တပ်မတော်ကို နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်စေချင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PM/ALD/ ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်

၂၀၀၈ ဖွဲ့စည်းပုံကို ပါးပါးလေးပြင်လိုက်လို့ ဘာမှ မပြောင်း ပါဘူး။ ကျနော်တို့အမြဲတမ်းပြောတယ်။ ကျနော်တို့ခေါင်းဆောင်းတွေ ပြောခဲ့တယ်။ဒီဖွဲ့စည်းပုံဟာ စ၊လယ်၊ဆုံး ပြင်ရမယ်။မဟုတ်ရင် အကုန်လုံးကိုဖျက်ပြီး …

လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ် ၏အခြေအနေ။ အာဏာရNLD ပါတီနှင့်တိုင်းရင်းသားများ၏ ဆက်ဆံရေးအခြေအနေ စသည်တို့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ( Arakan League For Democracy) ၏ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ– ရခိုင်နဲ့ ရှမ်းက ရွေးကောက်ပွဲတွေမှာ တော်တော်လေးအားကောင်းကောင်းနဲ့ အနိုင်ရခဲ့တာတွေ ရှိပါတယ်။ဒီတော့ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် အနိုင်ရလဒ်ကနေ ဘာတွေမျှော်လင့်ထားလဲခင်ဗျ။

UMK – ရခိုင်ပြည်မှာရခိုင်အများစုနိုင်ရင် ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့နိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူများတွေရဲ့ လက်ဝေခံ ထက်စာရင် ကျနော်တို့ဒေသခံ၊ကျနော်တို့ ပြည်သူတွေ ရပိုင်ခွင့်တွေကို ပိုပြီး တိတိကျကျနဲ့ ကိုယ်တိုင်ဦးစီး ဆောင်ရွက်နိုင်မယ်ပေါ့။ တချို့တချို့ဟာတွေမှာ ရပိုင်ခွင့်တွေ ထဲမှာဆိုတာ အခုက အတော်များများက ဘတ်ဂျက်ကိုပဲ မြင်ကြတယ်။ ဘတ်ဂျတ်မဟုတ်ဘဲနဲ့ ကျနော်တို့ လူမျိုးတွေအတွက် ကျနော်တို့ လုပ်နိုင်တဲ့ တခြား ကိစ္စတွေပေါ့ဗျာ။နိုင်ငံရေး ကိစ္စတွေရှိမယ်။ကျနော်တို့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ ရှိမယ်။ကျနော်တို့အမျိုးသားတွေ ကျွမ်းကျင်ပြီးတော့ ကျနော်တို့ လုပ်ပေးလို့ရတဲ့တခြားဟာတွေအများကြီး ရှိပါတယ်။ ဒီဟာတွေ အတော်များများက နိုင်ငံရေးအာဏာနဲ့ဆိုင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– တချို့ဆိုကြတာမှာလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုချေ က ရခိုင်တိုင်းရင်းသားပဲ။ ရခိုင်တိုင်းရင်းသား တစ်ယောက် က ရခိုင်ပြည်သူတွေအတွက် စွမ်းဆောင်နိုင်မယ်လို့ မထင်ဘူးလားခင်ဗျ။ဘာမှ မလုပ်ပေးနိုင်လို့လား။

