တရားစီရင်ရေးက လွတ်လပ်ခွင့်မရှိဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း

ကလေးငယ်လေးတစ်ယောက်အတွက်တောင်မှ တရားမျှတမှုကို ရှာဖွေမပေးနိုင်တဲ့အခြေအနေကြီး ဖြစ်ပြီဆိုရင်တော့ ကျနော်တို့ က  …

ဗစ်တိုးရီယားအမှုနှင့်ပတ်သက်ပြီး ရဲအရှိကြီး (၃) ဦးကို ရာထူးတိုးရပ်ဆိုင်းခြင်းဖြင့် အရေးယူသည့်ကိစ္စအပါအဝင် အမှုနှင့် သက်ဆိုင် သည့် အခြေအနေတချို့အား တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ငြမ်းမီဒီယာကဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိသူရဲအရာရှိကြီး (၃) ဦးကို ရာထူးတိုးရပ်ဆိုင်းခြင်းနဲ့ အရေးယူ ထားတယ်လို့သိရပါတယ်။ အမှုမှာရှေ့နေတစ်ဦးအဖြစ်ပါဝင်ခဲ့သူ ဆရာဦးခင်မောင်ဇော်အနေနဲ့ ဒီအရေးယူမှုကို ဘယ်လို မှတ်ချက် ပြုချင်ပါသလဲ။

UKMZ – တစ်ခုလောက်ပြောချင်ပါတယ်။ အကုန်လည်းသိတော့သိကြပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ရောသွားမှာ စိုးလို့ပါ။ ကျနော် ဗစ်တိုးရီးယားအမှုမှာပါခဲ့တာက စွပ်စွဲခံရသူကိုအောင်ကြီးရဲ့ ရှေ့နေ အဖြစ်ပါခဲ့တာပါ။ ပါတဲ့နေရာမှာ ကျနော်က ဗစ်တိုးရီးယား ကို မတိုက်ခိုက်ဘူး၊ ဗစ်တိုးရီးယားအမှု ဖြစ်ခဲ့တယ် ဆိုတာလည်းယုံတယ်၊ ဒါကြောင့် တရားခံအစစ်အမှန်ကို ရှာဖို့လည်း ကိုယ့်ကိုယ်ကိုယ်တာဝန် ပေးထားတယ် ဆိုပြီး အဲဒီတုန်း ကတည်းက ကြွေးကြော်ခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါသထွက် နေတဲ့လူအုပ်ကြီးကို မထိန်းနိုင်လို့ဖြစ်တာပါတို့၊ လူငယ်စိတ် နဲ့ ဖြစ်တာ ပါတို့ အဲဒီအတိုင်း အခုလည်း ‘ပြောမှားဆိုမှား ကိစ္စပါ။ ကျနော်တို့က အရေးယူလိုက်ပါတယ်’ ဆိုတဲ့ပုံမျိုး …

အမှုအနေနဲ့ဆိုရင် ရဲအရေးပိုင်တဲ့အမှုမို့လို့ ဗစ်တိုးရီးယားရဲ့ရှေ့ နေက အဓိကအားဖြင့် အစိုးရရှေ့နေဖြစ်ပါတယ်။ ပြီးတော့ ဒုတိယက သူ့မိဘက ငှားပြီးတာဝန်ပေးတဲ့ ကျင့်ထုံးပုဒ်မ ၄၉၃ အရလိုက်ပါဆောင်ရွက်တဲ့အမျိုးသမီးရှေ့နေ တစ်ဦးဖြစ်ပါတယ်။ ဒါ အားလုံး လည်း သိကြမှာပါ။ ဒီနေရာမှာ ကျနော်ကဗစ်တိုးရီးယား အမှုလိုက်တယ် ဆိုတာ ပိုပြီးရှင်းအောင်လို့ ပါ။ အခု ဒီအမှုနဲ့ ပတ်သက် လို့ ကိုအောင်ကြီးကို တရားရှင် လွှတ်ပြီးတဲ့နောက်နေ့မှာပဲ ရဲချုပ်ရုံးကနေပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ပါတယ်။

