တရားစီရင်ရေးစနစ် ဖြောင့်မတ်မှန်ကန်ဖို့ အရေးကြီးတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်

ကလေးသူငယ်မုဒိမ်းမှာ ပထွေးကကျင့်တာက သုံး ရာခိုင်နှုန်း ကျော်ပဲရှိပြီး ဖအေအရင်းက ကျင့်တာက ခြောက် ရာခိုင်နှုန်း ရှိနေတယ်။အဲဒီလိုတွေကြောင့် . . .

သရုပ်ဆောင် အကယ်ဒမီသီဟတင်စိုးကို အိမ်အကူအမျိုးသမီးက အဓမ္မပြုကျင့်ပါသည်ဟု လိမ်လည်တိုင်တန်းမှု တစ်ခု ပေါ်ပေါက် လာချိန်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၇၆) မုဒိမ်းမှုပုဒ်မကို ခေတ်နှင့်အညီ ပြင်ဆင်သင့်သည်ဆိုသည့် ဆွေးနွေးမှု တစ်ခု ပေါ်ပေါက် လာခဲ့သည်။ လက်ရှိအချိန်တွင် သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှု ဖြစ်ပွားနှုန်းသည် ကြောက်ခမန်းလိလိ မြင့်တက် လာနေသည့် အတွက် ထိရောက်ဟန့်တားသည့် ပြစ်ဒဏ် (သေဒဏ်) ချမှတ်ပေးရန်   တောင်းဆို မှုများလည်း ရှိနေချိန် ဖြစ်သည်။ အခြား တစ်ဖက်တွင် လည်း ငွေရလိုမှုကြောင့် အဓမ္မပြုကျင့် ခံရပါသည်ဟု လိမ်လည် တိုင်ကြားမှုနှင့် အလိုတူ လိင်ဆက်ဆံမှု ပြုပြီး အကျိုးအကြောင်း မတိုက်ဆိုင်သည့်အခါ မုဒိမ်းမှုဖြင့် တိုင်တန်းခြင်း များလည်း ရှိနေသည်။ အဆိုပါအခြေအနေ များနှင့် ပတ်သက် ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်း တွင် ပုဒ်မ (၃၇၆) ကို ပြင်ဆင်ရန် ကြိုးစားခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးသိန်းညွန့် ကို ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – သရုပ်ဆောင် သီဟတင်စိုးရဲ့ ဖြစ်စဉ်ပေါ်ပေါက်လာပြီး နောက် ပိုင်း အဓမ္မမှုပုဒ်မ (၃၇၆) နဲ့ ပတ်သက်ပြီး ခေတ်နဲ့ အညီ ပြင်ဆင်သင့် တယ်လို့ ပြောဆိုချက်တွေ ရှိလာတယ်။ အဲဒီ အပေါ်မှာ ဥပဒေပညာရှင် တစ်ယောက် အနေနဲ့ရော ပုဒ်မ (၃၇၆) ကို လွှတ်တော် မှာ ပြင်ဖို့ ကြိုးစားခဲ့သူတစ်ဦး အနေနဲ့ပါ သုံးသပ်ပြောပြပေးပါဦး။

ဦးသိန်းညွန့် – ဒါကနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အရေအတွက် များပြားလာတဲ့ ကလေးသူငယ် မုဒိမ်းမှု အပါအဝင် များပြားလာတဲ့ မုဒိမ်းမှုတွေကို ဖြေရှင်းတဲ့နည်းကတစ်ပိုင်း၊ ဖြေရှင်းတဲ့နည်း ဆိုတာက အကြောင်းမဲ့ ပြောတာမဟုတ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မုဒိမ်းမှုနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ စွပ်စွဲနိုင်သလောက် စွပ်စွဲခံရသူက ဖြေရှင်းတဲ့အခါမှာ အင်မတန်မှ ခက်ခဲတဲ့ အခြေ အနေမျိုး ရင်ဆိုင်ရတယ် ဆိုတာတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး …

