တစ်တိုင်းပြည်လုံးက ချောက်ထဲမှာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

AMZ / လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်

သူတို့ရဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာကို နည်းနည်းလေ့လာကြည့်တဲ့အခါကျတော့ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးကို ပိုပြီး …

လတ်တလော လွှတ်တော်တွင်ဆွေးနွေးဆောင်ရွက်နေကြသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး အခြေအနေတချို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်အား ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ – အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလကတည်းက ကျယ်ကျယ်လောင်လောင် ပြောလာကြပြီး အခု ဒုတိယအကြိမ်လွှတ်တော်သက် တမ်းကုန်ခါနီးကျမှ ဆွေးနွေးဆောင်ရွက် လာကြတာတာ ဘာကြောင့်လို့ ယူဆပါသလဲ။

UAMZ – တစ်ခုကတော့ အားလုံးမြင်နေတဲ့ကိစ္စကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် Campaign တွေလုပ်တဲ့အခါ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကိုကတိ ပေးခဲ့တာရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူထုမျက်နှာကို သေသေချာချာ တည့်တည့်မကြည့်ဘူး။ လူထုအပေါ်မှာ စေတနာသန့်သန့် မရှိတဲ့အခါကျတော့ ခုနကလို …

အဲဒီတော့ သူ ကတိပေးခဲ့တဲ့ အတိုင်း အကောင်အထည် ဖော်ဖို့ကြိုးစားတယ်လို့ အများကတော့ ပြောနေကြတယ်။ ဒီတစ်ခုကတော့ ထင်ထင် ရှားရှားရှိတာပေါ့။ နောက်တခြားတစ်ခုကတော့ သူတို့တကယ်တမ်း လက်တွေ့အလုပ်တွေလုပ် လာတဲ့အခါကျတော့ ဒီအခြေခံ ဥပဒေအကန့်အသတ်ကြောင့် သူတို့လုပ်ရကိုင်ရခက်တာလဲ ရှိနိုင်တာပဲ။ ဆိုတော့ ဒီအခြေအနေကို ကျော်လွှားဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ အခြားတစ်ခုက တော့ သူတို့စတက်လာကတည်းက Reconciliation ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စကို သူတို့ခဏခဏ ပြောတယ်။ အဲဒါကိုအလေးထား ပြီးလည်း ပြောတယ်။ ဆိုတော့ သူတို့ရဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာကိုနည်းနည်းလေ့လာ ကြည့်တဲ့အခါ ကျတော့ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးကို ပိုပြီးအလေးထားတာ တွေ့ရတယ်။ အဲဒီတော့ တပ်နဲ့ သူတို့ဘယ်လောက်ထိ ပြေလည်မှုရနေပြီလဲပေါ့၊ ဘယ်လောက်ထိ စကားပြောလို့ ဆိုလို့ အဆင်ပြေ နေပြီလဲ။ ဒီအပေါ်မှာလည်း မူတည်ပြီးတော့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို တွန်းကောင်းတွန်းနိုင်တာပဲ။ စဉ်းစားစရာတွေက အများကြီးပါ။ သို့သော်လည်း အထင်ရှားဆုံးကိစ္စကတော့ သူတို့လူထုကိုကတိပေးထားတယ်၊ အဲဒီကတိကိုသူတို့ အကောင်အထည် ဖော်ပြရလိမ့်မယ်။ အောင်မြင်တာ မအောင်မြင်တာက နောက်တစ်ပိုင်းပေါ့။ ကျနော်တော့ အဲဒီလိုထင်ပါတယ်။

ငြမ်းမီဒီယာ – လူထုကိုပေးထားတဲ့ကတိကို တည်ဖို့ကြိုးစားတယ်ဆိုရင်တောင် ဒီလိုအရေးကြီးတဲ့ကတိကဝတ် တစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်တာ ဒီထက်စောစောစီးစီး မဆောင်ရွက်သင့်ဘူးလား။