အဲဒီမှာ ရဲ အရာရှိကြီး သုံးယောက်က ပြောတဲ့ဆိုတဲ့အခါ ‘ဟာ အချိန်စောလွန်းတယ်၊ ဒီအမှုကိုဆက်ပြီးတော့သွားဖို့အတွက် သူတို့ လုပ်မယ်’ ဆိုတာမျိုးပြောတယ် ပေါ့ဗျာ။ ပြောရင်းနဲ့ ဗစ်တိုးရီးယားကလေးမလေးရဲ့ နာမည် အရင်းတွေရော၊ မိဘနာမည်တွေရော၊ ကလေးမလေးရဲ့ လိပ်စာတွေရောပေါ့ဗျာ။ အဲဒါတွေအကုန်ပြောလိုက်တဲ့အခါ ကလေးမလေးကို ကလေးသူငယ်ကာကွယ်ရေးဥပဒေက ပေးထားတဲ့ အကာအကွယ်တွေကို ဆန့်ကျင်ပြီးတော့ ဖောက်ဖျက်တယ်လို့ အကုန်လုံးကပြောကြတာပါ။

မိုးတော့အကြီးအကျယ်ယိုနေတယ်၊ ဘာကြောင့်လဲ၊ ခေါင်ကမိုးမလုံလို့ပေါ့။ ယေဘုယျပဲ အကုန်ပြန်ပြောရရင်တော့ …

အဲဒီအတွက်လည်း ကလေးမလေးရဲ့ မိဘကနေပြီးတော့ တာဝန်ပေးပြီးတော့၊ အဲဒီတုန်းကမြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းကလည်း ရဲအရာရှိကြီး (၃) ဦးကို တရားစွဲဖို့ဆိုပြီးတော့ နိုင်ငံတော်သမ္မဆီ တရားစွဲမိန့်တောင်းခဲ့ တာပေါ့ဗျာ။ အဲဒီတော့ ဆိုလိုတာက မနေ့က ဦးဇော်ဌေး ပြောသွား တာမှာ ဒီရဲအရာရှိကြီး (၃) ယောက်ကို ဘာအတွက် ဘယ်လိုအရေးယူတယ်ဆိုတာ မပါဘူးဗျ။ အဲဒီတော့ အခုကျနော်တို့က မှန်းပြောရတာပေါ့ဗျာ။ ဆိုတော့ ဒီဟာက ဗစ်တိုးရီးယားလေးအမှုကိစ္စမပေါ်လို့လည်း မဟုတ်ဘူး။ ဗစ်တိုးရီးယားလေးအမှု စပြီးဖြစ် လို့လည်းမဟုတ်ဘူး။ တရားခံမှားဖမ်း လို့လည်း မဟုတ်ဘူး။ အခုဟာက ကလေးမလေးကိုအမည်တွေ ဖော်တဲ့အတွက်ကြောင့် ဒီ (၃) ယောက်ကို အရေးယူတဲ့သဘော။

အဲဒီဟာကို ကျနော်ကတော့ ဘယ်လိုယူဆသလဲဆိုရင် ဌာနဆိုင်ရာတစ် ခုခုကပုဂ္ဂိုလ်တွေကို အရေးယူတဲ့အခါ နှစ်မျိုးရှိတာပေါ့။ တစ် မျိုးက ဌာနတွင်းအရေးယူမှု ဖြစ်တယ်။ ဌာနတွင်းအရေးယူမှုမှာ PE တို့၊ DE တို့ ရှိတယ်။ ကနဦးစုံစမ်းစစ်ဆေးခြင်းနဲ့ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းဆိုတဲ့ အဆင့်တွေရှိပါတယ်။ အခုဟာမှာ အဲဒီအဆင့်တွေ လုပ်သလား မလုပ်သလားဆိုတာလဲ မပါပါဘူး။ အင်မတန်ယေဘုယျကျနေတော့ ပြောရတာခက်ပါတယ်။ ဘာအတွက် သူတို့အရေးယူသလဲ။ သူပြောတဲ့အတိုင်းဆို ပြောမှားဆိုမှားဖြစ်လို့ ဌာနကရာထူးတိုး ရပ်ပြီး အရေးယူတယ် ဆိုတာမျိုးလောက် ဖြစ်နေတယ်။