UMK – အဲဒါက ဒီလိုရှိတယ်။ကျနော်တို့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဖြစ်တယ်။ကျနော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် မူ ကိုယ်တိုင် က ရခိုင်ပြည်သူနဲ့ ရခိုင်ပြည် အကျိုးစီးပွားအပေါ်မှာ ကျနာ်တို့ အခြေတည်ပြီး ပါတီ ထောင် လာ ကြတာဖြစ်တယ်။ ရှင်းတယ်။အခု ဦးညီပုကိုပြောတယ်။ သူက တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဖြစ်တယ်။တစ်နိုင်လုံးကို လွှမ်းခြုံတဲ့ အစိုးရ ဖြစ်တယ်။ အဲဒီမှာ သူတို့ပါတီမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား မူချထားတာ မရှိဘူး။ အဲဒီတော့ သူက အဲဒီပါတီရဲ့ အပေါ်က အမိန့်အရပဲ တာဝန်ထမ်းပေး ရတာဖြစ်တယ်။ ဘယ်လောက်ပဲ သူကရခိုင်ဖြစ်လို့ဆိုပြီး ဒါတော့ ငါလုပ်ပေးရမယ် ဆိုပြီးတော့ လုပ်လို့မရပါဘူး။ ပါတီရဲ့ချမှတ်ထားတဲ့အတိုင်းပဲ သူသွားရမှာဖြစ်ပါတယ်။ ဒါကတော့ ပါတီတစ်ခုရဲ့ လုပ်ထုံး လုပ်နည်း မှာ ဒီအတိုင်းပဲ ရှိမှာပါ။

ငြမ်းမီဒီယာ– အခုလက်ရှိအခြေအနေတွေအရ ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ထင်လားခင်ဗျ။

UMK – အခုအခြေအနေထိကတော့ အဆင်မပြေဘူး။ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ အပေါ် တစ်ခြမ်းက အခုချိန်မှာ အုပ်ချုပ်ရေးယန္တရား ပျက်နေပြီ။ အုပ်ချုပ်ရေးယန္တရားပျက်နေတဲ့ ဒီအချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာက အတော်လေး မလွယ်ဘူး ထင်တယ်။ ဒါပေမယ့် အရိပ်အယောင် တစ်ခု မြင်ရတာကတော့ အခု အေအေ တပ်တော်က သူကတော့ သူတို့နဲ့ညှိနှိုင်းပြီးရင် သူတို့လည်း ရွေးကောက်ပွဲ ဖြစ်ချင်တယ် ဆိုတဲ့ဟာမျိုး အသံထွက်ထားတယ်။ အဲလိုမျိုး ညှိနှိုင်းမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင် သူတို့သဘောမညှိနှိုင်းရင်တော့ ဒီကိစ္စကြီးက ရွေးကောက်ပွဲ ဖြစ်ဖို့က အတော်လေးခက်ခဲပါလိမ့်မယ်။

ငြမ်းမီဒီယာ– အကယ်၍ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင်ရော ။

UMK – ရွေးကောက်ပွဲ မဖြစ်ခဲ့ရင် တော့ ရခိုင်ပြည်ကိုကတော့ သူတို့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရပေါ့ဗျာ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် မရှိတော့ လွှတ်တော်မရှိဘူးပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေမရှိတော့ ပြည်သူတွေရဲ့ အသံကို မထုတ်နိုင်ဘူး။ သူတို့အုပ်ချုပ်တဲ့အဆင်ဆင့်ကနေပြီးတော့ တပ်ကပဲလာမှာပေါ့။ဒါကတော့ ထုံးစံပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– ရွေးကောက်ပွဲ နိုင်ငံရေးမရှိရင် တိုက်ပွဲ အရှိန်ကလည်း ပိုမြင့်လာနိုင်တဲ့ အခြေအနေရှိနေမှာပေါ့။