UAMZ – ကျနော်ထင်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ သမားရိုးကျလုပ်ထုံးလုပ်နည်းတွေပဲ။ နိုင်ငံရေးပါတီဆိုတာ ဒီမိုကရေစီ နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲရှိတဲ့နိုင်ငံတွေမှာ၊ ရွေးကောက်ပွဲရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးပါတီတွေက သူတို့ ပြည်သူကိုပေးထားတဲ့ကတိတွေကို အကောင်အထည်ဖော်ပြရတာရှိတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲနီးတဲ့ကာလတွေမှာ သူတို့အကောင်အထည်ဖော်ပါတယ်ဆိုတာ ပြရတာပဲ။ အဲဒီအတွက်လို့ ကျနော်နားလည်ပါတယ်။ အဲဒါလည်းအချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားရလိမ့်လို့ ကျနော် ထင်ပါတယ်။

ဒီဇာတ်မှာ ဘယ်သူကလူကြမ်းလဲ၊ ဘယ်သူက မင်းသားလဲဆိုတာကို လူထုက ထင်ထင်ရှားရှား ပိုမြင်သွားမယ်။ အဲဒါဆိုရင် …

ငြမ်းမီဒီယာ – ၂၀၀၈ ဖွဲ့စည်းပုံထဲက အခန်း (၁၂) ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့အခန်းမှာ ပုဒ်မ (၄) ခုပြဌာန်းထားတယ်။ အဲဒီအထဲက ပုဒ်မ ၄၃၆ (က) မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်ထောက်ခံတဲ့အပြင် လူထုဆန္ဒခံယူပြီး ထောက်ခံမဲ (၅၀) ရာခိုင်နှုန်းကျော်မှ ပြင်လို့ရနိုင်မယ့် ပုဒ်မချည်းပဲ (၇၄) ခုတောင် ရှိတယ်။ အခုပြင်ဖို့ဆွေးေ နွးတာတောင် လွှတ်တော်ထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်နေရတယ်။ ဆိုတော့ အကယ်၍ ပြင်ဆင်ဖို့ကိစ္စ မအောင်မြင်ခဲ့ရင် တိုင်းပြည်နဲ့ လူထုအတွက် နိုင်ငံရေးအရ အကျိုးဆက်က ဘယ်လိုဖြစ်လာနိုင်တယ်လို့ သုံးသပ်မိသလဲ။

UAMZ – ပထမတစ်ချက်ကတော့ ဒီအခန်း (၁၂) အတိုင်း ကျနော်တို့သွားကြမယ်ဆိုရင်တော့ အဲဒါကတော်တော်ခက် လိမ့်မယ်။ ဒါက ပြင်ဆင်ဖို့တောင် ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ အခုအဲဒါ လွှတ်တော်ထဲမှာဆွေးနွေးနေတာတွေက အဟောသိကံဖြစ်မှာပေါ့။ အလဟသဖြစ်မှာပေါ့။ သို့သော်လည်း ဆွေးနွေးတယ်ဆိုတာကိုတော့ လူထုကသိသွားမှာပေါ့။ ဒီတစ်ခုတော့ရှိမယ်။ ဆိုတော့ လွှတ်တော်ထဲမှာ ကနေ့ဆွေးနွေး နေတဲ့ကိစ္စတွေကို ဘယ်လိုဘယ်ပုံ ဘယ်နည်းနဲ့ ဆုံးဖြတ်မလဲ၊ အတည်ပြုမလဲဆိုတာက အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ အခန်း (၁၂) အတိုင်းသွားရမယ်ဆိုရင်တော့ ဖြစ်နိုင်ချေမရှိဘူးပေါ့နော်။

တပ်နဲ့လူထု ကြားမှာ ပြည်သူကြားမှာ ဖြစ်နေတဲ့ ပြသနာဖြစ်တယ်။ တပ်နဲ့ ပြည်သူကြားမှာ ပြဿနာမရှိဘူးလို့ ပြောလို့မရဘူး။ ပြဿနာ …