ကလေးသူငယ်မုဒိမ်းမှာ ပထွေးကကျင့်တာက သုံး ရာခိုင်နှုန်း ကျော်ပဲရှိပြီး ဖအေအရင်းက ကျင့်တာက ခြောက်ရာခိုင်နှုန်း ရှိနေတယ်။ အဲဒီလို တွေကြောင့် ပုဒ်မ (၃၇၆) ကို ပြင်ပြီးတော့ သေဒဏ်ပေးဖို့ လွှတ်တော်မှာ တင်ခဲ့တယ်။ အဲဒီလိုပဲ မအောင်မြင်တဲ့ အခါမှာ ကလေး သူငယ်ဥပဒေကို ပြင်ပြီး သေဒဏ်ပေးဖို့ တင်တယ်။ အဲဒါလည်း မအောင်မြင်တဲ့အခါမှာ ကုလသမဂ္ဂမှာ သဘောတူထားတဲ့ အချက်တွေနဲ့ ဖွဲ့စည်း ပုံက ပေးထားတဲ့ အချက်တွေအပေါ် အခြေခံပြီးတော့ ကလေးသူငယ် အထူး ဥပဒေဆိုပြီး ပြဌာန်းပြီး မုဒိမ်းကျင့်တဲ့သူကို သေဒဏ်ပေးဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး။ ခြုံပြီးပြောရရင် အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်တဲ့ ကိစ္စတွေ ကိုလည်း သေဒဏ်ပေးရမယ်။ အိန္ဒိယ မှာလည်း သေဒဏ်ပေးနေပြီ။ မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး အများစုကို ကြည့်လိုက်ရင် တကယ့် ဖြစ်ရပ်မှန်တွေပဲ။ ဒုတိယတစ်ပိုင်းက အဲလို အမှုတွေထဲမှာ လွယ်လင့်တကူ အမှုဖွင့်နိုင်တဲ့ အန္တရာယ်လည်း ကျွန်တော်တို့က သတိထားရမယ်။

မှားယွင်းဖမ်းဆီးတယ်ဆိုရင် ဘယ်သူ တာဝန်ယူမလဲ။ အခြားတိုင်းပြည်တွေမှာတော့ မှားယွင်း ဖမ်းဆီးမှု အတွက် လျော်ကြေးပေးရတာတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ အပေါ်ရုံး တွေက ပြန်လွှတ် ပေးလိုက်ရင် လွတ်လာတာပဲ ရှိတာ။ အထူးသဖြင့် နိုင်ငံရေးအရ ဆော်ချင်တဲ့အခါ …

စီရင်ထုံးတွေမှာလည်း မုဒိမ်းမှုနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ စွပ်စွဲနိုင်သလောက် စွပ်စွဲခံရသူက ဖြေရှင်းတဲ့အခါမှာ အင်မတန် မှ ခက်ခဲတဲ့ အခြေ အနေမျိုး ရင်ဆိုင်ရတယ် ဆိုတာတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ရယူတဲ့ နေရာမှာ သေသေ ချာချာစိစစ်ဖို့နဲ့ ဖြစ်နိုင်တဲ့အခြေအနေမှ တကယ် ဆောင်ရွက်ဖို့၊ အချို့မုဒိမ်းမှု တွေဆို အောက်ရုံးက အပြစ်ပေးပြီးမှ အထက်ရုံးက ပြန်လွှတ်လိုက်တာ တွေရှိတယ်။ အဲဒါကဘာလဲ ဆိုရင် သမ္ဗာန်ထဲမှာ မုဒိမ်းကျင့်တယ်ဆိုပြီး တိုင်တဲ့အမှု၊ တကယ်လက်တွေ့က သမ္ဗာန်ထဲမှာ မုဒိမ်းကျင့်လို့ မရဘူး။ အဲဒီလို လွယ်လင့်တကူ စွပ်စွဲထားလို့ ပြန်လွှတ်ထားတဲ့ အမှုတွေ စီရင်ထုံး တွေမှာ ရှိ တယ်။ အဲဒီအပြင် အချို့အမှုမှာ ကာယကံရှင် ကိုယ်တိုင်က သဘောတူ တယ်။ ဘီလင်းကျွန်း ဘက်က ဦးပန်းနီး စီရင်ထုံး ဆိုတာ ရှိတယ်။ အိမ်ငှားနဲ့ အိမ်ရှင် ဖြစ်ကြတာ။ ဒီအမှုမှာ အောက်ရုံးတွေက ဦးပန်းနီးကို ထောင်ဒဏ် (၁၀) နှစ် ချတယ် ထင်တယ်။ အထက်ရုံးက သုံးသပ်တဲ့အခါကျတော့ စွပ်စွဲသူရဲ့ ထွက်ဆို ချက်မှာက ပြုကျင့်တဲ့အချိန်မှာ ကလေးငိုလို့ ခဏရပ်တယ်။ ပြီးမှ ပြန် ဆက်ဖြစ်ကြတယ်။ ဒါတင်မကသေးဘူး။ အတူတူပြီးမြောက်တယ် ဆိုတဲ့ မှတ်ချက်တွေ တွေ့ရတယ်။ အဲဒါတွေကြောင့် အမှုက မုဒိမ်းမှု မဟုတ်ဘဲ အလိုတူဖြစ်ကြပြီး လူမိမှ မုဒိမ်းမှုနဲ့ တိုင်ကြား တယ်ဆိုပြီး ပြန်လွတ်ခဲ့ တာရှိတယ်။