UMK – သေချာတာပေါ့ဗျာ။အခုကတော့ ဘာပဲဖြစ်ဖြစ်လေ ကျနော်တို့ပြည်နယ်မှာ မြို့နယ် အသီးသီးမှာ နေပြီးတော့ သက်ဆိုင်ရာ ဒေသကိုသွားနေတဲ့ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ဒီကနေ ပြည်သူတွေရဲ့ အသံကို ကျနော်တို့ လွှတ်တော် ထဲမှာ  ကြားနိုင်တယ်။မီဒီယာတွေမှာလည်း ပြောနေကြတာတွေ ရှိတယ်။သူ့ရပ်၊သူ့ရွာမှာလည်း တွေ့ဆုံဖြေရှင်းတာတွေ ရှိနေကြ တာပဲ။တနည်းအားဖြင့်ပြောရင် လွှတ်တော်အသံ ပြည်သူ့အသံ ဆိုသလိုပေါ့။ ဒီအသံတွေ ကြားနေရတဲ့အထဲမှာ ဒီအသံပေါ် လိုက်ပြီးတော့ သက်ဆိုင်ရာ လွှတ်တော် က သော် လည်းကောင်း၊ပြည်ထောင်စု က သော်လည်းကောင်း၊ အစိုးရ အဆင့်ဆင့် ကသော်လည်းကောင်း၊ ဌာနဆိုင်ရာတွေကသော်လည်းကောင်း ဒီဟာတွေကို သူတို့ လိုက်ပါဆောင်ရွက်ပေးရတာ၊ အရေးယူ ဆောင်ရွက် ပေးရတာရှိတယ်လေ။ အကယ်၍ ဒီကိုယ်စားလှယ်တွေ မရှိဘူးဆိုရင် ဘယ်သူက အဲဒီဟာကို ပြောကြတော့မလဲ။ ကျနော်တို့လို နိုင်ငံရေးအဖွဲ့အစည်းတွေ ပြောတယ်ဆိုရင်တောင်မှ တကယ် နိုင်ငံရေး အဖွဲ့အစည်းဆိုတာက ရခိုင်ပြည်နယ်မှာက အခု လှုပ်လို့မရလောက်အောင်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဘောင်ကကျဉ်းသွားပြီ။ ရခိုင်ပြည်နယ်မှာနိုင်ငံရေး ဆိုတဲ့ဟာက သိပ်စိတ်ဝင်စားဖို့မကောင်းတော့ဘူး။ နေ့တဓူ၀ အကုန်လုံး တိုက်ပွဲတွေနဲ့ စစ်ဖြစ်နေတဲ့အပေါ်မှာအခြေခံပြီး ပြောနေကြတာတွေရှိတယ်လေ။

ငြမ်းမီဒီယာ– အခု ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရှိနေသလို စစ်ဘေးရှောင်ရတဲ့ ပြည်သူအရေအတွက်ကလည်း တိုးလာတယ် လို့ကြားပါတယ်။အဲဒီတော့ ဒါတွေကို ဘယ်လိုနည်းလမ်းတွေနဲ့လျှော့ချနိုင်မလဲခင်ဗျ။ တိုက်ပွဲတွေလျော့အောင် နှစ်ဦးနှစ်ဘက် ကို ဘယ်လို လုပ်လို့ရနိုင်မလဲ။

