖို့ လိုသည့် နှလုံးသားက မပျော့ပျောင်း။ ဆရာကြီးက ဖိုးခွားလေးကို ကဗျာတွေ ဖတ် စေချင်သည်။ စာတွေ ဖတ်စေချင်သည်။ ဖိုးခွားလေးတင်မက ဖိုးခွားလေးလို လူငယ်တွေကို ဖြစ်စေချင်သည်။ လူငယ်သည် တိုင်းပြည် အနာဂတ် အတွက် အားဖြစ်သည်ကို ဆရာကြီးက ယုံကြည်သည်။ အခု ဖိုးခွားလေးရဲ့ပြောင်းလဲလာပုံကို မြင်တော့ ဆရာကြီးရင်ထဲ ကျေနပ်ရ သည်။ ဆရာကြီးက ဖိုးခွားလေးကို “မင်းကို သားတစ်ယောက်လို ချစ်တာပါကွာ” လို့ ပြော တော့ ဖိုးခွားလေးရင်ထဲ ထူးဆန်းတဲ့ ခံစားမှုလေး။ ဆရာကြီးကို သူငေးကြည့်နေမိသည်။ သူဘာမျှ ပြန်မပြောဖြစ်။ ဆရာကြီး၏ မေတ္တာတရားက သူ့ကို လွှမ်းခြုံထားလေပြီ။

ဆရာကြီးကြောင့် ဖိုးခွားလေး ဘာသာတရားနှင့် ထိတွေ့တတ်လာသည်။ ရတနာ့သုတ်၊ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ပဋ္ဌာန်း။ ဖိုးခွားလေး ရွတ်ဆိုတတ်လာသည်။ ဖိုးခွားလေး နှလုံးသားကို ဘာသာတရားနဲ့ ထိတွေ့အောင် ဆရာကြီးက မျိုးစေ့ချပေးသွားသည်။

၁၉၉၅၊ ဖေဖော်ဝါရီလ ဆရာကြီးထောင်က လွတ်သည်။ ဆရာကြီး မရှိတော့ ဖိုးခွားလေး အတွက် ဟာတာတာ။ ညနေစောင်းလျင် ဆရာကြီးနဲ့ လမ်းလျှောက်နေကျ၊ ဆရာကြီးနဲ့ စကား ပြောနေကျ၊ စေတီပရဝုဏ်ထဲ ဆရာကြီးနဲ့ ထိုင်နေကျ။ အမှတ်ရမှုနဲ့ နေသားကျခဲ့မှု . . ထိုထိုအရာများက ဖိုးခွားလေးရင်ကို လာလာစိုက်သည်။ အဆုံးမဲ့ တွင်းနက်ကြီးထဲ ပြိုကျနေ သလို ဖိုးခွားလေး နေလို့မတတ်။

၁၉၉၅၊ စက်တင်ဘာလ (၅) ရက်။ ဖိုးခွားလေးကို အင်းစိန်ထောင်ကနေ မန္တလေးထောင်။ မန္တလေးထောင်မှ တစ်ဆင့် မြင်းခြံထောင်သို့ ပြောင်းလိုက်သည်။ မြင်းခြံထောင်တွင် (၂) နှစ် လောက်နေပြီး ဖိုးခွားလေး လွတ်ရက်စေ့သည်။ ၁၉၉၇၊ အောက်တိုဘာလ (၈) ရက်နေ့။ အကျဉ်းထောင်မှ ဖိုးခွားလေး လွတ်သည့်နေ့။ ထောင်ကလွတ်ပြီး (၂) ရက်အကြာ ဆရာကြီး ထံ ဖိုးခွားလေးသွားသည်။ ဖိုးခွားလေးကို တွေ့တော့ ဆရာကြီးက ခွေးကောင်ဆိုပြီး တအား ဖက်ပြီး နှုတ်ဆက်တော့တာ။ ဆရာကြီး အသံတွေ တုန်နေသည်။ ဆရာကြီး မျက်ရည်တွေ ဝဲနေသည်။ ဖိုးခွားလေး တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။

ထောင်က လွတ်တော့ အသက် (၂၆) နှစ်။ ပညာအရည်အချင်း ကိုးတန်း။ ဖိုးခွားလေးနဲ့ သက်တူရွယ်တူတွေက ဘွဲ့ရသူရ၊ အိမ်ထောင်ကျသူကျ။ ဘဝတွေက တည်တည် ငြိမ်ငြိမ်နဲ့ အခြေကျလို့။ သူပုန်စိတ်နဲ့ ဖိုးခွားလေး။ တရားမျှတမှုကို လိုလားသည့် ဖိုးခွားလေး။ ငွေကြေးမရှိ၊ စီးပွား မရှိ။ လက်မှုပညာကလည်း သေနတ် ပစ်တတ်တာကလွဲပြီး ဘာမျှမရှိ။

