ဆန်မရှိတော့ ခေါက်ဆွဲတွေ စားကြတယ်။ အခု ခေါက်ဆွဲ လည်း မရှိတော့ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PTLL / ပလက်ဝမြို့နယ် လူမှုရေးအသင်း (ရန်ကုန်)၏ ဘဏ္ဍာရေးတာဝန်ခံ ဦးပီတာလွယ်လူး

မတ်လ(၁၄)၊ (၁၅) ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ အေအေတိုက်ပွဲ များကြောင့် သေဆုံးသူ ရွာသား စုစုပေါင်း (၂၁)ဦး ရှိပြီး ဒဏ်ရာရသူများလည်း ရှိပါတယ်။ နှစ်ဘက် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေသလို ပလက်ဝ မြို့မှာ ဆန်စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများလည်း ပြတ်တောက် နေပါတယ်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပလက်၀ မြို့နယ် လူမှုရေးအသင်း (ရန်ကုန်)၏ ဘဏ္ဍာရေးတာဝန်ခံ ဦးပီတာလွယ်လူး ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ငြမ်းမီဒီယာ – အဲဒီမှာ ဆန်တွေ သယ်လာရင်သိမ်းတယ် ဆိုတာ ၊ကုန်သည်တွေက မသယ်ရဲဘူး။ ဆန်တွေ သူတို့ကသိမ်းတယ် ဆိုတာ သူတို့ဆိုတာ အေအေလား၊ စစ်တပ်လား။ သိရင် ပွင့်ပွင့် လင်းလင်း ပြောပြလို့ ရမလား။ ကူညီချင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီအချက်ကို သိထားရင် ပိုကောင်းမယ်ထင်တယ်။

KPT – ကျေနော်တို့ကလည်း အဲဒါကို ဇဝေဇဝါဖြစ်တယ်။ အေအေေ တွကလည်း ကုလားတန် မြစ်ကြောင်း တစ်လျောက် တစ်ချို့ရွာ တွေမှာ စခန်းချနေနေကြတယ်။ ဆိုတော့ စက်လှေတွေလာရင် သူတို့တားတယ်။ သူတို့ ယူသွားလား၊မယူသွားဘူးလား ဆိုတာ ကိုယ်တိုင်မျက်မြင်မဟုတ်တော့ သိပ်လည်း မစွပ်စွဲ ချင်ဘူး။ ဒါပေမယ့် ကုန်သည်တွေ မသယ်ရဲတဲ့ အဆင့်ဆို ဒါက ယူသွားလို့ ပဲဖြစ်မှာပေါ့။ တချို့ကလည်း သူတို့ ယူသွားတယ်ဆိုတာ ပြောပါ တယ်။ ကျနော်တို့ကြားတဲ့ သတင်းစကားအရဆို လက်နက်ကိုင် တွေ သယ်ခွင့် မပေးဘူး မဟုတ်ဘူး။ သယ်ရင် သူတို့ ယူသွားမယ်။ ရှုံးသွားမယ်။ထားပါတော့ ကျနော်က ကုန်သည် လုပ်တယ်ဆိုရင် ဆန်အိတ် (၁၀၀) သယ်မယ်ဆိုရင် လမ်းမှာ အလုခံရရင် ကျနော် အဲဒီဆန်ကို ဆုံးတဲ့အပြင် ကျနော့်အပေါ် အသက် အန္တရာယ်ပြု မလား ဆိုတဲ့ ကြောက်ရွံ့တဲ့စိတ်တွေ အဓိက က အဲဒါဖြစ်မယ်ထင် တယ်။ ဆိုတော့ ကျနော့်ကို သတင်းသမားတချို့ကပြောတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖုန်းလိုင်းတွေ ပိတ်လိုက်တယ် ဆိုတော့ ဒါကတော့ အနိုင်ကျင့် တယ်လို့ပဲ ကျနော်မြင်တယ်။ မဖြစ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေ ဒုက္ခတွေကြုံရတဲ့ ကြားထဲက …