UMK – နှစ်ဦးနှစ်ဘက်ဆိုတာက အစိုးရလည်းပါတာပေါ့ဗျာ။ ကျနော်တို့ နိုင်ငံရဲ့ပြဿနာက တပ်က အခုချိန်အထိ အစိုးရအောက်မှာ မရှိဘူးဗျ။ လိုအပ်တဲ့အခါတော့ နိုင်ငံတော်သမ္မတရဲ့အမိန့်အရ သူတို့ ရပ်တည်တယ်လို့ ပြောတယ်။ ဒါပေမယ့် တကယ်ရော ရပ်တည်ရဲ့လား ဆိုတာ မီဒီယာလည်း သိတယ်၊ လူအများလည်း သိပါတယ်။အဲဒါတစ်ချက်။ နောက်တစ်ခုပြောချင်တာက ကျနော်တို့ တပ်မတော်က ကျနော်တို့ တိုင်းရင်းသားပြည်သူတွေနဲ့ တိုက်ပွဲဖြစ်လာတာ နှစ်ပေါင်း ခုနှစ်ဆယ်ပါ။ လွတ်လပ်ရေးနဲ့ အတူပါ။ ဘယ် တိုင်ရင်းသား ကို အပြတ်ချမှာတို့၊အမြစ်ပြတ်ချေမှုန်းမှာတို့ အခုအချိန်ထိ ဘယ်တိုင်းရင်းသားမှ အမြတ်ပြတ် သွားတာ မရှိသေးဘူး။ တပ်မရှိတဲ့ လူမျိုးတွေတောင် တပ်တွေထောင်လာကြတယ်။ အဲဒါကဘာလဲဆိုတော့ ဒီနိုင်ငံမှာက လက်နက်ကိုင် မရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတောင်သွားလို့မရဘူး။ဘယ်သူမှ အရာမသွင်းဘူး။ အရာမဝင်ဘူးဆိုတဲ့ အတွေးအခေါ် တွေရလာ တယ်။အဲဒါကြောင့် တိုင်းရင်းသား မျိုးနွယ်စုတွေက လက်နက် တွေ ကိုင်လာကြတယ်။ ငြိမ်းချမ်းရေး အတွက်ဆိုရင် တပ်မတော် ကိုယ်တိုင် သူတို့ခေတ်အဆက်ဆက် သုံးနေ ခဲ့တဲ့ သူတို့ရဲ့ဗျူဟာတွေ အတွေးတွေ အဲဒီကနေ ဖောက်ထွက် ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုဆိုရင် ညီအစ်ကို စိတ်ဓာတ်ထားကြရအောင်။ ညီအစ်ကို စိတ်ဓာတ် အမှန်တကယ် ထားကြရအောင်။ အပြောကြီးပဲ မဟုတ်ဘဲနဲ့လေ။ ဘာဖြစ်လို့ တခြား တခြား သူများတွေ အားကျ အောင် ငါတို့တစ်စု လူတစ်စု လူတစ်ဖွဲ့ အတွက်နေပြီးတော့ တပ်အဖြစ်မရှိပါနဲ့။ အကုန်လုံး ကျနော်တို့ ပြည်ထောင်စုရဲ့ တပ် ဖြစ်အောင် လုပ်ကြ ရအောင်။

ငြမ်းမီဒီယာ– ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ခရီးစဉ်ကို လာသွားတော့ ဘာတွေထူးခြားမှုရှိလဲခင်ဗျ။ ဘာတွေရောဆွေးနွေးခွင့်ရလဲ။

UMK – ပြီးခဲ့တဲ့ ဒီဇင်ဘာလပိုင်းက မာန်အောင်ဆိုလာ ဓာတ်အားစက် လာဖွင့်ပေးသွားတယ်။လာတာက ခဏပါ။ ထူးခြားတယ်ဆိုတာက ရခိုင်ပြည်ကို ဒီလိုအချိန်မျိုးမှာ ထူးထူးခြားခြားရောက်လာတယ်ဆိုတဲ့ဟာပါ။ဒါပေမယ့် တကယ့်တကယ် တခြားပြည်နယ်နဲ့တိုင်းတွေမှာ တွေ့သလို လူငယ်တွေနဲ့တွေ့တာတို့၊ပြောတာတို့ကတော့ ဒီလောက် အထိ မဟုတ်ဘူးပေါ့။သူ့ပါတီကလူတွေကပဲ ဝဲလ်ကမ်းလုပ် တယ်။ကြိုဆိုတယ်။သြဝါဒခံတယ် ဒီလောက်ပဲရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– NLD ပါတီ ကို ယုံအကြည်မရှိတော့ဘူးလို့ တိုင်းရင်းသား ပါတီ တချို့က မီဒီယာကို တရားဝင် ထုတ်ဖော် ပြောကြားလာတာရှိတယ်။ALD ပါတီ ကရောNLD အပေါ် ဘယ်လို သဘောထားလဲခင်ဗျ။