တကယ်ဖြစ်တဲ့အဖြစ်ကြီးနဲ့ သက်ရောက်မှုနဲ့ သူတို့အရေးယူဆောင်ရွက်မှုကိုပြန်ကြည့်ရင် ဟိုအရင်ကမကြာခဏ ဖြစ်သလိုပေါ့။ လူဆယ်ယောက်လောက် သတ်လိုက် ရင်လည်း ဒေါသထွက် နေတဲ့လူအုပ်ကြီးကို မထိန်းနိုင်လို့ဖြစ်တာပါတို့၊ လူငယ်စိတ် နဲ့ ဖြစ်တာ ပါတို့ အဲဒီအတိုင်း အခုလည်း ‘ပြောမှားဆိုမှားကိစ္စပါ။ ကျနော်တို့က အရေးယူလိုက်ပါတယ်’ ဆိုတဲ့ပုံမျိုးလုပ်တာပါ။ ကျနော်တို့မြင်တာ ကတော့ ပေါ့တန်တယ်ဗျ။ သူ့ အရေးယူမှုက ထိရောက်သလား မထိရောက်သလား သူတို့ သုံးသပ်သင့်တယ်။ ဘာအတွက် ဘယ်လို အရေးယူပါတယ် ဆိုတာကလည်း မသိရဘူး။

ကျနော်တို့တအားခံစားရပါတယ်။ အကုန်လုံးလည်းခံစားကြရတယ်။ သို့သော်ဒီဖော်ပြချက်အရ ပေါ်ပေါက်နေတဲ့ကိစ္စကြီး တစ်ခုလုံးကတော့ …

ဌာနတွင်းအရေးယူမှုမှာ PE တွေ၊ DE တွေဖွင့်ပြီးရင် အနိမ့်ဆုံးအနေနဲ့က သတိပေးတာ ပေါ့။ ဒုတိယ အနေနဲ့က နှစ်တိုးရပ်တာပေါ့ ဗျာ။ တတိယအနေနဲ့က ခုန ကလို ရာထူးတိုးဆိုင်းငံ့တာ။ အမြင့်ဆုံးကတော့ ပြစ်တင် ရှုတ်ချပြီး ထုတ်ပယ်တာ။ အခုအဲဒီအဆင့်တွေ ထဲမှာ အောက်တန်းအဆင့်လေးနဲ့ပဲ လုပ်လိုက်တဲ့ သဘောပေါ့။ ဒါက သူတို့အပိုင်း။ ဒါပေမယ့် လူတစ်ယောက်ရဲ့လုပ်ရပ်က ရာဇဝတ်မှု မြောက်နေရင်၊ ဒါမှမဟုတ်တရားမနစ်နာမှုမြောက်နေရင် ရဇဝတ်ကြောင်းအရ၊ တရားမကြောင်းအရ နစ်နာသူက စွဲလို့ ရပါတယ်။ ဆိုတော့ အဲဒီအလုပ်တွေမပြီးသေးဘူးလို့ ကျနော်ယူဆပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံတော် သမ္မတက လည်း တရားစွဲမိန့် မပေးသေးဘူး ပေါ့ဗျ။ မပေးဘူးလို့လည်း မပြောဘူး။ မပေးသေးဘူး။ အဲဒီလို မပေးသေးဘဲနဲ့ ‘ ပြီးပါပြီ။ ရာထူးတိုးလည်းရပ်ထားလိုက်ပါပြီ’ ဆိုရင်တော့ ကျနော်တို့လက်မခံပါဘူး။ ပြည်သူတစ်ယောက် အနေနဲ့လည်း လက်မခံ ပါဘူး။

ငြမ်းမီဒီယာ – သမ္မတဆီ တရားစွဲမိန့်တောင်းခံထားတဲ့ကိစ္စကို ဘယ်လိုမျှော်လင့်လို့ ရနိုင်ပါသလဲ။တစ်ခုခု ထူးခြားတာမျိုးရော ရှိပါ သလား။