အဲဒီလိုဆိုရင် စစ်တပ်က ဘာမှ လုံခြုံရေး မယူပေးတာလားလို့ မေးတော့ ကျနော်အမှန်တိုင်းပြောချင်တာက ပလက်ဝမြို့နယ် ရဲ့ လုံခြုံမှုက ကျတော့ လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုက တော်တော်လေး အားကြီးတယ်ထင်တယ်။

ငြမ်းမီဒီယာ – နယ်မြေက လက်နက်ကိုင်တွေ ဘက်ကို ကျနေ တယ်ပေါ့။

KPT – ဟုတ်တယ်။ အဲဒီလိုသာမဟုတ်ဘူးဆိုရင် စစ်တပ်ရဲ့ လုံခြုံရေးနဲ့ သယ်လာလို့ ရနိုင်တယ်။ ဒီလောက်ထိ ဒုက္ခရောက်စရာ အကြောင်းမရှိဘူး။ ဒါမှ မဟုတ် တခြား ဘယ်ရည်ရွယ်ချက်တွေ ရှိလဲ ဆိုတာ ကျနော်မသိဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ ပလက်ဝမှာ ရှိနေတဲ့ စစ်ဘေး သင့်နေတဲ့ အပြစ်မဲ့ပြည်သူ ခြောက်သောင်းကျော် ရဲ့ စားနပ်ရိက္ခာ ဒုက္ခ အဆင်ပြေဖို့၊အသက်ရှင်ဖို့ ရှေ့အနာဂတ်အခြေအနေက အေအေ ရဲ့လက်ထဲ မှာလို ဖြစ်နေတဲ့ သဘောလား။

KPT – အဲဒီလိုပြောရင် ဘယ်လိုစဉ်းစားလို့ရသေးလဲဆိုတော့ ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက် ပြောသလိုပေါ့။ ထားပါတော့။ အေအေက ပြောတယ်လေ။ ဟိုတစ်ခါ သူတို့ Statement ထုတ် တယ်။ ဆန်တင်ခွင့်ပြုပါတယ်။ တင်ပြပါလို့ ပြောတယ်လေ။ ဆိုတော့ သူတို့ Statement မှာတောင်မှ ဆန်တင်ခွင့်ပေးတယ် ဆိုတော့ (ရယ်လျက်) ဘယ်လိုပြောမလဲ။ ဒါကျနော်တို့ ပြောနေတဲ့ ဟာတွေက အလကားလားဆိုတာ ဖြစ်နေပြန်ဦးမယ်။ ဒါပေမယ့် ဟိုမှာက ဝန်ကြီး ဦးစိုးထက်ပြောသလိုပေါ့။ ဘာပြောသလဲဆိုတော့ သယ်ပါ ဆိုတော့ အေအေတွေ ကိုယ်တိုင်လည်း စားစရာမရှိတော့ သယ်ရင်တော့ သူတို့အတွက်အခွင့်အရေးများ ဖြစ်နေမလားပေါ့ နော်။ ကျနော်တို့လည်း အများကြီးစဉ်းစားနေရတာလေ။ အနေ အထား က အဲလိုဖြစ်နေတာ။