ဘာမျှမရှိတဲ့ ဖိုးခွားလေး။ (၈၈) ဖြစ်သွားတာ မနေ့တနေ့ကလိုပဲလို့ ဖိုးခွားလေး စိတ်ထဲမှာ ထင် နေပေမယ့် သူတွေ့နေရသည့် လူတွေကတော့ မေ့နေသလိုပင်။ စိတ်ထဲ ဝမ်းနည်းရသည်။ ထောင်ထဲမှာ ကျန်ခဲ့သည့် ရဲဘော်တွေ အတွက် ဘာမျှ မကူညီနိုင်။ ကိုယ်ကိုယ်တိုင်လည်း ဘာမှ မလုပ်နိုင်သေး။ လူတွေနဲ့ ပိုဝေးလာသည်။ ဖိုးခွားလေး စိတ်ထဲ ပိုအထီးကျန်လာသည်။ မြင်မြင်သမျှဟာ ခြောက်သွေ့လို့။ အဓိပ္ပာယ်မဲ့လို့။ ကိုယ့်ဘဝကိုယ် ဘယ်လိုအသံထွက် ရမှန်း မသိတော့။ အသံလည်း မရှိတော့။ ကြောက်မက်ဖွယ် တိတ်ဆိတ်မှုက ဖိုးခွားလေးရင်ကို ထိုးခွဲ မတတ်။ နာကျင်ရမှုမှာ တိုးတိုးဖော်ရယ်လို့ မရှိ။ လမ်းတွေ၊ လူတွေ၊ အသံတွေ၊ အရောင်တွေ ထိုထိုတို့ရဲ့ အပြင်ဘက်မှာ . . ထိုထိုတို့ရဲ့ အဝေးမှာ လူငယ်တစ်ယောက်။ သူပုန်တစ် ယောက်။ တစ်ယောက်တည်း။ လရောင်မျှင်မျှင်လေးတောင် သူနဲ့မရှိ။ ဖိုးခွားလေး တစ်ယောက်တည်း . . .

ပညာရေးကို ကျောခိုင်းမလား ဖိုးခွားလေး စဉ်းစားသည်။ အသက် (၂၆) နှစ် ကိုးတန်း။ အရွယ်နှင့် အတန်းက ဘယ်လိုမှ အစပ်အဟပ်မတည့်။ ဘယ်လိုမှ မလိုက်ဖက်ဟု ဖိုးခွားလေး က တွေးသည်။ ဖိုးခွားလေးကို သားအရင်းလိုချစ်သော၊ စောင့်ရှောက်သော ဆရာမနှစ်ဦး ကတော့ စာမေးပွဲဖြေဖို့ တိုက်တွန်းသည်။ အားပေးသည်။ စာမေးပွဲဖြေလို့ရဖို့ အစစအရာရာ လုပ်ဆောင်ပေးသည်။ သည်လိုနဲ့ ကိုးတန်း စာမေးပွဲ ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။ စာမေးပွဲ ပြန်ဖြေမည့် အကြောင်း ဆရာကြီး တင်မိုးထံလည်း ဖုန်းဖြင့် ပြောလိုက်သည်။ ဆရာကြီးက ဝမ်းသာနေသည်။ သူလည်းတတ်နိုင်တာ ကူညီမည်။

ထောင်ကလွတ်တာ ၁၉၉၇၊ အောက်တိုဘာလ။ စာမေးပွဲဖြေရမှာက ၁၉၉၈ ဖေဖော်ဝါရီလထဲ မှာ။ စာနဲ့ ဝေးကွာသွားသည်က (၁၀) နှစ်။ နေခဲ့သည်က တောထဲ၊ တောင်ထဲ၊ အကျဉ်းထောင် ထဲ။ စာထဲ စိတ်ရောက်ဖို့ အတော်စုစည်းရသည်။ အတော်ကြိုးစားရသည်။ စိတ်ထဲမှာ တွယ်နေ သည့် အခုအခံတွေ။ သို့သော် ဖိုးခွားလေး အပြင်းအထန် ကြိုးစားသည်။ ရအောင် ကျက်မှတ် သည်။ အောင်စာရင်းထွက်တော့ ဖိုးခွားလေး နာမည်ပါလာသည်။