အဲဒီလို ဖြစ်နိုင်ချေမရှိဘူးဆိုရင် တစ်ဘက်က Impact က နှစ်မျိုးတော့ဖြစ်နိုင်ပါတယ်။ ဒီရွေးကောက်ပွဲ Process၊ ဒီရွေးကောက်ပွဲနဲ့ သွားတဲ့ နိုင်ငံရေးစနစ်ကို လူထုကယုံကြည်မှုကျသွားနိုင်တယ်။ ဘယ်သူ့ပဲတင်တင်၊ ဘယ်သူ့ပဲရွေးရွေး၊ ဘယ်သူပဲ လွှတ်တော်ထဲမှာ ထိုင်ထိုင် ‘ဒါကြီးကိုတော့ ငါတို့ဘာမှလုပ်လို့မရပါဘူးကွာ’ ဆိုတဲ့အခြေအနေမျိုး၊ ကနေ့ ရွေးကောက်ပွဲနိုင်ငံရေးကို လူထုက ယုံကြည်မှု မဲ့သွားတာမျိုး ဖြစ်နိုင်တယ်။ ဒါတစ်ခုပေါ့။ ဒုတိယတစ်ခုကလည်းပဲ ဟုတ်ပြီ ဒီပွဲမှာ၊ ဒီဇာတ်မှာ ဘယ်သူကလူကြမ်းလဲ၊ ဘယ်သူက မင်းသားလဲဆိုတာကို လူထုက ထင်ထင်ရှားရှား ပိုမြင်သွားမယ်။ အဲဒါဆိုရင်လည်းပဲ ကနေ့အာဏာရပါတီပြောပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ကိစ္စကတော့ ပိုပြီးနီးလာမလား၊ ပိုပြီးဝေးသွားမလားပေါ့။ ဆိုတော့ အဲဒီလိုအခြေအနေတွေ ရှိပါတယ်။ အဓိက ကတော့ တပ်မတော်ရဲ့သဘောထားအပေါ်မှာ အများကြီးမူတည်တယ်။ တပ်မတော်က ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တကယ်ပြင်ဆင်ချင်တဲ့ စိတ်ဆန္ဒရှိလား မရှိဘူးလား၊ ဒါမေးခွန်းထုတ်ရမှာဖြစ်တယ်။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ဘယ်လိုပဲပြောနေ ပြောနေ တပ်နဲ့ရောတကယ်တမ်းစကား ပြောကြရဲ့လား၊ တကယ်တမ်းဆွေးနွေးကြရဲ့လား၊ တကယ် တမ်းနားလည်မှုယူသလားဆိုတဲ့ မေးခွန်းတစ်ခုလည်းရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့တိုင်းပြည်အခြေအနေကို ကနေ့တပ်မတော် ကပုဂ္ဂိုလ်တွေကလည်း စေတနာနဲ့လူထုမျက်နှာကို သေသေချာချာကြည့်ဖို့လိုပြီ။ ကျနော် …

ဒါတွေကတော့ ကျနော်တို့အနေနဲ့ အပြင်လူတွေ ဆိုတော့ မသိနိုင်ဘူး။ ဒီနေ့ ဒီအခြေအနေက လွှတ်တော်ထဲမှာ တော်တော်ကို အသည်းအသန်ဆွေးနွေးနေကြတယ်။ အဲဒီလိုဆွေးနွေးနေကြတာကိုယ်၌က နောက်ကွယ်မှာ သက်ဆိုင်တဲ့ခေါင်းဆောင်တွေ ဘာတွေများညှိနှိုင်းနေလဲ၊ ညှိနှိုင်းနေမယ်ဆိုရင်တော့ ဒါကောင်းတာပေါ့။ မညှိဘူး မနှိုင်းဘူး၊ ငါတို့လည်း ငါတို့တင်ချင်ရာတင်မယ်၊ ဟိုကလည်း ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ အခြေအနေက ကောင်းတယ်လို့ မပြောနိုင်ဘူး။

ငြမ်းမီဒီယာ – အကယ်၍ ဖွဲ့စည်းပုံပြင်ဆင်တာလည်းမအောင်မြင်၊ အာဏာရ NLD အစိုးရနဲ့ တပ်မတော်ကြား Reconciliation ကလည်း ပိုဝေးကွာသွားရင် နောက်ဆက် တွဲအနေနဲ့ နိုင်ငံအတွက် ဘာဖြစ်လာနိုင်သလဲ။