ငြမ်းမီဒီယာ – တကယ့်ကို ခက်ခဲကြပ်တည်းတဲ့ အခြေအနေတစ်ခုကို ကြားရတာပါ။ တစ်ဖက်မှာ အပြစ်မဲ့ စစ်ဘေးသင့်ပြည်သူ ခြောက်သောင်း ကျော်လောက်ရဲ့ အခြေအနေ။တစ်ဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိတယ်။ အစိုးရအနေနဲ့ ဒီအပြစ်မဲ့ပြည်သူ ခြောက်သောင်းကျော် အတွက် အစိုးရ အနေနဲ့ အဓိက က ဘာတွေ ဦးစားပေး လုပ်ဆောင်သင့် သလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KPT – ခြောက်သောင်း ဆိုတာက ကျနော်ပြောတဲ့ အရေအတွက်က တကယ်ကို ဒုက္ခရောက်နေတဲ့ အရေအတွက် ပြောတာ။ ဒုက္ခရောက်တာကတော့ အားလုံးရောက်တာပါပဲ။ တစ်သိန်းကျော်ပေါ့။ ဒါပေမယ့် ပြောမယ်ဆိုရင် ထမင်းစားဖို့ မရှိတဲ့သူတွေ၊ စားစရာ ပြတ်သွားတဲ့သူတွေပေါ့။ ကျနော်ထင် တာပေါ့။ တစ်ဦးတစ်ယောက်ရဲ့ အမြင်ကိုပြောမယ်ဆိုရင် ဒီနေ့ဒီရက်မှာ ဆန်တွေ သယ်လာမယ် ကြေညာချက်တွေ ထုတ်ပြီးတော့ နှစ်ဘက်ပေါ့ လုံခြုံရေးအပြည့်အဝနဲ့ သယ်မလား။ ဒုတိယ option က တကယ်လို့ အဲဒီလို လုပ်ဖို့ အဆင်မပြေဘူးဆိုရင် အင်အားကြီးတဲ့ လူတွေကိုပေါ့ဗျာ မြန်မာစစ်တပ်ဆိုလည်း မြန်မာ စစ်တပ်၊ အေအေ ဆိုလည်း အေအေ ပေါ့ ဒေသခံတွေ အသက်ရှင်ဖို့ စဉ်းစားဖို့ ။ဒီဟာအတွက်ကို စကားပြောပြီး သယ်မယ်ဆိုရင် တကယ်လို့များ ဥပမာ တစ်ယောက်ယောက်က ကျူးလွန်ခဲ့ တယ်ဆိုရင် ဒါကတော့ ကျနော်တို့အနေနဲ့ အပြစ်ပြော စရာ ဖြစ်လာတယ်လေ။ အခုက မလုပ်သေးတော့ ဘယ်သူ့ကို အပြစ် ပြောရမလဲ။

ငြမ်းမီဒီယာ – စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ဒုက္ခ၊ နှစ်ဖက်ပစ်နေတဲ့ ကြားမှာ ဘယ်အချိန်သေမလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှု ၊ထိတ်လန့်မှု အဲဒီတော့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို ဘာများပြောချင် လဲ။

KPT – တစ်အချက်ကတော့ ကျနော်တို့ အင်တာနက် လိုင်းတွေ ပြတ်သွားတယ်။ ဒါက လူ့အခွင့်အရေး ချိုးဖောက်တာ ပဲနော်။ လူ့အခွင့်အရေး ချိုးဖောက်တာကို ခံရတယ်။ဒါ့အပြင် ဖုန်းလိုင်းတွေ ပိတ်လိုက်တယ် ဆိုတော့ ဒါကတော့ အနိုင်ကျင့် တယ်လို့ပဲ ကျနော်မြင်တယ်။ မဖြစ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေ ဒုက္ခတွေကြုံရတဲ့ ကြားထဲက နေရာအသီးသီးမှာ ရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေကို အဆက်အသွယ် လုပ်ချင်မှာပဲ။ အခုရက်ပိုင်းတွေမှာ ကျနော်တို့ထင်ထားတာက ဒီရက်တွေက ဆယ်တန်း စာမေးပွဲ ဖြေတဲ့ကာလဆိုတော့ ဒီတိုက်ပွဲတွေ မဖန်တီးလောက်ဘူးလို့ ကျနော်တို့ထင်တာ။ ဒါပေမယ့် စာမေးပွဲ ဖြေနေတဲ့ ကာလမှာ ပိုဆိုးနေတယ်။ စာမေးပွဲဖြေနေတဲ့ ကလေးတွေ ဘယ်လိုခံစားမလဲဆိုတာ သူတို့မစဉ်းစားမိဘူးလား။ သားသမီချင်း ကိုယ်ချင်း မစာလို့လား မသိဘူး။ကျနော်တို့အနေနဲ့ တော့ တကယ်စိတ်မကောင်းဘူးဗျ။