ဖိုးခွားလေးသည် ပညာလိုချင်သူ။ ကြိုးစားလိုစိတ် ရှိသူ ဆိုပေမယ့် သူ့ပညာရေး လမ်းကြောင်း က သာသာယာယာ ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်။ ဖိုးခွားလေး ဆယ်တန်းတက်မည့် နှစ် တွင် ပညာရေးစနစ် အရ အပြင်ဖြေလို့မရ ကျောင်းခေါ်ချိန်ပြည့်မှ စာမေးပွဲဖြေလို့ရမည် ဖြစ် လာသည်။ အသက် (၂၇) နှစ်။ ဆယ်တန်း ကျောင်းသား။ အရပ် (၅) ပေ (၇)လက်မ။ ပေါင်ချိန် (၁၅၄) ။ ဆံပင်ခပ်တိုတို။ လူကောင်ထွားထွား။ အဖြူနဲ့အစိမ်းဝတ်ပြီး ကျောင်းတက် ရမည်ကို ဖိုးခွားလေးစိတ်ထဲ လက်ခံလို့မရ။ အတူ ကျောင်းတက်ရမည့်သူတွေက တူ၊ တူမတွေ အရွယ်။ သည်လိုနှင့် ဆယ်တန်း မဖြေတော့ဟု ဆုံးဖြတ်လိုက်သည်။

 

လူငယ်တစ်ယောက်၏ အိပ်မက်တွေကို မတရားသည့် အမိန့်အာဏာဖြင့် ဖျက်ဆီးလိုက် ကြသည်။ ဖိုးခွားလေးရင်ထဲ ဗလောင်ဆူနေသည်။ မတရားမှန်း သိပေမယ့် ဘာမျှ လုပ်ခွင့် မသာ။ စားပွဲပေါ်က အသက်မဲ့သွားတဲ့ ကျောင်းစာအုပ်တွေ။ ရင်ထဲက မီးတောက်မီးလျှံက စာအုပ်တွေ ပေါ်ကျလာသည်။ ကျောင်းစာအုပ်တွေကို သမံတလင်းပေါ်ချ မီးရှို့လိုက်တော့ သည် . . .

ဖိုးခွားလေး ဆယ်တန်း မဖြေဖြစ်တော့သည့် သတင်းကို ဆရာကြီးတင်မိုးကြားတော့ စိတ် မကောင်း။ ပညာရေးစနစ်၏ ကမောက်ကမ ဖြစ်နေမှုကို ဆရာကြီးကသိသည်။ သို့သော် ဖိုးခွားလေးကို ဆယ်တန်းကိုတော့ ပြန်ဖြေစေချင်သည်။ အများသူငါ ဆယ်တန်းအောင်၊ ဘွဲ့ရ ချိန်မှာ ဆယ်တန်းလောက်မှ မအောင်ရင် မတင့်တယ်ဟု ဆရာကြီးက ဖိုးခွားလေးကို ပြော သည်။ ဖိုးခွားလေးကလည်း သူမအောင်တာမဟုတ်၊ မဖြေတာဟု ဆရာကြီးကို ပြန်ခုခံသည်။ အများအမြင်မှာ မဖြေတာကို သိမှာမဟုတ်ဘူး။ ပညာအရည်အချင်း မေးရင် ဆယ်တန်း။ ဒါဆို ဆယ်တန်း မအောင်ဘူးလို့ပဲ သိကြမှာဟု ဆရာကြီးက ဖိုးခွားလေးကို ပြောသည်။ ဆရာကြီး သည်လိုပြောတာကို ဖိုးခွားလေး သဘောမကျ။ အထင်သေး၍သာ သည်လိုပြောခြင်းဟု ဖိုးခွားလေးက တွေးမှတ်သည်။ “ခေါင်းအေးအေးထား ဆုံးဖြတ်ပါကွာ” လို့ ဆရာကြီးက ဖိုးခွားလေးကို ပြောသည်။

ရင်ထဲ ဗလောင်ဆူနေသည်။ သို့သော် ကျောင်းတက်၍ ဆယ်တန်းဖြေမည်ဟု သူဆုံးဖြတ် လိုက်သည်။ ဆရာမပေးသည့် ကျောင်းဝတ်စုံ အဖြူနဲ့အစိမ်းကို ဝတ်သည်။ ဖိုးခွားလေးကို ကျောင်းသား၊ ကျောင်းသူတွေက အသစ်ရောက်လာသည့် ကျောင်းဆရာဟု ထင်မှတ်နေကြ သည်။ “မင်္ဂလာပါ ဆရာမ”လို့ သူ့တူ၊ တူမအရွယ် ကျောင်းသား ကျောင်းသူတွေနဲ့ အတူ နှုတ် ဆက်တော့ စိတ်ထဲတစ်မျိုးကြီး။ ငယ်စဉ် ကျောင်းသားဘဝလေးကို ဖိုးခွားလေး ဖျတ်ခနဲ အမှတ်ရသွားသည်။ တဖြည်းဖြည်းနဲ့ နေသားကျလာသည်။

စာထဲ စိတ်နှစ်ထားသည်။ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်။ ဘဝတစ်ခုလုံးကို ကျောင်းစာ ထဲ ပစ်သွင်းထားလိုက်သည်။ နိုင်ငံရေးက တလှုပ်လှုပ်။ NLD ၏ လွှတ်တော်ခေါ်ယူရေး။ တစ်နိုင်ငံလုံး တလှုပ်လှုပ်။