UMK – ကျနော်တို့ကတော့ သူ့ပါတီ သူ့အလုပ်သူလုပ်မယ်။ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ သို့သော် ရခိုင်ပြည်နယ်မှာတော့ သူတို့နဲ့ ကျနော်တို့က ပြိုင်ဘက်ပေါ့ဗျာ။ သူလည်း နိုင်ငံရေးပါတီဖြစ်တယ်။ ပြည်ထောင်စုကို လွှမ်းခြုံ ထားတဲ့ပါတီဖြစ်တယ်။ ကျနော်တို့လည်း ရခိုင်ပြည်နယ်မှာ နေပြီးတော့ ရခိုင်ပြည်နယ်မှာ အစဉ်အလာရှိတဲ့ပါတီဖြစ် တယ်။အဲဒီတော့ သူတို့နဲ့ပြိုင်မယ်။ နောက်တစ်ခုက ရခိုင်ပြည် နယ်တင် မကဘူး။ ကျနော်တို့က တိုင်ရင်းသားရေးရာ ဝန်ကြီး ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းမှာ ရှိနေတယ် ဒီနေရာမှာလည်း သူတို့နဲ့ပြိုင်မယ်။ ဒီမိုကရေစီရွေးကောက်ပွဲဖြစ်တယ်။သူတို့ဟာ ကျနော်တို့ ပြိုင်ဘက်ဖြစ်တယ်။

ငြမ်းမီဒီယာ– နိုင်ငံတကာမီဒီယာတွေမှာ ရိုဟင်ဂျာလို့ခေါ်ဝေါ် သုံးစွဲပြီး ဒီမှာတော့ ဘင်္ဂါလီလို့ ခေါ်လေ့ ရှိတာပေါ့။ ရခိုင် ပြည်နယ်မှာဖြစ်ခဲ့တဲ့ အဲဒီပြဿနာတွေနဲ့ပတ်သက်ပြီး အိုင်စီဂျေမှာတရားစွဲခံရတယ်။အဲဒီ ကိစ္စ နဲ့ပတ်သက်ပြီးတော့ ရော ဘယ်လိုများ မြင်လဲခင်ဗျ။

UMK – ဒီကိစ္စက ခေတ်အဆက်ဆက် ကျနော်တို့နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေမှာတာဝန်ရှိတယ်။ဒီလူတွေ အလုံးအရင်း ဝင်လာတာ အင်္ဂလိပ်ခေတ်မှာ။ တနည်းအားဖြင့် ပြောရရင် ဒါကတော့ သူတို့ရဲ့စီးပွားရေးနဲ့ ဆိုင်တာ ပေါ့။ဒီဘက်မှာနေပြီးတော့ အလုပ်သမားတွေမရှိဘူး။ဟိုဘက်မှာ အလုပ်သမားတွေရှိတယ်။ပေါပေါလောလောနဲ့ ဒီဘက်ကို သွင်းလာတယ်။ အဲဒီကနေ စတာပေါ့။ နောက်ပိုင်းလည်း ဟိုဘက်မှာ နိုင်ငံကကျဉ်း၊သဘာဝဘေး အန္တရာယ်ကများ၊လူဦးရေ ပေါက်ဖွားနှုန်းက အင်မတန် များဆိုတော့ သူတို့ရဲ့ ရေကြည်ရာ မြက်နုရာက ဒီဘက်ဖြစ်လာတယ်။ ဒီလိုမျိုးဖြစ်လာတဲ့ဟာကို ဘယ်အစိုးရကမှ တားဆီးခဲ့တာ မရှိဘူး။ ဦးနေဝင်းလက်တုန်းက တားဆီးတယ်၊မောင်းထုတ်တယ် ။ဒါပေမယ့် မောင်းထုတ်တာက သောင်းဂဏန်းဆို ပြန်ဝင်လာ တာက သိန်း ဂဏန်း။အဲဒါကလည်း ဟိုမှာ နောက်ထပ်တစ်ဝက် ကျန်သေးတယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ ဟသာင်္တို့၊ နဂါမင်း စစ်ဆင်ရေးတို့ လေ့လာကြည့်ရင်တွေ့မှာ ပါ။အခုစပြီးဖြစ်တဲ့ ကိစ္စမှာလည်း အစိုးရကသူနဲ့မဆိုင်သလိုလို ဒီဟာက ရခိုင်နဲ့ ဘင်္ဂါလီ ဖြစ်တဲ့ပြဿနာမျိုး ဒါမျိုးတွေ လုပ်တယ်ဗျ။ ဒါကပြည်ထောင်စု ပြဿနာဗျ။ခေတ်အဆက်ဆက် မှာ နေပြီးတော့ သူတို့ ခေတ်အဆက် အစိုးရက လိုတဲ့အခါ မဲပေးခိုင်းတယ်။ လိုတဲ့အခါ မဲခံခိုင်းတယ်။ လိုတဲ့အခါ သူတို့ကနေပြီးတော့ ကတ်ပြားတွေ ပေးတယ်။ မလိုတဲ့ အခါကျတော့ အဲဒါတွေကို ဟိုဟာပြန်လုပ်တယ်။ ဒါပေမယ့် ကျနော်တို့တွေဖြစ်နေတဲ့ ပြဿနာကျတော့ ရခိုင်နဲ့ ဘင်္ဂါလီ ပြဿနာ ဖြစ်တယ် သူတို့ကတော့ ဒိုင်လူကြီးလိုလို၊ အဆုံးအဖြတ်ပေးတဲ့တရားသူကြီးလိုလို လုပ်နေကြ တယ်။အဲဒီတော့ ရှင်ရှင်းပြောရရင် အပ်နဲ့ထွင်းရမှာ ပုစိန်နဲ့ပေါက်ရမယ့်အနေအထား ရောက်သွား တာပေါ့ ဗျာ။