UAMZ – ကျနော်တို့နိုင်ငံကို ဘာဖြစ်စေချင်သေးလို့လဲ။ (ရီလျက်ပြော) ဒီထက်ဆိုးတာ ဘာရှိသေးလို့လဲ။ အခြေအနေက အရမ်းဆိုးနေပြီ။ ဘာဖြစ်ဖြစ်မထူးတော့ဘူး၊ ကျနော်မြင် တာ။ ကျနော်တို့တိုင်းပြည်အခြေအနေကို ကနေ့တပ်မတော် ကပုဂ္ဂိုလ်တွေကလည်း စေတနာနဲ့လူထုမျက်နှာကို သေသေချာချာကြည့်ဖို့လိုပြီ။ ကျနော်ကတော့ ဒီလိုပဲပြောချင်တယ်။ တိုင်းပြည်အခြေအနေ ဘာဖြစ်မလဲဆို ဒီထက်ဆိုးတာလည်း မဖြစ်နိုင်တော့ဘူး ကျနော်ထင်တာပဲ။ဒီထက်ဆိုးတာ ဖြစ်လည်း မထူးတော့ဘူး။ ကျနော်တို့အခြေအနေက ဆိုးပြီးသားကြီး၊ အခုဟာက။ တကယ်ကိုဆိုးနေတာ။ ကျနော်တော့ အဲဒီလိုပဲပြောချင်တယ်။ အခု ခင်ဗျားကြည့်၊ ငြိမ်းချမ်းရေးကလည်း တိုးလိုတန်းလန်း၊အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာလည်း အခုခင်ဗျားနဲ့ကျနော် ပြောနေတဲ့အခြေအနေ၊ လူထုရဲ့ စားဝတ်နေရေးကလည်း အများစုကြီးက ခင်ဗျားသိတဲ့အတိုင်းပဲ။ လူထုဘ၀ လုံခြုံရေးဆိုတာလည်း ဘာရှိလို့လဲ။ ဘယ်နေရာမှာရှိလဲ။ ကျနော်ပြောတာက။ အခုကိုရိုနာဗိုင်းရပ်စ်လေ၊ တစ်ကမ္ဘာလုံးပျံ့နေတာ၊ ဗမာပြည်ထဲ မတော်တဆရောက် လာရင် ဗမာမှာကာနိုင်တဲ့ Capacity ရှိတယ်လို့ ခင်ဗျားထင် လား။ ဘာမှမရှိဘူး။ အကုန်လုံးအစုလိုက် အပြုံလိုက် သေမယ့်ဘဝ။ အဲဒီလိုအခြေအနေမျိုးနဲ့ ကျနော်တို့တိုင်းပြည်က ရင် ဆိုင်နေရတာ။ ဆိုတော့အဲဒါကို ကနေ့ တပ်မတော်ပဲ ဖြစ်ဖြစ်၊နိုင်ငံရေး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ် ဆက်မိုက်မိုက် ကန်းကန်းနဲ့ ဘာပဲဖြစ်ဖြစ်လို့ ဆက်လုပ်ရင် လူထုဘဝ ကတော့ မထူးဘူး။ ကျနော်ပြောချင်တာအဲဒါပဲ။

ငြမ်းမီဒီယာ – အခြေခံဥပဒေပြင်ဖို့ခက်နေရတဲ့ အဓိကအကြောင်းအရင်းက မဏ္ဍိုင်သုံးရပ်မှာ တပ်မတော်ကရယူ ထားတဲ့ လုပ်ပိုင်ခွင့် အာဏာကို အထိပါးမခံနိုင်ခြင်းဖြစ်တယ် လို့ တချို့ကသုံးသပ်ကြတယ်။ ဒီအချက်ကို နိုင်ငံရေးပါတီ ဥက္ကဌ တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