လှုပ်သည့်အထဲတွင် ဖိုးခွားလေး တက်နေသည့် ကျောင်းလေးသည်လည်း စစ်ထောက်လှမ်း ရေး သတိထားမိသည့် စာရင်းတွင် ပါလာသည်။ သည်ကျောင်းလေးက ကျောင်းသား၊ ကျောင်း သူဦးရေ အနည်းငယ်သာ ရှိသည့် ကျောင်းလေး။ ဖိုးခွားလေးတို့ ကျောင်းက ကျောင်းသား တွေ ဆန္ဒပြကြတော့သည်။ ထောက်လှမ်းရေးက ဖိုးခွားလေး လက်ချက်ဟု ယူဆသည်။ ထောက်လှမ်းရေးက ဖိုးခွားလေးကို ဖမ်းတော့သည်။ စစ်ဆေးမေးမြန်းသည်။ သို့သော် သည် ကိစ္စတွေ၊ အဖြစ်အပျက်တွေ ဖိုးခွားလေးမသိ။ တကယ်လည်းမသိ။ သူ့အနေဖြင့် ဆယ်တန်း စာမေးပွဲဖြေဖို့ကိုသာ အာရုံစိုက်ထားသည် မဟုတ်လား။ အခြားဖမ်းဆီးစစ်ဆေး မေးမြန်းခံရ သည့် ကျောင်းသားတွေကလည်း ဖိုးခွားလေးကို မသိ။ သည်ဆန္ဒပြပွဲကို ဖိုးခွားလေး စီစဉ် ဆောင်ရွက်တာ မဟုတ်ဆိုတာ စစ်ထောက်လှမ်းရေးက လက်သင့်ခံလိုက်ရသည်။ သို့သော် ဖိုးခွားလေးကို ကျောင်းမတက်ဖို့၊ ကျောင်းထဲ အဝင်အထွက် မလုပ်ဖို့ ထောက်လှမ်းရေးက တားမြစ်လိုက်သည်။ ကျောင်းထဲတွေ့ရင် ဖိုးခွားလေးကို ဖမ်းမည်။

လူငယ်တစ်ယောက်၏ အိပ်မက်တွေကို မတရားသည့် အမိန့်အာဏာဖြင့် ဖျက်ဆီးလိုက် ကြသည်။ ဖိုးခွားလေးရင်ထဲ ဗလောင်ဆူနေသည်။ မတရားမှန်း သိပေမယ့် ဘာမျှ လုပ်ခွင့် မသာ။ စားပွဲပေါ်က အသက်မဲ့သွားတဲ့ ကျောင်းစာအုပ်တွေ။ ရင်ထဲက မီးတောက်မီးလျှံက စာအုပ်တွေ ပေါ်ကျလာသည်။ ကျောင်းစာအုပ်တွေကို သမံတလင်းပေါ်ချ မီးရှို့လိုက်တော့ သည်။ မီးထက်ပူသည့် အပူဖြင့် ပိုတောက်လောင် နေသည့်အပူ။ ဖိုးခွားလေး ပြိုလဲမတတ်။ ရင်ထဲ ဆို့တက်လာသည်။ မေးကြောတွေက ပြတ်ထွက်မတတ်။ မတရားမှု၊ တုံ့ပြန်ခွင့်မသာ သည့် မတရားမှု။ ဖိုးခွားလေး သတင်းကိုကြားတော့ ဆရာကြီးတင်မိုး ချက်ချင်းရောက်လာ သည်။ ဆရာကြီး မျက်နှာမကောင်း။ ဖိုးခွားလေးစိတ် အတိမ်အနက်ကို ဆရာကြီး ဖတ်နိုင် သည်။ ဖိုးခွားလေး ဘယ်လောက် ပြင်းပြင်းထန်ထန် ခံစားရမည်ကို ဆရာကြီး နားလည် သဘောပေါက်သည်။ ဆရာကြီး မျက်လုံးတွေ ဆွေးမြည့်နေသည်။ ဆရာကြီး ရင်ထဲကြေကွဲ နေသည်။

ဘွဲ့မရတော့ ဘာဖြစ်လဲ။ ဆယ်တန်းမအောင်တော့ ဘာဖြစ်လဲ။ ဒါတွေက သာမန် ရွက်ကြမ်း ရေကျိုတွေ အတွက်ပဲ လိုတာ။ မင်းလို အရည်အချင်းရှိတဲ့ လူအတွက် မလိုဘူး။ ဆရာကြီး အသံက ခပ်လေးလေး ဆိုပေမယ့် အားအင် အပြည့်ပါသည်။ ခါတိုင်း အသံတွေနဲ့မတူ။ သူ သိပ်ကို အလေးအနက်ထားပြီး ပြောနေတဲ့အသံ။ အသံက ပြတ်သားနေသည်။ ကြည်လင်နေ သည်။ မင်းလို အရည်အချင်းရှိတဲ့ လူအတွက် မလိုဘူး။ ဖိုးခွားလေး နားထဲ ပဲ့တင်ထပ်နေသည့် အသံ။