ငြမ်းမီဒီယာ – ဒါဆိုရင် မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့အဖွဲ့ အစည်းတွေ အရေးကြီးတယ် လို့ ဆိုလိုတာလား။

ဦးသိန်းညွန့် – မုဒိမ်းမှုတွေ ကို စစ်တဲ့အခါမှာ တရားစီရင်ရေး စနစ်ရဲ့ ဖြောင့်မတ်မှန်ကန်မှုက အရေး ကြီးတယ်။ လွယ်လင့်တကူ စွပ်စွဲတဲ့ ဟာတွေမှာလည်း သာမန်အားဖြင့် အခုဖြစ်ပျက် နေတာတွေကို ကြည့် လိုက်ရင် နံပါတ်တစ်က ဆေးစာ။ ဆေးစာက အကောင်းဆုံးထွက်ဆို ချက်ပဲ။ ဒီလိုအမှုမျိုးတွေ က လူမြင်ကွင်းတွေမှာ ဖြစ်ကြတာမျိုးလည်း မဟုတ်ဘူး။ ဆေးစာတွေ ဓာတုဗေဒစစ်ချက်တွေက အရေး ကြီးတယ်။ ဆေးစာရဲ့အဖြေမှာ ကာမစပ်ယှက်မှု မရှိဘူး။ သုတ်ရည်သုတ်ပိုး မတွေ့ဘူး ဆိုတာတွေက မုဒိမ်းမှုရဲ့အဖြေကို ရသလို ဓာတုဗေဒ စစ်ချက် က လည်း ဒါတွေမတွေ့ဘူးဆိုရင်လည်း မတွေ့သလိုပဲပေါ့။ နောက်တစ်ချက်က ကလေး အမေတွေ ဆိုရင်၊ အိမ်ထောင်ရှိသူတွေ ဆိုရင် ဒါတွေနဲ့ ပတ်သက်လို့ ဖော်ထုတ်ရင် အများကြီး ချိန်ထိုးလို့ ရတာပေါ့။ လက်ရှိ တရားစီရင်ထုံးမှာရော ဥပဒေပြဌာန်းချက် တွေမှာရော တရားရုံး ရဲ့စီရင်မှု ဖြောင့်မတ်ရင် ဖြောင့်မတ်သလောက် ပြန်လွှတ်ပေးတဲ့ အမှုမျိုးတွေ စီရင်ထုံးတွေမှာ ပါတယ်။ အခုလောလောဆယ် ပေါ်ပေါက်နေတဲ့ ပြဿနာတွေကတော့ ငွေညှစ်တဲ့ ကိစ္စတွေ။ အခုဖြစ်စဉ်တွေကို လေ့လာကြည့်တဲ့အခါမှာ ဆင်းရဲနွမ်းပါးမှု ကို အခြေခံပြီး ငွေကြေးရလိုမှုနဲ့ လုပ်လာတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ထားရမယ့် မူကတော့ သက်ငယ် မုဒိမ်း ဆိုရင် သေဒဏ် ပေးပါ။ အုပ်စုလိုက်ဖြစ်တဲ့ အမှုတွေကိုလည်း သေဒဏ် စီရင်နိုင်သည်လို့ ထည့်ပါ။ တစ်ချိန်တည်းမှာပဲ ဥပဒေမှာ ပေးထားတဲ့ ခြွင်းချက်တွေ ရှိပါတယ်။ ခြွင်းချက်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို မမှန်မကန် စွပ်စွဲမှုတွေကိုလည်း ထိန်းထားဖို့ လိုတယ် ဆိုရင်လည်း ပုဒ်မ (၃၇၆) မှာ ရှင်းလင်း ချက်တွေ ထပ်ထည့်ဖို့ လိုတယ်။ နဂိုရှိပြီးသား စီရင်ထုံးတွေမှာ ပါတဲ့ အချက်အလက် တွေ၊ လက်ရှိဖြစ် ပျက်နေတဲ့ အခြေအနေတွေ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်။ အရေးကြီးဆုံးကတော့ ဥပဒေက ပြည်သူကို အကာအကွယ်ပေးဖို့ပဲ။ ဥပဒေက ပြည်သူလူထုကို ဖိနှိပ်ဖို့ မဟုတ်ဘူး။ အသုံးချပြီး တော့ ငွေကြေးဓားပြတိုက်ဖို့ မဟုတ်ဘူး။ ပြည်သူဆိုတဲ့ နေရာမှာ စွပ်စွဲခံရသူ ကိုလည်း အကာအကွယ် ပေးရမယ်။ စွပ်စွဲသူကိုလည်း အကာအကွယ် ပေးရမယ်။ စွပ်စွဲသူက မှန်ကန်ရင်လည်း စွပ်စွဲခံရသူက ထိုက်သင့်တဲ့ ပြစ်ဒဏ် ခံရမယ်။ စွပ်စွဲသူက မမှန်ကန်ရင်လည်း ရာဇသတ်ကြီး ဥပဒေမှာ မမှန်မကန် သက်သေခံမှု၊ တရားစီရင်ရေးကို အနှောင့် အယှက် ဖြစ်စေမှုတွေ ပြဌာန်းထားတာပဲ။ အဲဒီပုဒ်မတွေနဲ့ အရေးယူ ရမှာပဲ။ အဲဒီအပြင် ငွေညှစ်တာပါ ပါရင်တော့ ဥပဒေပြဌာန်းချက်တွေနဲ့ အရေးယူ ဆောင်ရွက် ရမှာပဲ။