UAMZ – အဲဒါဟုတ်တာပဲ။ အဓိက တပ်ရဲ့ မူ (၆) ချက်က၊ တပ်မူ (၆) ချက်က ငြိမ်းချမ်းရေးကိစ္စမှာလည်း အဟန့်အတား ဖြစ်နေတယ်။ အခုအခြေခံဥပဒေပြင်ဆင်ရေးမှာလည်း စောစောက အခန်း (၁၂) လိုကိစ္စမျိုးက နဂိုထဲက သူတို့ရည် ရွယ်ချက်ရှိရှိ ထည့်ထားတာလေ။ ဆိုတော့ ဟုတ်ပြီ၊ ကျနော် တို့တိုင်းပြည်ကို တကယ် ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်ကြမယ်ဆိုရင် ဒီကိစ္စတွေက တဖြည်းဖြည်းချင်းလျော့သွားရမယ့်ကိစ္စတွေလေ။ သူတို့ဒါကိုနားလည်ရမှာပေါ့။ သူတို့ ဘာ ကြောင့် ဒီလောက် တင်းခံနေရတာလဲ။ ကျနော်တို့တိုင်းပြည် ကို တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီကိစ္စတွေကို သူတို့ဖြေလျော့ပေးရမယ်။ ဒါကြောင့် သိပ်ပြီးမိုက်မိုက်ကန်းကန်း သူတို့ ဆက်ပြီး ရပ်တည်နေတဲ့ကိစ္စတွေက တိုင်းပြည်အတွက် မကောင်းဘူးလို့ ကျနော်ထင်တယ်။ တိုင်းပြည်အလားအလာအတွက် မကောင်းဘူးလို့ထင်တယ်။