UKMZ – သမ္မတဆီခွင့်ပြုချက်တောင်းတာက မျှော်လင့်ခြင်း၊ မမျှော်လင့်ခြင်းထက် ကျနော်တို့ လုပ်ကို လုပ်ရမယ့် ကိစ္စဗျ။ ဝန်ထမ်းတစ်ယောက်၊ အထူးသဖြင့် (Gazetted Officer) ကိုတရားစွဲရင် တရားစွဲမိန့် တောင်းရတယ်ဗျ။ တရားစွဲမိန့်မ ပါရင် ရဲစခန်းက လည်း အရေးမယူဘူး၊ ရုံးကလည်း လက်မခံဘူး။ အဲဒီတော့ တရားစွဲမိန့်က ရာဇဝတ်ကျင့်ထုံးအရဆိုရင် တောင်းကို တောင်းရတယ်။ တောင်းတဲ့အခါမှာ သူ့ကိုဖြုတ်နိုင်ခန့်နိုင်တဲ့သူ၊ တနည်းပြောရရင် ဝန်ကြီးဆီမှာတောင်းရပါ တယ်။ ဒါပေမယ့် ရဲချုပ်ကနေတဆင့် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စသဖြင့်တောင်းရင် တရားစွဲခွင့်က ရမှာမဟုတ်ဘူးလေ။

အဲဒီတော့ တခြားရာဇဝတ်ကျင့်ထုံးရဲ့ပြဌာန်းချက်အရ ဘယ်ပုဒ်မနဲ့ ဘယ်မှာစွဲရမယ်ဆိုတာကို နိုင်ငံ တော်သမ္မတကလည်း ညွှန်ကြား နိုင်တယ်ဆိုတော့ အဲဒီအပေါ်အားကိုးပြီး ကျနော်တို့ကတောင်းတာ။ ကျနော်တို့ မျှော်လင့်တာကတော့ တရားစွဲခွင့် ပေးမယ်လို့ မျှော်လင့်တာပေါ့ဗျာ။ တခြားနည်းလည်းမရှိတာမို့ အဲဒါကိုပေးမယ်လို့မျှော်လင့်တာပါ။အဲဒီလို တောင်းခဲ့တာပါပဲ။

အခုထိတော့ထူးခြားတာမရှိဘူးဗျ။ မရှိသေးဘူးပေါ့။ ထူးခြားတာမရှိဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် ကိစ္စတိုင်း ကိစ္စတိုင်း မှာ ထူးခြားအောင်လုပ်မှ ထူးခြားတယ်လို့ ကျနော်ကတော့မြင်တယ်။ အဲဒီတုန်းက ဦးထင်လင်းဦးတို့လည်း လုပ်ကြတာပါ။ ဦးထင်လင်းဦးတို့ရဲ့ ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေး ကော်မတီကနေမြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦး ကို တိုက်ရိုက် အကူအညီ တောင်းတာပါ။

ကလေးမလေးရဲ့ မိဘတွေတရားဝင်ပြောထားတဲ့ စကားတွေ အရ ကြည့်ရင်ကိုလည်း သူတို့က စစ်သင့်တဲ့ လူကိုလည်း မစစ်ဘူးဗျ။ အကုန် …

အဲဒီကနေပြီးမှ ဥက္ကဌနဲ့ အတွင်းရေးမှူးက လက်မှတ်ထိုးပြီး တရားစွဲခွင့်တောင်းတာပေါ့။ ကျနော်တို့ အဲဒီတုန်းကတည်းက မှန်းခဲ့တာကတော့ ဝန်ကြီးဆီတင်ရင် မပေးနိုင်ဘူး၊ ဒါပေမယ့် ဥပဒေအရ သမ္မတဆီ တင်လို့ရတယ်။ သမ္မတက မျှော်လင့်ချက် ရှိသေးတယ်။ အဲဒီတော့ ကျနော် တို့ကစောင့်ကြည့်ပြီး သမ္မတ စိတ်ဝင်စားလာအောင် သို့မဟုတ်လည်း ပေးချင်စိတ် ပေါ်လာ အောင် လုပ်ကြမယ်ပေါ့။ လုပ် တဲ့နေရာမှာ လူထု အကူအညီ ကို ယူကြဖို့ပါပဲ။ ဒါပေမယ့် အခုတော့ COVID ကလည်းရှိနေတော့ အဲဒီအခြေအနေမျိုး လုပ်လို့ မရသေးဘူးပေါ့ဗျာ။ ကျနော်တို့က အစစအရာရာကို စဉ်းစားနေကြရတယ်။ အဲဒါကြောင့်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – သမ္မတရဲ့ ဒီအမှုနဲ့ပတ်သက်တဲ့ ညွှန်ကြားချက် (၄) ခုထဲမှာ “ဥပဒေနဲ့အညီဖြစ်စေရန်” ဆိုတဲ့အချက်ပါတာ တွေ့ရ တယ်။ ဒီအမှုရဲ့ဖြစ်စဉ် တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် သမ္မတလမ်းညွှန်တဲ့ ဥပဒေနဲ့အညီဆောင်ရွက်တာမျိုးက ဘယ်လောက် ရှိခဲ့တယ်လို့ ပြောနိုင်ပါသလဲ။