 

လူငယ်တွေ၊ ကျောင်းသားတွေ နံရံကိုခေါင်းနဲ့ ဆောင့်ပစ်လိုက်သည်။ သွေးတွေရဲ ခနဲ၊ ဘဝတွေရဲခနဲ။ ကြွေလိုက်တဲ့ ပန်းတွေ၊ ကြွေလိုက်တဲ့ ကြယ်တွေ။ ဘယ်တော့မှ ဒူးမထောက်ဘူး။ ဘယ်တုန်းကမှ ဒူးမထောက်ဘူး။ ဘယ်သူကမှ ဒူးမထောက်ဘူး။ မြန်မာပြည် က ကျောင်းသားတွေ၊ မြန်မာပြည်က လူငယ်တွေ . . .

ဖိုးခွားလေးစိတ်ထဲ ရှုပ်ထွေးသွားသည်။ ဆရာကြီး ပြောစကားတွေက ရှေ့စကားနဲ့ နောက် စကား ဆန့်ကျင် သဏ္ဍန်ဆောင်နေသည်။ အရင်က ဆယ်တန်းမအောင်ရင် လူအထင်သေး ခံရတယ်။ လူရာမဝင်ဘူးဟု ဆရာကြီးက ဖိုးခွားလေးကို ပြောဖူးသည်။ အခု မဟုတ်ပြန်တော့။ ဘာကိုနားလည် လက်ခံရမည်လဲ . . ““အေး . . ဟုတ်တယ်။ အဲဒီတုန်းက မင်းဖြေခွင့်ရှိတယ်၊ မဖြေတာ။ အခုကဖြေမယ်၊ ဒါပေမဲ့ ဖြေဖို့ပိတ်ပင်ခံရတာ။ မင်းလုပ်နိုင်သမျှ အစွမ်းကုန် လုပ်ခဲ့ပြီး ပြီ။ မင်းညံ့လို့ မဟုတ်ဘူး။ မတရားမှုကြောင့် ကိုယ့်ရည်ရွယ်ချက် အထမမြောက်တာ၊ ဘာမှ ဝမ်းနည်းစရာ မလိုဘူး”” ဆရာကြီးစကားသည် ဖိုးခွားလေး ရင်ထဲက မီးထက်ပူသည့် အပူကို ငြှိမ်းလိုက်သလို။ ဖိုးခွားလေး လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ ဖိုးခွားလေး နှုတ်ခမ်း တွေ တဆတ်ဆတ် တုန်လာသည်။ ဖိုးခွားလေးပါးပေါ် မျက်ရည်တို့ အတားအဆီးမဲ့ စီဆင်းလာ သည်။ ဖိုးခွားလေး လက်အုပ်လေးချီလို့။ ဆရာကြီးကို ကြည့်နေမိသည်။ ဖိုးခွားလေး စကား တွေ ပြောချင်နေမိသော်လည်း အသံထွက်မလာ။ တစ်ကိုယ်လုံးတုန်ယင်နေသည်။ ဖိုးခွားလေး သည်လို မျက်ရည်ကျတာကို ဆရာကြီး မတွေ့ဖူး။ မာကျောသည့် ဖိုးခွားလေးဆီက အဆီး အတားမဲ့ ကျလာသည့် မျက်ရည်တွေ။ ဆရာကြီး စိတ်မကောင်း။ ဖိုးခွားလေးခေါင်းကို သူ့ရင်ထဲ အပ်လို့။ ပြာဖြစ်သွားတဲ့ စာအုပ်ပုံလေးကို တွေတွေလေး စိုက်ကြည့်လို့။

နိုင်ငံရေးက တလှုပ်လှုပ်။ စစ်ထောက်လှမ်းရေးက အရိပ်တကြည့်ကြည့်။ နေထိုင်ရတာ အဆင်မပြေ။ ဖိုးခွားလေး၏ မိတ်ဆွေအရင်းတချို့ အဖမ်းခံရသည်။ ဖိုးခွားလေး ရန်ကုန်ကို စွန့် ခွာလာသည်။ သည်ကြားထဲ ပညာရေးစနစ်က ပြောင်းပြန်သည်။ ဆယ်တန်းတွေ အပြင်ဖြေလို့ ရသည်တဲ့။ ဖိုးခွားလေး ဆရာမတွေက ဖိုးခွားလေး စာမေးပွဲဖြေလို့ရအောင် ဖောင်တင်ပေးထား သည်။