ငြမ်းမီဒီယာ – ပုဒ်မ (၃၇၆) အရ မုဒိမ်းမှုမှာ စွပ်စွဲခံရတာနဲ့ အဖမ်းခံရပြီး အမှုရင်ဆိုင်ရတယ်။ ဒါဟာ မမှန်မကန် စွပ်စွဲခံရသူ အနေနဲ့ဆို အများကြီးနစ်နာမယ်။ အဲဒီလိုကိစ္စတွေအတွက် စွပ်စွဲခံရသူတွေဘက်က ဘယ်လို ဖြေရှင်းသင့်တယ်လို့ အကြံပြုမလဲ။

ဦးသိန်းညွန့် – ဥပဒေဆိုတာက ပြောင်းလဲလာတဲ့ အခြေအနေနဲ့ အချိန်အခါအရ ဆောင်ရွက် ရတာ။ အာမခံမပေးနိုင်တဲ့ အချက်ကို အကြောင်းပြုပြီးတော့ လူတွေကို လောလောဆယ် အချုပ်ထဲ ပို့လိုက်တာကတော့ အပြစ်ရှိ/မရှိ တိတိကျကျ မသိသေးခင်မှာ ကြိုပြီး ပြစ်ဒဏ်ပေးတဲ့ သဘော သက်ရောက်တယ်။ ဥပမာ အရင်က ၆၆(ဃ) ဆိုရင် အာမခံမပေးရာကနေ အခုဆို အာမခံပေးလို့ရတဲ့ ပုဒ်မအဖြစ် ပြောင်းခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၀၈ ခြေဥ ဘာဖြစ် ညာဖြစ် ပြောနေမယ့်အစား ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေ၊ ပြည်သူ့ဘ၀ မလုံခြုံတဲ့ဥပဒေ မှန်သမျှကို ပြင်ဆင်ပယ်ဖျက်နိုင်တဲ့ အခွင့်အရေး ကိုယ့်လက်ဝယ်ရောက်နေပြီပဲ …