UKMZ – ဒီအမှုစပေါ်လာကတည်းက ဥပဒေနဲ့မညီတာတွေများတယ်ဗျ။ နောက် သမ္မတရဲ့ညွှန်ကြားချက်ထွက်လာပြီး နောက်ပိုင်း မှာလည်း ဥပဒေနဲ့ညီသွားသလားဆိုတော့ ဥပဒေနဲ့ညီသွားတယ်လို့ ကျနော်ကတော့မယူဆပါဘူး။ အဲဒီလိုပဲ ကျနော်ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့စွပ်စွဲပြီးတော့ တင်လိုက်တဲ့တရားခံဆိုတာကို ရုံးကစွဲချက်မတင် ဘဲနဲ့ကို လွှတ်ပလိုက်တယ်ဗျာ။

ဒါကြီး ဟာ လုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့။ အဲဒီအခါကျတော့ ‘ဟာ အချိန်မတန်သေးပါဘူး’ လို့ပြောတယ်ဗျ။ ပြောပြီးတဲ့အခါကျတော့ ရှေ့နေချုပ် ရုံးကို တင်ခိုင်းတယ်။ ရှေ့နေချုပ်ရုံးကလည်း ဒီကိစ္စက ပြင်ဆင် ချက်တက်ဖို့ အချက်အလက် မရှိဘူး ဆိုပြီး ပယ် လိုက် တယ်။ ဒါဆိုရင်ရှင်းပြီဗျ။ ဒီလူဟာ တရားခံမဟုတ်ဘူးလို့ အရေးပါတဲ့နေရာတွေက ယူဆထားပြီးပြီ။ တရားရေးကရော၊ ရှေ့နေချုပ် ရုံးကရောပေါ့။ အဲဒါဆိုရင် တရားခံပြန်ရှာဖို့က သူတို့တာ ဝန်ဗျ။ ဆိုတော့ အဲဒီဟာကို ဆက်မလုပ်တာ ဒါဥပဒေနဲ့ မညီဘူးလို့ ကျနော်တို့ က ယူဆပါတယ်။

ကျနော်တို့တအားခံစားရပါတယ်။ အကုန်လုံးလည်းခံစားကြရတယ်။ သို့သော်ဒီဖော်ပြချက်အရ ပေါ်ပေါက်နေတဲ့ကိစ္စကြီး တစ်ခုလုံးကတော့ …

ငြမ်းမီဒီယာ – အမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့၊ အမှုမှန်ပေါ်ပေါက်ဖို့ အလုံးစုံတာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ချက်တွေကို ဥပဒေသမားတစ်ဦးရဲ့ နှစ်ပေါင်းများစွာအတွေ့အကုံအရဆို ဘယ်လို သုံးသပ် မိပါသလဲ။

UKMZ – အဲဒါကတော့ ကျနော်လိုက်ခဲ့တဲ့အနေအထားအရလည်းပဲ ရဲတွေဟာ အားရကျေနပ်စရာမရှိဘူးပေါ့ဗျာ။ အချက်အလက် မခိုင်လုံဘဲနဲ့၊ ဥပမာဆိုပါစို့ ခင်ဗျားတို့လည်းကြားပါတယ်။ သတင်းစာရှင်းလင်းပွဲမှာပြောတာ တစ်ဖက်ကကိုင်ပြီး တစ်ဖက်က ကိုယ်ဟာကိုယ် ဆန္ဒဖြေဖျောက်လို့ သုတ် တွေပေ၊ အဲဒီကနေမှတဆင့်ပေ ဆိုတာမျိုးတွေပြောတာက အချက်အလက် မဟုတ် ဘူးလေ။