ငြမ်းမီဒီယာ – လက်ရှိအခြေခံဥပဒေရဲ့ အခန်း(၁၅) ခုလုံးမှာပါတဲ့ ပုဒ်မအများစုဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မကိုက် ညီကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။ ဒီဥပဒေကိုပြင်ဆင်တာထက် အသစ်ရေးဆွဲသင့်တယ် လို့ ထောက်ပြတာ တွေလည်းရှိတယ်။ နိုင်ငံမှာ ဟိုးအရင် အခြေခံဥပဒေတွေကိုလည်း အတည်ပြုကြ၊ ဖျက်သိမ်းကြ လုပ်ခဲ့တာရှိတော့ Referendum နဲ့ အတည်ပြုခဲ့တယ်ဆိုတဲ့ ဒီ ၂၀၀၈ အခြေခံဥပဒေကို လူထုဆန္ဒခံယူပြီး အသစ်ရေးဆွဲဖို့ ဆောင်ရွက်လို့မရနိုင်ဘူးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAMZ – ကျနော်တို့ ဒီအခြေခံဥပဒေပြသနာဆိုတာက ဒီစာအုပ်ထဲမှာပါတဲ့အချက်အလက်တွေ၊ ဒီစာအုပ်ထဲမှာ ပါတဲ့ဥပဒေတွေကို ပြင်ရေးမပြင်ရေး၊ ဒါကတစ်ခုပေါ့။ တကယ့်ပြသနာက နိုင်ငံရေးပြသနာဖြစ်တယ်။ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ အဓိကနိုင်ငံရေးပြသနာကို၊ အရင်းအမြစ်ပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စိတ်ဆန္ဒမရှိကြဘူးဆိုရင် ပြင်လို့ရမှာမဟုတ်ဘူး။ အဲဒါဆိုရင် တခြား နည်းလမ်း တွေပေါ်လာနိုင် တယ်။ အခြေခံဥပဒေပြသနာဟာ လက်တွေ့ကနိုင်ငံရေးပြသနာဖြစ်တယ်။ ကနေ့ တပ်နဲ့လူထု ကြားမှာ ပြည်သူကြားမှာ ဖြစ်နေတဲ့ ပြသနာဖြစ်တယ်။ တပ်နဲ့ ပြည်သူကြားမှာ ပြဿနာမရှိဘူးလို့ ပြောလို့မရဘူး။ ပြဿနာမရှိလို့ လည်း ဒီအခြေခံ ဥပဒေကို ဒီအတိုင်းဖြစ်အောင်လုပ်တာ။ ကျနော်တို့တိုင်းပြည် က ဒီမိုကရေစီစနစ်ကို တကယ်ပဲသွားချင်တယ် ဆိုရင် စစ် တပ်ဟာ နိုင်ငံရေးက ထွက်ပေးရမှာပဲ။ အဲဒါကိုလည်း သူတို့ သဘောပေါက်တယ်လို့ထင်တယ်။ ပါးစပ်ကပြောတော့ သူတို့ သဘောပေါက် ပါတယ်၊ လက်တွေ့မှာသူတို့လုပ်မပေးနိုင် ဘူး။ စစ်တပ်ဟာ နိုင်ငံရေးတင်မဟုတ်ဘူး၊ စီးပွားရေးရော၊ လူမှုရေးရော အုပ်ချုပ်ရေး ကဏ္ဍအသီးသီးမှာ ပါနေတဲ့ကိစ္စက တကယ်တော့ ကျနော်တို့ရဲ့ဒီမိုကရေစီကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေတယ်။ တကယ်တမ်း ကျနော်တို့ဒီမိုကရေစီကို ကောင်းကောင်းမွန်မွန်ဖြစ်စေချင်တယ်၊ လှလှပပဖြစ်စေချင်တယ် ဆိုရင် ကျိန်းသေတာက တပ်ဟာ နိုင်ငံရေးက ဆုတ်ပေးရမှာ။ အစိုးရအနေနဲ့ကလည်း၊ အာဏာရပါတီအနေနဲ့ကလည်း အဲဒီကိစ္စကို တပ်နဲ့အကြေအလည် ညှိရနှိုင်း ရလိမ့်မယ်လို့ ထင်တယ်၊ ပြောရဆိုရလိမ့်မယ်လို့ထင်တယ်။ အဲဒီအခြေအနေတွေကို ပြောင်းဖို့အတွက် ဆွေးနွေးကြတဲ့အခါ တပ် က လည်းပဲ လွှတ်တော်ထဲမှာ သူကမခံနိုင်ဘူးလေ။ ဟုတ်တယ် မလား။ အဲဒီလိုဖြစ်နေတာ။ ဆိုတော့ ကျနော်တို့အနေအထားက ခင်ဗျား ပြောသလို အသစ်ရေးမလား၊ ပြင်မလားဆိုတာထက် ပြင်တယ်ဆိုတာလည်း ဒီဘောင်ထဲကပြင်တယ် ဆိုရင် အသစ် ဖြစ်အောင် ပြင် လို့ရပါတယ်။ အသစ်ပြန်ရေးတာလည်း အသစ်ရေးလို့ရပါတယ်။ အဓိက ကတော့ ဒီအထဲမှာ ပါဝင် ပတ်သက်နေတဲ့ လူတွေက ဒါကို ပြင်ရမယ်၊ ဒါကို ပြောင်းပစ်ရမယ်ဆိုတဲ့ အခြေခံသဘောထားရှိဖို့လိုတာပါ။

ငြမ်းမီဒီယာ – ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ လျော်ညီအောင် ပြင်ဆင်လိုက်ရင် တချို့ပြောနေသလို ‘အချိန်မတန်သေးဘဲပြင်လိုက်ရင် တိုင်းပြည်ချောက် ထဲကျသွားမယ်’ ဆိုတာမျိုး ဖြစ်နိုင်တယ်လို့ထင်ပါသလား။