တကယ်လို့ မှားယွင်းဖမ်းဆီးတယ်ဆိုရင် ဘယ်သူ တာဝန်ယူမလဲ။ အခြားတိုင်းပြည်တွေမှာတော့ မှားယွင်း ဖမ်းဆီးမှု အတွက် လျော်ကြေးပေးရတာတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ အပေါ်ရုံး တွေက ပြန်လွှတ် ပေးလိုက်ရင် လွတ်လာတာပဲ ရှိတာ။ အထူးသဖြင့် နိုင်ငံရေးအရ ဆော်ချင်တဲ့အခါ အာမခံ မရတဲ့ ပုဒ်မတွေနဲ့ ဆော်နေတာပဲ။ သမ္မတဦးဝင်းမြင့်က ပြောထားတာတော့ ယိမ်းယိုင် နေတဲ့ တရားစီရင်ရေးစနစ်ကို ပြန်လည်ပြုပြင်မယ်ဆိုရင် မုဒိမ်းမှုအပါ အဝင် ၅၀၅ (ခ) တွေ၊ အခြားနိုင်ငံရေး ပုဒ်မတွေကိုပါ လုံလောက်တဲ့ အာမခံနဲ့ ဖြေရှင်းကြပေါ့။ နောင်တစ်နေ့ အပြစ်ရှိတယ် ဆိုရင်လည်း ပြစ်ဒဏ်ကို ခံပေါ့။ အပြစ်မရှိဘူး ဆိုရင်လည်း မှားမှားယွင်းယွင်းနဲ့ အချုပ်မခံရဘူးပေါ့။ ပြုပြင်ပြောင်းလဲရေး ဆိုတာ ဘာတွေပြုပြင် ပြောင်းလဲမလဲ။ ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက ပြည်သူ လူထုဘဝနဲ့ ဟပ်မိမယ့် ဥပဒေတွေကို ပြင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစား ခဲ့တယ်။ မီဒီယာသမားတွေကို လွယ်လင့်တကူ ထောင်ထဲ ထည့်နိုင်မယ့် ဥပဒေတွေရှိကြောင်း ပြောခဲ့တယ်။ ခုဖြစ်နေတဲ့ နိုင်ငံတော် လျှိုဝှက်ချက် ဥပဒေပေါ့။ ဒါတွေကို ပြင်နိုင်တဲ့ အချိန်မှာ ပြင်ဖို့လိုတာပေါ့။ ကျွန်တော် တို့ တစ်ယောက် တည်းနဲ့ကတော့ ‘ပြဿနာ က ဒီလိုရှိတယ်ဟေ့၊ ဒီလို အလားအလာရှိတယ်ဟေ့’ လို့ပဲ ပြောနိုင်မယ်။ ၂၀၀၈ ခြေဥ ဘာဖြစ် ညာဖြစ် ပြောနေမယ့်အစား ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေ၊ ပြည်သူ့ဘ၀ မလုံခြုံတဲ့ဥပဒေ မှန်သမျှကို ပြင်ဆင်ပယ်ဖျက်နိုင်တဲ့ အခွင့်အရေး ကိုယ့်လက်ဝယ် ရောက်နေပြီပဲ။

ငြမ်းမီဒီယာ – လက်ရှိအခြေအနေအရ မုဒိမ်းမှုအပါအဝင်ပေါ့လေ၊ စစ်ဆေးမှုတွေမှာ ဆေးစစ်ချက်တွေ ဓာတုဗေဒ စစ်ချက်တွေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ အခြေအနေကရော ယုံကြည်ကိုးစားလို့ ရတဲ့ အခြေ အနေလို့ ပြောလို့ရလား။

ဦးသိန်းညွန့် – အဲဒါနဲ့ ပတ်သက်လို့ နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ရှေ့နေအဖြစ် ဆောင်ရွက် ခဲ့တော့ ကြားရတာတွေ ရှိတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုဆိုရင် ဆရာဝန်ကို ပိုက်ဆံပေး လိုက်ရင် ရလဒ်တစ်မျိုး ထွက်လာတယ်။

ဥပဒေပြုရမယ့် လွှတ်တော်ထဲမှာ လမ်းပြင်ဖို့၊ မီးတိုင်လဲဖို့၊ ဆည်မြောင်း လုပ်ဖို့ပဲ ဆွေးနွေးနေမယ်ဆိုရင်၊ ဥပဒေပြုခွင့်ရထားတဲ့ အခွင့်အရေး တွေ မသုံးနိုင်ဘူးဆိုရင် ကိုယ်တာဝန် ယူထားတဲ့ အလုပ်ကို တာဝန် မကျေဘူး …