ငြမ်းမီဒီယာ– မကြာသေးခင်က ခူမီး အဖွဲ့တွေက အေအေရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကြေညာချက် တစ်စောင်ထုတ်ပြန် တာတွေ့ရ တယ်။အဲဒါကတော့ အေအေ က ခူမီး ကို ရခိုင်မျိုးနွယ်စု အဖြစ်သုံးနှုန်းတာကို ကန့်ကွက်တာ။ နောက်တစ်ခုက ပလက်ဝကို ရခုင် ပြည်နယ်ထဲ ပါဝင်ချင်သဘောနဲ့ အေအေ က ဒီလိုသုံးစွဲတာ ဖြစ်တယ်လို့ မှတ်ချက်ပြုထားတာလည်း တွေ့ရတယ်ခင်ဗျ။ ဒီ အခြေအနေ ပေါ်ရော ဘာများ မှတ်ချက်ပြုချင်လဲ။ ဘယ်လို မြင်လဲခင်ဗျ။

UMK – ဒီဟာကတော့ အဲဒီဒေသမှာရှိတဲ့ လူမျိုးတွေရဲ့ အဓိက ပြဿနာပါ။ကျနော်တို့မြင်လိုက်တာက ပလက်ဝဆိုတာထက် ဒီနေ့အခါတော့ ချင်းပြည်နယ်ပေါ့ဗျာ။ တစ်ချိန်တုန်းက Hill Tracts အင်္ဂလိပ်လက်ထက်မှာ ရခိုင်တောင်တန်းဒေသပေါ့ဗျာ။ ဒါမျိုးတွေ ရှိတယ်။ နောက်အခု ခူမီး၊ခမီးဆိုတာ ကျနော်တို့ ဒေသမှာ ခမီလူမျိုးဆိုတာရှိတယ်။သူတို့တွေနဲ့ ခူမီး၊ခမီ က စကားပြောလို့ ရတယ်။တနည်းအားဖြင့်ပြောရင် စကားပေါက်တယ်။ဒါပေမယ့် ဒီဘက်မှာခမီ က ရခိုင်မျိုးနွယ်စုထဲမှာပါတယ်။ ဟိုဘက် ခူမီး၊ခမီး ကတော့ ချင်းမျိုးနွယ်စုထဲမှာပါတယ်။ ဒီဟာတွေက ကျနော်တို့နိုင်ငံရဲ့ ပြဿနာတွေထဲမှာ တချို့က ကျနော်တို့ ပြောသလိုပေါ့ ရှစ်ပြည်နယ်၊ရှစ်ယူနစ်ကိုပြောလို့များ (၁၃၅)မျိုးတို့၊(၁၄၁)မျိုးဆိုတဲ့ဟာမျိုးက ဖန်တီး တာလား ဆိုတာ နိုင်ငံရေးအရ ကျနော်တို့က စဉ်းစားစရာဖြစ်တယ်။ မျိုးနွယ်စု အသီးသီးတွေပေါ့ဗျာ။ဒါကတော့ ဘာပဲဖြစ်ဖြစ်အရေးကြီးတယ်။ ကျနော်တို့တိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တယ်။ဒါပေမယ့် တချို့ဟာတွေက တမင်များ အဲဒီနေရာ၊အဲဒီနေရပ်ထဲ အချင်းချင်းတွေ Divide and Rule လုပ်နေသလား အဲလိုလည်းခံစားမိတယ်။ဒါပေမယ့် ဒါ အေအေပြောတာ ပဲဖြစ်ဖြစ်၊ခူမီးတွေက ပြောတာပဲဖြစ်ဖြစ် ဒါတွေက ဒီဒေသမှာ ရှိတဲ့ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းညှိနှိုင်းပြီးတော့ လုပ်ကြရမယ့်ကိစ္စပါ။ တစ်ယောက်ကို တစ်ယောက် နစ်နာ ပြောလိုက်လို့မရဘူး။နောက်တစ်ခုက အခုချင်းမှာ (၅၃)မျိုး ရှိတယ်။ ဒါပေမယ့် စကား(၅၃)မျိုးလားဆိုတာ မေးစရာရှိ တယ်။ လူမျိုးတစ်မျိုးဖြစ်ရမယ်ဆိုတဲ့ အရည်အချင်းမှာ သီးခြားကွဲပြားတဲ့စကားတွေ၊ယဉ်ကျေးမှုထုံးစံတွေရှိတယ်။ လူဦးရေ အဲဒါမျိုးတွေ ပေါ့ဗျာ။ တချို့က လူမျိုးရှိတယ်။လူမျိုး နာမည် မရှိဘူး။(၁၃၅)မျိုးမှာ မပါတဲ့ဟာတွေ ကျန်နေသေးတယ်။ ဒီဟာတွေရော ဘယ်လို လုပ်ကြမလဲ။

ငြမ်းမီဒီယာ– ပြည်ထောင်စုလွှတ်တော်ဥက္ကဌက ဖွဲ့စည်းပုံက ဒီအစိုးရသက်တမ်းမှာအပြီးပြင်မယ်ဆိုတော့ ၂၀၂၀ မှာအပြီး ပြင်နိုင်ပါ့မလား။

UMK – ပြင်တယ်ဆိုတဲ့ဟာမှာ ဖွဲ့စည်းပုံမှာ လျှော့ဈေးနဲ့ပေးထား တာေ တွရှိတယ်။သိပ်အရေးမပါတာတွေပေါ့။ ဒါတွေကတော့ ပြင်လို့ရမှာပေါ့။ဒီဖွဲ့စည်းပုံ မိန်းကျောရိုးက လာခြင်းမကောင်းဘူး။ ဒီဖွဲ့စည်းပုံက အနိုင်ရနိုင်ငံရေးပါတီတွေနဲ့ရေးဆွဲထားတာ မဟုတ်ဘူး။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ပါးပါးလေးပြင်လိုက်လို့ ဘာမှ မပြောင်းပါဘူး။ ကျနော်တို့အမြဲတမ်း ပြောတယ်။ ကျနော်တို့ ခေါင်းဆောင်းတွေ ပြောခဲ့တယ်။ဒီဖွဲ့စည်းပုံဟာ စ၊လယ်၊ဆုံး ပြင်ရမယ်။မဟုတ်ရင် အကုန်လုံးကိုဖျက်ပြီး အသစ် ပြန်ရေးရမယ်။ အဲဒီနှစ်မျိုးမှာ တစ်မျိုးဖြစ်မှ အဆင်ပြေပါလိမ့်မယ်။