UAMZ – အခု ကျကျနော်တို့တိုင်းပြည်က ဒီမိုကရေစီမဟုတ် တဲ့အခါကျတော့၊ ဖက်ဒရယ်စစ်စစ်မဟုတ်တဲ့ အခါကျတော့ အဲဒါ ကျနော် တို့တိုင်းပြည်က ချောက်ထဲမှာရှိနေတာမဟုတ် ဘူးလား။ ကျနော်တော့ အဲဒီလို နားလည်တယ်။ ကျနော်တို့ တိုင်းပြည်က ပြည်သူပြည်သားတွေအားလုံးက ချောက်ထဲကတက်ဖို့၊ လွတ်ဖို့ မြောက်ဖို့ ကျနော်တို့ကြိုးစားကြတယ်။ ကြိုးစားကြတာတောင် အနှစ် (၃၀) (၄၀) ကြာပြီလေ။ အခုနည်း နည်းလေး ပွင့်လာပြီ၊ လမ်းကြောင်းပေါ်ကိုရောက်လာပြီလို့ ပြောလို့ရပေမယ့် အခုလမ်းခုလတ်မှာ တစ်သလို ဖြစ်နေတယ်။ ဆိုတော့ အဲဒါကို ထပ်ပြီးတော့ ရှေ့ကိုဆက်သွားနိုင်ဖို့ အတွက် ကျနော်တို့ ပြောကြဆိုကြ တွန်းကြတိုက်ကြနဲ့ လုပ် နေကြရတာ။ အဲဒီတော့ ချောက်ထဲကျတာတွေ မကျတာတွေတော့ ကျနော်မသိဘူး၊ လောလောဆယ် ကျနော်တို့အကုန်လုံးက ချောက်ထဲမှာ၊ တစ်တိုင်းပြည်လုံးက ချောက်ထဲမှာ။ စီးပွားရေးအရပဲကြည့်ကြည့်၊ နိုင်ငံရေးအရပဲကြည့်ကြည့်၊ လူမှုရေးအရပဲ ကြည့်ကြည့် တခြားတိုင်းပြည်တွေနဲ့ စာလိုက်ရင် ကျနော်တို့က တော်တော်နောက်ကျတဲ့အခြေအနေမှာရှိနေတယ်။ အဲဒီ အခြေအနေ ကကျနော်တို့ ချောက်ထဲမှာ ရှိနေတဲ့အခြေအနေမဟုတ်ဘူးလား။ ကျနော်တို့ ဖက်ဒရယ်လို့ပြောနေတာ၊ ကျနော်တို့ ဒီမိုကရေစီလို့ ပြောနေတာ၊ ကျနော်တို့ ငြိမ်းချမ်းရေးလို့ပြောနေတာက အဲဒီချောက်ထဲကနေပြီးတော့ ကျနော်တို့ပြည်သူပြည်သားတွေ လွတ်ဖို့အတွက် ကို ကျနော် တို့ကြိုးစားပြီးပြောနေကြတာ။အဲဒါကို အဟန့်အတား လုပ်တဲ့ သူတွေက ဒီချောက်ထဲမှာ ကျနော်တို့ကို ဆက်ရှိဖို့ လုပ်နေ သလို ဖြစ်မနေဘူးလား။ ကျနော်တော့ အဲဒီလိုနားလည်တယ်။

ငြမ်းမီဒီယာ – အခုအခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေရဲ့ နိုင်ငံနဲ့ပြည်သူ အပေါ်ထားတဲ့ နိုင်ငံရေး စေတနာ၊ နိုင်ငံအကျိုးအတွက်ဆောင်ရွက်ဖို့ စိတ်ဆန္ဒ Political Will ကို ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

UAMZ – အဲဒီ Will ကြောင့် ကျနော်တို့တိုင်းပြည် ဒုက္ခရောက်နေတာပေါ့။ အဲဒီလို Will မရှိလို့ ကျနော်တို့ အနှစ် (၃၀) လောက် ကြာခဲ့ ရတယ်။ အခုနည်းနည်းလေး ပွင့်လာတဲ့အခါကျတော့လည်း Will မရှိတဲ့အခါ ဆက်သွားဖို့မှာ ကျနော်တို့ တော်တော်လေး အနှောင့်အယှက်ဖြစ်နေတယ်။ ကျနော်တော့ အဲဒီလိုမြင်တယ်။ အဲဒီ စိတ်ဆန္ဒတွေက လူထုမျက်နှာကို သေသေ ချာချာ တည့်တည့်မကြည့်ဘူး။ လူထုအပေါ်မှာ စေတနာသန့်သန့် မရှိတဲ့အခါကျတော့ ခုနကလို ကဖျက်ယဖျက်တွေများလာတယ်။ ကျနော်တော့ အဲဒီလိုထင်ပါတယ်။

ငြမ်းမီဒီယာ

အပိုင်း (၂) ကိုဆက်လက်ဖော်ပြပါမည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,