ရန်ကုန်ကို ဖိုးခွားလေး ပြန်ရောက်တော့ ၁၉၉၈၊ ဒီဇင်ဘာလ (၃၁) ။ ဆရာမတွေက စာမေးပွဲ ဖြေဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးသည်။ သို့ပေမယ့် ဖိုးခွားလေးခေါင်းထဲမှာ စာမရှိ။ ဖြေချင်စိတ် လည်း မရှိ။ ပင်းပန်းနွမ်လျ နေချေပြီ။ ဘာကိုမျှ မလုပ်ချင်တော့။ သို့သော် ဆရာမတွေ ဖြစ်စေ ချင်သည့် မေတ္တာတရားကို ဘယ်လိုမှ တောင့်မခံနိုင်၊ အလျှော့ပေးလိုက်သည်။ ပြန်ဖြေမည်။ စာကြည့်ရက် သိပ်မရှိတော့။ စာမေးပွဲရက်က သိပ်ကို နီးကပ်လွန်းနေသည်။ ဖိုးခွားလေး ဆယ်တန်းဖြေဖို့ အပြင်းအထန် ကြိုးစားသည်။ ရသည့်အချိန်နှင့် ဘာသာစုံကို ဖြေဆိုနိုင်ဖို့ သူ အတော် အားထုတ်ရသည်။ ဖိုးခွားလေး ကြိုးစားမှုက အထမြောက်သည်။ အောင်စာရင်း ထွက်တော့ ဖိုးခွားလေး နာမည်ပါလာသည်။

ဖိုးခွားလေး စာမေးပွဲအောင်တော့ ဆရာကြီးက ဝမ်းသာသည်။အခက်အခဲ မျိုးစုံကြားမှ ထိုး ဖောက်ထွက်နိုင်သော လူငယ်တစ်ယောက်၊ သားတစ်ယောက်လို သံယောဇဉ် ဖြစ်မိနေသော လူငယ်တစ်ယောက် အတွက် ဆရာကြီးတစ်ယောက် ဘယ်ဝမ်းမသာဘဲ ရှိမည်နည်း။ ဆရာကြီးက ဖိုးခွားလေးကို တက္ကသိုလ် ဆက်တက်ဖို့၊ ဖိုးခွားလေးစရိုက်၊ ဖိုးခွားလေး အလေ့ အထနဲ့ ကိုက်ညီသည့် ဒဿနိကဗေဒကိုယူဖို့ အကြံပေးသည်။ ဖိုးခွားလေး ဘဝက နေသား တကျရှိဖို့ နီးစပ်လာပြီလားမသိ။ ဖိုးခွားလေး ဆယ်တန်း စာမေးပွဲဖြေပြီးတော့ သူငယ်ချင်း တွေနဲ့ စုပေါင်းပြီး အလူမီနီယမ် လုပ်ငန်းလေး လုပ်ဖြစ်သည်။ ဖွင့်ပွဲကို ဆရာကြီး ကိုယ်တိုင် တက်သည်။ ဖိုးခွားလေးဘဝမှာ လေပြေနုနုတွေ၊ ကြယ်အစုံနဲ့ လှတဲ့ညတွေ ဘဝထဲ ရောက်လု နီးချိန်။ ဘဝမှာ လွတ်မြောက်ချိန် အနည်းငယ်လေးထဲက ကိုယ့်ကိုယ်ကိုယ် တည့်မတ် ထူထောင်နိုင်ဖို့ ကြိုးစားနေဆဲ လမ်းခုလတ်မှာ ထောင်ထဲတစ်ခါ ထပ်ရောက်ရပြန်သည်။

၁၉၉၉။ ဖိုးခွားလေး ဒုတိယအကြိမ် အကျဉ်းကျပြန်သည်။ ၅(ည)၊ ၁၇(၁)၊ ၁၇(၂၀)။ စစ်ခုံးရုံးက ဒီတစ်ခါ ပြင်းပြင်းထန်ထန်။ ထောင်ဒဏ် (၂၂) နှစ် ချလိုက်သည်။ စစ်အာဏာရှင်ခေတ်မှာ နိုင်ငံကို တိုးတက် ပြောင်းလဲချင်သူတွေအတွက် အကျဉ်းထောင်တံခါးကို အကျယ်ကြီး ဖွင့် ထားသည်။ လူငယ်တွေ၊ ကျောင်းသားတွေ နံရံကိုခေါင်းနဲ့ ဆောင့်ပစ်လိုက်သည်။ သွေးတွေရဲ ခနဲ၊ ဘဝတွေရဲခနဲ။ ကြွေလိုက်တဲ့ ပန်းတွေ၊ ကြွေလိုက်တဲ့ ကြယ်တွေ။ ဘယ်တော့မှ ဒူးမထောက်ဘူး။ ဘယ်တုန်းကမှ ဒူးမထောက်ဘူး။ ဘယ်သူကမှ ဒူးမထောက်ဘူး။ မြန်မာပြည် က ကျောင်းသားတွေ၊ မြန်မာပြည်က လူငယ်တွေ။

ဖိုးခွားလေးသည် ကျွန်တော်နှင့် သာယာဝတီထောင်တွင် အတူဆုံခဲ့ရသော နောင်တော်တစ်ဦး ဖြစ်သည်။ သူနှင့် ဆုံခဲ့စဉ်က သူသည် ခက်ခက်ထန်ထန်၊ ကြမ်းကြမ်းတမ်း တမ်းစရိုက် သူ့တွင် မရှိ။ ဖိုးခွားလေး ဆိုသည့် လူငယ်လေး တစ်ယောက် ဆရာကြီးတင်မိုးလို ပုဂ္ဂိုလ်မျိုးနှင့် တွေ့ ခွင့်ရ၊ နေခွင့်ရသည်မှာလည်း ကံကောင်းမှု တစ်ခုဟု ကျွန်တော်မြင်သည်။

ကျွန်တော်နှင့် နောင်တော်ကြီး ဖိုးခွားလေး တွေ့ဆုံချိန်တွင် နောင်တော်ကြီး ဖိုးခွားလေးသည် ကဗျာကို ချစ်မြတ်နိုးသူ တစ်ယောက်၊ ပညာကို ချစ်မြတ်နိုးသူ တစ်ယောက်၊ တရားဓမ္မကို လေ့လာ အားထုတ်လိုသူ တစ်ယောက်အဖြစ် တွေ့မြင်ရသည်။ တစ်ခါတစ်ရံ သမ္မာကျမ်းစာ တစ်အုပ်နှင့် သူ့ကိုတွေ့ရတတ်သည်။ တစ်ခါတစ်ရံ ဗုဒ္ဓအဘိဓမ္မာ စာအုပ်တစ်အုပ်နှင့် တွေ့ရ တတ်သည်။ စာအုပ်တွေကို အငမ်းမရ။ ဝါးစားနေသလား ထင်ရသည်။ သူနဲ့ ကျောင်းတော်ကြီး တွင် ဆုံတွေ့သည့် ညီငယ်တွေကို စာများများဖတ်ဖို့၊ တရားထိုင်ကြည့်ဖို့ တိုက်တွန်းသည်။ အင်္ဂလိပ်စာကို ကျားကုတ်ကျားခဲ လေ့လာသည်။ သာယာဝတီထောင်ရဲ့ နှင်းမြူတွေဝေတဲ့နေ့၊ မိုးတွေရွာတဲ့နေ့။ နေ့တွေ၊ ညတွေ အလီလီ။ ကျွန်တော်သည် နောင်တော်ကြီး ဖိုးခွားလေးနဲ့ ဖြတ်သန်းခဲ့သည်။

ကျွန်တော်သည် နောင်တော်ကြီး ဖိုးခွားလေး၏ အမိုးကို အပြင်မှာမဆုံဖူး။ သို့သော် နောင်တော်ကြီး ဖိုးခွားလေး ပြောပြထားသော အမိုးအကြောင်းကိုသိ၍ အမိုးကို အမေလို ချစ်နေမိသည်။ အမိုးကျန်းမာပါစေ။ နူးညံ့သိမ်မွှေ့သော၊ စိတ်သဘောထား ဖြူစင်သောအမိုး ပျော်ရွှင် ငြိမ်းချမ်းပါစေ။ ကျွန်တော် သည်လို ဆုတောင်းမိသည်။

စံပယ်တွေကို ချစ်သော ဖိုးခွားလေး။ နောင်တော်ကြီး ဖိုးခွားလေးသည် ကျွန်တော်တို့ နောက်မှ အကျဉ်းထောင်က လွတ်သည်။ ဒုတိယအကြိမ် ထောင်ဒဏ်က (၂၂) နှစ်။ ဖိုးခွားလေး (၁၃) နှစ် နေလိုက်ရသည်။ လူငယ်တစ်ယောက်၏ ဘဝတစ်ဝက်လောက်က ထောင်ထဲတွင် အချိန် တွေ ပေးလိုက်ရသည်။