အချက်အလက်မဟုတ်တဲ့ စိတ်ကူးယဉ်တွေနဲ့လျှောက်ပြော၊ အဲဒီအပေါ်မှာအခြေခံပြီး လူတစ်ယောက်ကိုစွဲ၊ နှစ်ပေါက် နီးပါး လောက် ဖမ်းထား၊ အဲဒီလိုဖြစ်တဲ့ ကိစ္စဗျ။ ဒါ ဥပဒေနဲ့တော်တော် မညီတာလေ။ တစ်ဖက်မှာအမှုမှန် ပေါ်ပေါက်ရေးအတွက် စစ်သင့်တဲ့ လူတွေ ဘယ်လောက် စစ်ခဲ့ပြီးတော့ ဘယ်လိုလုပ်ခဲ့သလဲ။ ကလေးမလေးရဲ့ မိဘတွေတရားဝင်ပြောထားတဲ့ စကားတွေ အရ ကြည့်ရင်ကိုလည်း သူတို့က စစ်သင့်တဲ့ လူကိုလည်း မစစ်ဘူးဗျ။ အကုန် ကာဆီးကာဆီးလုပ်ခဲ့တဲ့ကိစ္စတွေရှိတယ်ဗျ။ အဲဒီတော့ ကျနော်အားမရဘူးဗျ။ အဲဒီလိုပဲကျနော်ပြောချင်ပါတယ်။

ဦးသိန်းညွှန့်ပြောသလိုပေါ့ဗျာ။ “တရားစီရင်ရေး မဏ္ဍိုင် လုံးလုံးကြီး ကို ခါနေပြီ။ ယိမ်းယိုင်တာပဲမဟုတ်တော့ဘူး။ ပြိုကျတော့မယ်” ဆိုပြီးပြောတုန်းက …

ငြမ်းမီဒီယာ – အခုလက်ရှိမှာ အမှုကပြီးဆုံးသလိုဖြစ်နေပြီ။ တရားခံအစစ်အမှန်ကိုဖော်ထုတ်နိုင်ဖို့ထက် တာဝန်ပျက် ကွက်ခဲ့ သူတွေကို ဥပဒေအရအရေးယူဖို့ဘက်ကို ဦးတည် သွားပြီ။ ဆိုတော့ ဒီအခြေအနေဟာ ဘဝနဲ့ရင်းပြီးနစ်နာခဲ့သူ လူမမယ် ကလေးငယ် တစ်ယောက်အတွက် ကျနော်တို့နိုင်ငံတရားစီရင်ရေးကပေးနိုင်တဲ့ အကောင်းဆုံးသော တရားမျှတမှုလို့ပြောနိုင်ပါသလား။

UKMZ – ကျနော်တို့က ဒီတရားစီရင်ရေးအောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ အင်အား တစ်ခုပေါ့ဗျာ။ဘာဖြစ်လို့လည်း ဆိုတော့ တရားစီရင်ရေးဆိုတာမှာ တရားစွဲအဖွဲ့အစည်းရှိတယ်၊ ဥပဒေအရာရှိရှိတယ်၊ တရားသူကြီးရှိတယ်၊ ရှေ့နေတွေရှိတယ်။ ကျနော် တို့က ဒီကိစ္စတွေမှာ အမြဲတမ်းပါဝင်ပတ် သက်နေရတဲ့ လူတစ်ယောက်ဖြစ်တယ်။

ကိုယ့်ရဲ့ တရားစီရင်ရေးကြီးကို အင်မတန် သန့်စင် စေချင်တာပေါ့။ အခုဆရာပြောလိုက်တဲ့စကားကမေးခွန်းတစ်ခု မဟုတ်ဘူးဗျ။ ကိုယ့်အမြင်ကို မေးခွန်း ထုတ်လိုက်တဲ့ သဘောပေါ့။ အဲဒီတော့ အဲဒီလိုမြင်တာကိုက၊ မီဒီယာတွေအပါအဝင် ပြည်သူလူထုတစ်ရပ် လုံးက အဲဒီလိုမြင်တာ၊ Justice for Victoria ဆိုပြီးဆိုင်းဘုတ်တွေ ထောင်နေကြတယ်။ အခုထိလည်းဆိုင်းဘုတ်တွေ မချကြတာ ဒါဟာ Justice ကိုမရသေးလို့ပေါ့ဗျာ။