မြို့ပေါ်မှာ တော်တော်လေး ဒုက္ခရောက်နေသလို နယ်မှာလည်း တချို့ရွာတွေ က လုံးဝဆန်ပြတ်သွာပြီ။ ဆန်မရှိတဲ့ ရွာတွေမှာတော့ …

အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်လိုက်ခြင်း အားဖြင့် ချင်းပြည်နယ်က အရင် ကတည်းက ဆယ်တန်းအောင်ချက် အနည်းဆုံး ၊ပလက်၀ မြို့နယ်က ချင်းပြည်နယ်မှာ အောင်ချက် အနည်းဆုံးက နှစ်တိုင်းလိုလိုပဲ ဆယ်တန်းဖြေသူ ၂၅၀၀ လောက်ရှိတဲ့အထဲမှာ အယောက် ငါးဆယ်လောက်ပဲ အောင်တာ။ အဲဒီနေရာမှာ အခု အဲဒီလိုဖြစ်တယ်ဆိုတော့ ပညာရေး အတွက်ပိုပြီး စိုးရိမ်တယ်ပေါ့ဗျာ။ ကျနော်တို့ကို ချိုးနှိမ် လိုက်သလို ကျနော်တို့ ခံစားရတယ်။ တချို့ဒေသက ပိုက်ဆံ ရှိတဲ့သူတွေ ကျတော့လည်း ဒေသမှာ မထားကြပဲ ရန်ကုန်တို့၊ ပခုက္ကူတို့၊ ကလေး၊ပြင်ဦးလွင်တို့ ဘာတို့မှာ ဘော်ဒါဆောင် ထားကြတယ်။ အခုအချိန်မှာ သူတို့ မိဘတွေက သူတို့ သားသမီး တွေကို နေ့တိုင်း၊ညတိုင်း ဖုန်းဆက်ချင် မှာပဲလေ။ ဒါပေမယ့် ဖုန်းလိုင်းတွေ ဖြတ်တောက် ထားတော့ သူတို့ဘယ်လောက် အထိ ခံစား ရမလဲ ဆိုတာ ကျနော်လည်း မိဘ တစ်ယောက်အနေနဲ့ တကယ်ကို ခံစားမိတယ်။ဒါတွေက မဖြစ်သင့်ဘူး။ နောက်တစ်ခုက ကျနော် လက်နက်ကိုင် အဖွဲ့ကိုလည်း ပြောချင်တယ်။ တော်လှန်ရေး လုပ်တာကတော့ လုပ်တာပေါ့။ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ဒီဒေသခံတွေ ဒုက္ခရောက်ဖို့ မဟုတ်လောက်ဘူးလို့ ကျနော်တော့ ထင်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်မှာ ဒေသခံ တွေ ဒုက္ခမရောက်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြီးလုပ်စေချင်တယ်။ အခု ကျနော်တို့ ကြားနေတာက ရွာထဲ ဝင်ပြီးတော့ ဆန်တွေ တောင်းတာကြားနေ ရတယ်။ ကြက်တွေ၊ဝက်တွေ ယူသွားတာ ကြားနေရတယ်။ ဆိုတော့ လက်နက်ကိုင် တဲ့ လူက အဲလို လုပ်တယ် ဆိုရင် လက်နက်မဲ့တဲ့သူက ပိုပြီးကြောက်နေရတဲ့ အနေအထားဖြစ်နေတယ်။ လက်နက်ကိုင် တွေကို အဲလိုပြောချင်တယ်။ ခုနက ရွာတွေကို ပစ်တဲ့ ဟာတွေ လည်း ဒီလိုတော့ မဖြစ်သင့်ဘူး။တကယ့်တကယ် ထားပါတော့ သူတို့အနေနဲ့ ဒီရွာမှာ လက်နက်ကိုင် တွေ ရှိတယ်လို့ သတင်း ရတယ် ဆိုရင် ဒီပုံစံနဲ့ မှန်းသမ်းပြီး ပစ်ချတာကတော့ အရမ်း အန္တရာယ် များ လွန်းပါတယ်။ စိတ်မကောင်းစရာ တစ်ခုကလွဲလို့ ကျနော်တို့အနေနဲ့ ဘာမှ လုပ်ပေးလို့မရတဲ့ အရာဖြစ်နေတယ်။ ဒီလုပ်ရပ်တွေ အပေါ်မှာ ကျနော်တို့ အနေနဲ့ ရှုတ်ချပါတယ်။