ငှက်။ မသေမချင်း ပျံမည့်ငှက်။ ဖိုးခွားလေးသည် ငှက်တစ်ကောင်လိုပင်။ သူ့အတောင်တွေနဲ့ သူပျံနေသည်။ သူသွားနေသည်။ မရပ်မနား။ Social Science ကို ၂၀၁၂ တွင် ဖိုးခွားလေး တက်ရောက်ခဲ့သည်။ MMEC မှာ တက်ရောက်ခဲ့သည်။ သူသည် အသက်ရှူနေသမျှ သူသွား မယ့် လမ်းမှာ ရပ်ပစ်လိုက်မယ့်သူ တစ်ယောက် မဟုတ်ပေ။ ဖိုးခွားလေး (Counselor) ဖြစ်လာ သည်။ အမေရိကန် နိုင်ငံ Johns Hopkins University, Bloomberg School of Public Health မှ Dr Laura Murray ဦးစီးသည့် Counseling Training ကို တက်ရောက်အောင်မြင် ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ မတ်လ ။ ဖိုးခွားလေး ရပ်တန့်မနေ။ အချိန်နဲ့ နံရံတွေကြားမှာ ပြတ် တောက်သွားသည့် ဘဝကို ပြန်ဆက်သည်။ ကြိုးစားသည်။ လုပ်ရမည့်အရာကို ပြီးမြောက် အောင် သူလုပ်ချင်သည်။ AAPP နှင့် Johns Hopkins University တို့ ပူးတွဲအကောင် အထည်ဖော်သည့် MHAP(Mental Health Assistance Program) စိတ်ကျန်းမာရေး အထောက်အကူပြု အစီစဉ်တွင် Supervisor တစ်ဦးဖြစ်လာသည်။ နောက်တော့ Supervisors များကို ကြီးကြပ်ရသည့် Deputy Chief Supervisor အချိန်ပြည့် တာဝန်ထမ်းဆောင်ရသည်။ ပင်ပန်း နွမ်းနယ်မှုတွေကို သူမေ့ထားသည်။ တစ်ချိန်တည်းမှာပဲ Johns Hopkins University အသိအမှတ်ပြု Counseling Trainer တစ်ယောက်အဖြစ် ဖိုးခွားလေး လုပ်ကိုင်သည်။ MHAP ကို ၂၀၁၃ ဖေဖော်ဝါရီမှ အခုချိန်ထိ ရန်ကုန်နဲ့မန္တလေးမှာ တာဝန်ယူ လုပ်ကိုင်နေသည်။ အားနေသည့် အချိန်ရယ်လို့ ဖိုးခွားလေးမှာမရှိ။ မိသားစုဘဝလေးနဲ့ ဖြစ်လာခဲ့တာတောင် တစ်ခါတစ်ရံ မိသားစုကို ပေးဖို့အချိန် သူ့မှာမလောက်။ ကောင်းကင်ခေတ်ကျောင်းလေးကို သူတည်ထောင်သည်။ သူ့လို ပညာငတ်မွတ်နေသူတွေ အတွက်။ သူခက်ခဲခဲ့သည်။ ပညာ အတွက် သူခက်ခဲခဲ့သည်။ ပညာလိုချင်သူတွေကို သူ့လိုအခက်အခဲ မကြုံစေချင်။ ကောင်းကင် ခေတ် သူ့ကျောင်းလေး အောင်မြင်သည်။ ပညာငတ်မွတ်နေသည့် ရာနဲ့ချီသော လူငယ်တွေကို အထောက်အကူ ပေးနိုင်ခဲ့သည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ Civic Education ။ ကောင်းကင်ခေတ်။ ပညာဒါနကျောင်လေး။

အနယ်နယ် အရပ်ရပ်မှ လူငယ်တွေ။ တချို့ လမ်းပျောက်နေကြသူတွေ။ တချို့ အနာဂတ် ပျောက်နေကြသူတွေ။ ငှက်တွေ။ ဘယ်ပျံရမှန်းမသိတဲ့ ငှက်လေးတွေ။ ကောင်းကင်ခေတ်မှာ အခု သူတို့ပျံနိုင်ကြပြီ။ ဉာဏ်ပညာနဲ့။ တောက်ပတဲ့ မျှော်လင့်ချက်နဲ့။ ဉာဏ်ပညာက သူတို့ ဘယ်ပျံရမလဲ ပြောမည်။ ငှက်တွေ လွတ်လွတ်လပ်လပ် ပျံနေသည်။ လွတ်လွတ်လပ်လပ် သင်ယူနေသည်။ လွတ်လွတ်လပ်လပ် ငြင်းခုံနေသည်။ ပညာသင်ချင်ရုံ ယူလိုရုံ ဆန္ဒလေးပဲရှိ။ ပညာသင်ယူနိုင်ရမည်။ ပညာကိုချစ်သော ဖိုးခွားလေး။ ကောင်းကင်ခေတ်ကို ဖန်ဆင်းခဲ့သော ဖိုးခွားလေး။ သူ့ကောင်းကင်ခေတ်မှာ စံပယ်ပွင့်တွေ။ စံပယ်တစ်ပွင့်ချင်းစီက စံပယ်လိုမွှေးလို့။ လူ့အဖွဲ့အစည်းကို အကျိုးပြုမယ့် စံပယ်ပွင့်လေးတွေ။ ကောင်းကင်ခေတ်မှာ ဖူးလို့ . . . ပွင့်လို့….။

ခြိမ့်ဖေ

 

မှတ်ချက် ။ ။ယခု ဆောင်းပါးသည် ၂၀၁၆ ခုနှစ် က ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,