မပေးရင် ရလဒ်တစ်မျိုး ထွက်လာတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ရှေ့နေလိုက်ခဲ့တော့ ကြားရတာတွေ။ အဲဒီလိုပါပဲ ကျွမ်းကျင်သူ ပါရဂူတွေရဲ့ ထင်မြင်ချက်ကို ကိုယ်လိုချင်သလို ရအောင် ငွေလမ်းခင်းပြီး ဆောင်ရွက် တာတွေလည်း ရှိတာပဲ။ အကောင်းဆုံးက တော့ တရားရေး မှာဖြစ်ဖြစ်၊ အမှန်တရား ဖော်ထုတ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် အဂတိလိုက်စားမှု ကင်းတဲ့ အခြေ အနေတစ်ခု ဖန်တီး ပေးနိုင်ဖို့ လိုတယ်။ ဒီနေ့လိုအခြေအနေမှာ ဘယ် အရာကို ယုံကြည်ရမလဲ ဆိုတာ ကတော့ ယေဘုယျပဲ မေးခွန်း ထုတ် နိုင်မယ်။ ဖြစ်လာတဲ့ အမှုအခင်း တစ်ခုချင်းအလိုက် ရုံးရောက်မှပဲ သက်သေခံချက်တွေအပေါ် သုံးသပ်ရမှာပါပဲ။

ငြမ်းမီဒီယာ – အမျိုးသမီးထုအတွက်လည်း တကယ်ပဲ အကာအကွယ် လိုအပ်နေပါတယ်။ အခြားတစ် ဘက်မှာလည်း မူလက အလိုတူခဲ့ပြီး နောက်မှအကျိုးအကြောင်း မတိုက်ဆိုင်တော့လို့ မုဒိမ်းမှု ဆိုပြီး ဖြစ်လာတာတွေရှိသလို လိမ်လည်တိုင်ကြား တာတွေလည်း ရှိလာတော့ မုဒိမ်းမှုပုဒ်မ (၃၇၆) က ပြည်သူတွေအပေါ် တန်းတူအကာအကွယ် ပေးနိုင်ဖို့ဆို ဥပဒေရှုထောင့်က ဘယ်လို အကြံပြုပေးလို့ ရမလဲ။

ဦးသိန်းညွန့် – ဥပဒေကတော့ ဘယ်အရာပဲဖြစ်ဖြစ် အချိန်ကာလ ရောက်လာတာနဲ့အမျှ ယိုကွက် ဟာကွက်တွေ ပေါ်ပေါက် လာတာပဲ။ အဲဒါကြောင့် အခြေအနေတစ်ခုအပေါ်မှာ ပေါ်ပေါက်လာတဲ့ အားလုံးကို ခြုံငုံပြီးတော့ ဥပဒေသည် ပြည်သူကို ကာကွယ်ဖို့ ဖြစ်တယ်။ ဖိနှိပ်ဖို့ မဟုတ်ဘူး။ ဥပဒေ အပေါ်မူတည်ပြီးတော့ ငွေညှစ်တဲ့လုပ်ငန်းတွေ မလုပ်နိုင်အောင်၊ ဥပဒေကိုမူတည်ပြီးတော့ မှားမှား ယွင်းယွင်းတွေ မလုပ်နိုင်အောင် လုပ်ရမယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် ဆိုတာ ဥပဒေပြုရေးတာဝန် ရှိတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ က အခုပေါ်ပေါက်လာတဲ့ အခြေအနေတွေကို သုံးသပ်ဖို့ လိုတာပေါ့။ ဥပဒေပြုရမယ့် လွှတ်တော် ထဲမှာ လမ်းပြင်ဖို့၊ မီးတိုင်လဲဖို့၊ ဆည်မြောင်း လုပ်ဖို့ပဲ ဆွေးနွေးနေမယ်ဆိုရင်၊ ဥပဒေပြုခွင့်ရထားတဲ့ အခွင့်အရေး တွေ မသုံးနိုင်ဘူး ဆိုရင် ကိုယ်တာဝန် ယူထားတဲ့ အလုပ်ကို တာဝန် မကျေဘူးပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဆင်းရဲချမ်းသာ မမျှတတဲ့ ကျွန်တော်တို့နိုင်ငံမှာ အိမ်အကူ လုပ်ငန်းဆိုတာ တွင်တွင် ကျယ်ကျယ် ရှိနေပါ တယ်။ အခုလတ် တလောဖြစ်လာတဲ့ ပြသနာကြောင့်လည်း အိမ်အကူ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ရှိလာတယ်။ အိမ်အကူတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေတစ်ရပ် လိုအပ် နေပြီလား။