ငြမ်းမီဒီယာ – ရွာတွေမှာ ကြက်၊ဝက်တွေ လာယူတယ်ဆိုတာ ဘယ်ဖက်ကလဲ။ တပ်ကလား။ အေအေကလား။

KPT – အဲဒါက အေအေက ပိုများတာပေါ့။ စားနပ်ရိက္ခာတွေ လုတယ်ဆိုတာ အေအေက။ ကျနော်ပြောရင် ကျနော်ပြောတယ်လို့ ဖြစ်ဦးမှာ ဧရာဝတီသတင်းမှာ ဧရာဝတီသတင်းထောက် သုံးယောက် ပလက်ဝမြို့ကို သွားပြီးတော့ ရွာသားတွေကို အင်တာဗျူး လုပ်ထားတဲ့ နေရာမှာလည်း တွေ့ရမှာပဲလေ။ အသံဖိုင်နဲ့ကို တွေ့ရ တယ်။ တချို့ရွာတွေမှာလည်း အများကြီး။ ဒီရန်ကုန် ရောက်လာတဲ့ သူတွေ ပြန်ပြောချက် အရဆို ရွာတွေမှာ အဲလိုရှိတယ်။ ကျနော်နားလည်ပါတယ် လက်နက်ကိုင်တွေဆိုတာ ဆန်စားဖို့မရှိရင် တောင်းမှာပဲလေ။ ဒါပေမယ့် အနုနည်းပေါ့ ခင်မင်ရင်နှီးမှုနဲ့ တောင်းတာဖြစ်မယ်။ ဒါမှမဟုတ် ပိုက်ဆံ အဖိုးအခ ပေးပေါ့ဗျာ။ အားလုံး ဒုက္ခ ရောက်နေတဲ့ဟာကို သူတို့က အဲလို နှိပ်စက်သလိုဖြစ်သားတာပေါ့။ ဒါတွေကို လည်း ဖြစ်လည်း မဖြစ်စေ ချင်ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေကို ပလက်ဝမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေအနေနဲ့ ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။

KPT – ကျနော် ဖုန်းလိုင်းရတုန်ကတော့ အမြဲ ဆက်ပါတယ်။ ကျနော့်မိဘတွေလည်း အဲဒီမှာ ရှိနေတော့လေ။ ဆန်က အရင် ဝယ်ထား တဲ့ ဟာတွေ။ တချို့ကျတော့ ဆန် နှစ်အိတ်၊ သုံးအိတ် ဝယ်ထားတဲ့သူတွေ ရှိတယ်။ အဲဒီမှာ ချေးငှားကြ၊ မျှဝေ စားကြပေါ့။ နောက်တစ်ခုက ပလက်ဝမှာ လယ်ကွက်တွေ ရှိတယ်။ လယ်ကွက် ရှိတဲ့ ရွာတွေကို သူတို့ ဆန်သွားဝယ်တာမျိုး တွေတော့ ရှိတယ်။ အဲဒီရွာကလူတွေတောင်မှ ကြောက်နေကြတယ်။ သူတို့ဆန်စက် ရှိတယ်။ စပါးကြိတ်စက်ဖွင့်ပြီ ဆိုတာနဲ့ လူတွေက အုံပြီး အထုပ်တွေနဲ့ ဆန်လာတောင်း တာ။ အဲဒီလိုမျိုးဖြစ်နေတော့ ဆန်စက်ပိုင်ရှင်တွေ တောင်မှ ဆက်မမောင်း ရဲတော့တဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ အဲဒီကနေ ပလက်ဝမြို့အထိ သယ်လာကြတာ။ မြို့ပေါ်မှာကျတော့ တောင်ယာ မလုပ်ကြ ဘူးလေ။ မြို့ပေါ်မှာက အစိုးရဝန်ထမ်းတွေများတယ်။ မြို့ပေါ်အနီးအနားမှာလည်း တောင်ယာ လုပ်ခွင့်မရှိဘူးလေ။ တောင်ယာ လုပ်တဲ့ သူတွေက နယ်မှာများတာ။ အဓိကဖြစ်နေတဲ့ ပြဿနာက မြို့ပေါ်မှာ တော်တော်လေး ဒုက္ခရောက်နေသလို နယ်မှာလည်း တချို့ရွာတွေ က လုံးဝဆန်ပြတ်သွာပြီ။ ဆန်မရှိတဲ့ ရွာတွေမှာတော့ တော်တော် လေး ဒုက္ခရောက်နေကြတယ်။