အဲဒီတော့ တရားမျှတမှုကိုဖော်ဆောင်ရမယ့် တရားစီရင်ရေးဟာ လူတစ်ယောက်အတွက် တရားမျှတမှုကို မဖော်ဆောင်နိုင် သေးဘူး ဆိုရင် အဲဒါကိုတော့ စိတ်ချမ်းသာစရာလို့ ကျနော်တို့မမြင် ဘူးပေါ့ဗျာ။ ပါဝင် ပတ်သက်တဲ့လူတစ်ယောက် အနေနဲ့လည်းပဲ ဒါကိုစိတ်ချမ်းသာစရာလို့မမြင်ပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်တာတော်တော်တော့ များနေတယ်လို့ မြင်ပါတယ်။

ဒီတစ်ခုမှမဟုတ်ဘူး တော်တော်များနေတဲ့အတွက်ကြောင့် အရင်လွှတ်တော်မှာ ဦးသိန်းညွှန့်ပြောသလိုပေါ့ဗျာ။ “တရားစီရင်ရေး မဏ္ဍိုင် လုံးလုံးကြီး ကို ခါနေပြီ။ ယိမ်းယိုင်တာပဲမဟုတ်တော့ဘူး။ ပြိုကျတော့မယ်” ဆိုပြီးပြောတုန်းက တော်တော်နာခဲ့ကြတဲ့ သူတွေ လည်း ရှိပါတယ်။ အဲဒီ တော့ ကျနော်ကိုယ်တိုင် က သူ့စကားကိုပြန်ပြီးတော့မသုံးချင်ပါဘူး။ သို့သော် တရားစီရင်ရေးမဏ္ဍိုင် မယိုင်အောင်ကတော့ လုပ်သင့် တယ်၊ ကျနော်တို့လည်းပူး ပေါင်းပါဝင်သင့်တယ်လို့ ထင်တယ်ပေါ့ဗျာ။

ငြမ်းမီဒီယာ – ပြည်သူတွေ (အထူးသဖြင့်မိဘတွေ) အတွက် ကတော့ လူမမယ်ကလေးငယ်တစ်ယောက်အတွက် အမှန်တရား ပျောက်ဆုံးမှုဟာ နိုင်ငံရဲ့ အခြားသောဘယ်ကိစ္စထက်မဆို အရေးကြီးတယ်လို့ ယူဆလက်ခံထားကြပေမယ့် ဒီပြည်သူတွေ မဲပေး တင်မြှောက်ထားတဲ့ အစိုးရတာဝန်ရှိသူ တွေကတော့ ဒီလိုယူဆပုံမပေါ်ဘဲ ဝတ်ကျေတန်းကျေလောက် သာရှိနေတာ ဘာကြောင့် လို့ မြင်ပါသလဲ။

UKMZ – ဟုတ်ကဲ့။ သူကဒီလိုခင်ဗျား။ တရားစီရင်ရေးဆိုတာကလည်း နိုင်ငံရဲ့အချက်တစ်ခုအနေနဲ့ရှိတာပေါ့။နိုင်ငံ တစ်ခုလုံးက ဘက်ပေါင်းစုံယိုယွင်းနေတဲ့အချိန်မှာ တရားစီရင်ရေးကလည်း ယိုယွင်းနေတယ်။အဲဒီ တရားစီရင်ရေး ယိုယွင်းနေတဲ့အခါမှာ ဒီလိုပဲ ကလေးသူငယ်တွေရဲ့အခွင့်အရေးနဲ့ ကလေးသူငယ်တစ်ယောက်ပေါ့ဗျာ၊ ဒါက အထွေထွေဖြစ်နေတာကိုဖော်ပြတဲ့ ဖော်ပြချက်ကြီး တစ်ခုဗျ။ ဒီဖော်ပြချက် အပေါ်မှာကျနော်တို့ တအား ခံစားရပါတယ်။ အကုန်လုံးလည်းခံစားကြရတယ်။