အလုပ်သမားဥပဒေမှာလည်း အိမ်ဖော်တွေ အိမ်အကူတွေရဲ့ အခန်း ကဏ္ဍကို ဖော်ပြထားတယ်။ သူတို့နဲ့ ဆက်နွယ်တဲ့ ဥပဒေ ပြဌာန်းပေးဖို့လိုတယ်။ သူတို့ကို ဘာရပိုင်ခွင့် ပေးရမယ်။ ဘာတာဝန်တွေ ပေးရမယ်။ အခုလို …

ဦးသိန်းညွန့် – အဲဒါ ကျွန်တော် လွှတ်တော် ကိုယ်စားလှယ်ဘ၀ ကတည်းက ပြောခဲ့ပါတယ်။ အိမ်အကူ ဥပဒေကို ပြဌာန်းသင့် တယ်လို့၊ လွှတ်တော်မှာလည်း ကျွန်တော်တင်ပြခဲ့တယ်။ နှိပ်စက်ခံရတာတွေ အပြင် အနိမ့်ဆုံးအဆင့် တစ်လမှာ တစ်ရက် တောင် နားရက်မရကြဘူး။ နိုင်ငံခြားသားတွေနဲ့ နွယ်တဲ့ အိမ်အကူလုပ်ငန်းတို့၊ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ အိမ်တွေ မှာဆို ရက်ရက်စက်စက် ခိုင်းခံရတာ တွေ ရှိတယ်။ ကျွန်တော်တို့ အလုပ်သမားဥပဒေမှာလည်း အိမ်ဖော်တွေ အိမ်အကူတွေရဲ့ အခန်း ကဏ္ဍကို ဖော်ပြထားတယ်။ သူတို့နဲ့ ဆက်နွယ်တဲ့ ဥပဒေ ပြဌာန်းပေးဖို့လိုတယ်။ သူတို့ကို ဘာရပိုင်ခွင့် ပေးရမယ်။ ဘာတာဝန်တွေ ပေးရမယ်။ အခုလို ပွဲစားတွေကတစ်ဆင့် အိမ်ရှင်တွေကို စွပ်စွဲပြစ်တင် တာတွေ မလုပ်နိုင်အောင်လည်း ကာကွယ် ပေးရမယ်၊ အိမ်အကူလုပ်ငန်းနဲ့ ပတ်သက်ရင် အိမ်ရှင်ဘက် ကလည်း မိမိတို့ မလုပ်နိုင်တဲ့ အိမ်အလုပ်တွေကို သူတို့လုပ်ပေးတဲ့ အတွက် မိသားစုလို သဘောထားရ မယ်။ အိမ်ဖော်တွေ ဘက်ကလည်း အိမ်ရှင်တွေနဲ့ ပတ်သက်ရင် မကောင်းတဲ့ လူတွေကို တိုင်ကြား နိုင်ခွင့် ရှိရမယ်။ ကောင်းတဲ့အိမ်ရှင်တွေနဲ့ ပတ်သက်ရင် ခုလိုမမှန်မကန် စွပ်စွဲချက်တွေ မလုပ်နိုင် အောင် ဥပဒေအရ အထိန်း အကွပ်တွေ လုပ်ရမယ်။ စင်္ကာပူကိုတောင် တရားမဝင် အိမ်အကူအနေနဲ့ သွားနေကြတာပဲ။ လုပ်သင့်တာကတော့ အချိန်တောင် လွန်နေပါပြီ။ အိမ်အကူ အလုပ်သမား တွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို ဥပဒေတစ်ရပ် ပြဌာန်းဖို့လိုပါပြီ။ အိမ်အကူ အလုပ်သမား ဘယ်လောက် ရှိလဲဆိုတဲ့ စာရင်းတောင် နိုင်ငံတော်မှာ မရှိဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ဥပဒေအရ အကာအကွယ် ပေးမလဲ။