ငြမ်းမီဒီယာ – အဲဒီ ရိက္ခာ ပြတ်တောက်နေမှု အကြပ်အတည်းကို သူတို့ ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။ နောက်ထပ်တစ်ရက်လား။ နှစ်ရက်လား။

KPT – အခုရက်တွေမှာ တချို့ကလည်း ထမင်းမစားရဘဲ နေရတဲ့သူတွေရှိနေပြီ ပြောတယ်။ ဒါပေမယ့် ကျနော်အနေနဲ့ ထမင်း မစားဘဲ နေရတဲ့သူတွေနဲ့တော့ ဖုန်းတိုက်ရိုက်မပြောရေ သးဘူး။ တချို့က ဆန်သုံးပြည် ၊လေးပြည်လောက် ကျန်သေးတယ်။ အရင်တုန်း က ဆန်မရှိတော့ ခေါက်ဆွဲတွေ စားကြတယ်။အခု ခေါက်ဆွဲ လည်း မရှိတော့ဘူး။ ခေါက်ဆွဲ ကဝယ်စရာလည်း မရှိတော့ဘူး။ ကျနော်ထင်တယ် နောက်ထပ် တစ်ပတ် ထိတောင် ဆန်မရဘူးဆိုရင် အချင်းချင်းတောင် သတ်ပြီး လုယက်မှုတွေ ဖြစ်မလား ဒါတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ သတင်းတွေ ဖတ်မိတာတော့ မြန်မာတိုင်းမ်မှာထင်တယ် ဖတ်မိတာ။ တစ်ပတ် အတွင်းမှာ ဆန်တွေ အရောက်ပို့ပေးမယ်ဆိုတာ ဒါပေမယ့် ကျနော်တို့ စောင့်ကြည့်တာ အခုတစ်ပတ်ရှိပြီ ဆန်တွေ အခုထက် ထိ ရောက်မလာဘူး။ ကျနော်တို့လည်း Follow up မလိုက်နိုင်လို့ ဖြစ်မယ်။ဘယ်သူတွေကစီစဉ်ပြီးတော့ ဘယ်သူပို့မလဲ မသိဘူး။ အဲဒီလို ဖြစ်နေတာ။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်လဲ။

KPT – ပြောစရာတွေကတော့ အများကြီးပါ ။ကျနော်တို့ကတော့ ဒေသခံတွေအတွက်ပဲပြောတာပါ။ အဓိက ကတော့ ဒေသခံတွေ ကို စာနာသောအားဖြင့် အပစ်အခတ်တွေ ကို ရွာတွေမှာ မဖန်တီးဘဲ အရမ်းကြီး ပစ်ချင်တယ်ဆိုရင် ရွာတွေနဲ့ ဝေးတဲ့နေရာမှာ တိုက်ပွဲ တွေ ဖြစ်ကြဖို့ ကျနော်အနေနဲ့ အနူးအညွှတ် တောင်းချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,