Y8 အမျိုးအစား တပ်မတော်လေယာဉ် အတက်တွင် လမ်းချော်မှုကြောင့် ပြေးလမ်းခေတ္တပိတ်ထားရကြောင်:
စက်တင်ဘာ(၅)၊၂၀၁၉၊ရန်ကုန်
Y8 အမျိုးအစား တပ်မတော်လေယာဉ် အတက်တွင် လမ်းချော်မှုကြောင့် ပြေးလမ်းခေတ္တပိတ်ထားရကြောင်း မြန်မာလေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းMADA(Myanmar Aviation Development Association)ကသတင်းထုတ်ပြန်သည်။
လေယာဉ်ပြေးလမ်းအား နေ့လည် ၂:၂၀ ခန့်တွင်ပြန်လည်ဖွင့်လှစ်ရန် လျာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့်လေယာဉ်ပြေးလမ်း ဖွင့်ချိန်ကို ၄:၂၀ သို့ ပြောင်းရွှေ့ထားကြောင်း ရန်ကုန်လေဆိပ်မှ ရရှိသောသတင်းအချက်အလက်အရသိရသည်။
ဖြစ်စဉ်အသေးစိတ်ကိုမူ၎င်းတို့အနေဖြင့်မသိရှိရသေးကြောင်းနှင့်ပြောခွင့်လည်းမရှိကြောင်း သတင်းရင်းမြစ်က ငြမ်းမီဒီယာ၏ မေးမြန်းမှုကို ဖြေကြားသည်။
ရန်ကုန်လေဆိပ် ပြေးလမ်းယာယီပိတ်ထားသဖြင့် ရန်ကုန်သို့ ဆင်းသက်မည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ် (၄)စီးသည် နေပြည်တော်လေဆိပ်တွင် ခေတ္တဆင်းသက်ရပ်နား၍ စောင့်ဆိုင်းလျက် ရှိသည်ဟုMADA ကသတင်းထုတ်ပြန်ထားသည်။
Y8 အမျိုးအစား တပ်မတော်လေယာဉ်သည် ယနေ့နံနက် ၁၀:၃၆ မိနစ်ခန့်က လမ်းချော်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – MADA