ငြမ်းမီဒီယာ– နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်လာနေမှုအပေါ် အမြင် ကွဲတာတွေရှိပါတယ်။ တချို့ကလည်း တပ်မတော် ရှိနေ သင့်တယ် ပြောသလို ၊ဖြေးဖြေးခြင်း လျှော့ဖို့ပြောတာရှိသလို လုံးဝကို မရှိသင့်ဘူးလို့ ပြောတာမျိုးလည်း ရှိပါတယ်။ ဒီအပေါ်ကိုရော ဘာပြောချင်လဲခင်ဗျ။

UMK – အမှန်ကတော့ တပ်မတော်ကို နိုင်ငံရေးနဲ့ဘာမှ မပတ်သကစေချင်ဘူး။တပ်မတော်ရဲ့မူလအလုပ် နိုင်ငံကို ကာကွယ်ဖို့ပဲ သုံးသင့်ပါတယ်။ အဲဒီတော့ တပ်မတော်က နိုင်ငံရေးထဲပါနေတဲ့အတွင်းမှာ တိုင်းရင်းသားပြဿနာေ တွရော၊မငြိမ်းချမ်းတဲ့ဟာတွေရော အကုန်လုံးဖြစ်နေတာက အခုလိုပါဝင်နေလို့ပဲ။

ငြမ်းမီဒီယာ– ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကရော ဒီအစိုးရ လက်ထက်မှာအောင်မြင်ပါ့မလား။

UMK – ရှင်းရှင်းပြောရရင် မအောင်မြင်ဘူးဗျ။

ငြမ်းမီဒီယာ– ဘာကြောင့်မအောင်မြင်နိုင်တာလဲ။

UMK – အခုအခြေအနေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အစည်းအဝေးခေါ်တာတောင် မရောက်ဘူး။ မဖြစ်နိုင်ဘူး။ ညီလာခံကျင်းပဖို့ ရက်တောင်အများကြီးကျော်သွား တယ်လေ။အဲဒီလိုဟာမျိုးက ဘယ်လိုလုပ်ငြိမ်းချမ်းရေး အောင်မြင်မလဲ။ပြီးခဲ့တဲ့ ငြိမ်ချမ်းရေးဆွေးနွေးပွဲမှာလည်း ငြိမ်းချမ်းရေးကိစ္စမဟုတ်ဘဲနဲ့ Gender အကြောင်းပဲ ဆွေးနွေးကြတဲ့အနေအထားမျိုး ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်လိုလုပ် အလုပ်ဖြစ်မလဲ။

ငြမ်းမီဒီယာ– ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ဘယ်လိုမြင်လဲ။

UMK – နဂိုတုန်းကတော့ ကျနော်တို့လည်း အားကိုးလို့၊ယုံကြည်လို့ လက်တွဲခဲ့တာပေါ့ဗျာ။ဒါပေမယ့် ဒီဘက် အပိုင်းမှာ ကျနော်တို့ ယုံကြည်မှုက အတော်လေး ပျောက်ကွယ်သွားတယ်။ ကျနော်တို့ မျှော်လင့်ချက် ဆိတ်သုဉ်းသွားတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းစေ့စပ်မှုတွေ လုပ်တဲ့သဘော မတွေ့ရဘူး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,