သို့သော်ဒီဖော်ပြချက်အရ ပေါ်ပေါက်နေတဲ့ကိစ္စကြီးတစ်ခုလုံးကတော့ ဟိုလိုပေါ့၊ မိုးတော့အကြီးအကျယ်ယိုနေတယ်၊ ဘာကြောင့်လဲ၊ ခေါင်ကမိုးမလုံလို့ပေါ့။ ယေဘုယျပဲ အကုန်ပြန်ပြောရရင်တော့ ဒါက ၂၀၀၈ အခြေခံဥပဒေကြောင့်ပဲဗျ။ တရားစီရင်ရေးက လွတ်လပ်ခွင့် မရှိဘူး။ အဲဒီလိုပဲ တရားစီရင်ရေးအထဲမှာ ကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတဲ့ တရားစွဲအဖွဲ့အစည်း၊ နောက်တစ်ခါ ငြိမ်ဝပ်ပိပြားရေး လုံခြုံရေးအဖွဲ့အစည်း၊ အဲဒါတွေရဲ့သန့်စင်မှုကလည်းမရှိဘူး။ ရအောင်လည်း မထိန်းနိုင်ဘူး။

နောက်တစ်ခါ ‘ကျနော်တို့ ရွေးကောက် တင်မြှောက်တဲ့အစိုးရက’ဆိုပြီး ပြောပါတယ်။ ကျနော်တို့လည်း အားမရဘူး။ ဒါပေမယ့် အစ ကတည်းက လက်တွေခြေတွေ တုပ်ပြီးတော့မှ ပုလ္လင်ပေါ်ထားတဲ့အခြေအနေရောက်နေတာဗျ။ ဆိုတော့ အဲဒီအခြေအနေတစ် ခုလုံးကို ကျနော်တို့က ပြင်ကြရမှာပေါ့။ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။

ငြမ်းမီဒီယာ – ဒီအမှုမှာ တရားခံအစစ်အမှန်ကိုဖော်ထုတ်ဖို့ ဥပဒေကြောင်းအရလုံးဝ ရှေ့ဆက်လို့ မရနိုင်တော့တဲ့ အခြေအနေ ဖြစ်သွား ပြီလား။

UKMZ – လုံးဝမရဘူးဆိုတာထက်ပေါ့ဗျာ၊ ကျနော်တို့က မရဘူးဆိုရင်တော့ မရဘူးဖြစ်သွားမှာပဲဗျ။ ကျနော်ကိုယ်တိုင် ကတော့ လုံးဝ မရဘူးလို့ မဆုံးဖြတ်ချင်ဘူး။ တိုးနိုင်သမျှတိုး၊ လုပ်နိုင်သမျှလုပ်မှာပဲ။ ဥပမာ ကျနော်တို့ကလည်း ကိုအောင်ကြီးရဲ့ နစ်နာမှု အတွက်တို့ ဘာတို့လုပ်နေကြမှာပဲ။ ဟိုဘက် ကလေးမလေးဘက်ကလည်းအဲဒီလိုလုပ်မှာပဲ။ နောက်ဆုံးဗျာ အခုအထိကျနော် တို့မှာ Option တစ်ခုပေါ့၊ ရွေးချယ်မှုတစ်ခုရှိတယ်။

အဲဒါကဘာလဲဆိုတော့ ဒီ ဗစ်တိုးရီးယားအမှုအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုပေါ်ဖို့။ ကျနော်လည်းမကြာခဏ ပြောပါ တယ် ဗျာ။ ဆိုတော့ အဲဒီဟာတွေလည်းလုပ်ကြဦးမှာပါ။ မရကို မရတော့ဘူး ဆိုရင်တော့၊ ကလေးငယ်လေး တစ်ယောက် အတွက် တောင်မှ တရားမျှတမှုကို ရှာဖွေမပေးနိုင်တဲ့အခြေအနေကြီး ဖြစ်ပြီဆိုရင် တော့ ကျနော်တို့က အဲဒီအခြေအနေ တစ်ခုလုံး ကို ဖျက်ပစ်၊ ပြောင်းပစ်ရတော့မှာပဲဗျာ။ ဆိုတော့ အဲဒီကောက်ချက်ကို အခုထိတော့ ကျနော်မချချင်သေးဘူးပေါ့ဗျာ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,