ငြမ်းမီဒီယာ – ပုဒ်မ (၃၇၆) ကို သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ လုပ်ခဲ့တယ်ဆိုတာ လွှတ်တော် မှတ်တမ်းမှာ တွေ့ရတယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ အခုလည်း ပြည်သူတွေ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပြီဆိုတော့ ပြင်ဆင်ဖို့က ဖြစ်နိုင်ပါ့မလား။

ဦးသိန်းညွန့် – သူတို့က လုပ်ထုံးလုပ်နည်းနဲ့ တားတာ။ ရာဇသတ်ကြီး ဥပဒေက အင်္ဂလိပ်လိုမို့ အင်္ဂလိပ်လိုတင်ရမယ်ဆိုတာက ကျွန်တော်က အင်္ဂလိပ်လို မတင်ဘူး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက ရုံးသုံးစာက မြန်မာစာ ဖြစ်ရမယ်လို့ ပြဌာန်း ထားတာ။ အခြေခံ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ ဘာတင်တင် မြန်မာလိုပဲ တင်တယ်။ သူတို့ပြောသလို အင်္ဂလိပ် လို ပြဌာန်း ထားတာမို့ အင်္ဂလိပ်လိုပဲ ပြင်ဆင် ချက်တင်ပါဆိုတာက ဘာသာပြန် ကော်မရှင် ဖွဲ့ပြီးပြီပဲ၊ အင်္ဂလိပ်လို ပြန်ဖို့လိုရင် ဘာသာပြန် ကော်မရှင်က ပြန်ပေါ့။ ဒါက လွယ်ပါတယ်။ လွယ်တာ ကို ခက်အောင် လုပ်တဲ့ နည်းလမ်းကတော့ ကလေးသူငယ် မုဒိမ်းမှု ကို သေဒဏ် မပေးချင်သူတွေက စာရေးဆရာမ ပုညခင် ရေးသလိုပေါ့ ‘အဲဒီလူတွေ မိမိတို့ မိသားစုဝင် ကိုယ်တိုင်က ကလေးသူငယ် ဘဝမှာ မုဒိမ်းကျင့်ခံရတာ ရှိခဲ့တဲ့ တစ်နေ့ နောင်တရ လိမ့်မယ်’ ဆိုသလို ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – တစ်ဖက်ကလည်း မုဒိမ်းမှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုနေသလို တစ်ဖက်ကလည်း မုဒိမ်း ပုဒ်မ (၃၇၆) ကို ပြင်ဖို့ ဆွေးနွေးမှုတွေ ရှိလာပြီဆိုတော့ အဲဒီ ကြားထဲမှာ မျှတတဲ့ အခြေအနေ တစ်ခုဖြစ်အောင် ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

ဦးသိန်းညွန့် – အခုလို ပေါ်ပေါက်နေတာတွေနဲ့ ပတ်သက်ပြီး ဥပဒေမှာ ပုဒ်မ (၃၇၆) နဲ့ ပတ်သက်ရင် ခြွင်းချက်တို့၊ ရှင်းလင်းချက်တို့ ထပ်ထည့် ပေါ့။ မှားယွင်းတဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာရင်လည်း လက်ရှိတည်ဆဲ ရာဇသတ်ကြီး ဥပဒေတွေနဲ့ အရေးယူပေါ့။ သို့သော် အရေးကြီးဆုံး ဟာကတော့ ပြသနာကို မှန်မှန်ကန်ကန် သုံးသပ်ဖို့လိုတယ်။ ကျွန်တော့် အယူအဆ ကတော့ မုဒိမ်းမှု (၁၀) မှုမှာ (၉) မှုကတော့ မှန်တယ်လို့ ယူဆတယ်။ အထူးသဖြင့် ကလေးသူငယ် မုဒိမ်းမှုတွေမှာဆို ကလေး တွေမှာ ငွေညှစ်စရာ လည်း မရှိဘူး။ အလိုတူ စရာလည်း မရှိဘူး။ အသတ်တောင်ခံရတဲ့ဘဝ။ အခုဖြစ်နေတာ ကတော့ ဘယ်ဟာ အဓိကလဲ၊ အဓိကပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာထက်ကို သာမညကိစ္စ တွေနဲ့၊ ဟန်ရေးပြ ကိစ္စတွေနဲ့ အချိန်ကုန်နေတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,